← Chapters

အခန်း (၃၃၀)

Vol. 33 Ch. 330

အခန်း (၃၃၀)

Vol. 33 Ch. 330

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၃၃၀

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

တုပိုင်သည် မင်းသမီးနင်းရွှဲ့ ပေးအပ်ထားသော ရွှေရောင်နှင်း ဓားမြှောင်ကို ဆွဲထုတ်လိုက်ပြီး ၊ ကျန်းရှောင်၏ လည်ပင်းရှိ သူ သတ်သေရန် ကြိုးစားခဲ့သော အမာရွတ်နေရာပေါ်သို့ ဓားသွား တင်လိုက်ကာ ပြောလိုက်သည်။ “စိတ်မပူပါနဲ့… ငါ မြန်မြန်ဆန်ဆန် လုပ်ပေးပါ့မယ်။ သိပ်နာကျင်မှာ မဟုတ်ပါဘူး”

“နေဦး…” ကျန်းရှောင် ရုတ်တရက် ပြောလိုက်သည်။ “တုပိုင်… မင်း အမှားတစ်ခု လုပ်ခဲ့တယ်။ စစ်ပွဲ မစခင်မှာ မင်းက အပြာရောင်နဂါးဂိုဏ်းချုပ် ကျီချင်းကျူရဲ့ ထောက်ခံမှုကို အရင် ရယူသင့်တယ်။ ပိုင်ဆယ်မြို့မှာ လီမိသားစုနဲ့ ထျန်တောက်အဖွဲ့ကို ဆန့်ကျင်နိုင်တဲ့ တစ်ဦးတည်းသောသူက ကျီချင်းကျူပဲ ရှိတာ။ စစ်ပွဲ မစခင်မှာ မင်း သူ့ထောက်ခံမှုကို ရယူထားသင့်တယ်”

တုပိုင်က ပြောလိုက်သည်။ “ငါ သိတယ်။ ဒါပေမဲ့ ငါ့အရိုးတွေက မာကျောလွန်းလို့ ဒူးမထောက်နိုင်ဘူး။ ပြီးတော့ ဒီစော်ကားမှုကို မျိုသိပ်မထားနိုင်လို့ ငါ စပြီး သတ်ဖြတ်ခဲ့တာပဲ”

“ဒါဆို မင်း သွားပြီ။ ဒါဆို မင်း သေပြီ… သေပြီ” ကျန်းရှောင်က ပြောလိုက်သည်။ “အဲဒီအချိန်တုန်းက ငါ့အခြေအနေက မင်းနဲ့ ထပ်တူပဲ။ ရန်သူက ငါ့ကို အသေးအဖွဲ ကိစ္စလေးတစ်ခုနဲ့ လာပြီး ရန်စတယ်။ ငါ့ကို ဒေါသထွက်အောင် လုပ်တယ်။ ငါကလည်း ငယ်ရွယ်ပြီး သွေးဆူလွယ်သူမို့ ချက်ချင်းပဲ စတင် သတ်ဖြတ်ခဲ့တယ်။ နောက်ပိုင်းမှာ ဒေသခံ ဂိုဏ်းတစ်ခုနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲကြီးတစ်ခုမှာ ငါက စစ်သည် ရာပေါင်းများစွာကို ဦးဆောင်ပြီး ကြီးမားတဲ့ အောင်ပွဲကို ရယူနိုင်ခဲ့တယ်။ အဲဒီတုန်းက ငါဟာ မင်း အခု ဖြစ်နေသလိုမျိုးပဲ… အောင်ပွဲရဲ့ ပျော်ရွှင်မှုကို ခံစားရင်း အလွန်အမင်း ဂုဏ်ယူဝင့်ကြွားနေခဲ့တာ”

