သခင်မမက်မွန်ပွင့်ဆီက ကပ်စားခြင်း၊ ယောက်ျားစင်စစ်ဆိုတာ ရဲရဲကြီး ကပ်စားတတ်ရမယ်(၄)။
Vol. 30 Ch. 345
ဝုန်း…။
တစ်ခဏအတွင်း သခင်မမက်မွန်ပွင့်သည် အမိန့်ပေး အလံတံခွန်ကို လှုံ့ဆော်လိုက်ပြီး၊ စတုတ္ထအဆင့် အစီအရင်၏ စွမ်းအားကို အသက်သွင်းလိုက်လေသည်။
ကြီးမားသော အနက်ရောင်နွယ်ပင်များ မြေကြီးထဲမှ တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။ ကိုးငရဲ၏ စွမ်းအားများ ပါဝင်သော ထိုနွယ်ပင်များသည် ပင်လယ်နွားမျိုးနွယ်စု ခေါင်းဆောင်နှင့် သွေးအသတ်အဖြတ် ဘိုးဘေးတို့ကို နဂါးများကဲ့သို့ တိုက်ခိုက်လိုက်ကြသည်။
ဘုန်း…ဘုန်း…ဘုန်း…။
ပင်လယ်နွားမျိုးနွယ်စု ခေါင်းဆောင်နှင့် သွေးအသတ်အဖြတ် ဘိုးဘေးတို့သည် ဒေါသထွက်လွန်းသဖြင့် မျက်လုံးများ ပြူးထွက်မတတ် ဖြစ်နေကြသည်။
မူလကတည်းက ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူ သခင်မမက်မွန်ပွင့်ကို ကိုင်တွယ်ရသည်မှာ ပင်ပန်းနေပြီ ဖြစ်သည်။ ယခု စတုတ္ထအဆင့် အစောပိုင်း အစီအရင်ကိုပါ ထပ်ပေါင်းလိုက်သောအခါ သူတို့ ပို၍ပင် မကာကွယ်နိုင်တော့ပေ။
" သခင်မမက်မွန်ပွင့်... အခုချက်ချင်း ရပ်လိုက်…."
"မင်းက ငါ့ ဟေးရှားနန်းတော်ရဲ့ ရန်သူ ဖြစ်ချင်နေတာလား…."
"မင်း ငါ့ကို သတ်ရင် ဟေးရှားနန်းတော်က မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး… ဝူကျိမဟာမိတ်အဖွဲ့ ကိုလည်း အလွတ်ပေးမှာ မဟုတ်ဘူး…"
သွေးအသတ်အဖြတ် ဘိုးဘေးသည် သူ၏ ဒေါသကို ပြသလိုက်ပြီး၊ သူ့သြဇာအာဏာကို အသုံးပြု၍ ခြိမ်းခြောက်ရန် ကြိုးစားလိုက်သည်။
"ခွင့်လွှတ်ခြင်းက ကုသိုလ်ရပါတယ်…"
"မင်း ငါတို့ကို လွှတ်ပေးရင်… ပင်လယ်မျိုးနွယ်စုက ဝူကျိမဟာမိတ်အဖွဲ့ကို နောက်ထပ် မကျူးကျော်တော့ဘူးလို့ ငါ ကတိပေးတယ်…."
