သခင်မမက်မွန်ပွင့်ဆီက ကပ်စားခြင်း၊ ယောက်ျားစင်စစ်ဆိုတာ ရဲရဲကြီး ကပ်စားတတ်ရမယ်(၃)။
Vol. 30 Ch. 344
မကြာမီတွင် ကျိုးစွေ့၏ ကိုယ်ပွားတစ်ယောက်သည် သမင်ကြီးကျွန်းရှိ စတုတ္ထအဆင့် ဝိညာဉ်ကြော၏ အရင်းအမြစ်သို့ ရောက်ရှိသွားသည်။
"ဟမ်…"
ကျိုးစွေ့ မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။ ထိပ်တန်းအဆင့် ဝိညာဉ်ရတနာ နဂါးချုပ်တိုင်သည် မြေကြီးထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်နေကြောင်း သူ အာရုံခံမိလိုက်သည်။
ဤတိုင်ကြီးသည် ဝိညာဉ်ကြောပေါ်တွင် မြဲမြံစွာ စိုက်ထူထားသဖြင့် ဝိညာဉ်သွေးကြော၏ သဘာဝဝိညာဉ်စွမ်းအင်များ ထွက်မလာနိုင်အောင် ဖြစ်နေသည်။
နဂါးကြီးတစ်ကောင်ကို သေအောင် ရိုက်နှက်ခံထားရသလိုပင်။
ထိုအချိန်တွင် သွေးသတ်သမားနှင့် ပင်လယ်နွားမျိုးနွယ်စုခေါင်းဆောင်တို့ အဘယ်ကြောင့် ယုံကြည်မှုရှိရှိ ထွက်သွားကြပြီး၊ နဂါးချုပ်တိုင်ကို တစ်စုံတစ်ယောက် ဖျက်ဆီးပစ်မည်အား စိတ်မပူကြသည်ကို သူ နားလည်သွားရသည်။
အဘယ်ကြောင့်ဆိုသော် နဂါးချုပ်တိုင်၏ စွမ်းအားက အလွန်တရာ ကြီးမားလွန်းသောကြောင့် ဖြစ်သည်။
နဂါးချုပ်တိုင်၏ စွမ်းအားကို အတင်းအကျပ် လှုပ်ရှားပါက သေချာပေါက် တန်ပြန်သက်ရောက်မှု ရှိပေလိမ့်မည်။
ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူ မဟုတ်ပါက နဂါးချုပ်တိုင်ကို ဆွဲထုတ်ရန် မဖြစ်နိုင်ပေ။
သို့သော် သမင်ကြီးကျွန်းပေါ်ရှိ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူ အားလုံးနီးပါးကို သူတို့ စောင့်ကြည့်နေသဖြင့် မည်သူမျှ နဂါးချုပ်တိုင်ကို ဆွဲထုတ်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့်လည်း သူတို့ ယုံကြည်မှုရှိစွာ ထွက်ခွာသွားကြခြင်းပင်။
"စိတ်ဝင်စားစရာပဲ…"
"ဒီထိပ်တန်းအဆင့် ဝိညာဉ်ရတနာအတွက် သုံးထားတဲ့ ပစ္စည်းက ရှေးဟောင်း ရေနဂါးဆီက လာတာကိုး…"
ကျိုးစွေ့ မေးစေ့ကို ပွတ်သပ်လိုက်သည်။
သူ၏ နှလုံးသားမျက်လုံးအသိအမှတ်ပြုခြင်း စွမ်းအားကို အသုံးပြု၍ ဤထိပ်တန်းအဆင့်ရတနာ၏ မူလဇာစ်မြစ်အမျိုးမျိုးကို ချက်ချင်း ခွဲခြမ်းစိတ်ဖြာလိုက်သည်။
