လူသားတို့၏ စံနှုန်း
Vol. 1 Ch. 2
မေလ၏ နေရောင်ခြည်သည် နွေးထွေးလှသည်။ အနီးနားရှိ အစေခံမလေးမှာလည်း သေးငယ်သော ခုတင်လေးကို သပ်ရပ်အောင် ပြင်ဆင်ရင်း သီချင်းတစ်ပုဒ်ကို တိုးတိုးလေး ညည်းဆိုနေ၏။
စစ်ချန်မှာမူ သူ၏ ဖူးဖူးလုံးလုံး တင်ပါးလေးကို ဖော်လျက် ပြတင်းပေါက်အနားရှိ ပျော့ပျောင်းသော စောင်ပုံပေါ်တွင် မှောက်လျက်သား နေပူစာလှုံနေရသည်။ ဤခံစားချက်မှာ အလွန်ပင် ထူးဆန်းလှပေသည်။
တစ်ချိန်က အလင်းရောင်၏ မူလအစဖြစ်ခဲ့ဖူးသော သူသည် ယခုမူ ဤနုနယ်သော ကြယ်ကလေး (ဝါ) နေမင်းပေါက်စ၏ လက်ဆောင်ကို အားကိုးနေရ၏။
သူသည် သူ၏လည်ပင်းကို အားယူကာ မော့ကြည့်လိုက်ပြီး ပါးလွှာသော လိုက်ကာကို ကျော်၍ ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်မိသည်။
ဤ မျိုးဆက်သစ်ကြယ်ကလေးသည် အလွန်နုပျိုပြီး သွေးကြွနေသော လူငယ်တစ်ဦးကဲ့သို့ စွမ်းအင်များ ပြည့်ဝနေသည်။ တည်ငြိမ်ရင့်ကျက်ခဲ့သော သူ၏ ယခင်ပုံစံနှင့် လုံးဝမတူညီပေ။
ဤကြယ်ကလေးမှာရော သူကဲ့သို့ပင် အသိစိတ်ရှိနေမလား.. သူသိချင်နေမိ၏။
စစ်ချန် မသေချာပေ။ တစ်ချိန်က ကြယ်တာရာဂြိုဟ်စုများကို မျက်တောင်တစ်ခတ်အတွင်း ဖြတ်သန်းနိုင်ခဲ့သော အသိစိတ်သည် ယခုမူ ဤကလေးငယ်၏ရုပ်ခန္ဓာအတွင်း၌ ခိုင်မြဲစွာ ပိတ်မိနေသည်။ လည်ပင်းလှည့်ခြင်းကဲ့သို့သော အလုပ်မှာပင် အတော်လေးပင်ပန်းနေခဲ့ပြီ။
“အို... သခင်လေးက သိပ်လိမ္မာတာပဲ။ နေပူစာလှုံရင် အမြဲတမ်း ငြိမ်နေတာပဲ”
အစေခံမလေးသည် ပြုံးရွှင်စွာ လျှောက်လာပြီး နေရောင်ခြည်က စစ်ချန်၏ မျက်လုံးထဲသို့ တိုက်ရိုက်မကျစေရန် ကျွမ်းကျင်စွာပင် ပုံစံပြောင်းပေးလိုက်သည်။
“ကြည့်ပါဦး ချစ်စရာကောင်းလိုက်တဲ့ဒီမျက်နှာလေး အာရုံစိုက်နေပုံများကတော့ တစ်နေ့ကျရင် သိပ်ကို အစွမ်းထက်တဲ့ ကျင့်ကြံသူကြီး ဖြစ်လာမှာ သေချာတယ်”
ကျင့်ကြံသူတဲ့လား
စစ်ချန်သည် ဤစိမ်းသက်သော စကားလုံးကို မှတ်သားလိုက်သည်။ ဤသည်မှာ ဤကမ္ဘာ၏ စွမ်းအားစနစ်လား။ ဤဂြိုဟ်ပေါ်ရှိ သက်ရှိများအတွက်တော့ ၎င်းသည် ထူးခြားသော အောင်မြင်မှုတစ်ခု ဖြစ်နိုင်ပေလိမ့်မည်။
သို့သော် ယဉ်ကျေးမှုပေါင်းများစွာ၏ အတက်အကျကို တွေ့မြင်ခဲ့ဖူးသည့် ဖြစ်တည်မှုတစ်ခုအတွက်မူ ဤသို့သော အရေးမပါသည့်စွမ်းအားမျိုးသည် လက်ရှိတွင် စိတ်ဝင်စားမှုကို မနှိုးဆော်နိုင်သေးပေ...
