အခန်း (၃၂၉)
Vol. 33 Ch. 329
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၃၂၉
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
ဤနှစ်ယောက်သည် တုပိုင်နောက်သို့ လိုက်သည့် အချိန်မှစ၍ သက်တောင့်သက်သာ နေရသည့် နေ့ရက်ဟူ၍မရှိချေ။
“တုပိုင်… လူပြက်ကောင်… ငါ ငါးအထိ ရေတွက်မယ်။ မင်း မပေါ်လာရင် မင်းရဲ့ နောက်လိုက်ခွေး နှစ်ကောင် မီးသွေးတုံး ဖြစ်သွားလိမ့်မယ်”
“ငါး”
“လေး”
“သုံး”
“ရွှီးးးး”
အာရုဏ်တက်ချိန် အမှောင်ထုထဲတွင် အေးစက်သော မြှားတစ်စင်းသည် ထောင့်တစ်ခုမှ ပျံသန်းလာလေ၏။ ချက်ချင်းပင် မီးတုတ်ကိုင်ထားသော စစ်သည်ကို ထိမှန်သွားပြီး ထိုလူ၏ ခန္ဓာကိုယ်တစ်ခုလုံး လွင့်ထွက်သွားတော့သည်။ မီးတုတ်သည်လည်း မီတာအတော်ဝေးဝေးသို့ လွင့်ပါသွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။
သစ္စာဖောက် တပ်ရင်းမှူး ကျန်းရှောင်သည် ဒေါသထွက်မည့်အစား ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားပြီး ရယ်မောလိုက်သည်။ “တုပိုင်… အရူးကောင်… နောက်ဆုံးတော့ မင်း ရောက်လာပြီပဲ။ တကယ်ပါပဲ… မင်းရဲ့ မိုက်မဲမှုကို ဘယ်စကားလုံးနဲ့မှ ဖော်ပြလို့ မရတော့ဘူး။ ငါက ထွက်ခဲ့ဆိုတာနဲ့ မင်းက ထွက်လာတာပဲလား။ နောက်လိုက်ခွေး နှစ်ကောင်လောက်အတွက်နဲ့ မင်းက သေမင်းဆီကို အရောက်လာတယ်ပေါ့။ တကယ့်ကို မိုက်မဲလွန်းလိုက်တာ”
ချန်ဖိန်က သတိလစ်နေပြီ ဖြစ်သည်။ ဤစကားကို ကြားလိုက်ရသည်နှင့် ကျန်းယွီလွန်း ချက်ချင်း မျက်လုံး ပြူးကျယ်သွားပြီး ၊ တုပိုင်၏ ပုံရိပ်ကို ရှာဖွေကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “သခင်လေး… ပြေး… ပြေးပါ… ထွက်မလာပါနဲ့… ကျွန်တော်တို့ကို ဂရုမစိုက်ပါနဲ့”
ချန်ဖိန်သည်လည်း ဖြည်းညှင်းစွာ သတိပြန်ဝင်လာပြီး ပြင်းထန်သော နာကျင်မှုကို ကြိတ်မှိတ်လျက် စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ “သခင်… မြန်မြန် ထွက်သွားပါ။ အသက်ရှိနေသရွေ့ မျှော်လင့်ချက် ရှိပါသေးတယ်။ ဒီကျွန် သေသွားရင်တောင် နောင်တမရပါဘူး။ သခင့်နောက်လိုက်ပြီး ကြီးမြတ်တဲ့ အောင်မြင်မှုတွေ မလုပ်ဆောင်နိုင်တော့မှာကိုပဲ နှမြောမိတာပါ။ သွားပါ… ထွက်သွားပါ”