နဂါးချုပ်တိုင်တွင် ဝိညာဉ်သွေးကြောများကို ချိပ်ပိတ်နိုင်စွမ်း ရှိရခြင်းမှာ ထိုရှေးဟောင်းရေနဂါး၏ အကြေးခွံများနှင့် သွေးကြောများကြောင့် ဖြစ်ပြီး ၎င်းက အစစ်အမှန်နဂါးအစွမ်း အနည်းငယ်ကို ပေးစွမ်းသည်။
ထို့ကြောင့် ၎င်းသည် ဝိညာဉ်သွေးကြောကိုသာမက နဂါးသွေးကြောကိုပါ ချိပ်ပိတ်နိုင်ပြီး အသုံးဝင်မှုမှာ အကန့်အသတ်မရှိပေ။
"နေဦး... ဒီလိုဆိုရင် ငါ့ရဲ့ နဂါးဆင်သွေးမျိုးဆက်က ဒီနဂါးချုပ်တိုင်ရဲ့ စွမ်းအားကို လှုံဆော်နိုင်မလား" ထို့သို့ တွေးမိကာ ကျိုးစွေ့ စိတ်ကူးတစ်ခု ရသွားမိသည်။
ယင်းသည် သူ၏ကိုယ်ပွားတစ်ခုသာ ဖြစ်သော်လည်း၊ သူ၏ မူလခန္ဓကိုယ်ကို အပြည့်အဝ ပုံတူကူးထားခြင်းပင်။ မူလခန္ဓာကိုယ်တွင် ရှိသော နဂါးဆင်သွေးမျိုးဆက်ပါ ပါရှိပေသည်။
ခန္ဓာကိုယ်ထဲရှိ ထိုနဂါးဆင်သွေးမျိုးဆက်ကို လည်ပတ်လိုက်မည်ဆိုပါက အစစ်အမှန်နဂါး အငွေ့အသက် အနည်းငယ်ကို ထုတ်လွှတ်နိုင်လောက်ပေမည်။
ဇာစ်မြစ်တူသော စွမ်းအားဖြင့်ဆိုပါက၊ နဂါးချုပ်တိုင်၏ စွမ်အားကို လှုံဆော်နိုင်ပြီး ယင်း၏အသိအမှတ်ပြုမှုကို ရနိုင်လောက်ပေသည်။
ဘုန်း…။
ထိုသို့တွေးပြီးသည်နှင့် ကျိုးစွေ့ တွေဝေမနေဘဲ ခန္ဓာကိုယ်ထဲမှ နဂါးဆင်သွေးမျိုးဆက်စွမ်းအားကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။
အစစ်အမှန်နဂါးပုံရိပ်တစ်ခု သူ့နောက်တွင် ပေါ်လာပြီး လေဟာနယ်ထဲတွင် လှည့်လည်သွားလာကာ ကြောက်မက်ဖွယ် နဂါးအငွေ့အသက်များ ပျံ့နှံ့သွားလေသည်။
နဂါးအစစ်တစ်ကောင် ဤလောကထဲသို့ ဆင်းသက်လာသကဲ့သို့ပင် ဖြစ်နေသည်။
ဇီ….။
ထိုအချိန်တွင် နဂါးချုပ်တိုင်အတွင်းရှိ ဝိညာဉ်စွမ်းအား အနည်းငယ် နှိုးဆွခံလိုက်ရပြီး အတွင်းရှိ ရှေးဟောင်းရေနဂါး ပြန်လည် အသက်ဝင်လာသကဲ့သို့ ဖြစ်သွားသည်။
မူလဇာစ်မြစ်တူ စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။ မဟုတ်သေး၊ ယင်းသည် ပိုမြင့်မားသော စွမ်းအားတစ်ခု ဖြစ်လောက်ပေသည်။
နဂါးချုပ်တိုင်တစ်ခုလုံး စတင် တုန်ခါပြီး မြည်ဟိန်းလာတော့သည်။
