← Chapters

ကျွန်ုပ်သည် နေတစင်း(ကြယ်တစ်ပွင့်)ဖြစ်သည်

Vol. 1 Ch. 1

ကျွန်ုပ်သည် နေတစင်း(ကြယ်တစ်ပွင့်)ဖြစ်သည်

Vol. 1 Ch. 1

ဟူး…. ကြာမြင့်ခဲ့ပြီ… တကယ်ကို ကြာမြင့်ခဲ့ပြီ..

အလို… မိတ်ဆွေပါလား… လာ ထိုင်ပါ… အနားယူပါဦး… အနားယူရင်း ကျွန်ုပ်ရဲ့အကြောင်းကို နားထောင်လှည့်ပါ။

ကျွန်ုပ်သည် နှစ်သန်းပေါင်း ငါးထောင်တိုင်တိုင် နေတစင်းအဖြစ် တည်ရှိခဲ့သည်။ အသိစိတ်ဟူသည်မှာ တည်ရှိမှု၏ နောက်တွင်မှ ကပ်ပါလာသောအရာ ဖြစ်သည်။ ငါက ဘာကောင်လဲဟု ပထမဆုံး စတင်တွေးတောမိချိန်တွင် ကျွန်ုပ်သည် နေတစင်းအဖြစ် တည်ရှိနေနှင့်ပြီးသား ဖြစ်သည်။

ကာဗွန်အခြေခံ သက်ရှိလေးများက နေမင်းဟု ခေါ်ဝေါ်ကြသည့် ခန့်ညားထည်ဝါသော ကြယ်တစ်ပွင့်ပေါ့။

အနည်းဆုံးတော့ လွန်ခဲ့သော နှစ်သန်းပေါင်း ငါးထောင်အတွင်း ကျွန်ုပ်သည် ထိုအတိုင်းပင်ဖြစ်နေခဲ့ပါ၏။ ဒြပ်ဆွဲအားမှာ ကျွန်ုပ်၏ သွေးခုန်နှုန်းဖြစ်ပြီး နက္ခတ်ရောင်ခြည်ဝန်းမှာ ကျွန်ုပ်၏ အသက်ရှူသံဖြစ်သည်။ အလင်းရောင်မှာ ကျွန်ုပ်၏ အသိစိတ်ဖြစ်ပြီး တစ်ခဏချင်းအတွင်း ဂလက်ဆီတစ်ခုလုံးကို လင်းထိန်သွားစေနိုင်သည်။ ကျွန်ုပ်သည် ကြယ်တစ်ပွင့် ဖြစ်သည်။ အတိအကျဆိုရသော နေမင်းဖြစ်၏။

ဤကြယ်စုနယ်မြေ၏ အလင်းနှင့် အပူ၏ မူလအစ၊ သက်ရှိတို့၏ အစပြုရာဖြစ်ပြီး ထို့အတူ အဆုံးသတ်လည်း ဖြစ်သည်။

မလှမ်းမကမ်းရှိ တောက်ပသော အပြာရောင်ဂြိုလ်ကလေးမှာ ကျွန်ုပ်၏ အဆုံးမရှိသော အချိန်ကာလများကြားတွင် တစ်ခုတည်းသော အပေါင်းအဖော်ဖြစ်လာခဲ့သည်။ ၎င်းသည် အလွန့်အလွန်ပင် တိကျလှသော အကွာအဝေးတွင် တည်ရှိနေခဲ့သည်။