သစ္စာဖောက် တပ်ရင်းမှူး ကျန်းရှောင်က ပြောလိုက်သည်။ “တုပိုင်… လူပြက်ကောင်… မင်း ဘယ်မှာလဲ။ ထွက်ခဲ့စမ်း… ငါ့ကို အမြင်ခံစမ်းပါ။ ငါ မင်းကို မမြင်ရသေးဘူး။ ဒီလို စစ်မှန်တဲ့ အရူးတစ်ယောက်ကို ငါ့ကို ပေးမြင်စမ်းပါ။ လီဝမ်ဟွေ့က မင်းလိုကောင်ကို ဆက်ခံသူအဖြစ် ရွေးချယ်ခဲ့တာ တကယ့်ကို မျက်လုံးကန်းလွန်းတာပဲ”
ခဏအကြာတွင် တုပိုင်သည် လမ်းတစ်ဖက်ခြမ်းရှိ အိမ်တစ်အိမ်၏ ပြတင်းပေါက်တွင် ပေါ်လာ၏။
သူသည် ရူးသွပ်လုနီးပါး ဖြစ်နေသော သစ္စာဖောက် ကျန်းရှောင်ကို ကြည့်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ “ခင်ဗျားက တကယ့်ကို သနားစရာကောင်းတာပဲ”
“တုပိုင်… လူပြက်ကောင်… မင်း တကယ် ထွက်လာတာလား။ ဘာ… ငါက သနားစရာကောင်းတယ် ဟုတ်လား။ ငါက သနားစရာကောင်းတယ် ဟုတ်လား” သစ္စာဖောက် ကျန်းရှောင်က ပြောလိုက်သည်။ “မင်းလို အရူးကောင်က ငါ့ကို သနားစရာကောင်းတယ်လို့ ပြောရဲတယ်ပေါ့။ မင်းက မကြာခင် ငါ့လက်ထဲ ရောက်တော့မှာ။ ငါ့လက်နဲ့ မင်းရဲ့ အရေခွံကို ခွာပြီး အရွတ်တွေကို ဆွဲထုတ်ပစ်ခံရတော့မှာကိုများ ငါ့ကို သနားစရာကောင်းတယ်လို့ ပြောရဲသေးတယ်ပေါ့”
ချက်ချင်းပင် ကျန်းရှောင်၏ မျက်နှာထား အေးစက်သွားပြီး အမိန့်ပေးလိုက်သည်။ “သွား… တုပိုင်ဆိုတဲ့ အဲဒီလူပြက်ကောင်ကို သွားဖမ်းစမ်း။ ငါ သူ့အရေခွံကို ခွာပြီး သူ့အရွတ်တွေကို ဆွဲထုတ်ပစ်ချင်တယ်”
“အမိန့်အတိုင်းပါ” ချက်ချင်းပင် စစ်သည် တစ်ရာကျော်သည် တုပိုင် ရှိနေသော အိမ်ဆီသို့ လျင်မြန်စွာ ပြေးဝင်သွားကြသည်။
တစ်ချိန်တည်းမှာပင် မှိန်ဖျော့နေသော လမ်းမများပေါ်မှနေ၍ အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်များ တပ်ဖွဲ့လိုက် ချီတက်လာကြသည်။ သူတို့သည် ပြီးပြည့်စုံစွာ တန်းစီထားသော်လည်း တိတ်ဆိတ်ငြိမ်သက်နေသည်။
ကောင်းကင်မိစ္ဆာ သွေးစစ်သည် ခြောက်ရာစလုံးသည် အဝတ်လဲခြင်း ပြီးစီးသွားလေပြီး အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်များ ဖြစ်လာကြပြီ ဖြစ်သည်။ ဤစစ်သည်များသည် အင်ပါယာ၏ အတော်ဆုံး လက်ရွေးစင် အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်များ ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ လူခြောက်ရာ ပြေးထွက်လာကြသော်လည်း ၊ တစ္ဆေများကဲ့သို့ လျင်မြန်ပြီး သူတို့၏ ခြေလှမ်းများသည် မြေကြီးနှင့် ထိတွေ့သံ မကြားရသလောက်ပင်။