ကျန်းရှောင်သည် နာကျင်စရာကောင်းသော အတိတ်အမှတ်ရစရာများထဲသို့ ကျရောက်သွားသည်။

“ဒါပေမဲ့ ငါ့ရဲ့ ပျော်ရွှင်မှုကို အချိန်အကြာကြီးတောင် မခံစားလိုက်ရပါဘူး။ ပိုင်ဆယ် အစောင့်တပ်မှူးရုံးက ပျောက်ဆုံးနေတဲ့ စစ်သည်တစ်ယောက်ကို အကြောင်းပြပြီး အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးထဲ ဝင်ရောက်စီးနင်းခဲ့တယ်။ ငါ့ဆီကနေ လူတစ်ယောက်ကို အပ်ဖို့ အတင်းအကျပ် တောင်းဆိုခဲ့တယ်။ ငါ ငြင်းဆန်ခဲ့တယ်…” ကျန်းရှောင်က ဆက်ပြောသည်။ “အဲဒီနောက်မှာ ပိုင်ဆယ် အစောင့်တပ်မှူးက လူနှစ်ထောင်ကို ခေါ်လာပြီး ငါတို့ရဲ့ အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးကို တိုက်ခိုက်တော့တာပဲ။ အပြည့်အစုံ တပ်ဆင်ထားတဲ့ လူနှစ်ထောင်တိတိနော်။ ကြီးမားတဲ့ စစ်လက်နက် ပစ္စည်းတွေတောင် အသုံးပြုခဲ့တယ်။ ပြီးတော့ ငါ ရှုံးနိမ့်သွားတယ်။ ငါ သတ်သေဖို့ ကြိုးစားခဲ့ပေမဲ့ မသေခဲ့ဘူး။ သုံ့ပန်းဘဝ ရောက်သွားတယ်။ နောက်ဆုံးမှာ သစ္စာဖောက် ဖြစ်သွားတယ်။ အဲဒီအချိန်ကစပြီး ရဲရင့်တဲ့ ကျန်းရှောင် ပျောက်ကွယ်သွားပြီး ၊ ယုတ်မာတဲ့ နောက်လိုက်ခွေးတစ်ကောင်ပဲ ကျန်ရစ်တော့တာပါပဲ”

ပိုင်ဆယ် အစောင့်တပ်မှူး ယန်ရှောင်သည် အစိုးရအရာရှိလောကတွင် အတော်လေး လျှို့ဝှက်နက်နဲသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ အနည်းဆုံးတော့ တုပိုင် သူ့အကြောင်း သိပ်မသိသလို ၊ အရှေ့ဘက်ကွပ်ကဲရေးရုံးမှာတောင် သူ့အကြောင်း သတင်းအချက်အလက် များများစားစား မရှိပေ။

သို့သော် သူသည် ပိုင်ဆယ်စီရင်စု၏ အဓိက အကြီးအကဲများထဲမှ တစ်ဦးဖြစ်ပြီး ၊ တပ်သား ခုနစ်ထောင်ကို ကွပ်ကဲထားသူ ဖြစ်သည်။

ကွမ်ရှီးပြည်နယ်ရှိ အခြားသော လက်ထောက်ဗိုလ်ချုပ်ကြီးများသည် အဆင့် ၃ စစ်ဘက်အရာရှိများသာ ဖြစ်ကြသော်လည်း ၊ အစောင့်တပ်မှူး ယန်ရှောင် တစ်ဦးတည်းသာလျှင် တာ့နင်အင်ပါယာ၏ ဒုတိယဗိုလ်ချုပ်ကြီး ရာထူးကို ရယူထားသူ ဖြစ်သည်။ လက်တွေ့တွင် လက်ထောက်ဗိုလ်ချုပ်ကြီး ဖြစ်ပြီး ၊ ကွမ်ရှီးပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် တန်းတူ အဆင့် ၂ အရာရှိ ဖြစ်သည်။

သူသာမက ပိုင်ဆယ်စီရင်စုမှူးသည်ပင်လျှင် အခမ်းအနားများဆိုင်ရာ ဝန်ကြီးဌာနတွင် ဂုဏ်ထူးဆောင် ရာထူးတစ်ခု ရယူထားပြီး ၊ အဆင့် ၃ အရာရှိဘွဲ့ ရှိသည်။

ဤအချက်ကို ကြည့်ခြင်းအားဖြင့် အင်ပါယာနှင့် အနည်းငယ် ကင်းကွာနေသော ဤ ပိုင်ဆယ်စီရင်စုကို တာ့နင်အင်ပါယာက မည်မျှ တန်ဖိုးထားကြောင်း တွေ့မြင်နိုင်သည်။