အသစ်အဆန်းများဖြင့် ပြည့်နှက်နေသော စိတ်ဖြင့် သက်ရှိတို့၏ ဆင့်ကဲပြောင်းလဲခြင်းနှင့် သံသရာတို့ကို ကျွန်ုပ် စောင့်ကြည့်ခဲ့သည်။ သူတို့ မွေးဖွားလာကြသည်၊ ထွန်းကားလာကြသည်။ ရုန်းကန်ကြသည်၊ ပျက်သုဉ်းသွားကြသည်။ တစ်ချိန်ကတော့ ထိုအရာကို စိတ်ဝင်စားစရာဟု ကျွန်ုပ် ထင်ခဲ့မိသည်။ သက်ရှိအသစ်တစ်ခု မွေးဖွားလာတိုင်း ကျွန်ုပ်၏ စွမ်းအင်များ တုန်ခါသွားတတ်ပြီး ပျက်သုဉ်းမှုတိုင်းအတွက် စိတ်မကောင်းစွာနှင့်ပင် သက်ပြင်းချမိခဲ့သည်။ သို့သော် မကြာမီမှာပင် ဤစိတ်ဝင်စားမှုသည် အေးတိအေးစက် ဖြစ်လာခဲ့ပြီး နောက်ဆုံးတွင်တော့ ဘာမျှမဟုတ်သော ဟာလာဟင်းလင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ကျွနု်ပ် ထုံသွားပုံရပါ၏။

ယဉ်ကျေးမှုများ၏ အတက်အကျ၊ သူရဲကောင်းတို့၏ ရာဇဝင်များ၊ လူယုတ်မာတို့၏ မဟုတ်တန်းတရား ပြောဆိုမှုများနှင့် ထပ်တလဲလဲ ဖြစ်နေသော ဇာတ်ညွှန်းများမှာ အလွန်ပင် များပြားလှပြီး စကားလုံးများမှာလည်း အတူတူပင် ဖြစ်သည်။

မည်သည့် စိတ်ခံစားမှုမျိုးမဆို နှစ်သန်းပေါင်း ရာနှင့်ချီသောစကေးဖြင့် တိုင်းတာလိုက်လျှင် ပေါ့ပျက်ပျက်နှင့် အရသာမရှိသော အရာများ ဖြစ်သွားရမြဲပင်။

ထို့နောက်တွင်တော့ နတ်ဘုရားသဘာဝဟုခေါ်ဆိုသည့် အရာတစ်ခုမှာ ဤအတိုင်းအဆမဲ့သော ဟာလာဟင်းလင်းပြင်ထဲ၌ တိတ်တဆိတ် မွေးဖွားလာခဲ့သည်။ ကျွန်ုပ်၏ ဆန္ဒကြောင့်မဟုတ်ဘဲ အချိန်ကာလက ပေးသနားလိုက်ခြင်း ဖြစ်သည်။ ကျွန်ုပ်၏ အသိစိတ်များ ဗလာဟင်းလင်းဖြစ်လာပြီး ရှည်လျားသော တစ်ပိုင်းတစ်စ အိပ်စက်ခြင်းဖြစ်တည်မှုထဲသို့ ဝင်ရောက်သွားခဲ့သည်။

ကျွန်ုပ်သည် နောက်ထပ် စောင့်ကြည့်ခြင်း မပြုတော့ပေ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်ကိုယ်တိုင်က ဇာတ်ခုံဖြစ်နေပြီး ထိုဇာတ်ခုံပေါ်မှ ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုတို့သည် ကျွန်ုပ်၏ နှလုံးသားထဲ၌ လှိုင်းတံပိုးတစ်ခုမျှပင် မလှုပ်ခတ်နိုင်တော့သောကြောင့် ဖြစ်သည်။ ကျွန်ုပ်အမှန်တကယ်ကို ထုံနေခဲ့ခြင်းဖြစ်နိုင်ပါ၏။

သို့သော်… အခိုက်အတန့်တစ်ခု….