ခဏအကြာတွင် တုပိုင်၏ ကောင်းကင်မိစ္ဆာ အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည် ခြောက်ရာသည် လမ်းမပေါ်တွင် စုရုံးခြင်း လျင်မြန်စွာ ပြီးစီးသွားသည်။ သစ္စာဖောက် ကျန်းရှောင်၏ မျက်နှာထား ရုတ်တရက် ပြောင်းလဲသွားသည်။
တုပိုင်သည် ဤအရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ဖွဲ့ကို မည်သည့်နေရာမှ ရှာဖွေစုဆောင်းခဲ့သနည်း။ ကွေ့လင်မှ ခေါ်ဆောင်လာခြင်းကား မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် မည်သည့်သတင်းအချက်အလက်မျှ မရရှိခဲ့သောကြောင့် ဖြစ်သည်။ သူတို့သည် မြေကြီးထဲမှ တိုးထွက်လာကြသည်လော။
သို့သော် တုပိုင်ထံ၌ လူအင်အား ရာဂဏန်းမျှ ရှိနေလျှင်ကော အဘယ်သို့ ဖြစ်နိုင်မည်နည်း။ သူ့ဘက်၌လည်း စစ်သည်အင်အား ငါးရာ၊ ခြောက်ရာခန့် ရှိနေသည်သာ ဖြစ်သည်။ ထို့ပြင် သူ့တွင် မြေပြင်အနေအထား အားသာချက်လည်း ရှိနေသေးသည်။ အကာအကွယ်ယူရန်အတွက် ခိုင်ခံ့သော တံတိုင်းများနှင့် အဆောက်အအုံများလည်း ရှိနေသေး၏။
“လူစု… လူစု… လူစု” ကျန်းရှောင်က အမိန့်ပေးလိုက်သည်။ “တိုက်ပွဲအတွက် ပြင်ဆင်… တိုက်ပွဲအတွက် ပြင်ဆင်ကြ”
ခဏအကြာတွင် ကျန်းရှောင်၏ စစ်သည် ရာပေါင်းများစွာသည် စုရုံးခြင်း ပြီးစီးသွားပြီး တံတိုင်းများ နောက်ကွယ်တွင် တန်းစီလိုက်ကြသည်။
“သတ်…”
“သတ်…”
တုပိုင်နှင့် ကျန်းရှောင်တို့ ပြိုင်တူ အမိန့်ပေးလိုက်ကြသည်။ ချက်ချင်းပင် အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံး အဟောင်း အတွင်း၌ မြှားမိုးရွာကျလာတော့သည်။ တုပိုင်၏ ကောင်းကင်မိစ္ဆာ အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်များသည် လိပ်ခွံကဲ့သို့သော ကာကွယ်ရေး ဒိုင်းကာ အစီအရင်ကို ဖွဲ့စည်းရန် ဒိုင်းများကို တညီတညွတ်တည်း မြှောက်လိုက်ကြသည်။ သူတို့၏ လှုပ်ရှားမှုတစ်ခုလုံးသည် အလွန်မြန်ဆန်ပြီး စည်းစနစ်ကျကာ မည်သည့် အမှားအယွင်းမျှ မရှိပေ။
တုပိုင်၏ ကောင်းကင်မိစ္ဆာ စစ်သည် ခြောက်ရာသည် အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံး အဟောင်း အတွင်းသို့ တည်ငြိမ်စွာ ၊ ပြီးပြည့်စုံသော တန်းစီခြင်းဖြင့် တိုက်ရိုက် ချီတက်ဝင်ရောက်သွားကြသည်။
“အကုန် သုတ်သင်ပစ်… တစ်ယောက်မှ အရှင်မထားနဲ့” တုပိုင်က အမိန့်ပေးလိုက်သည်။
အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံး အဟောင်း အတွင်းသို့ ပြေးဝင်သွားပြီးနောက် ကောင်းကင်မိစ္ဆာ စစ်သည် ခြောက်ရာသည် အစီအရင်ကို ပြောင်းလဲလိုက်ကြသည်။ ထို့နောက်တွင်တော့… တစ်ဖက်သတ် သတ်ဖြတ်ပွဲကြီး ဖြစ်လာသည်။ ကျန်းရှောင်၏ စစ်သည် ရာပေါင်းများစွာသည် ကစဉ့်ကလျားဖြင့် တစ်ကိုယ်တော် တိုက်ခိုက်နေကြပြီး လုံးဝ ရှုပ်ထွေးနေသည်။
ထိုအချိန်တွင် တုပိုင်၏ ကောင်းကင်မိစ္ဆာ စစ်သည် ခြောက်ရာသည် အဖွဲ့ငယ် ဒါဇင်ပေါင်းများစွာအဖြစ် ခွဲထွက်လိုက်ကြသည်။ အဖွဲ့ငယ်တိုင်းသည် တိကျသေချာသော သတ်ဖြတ်ခြင်း စက်ယန္တရားများကဲ့သို့ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ကာကွယ်ပေးခြင်း ၊ နေရာလဲလှယ်ခြင်း ၊ ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ပြီးပြည့်စုံစွာ လုပ်ဆောင်နေကြသည်။
“ရွှီးးး ရွှီးးး ရွှီးးး”
ဓားများ မြောက်တက်သွားလိုက် ပြန်ကျလာလိုက် ၊ ဓားများ မြောက်တက်သွားလိုက် ပြန်ကျလာလိုက်။
သတ်… သတ်… သတ်။
မည်သည့် ခုခံမှုမျှ မရှိသလောက် ၊ မည်သည့် မရေရာမှုမျှ မရှိသလောက်ပင်။ ကျန်းရှောင်၏ စစ်သည် ရာပေါင်းများစွာသည် အစုလိုက်အပြုံလိုက် လဲကျသေဆုံးကုန်ကြသည်။ ၁၅ မိနစ်ခန့် အကြာတွင် တိုက်ပွဲ ပြီးဆုံးသွားလေသည်။ ကျန်းရှောင်၏ စစ်သည် ရာပေါင်းများစွာ လုံးဝ သတ်ဖြတ်ချေမှုန်းခံလိုက်ရပြီး တစ်ယောက်မျှ အသက်ရှင်မကျန်ရစ်တော့ပေ။
တုပိုင် မျက်လုံးများကို မှိတ်ပြီး တရားထိုင်လိုက်ကာ ပြောလိုက်သည်။ “အိပ်မက်စနစ်… မင်း မြင်တယ် မဟုတ်လား။ မင်း မရှိရင်တောင် ငါ နိုင်နိုင်တယ်။ မင်း မရှိရင်တောင် ငါ ကြီးမားတဲ့ အောင်ပွဲကို ရယူနိုင်ခဲ့တယ်ကွ”
ထို့နောက် တုပိုင် မည်သည့် တုံ့ပြန်မှုမှ မရရှိခဲ့ပေ။
စက္ကန့်အနည်းငယ် စောင့်ပြီးသည့်တိုင် အိပ်မက်စနစ်က တုံ့ပြန်ခြင်း မရှိသလို ၊ သူ့စိတ်ထဲ နက်ရှိုင်းသော နေရာမှ ထူးဆန်းသော အလင်းရောင်နှင့် အရိပ်သည်လည်း လင်းလက်မလာခဲ့ပေ။ တုပိုင် တရားထိုင်ခြင်းမှ တိုက်ရိုက် ထွက်လိုက်သည်။
တုပိုင်သည် အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံး အဟောင်း အတွင်းသို့ ပြန်လည်ဝင်ရောက်သွားသောအခါ နေရာတိုင်းတွင် အလောင်းများ ပြည့်နှက်နေပြီး သွေးများဖြင့် ရဲရဲတောက်နေသည်။ သစ္စာဖောက် တပ်ရင်းမှူး ကျန်းရှောင်မှလွဲ၍ ကျန်လူအားလုံး ရှင်းလင်းစွာ သတ်ဖြတ်ခံလိုက်ရပြီ ဖြစ်သည်။