ဤကဲ့သို့နှင့်အချိန်ကာလများ ကုန်လွန်သွားခဲ့သည်။
ပြတင်းပေါက်အပြင်ဘက်ရှိ ပိုးစာပင်မှ အရွက်များ ငါးကြိမ်တိုင်တိုင် ကြွေလွင့်ခဲ့ပြီး သူသည်လည်း မှောက်လျက်သားသာ နေနိုင်သည့် ကလေးဘဝမှ ယိုင်နဲ့နဲ့ လမ်းလျှောက်နိုင်သည့် ကလေးငယ်တစ်ဦးအဖြစ် ကြီးပြင်းလာခဲ့သည်။
သူသည် စစ်ချန်ဟူသော လူသားဖြစ်တည်မှုကို တဖြည်းဖြည်း လက်ခံလာခဲ့သည်။
သို့သော် လက်ခံခြင်းနှင့် ကျင့်သားရခြင်းမှာ တစ်ခြားစီပင်။
ငါးနှစ်တာမျှ လူသားလေ့လာရေးနှင့် လက်တွေ့ကျင့်သုံးမှုများက သူ့ကို တစ်ခု ဝန်ခံစေခဲ့သည်။ နှစ်သန်းပေါင်းများစွာ တောက်ပခဲ့သည့် ကြယ်တစ်ပွင့်ဖြစ်ရခြင်းထက် လူသားတစ်ယောက်ဖြစ်အောင် သင်ယူရခြင်းက ပိုမိုကြီးမားသော စိန်ခေါ်မှု ဖြစ်နေသည်ဟူ၍ပင်။
အကြီးမားဆုံး ပြဿနာမှာ သူသည် သာမန်လူသားကလေးငယ်တစ်ယောက်၏ အခန်းကဏ္ဍကို ပြီးပြည့်စုံအောင် သရုပ်မဆောင်နိုင်ခြင်း ဖြစ်သည်။
ဥပမာအားဖြင့် စာဖတ်ခြင်းနှင့် စကားပြောခြင်းတွင် သူသည် စာလုံးတစ်လုံးကို တစ်ခါမြင်ရုံဖြင့် ရေးနိုင်ပြီး စကားတစ်ခွန်းကို တစ်ခါကြားရုံဖြင့် ပြောနိုင်သည်။
သူ့အတွက်တော့ အလိုအလျောက် သိနေသည့်အရာ ဖြစ်သော်လည်း အိုမင်းနေသော ဆရာကြီးအတွက်မူ ၎င်းသည် ထိတ်လန့်စရာပင်။ ဆရာကြီးမှာ မုတ်ဆိတ်မွေးကို သပ်ရင်း မျက်လုံးအဝိုင်းသားဖြင့် သူ့ကို ကောင်းကင်ဘုံက စေလွှတ်လိုက်သည့် ပါရမီရှင်ဟု ချီးကျူးလေတော့သည်။
“ပါရမီရှင်ပဲကွ သခင်မကြီးခင်ဗျာ သခင်လေးက တကယ့်ကို ပါရမီရှင်ပဲဗျ”
ဤမျှသော နားလည်နိုင်စွမ်းက ဘာကြောင့် ဤမျှ တုံ့ပြန်မှုကြီးမားရသလဲဆိုသည်ကို စစ်ချန် နားမလည်ပေ။ အထူးသဖြင့် သူ့စိတ်ထဲတွင် ယဉ်ကျေးမှုတစ်ခုလုံး၏ ဘာသာစကားကို ခဏချင်းအတွင်း ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း ရှိနေသည် မဟုတ်ပါလော။
အလားတူ ဖြစ်ရပ်များ အမြဲဖြစ်ပွားတတ်သည်။ အစေခံမလေးက ဆံပင်စည်းနည်း သင်ပေးလျှင် သူက တစ်ခါကြည့်ရုံဖြင့် လိုက်လုပ်နိုင်ပြီး၊ မိခင်ဖြစ်သူက တူကိုင်နည်း သင်ပေးလျှင် ပထမဆုံးအကြိမ်မှာပင် ပဲစေ့တစ်စေ့ကို တိကျစွာ ကောက်ယူနိုင်သည်။
“သခင်လေးရဲ့ သင်ယူနိုင်စွမ်းက တကယ့်ကို အံ့ဩစရာပဲ”