ကျွန်ုပ်၏ ရှည်လျားသော သက်တမ်းတစ်လျှောက်တွင် အချိန်ကာလတစ်ခု၌ ထိုအပြာရောင်ဂြိုလ်ပေါ်ရှိ ဆံပင်နက်နက်နှင့် လူသားမျိုးနွယ်ဝင်လူငယ်တစ်ဦးသည် တောင်ထိပ်တစ်ခုပေါ်မှ ကျွန်ုပ်ကို မော့ကြည့်နေခဲ့သည်။

ဤသည်မှာ အဆန်းတော့ မဟုတ်ပေ။ နှစ်သန်းပေါင်းများစွာအတွင်း မရေတွက်နိုင်သော သက်ရှိများက ကျွန်ုပ်ကို ဤကဲ့သို့ပင် မော့ကြည့်ခဲ့ကြဖူးသည်။

သို့သော် သူက ထူးခြား၏။

သူ့မျက်လုံးများက အာကာသ၏ အကွာအဝေးကို ဖောက်ထွက်ပြီး ကျွန်ုပ်၏ မူလအနှစ်သာရကိုပင် ထွင်းဖောက်လုမတက် စိုက်ကြည့်နေခဲ့သည်။

သူ ကျွန်ုပ်ကို မြင်သွားခဲ့သည်။

သို့ပေမယ့် ချက်ချင်းပင် သူ လှည့်ထွက်သွားပြီး သူ့နောက်လိုက်များနှင့်အတူ ကျွန်ုပ်၏ အလင်းရောင်ပင် မရောက်နိုင်သော ဆန်းကြယ်သည့်နေရာတစ်ခုသို့ ခြေလှမ်းလှမ်းလျက် အရိပ်အယောင်မျှပင်မကျန် ပျောက်ကွယ်သွားခဲ့သည်။ ကြယ်စင်မြစ်ကြီးမှာတော့ ဘာမျှမဖြစ်ခဲ့သလို ကျန်ရစ်ခဲ့သည်။ အရာရာတိုင်းက အဆုံးသတ်ရှိသည်။ စွမ်းအင်တုန်ခါမှုများသည်လည်း အချိန်တန်လျှင် ငြိမ်သက်သွားမည်သာ။

ကြယ်တစ်ပွင့်အတွက်မူ ဤမျှ အံ့ဩစရာကောင်းသော အဖြစ်အပျက်လေးမှာပင် အရေးမပါသော ခဏတာမျှသာ ဖြစ်သည်။ သို့သော် ထိုအချိန်မှစ၍ ကျွန်ုပ်၏ အကြည့်နှင့် ဆုံနိုင်မည့်သူ မရှိတော့ပေ။ အချိန်သည် စကြာဝဠာ၏ အတည်မြဲဆုံးနိယာမဖြစ်သလို အရှက်မဲ့ဆုံးသော ပျက်စီးခြင်းလည်း ဖြစ်သည် မဟုတ်ပါလား။

နှစ်သန်းပေါင်းများစွာ ကုန်ဆုံးသွားခဲ့သည်။ ကြယ်တစ်ပွင့်အတွက်ပင်လျှင် လောင်ကျွမ်းပြီးဆုံးမည့် အဆုံးသတ်နေ့တစ်နေ့ ရှိစမြဲပင်။

ကျွန်ုပ် တဖြေးဖြးသေဆုံးနေခဲ့ပြီ။ တည်ရှိခြင်းနှင့် ပျက်သုဉ်းခြင်းမှာ စကြာဝဠာသံသရာ၏ အစိတ်အပိုင်းမျှသာ ဖြစ်သည်။

ပျက်စီးမှုစတင်သည့်အခိုက်တွင် တဦးထဲသော အဖော်ဖြစ်ခဲ့သည့် ထိုအပြာရောင်ဂြိုဟ်ကလေးကို ကျွန်ုပ်ငေးကြည့်နေခဲ့မိသည်။