“မင်း အစောင့်တပ်မှူး ယန်ရှောင်ကို သတိထားရမယ်။ ငါက အဖမ်းခံရပြီးမှ လက်နက်ချခဲ့တာ။ ဒါပေမဲ့ သူကတော့ လီမိသားစုဆီ တက်တက်ကြွကြွ သစ္စာခံခဲ့သူပဲ။ သူ့လက်ထဲက တပ်သား ခုနစ်ထောင်ကလည်း သူ့တစ်ဦးတည်းရဲ့ အမိန့်ကိုပဲ နာခံကြတာ” ကျန်းရှောင်က ပြောလိုက်သည်။ “ဒီလူကလည်း ပေမင်ဓားဂိုဏ်းက ဆင်းသက်လာသူပဲ။ မြို့တော် သိုင်းအကယ်ဒမီမှာ ပထမရပြီး ဘွဲ့ရခဲ့သူ။ သိုင်းပညာအဆင့် အရမ်း မြင့်မားတယ်။ သူက လီရူဟိုင်ရဲ့ ညီမတစ်ယောက်ကို လက်ထပ်ထားတယ်။ လီမိသားစု စော်ဘွားက အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်အဖွဲ့ကို ပေါင်းစည်းပြီး မီးနတ်ဘုရား အင်ပါယာ တည်ထောင်တဲ့အခါကျရင် သူက သေချာပေါက် ဘုရင်အဖြစ် သရဖူဆောင်းခံရမယ့်သူပဲ။ သူ့ကို လီမိသားစုရဲ့ ခွေးအဖြစ် အတင်းအကျပ် ခိုင်းစေခံရတဲ့ နန်းတွင်းဗိုလ်ချုပ်တစ်ယောက်လို့ လုံးဝ သဘောမထားနဲ့။ သူက လီမိသားစု စော်ဘွားရဲ့ ပူးပေါင်းဆောင်ရွက်သူ ၊ ရည်မှန်းချက်ကြီးတဲ့ စစ်ဘုရင်တစ်ယောက်ပဲ”

တုပိုင်က ပြောလိုက်သည်။ “ဒီသတင်းကို ပြောပြပေးလို့ ကျေးဇူးတင်ပါတယ်”

ပြောရမည်ဆိုလျှင် ယခင်က သူသည် ဤလူကို အနည်းငယ် လျစ်လျူရှုထားမိခဲ့သည်။ ကျန်းရှောင်ပြီးနောက် ဒုတိယလှိုင်းအနေဖြင့် တိုက်ခိုက်မည့်သူမှာ ထျန်တောက်အဖွဲ့မှ လီလင်းယွီ ဖြစ်မည်ဟုသာ တွက်ဆထားခဲ့သော်လည်း တကယ်တမ်းတွင် ပိုင်ဆယ် မြို့စောင့်တပ်မှူး ယန်ရှောင် ဖြစ်နေခဲ့သည်။

သို့သော် ဤအဖြစ်အပျက်မှာလည်း ယုတ္တိရှိပေသည်။ သူသည် တာ့နင်အင်ပါယာ၏ အဆင့် (၂) စစ်ဘက်အရာရှိ ဖြစ်သည်။ သူက တုပိုင်ကို လာရောက် ရှင်းလင်းခြင်းသည် အင်ပါယာတွင်းရှိ စစ်ဘက်အရာရှိအုပ်စုနှင့် မိန်းမစိုးဂိုဏ်းတို့၏ အားပြိုင်ပွဲသဖွယ် ဖြစ်နေပြီး လီမိသားစုနှင့် မသက်ဆိုင်သလို ရှိနေမည်။ ထိုအကြောင်းပြချက်ကြောင့်ပင် သူသည် လီမိသားစုနှင့် ညှိနှိုင်းရန် အရည်အချင်းမီနေခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့်လည်း ပိုင်ဆယ်မြို့တွင် ဟုန်ဟယ် ၊ ထျန်တောက်အဖွဲ့တို့နှင့် တန်းတူထိုင်နိုင်သည့် အဓိက အကြီးအကဲတစ်ဦး ဖြစ်နေခြင်းဖြစ်၏။

“မကြာခင်… သူ မင်းကို လာပြီး ရှင်းလင်းတော့မှာ” ကျန်းရှောင်က ပြောလိုက်သည်။ “မင်း… မင်း ထွက်သွားသင့်တယ်။ မင်းရဲ့ ကြီးမားတဲ့ အောင်ပွဲကို အခွင့်ကောင်းယူပြီး ရန်သူဘက်က မတုံ့ပြန်ခင် ချက်ချင်း ထွက်သွားတော့။ ကွေ့လင်ကို ပြန်သွားရင် မျှော်လင့်ချက် ရောင်ခြည်သန်းစရာ ရှိပါသေးတယ်။ မဟုတ်ရင် မင်း သွားပြီ”