အကြိမ်တိုင်းတွင် လူကြီးများက အံ့ဩတကြီး ချီးကျူးကြသော်လည်း စစ်ချန်ကတော့ ဖြစ်သင့်ဖြစ်ထိုက်သည့်အတိုင်း တည်ငြိမ်စွာပင် လက်ခံနေခဲ့သည်။
စစ်မိသားစုတစ်ခုလုံးကို အခက်တွေ့စေသည့်အရာမှာ စစ်ချန်၏ စိတ်ခံစားမှု ကင်းမဲ့ခြင်းပင် ဖြစ်သည်။ သူ လဲကျသွားလျှင် ဘယ်တော့မှ မငို၊ မအော်ဘဲ တိတ်တဆိတ်သာ ပြန်ထတတ်သည်။
ရင်သပ်ရှုမောဖွယ် ကောင်းသော မီးရှူးမီးပန်းများကို ကြည့်ရလျှင်လည်း သူက ခေါင်းကလေးကို အနည်းငယ် စောင်းကြည့်ရုံမျှသာ လုပ်သည်။ သူသည် ကလေးကစားစရာများ သို့မဟုတ် ကစားနည်းများအပေါ်တွင်လည်း စိတ်ဝင်စားမှု ကြာရှည်စွာ မထားနိုင်ပေ။
သူသည် ခြံဝင်းထဲတွင် တိတ်တဆိတ် ထိုင်နေရသည်ကို ပိုနှစ်သက်သည်။ ပုရွက်ဆိတ်ကလေးများ အစာသယ်နေသည်ကို ကြည့်နေခြင်း သို့မဟုတ် ကြယ်စင်များ ပြည့်နှက်နေသော ကောင်းကင်ကြီးကို မော့ကြည့်နေခြင်းဖြင့် တစ်နေ့တာ၏ ထက်ဝက်ခန့်ကို ကုန်ဆုံးစေတတ်သည်။
“သခင်လေးက... အေးစက်လွန်းနေတာလားမသိဘူး။ ဉာဏ်သိပ်မမှီဘူးထင်တယ်”
အစေခံများက တစ်ခါတစ်ရံ သူ့ကွယ်ရာတွင် တိုးတိုးလေး ပြောတတ်ကြသည်။
စစ်ချန်၏ အကြားအာရုံမှာ အလွန်ကောင်းမွန်သဖြင့် ထိုစကားများကို သူ ကြားရသည်။ သို့သော် သူ ဂရုမစိုက်ပေ။ လူသားတို့၏ ဝေဖန်မှုဆိုသည်မှာ သူ့အတွက်တော့ ပိုးမွှားတို့၏ မြည်တမ်းသံနှင့် မခြားပေ။ သူက နေမင်းတစင်းပင်ဖြစ်ခဲ့သည်မဟုတ်ပါလော။
ကနဦးတွင် မိသားစုတစ်ခုလုံးသည် ဤပါရမီရှင်လေး၏ ထူးခြားမှုအပေါ် ဝမ်းသာပီတိ ဖြစ်ခဲ့ကြသည်။ စစ်မိသားစုမှာ ကြီးမြတ်သော မြို့စားမျိုးနွယ်စု ဖြစ်သဖြင့် ပါရမီရှင် အမွေခံတစ်ဦး ပေါ်ထွက်လာခြင်းမှာ ဂုဏ်ယူစရာပင်။
လူတိုင်းက သခင်လေး၏ ထူးခြားမှုများကို တဖြည်းဖြည်း ကျင့်သားရလာကြသည်။ သူ၏ အရွယ်နှင့်မမျှသောတည်ငြိမ်မှု၊ အံ့ဩဖွယ် သင်ယူနိုင်စွမ်းနှင့် အရာအားလုံးကို ဖောက်ထွင်းမြင်နိုင်ပုံရသော ထိုမျက်လုံးများကြောင့်အစေခံများ သီးသန့်စကားပြောကြလျှင်လည်း ဂုဏ်ယူသည့်လေသံ အမြဲပါတတ်ကြ၏။
“ငါတို့ သခင်လေးကတော့ အနာဂတ်မှာ ထူးခြားတဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်လာမှာ သေချာတယ်”
စစ်ချန်၏မိခင်၊ ထိုနူးညံ့သော သခင်မကြီးမှာမူ စစ်ချန်၏ ခေါင်းလေးကို အမြဲ ညင်သာစွာ ပွတ်သပ်ပေးတတ်သည်။ ကြီးကျယ်ခမ်းနားသော အနာဂတ်ထက် သူမ၏သားလေးကို သာမန်အတိုင်း ပျော်ရွှင်နေသည်ကိုသာ ပိုမြင်ချင်သူ ဖြစ်သည်။သို့သော် ဤအေးချမ်းမှုသည် စစ်ချန် အသက် ခုနစ်နှစ်အရွယ်တွင် ပြိုပျက်သွားခဲ့သည်။
