သခင်မမက်မွန်ပွင့်ဆီက ကပ်စားခြင်း၊ ယောက်ျားစင်စစ်ဆိုတာ ရဲရဲကြီး ကပ်စားတတ်ရမယ်(၁)။
Vol. 30 Ch. 342
"သေလိုက်ကြစမ်း... မင်းတို့အကုန်လုံး သေကြပေတော့…"
ပုစွန်နီမျိုးနွယ်စု ခေါင်းဆောင်သည် နောက်ဆုတ်ရန် ငြင်းဆန်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ လျှပ်စီးကြောင်းများ ပေါက်ကွဲထွက်ပေါ်လာလေသည်။
သူသည် မရေမတွက်နိုင်သော မိုးကြိုးလျှပ်စီးများ ဝန်းရံထားသကဲ့သို့ ဖြစ်နေပြီး၊ ကောင်းကင်ယံကို ဖုံးလွှမ်းသွားစေသော ကြောက်မက်ဖွယ် မိစ္ဆာအရိပ်ကြီးတစ်ခု သူ၏ နေထာက်တွင် ပေါ်ထွက်လာသည်။
သွေးမျိုးဆက် နတ်ဘုရားစွမ်းအား - ကောင်းကင်ဝါးမျို ကြက်သွေးရောင်လျှပ်စီး…။
ဤသည်မှာ ကြက်သွေးရောင်လျှပ်စီးစွမ်းအားကို ထိန်းချုပ်နိုင်သော ပုစွန်နီမျိုးနွယ်စု၏ သွေးမျိုးဆက် နတ်ဘုရားစွမ်းအား ဖြစ်ပေသည်။
လျှပ်စီးတစ်ချက်စီတိုင်းသည် တောင်များကို ဖြိုခွင်းနိုင်လောက်အောင် စွမ်းအားကြီးမားပြီး ကြောက်မက်ဖွယ် ဖျက်ဆီးရေးစွမ်းအားများကို ပိုင်ဆိုင်ထားသည်။
သူသည် ဤဧရိယာတစ်ခုလုံးကို ဖုံးလွှမ်းသွားစေသော မိုးကြိုးလျှပ်စီးကြောင်းများကို ဆင့်ခေါ်လိုက်သကဲ့သို့ ထင်မှတ်ရပြီး ထူထပ်သော မိုးတိမ်မည်းကြီးများက ကောင်းကင်ယံကို ဖုံးအုပ်သွားလေသည်။
အဆင့်လေး အစောပိုင်း ပင်လယ်မိစ္ဆာသုံးကောင်သည် တပြိုင်နက် လှုပ်ရှားလိုက်ကြရာ ကြောက်မက်ဖွယ် ဝိညာဉ်သန္ဓေသားဖိအားများ ထွက်ပေါ်လာသည်။
မိုင်တစ်ထောင်ပတ်လည်ရှိ မြေပြင်သည် တုန်ခါသွားပြီး ကျယ်လောင်စွာ မြည်ဟိန်းသွားရလေသည်။
"သွားပြီ... ငါတို့တော့ သေပြီ…"
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဝူကျိမဟာမိတ်အဖွဲ့မှ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူလေးဦး၏ မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်သွားကြသည်။
ဤတိုက်ခိုက်မှု၏ ကြောက်မက်ဖွယ်ရာကို သူတို့ ခံစားလိုက်ရသည်။ ၎င်းသည် သူတို့၏ အရှိန်အဝါများကို အပြည့်အဝ ပစ်မှတ်သေထားလိုက်ပြီဖြစ်ရာ ရှောင်တိမ်းရန် သို့မဟုတ် ထွက်ပြေးရန် မဖြစ်နိုင်တော့ပေ။
"မက်မွန်ပွင့်ဒယ်စောက်… သွားစမ်း…"
ထိုအချိန်တွင် ပန်းရောင်ဒယ်အိုးကြီးတစ်လုံး လေထဲတွင် ရုတ်တရက်ပေါ်လာပြီး ရှေးဟောင်းမက်မွန်ပင်ပုံသဏ္ဌာန်များဖြင့် အလှဆင်ထားကာ ရှေးဟောင်းမက်မွန်သီးများမှ ဆင်းသက်လာသကဲ့သို့ ထင်မှတ်ရသည်။ ၎င်းသည် ရှေးဟောင်းဖိအားတစ်ခုကို ထုတ်လွှတ်နေလေသည်။
ဤသည်မှာ သခင်မမက်မွန်ပွင့် ပိုင်ဆိုင်သော အလယ်အလတ်အဆင့် ခံစစ်ဝိညာဉ်ရတနာဖြစ်ပြီး ပြင်းထန်သော ကာကွယ်မှုကို ပေးစွမ်းနိုင်သည်။