ယခုအချိန်တွင် ကျန်းရှောင်သည် ရှက်ရွံ့ခြင်း မျက်နှာဖုံးကို ဆွဲခွာလိုက်ပြီးနောက် သူ၏ ယခင် ဂုဏ်ယူဝင့်ကြွားမှုကို အသည်းအသန် ပြန်လည်ရယူရန် ကြိုးစားနေပုံရသည်။ ထိုသို့ပြုလုပ်မှသာ တုပိုင်၏ ရှေ့မှောက်တွင် သိက္ခာနှင့် ကိုယ်ရည်ကိုယ်သွေး အနည်းငယ် ကျန်ရစ်နိုင်မည် ဖြစ်သောကြောင့်ပင်။

“ကိစ္စမရှိပါဘူး။ သူ့ကို ကိုင်တွယ်ဖို့ ငါ့မှာ နည်းလမ်းရှိပါတယ်” တုပိုင်က ပြောလိုက်သည်။

“မဖြစ်နိုင်တာ။ သူ့ရဲ့ အင်အားက မင်းထက် ဆယ်ဆမက များတယ်။ သူ့ရဲ့ ကိုယ်ပိုင် သိုင်းပညာအဆင့်ကလည်း အလွန်မြင့်မားတယ်။ မင်းမှာ ပြန်တိုက်ခိုက်ဖို့ အခွင့်အရေး လုံးဝ မရှိဘူး” ကျန်းရှောင်က ပြောလိုက်သည်။ “သူ မင်းကို စတင် လှုပ်ရှားတာနဲ့ မင်းရဲ့ စစ်သည် ရာပေါင်းများစွာကို အပိုင်းပိုင်းအစစ ဖြစ်သွားအောင် ချေမှုန်းပစ်မယ့် မိုးကြိုးထစ်ချုန်းမှုမျိုး ဖြစ်လာဖို့ သေချာနေပြီ။ ထွက်ပြေးမှသာ မင်း အသက်ရှင်နိုင်မှာ”

တုပိုင် ထပ်ပြောလိုက်သည်။ “သူ့ကို ကိုင်တွယ်ဖို့ ငါ့မှာ နည်းလမ်းရှိပါတယ်။ ဒီအခြေအနေကို ဖြိုခွင်းဖို့ ငါ့မှာ နည်းလမ်းရှိတယ်။ ငါ ရှိတယ်ဆိုရင် ရှိတာပဲ”

“အော်…” ကျန်းရှောင်သည် တုပိုင်ကို ကြည့်လိုက်ပြီး မျက်လုံးများထဲတွင် ဇဝေဇဝါ ဖြစ်မှုများ ပြည့်နှက်သွားသည်။ “ငါက ရယ်စရာကောင်းနေလား။ စိတ်မတည်ငြိမ်ဘူးလား။ အရှက်မရှိဘဲ သနားစရာ ကောင်းနေလား”

“ငါ မြန်မြန်ဆန်ဆန် လုပ်ပေးပါ့မယ်။ သိပ်နာကျင်မှာ မဟုတ်ပါဘူး” တုပိုင်က ပြောလိုက်သည်။

ထို့နောက် ဓားမြှောင်သည် ကျန်းရှောင်၏ မူလ သတ်သေရန် ကြိုးစားခဲ့သော ဒဏ်ရာပေါ်သို့ ဖွဖွလေး ဖြတ်သန်းသွားသည်။ ဤတစ်ခါတော့ တုပိုင် အားအများကြီး သုံးလိုက်ပြီး သွေးများ ပန်းထွက်လာတော့သည်။

ကျန်းရှောင်သည် အလိုအလျောက် သူ့လည်ပင်းမှ ဒဏ်ရာကို လက်ဖြင့် လှမ်းအုပ်ချင်သော်လည်း လမ်းတစ်ဝက်တွင် လက်ကို ပြန်ချလိုက်လေသည်။

“အင်း… အင်း…”

သူ၏ လည်ချောင်းထဲမှ အဓိပ္ပာယ်မရှိသော အသံများ ထွက်ပေါ်လာသည်။

‘တောင်းပန်ပါတယ် တုပိုင် ၊ ငါ မှားသွားတယ်။ ငါ သခင်ကြီး လီဝမ်ဟွေ့ကို စိတ်ပျက်စေမိခဲ့ပြီ’

သူသည် နောက်ဆုံးစကား မှာကြားခဲ့ချင်သော်လည်း ၊ သစ္စာဖောက်တစ်ယောက်အနေဖြင့် မှာကြားရန် အခွင့်အရေး မရှိကြောင်း တွေးလိုက်မိသည်။ ထို့ကြောင့် သူသည် အလွန် ရှုပ်ထွေးသော ခံစားချက်များဖြင့် သေဆုံးသွားလေ၏။