ဤကမ္ဘာ၏ ထုံးတမ်းစဉ်လာအရ မြို့စားမျိုးနွယ်စုမှ တပည့်များသည် ဤအသက်အရွယ်တွင် ကျင့်ကြံခြင်းလမ်းစဉ်ကို စတင်ရမည်ဖြစ်သည်။ ဤသည်မှာ ဘိုးဘေးများစွာ၏ အတွေ့အကြုံအရ သတ်မှတ်ထားခြင်း ဖြစ်သည်။ အသက် ခုနစ်နှစ်မတိုင်မီတွင် ကလေးတစ်ဦး၏ ဝိညာဉ်အမြစ်နှင့် အရိုးဖွဲ့စည်းပုံမှာ အပြည့်အဝ မရင့်ကျက်သေးပေ။ စောစီးစွာ စမ်းသပ်ခြင်းမှာ ရလဒ်မမှန်ကန်နိုင်ရုံသာမက သူတို့၏ အခြေခံအုတ်မြစ်ကိုပါ ထိခိုက်စေနိုင်ပြီး အနာဂတ်ကျင့်ကြံခြင်းကို အဟန့်အတား ဖြစ်စေနိုင်သည်။ ကြီးမြတ်သော မိသားစုဖြစ်သည့် စစ်မိသားစုသည်လည်း ဤရှေးဟောင်းစနစ်ကို လိုက်နာသည်။
ထို့ကြောင့် စစ်ချန်သည် အံ့မခန်း သင်ယူနိုင်စွမ်း ရှိနေသော်လည်း မိသားစုက သူ အသက် ခုနစ်နှစ် ပြည့်သည်အထိ စိတ်ရှည်စွာ စောင့်ဆိုင်းခဲ့ကြသည်။
စမ်းသပ်မှုမပြုမီ ညတွင် စစ်ချန်၏မိခင် ယဲ့ဖူက သူ့ဆံပင်များကို ညင်သာစွာ ပွတ်သပ်ပေးရင်းဆိုသည်။
“ချန်ချန်... မနက်ဖြန် စမ်းသပ်ပွဲအတွက် စိတ်မပူနဲ့နော်။ ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် သားက မေမေ့အတွက်တော့ အကောင်းဆုံး သားလေးပါပဲ”
စစ်ချန်က တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။
သူ တကယ် မစိုးရိမ်ပေ။ ဤကမ္ဘာ၏ စွမ်းအင်စနစ်က ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို သိချင်နေရုံမျှသာ ဖြစ်သည်။ နောက်တစ်နေ့ နံနက်တွင် စစ်မိသားစု ဘိုးဘွားပိုင်ခန်းမရှေ့ရှိ ကွင်းပြင်ကို ပြင်ဆင်ထားပြီး ဖြစ်သည်။ ဤသို့ အရေးကြီးသော အခမ်းအနားများကို မိသားစုရှိ အကြီးအကဲများက ဦးဆောင်ကြသည်။ ယနေ့ စမ်းသပ်မှုကို တာဝန်ယူရသူမှာ စစ်ချန်၏တတိယအဘိုးဖြစ်ပြီး ဆံပင်ဖြူနှင့် မုတ်ဆိတ်ဖြူဖြူဖြင့် မိသားစုအတွင်း အလွန်လေးစားခံရသူ ဖြစ်သည်။