ဘုန်း…။
တစ်ခဏအတွင်း အဆင့်လေး အစောပိုင်း ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူသုံးဦး၏ တိုက်ခိုက်မှုများ ကျရောက်လာပြီး၊ မက်မွန်ပွင့်ဒယ်စောက်ကို ဝင်ဆောင့်မိရာ ကြောက်မက်ဖွယ် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာပြီး ပြင်းထန်သော တုန်ခါမှုလှိုင်းများ ဖြစ်ပေါ်သွားစေသည်။
မျက်စိဖြင့် မမြင်နိုင်သော အသံလှိုင်းများ ပျံ့နှံ့သွားပြီး မိုင်ရာချီသော ဧရိယာကို ဖြတ်သန်းသွားလေသည်။
တောင်များသည် တုန်ခါမှုလှိုင်းဒဏ်ကို မခံနိုင်ဘဲ တစ်လုံးပြီးတစ်လုံး ပြိုကျကာ ဖုန်မှုန့်များ ဖြစ်သွားကြသည်။
မြေပြင်ပေါ်တွင် ကြီးမားသော တွင်းနက်ကြီးတစ်ခု ပေါ်လာပြီး ဖုန်မှုန့်များ နေရာအနှံ့ လွင့်စင်သွားသည်။
သို့တိုင်၊ ဤအလယ်အလတ်အဆင့် ခံစစ်ဝိညာဉ်ရတနာဖြစ်သော မက်မွန်ပွင့်ဒယ်စောက်ကို အသုံးပြု၍ သူတို့သည် ဝိညာဉ်သန္ဓေသား အစောပိုင်းအဆင့် ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူသုံးဦး၏ တိုက်ခိုက်မှုကို တောင့်ခံနိုင်ခဲ့ပြီး၊ ဝူကျိမဟာမိတ်အဖွဲ့မှ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူလေးဦး၏ အသက်ကို ကယ်တင်နိုင်ခဲ့လေသည်။
ရွှစ်…။
နောက်တစ်စက္ကန့်တွင် ကျက်သရေရှိသော ပုံရိပ်တစ်ခု လေထဲတွင် ပေါ်လာသည်။
အင်မော်တယ်လောကမှ ဆင်းသက်လာသော နတ်သမီးတစ်ပါးကဲ့သို့ပင်။
မက်မွန်ပွင့်များ သူမ၏ ပတ်လည်တွင် ကြွေကျနေပြီး လေထုထဲတွင် မွှေးပျံ့သော ရနံ့များဖြင့် ပြည့်နှက်သွားလေသည်။
သူမသည် သခင်မမက်မွန်ပွင့်ဖြစ်ပြီး ဤနေရာသို့ အချိန်မီ ရောက်ရှိလာခြင်း ဖြစ်သည်။
ကျိုးစွေ့မှာမူ သဘာဝကျစွာပင် အနီးနား၌ ပုန်းအောင်းနေပြီး တိတ်တဆိတ် ကူညီပေးနေသည်။
မည်သို့ပင်ဖြစ်စေ၊ သူသည် ဝိညာဉ်သန္ဓေသားအဆင့် တိုက်ပွဲများတွင် ပါဝင်နိုင်စွမ်း မရှိသေးပေ။ ကွာဟချက်က ကြီးမားလွန်းနေသေးသည်။
"ကျွန်တော်တို့ရဲ့ အသက်ကို ကယ်တင်ပေးတဲ့အတွက်… ကျေးဇူးတင်ပါတယ် သခင်မမက်မွန်ပွင့်…"
ဝူကျိမဟာမိတ်အဖွဲ့မှ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူလေးဦးသည် ကျေးဇူးတင်စိတ်များဖြင့် ပြည့်နှက်နေကြသည်။ သူတို့သည် သေမင်းလက်တွင်းမှ လွတ်မြောက်လာသကဲ့သို့ ခံစားလိုက်ရသည်။
အံ့ဖွယ်နည်းလမ်းဖြင့် ထွက်ပေါ်လာသော သခင်မမက်မွန်ပွင့်ကို သူတို့ ကျေးဇူးတင်နေကြသည်။ မည်သို့ပင်ဆိုစေ၊ ယင်းသည် သူတို့၏အသက်အန္တရာယ်နှင့် သက်ဆိုင်သော ကိစ္စပင် မဟုတ်ပါလော။
သခင်မမက်မွန်ပွင့်သာ ကြားဝင်မကူညီခဲ့လျှင် သူတို့ သေဆုံးသွားကြပြီ ဖြစ်သည်။
"မင်းက ဝူကျိမဟာမိတ်အဖွဲ့က သခင်မမက်မွန်ပွင့်ပေါ့လေ…."