ပင်လယ်နွားမျိုးနွယ်စု ခေါင်းဆောင်ကလည်း သူ့မာနကို လျှော့ချလိုက်သည်။
"အဓိပ္ပာယ်မရှိလိုက်တာ…"
"မင်းတို့ သေသွားရင် ပင်လယ်မျိုးနွယ်စုနဲ့ ဟေးရှားနန်းတော်က လက်စားချေမလားဆိုတာ ငါ စိတ်ဝင်စားမိတယ်…"
"မင်းတို့က ငါ့ကို ခြိမ်းခြောက်နိုင်မယ် ထင်နေလား.. ငါတို့ ဝူကျိမဟာမိတ်အဖွဲ့က အနိုင်ကျင့်ရ လွယ်တယ်လို့ တကယ် ထင်နေတာလား…"
"တခြားသူတွေအတွက် သင်ခန်းစာရအောင် မင်းတို့နှစ်ကောင်စလုံးကို အခု ငါ သတ်ပြမယ်.. ဒါက ငါ့ ဝူကျိမဟာမိတ်အဖွဲ့ကို ကျူးကျော်တဲ့ ရလဒ်ပဲ…"
သခင်မမက်မွန်ပွင့် အေးစက်စွာ ရယ်မောလိုက်သည်။ သူတို့၏ ပြောစကားတစ်ခွန်းမှ သူမ မယုံကြည်ကြောင်း ထင်ရှားသည်။
သေသွားသော ရန်သူကသာလျှင် ရန်သူကောင်း ဖြစ်၏။
ဝုန်း… ဝုန်း… ဝုန်း…။
သူမသည် အစီအရင်၏ ကြီးမားသော စွမ်းအားကို နောက်တစ်ကြိမ် အသက်သွင်းလိုက်ပြီး၊ ပင်လယ်နွားမျိုးနွယ်စု ခေါင်းဆောင်နှင့် သွေးအသတ်အဖြတ် ဘိုးဘေးတို့ထံ ပစ်လွှတ်လိုက်ပြန်သည်။
သူတို့သည် ခဏတာသာ ခုခံနိုင်ခဲ့ပြီး မကြာမီ ရွေးချယ်စရာ မရှိတော့သည်ကို တွေ့လိုက်ရတော့သည်။
ဇွပ်… ဇွပ်…ဇွပ်…။
တစ်ခဏအတွင်း အနက်ရောင် နွယ်ပင်တစ်ပင်သည် ပင်လယ်နွားမျိုးနွယ်စု ခေါင်းဆောင်နှင့် သွေးအသတ်အဖြတ် ဘိုးဘေးတို့၏ ခန္ဓာကိုယ်များကို ထိုးဖောက်သွားပြီး သူတို့၏ အသက်များကို ချက်ချင်း အဆုံးသတ်လိုက်သည်။ သူတို့၏ ဝိညာဉ်သန္ဓေသားများပင် မလွတ်မြောက်နိုင်ခဲ့ပေ။
သမင်ကြီးကျွန်းကို ကျူးကျော်လာသော ဝိညာဉ်သန္ဓေသား ခုနစ်ဦးစလုံးသည် သခင်မမက်မွန်ပွင့်၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့လေပြီ။
"ဘာရယ်…"
ယွင်လိုင်တာအိုအရှင်၊ ဟိုင်ချုံးတာအိုအရှင်နှင့် အခြား ဝိညာဉ်သန္ဓေသား အစောပိုင်းအဆင့် ကျင့်ကြံသူများသည် သူတို့ရှေ့မှောက်တွင် ဖြစ်ပျက်နေသော မြင်ကွင်းကြောင့် မျက်လုံးများ ပြူးကျယ်သွားကြပြီး စိတ်နှလုံးများ လှုပ်ရှားသွားကြသည်။
မူလက သူတို့သည် သမင်ကြီးကျွန်း ကျဆုံးတော့မည်ဟု ထင်မှတ်ကာ အသည်းအသန် ထွက်ပြေးရန် ပြင်ဆင်နေခဲ့ကြသည်။
သို့သော် ယခုအခါ၊ အခြေအနေက ပြောင်းပြန် ဖြစ်သွားခဲ့ပြီ။
သခင်မမက်မွန်ပွင့်သည် အာဏာရလာပြီး သမင်ကြီးကျွန်းကို ကျူးကျော်လာသော ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူခုနစ်ဦးကို တစ်ဦးတည်း သတ်ဖြတ်လိုက်လေသည်။
သူမ၏ ကြောက်မက်ဖွယ် တိုက်ခိုက်ရေးစွမ်းရည် ပြသမှုသည် သူတို့ကို မှင်တက်သွားစေသည်။
ဝူကျိမဟာမိတ်အဖွဲ့၏ အလှဆုံး အမျိုးသမီးသည် ဤမျှ ရက်စက်နိုင်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။