စစ်မိသားစုဝင်များသည် ကွင်းပြင်၏ ဘေးတစ်ဖက်တစ်ချက်တွင် ပြည့်နှက်နေသည်။ စစ်ချန်သည် သူတို့မျိုးဆက်တွင် ပါရမီစမ်းသပ်မှုကို ပထမဆုံး ခံယူမည့်သူဖြစ်ရာ မိသားစုခေါင်းဆောင်၏ တစ်ဦးတည်းသောသား၏ ပါရမီအရည်အချင်းကို လူတိုင်းက ကိုယ်တိုင် မြင်တွေ့ချင်နေကြသည်။ စစ်ချန်သည် အထူးချုပ်လုပ်ထားသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကွင်းပြင်အလယ်တွင် တိတ်ဆိတ်စွာ ရပ်နေသည်။ သူ၏ဖခင်စစ်ခိုင်နှင့် မိခင်ယဲ့ဖူတို့မှာလည်း မျှော်လင့်ချက်နှင့် မသိမသာ စိုးရိမ်မှုများ ရောပြွမ်းနေသော အကြည့်များဖြင့် ဘေးတွင် ရပ်နေကြသည်။
ဦးစွာပထမ ဝိညာဉ်အမြစ်ကို စမ်းသပ်သည်။ တတိယအဘိုးသည် နွေးထွေးချောမွတ်သော ဝိညာဉ်အမြစ်စမ်းသပ်ကျောက်တုံးကို ထုတ်ယူလိုက်ပြီး ပြော၏။
“ချန်အာ မင်းရဲ့လက်ကို အပေါ်မှာတင်ပြီး စိတ်ကို လျှော့ထားလိုက်”
စစ်ချန်သည် ခိုင်းသည့်အတိုင်း သူ့လက်သေးသေးလေးကို တင်လိုက်သည်။ ဝိညာဉ်အမြစ်စမ်းသပ်ကျောက်တုံးမှာ အေးမြချောမွတ်နေပြီး ၎င်း၏အတွင်း၌ စီးဆင်းနေသော အားနည်းသည့် စွမ်းအင်ကို သူ ခံစားလိုက်ရသည်။
အသက်တစ်ရှိုက်၊ နှစ်ရှိုက်၊ သုံးရှိုက်... သို့သော် ခဏအကြာတွင် ကျောက်တုံးမှာ ဘာမျှ မပြောင်းလဲပေ။ မူလကရှိနေသည့် အလင်းမှိန်မှိန်လေးပင် တစ်ခုခုက ဖိနှိပ်ထားသကဲ့သို့ ပို၍ မှိန်သွားခဲ့သည်။ အကြီးအကဲများ အချင်းချင်း ကြည့်လိုက်ကြသည်။ တတိယအဘိုးက မျက်မှောင်ကြုတ်လျက် ကျောက်တုံးအသစ်တစ်ခုကို ထုတ်ယူလိုက်ခဲ့၏။
“ထပ်စမ်းကြည့်ပါဦး”
စစ်ချန် ထပ်စမ်းသော်လည်း ရလဒ်မှာ အတူတူပင်ဖြစ်ပြီး ဘာမျှမတုံ့ပြန်ပေ။ ကြည့်နေသော မိသားစုဝင်များကြားတွင် မယုံကြည်နိုင်သည့် အကြည့်များ ပေါ်လာသော်လည်း ချက်ချင်းပင် ပြန်ဖုံးကွယ်လိုက်ကြသည်။ စစ်ချန်၏မိခင်မှာ သူမ၏ ပုဝါကို တင်းတင်းဆုပ်ထားပြီး ဖခင်ဖြစ်သူ စစ်ခိုင်မှာမူ တည်ငြိမ်အောင် ထိန်းထားသည်။ သို့သော်သူ၏ တင်းမာနေသည့်မေးရိုးနှင့် ကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ထားသည့်လက်သီးများကတော့ သူ့တည်ငြိမ်မှုကို သစ္စာဖောက်နေခဲ့ပါတော့၏။
“ဒါက... ဝိညာဉ်အမြစ်... မရှိတာလား”
တတိယအဘိုး၏ လေသံမှာ ဇဝေဇဝါ ဖြစ်နေသည်။
ဘိုးဘွားပိုင်ခန်းမအတွင်း၌ တိုးတိုးတိုးတိုး ပြောသံများ ထွက်ပေါ်လာသည်။ အရွယ်နှင့်မမျှဘဲ ထူးချွန်သော မြေးကြီးမှာ ဤကဲ့သို့ ရလဒ်ထွက်လာလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။
တတိယအဘိုးက ခဏမျှ စဉ်းစားပြီးနောက် ဖြူစင်နွေးထွေးသော ကျောက်စိမ်းပြားတစ်ခုကို ထုတ်လိုက်သည်။