နဂါးက အတွင်းမှ ဖောက်ထွက်ရန် ကြိုးစားနေသကဲ့သို့ပင်။
"ထွက်ခဲ့…"
ကျိုးစွေ့က စိတ်ဖြင့် လက်ကို အသာအယာ ဝှေ့ယမ်းပြီး ခေါ်လိုက်သည်။
မူလက ဤနဂါးသွေးကြောကို ချိပ်ပိတ်ထားသော နဂါးချုပ်တိုင်သည် ယခုအချိန်တွင် အသက်ဝင်လာသကဲ့သို့ ဖြစ်နေသည်။ ၎င်းသည် တစ်ခဏအတွင်း မြေကြီးထဲမှ ပျံထွက်လာပြီး သူ့ဘေးနားသို့ ရောက်ရှိလာတော့သည်။
သခင်အစစ်ကို ရှာတွေ့သွားသကဲ့သို့ပင်၊ ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်သည် ချက်ချင်း လက်ဖဝါးအရွယ်အစားသို့ ကျုံ့သွားပြီး သူ့လက်ထဲသို့ ကျရောက်လာလေသည်။
"ငါတော့ ထောပြီ… ထိပ်တန်းအဆင့် ဝိညာဉ်ရတနာတစ်ခုတောင် ရလိုက်တာပဲ…."
ကျိုးစွေ့၏ မျက်လုံးများ တောက်ပလာပြီး စိတ်လှုပ်ရှား ပျော်ရွှင်သွားသည်။
ဤထိပ်တန်းအဆင့် ဝိညာဉ်ရတနာကို မည်သူမျှ သန့်စင်ထားခြင်း မရှိကြောင်း သူ အာရုံခံမိသည်။
အမှန်တကယ်တမ်းတွင်၊ မည်သူကမျှ နဂါးချုပ်တိုင်၏ အသိအမှတ်ပြုမှုကို မရရှိခဲ့ကြချေ။ ထိုဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူများသည် နဂါးချုပ်တိုင်ကို ရရှိထားပြီး အသုံးပြုနိုင်လောက်ရုံသာ ဖြစ်၏။ ပိုင်ဆိုင်ခွင့်အား ဘယ်တုန်းကမျှ မရခဲ့ကြချေ။
ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့် ကျင့်ကြံသူများပင်လျှင် ယင်းကို သခင်အဖြစ် အသိအမှတ်ပြုအောင် အတင်းအကျပ် မလုပ်နိုင်ပေ။ ထို့ကြောင့် သူသည် နဂါးချုပ်တိုင်ကို အလွယ်တကူ ဆွဲဆောင်နိုင်ခဲ့ပြီး သူ့အား အသိအမှန်ပြုအောင် လုပ်နိုင်ခဲ့ခြင်းပင်။
"ဒီထိပ်တန်းအဆင့် ဝိညာဉ်ရတနာရဲ့ ရည်ရွယ်ချက်က ဝိညာဉ်သွေးကြောတွေနဲ့ နဂါးသွေးကြောတွေကို ချိပ်ပိတ်ဖို့ သက်သက် မဟုတ်ဘူးဘဲ…"
"တခြား ကျင့်ကြံသူတွေရဲ့ကိုယ်ထဲက မှော်စွမ်းအားကိုလည်း ချိပ်ပိတ်နိုင်တယ်…"
"ဒါ့အပြင် သူ့ထဲမှာ ပင်လယ်နဂါးရဲ့ စွမ်းအား ပါဝင်တယ်… တိုက်ခိုက်လိုက်တဲ့အခါ အကန့်အသတ်မရှိတဲ့ စွမ်းအားတွေကို ထုတ်လွှတ်နိုင်တယ်…"
“ဒါက လိုသလိုသုံးနိုင်တဲ့ ရူယီကျင်းကူတုတ်လိုပဲ…”
