ယောက်ျားတစ်ယောက် မယားပြိုင်ထားတာ ပုံမှန်ပါပဲ၊ ရွှေအမြုတေအဆင့် အစေခံမလေးများ လက်ဆောင်ပေးခြင်း(၃)။
Vol. 30 Ch. 349
"အားနာစရာ မလိုပါဘူး… ဒါက ဖြစ်သင့်တဲ့ကိစ္စပါပဲ…"
ကျိုးစွေ့ အနည်းငယ် ပြုံးလိုက်သည်။
သူ မည်သည့်အကြွေးကို မှ မလိုချင်ပေ၊ သူမကို ပိုင်ဆိုင်ရသည်နှင့် လုံလောက်နေပြီ မဟုတ်ပါလော။
သို့ပေသိ၊ ယခုအချိန်သည် သခင်မမက်မွန်ပွင့်ကို ပိုင်ဆိုင်ရမည့်အချိန် မဟုတ်သေးဆိုသည်အား သူ သိပေသည်။
"မက်မွန်ပွင့်ကျွန်းမှာ နေဖို့ တကယ် မစဉ်းစားတော့ဘူးလား…"
"မက်မွန်ပွင့်ကျွန်းမှာ စတုတ္ထအဆင့် ဝိညာဉ်သွေးကြော ရှိတယ်… အဲဒီက ကျင့်ကြံခြင်း ပတ်ဝန်းကျင်က ကြယ်သုံးပွင့်ကျွန်းစုမှာ ရှင် ရှိနေတဲ့နေရာထက် သေချာပေါက် ပိုကောင်းတယ်…"
"သေချာတာပေါ့... ရှင်က ရှင့်ဇနီးတွေကို ထားခဲ့လို့ မရဘူးဆိုတာ ကျွန်မ သိပါတယ်…"
"ဒါကြောင့် ရှင့်ဇနီးတွေကိုလည်း မက်မွန်ပွင့်ကျွန်းမှာ နေထိုင်ခွင့် ပြုပါ့မယ်…"
"ရှင့်ဇနီးတွေနဲ့ မလုံလောက်ဘူးလို့ ခံစားရရင်လည်း… ကျွန်မရဲ့ ရွှေအမြုတေအဆင့် အစေခံ လေးယောက်ကိုလည်း ရှင့်ကို မယားငယ်အဖြစ် ပေးနိုင်ပါတယ်…"
"ပြီးတော့ ကျွန်းပေါ်က အမျိုးသမီးကျင့်ကြံသူ သုံးထောင်ထဲက ရှင် ကြိုက်တဲ့သူ ရှိရင် လက်ထပ်လို့ ရတယ်…"
"သူတို့အားလုံးက ယင်အနှစ်သာရရှိတဲ့ အမျိုးသမီးကျင့်ကြံသူတွေပါ… ရှင့်အတွက် သေချာပေါက် သင့်လျော်မှာပါ…"
သခင်မမက်မွန်ပွင့်က ကျိုးစွေ့ကို သူမ၏ မြေခွေးမျက်လုံးများဖြင့် ကြည့်လိုက်ရာ၊ သူမ၏ အမူအရာသည် အတော်လေး လေးနက်နေပုံ ရသည်။
"ဒါ... ဒါက သိပ်မသင့်တော်ဘူး ထင်တယ်…"
ဤစကားကို ကြားသောအခါ ကျိုးစွေ့ အနည်းငယ် ကြောင်အမ်းသွားမိသည်။
သူ့ကို မက်မွန်ပွင့်ကျွန်းသို့ ဖိတ်ခေါ်ရန်အတွက် သခင်မမက်မွန်ပွင့်က ဤမျှ ဆွဲဆောင်မှုရှိသော အခြေအနေများစွာကို ကမ်းလှမ်းလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ကံကောင်းထောက်မစွာဖြင့် သူသည် တည်ငြိမ်မှုကို ထိန်းထားနိုင်ခဲ့သည်၊ သို့မဟုတ်ပါက သူ တကယ် ငြင်းဆန်နိုင်မည် မဟုတ်ပေ။