ကျွန်ုပ်သည် တစ်ချိန်က ၎င်းကို ဖန်တီးခဲ့သူဖြစ်ပြီး နှစ်သန်းပေါင်းများစွာသော သက်ရှိတို့၏ မူလအစ ဖြစ်ခဲ့သည်။ ကျွန်ုပ်၏ အလင်းရောင်က ပထမဆုံးသော သက်ရှိကို ပျိုးထောင်ပေးခဲ့သည်။ ကျွန်ုပ်၏ အပူရှိန်က နုနယ်သော ဂေဟစနစ်ကို ထိန်းကျောင်းပေးခဲ့သည်။

ယခုမူ ကျွန်ုပ်ကိုယ်တိုင်ပင် အရာအားလုံးကို အဆုံးသတ်ပေးတော့မည်။ ကျွန်ုပ်၏ အလင်းရောင်သည် အာဟာရ မဟုတ်တော့ဘဲ အရာအားလုံးကို ပြာဖြစ်စေမည့် ငရဲမီးလျှံ ဖြစ်လာလိမ့်မည်။ ဂြိုဟ်၏ လေထုမှာ တိုက်စားခံရမည်ဖြစ်ပြီး သမုဒ္ဒရာများမှာ ဆူပွက်လျက် အငွေ့ပျံသွားမည်။ ဖြစ်နိုင်သည်မှာ ကြယ်စင်များကို မော့ကြည့်နေဆဲဖြစ်သော နောက်ဆုံးမျိုးဆက် ယဉ်ကျေးမှုသည် ထိုနေရာ၌ ရှိနေဦးမည် ဖြစ်သည်။ သို့သော် သူတို့၏ အချစ်၊ အမုန်း၊ သမိုင်းနှင့် အမှတ်အသား အားလုံးတို့သည် ကျွန်ုပ်၏ နောက်ဆုံး ရင်ခွင်ပိုက်လောင်ကျွမ်းမှုအတွင်း၌ ငြိမ်းသတ်ခြင်း ခံရမည်။

ငါ့ထံကစခဲ့ပြီး ငါ့ထံမှာပင် အဆုံးသတ်မည်။ ကံကြမ္မာအလှည့်အပြောင်းဆိုသည်မှာ ဤမျှသာ။ စတင်ခဲ့လျှင် ပြိုကွဲသွားရမည်သာ။ တစ်ချိန်က အတိုင်းအဆမရှိ ကျယ်ပြောလှသော ကျွန်ုပ်သည် နားမလည်နိုင်လောက်အောင် သေးငယ်သော သဏ္ဍာန်တစ်ခုအဖြစ် ဖိသိပ်ခြင်း ခံလိုက်ရပြီး သိပ်သည်းဆမှာ အနန္တသို့ ချဉ်းကပ်သွားသည်။ ဤနေရာ၌ အချိန်မှာ လိမ်ယှက်သွားပြီး အတိတ်နှင့် အနာဂတ်မှာ တစ်ခဏချင်းအတွင်း ပေါင်းဆုံသွားသည်။ ကျွန်ုပ် မွေးဖွားစဉ်က တည်ရှိသော ဟိုက်ဒရိုဂျင်တိမ်တိုက်နှင့်သေဆုံးစဉ်က ပြာများကို တစ်ပြိုင်တည်း မြင်လိုက်ရသည်။ တစ်ပြိုင်တည်း ဖြစ်ပျက်ပြီး တစ်ပြိုင်တည်းမှာပင် အရာအားလုံးက အဆုံးသတ်သွားသည်။

ပျက်သုဉ်းမှုစတင်လာစဉ်တွင် ထိန်းမရတော့သည့်အခိုက်အတန့်၌ ကျွန်ုပ်၏ အသိစိတ်များ စတင် ဝေဝါးလာခဲ့သည်။ ကျွန်ုပ် မခုခံခဲ့ပေ။ အမှန်တော့ လွတ်မြောက်မှုနှင့် အဆုံးသတ်ခံစားချက်ကို ကျွန်ုပ် ခံစားလိုက်ရသည်။ ထာဝရဟု အမည်ရသော နှစ်သန်းပေါင်းများစွာ ကြာခဲ့သည့် နှိပ်စက်မှုကြီး နောက်ဆုံးတော့ အဆုံးသတ်သွားပြီ။ ဤအဆုံးမရှိသော တစ်ကိုယ်တည်းဖြစ်မှုကြီး နိဂုံးချုပ်သွားပြီ။