သူ အသက်ထွက်သွားပြီးနောက် မျက်လုံးများမှာ အချိန်အကြာကြီး ပွင့်နေသော်လည်း တုပိုင်က ပိတ်ပေးရန် လက်လှမ်းလိုက်သောအခါ သူ့အလိုလို ပိတ်သွားလေ၏။

ကျီပြောင်ပြောင်သည် အစမှအဆုံး အရာအားလုံးကို ကြည့်နေပြီး ယခုအချိန်တွင် ပြောလိုက်သည်။

“သူ ပိုင်ဆယ်စီရင်စုကို မလာခဲ့သင့်ဘူး။ သူ့ရဲ့ မာနနဲ့ အရည်အချင်းက မမျှတာကြောင့် အသေအဆိုးနဲ့ ကြုံရတာပဲ”

ထိုအချိန်တွင် ကျီယင်ယင်က ရုတ်တရက် မျက်လုံးများကို အုပ်ကာ နွဲ့နွဲ့နှောင်းနှောင်း အော်ဟစ်လိုက်သည်။

“အို… သမီးက ကလေးပဲ ရှိသေးတာ ၊ ဒီလို သွေးထွက်သံယို မြင်ကွင်းတွေကို ကြည့်ခိုင်းရက်တယ်နော်”

ချက်ချင်းပင် တုပိုင်မှာ လုံးဝ ဆွံ့အသွားရလေ၏။

‘ကျေးဇူးပြုပြီး ၊ ခုနကပဲ ခင်ဗျား အရသာခံပြီး ကြည့်နေခဲ့တာလေ ၊ ကျန်းရှောင်ရဲ့ သွေးတွေ ကုန်ခါနီးမှ မျက်လုံးကို အုပ်လိုက်တာ မဟုတ်လား’

‘ပြီးတော့ အဒေါ်ကြီးရေ ၊ ဒီဆယ်စုနှစ်တွေအတွင်း ခင်ဗျား သတ်ခဲ့တဲ့လူတွေက သောင်းချီနေလောက်ပြီ မဟုတ်လား’

သွေးကွမ်ရင်က ပြောလိုက်သည်။ “သေခါနီးလူ ပြောတဲ့စကားက မှန်ကန်လေ့ရှိတယ် ၊ ကျန်းရှောင် ပြောသွားတာကို ငါတို့ လစ်လျူရှုလို့ မရဘူး”

ကျီပြောင်ပြောင်က ပြောလိုက်သည်။ “ဒီ မြို့စောင့်တပ်မှူး ယန်ရှောင်က အရမ်း လျှို့ဝှက်တယ် ၊ နေပုံထိုင်ပုံ သိုသိပ်ပြီး သိုင်းပညာကလည်း အရမ်းမြင့်တယ်။ ကျမအဖေနဲ့ လီတောက်အန်း ပြီးရင် ဒုတိယပဲ။ သူက အရမ်း ကြောက်စရာကောင်းတဲ့ ရန်သူတစ်ယောက်”

တုပိုင်က မေးလိုက်သည်။ “ကျီယိ ၊ ငါတို့ရဲ့ ကောင်းကင်မိစ္ဆာစစ်တပ် ခြောက်ရာက ရန်သူ့ လက်ရွှေးစင်တပ်ဖွဲ့ ဘယ်လောက်ကို နိုင်နိုင်လဲ”

ကျီယိက ခဏလောက် စဉ်းစားပြီး ပြောလိုက်သည်။

“ရန်သူဘက်မှာ စစ်လက်နက်ကြီးတွေ မရှိဘူးဆိုရင် လူနှစ်ထောင်ကျော်ကို နိုင်ပါတယ် ၊ တစ်ယောက်ကို လေးယောက်နှုန်းပါ”

တကယ်ကို အထင်ကြီးစရာ ကောင်းလှပေသည်။ သို့သော် မလုံလောက်သေးချေ။ အဘယ်ကြောင့်ဆိုသော် မြို့စောင့်တပ်မှူး ယန်ရှောင်တွင် စစ်သည် ခုနစ်ထောင်ရှိပြီး ကြီးမားသော စစ်လက်နက်ကိရိယာများလည်း များစွာ ရှိသောကြောင့် ဖြစ်သည်။

သွေးကွမ်ရင်က ပြောလိုက်သည်။ “သခင်လေး ၊ မြို့စောင့်တပ်မှူး ယန်ရှောင်သာ လှုပ်ရှားလာရင် ၊ ကျမတို့ကို အသက်ရှုချိန်တောင် ပေးမှာ မဟုတ်ဘူး။ တစ်ရက်တောင် အချိန်ပေးမှာ မဟုတ်ဘူး”