ခဏတာမျှ ဤဝိညာဉ်သန္ဓေသားအဆင့် အမျိုးသမီးကျင့်ကြံသူက သူ့ကို စမ်းသပ်နေခြင်းလော၊ သို့မဟုတ် အမှန်တကယ် ရိုးရိုးသားသားပြောနေသည်လော ဆိုသည်အား သူ မသိတော့ပေ။
"ဘာ မသင့်တော်စရာ ရှိလို့လဲ.. ယောက်ျားတစ်ယောက်က ဇနီးမယား အများကြီးရှိတာ ပုံမှန်ပဲ မဟုတ်လား…"
"ကျွန်မအဖေ ဝူကျိတာအိုအရှင်လိုမျိုးပေါ့... သူက ကျွန်မအမေကို အရမ်း ချစ်ပါတယ်…"
"ဒါပေမဲ့ အဲ့ဒါက… သူ့ကို မယားငယ် (၇၂)ယောက် ယူတာကို မတားဆီးနိုင်ခဲ့ဘူး…"
သခင်မမက်မွန်ပွင့်က သဘာဝကျဆုံး ကိစ္စတစ်ခုလို ပြောလိုက်သည်။
သူမ စမ်းသပ်နေခြင်း မဟုတ်ဘဲ၊ ရိုးရိုးသားသား ပြောနေခြင်းပင်။
မည်သို့ပင်ဆိုစေကာမူ၊ ဤမယားငယ်များသည် ဖြတ်လျှောက်သာသာများသာ ဖြစ်၏။
သူတို့၏ ကျင့်ကြံခြင်းအဆင့် မတိုးတက်နိုင်လျှင်၊ နှစ်ပေါင်းရာဂဏန်း အနည်းငယ်အတွင်း ပြာဖြစ်သွားကြမည်သာ။
တကယ်တမ်း အချိန်ကြာမြင့်စွာ အတူတူ ရှိနေနိုင်မည့်သူများမှာ သူမကဲ့သို့ ထူးချွန်သော အမျိုးသမီးကျင့်ကြံသူများသာ ဖြစ်ပြီး၊ ဤလောကတွင် နှစ်ပေါင်းထောင်ချီ နေထိုင်နိုင်ကြသူများ ဖြစ်သည်။
ဤမယားငယ်များသည် အပေါ်ယံ ဟင်းခတ်အမွှေးအကြိုင်များသာ ဖြစ်သည်ဟု သူမ ယူဆထားသည်။
တစ်ဖက်လူက သူမကို ချစ်နေသရွေ့ လုံလောက်ပြီ ဖြစ်၏။
"ဒါက..."
ကျိုးစွေ့ မျက်တောင်ခတ်လိုက်မိသည်။
ကျင့်ကြံခြင်းလောကရှိ ကိုယ်ကျင့်တရားများသည် သူ၏ ယခင်ဘဝနှင့် မတူညီကြောင်း သိထားသော်လည်း၊ သူသည် အကြီးအကျယ် တုန်လှုပ်နေဆဲဖြစ်ပြီး အသားကျရန် အနည်းငယ် ခက်ခဲနေသည်။
အမှန်တကယ်ပင် ဤလောက၌ အားနည်းသူများတွင် မည်သည့် အခွင့်အရေးမျှ မရှိပေ။
အားကြီးသူများကသာ အာဏာနှင့် အရင်းအမြစ်အားလုံးကို ထိန်းချုပ်နိုင်သည်။
သခင်မမက်မွန်ပွင့် ကြီးပြင်းလာသော ပတ်ဝန်းကျင်ကို ထည့်သွင်းစဉ်းစားလျှင်၊ သူမ၌ ထိုကဲ့သို့သော အယူအဆရှိခြင်းမှာ အံ့သြစရာ မဟုတ်ပေ။
သူမ၏ဖခင် ဝူကျိတာအိုအရှင်ပင်လျှင် အတူတူပင်။
သူမသည် ငယ်စဉ်ကတည်းက ဤအရာများ၏ လွှမ်းမိုးမှုကို ခံခဲ့ရသဖြင့် မတူညီသော အတွေးအမြင်များ ဖွံ့ဖြိုးလာရန် မဖြစ်နိုင်ပေ။