(စကားချပ် - ဝူခုန်းရဲ့ တုတ်ကို ပြောတာပါ။ လိုသလို ကြီးသေးနိုင်တယ် စိတ်ကြိုက်သုံးနိုင်တယ်ပေါ့)
ကျိုးစွေ့က နဂါးချုပ်တိုင်ကို ကိုင်ထားပြီး ဤမှော်ရတနာသည် ဝူခုန်းတုတ်နှင့် ပိုပိုပြီး တူလာသလို ခံစားရနေသည်။
မည်သို့ပင်ဖြစ်စေ၊ ဤထိပ်တန်းအဆင့် ဝိညာဉ်ရတနာကို ရလိုက်ရုံဖြင့်၊ သူ အမှန်တကယ် ချမ်းသာသွားပြီ ဖြစ်၏။
ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူများသာ ဤထိပ်တန်းအဆင့် ဝိညာဉ်ရတနာအား ဆုံးရှုံးသွားရပြီမှန်း သိလိုက်ပါက မုချ ရူးသွပ်သွားကြပေလိမ့်မည်။
သို့သော်ငြား၊ လက်ထဲသို့ ရောက်ပြီးသား ထိပ်တန်းအဆင့် ဝိညာဉ်ရတနာအား ပြန်ပေးရန်စိတ်ကူး မည်သို့ ရှိပါမည်နည်း။
ဝုန်း…။
တစ်ခဏအတွင်း နဂါးချုပ်တိုင် မရှိတော့သည်နှင့်၊ မူလ စတုတ္ထအဆင့် အဆင့်နိမ့်ဝိညာဉ်သွေးကြောသည် မူလအခြေအနေသို့ ပြန်လည် ရောက်ရှိသွားသည်။
ပိတ်ဆို့ထားသော သဘာဝဝိညာဉ်စွမ်းအင်များသည် ရေလွှမ်းမိုးသကဲ့သို့ ပေါက်ကွဲထွက်ပေါ်လာသည်။
ရပ်တန့်နေခဲ့သော စတုတ္ထအဆင့်အစီအရင်ဖြစ်သည့် ကိုးငရဲ ဆန်းကြယ်သစ်သားအစီအရင်သည်လည်း ဤအချိန်တွင် ၎င်း၏ စွမ်းအားကို ပြန်လည် ရရှိလာပြီး၊ ကြီးမားသော အစီအရင် အတားအဆီးတစ်ခုသည် သမင်ကြီးကျွန်းတစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားလေသည်။
သမင်ကြီးကျွန်းပေါ်ရှိ ဝူကျိမဟာမိတ်အဖွဲ့ ကျင့်ကြံသူအားလုံး အလွန် ဝမ်းမြောက်သွားကြသည်။
"ဟားဟား... ပြန်ရပြီ… ကျွန်းရဲ့ အစီအရင် ပြန်ရပြီပဲ…"
"သေချာပေါက် ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးတွေ အနိုင်အရှုံး ဆုံးဖြတ်ပြီးပြီ ထင်တယ်… ဒီစတုတ္ထအဆင့် အစီအရင်ကို ပြန်လည် ကောင်းမွန်အောင် လုပ်လိုက်နိုင်ပြီ…"
"အဲဒီ သောက်ကျိုးနည်း ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူတွေ အကုန်လုံး ဒီမှာပဲ နေခဲ့ကြတော့… ဘယ်သူမှ မလွတ်စေနဲ့…"
"သူတို့ ဘယ်လောက်အထိ မောက်မာနိုင်ဦးမလဲဆိုတာ ကြည့်ချင်သေးတယ်…"
ဝူကျိမဟာမိတ်အဖွဲ့ ကျင့်ကြံသူအများအပြားမှာ ပျော်ရွှင်လွန်း၍ ကခုန်မတတ် ဖြစ်နေကြသည်။