သူ့ကို မြေပြင်ပေါ်တွင် ဒူးထောက်ခိုင်းထားသော်လည်း တုပိုင်ကို မုန်းတီးစွာ ပြုံးပြနေဆဲ ဖြစ်ပြီး ၊ အရှုံးမပေးလိုသော ပုံစံဖြင့် ကြည့်နေသည်။ တုပိုင်၏ အကြည့်ကို မြင်သောအခါ သူက တုပိုင်ကို ဦးစွာ တံတွေးနှင့် လှမ်းထွေးလိုက်သည်။
တုပိုင်က မသိမသာ ရှောင်တိမ်းလိုက်သည်။ သစ္စာဖောက် တပ်ရင်းမှူး ကျန်းရှောင်က အေးစက်စွာ ပြောလိုက်သည်။ “တုပိုင်… မင်း ဒီလို ရူးသွပ်နေတဲ့ စစ်တပ်ကို ဘယ်ကနေ ရှာတွေ့ခဲ့လဲတော့ ငါ မသိဘူး။ ဒါပေမဲ့ မင်း ငါ့ကို အနိုင်ရသွားလို့ အရမ်း ဂုဏ်ယူနေတယ် မလား”
တုပိုင် စကားပြန်မပြောပေ။ ကျန်းရှောင်က ပြောလိုက်သည်။ “ပိုင်ဆယ်စီရင်စုမှာ ကြောက်စရာအကောင်းဆုံးအရာက ဘာလဲဆိုတာ မင်း သိလား။ အဲဒါက အသေးစား အောင်ပွဲတစ်ခုပဲ။ ဘာလို့လဲဆိုတော့ အဲဒီအောင်ပွဲက ပျက်စီးခြင်းကို ဆိုလိုလို့ပဲ။ လီမိသားစု စော်ဘွားက မင်း ရှုံးနိမ့်သွားတာကို လက်ခံနိုင်တယ်။ အဲဒီလိုဆိုရင် သူ မင်းအသက်ကို ချမ်းသာပေးကောင်း ပေးလိမ့်မယ်။ ဒါပေမဲ့ မင်း နိုင်သွားရင်တော့ အဲဒါက လမ်းဆုံးပဲ”
တုပိုင် စကားပြန်မပြောသေးဘဲ ကျန်းရှောင်၏ စကားများကို စိတ်ထဲမှ ထောက်ခံနေမိသည်။
တွင် နိုင်ခြင်း ၊ ရှုံးခြင်းက အဓိပ္ပါယ်မရှိချေ။ အဘယ်ကြောင့်ဆိုသော် အနိုင်ရသွားသည်နှင့် ရန်သူက ရှိသမျှ ခွန်အား အကုန်ကို ထုတ်သုံးလိမ့်မည် ဖြစ်သောကြောင့်ပြီး ချေမှုန်းဖြစ်ပေလိမ့်မည်။ ဤနေရာသည် ရန်သူ့နယ်မြေ ဖြစ်၏။
ကျန်းရှောင်က စူးစူးဝါးဝါး ရယ်မောလိုက်သည်။ “မင်း ငါ့ကို အနိုင်ယူလိုက်တယ် ၊ တပ်ရင်းမှူးရုံးကို ပြန်သိမ်းပိုက်လိုက်တယ်။ အရမ်း ဂုဏ်ယူနေတယ် မဟုတ်လား။ ဒါပေမဲ့ မင်းရဲ့ အောင်ပွဲကို ကျင်းပဖို့ အခွင့်အရေး ရမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ထျန်တောက်အဖွဲ့က လှုပ်ရှားတော့မှာ မို့လို့ပဲ။”
“မင်းမှာ လူ ၅၀၀ ၊ ၆၀၀ လောက် ရှိတယ်။ ဒါပေမဲ့ သူတို့မှာက ထောင်ချီ ရှိတယ်။ ပြီးတော့ ပိုင်ဆယ် အစောင့်တပ်မှူးရဲ့ တပ်သား ထောင်ပေါင်းများစွာလည်း ရှိသေးတယ်။ စုစုပေါင်းဆိုရင် လူတစ်သောင်းကျော် ရှိတယ်။ လူတစ်သောင်းနဲ့ မင်းရဲ့ လူ ၅၀၀ ၊ ၆၀၀… မင်း ဘာလုပ်မလဲ။ ကြက်ဥနဲ့ ကျောက်တုံးကို ပစ်ပေါက်သလိုပါပဲကွာ”