တုပိုင်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “ကျွန်တော်သာ ယန်ရှောင်ဆိုရင်လည်း ကိုယ့်ကိုယ်ကို အချိန်ပေးမှာ မဟုတ်ဘူး ၊ ချက်ချင်း တပ်လွှတ်လိုက်မှာပဲ”

သွေးကွမ်ရင်က မေးလိုက်သည်။ “ကျန်းရှောင်ကို ပြောခဲ့တဲ့ နောက်ဆုံးစကားတွေက အမှန်တွေလား”

တုပိုင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ “အမှန်တွေပဲ”

ထို့နောက် တုပိုင်က အော်ဟစ်လိုက်သည်။ “မြန်မြန်လုပ် ၊ စစ်မြေပြင်ကို ရှင်းလင်း ၊ အလောင်းတွေ အကုန် မီးရှို့ပစ် ၊ ပြီးရင် အကာအကွယ်တွေ ပြင်ဆင်ထားကြ ၊ အရေးကြုံရင် သုံးလို့ရအောင်လို့”

ဤအချိန်တွင်ပင် အပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာသည်။ လီလင်းယွီနှင့် သိုင်းပညာရှင် ဆယ်ဂဏန်းခန့်သည် လီတစ်ထောင်မြင်းများကို စီးနင်းကာ ဖြည်းညှင်းစွာ ရောက်လာကြလေ၏။ သူမသည် ယောက်ျားလေးဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်ပြီး ၊ သူမ၏ ဆွဲဆောင်မှုရှိသော မျက်လုံးများက မြေပြင်ပေါ်ရှိ အလောင်းများကို ကြည့်လိုက်ကာ ၊ ထို့နောက် တုပိုင်၏ နောက်ရှိ ကောင်းကင်မိစ္ဆာစစ်တပ်ကို ကြည့်ရင်း သူမ၏ မျက်လုံးထဲရှိ တုန်လှုပ်မှုများကို ဖုံးကွယ်ထားခြင်း မရှိပေ။

လီလင်းယွီက ပြောလိုက်သည်။ “တုပိုင် ၊ နင်က ငါ့ကို တကယ် အမြင်သစ်တွေ မြင်စေတာပဲ။ နင်က ဟို မိုမိသားစုက တုံးအတဲ့မိန်းမနဲ့ ပေါင်းကြံမယ်လို့ပဲ ငါ ထင်ထားတာ။ ကျောက်နက်ကမ်းပါးထောင်ကို ဝင်စီးပြီး ဒီ ကောင်းကင်မိစ္ဆာအရူးတွေကိုပါ သိမ်းသွင်းနိုင်လိမ့်မယ်လို့ ငါ တကယ် မထင်ထားမိဘူး”

သူမ၏ စကားများထဲတွင် မနာလိုဝန်တိုမှုများကို ဖုံးကွယ်ထားခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်မိစ္ဆာစစ်တပ်မှာ အလွန်တရာ ထူးချွန်ထက်မြက်ပြီး အလွန် အင်အားကြီးမားလွန်းသောကြောင့် ဖြစ်သည်။

လီလင်းယွီက ပြောလိုက်သည်။ “နင် ဘယ်လိုလုပ်လိုက်တာလဲ။ ဟို ကောင်မစုတ် ကျီယင်ယင်ကိုတောင် နင် လာဘ်ထိုးနိုင်တယ်ပေါ့။ ငါတို့ လီမိသားစုက မရေမတွက်နိုင်အောင် ကြိုးစားခဲ့တယ် ၊ တန်ဖိုးကြီးပေးဆပ်မှုတွေ အများကြီး လုပ်ခဲ့ပေမဲ့ သူ့ကို လက်နက်ချအောင် မလုပ်နိုင်ခဲ့ဘူး ၊ ဒါပေမဲ့ နင်က အောင်မြင်သွားတယ်။ နင်လို တပ်မှူးငယ်လေးတစ်ယောက်က သူ့ကို ဘာပေးနိုင်မှာမလို့လဲ”

လာဘ်ထိုးသည်လော ၊ လက်နက်ချသည်လော။ ဤစကားလုံးနှစ်လုံး ကြားရတာနဲ့တင် ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ကြောင်း သိသာနေပေသည်။