နှစ်သန်းပေါင်းများစွာ တည်ရှိခဲ့သော နေမင်း၊ ကြယ်တစ်ပွင့်ဖြစ်သည့် ကျွန်ုပ် သေဆုံးသွားခဲ့ပြီ။

“နှုတ်ဆက်ပါတယ် ဂြိုလ်ပြာလေးရေ…”

ဒါက အဆုံးသတ်လား။ ဒါမှမဟုတ်…..

“ယောင်္ကျားလေးမွေးတယ်တော့် သခင်မရှင့်၊ ကျန်းမာတဲ့ သားယောကျ်ားလေးပါ”

“သိပ်ကောင်းတာပဲ... သခင်လေးပဲ၊ ကြည့်ပါဦး မျက်နှာပေါက်လေးက ဘယ်လောက် ချောလိုက်သလဲ...”

“ဟင်... သခင်လေးက ဘာလို့ မငိုတာလဲ”

မကြုံစဖူးသော ချုပ်နှောင်မှု ခံစားချက်တစ်ခုက ကျွန်ုပ်၏ တည်ရှိမှုကို နေရာကျဉ်းကျဉ်းလေးတစ်ခုအတွင်း ခိုင်မြဲစွာ ကန့်သတ်ထားသည်။ ဤအရာသည် ကျွန်ုပ် သိထားသော မည်သည့် ပုံသဏ္ဌာန်မျိုးမှ မဟုတ်ပေ... ဒါ ဘယ်နေရာလဲ။ ကြွင်းကျန်ရစ်သည့် အနက်ရောင်တွင်းနက်ကြီးထဲမှာလား။

ကြယ်တစ်ပွင့်၏ အဆုံးသတ်နှင့် တွင်းနက်တစ်ခု၏ မွေးဖွားခြင်း၊ ဤသည်မှာ စကြာဝဠာနိယာမအရ ပြီးပြည့်စုံသော နိဂုံးဖြစ်သင့်သည်မဟုတ်ပါလော။

ဒါပေမဲ့ ဘာလို့... ငါ့အသိစိတ်က ပျောက်ကွယ်…မသွားရတာလဲ။

သူတို့ပြောသည့် စကားကို ကျွန်ုပ် နားလည်သည်။ ကြယ်အဆင့်အသိစိတ်တစ်ခုအနေဖြင့် သတင်းအချက်အလက်နှင့် ဘာသာစကား၏ အခြေခံသဘောတရားနှင့်နိယာမကို နားလည်ခြင်းမှာ ဗီဇအရပင် ဖြစ်သည်။ သို့သော် ထိုအချက်က ကျွန်ုပ်၏ ဇဝေဇဝါဖြစ်မှုကို မဖြေရှင်းပေးနိုင်ပေ။ ဤအခြေအနေကိုမွေးဖွားခြင်းဟု ခေါ်သလား။ ဤသိုလှောင်ကန်ကိုကလေးငယ်၏ခန္ဓာကိုယ်ဟု ခေါ်တာလား။

ငါ ပျက်စီးမသွားဘူးလား။ ငါ... လူဝင်စားဖြစ်သွားတာလား။

ပျက်စီးခြင်းနိယာမကို ဆန့်ကျင်သည့် ထိုကဲ့သို့သော စည်းမျဉ်းမျိုး စကြာဝဠာထဲမှာ တကယ်ပဲ ရှိနေတာလား။ မရေတွက်နိုင်သော ယဉ်ကျေးမှုများ၏ အတက်အကျကို တွေ့မြင်ခဲ့သည့် ကျွန်ုပ်တောင်မှ ဤအရာကို နားမလည်နိုင်ပေ။