ဝူကျိမဟာမိတ်အဖွဲ့မှ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူ အများအပြားသည် မူလက သခင်မမက်မွန်ပွင့်အပေါ် လေးစားမှု သိပ်မရှိခဲ့ကြပေ။ သူမသည် အနာဂတ်တွင် မဟာမိတ်အဖွဲ့ကို ဦးဆောင်နိုင်မည်ဟု သူတို့ မယုံကြည်ခဲ့ကြ။
သို့သော်၊ ဤတိုက်ပွဲအပြီးတွင် မဟာမိတ်အဖွဲ့အတွင်း သဘောထားကွဲလွဲသော အသံများ ရှိတော့မည် မဟုတ်ပေ။
သခင်မမက်မွန်ပွင့်သည် ဝူကျိမဟာမိတ်အဖွဲ့၏ တစ်ဦးတည်းသော ဆက်ခံသူ ဖြစ်လာပေတော့မည်။
"အင်အားကျန်သေးတဲ့ သူတွေက ကျွန်းပေါ်ကို ကျူးကျော်လာတဲ့ ရွှေအမြုတေအဆင့် ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူတွေကို အခု သွားရှင်းကြ…"
"မင်းတို့က ဝိညာဉ်သန္ဓေသားအဆင့် ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူတွေကို မတိုက်ခိုက်နိုင်ရင်တောင် ရွှေအမြုတေအဆင့်လောက်တော့ ကိုင်တွယ်နိုင်သင့်တယ်…"
"မင်းတို့ ဘာမှ မလုပ်နိုင်ရင်… ဝူကျိမဟာမိတ်အဖွဲ့က မင်းတို့ကို ဘယ်နားသွားသုံးရမှာလဲ…"
သခင်မမက်မွန်ပွင့်က ထိုဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူလေးဦးကို စိုက်ကြည့်လိုက်ရာ၊ နက်ရှိုင်းသော သတ်ဖြတ်လိုစိတ်များ သူမထံမှ ထွက်ပေါ်လာလေသည်။
ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးခုနစ်ဦးကို သတ်ဖြတ်ခဲ့သူတစ်ဦး၏ ခြိမ်းခြောက်မှုသည် ယွင်လိုင်တာအိုအရှင်နှင့် အခြားသူများကို တုန်လှုပ်သွားစေသည်။
သူမက သူတို့ကိုပါ သတ်ပစ်မည်ကို သူတို့ ကြောက်ရွံ့နေကြသည်။
"စိတ်ချပါ သခင်မမက်မွန်ပွင့်... ကျူးကျော်လာတဲ့ ရွှေအမြုတေအဆင့် ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူအားလုံးကို ကျွန်တော်တို့ ကိုင်တွယ်လိုက်ပါ့မယ်…"
" သမင်ကြီးကျွန်းရဲ့ ငြိမ်းချမ်းရေးကို ကျွန်တော်တို့ အမြန်ဆုံး ပြန်လည် တည်ဆောက်ပေးပါ့မယ်…"
"သူတို့က ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူတွေလောက်ပါပဲ.. ခင်ဗျား လက်လှုပ်စရာတောင် မလိုပါဘူး…"
ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူလေးဦး ချက်ချင်း အာရုံ ပြန်လည် စုစည်းလိုက်ကြသည်။
သူတို့၏ စွမ်းဆောင်ရည် ညံ့ဖျင်းခဲ့ကြောင်း၊ သမင်ကြီးကျွန်း ကျဆုံးလုနီးပါး ဖြစ်စေခဲ့ကြောင်း သူတို့ သိကြသည်။
အကယ်၍ သူတို့ ဤတာဝန်ကိုပင် မပြီးမြောက်နိုင်ပါက၊ သူတို့သည် အသုံးမဝင်သူများ ဖြစ်သွားတော့ပေမည်။
ဝှစ်… ဝှစ်… ဝှစ်…။
ပြောပြီးသည်နှင့် သူတို့၏ ခန္ဓာကိုယ်များ လက်ကနဲဖြစ်သွားပြီး အရပ်မျက်နှာ အသီးသီးသို့ ပြန့်ကျဲသွားကြသည်။ သူတို့သည် သမင်ကြီးကျွန်းသို့ ခိုးဝင်လာသော ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူများနှင့် ဟေးရှားနန်းတော် အဖွဲ့ဝင်များကို လိုက်လံ သုတ်သင်ကြတော့သည်။
ထိုဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူများ ထွက်ခွာသွားပြီးနောက် ကျိုးစွေ့သည် သခင်မမက်မွန်ပွင့်ရှေ့တွင် ပေါ်လာသည်။
" သခင်မမက်မွန်ပွင့်…"
ကျိုးစွေ့က သခင်မမက်မွန်ပွင့်ကို ကြည့်လိုက်သည်။
"ရှင့်ကို အားကိုးလို့ရမယ်ဆိုတာ ကျွန်မ သိသားပဲ…"
"ရှင်သာ မရှိရင် သမင်ကြီးကျွန်းတော့ သွားပြီ…"
"ဒီတစ်ခါ ရှင် တကယ့်ကို ကြီးမားတဲ့ အကျိုးပြုမှု လုပ်ခဲ့တာပဲ…. ဘယ်လို ဆုလာဘ်မျိုး လိုချင်လဲ…"
သခင်မမက်မွန်ပွင့်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
သံသယဖြစ်ဖွယ်မလို၊ ကျိုးစွေ့၏ အကူအညီသာ မပါလျှင် ဤဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူများကို သတ်ဖြတ်ရန် ဤမျှ လွယ်ကူမည် မဟုတ်ပေ။
သူမကိုယ်တိုင်ပင် သေဆုံးသွားနိုင်သည်။
သူမရှေ့တွင် ရပ်နေသော အမျိုးသား၏ အရေးပါမှုကို ခန့်မှန်းကြည့်နိုင်သည်။
"ဒါဆိုရင်... ကျွန်တော် ဒီအဆင့်လေး ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူတွေရဲ့ အသားကို လိုချင်တယ်…"
ကျိုးစွေ့က လေးနက်သော အသံဖြင့် ပြောလိုက်သည်။
ဤအဆင့်လေး ပင်လယ်မိစ္ဆာများ၏ အသားသည် တန်ဖိုး ကြီးမားလှသည်။ ၎င်းတွင် ကြီးမားသော သက်စောင့်စွမ်းအင်များ ပါဝင်သည်။ ၎င်းသည် ငွေဖြင့် ဝယ်မရသော ရတနာဖြစ်သည်။
ဤအခွင့်အရေးကို လက်လွှတ်လိုက်ပါက၊ အနာဂတ်တွင် နောက်ထပ် အခွင့်အရေး ရှိလာတော့မည် မဟုတ်ပေ။
"ပြဿနာ မရှိဘူး… အကုန် ရှင့်ဟာပဲ.."
"ပြီးတော့ သူတို့ရဲ့ သိုလှောင်အိတ်တွေကိုလည်း ရှင် ယူလိုက်လို့ ရတယ်…"
သခင်မမက်မွန်ပွင့်က ရက်ရောစွာ ပြောလိုက်သည်။
"အကုန်လုံးလား…"
ကျိုးစွေ့ မျက်တောင်ခတ်လိုက်မိသည်။
ဤသည်မှာ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူများ၏ သိုလှောင်အိတ်များ ဖြစ်၏။ အထဲတွင် ရတနာများ မည်မျှပင် ရှိနိုင်မည်အား မှန်းဆကြည့်နိုင်ပေသည်။ ကျင့်ကြံသူအများအပြားအား ရူးသွပ်သွားစေနိုင်ချေသည်။
"ဟုတ်တယ်… အကုန်လုံးပဲ…"
"ကျွန်မဆီမှာ ရတနာတွေ အရမ်းများနေပြီ… ဒါတွေကို မလိုအပ်ဘူး…"
"ဒီတစ်ခါ ရှင့်ရဲ့ ပံ့ပိုးမှုက အရမ်း ကြီးမားတယ်…"
"ကံဆိုးတာက ကျွန်မ ရှင့်ကို တရားဝင်ဆုလာဘ် ဘာမှ ပေးလို့ မရဘူး… မဟုတ်ရင် ရှင်က ပင်လယ်မျိုးနွယ်စုနဲ့ ဟေးရှားနန်းတော်ရဲ့ ပစ်မှတ် သေချာပေါက် ဖြစ်သွားလိမ့်မယ်… အဲ့ဒါက ကောင်းတဲ့ကိစ္စ မဟုတ်ဘူး…"
"ဒါကြောင့် ဒီသိုလှောင်အိတ်တွေကို ဝူကျိမဟာမိတ်အဖွဲ့ရဲ့ ဆုလာဘ်အဖြစ် ရှင့်ကို ပေးလိုက်မယ်…."