ကျီယင်ယင်သည် ကလေးဘဝကို ပြန်ရောက်သွားပြီး အားနည်းသော မိန်းကလေးတစ်ယောက် ဖြစ်နေလျှင်ပင် ၊ သူမသည် တစ်ချိန်က ကမ္ဘာလောကကို တုန်လှုပ်စေခဲ့သော မိစ္ဆာခေါင်းဆောင်မကြီး ဖြစ်ခဲ့ဖူးပေသည်။ သူမ အနောက်တောင်ပိုင်းတစ်ခုလုံးကို လွှမ်းမိုးထားစဉ်က လီရူဟိုင်နှင့် ကျီချင်းကျူတို့မှာ နာမည်ပင် မရှိကြသေးပေ။

ဤကဲ့သို့ ပုဂ္ဂိုလ်ကြီးအား ခိုင်းစေလိုသည်ဆိုသည်မှာ တကယ့်ကို အဓိပ္ပာယ်မရှိ ရယ်စရာကောင်းလွန်းလှသည်။

လီလင်းယွီက ပြောလိုက်သည်။

“ဒါပေမဲ့လည်း အဓိပ္ပာယ်မရှိပါဘူး။ နင် ကျန်းရှောင်ကို သုတ်သင်လိုက်တာက တော်တော်လေး အထင်ကြီးစရာ ကောင်းပေမဲ့ ၊ အဲဒါက ငါ့ခွေးတွေထဲက တစ်ကောင်ကို သတ်လိုက်တာပဲ ရှိတာပါ။ နင့်ဆီမှာ စစ်သည် ငါးခြောက်ရာ ရှိတယ် ၊ ငါတို့ဆီမှာ ဘယ်လောက်ရှိလဲ သိလား။ ထျန်တောက်အဖွဲ့မှာ ထောင်ချီ ရှိတယ် ၊ ပိုင်ဆယ်မြို့စောင့်တပ်မှူးဆီမှာလည်း ထောင်ချီ ရှိသေးတယ်။ နင့်ရဲ့ လူရာဂဏန်းလောက်နဲ့ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မှာလဲ။ တစ်နာရီလား”

လီလင်းယွီက တုပိုင်၏ အနောက်ရှိ ကျီယင်ယင်ကို ကြည့်လိုက်ပြီး ယုတ်မာစွာ ပြုံးရင်း ပြောလိုက်သည်။

“ချစ်စရာကောင်းတဲ့ ကောင်မလေးပဲ။ ငါ့ဦးလေး မြို့စောင့်တပ်မှူး ယန်ရှောင်က အသက်ဆယ်နှစ်ဝန်းကျင် ကောင်မလေးတွေကို အထူး ကြိုက်နှစ်သက်တာ။ ဒီကောင်မလေးကို သူ့ဆီ ပို့ပေးလိုက်ရင် သူ နင့်အသက်ကို ချမ်းသာပေးကောင်း ပေးလိမ့်မယ်”

ထိုစကားများ ထွက်လာသည်နှင့် တုပိုင်၏ မျက်လုံးများ အေးစက်သွားလေ၏။ သို့သော် ကျီယင်ယင်က နားမလည်သလိုဖြင့် လီလင်းယွီကို အပြစ်ကင်းစင်စွာ ကြည့်ရင်း မေးလိုက်သည်။

“အဲဒီ ဦးလေးကြီး ယန်ရှောင်က သမီးနဲ့ ဘာလို့ ကစားချင်ရတာလဲ။ သူက ဘယ်လို ကစားတာလဲဟင်”

လီလင်းယွီက ရယ်မောရင်း ပြောလိုက်သည်။

“တုပိုင် ၊ နင်တို့အင်ပါယာကလူတွေ ပိုင်ဆယ်စီရင်စုကို လာရင် ၊ ရှုံးသွားတာက ကိစ္စမရှိဘူး ၊ အသက်ရှင်ခွင့် ရနိုင်သေးတယ်။ ဒါပေမဲ့ နိုင်သွားရင်တော့ သေလမ်းပဲ ရှိတယ်။ စောင့်ကြည့်နေလိုက်… မကြာခင် ပိုင်ဆယ်မြို့စောင့်တပ်မှူးအိမ်တော်က စစ်တပ် ရောက်လာလိမ့်မယ်။ ဒါက နင်တို့ တာ့နင်အင်ပါယာရဲ့ စစ်ဘက်အရာရှိအုပ်စုနဲ့ မိန်းမစိုးဂိုဏ်းတို့ ခွေးအချင်းချင်း ကိုက်တဲ့ ပြည်တွင်းပဋိပက္ခ သက်သက်ပဲ။ ငါတို့ လီမိသားစုနဲ့ လုံးဝ မဆိုင်ဘူး”