ချက်ချင်းပင် ကဏန်းကြီးမျိုးနွယ်စု ခေါင်းဆောင်၏မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားလေသည်။ သခင်မမက်မွန်ပွင့်နှင့် ဤမျှ မြန်မြန်ဆန်ဆန် တွေ့ဆုံရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သူမသည် အမျိုးသမီးကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း ဝိညာဉ်သန္ဓေသား အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
ထို့ပြင် သူမ၌ ဝိညာဉ်ရတနာများ ပေါများပြီး သာမန် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ဦး မဟုတ်ပေ။
ဝိညာဉ်သန္ဓေသား အစောပိုင်းအဆင့် ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူသုံးဦး ပူးပေါင်းတိုက်ခိုက်လျှင်ပင် အနိုင်ရရန် အခွင့်အလမ်း သိပ်မရှိလှပေ။
ကံကောင်းထောက်မစွာဖြင့်၊ သူတို့၏ အဖော်နှစ်ဦးဖြစ်သော ဝိညာဉ်သန္ဓေသား အလယ်အလတ်အဆင့် ကျင့်ကြံသူများ လာနေပြီဟူသော သတင်းကို ယခုလေးတင် ရရှိလိုက်သည်။
သူတို့ ခဏတာ တောင့်ခံထားနိုင်ပြီး တစ်ဖက်လူကို သေချာ ဟန့်တားထားနိုင်သရွေ့။
ဤနေရာတွင် ရှိသော မည်သည့် လူသား ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူမဆို မရဏလမ်းသို့ မြန်းရပေမည်။
ဘန်း…။
သို့သော်၊ ပင်လယ်မျိုးနွယ်စု ခေါင်းဆောင်နှင့် အခြားသူများ စကားပြောရန် အခွင့်အရေး မရလိုက်မီမှာပင် အနီးနား၌ ပုန်းအောင်းနေသော ကျိုးစွေ့က လှုပ်ရှားလိုက်သည်။
စိတ်ဝိညာဉ်လျှို့ဝှက်ပညာရပ် - ဝိညာဉ်ဖြန့်ကျက်အဆိပ်ဆူး…။
ဤစိတ်ဝိညာဉ်လျှို့ဝှက်ပညာရပ်သည် ပြိုင်ဘက်များကို အလစ်အငိုက်ဖမ်း၍ တိုက်ခိုက်ရာတွင် အကောင်းဆုံးဖြစ်သည်ဟု ဆိုရပေမည်။
ကာကွယ်နိုင်လျှင် ကာကွယ်၊ မကာကွယ်နိုင်ပါက သေမင်းထံ ဧည့်စာရင်းတိုင်ရမည်သာ ဖြစ်၏။
ကျိုးစွေ့သည် ဤစိတ်ဝိညာဉ်လျှို့ဝှက်ပညာရပ်ဖြင့် စွမ်းဆောင်ရည် အများအပြား ရရှိခဲ့ပြီး ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်နေချေပြီ။
ပြိုင်ဘက်သည် ဝိညာဉ်သန္ဓေသား အစောပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်နေလျှင်ပင် မထူးခြားပေ။
အနီးနားတွင် ပုန်းအောင်းနေသော ကိုယ်ပွား (၁၈)ယောက်သည် ဝိညာဉ်ဖြန့်ကျက်အဆိပ်ဆူးကို တပြိုင်နက်တည်းနီးပါး ထုတ်လွှတ်လိုက်ကြသည်။
ထိုးဖောက်ဝင်ရောက်နိုင်သော ဝိညာဉ်ဆူးချွန်များသည် မည်သည့်နေရာကမှန်းမသိ ရုတ်တရက် ပျံသန်းလာပြီး ကဏန်းကြီးမျိုးနွယ်စုခေါင်းဆောင်၊ ပုစွန်နီမျိုးနွယ်စုခေါင်းဆောင်နှင့် မြားငါးမျိုးနွယ်စုခေါင်းဆောင်တို့ကို လျှပ်စီးလက်သကဲ့သို့ မြန်ဆန်သောအရှိန်ဖြင့် ဝင်ရောက်တိုက်ခိုက်လိုက်သည်။
"အား…."