"ရှင် မြန်မြန် ကျင့်ကြံခြင်း တိုးတက်ပြီး… ဝိညာဉ်သန္ဓေသားအဆင့်ကို ရောက်ဖို့ ကျွန်မ မျှော်လင့်ပါတယ်…"
"အဲ့ဒီအခါကျမှ ရှင် ချန်လန်ပင်လယ်မှာ ရပ်တည်နိုင်မယ့် အင်အား ရှိလာမှာ…"
သခင်မမက်မွန်ပွင့်က ကျိုးစွေ့ကို ကြင်နာစွာ ကြည့်လိုက်သည်။
"ဘာကို ဆိုလိုတာလဲ…"
"ခင်ဗျားက ဒီရတနာတွေကို မလိုချင်ရုံနဲ့ ဒီဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတွေရဲ့ သိုလှောင်အိတ်တွေကို ကျုပ်ကို လက်ဆောင်ပေးချင်တာလား…"
"ကျုပ်.. ကျိုးစွေ့က မိန်းမတစ်ယောက်အပေါ် မှီခိုပြီး အသက်ရှင်နေတဲ့ ယောက်ျားလို့ ခင်ဗျား တကယ် ထင်နေတာလား.."
"ကျုပ်က ဒီပစ္စည်းတွေကို လိုအပ်နေတယ်လို့ ခင်ဗျား ထင်နေတာလား…"
ကျိုးစွေ့က မျက်နှာထားတင်းလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
"မဟုတ်ဘူး... ကျွန်မ အဲ့လိုဆိုလိုတာ မဟုတ်ပါဘူး…"
"ရှင် ဒီရတနာတွေကို လိုအပ်မယ် ထင်လို့ ကျွန်မ သဘောနဲ့ကျွန်မ..."
ဤစကားကို ကြားသောအခါ သခင်မမက်မွန်ပွင့် ချက်ချင်း ပျာယာခတ်သွားလေသည်။
ထိုအချိန်တွင် သူမသည် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူဖြစ်ကြောင်း မေ့လျော့သွားပုံ ရ၏။
ယခုအခါ သူမသည် ကူရာမဲ့နေသော သူဌေးမလေးတစ်ဦးသာ ဖြစ်နေသည်။
သူမ၏ လုပ်ရပ်က ဤအမျိုးသားကို ဒေါသထွက်စေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
"နောက်တစ်ခါ ကိုယ့်သဘောနဲ့ကိုယ် မဆုံးဖြတ်နဲ့… နားလည်လား…"
"ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်မယ်…"
"ခင်ဗျားအစား ဒီဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတွေရဲ့ သိုလှောင်အိတ်တွေကို ကျွန်တော် ယာယီ ကိုင်တွယ်ပေးထားမယ်…"
"ဒါပေမဲ့ နောက်တစ်ခါ ခင်ဗျား… ကျုပ်ကို လက်ဆောင်ပေးချင်ရင် ကျုပ်သဘောထားကို အရင် မေးရမယ်…"
"ခင်ဗျားက လက်ဆောင်ပေးချင်ရုံနဲ့…. ကျုပ် လိုချင်တယ်လို့ မဆိုလိုဘူး… နားလည်လား…"
ကျိုးစွေ့က လက်ကို နောက်ပစ်လျက် ရပ်နေလေသည်။
"ဟုတ်ကဲ့.. နားလည်ပါပြီ… နောက်တစ်ခါ ရှင့်ကို လက်ဆောင်ပေးချင်ရင် ရှင့်သဘောထားကို အရင် မေးပါ့မယ်…"
သခင်မမက်မွန်ပွင့်က လိမ္မာစွာ ခေါင်းညိတ်လိုက်သည်။
သူမ ရင်ထဲတွင် ပျော်ရွှင်နေမိသည်၊ အမှန်ပင်... သူမ သဘောကျမိသော အမျိုးသားက တခြားသူများနှင့် မတူပေ။ သူသည် သေချာပေါက် သူရဲကောင်းဆန်သော အရှိန်အဝါ ရှိပေ၏။
သူမ၏ လက်ဆောင်များကို မငြင်းပယ်ခဲ့၍သာ တော်ပါသေးသည်။
မည်သို့ပင်ဖြစ်စေ၊ သူမသည် ပိုက်ဆံနံ့များ လှိုင်လှိုင်ထွက်နေသော ဝိညာဉ်သန္ဓေသားအဆင့် အမျိုးသမီးကျင့်ကြံသူတစ်ဦးပင်။
မရေမတွက်နိုင်သော ဝိညာဉ်ကျောက်တုံးများ၊ ရတနာအမျိုးမျိုးနှင့် အဖိုးတန်ဆေးလုံးများမှ လွဲ၍ အခြားပေးစရာ သူမတွင် မရှိချေ။