ပြောပြီးနောက် လီလင်းယွီသည် သိုင်းပညာရှင် ဆယ်ဂဏန်းနှင့်အတူ မာနတကြီး ထွက်ခွာသွားလေ၏။ သွေးကွမ်ရင်က တုပိုင်ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။

တုပိုင်က ရယ်မောရင်း ပြောလိုက်သည်။ “စိတ်မပူပါနဲ့ အစ်မရယ်။ အခြေအနေကို ဖြေရှင်းမယ့်နည်းလမ်း ရှိတယ်လို့ ကျွန်တော် ပြောဖူးသားပဲ။ သေကြေပျက်စီးစရာ မလိုဘဲ ၊ အထိအခိုက်မရှိဘဲ အရမ်းလွယ်ကူမယ့် နည်းလမ်းပါ”

**--**--**--**--**--**--**--**

ခဏအကြာမှာပင် သံချပ်ကာအနက်ရောင် ဝတ်ဆင်ထားသော မြင်းတပ်တစ်တပ် ဒုန်းစိုင်း ရောက်ရှိလာလေ၏။

ပိုင်ဆယ်မြို့စောင့်တပ်မှူး ၊ အဓိက ဘီလူးကြီးများထဲမှ တစ်ဦးဖြစ်သူ ယန်ရှောင်၏ တပ်ဖွဲ့များ ဖြစ်ကြပြီး ၊ အလံပေါ်တွင် ယန်စာလုံး ပါရှိလေ၏။ အင်အား ဆယ်ဂဏန်းခန့်ရှိသော ထိုမြင်းတပ်ဖွဲ့သည် တုပိုင်၏ အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးရှေ့သို့ ရောက်လာပြီး အေးစက်စွာ ပြောလိုက်သည်။

“တုပိုင် ဘယ်မှာလဲ”

တုပိုင် ထွက်လာလိုက်သည်။ မြို့စောင့်တပ်မှူးအိမ်တော်မှ မြင်းတပ်ခေါင်းဆောင်က ပြောလိုက်သည်။

“ငါတို့ မြို့စောင့်တပ်က စစ်သည်တစ်ယောက် ပျောက်ဆုံးနေတယ် ၊ မင်းတို့ အရှေ့ဘက်ကွပ်ကဲရေးရုံးက ဝှက်ထားတယ်လို့ သံသယရှိတယ်။ အရှေ့ဘက်ကွပ်ကဲရေးရုံးထဲက လူအကုန် အခုချက်ချင်း ထွက်ခဲ့ကြ ၊ ငါတို့ ဝင်ရှာရမယ်။ ခုခံတဲ့ကောင် ရှိရင် အကျိုးဆက်ကို ခံစားဖို့သာ ပြင်ထား”

သောက်ကျိုးနည်းလှ၏။ ဤလူများသည် အကြောင်းပြချက်အသစ်ကိုပင် စဥ်းစားခြင်းမရှိသည်အထိ မျက်နှာပြောင်တိုက်နိုင်စွမ်း ရှိကြသည်။

“အထဲက မိန်းမစိုးခွေးကောင်တွေ အကုန်ထွက်ခဲ့ကြ။ ငါတို့ ဝင်ရှာမယ်။ ခုခံတဲ့ကောင် ရှိရင် ပိုင်ဆယ်မြို့စောင့်တပ်က စစ်သည် ထောင်ချီက မင်းတို့ကို ဖုန်မှုန့်ဖြစ်သွားအောင် ချေမှုန်းပစ်လိမ့်မယ်”

ထိုအချိန်တွင်ပင် တုပိုင်၏ စိတ်ထဲ၌ ငြိမ်သက်နေပြီး မီးငြိမ်းနေသော ထူးဆန်းသည့် အလင်းရောင် အရိပ်တစ်ခုသည် ရုတ်တရက် လင်းလက်လာလေ၏။ အချိန် သိပ်မကြာသေးသော်လည်း ၊ အလွန် ကြာမြင့်စွာ ဖြတ်သန်းခဲ့ရသလို ခံစားလိုက်ရသည်။

အိပ်မက်စနစ်သည် ပြန်လည် လင်းလက်လာလေ၏။

“တောင်းပန်ပါတယ် စနစ်ရှင်”

အပိုင်း ၃၃၀ ပြီး။

All Chapters