“သေဖို့သာ ပြင်ထားလိုက်တော့ တုပိုင်… မင်းက ငါ့ထက် တစ်ရက်လောက်ပဲ ပိုအသက်ရှင်ရမှာပါ… ဟားဟားဟားဟား” ကျန်းရှောင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “မင်း ငါ့ကို နိုင်သွားတယ် ၊ ဒါပေမဲ့ ဘာဖြစ်လဲ။ ငါ့ကို မင်းရှေ့မှာ ဒူးထောက်စေချင်တာလား။ ငါ့ကို ရှုံးနိမ့်သူတစ်ယောက်လို ဖြစ်စေပြီး မင်း စိတ်ကျေနပ်ချင်တာလား။ အိပ်မက်သာ မက်နေလိုက်… ငါ အသက်ချမ်းသာပေးဖို့ တောင်းပန်မှာ မဟုတ်ဘူး။ မင်းရဲ့ ခဏတာ အောင်ပွဲကို ဘယ်သူ့ကိုမှ ပြစရာမရှိအောင် ငါ လုပ်ပစ်မယ်… ဟားဟားဟား။ ငါ့ကို အသနားခံစေချင်တယ်ပေါ့… လုံးဝ မရစေရဘူး… လုံးဝပဲ”
တုပိုင် စကားတစ်ခွန်းမျှ မပြောဘဲ သူ့ကို အေးစက်စွာ စိုက်ကြည့်နေသည်။
ကျန်းရှောင်က စူးစူးဝါးဝါး အော်ပြောလိုက်သည်။ “မင်းအကြည့်က ဘာသဘောလဲ။ ငါ့ကို လက်နက်ချခဲ့တယ်လို့ စွပ်စွဲချင်တာလား။ မင်းက ငါ့ကို အထက်စီးကနေ ဆက်ဆံပြီး ကိုယ်ကျင့်တရားနဲ့ ပတ်သက်လို့ အပြစ်တင်ချင်တာလား။ အိပ်မက်မက်နေလိုက်… အိပ်မက်သာ မက်နေလိုက်စမ်းပါ။ ငါ ဘာတွေ ဖြတ်သန်းခဲ့ရလဲဆိုတာ မင်း သိလို့လား”
တုပိုင်က သက်ပြင်းချပြီး ပြောလိုက်သည်။ “မသိပါဘူး… ငါ မင်းကို သနားလို့ပါ။ မင်း ပိုင်ဆယ်စီရင်စုကို မလာခဲ့သင့်ဘူး။ တခြားနေရာမှာဆိုရင် မင်း ကျရှုံးပြီးရင်တောင် ပြန်ထလာလို့ ရနိုင်တယ်။ ဒါပေမဲ့ ပိုင်ဆယ်စီရင်စုမှာ ကျရှုံးသွားရင် သေရင်သေ ၊ မသေရင် ဒူးထောက်… တတိယလမ်း ဆိုတာ မရှိဘူး။ မင်းက ဒူးထောက်ဖို့ ရွေးချယ်ခဲ့တယ်။ အဲဒါ ပုံမှန်ပါပဲ။ လူတိုင်း သေရဲတဲ့ သတ္တိ ရှိကြတာမှ မဟုတ်တာ”
တုပိုင်၏ စကားကို ကြားလိုက်ရသောအခါ ကျန်းရှောင် လုံးဝ ကြောင်အသွားသည်။ တုပိုင်က သူ့ကို နှိပ်စက်ခြင်း မပြုသလို ၊ လှောင်ပြောင်ခြင်းလည်း မရှိပေ။
အလွန် ခေါင်းမာထောင်လွှားနေခဲ့သော ကျန်းရှောင်သည် နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ မျက်ရည်များ စီးကျလာတော့သည်။
“ငါ တကယ် အကောင်းဆုံး ကြိုးစားခဲ့ပါတယ်… ငါ တကယ် အကောင်းဆုံး ကြိုးစားခဲ့ပါတယ်ကွာ…” ကျန်းရှောင်က ငိုကြွေးလျက် ပြောလိုက်သည်။ “ငါ ရှုံးနိမ့်တုန်းက ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ တကယ် ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ငါ သိပ်ပြတ်သားမှု မရှိခဲ့လို့ မသေခဲ့တာပါ။ မင်း မယုံရင် ငါ့လည်ပင်းကို ကြည့်လိုက်… အမာရွတ် ကျန်နေတုန်းပဲ”