မူလက ပင်လယ်မျိုးနွယ် အင်အားစု၏ အဆုံးမဲ့ဒီရေလှိုင်းကို ရင်ဆိုင်ရန် သူတို့ မျှော်လင့်ချက် မဲ့နေခဲ့ရသည်။
ဆိုရလျှင်၊ သေဆုံးရန် သေချာပေသည်။
အစီအရင်၏ အကာအကွယ် မရှိပါက၊ ထိုပင်လယ်မျိုးနွယ် အင်အားစုကို မယှဉ်ပြိုင်နိုင်ပေ။
သို့သော် ယခု၊ စတုတ္ထအဆင့်အစီအရင် ပြန်လည်ကောင်းမွန်လာခြင်းသည် သူတို့၏ ဝှက်ဖဲ လက်ထဲသို့ ပြန်ရောက်လာပြီဟု ဆိုလိုသည် မဟုတ်ပါလော။
သူတို့အားလုံး သတ္တိများ ပြည့်လာပြီး အနီးနားရှိ ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူများကို စတင် တိုက်ခိုက်ကြတော့သည်။
……
သို့သော် ဤအချိန်တွင် ပင်လယ်နွားမျိုးနွယ်စုခေါင်းဆောင်နှင့် သွေးအသတ်အဖြတ် ဘိုးဘေးတို့မှာမူ လုံးဝ ကြောင်အမ်းနေကြလေသည်။
မူလက သူတို့သည် သခင်မမက်မွန်ပွင့်နှင့် အကြိတ်အနယ် ဖြစ်နေပြီး အနိုင်အရှုံး ဆုံးဖြတ်ခါနီး ဖြစ်၏။
အနည်းငယ် ဆက်လက်တိုက်ခိုက်လိုက်သည်နှင့် သခင်မမက်မွန်ပွင့်၏ မှော်စွမ်းအားများ မုချ ကုန်ဆုံးသွားရမည် ဖြစ်သည်။ ထိုအချိန်ကျလျှင်၊ သခင်မမက်မွန်ပွင့်ကို သတ်ဖြတ်ခြင်း သို့မဟုတ် ဖမ်းဆီးခြင်းအား သေချာပေါက် ပြုလုပ်နိုင်ပေမည်။
သို့သော် ယခု၊ နဂါးချုပ်တိုင်တွင် ပြဿနာပေါ်လာပြီး သမင်ကြီးကျွန်းပေါ်ရှိ စတုတ္ထအဆင့် အစီအရင် ပြန်လည်ကောင်းမွန်သွားမည်ဟု မည်သူက ထင်ထားပါမည်နည်း။
ဤသည်မှာ သူတို့၏အစီအစဉ် လုံးဝဥဿုံ ပျက်စီးသွားပြီဟု ဆိုလိုခြင်းပင် မဟုတ်ပါလော။
"ဘယ်သူလဲ.. ငါ့ရဲ့ နဂါးချုပ်တိုင်ကို ဆွဲထုတ်လိုက်တဲ့ အကောင်စုတ်က ဘယ်သူလဲ…"
"မဖြစ်နိုင်တာ… သမင်ကြီးကျွန်းပေါ်က ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူအကုန်လုံး ဒီမှာ ရှိနေတာကို… နဂါးချုပ်တိုင်ကို ဘယ်သူက ဆွဲထုတ်နိုင်မှာလဲ…"
ပင်လယ်နွားမျိုးနွယ်စု ခေါင်းဆောင်သည် ထိတ်လန့်ခြင်းနှင့် ဒေါသထွက်ခြင်း နှစ်မျိုးစလုံး ဖြစ်နေပြီး သူ့ဒေါသများ ပေါက်ကွဲထွက်မတတ် ဖြစ်နေရှာသည်။
ယခင်က မလွဲမသွေ အောင်မြင်မည့် အစီအစဉ်သည် ယခု နောက်ဆုံးအချိန်တွင် ပျက်စီးသွားခဲ့လေပြီ။