အမှန်တကယ်တွင်၊ ဝူကျိတာအိုအရှင်တစ်ဦးတည်းတင် မဟုတ်ချေ။
ချန်လန်ပင်လယ် ဒေသတစ်ခုလုံးရှိ စိတ်ခံစားမှုဆိုင်ရာ ရှုပ်ထွေးမှုများကို ဘေးဖယ်ထားသော တာအိုကျင့်ကြံသူများမှလွဲ၍၊ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူ အများအပြားတွင် ဇနီးမယား အများအပြား ရှိကြသည်။
နှစ်ပေါင်း ရာဂဏန်း အနည်းငယ်အတွင်း သူတို့သည် ကြီးမားသော ဝိညာဉ်သန္ဓေသား မိသားစုများကို တည်ထောင်ခဲ့ကြသည်။
"ကျေးဇူးတင်ပါတယ် သခင်မမက်မွန်ပွင့်... ဒါပေမဲ့ ကျွန်တော်က ကြယ်သုံးပွင့်ကျွန်းစုမှာပဲ နေချင်ပါတယ်…"
"ခင်ဗျားရဲ့ စေတနာကို ကျွန်တော် အသိအမှတ်ပြုပါတယ်.."
သေချာ စဉ်းစားပြီးနောက်၊ ကျိုးစွေ့သည် သခင်မမက်မွန်ပွင့်၏ ကမ်းလှမ်းမှုကို ငြင်းပယ်ရန် ဆုံးဖြတ်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် လောလောဆယ်တွင် ပင်လယ်မျိုးနွယ်စုနှင့် ဝူကျိမဟာမိတ်အဖွဲ့ကြား ပြင်းထန်သော စစ်ပွဲ ဖြစ်ပွားနေသဖြင့်၊ မက်မွန်ပွင့်ကျွန်းသို့ ဝင်ရောက်ခြင်းသည် သူ့အား ကြီးမားသော စစ်ပွဲထဲသို့ ဆွဲခေါ်သွားသကဲ့သို့ ဖြစ်နေပြီး လွတ်မြောက်ရန် လမ်းမရှိနိုင်သောကြောင့် ဖြစ်သည်။
သူသာ ကြယ်သုံးပွင့်ကျွန်းစုတွင် နေထိုင်ပြီး မမျှော်လင့်ထားသော ကိစ္စတစ်ခုခု ဖြစ်ပေါ်လာပါက အချိန်မရွေး ထွက်ပြေးနိုင်သည်။
ထို့ပြင် ကြယ်သုံးပွင့်ကျွန်းစုသည် သူ၏ နယ်မြေဖြစ်ပြီး၊ စတုတ္ထအဆင့် အစီအရင်၏ အကာအကွယ် ရှိသဖြင့် လုံခြုံရေး အာမခံချက် ရှိသည်။
ထို့ကြောင့် သဘာဝကျစွာပင် သူသည် ဤအမျိုးသမီးကျင့်ကြံသူများအတွက်နှင့် မက်မွန်ပွင့်ကျွန်းသို့ ဝင်ရောက်ရန် ရွေးချယ်မည် မဟုတ်ပေ။
ပွင့်ပွင့်လင်းလင်း ပြောရလျှင်၊ သူ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူ ဖြစ်လာသည်နှင့် ဘယ်မိန်းမကို မရနိုင်ဘဲ ရှိပါမည်နည်း။
ထို့အတွက်၊ အလောတကြီးလုပ်စရာ လိုအပ်ပါမည်လော။
အရေးအကြီးဆုံးမှာ သူသည် သူ၏ကျင့်ကြံခြင်းကို ဆက်လက် မြှင့်တင်ပြီး ဝိညာဉ်သန္ဓေသားအဆင့်သို့ ရောက်ရှိရန် လိုအပ်သည်။