တုပိုင် မြင်ပြီးသား ဖြစ်သည်။ အမာရွတ်သည် သတ်သေရန် ကြိုးစားထားသည့် ဒဏ်ရာဖြစ်ပြီး အတော်လေး နက်ရှိုင်းကာ သေလုနီးပါး ဖြစ်ခဲ့ပုံရသည်။ ကျန်းရှောင်သည် ထိုအချိန်က တိုင်းပြည်အတွက် အမှန်တကယ် အသေခံရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် သေခြင်းတရားကို ကြောက်ရွံ့စိတ်ကြောင့် နောက်ဆုံးအချိန်တွင် သူ၏ လက်က အနည်းငယ် တုန်လှုပ်သွားခဲ့သဖြင့် သူ မသေခဲ့ဘဲ ဖမ်းဆီးခံ ဘဝသို့ ရောက်သွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
သူအဘယ်ကြောင့် တုပိုင်ကို အလွန်မုန်းတီးရသည်နည်း။ ထိုအရာသည် မနာလိုဝန်တိုမှုကြောင့် မဟုတ်ဘဲ နာကျင်မှုကြောင့် ဖြစ်သည်။ သစ္စာဖောက်တစ်ယောက်သည် သူ့ရဲဘော်ဟောင်းကို မြင်သောအခါ အလိုအလျောက် သိမ်ငယ်စိတ် ဝင်လာတတ်စမြဲ ဖြစ်သည်။ ထိုသိမ်ငယ်စိတ်ကို ဖုံးကွယ်ရန်အတွက် သူသည် ရက်စက်ကြမ်းကြုတ်သူ ၊ ရူးသွပ်သူ ဖြစ်လာရပြီး ၊ ထိုရဲဘော်ဟောင်းကို အချိန်တိုအတွင်း သတ်ဖြတ်ခြင်း သို့မဟုတ် သူ့နည်းတူ သစ္စာဖောက် ဖြစ်လာစေခြင်းဖြင့် သူကိုယ်တိုင် အောက်ကျခံစရာ မလိုတော့ပေ။
ဤကမ္ဘာတွင် အလွန်နာကျင်ရသော လူတစ်မျိုး ရှိသည်။ သူတို့သည် လူကောင်း မဖြစ်နိုင်သလို ၊ လူဆိုးလည်း မဖြစ်နိုင်ကြပေ။
ကျန်းရှောင်သည် ထိုကဲ့သို့သော လူတစ်ယောက် ဖြစ်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်က သူ့အတွက် အရာရာ ချောမွေ့ခဲ့လွန်းသဖြင့် သူ့ကို အလွန်အမင်း မာနကြီးစေခဲ့သည်။ ရှုံးနိမ့်မှုတစ်ခုနှင့် ကြုံတွေ့ရသောအခါ သူသည် သေလျှင်သေ ၊ သို့မဟုတ် ကျောရိုးရိုက်ချိုးခံရခြင်း နှစ်ခုထဲမှ တစ်ခုကိုသာ ရွေးချယ်ရတော့သည်။
အကယ်၍ သူသာ အခြားတစ်နေရာတွင် ရှိနေပါက မိန်းမစိုးဂိုဏ်း၏ မဏ္ဍိုင်တစ်ခု ဖြစ်လာရန် အခွင့်အလမ်း မြင့်မားသည်။ သို့သော် ပိုင်ဆယ်စီရင်စုသို့ သူ ရောက်ရှိလာခြင်းက ဝမ်းနည်းဖွယ် ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာစေခဲ့သည်။
“ငါ့ကို သတ်လိုက်ပါ… ငါ့ကို သတ်လိုက်ပါကွာ…” ကျန်းရှောင်က ငိုကြွေးမြည်တမ်းလျက် ပြောလိုက်သည်။ “ငါ အရမ်း နောင်တရတယ်။ အဲဒီနေ့က ငါ ဘာလို့ နည်းနည်းလောက် ပိုပြီး အားမစိုက်ခဲ့မိတာလဲ။ အဲဒီတုန်းကသာ ငါ သေသွားခဲ့ရင် လူတိုင်း ငါ့ကို လွမ်းဆွတ်နေကြမှာ။ အဲဒီတုန်းကဆိုရင် သခင်ကြီးက ငါ့အတွက် ငိုကြွေးပေးမှာ။ ငါ အရမ်း နောင်တရတယ်။ ငါ အရမ်း နောင်တရတယ်ကွာ…”
အပိုင်း ၃၂၉ ပြီး။