တစ်ခဏအတွင်း ဝိညာဉ်သန္ဓေသားအဆင့် ပင်လယ်မိစ္ဆာသုံးကောင်သည် နာကျင်စွာ အော်ဟစ်လိုက်ရပြီး၊ ယခင် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူနှစ်ဦး၏ လမ်းစဉ်အတိုင်း ဖြစ်သွားကြရလေသည်။
သူတို့၏ ခေါင်းများကို အုတ်ခဲဖြင့် ရက်ရက်စက်စက် ရိုက်နှက်ခံလိုက်ရသကဲ့သို့ ခံစားရပြီး ခေါင်းကွဲမတတ် နာကျင်မှုကို ခံစားလိုက်ရသည်။
မကြုံစဖူးသော ဝေဒနာပင် ဖြစ်၏။
အရေးအကြီးဆုံးမှာ ဤတိုက်ခိုက်မှုသည် မည်သည့်သတိပေးချက်မှမရှိဘဲ ရောက်လာခြင်း ဖြစ်သည်။
တစ်ခဏအတွင်း သူတို့ ဘာမှ မတုံ့ပြန်နိုင်လောက်အောင် ဖြစ်သွားကြသည်။
"အခုပဲ…"
သခင်မမက်မွန်ပွင့်၏ မျက်လုံးများ အရောင်လက်သွားသည်။ ယခုအချိန်သည် တိုက်ခိုက်ရန် အကောင်းဆုံးအချိန်ဖြစ်ကြောင်း သူမ သေချာပေါက် သိသည်။
ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူများ၏ တိုက်ပွဲတွင် အခြေအနေသည် မျက်တောင်တစ်ခတ်အတွင်း ပြောင်းလဲသွားတတ်သည်။
အကယ်၍ ပေါ့ဆမိပါက ရန်သူ့လက်ချက်ဖြင့် ပြင်းထန်သော ထိခိုက်မှုကို ခံစားရနိုင်သည်။
ထိပ်တန်းအဆင့် ဝိညာဉ်ရတနာ... ၊ ပင်လယ်ငြိမ်ပုလဲ…။
သူမ၏ အသက်ဆက်ဝိညာဉ်ရတနာကို ချက်ချင်း ထုတ်သုံးလိုက်သည်။
နက်ပြာရောင် ရတနာပုလဲတစ်လုံး ပျံသန်းထွက်ခွာသွားပြီး ကဏန်းကြီးမျိုးနွယ်စုခေါင်းဆောင်၊ ပုစွန်နီမျိုးနွယ်စုခေါင်းဆောင်နှင့် မြားငါးမျိုးနွယ်စုခေါင်းဆောင်တို့ကို ဝင်ရောက်တိုက်ခိုက်လိုက်သည်။
ပတ်ဝန်းကျင် လေထုသည် မျက်စိဖြင့် မမြင်နိုင်သော စွမ်းအားတစ်ခုအောက်တွင် အေးခဲသွားသကဲ့သို့ ဖြစ်သွားလေသည်။
ပင်လယ်ငြိမ်ပုလဲ၏ ရှေ့မှောက်တွင် မည်သူမျှ မလှုပ်ရှားနိုင်ကြပေ။
ထို့နောက် ကြီးမားသော နက်ပြာရောင် ပင်လယ်ပုံရိပ်ယောင်တစ်ခုပေါ်လာပြီး ပင်လယ်ကြီးတစ်ခု ကောင်းကင်မှ ပြိုကျလာသကဲ့သို့ ဖြစ်နေသည်။ ၎င်းသည် ကြီးမားသော ဖိအားကို သက်ရောက်စေပြီး ပတ်ဝန်းကျင် လေထုကို လုံးဝ ဖြိုခွင်းပစ်လိုက်ချေသည်။
"ရပ်…."
"ငဲ့ညှာပေးပါ…"
"လူသားကျင့်ကြံသူ... အခုချက်ချင်း ရပ်လိုက်… မင်း သေချင်နေတာလား…."