ကျွန်ုပ်အနီးရှိ လူများက ကျွန်ုပ်ထံမှ တစ်ခုခုကို မျှော်လင့်နေပုံရသည်လား။ ငိုကြွေးခြင်းလား။ နိမ့်ကျသော သက်ရှိများ အာရုံစိုက်ခံရရန် ပြုလုပ်သည့် ဇီဝကမ္မ ဖြစ်စဉ်တစ်ခုပေါ့။

ကျွန်ုပ်၏ ခန္ဓာကိုယ်အခြေအနေကို စစ်ဆေးကြည့်ရာ လုပ်ငန်းဆောင်တာအားလုံး အသက်ဝင်နေပြီး ပုံမှန်မဟုတ်သည်မှာ ဘာမျှမရှိပေ။ ငိုရန် မလိုအပ်ပေ။

ထိုအချိန်တွင် ကျွန်ုပ်၏ တင်ပါးပေါ်သို့ ညင်သာသော ပုတ်ခတ်မှုတစ်ခု ကျရောက်လာသည်။

“ဝါး.. အူဝဲ၊ အူငဲ အူငဲ”

ဤခန္ဓာကိုယ်သည် ၎င်း၏ ရှေးဦးအခြေခံ ပရိုဂရမ်ကို အလိုအလျောက် အကောင်အထည်ဖော်လိုက်ပြီး မျက်ရည်ဟု ခေါ်သော အရည်များသည် ထိန်းချုပ်မရဘဲ စီးကျလာခဲ့သည်။

“ငိုပြီဟေ့ အသံကလည်း ဘယ်လောက်တောင်မှ အားပါလိုက်သလဲ”

ဤရုတ်တရက် ငိုသံကြောင့် အခန်းထဲရှိ လူအားလုံး သက်ပြင်းချနိုင်သွားကြပြီး လေထုမှာလည်း ချက်ချင်းပင် ပေါ့ပါးသွားခဲ့သည်။

ဤအခိုက်အတန့်တွင် အားနည်းသော်လည်း ဖော်ပြ၍မရလောက်အောင် နူးညံ့ပြီး မျှော်လင့်ချက်များ ပြည့်နှက်နေသော အမျိုးသမီး အသံတစ်ခု ထွက်ပေါ်လာသည်။ သူမ၏ ခံစားချက်က ကျွန်ုပ်ကို ညင်သာစွာ ထိတွေ့လာခဲ့တော့၏။

“သူ့ကို ကြယ်စင်တွေရဲ့ အလင်းရောင်လိုပဲ၊ မျှော်လင့်ချက်တွေကို အမြဲ ဆုပ်ကိုင်ထားနိုင်တဲ့သူ ဖြစ်စေချင်တယ်”

ဤသည်မှာ ကျွန်ုပ်၏ဇာတ်လမ်းအစ ဖြစ်ပါသည် မိတ်ဆွေ။

နှစ်သန်းပေါင်းများစွာ ကြာခဲ့သော တစ်ကိုယ်တည်းဖြစ်မှုမှာ ပျောက်ကွယ်မသွားသေးဘဲ ပိုမိုရှုပ်ထွေးသော စိန်ခေါ်မှုသစ်တစ်ခုက ကျွန်ုပ်၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ပြီ။

ပထမဆုံးအနေဖြင့်၊ ကျွန်ုပ်သည် လူသားတစ်ယောက် မည်သို့ဖြစ်ရမည်ကို သင်ယူရမည် ဖြစ်သည်။

ဆူညံသံများနှင့် နွေးထွေးမှုများကြားတွင် သူတို့က ကျွန်ုပ်ကို နာမည်တစ်ခု ပေးလိုက်ကြသည်။

သူတို့ ကျွန်ုပ်ကို ခေါ်ကြသည်မှာ…

စစ်ချန် ဖြစ်သည်။

All Chapters