ဝူကျိမဟာမိတ်အဖွဲ့၏ အဓိကစက်ဝန်းထဲသို့ ဝင်ရောက်ရန် မဟုတ်ပေ။
သူ့တွင် အင်အားရှိသရွေ့၊ သက်ဆိုက်ရာ ကြွယ်ဝချမ်းသာမှုနှင့် ဩဇာအာဏာကို သဘာဝအတိုင်း ရရှိပေမည်။
အကယ်၍ အင်အားမလုံလောက်ဘဲ အလောတကြီး ဝင်ရောက်ပါက၊ သေခြင်းတရားကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်နေပေလိမ့်မည်။
"ကောင်းပြီလေ…"
သခင်မမက်မွန်ပွင့် အနည်းငယ် စိတ်ပျက်သွားသည်။ သူမရှေ့မှောက်ရှိ အမျိုးသားသည် အကြိမ်ကြိမ် ဖိတ်ခေါ်ပြီးသည့်တိုင် ငြင်းဆန်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
သို့သော်၊ ဒေါသထွက်မည့်အစား သူမ ပို၍ စိတ်ဓာတ်ခိုင်မာလာသည်။
မည်သို့ပင်ဆိုစေကာမူ သူမသည် ဤအမျိုးသားကို ရရှိရမည်ဖြစ်ပြီး၊ သူမ၏ မက်မွန်ပွင့်ကျွန်းသို့ လိမ္မာစွာ ဝင်ရောက်လာအောင် လုပ်ရပေမည်။
"ရှင် မက်မွန်ပွင့်ကျွန်းကို မကြာခင် သွားတော့မှာလား…"
သခင်မမက်မွန်ပွင့် မေးလိုက်သည်။
(စကားချပ် - ကြယ်သုံးပွင့်ကျွန်းစုကို ပြောတာပဲ ဖြစ်ပါလိမ့်မယ်။ Etran ရော မူရင်းမှာပါ မက်မွန်ပွင့်ကျွန်းလို့ မှားသုံးမိတယ် ထင်ပါတယ်)
"ဟုတ်တယ်…"
ကျိုးစွေ့ ခေါင်းညိတ်လိုက်သည်။
သမင်ကြီးကျွန်းကိစ္စများ ပြီးဆုံးသွားပြီဖြစ်ပြီး၊ ပင်လယ်မျိုးနွယ်စုမှ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူငါးဦး သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
မကြာမီကာလအတွင်း စစ်ပွဲ ဖြစ်ပွားနိုင်ခြေ မရှိတော့ပေ။
ရလဒ်အနေဖြင့် သူ သမင်ကြီးကျွန်းတွင် ဆက်မနေချင်တော့ပေ။
ထို့အပြင်၊ သူ့တွင် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူများထံမှ ရရှိသော ရတနာအများအပြားနှင့် စတုတ္ထအဆင့် ပင်လယ်မိစ္ဆာ၏ အသားနှင့် သွေးများ ရှိနေသည်။
တန်ဖိုးမဖြတ်နိုင်သော ပိုင်ဆိုင်မှုများပင်။
သူ့ခန္ဓာကိုယ်က လျင်မြန်စွာ ချေဖျက်ပြီး စုပ်ယူနိုင်ရန်အတွက် ဤရတနာများကို အမြန်ဆုံး ပြန်ယူသွားချင်နေသည်။