မဟုတ်သေးချေ၊ ယင်းသည် ဆုံးရှုံးမှုသက်သက် မဟုတ်ပေ။ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူငါးဦး၏ အသက်များကိုလည်း ပေးဆပ်လိုက်ရသည် မဟုတ်လော။
ဆုံးရှုံးမှုက ကြီးမားလွန်းလှ၏။
"ပြေးရမယ်…"
သွေးအသတ်အဖြတ် ဘိုးဘေးက သေချာ စဉ်းစားလိုက်သည်။
ယခုအခါ သမင်ကြီးကျွန်းတစ်ခုလုံး အစီအရင်ဖြင့် ဖုံးလွှမ်းနေချေပြီ။ ယခုထွက်မပြေးပါက သူ့တွင် အတောင်ပံများ ပါခဲ့လျှင်ပင် ပြေးမလွတ်နိုင်တော့မည်ကို စိုးရိမ်ရပေသည်။
ယခုအချိန်သည် စစ်ဆင်ရေးပြီးမပြီး စဉ်းစားနေရမည့်အချိန် မဟုတ်တော့ပေ။ မပြေးလျှင် ဤနေရာတွင်ပင် အသတ်ခံရတော့မည့် အခြေအနေပင်။
ဤသည်မှာ သူ လုံးဝ ခွင့်မပြုနိုင်သော ကိစ္စပင် မဟုတ်ပါလော။
"ဟားဟား... ပြေးချင်တယ် ဟုတ်လား… အိပ်မက် မက်မနေနဲ့…"
သခင်မမက်မွန်ပွင့်က အားရပါးရ ရယ်မောလိုက်ပြီး သိသိသာသာ ပျော်ရွှင်နေလေသည်။
သူမသည် ကျိုးစွေ့၏ နတ်ဘုရားအာရုံဖြင့် ပေးပို့သော သတင်းကို ပထမဆုံး လက်ခံရရှိခဲ့ပြီး၊ ကျိုးစွေ့ကိုယ်တိုင် နဂါးချုပ်တိုင်ကို ဆွဲထုတ်ကာ ကိုးငရဲ ဆန်းကြယ်သစ်သား အစီအရင်ကို အပြည့်အဝ ပြန်လည် ကောင်းမွန်စေခဲ့ကြောင်း သိလိုက်ရသည်။
ဤသို့ဆိုလျှင်၊ သူမသည် အစီအရင်၏စွမ်းအားကို ငှားရမ်းအသုံးပြု၍ ရပြီ မဟုတ်ပါလော။
ဝှစ်…။
သခင်မမက်မွန်ပွင့်သည် သူမ၏ ကိုယ်ထဲမှ အနက်ရောင် အမိန့်ပေးအလံတံခွန်တစ်ခုကို ချက်ချင်း ထုတ်လိုက်သည်။
ကိုးငရဲ ဆန်းကြယ်သစ်သား အလံတံခွန်….။
ဤသည်မှာ စတုတ္ထအဆင့် အစောပိုင်း ကိုးငရဲ ဆန်းကြယ်သစ်သာ်အစီအရင်၏ အမိန့်ပေး အလံတံခွန်ပင် ဖြစ်လေ၏။
ဤအမိန့်ပေး အလံတံခွန်ကို ပိုင်ဆိုင်ခြင်းက စတုတ္ထအဆင့် အစောပိုင်း အစီအရင်ကြီးတစ်ခုလုံး၏ စွမ်းအားကို သူမ ထိန်းချုပ်နိုင်သည်ဟု ဆိုလိုသည်။
ဤသည်မှာ ဤအစီအရင်ကြီး၏ အမြင့်ဆုံး အခွင့်အာဏာကို ရရှိခြင်းနှင့် ညီမျှသည်။
သမင်ကြီးကျွန်းတွင် ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံး ကျင့်ကြံသူဖြစ်ပြီး၊ ဝူကျိတာအိုအရှင်၏ သမီးဖြစ်သည့်အားလျော်စွာ သဘာဝကျစွာပင် သူမသည် ဤအလံတံခွန်ကို ကိုင်ဆောင်ထားသူ ဖြစ်သည်။