ထိုအချိန်တွင် ပင်လယ်နွားမျိုးနွယ်စုခေါင်းဆောင်နှင့် သွေးအသတ်အဖြတ် ဘိုးဘေးတို့ ရောက်ရှိလာကြသည်။ သူတို့ ရောက်လာသည်နှင့် သခင်မမက်မွန်ပွင့်၏ တိုက်ခိုက်မှုကို ချက်ချင်း မြင်လိုက်ရပြီး သူမ၏တိုက်ခိုက်မှု မည်မျှ ကြောက်စရာကောင်းကြောင်း သိလိုက်ကြသည်။
ဝိညာဉ်သန္ဓေသား အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် ဤတိုက်ခိုက်မှုမှ ဒဏ်ရာမရဘဲ လွတ်မြောက်ရန် မဖြစ်နိုင်ပေ။
အကယ်၍ ပင်လယ်မျိုးနွယ်စုမှ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူသုံးဦးသာ ဤနေရာ၌ သေဆုံးသွားပါက ပင်လယ်မျိုးနွယ်စုအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်လာပေလိမ့်မည်။
ပင်လယ်မျိုးနွယ်စုမှ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူသုံးဦး သူ၏မျက်စိရှေ့မှောက်တွင် သေဆုံးသွားသည်ကို သူ မည်သို့ ကြည့်ရက်ပါမည်နည်း။
ဝမ်းနည်းစရာမှာ သူ ရောက်လာချိန် နောက်ကျသွားခဲ့ချေပြီ။
သူသည် စစ်မြေပြင်နှင့် မိုင်များစွာ ဝေးကွာနေသေး၏။
ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ဦး၏ အရှိန်ဖြင့်ပင် ထိုနေရာသို့ ရောက်ရှိရန် အချိန်အနည်းငယ် ကြာပေဦးမည်။
"သေလိုက်တော့…"
သခင်မမက်မွန်ပွင့်က ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူနှစ်ဦး၏ တောင်းပန်မှုကို ဂရုမစိုက်ဘဲ မဲ့ပြုံး ပြုံးလိုက်သည်။
သူတို့သည် သူမ၏ ရန်သူများပင် မဟုတ်ပါလော။ ၎င်းတို့အား သတ်ဖြတ်နိုင်မည့် ဤအခွင့်အရေးအား အဘယ်ကြောင့် လက်လွှတ်ရမည်နည်း။
သူမသည် သနားညှာတာမှု မပြရုံသာမက သူမ၏ ဝိညာဉ်သန္ဓေသားမှ ကြီးမားသော မှော်စွမ်းအားများကိုပင် ထပ်ဖြည့်လိုက်သည်။
ဝုန်း…။
ထိပ်တန်းအဆင့် ဝိညာဉ်ရတနာဖြစ်သော ပင်လယ်ငြိမ်ပုလဲသည် ပင်လယ်ကြီး ပြိုကျလာသကဲ့သို့ ရက်ရက်စက်စက် ပြိုဆင်းလာပြီး သာမန် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ဦး၏ စိတ်ကူးထက် ကျော်လွန်သော စွမ်းအားကို ထုတ်လွှတ်လိုက်လေသည်။
"မဟုတ်ဘူး... မဟုတ်ဘူး... မလုပ်ပါနဲ့…"
ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူများ ဖြစ်ကြသော ကဏန်းကြီးမျိုးနွယ်စု၊ ပုစွန်နီမျိုးနွယ်စုနှင့် မြားငါးမျိုးနွယ်စု ခေါင်းဆောင်များသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားကြသည်။
ကံဆိုးစွာဖြင့်၊ ထိုအချိန်၌ သူတို့သည် ကျိုးစွေ့၏ ဝိညာဉ်ဖြန့်ကျက်အဆိပ်ဆူး ထိမှန်ထားရုံသာမက၊ ပင်လယ်ငြိမ်ပုလဲ၏ စွမ်းအားဖြင့်လည်း ချုပ်နှောင်ခံထားရသဖြင့် ခုခံရန် အခွင့်အရေး လုံးဝ မရှိတော့ပေ။
သူတို့သည် ဤထိပ်တန်းအဆင့် ဝိညာဉ်ရတနာ၏ ဖျက်ဆီးရေးစွမ်းအားကို လက်ပိုက်ကြည့်နေရုံမှတစ်ပါး မတတ်နိုင်ကြတော့ပေ။