ထိုသို့ဆိုလျှင် သူ့ခန္ဓာကိုယ်၏ ကျင့်ကြံခြင်းသည် လျင်မြန်စွာ တိုးတက်လာပြီး ရွှေအမြုတေ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိလာပေလိမ့်မည်။
ထို့ကြောင့် သူ တစ်ခဏလေးတောင် မနေချင်တော့ပေ။
"ဒါဆိုရင်... ကျွန်မရဲ့ အစေခံတွေကို ရှင့်ကို ပေးလိုက်မယ်…"
"ချွမ်တောက်… ရှားတောက်… ချူးတောက်နဲ့ ဒုန်တောက်…"
"ဒီတစ်ခါ ကျိုးစွေ့ ကြယ်သုံးပွင့်ကျွန်းစုကို ပြန်တဲ့အခါ မင်းတို့အားလုံး လိုက်သွားကြ…"
"အခုကစပြီး မင်းတို့ရဲ့ တာဝန်က သူ့လုံခြုံရေးကို အာမခံဖို့ပဲ…"
သခင်မမက်မွန်ပွင့်က လက်ဝှေ့ယမ်းပြီး အမူအရာ ပြလိုက်သည်။
ရွှစ်… ရွှစ်… ရွှစ်… ရွှစ်…။
တစ်ခဏအတွင်း အခန်းတံခါး ပွင့်သွားပြီး၊ ဖမ်းစားနိုင်လောက်အောင် လှပသော အလှပဂေးလေး လေးဦး ထွက်ပေါ်လာသည်။
သူတို့၏ ခန္ဓာကိုယ်အချိုးအစားက ဆွဲဆောင်မှုရှိပြီး ရုပ်ရည်က သေသပ်လှပသည်။ ပိုအရေးကြီးသည်မှာ သူတို့အားလုံး ရုပ်ချင်း ခပ်ဆင်ဆင် တူနေကြခြင်းပင်။
တချို့က ဖြူစင်၊ တချို့က ဆွဲဆောင်မှုရှိ၊ တချို့က နူးညံ့၊ တချို့က မာနကြီး၏။
လောကရှိ အမျိုးသမီးများ၏ ဆွဲဆောင်မှုရှိသော အရည်အသွေးများအားလုံးကို ဤအစေခံလေးယောက်တွင် ပေါင်းစပ်ထားသကဲ့သို့ ထင်ရသည်။
သူတို့ လေးဦးစလုံးသည် ရွှေအမြုတေ နှောင်းပိုင်းအဆင့် အမျိုးသမီးကျင့်ကြံသူများ ဖြစ်ကြပြီး အမြွှာလေးဖော် ဖြစ်ကြသည်။
လွန်ခဲ့သော နှစ် (၂၀၀)ကျော်က ဟေးရှားနန်းတော်မှ မိစ္ဆာကျင့်ကြံသူတစ်စုကို လိုက်လံတိုက်ခိုက်စဉ် သခင်မမက်မွန်ပွင့်က သူတို့ကို ကယ်တင်ခဲ့ခြင်း ဖြစ်သည်။
ပျက်စီးနေသော ကျွန်းတစ်ကျွန်းတွင် တွေ့ရှိခဲ့ပြီး သခင်မမက်မွန်ပွင့်က သူတို့ကို မွေးစားကာ သမီးအရင်းများကဲ့သို့ ပြုစုပျိုးထောင်ခဲ့သည်။
ယနေ့အချိန်၌ သူတို့သည် မက်မွန်ပွင့်ကျွန်းတွင် ကျော်ကြားသော ပုဂ္ဂိုလ်များ ဖြစ်လာခဲ့ကြပြီ ဖြစ်၏။
" သခင်မမက်မွန်ပွင့်... ဒါ ခင်ဗျားရဲ့ အစေခံတွေလေ… ဘယ်လိုလုပ် ကျွန်တော့်ကို ပေးလို့ ရမှာလဲ…"
"ပြီးတော့ သူတို့ကရော လိုလားပါ့မလား.."
ကျိုးစွေ့ မှင်တက်သွားလေသည်။
သခင်မမက်မွန်ပွင့်က ဤကဲ့သို့ ဆုံးဖြတ်ချက်ချလိမ့်မည်ဟု သူ တကယ် မထင်ထားခဲ့ပေ။ သူ့မျှော်လင့်ချက်ထက် ကျော်လွန်နေသည်။
"သခင်လေးကျိုး... ကျွန်မတို့က သေချာပေါက် လိုလားပါတယ်…"
"ကျွန်မတို့ ရှိနေတာကို အနှောင့်အယှက်လို့ မထင်ဖို့ မျှော်လင့်ပါတယ်…"
"ကျွန်းသခင်မရဲ့ အမိန့်ဖြစ်တဲ့အတွက် ကျွန်မတို့မှာ ကန့်ကွက်စရာ မရှိပါဘူး…"
"အနာဂတ်မှာ ကျွန်မတို့ကို လမ်းညွှန်ပြသပေးဖို့ တောင်းဆိုပါတယ် သခင်လေးကျိုး…"
ချွမ်တောက်၊ ရှားတောက်၊ ချူးတောက်နှင့် ဒုန်တောက်တို့သည် ကျိုးစွေ့ကို ချစ်ခင်မြတ်နိုးစွာ ကြည့်လိုက်ကြပြီး ကျိုးစွေ့အပေါ် အလွန် စိတ်ဝင်စားနေပုံ ရသည်။
သူတို့အနေဖြင့် မက်မွန်ပွင့်ကျွန်းမှ ထွက်ခွာရမည် ဖြစ်သော်လည်း၊ တစ်စုံတစ်ရာ မှားယွင်းသည်ဟု မခံစားရပေ။
မည်သို့ပင်ဖြစ်စေ၊ ယင်းသည် ကျွန်းသခင်မ၏အမိန့်ပင် မဟုတ်လော။ သေရမည်ဆိုလျှင်ပင် သူတို့ မှုကြမည် မဟုတ်ချေ။
ကျွန်းသခင်မ၏ ကျေးဇူးကြောင့်သာ သူတို့ အသက်ရှင်နေသေးပြီး၊ လက်ရှိ ကျင့်ကြံခြင်းအဆင့်များကို ပိုင်ဆိုင်ထားကြခြင်း ဖြစ်သည်။
သူတို့သည် ကျွန်းသခင်မအတွက် အရာအားလုံးကို ပေးဆပ်ရန် ဆန္ဒရှိကြပြီး အစွမ်းကုန် ပေးဆပ်ကြမည် ဖြစ်၏။
"နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရသွားပုံပဲ…"
"ကျိုးစွေ့... ရှင် ကျွန်မကို ထပ်မငြင်းတော့ဘူးလို့ ယူဆလိုက်မယ်…"
သခင်မမက်မွန်ပွင့်သည် အမြင့်တွင် ရပ်နေပြီး သူမ၏ လှပသော မျက်ဝန်းများဖြင့် ကျိုးစွေ့ကို ကြည့်ကာ၊ လွှမ်းမိုးနိုင်သော ဝိညာဉ်သန္ဓေသားဖိအားများကို ထုတ်လွှတ်လိုက်လေသည်။
ထင်ရှားသည်မှာ၊ သူမသည် စိတ်မရှည်တော့ဘဲ သူမ၏ အာဏာဖြင့် သူ့ကို အနိုင်ကျင့်လိုနေပုံ ရသည်။
"ကောင်းပြီလေ... ဒါက သခင်မမက်မွန်ပွင့်ရဲ့ စေတနာဆိုတော့ ကျွန်တော် လက်ခံရုံပဲ ရှိတာပေါ့…"
"ဒါပေမဲ့ ခင်ဗျားတို့ လေးယောက်.. အနာဂတ်မှာ နိမ့်ကျတဲ့ ကြယ်သုံးပွင့်ကျွန်းစုကို မရွံရှာဖို့ မျှော်လင့်ပါတယ်.."
ကျိုးစွေ့ခမျာ ရွေးချယ်စရာ မရှိတော့သဖြင့်၊ သဘောတူလိုက်ရပြီး ကူရာမဲ့စွာ ပြောလိုက်လေတော့သည်။