“အရိုးဖွဲ့စည်းပုံခန္ဓာကို ထပ်စမ်းကြည့်ရအောင်။ တချို့သော ထူးခြားတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံရှိသူတွေက ဝိညာဉ်အမြစ်မပါဘဲ ကျင့်ကြံခြင်းလမ်းစဉ်ကို ရှာနိုင်ကြတာပဲ”
သူက စစ်ချန်ကို မျှော်လင့်ချက်ဖြင့် ကြည့်လိုက်၏။
“အတိတ်မှာလည်း ထူးခြားတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့် အစွမ်းထက်တဲ့ ပုဂ္ဂိုလ်ကြီးတွေ ပေါ်ထွက်ခဲ့ဖူးတယ်”
စစ်ချန်က ကျောက်စိမ်းပြားကို ကိုင်လိုက်သည်။
ရလဒ်မှာ ထပ်တူပင်ဖြစ်၏။ ဖြူစင်သော ကျောက်စိမ်းပြားမှာ အိပ်ပျော်နေသည့် ကျောက်တုံးတစ်ခုကဲ့သို့ ဘာမျှ မတုံ့ပြန်ပေ။
“အရိုးဖွဲ့စည်းပုံ...သေမျိုးအဆင့်ပဲ...”
တတိယအဘိုးက နှမြောတသစွာ သက်ပြင်းချလိုက်သည်။ ကျေနပ်ဖွယ်မရှိသော ရလဒ်နှစ်ခုကြောင့် လေထုမှာ လေးလံသွားသည်။ သင်ယူနိုင်စွမ်း အံ့မခန်းသော ကလေးတစ်ယောက်သည် ကျင့်ကြံရန် ပါရမီ လုံးဝမပါလာဘူးတဲ့လား။ မျှော်လင့်ထားသည့် ပါရမီရှင်သည် သာမန်လူသားအဆင့်သို့ ကျဆင်းသွားခြင်းဖြစ်သည်။ ဤကွာဟချက်ကြောင့် ရောက်ရှိနေသူအများအပြားမှာ စိတ်မသက်မသာ ဖြစ်သွားကြသည်။
“ရပါတယ် ချန်ချန်ရယ်”
ယဲ့ဖူက ချက်ချင်းပင် ထိုင်ချလျက် သားဖြစ်သူကို ပွေ့ဖက်ပြီး ချော့မြှူလိုက်သည်။
“သာမန်လူတစ်ယောက် ဖြစ်တာလည်း ဘာမှမဖြစ်ပါဘူး။ အမေက သားကို ဘေးကင်းပြီး ပျော်ရွှင်နေတာပဲ မြင်ချင်တာပါ”
စစ်ခိုင်သည် စိတ်ပျက်မှုကို မဖုံးကွယ်နိုင်သော်လည်း မိသားစုခေါင်းဆောင်ပီပီ တည်ငြိမ်စွာပင် ပြောသည်
“ကိစ္စမရှိပါဘူး။ ငါ့သား ကျင့်ကြံခြင်း မလုပ်နိုင်ရင်တောင် မိသားစု စီးပွားရေးကို ဦးဆောင်နိုင်တာပဲ”
တတိယအဘိုးက သဘောတူဟန်ခေါင်းညိတ်၏။
“အဲဒီလိုဆိုရင်တော့ ထုံးစံအတိုင်း ချန်အာကို အသိအမြင်လေး ရသွားအောင် လုပ်ပေးကြတာပေါ့”
ဤသည်မှာ မိသားစုအစဉ်အလာတစ်ခုဖြစ်ပြီး၊ မျိုးဆက်သစ်တပည့်များမှာ ကိုယ်တိုင် ကျင့်ကြံခြင်းလမ်းစဉ်ပေါ် မတက်လှမ်းနိုင်လျှင်ပင် ကျင့်ကြံခြင်းဆိုသည်မှာ ဘာလဲဆိုသည်ကို သိရှိစေရန် ရည်ရွယ်သည်။
စစ်ခိုင်က ရှေ့ဆုံးတွင် ရပ်နေသော ညီဖြစ်သူနှစ်ဦးကို ကြည့်လိုက်သည်
“ဒုတိယညီ၊ တတိယညီ... မင်းတို့နှစ်ယောက် သရုပ်ပြလိုက်ပါဦး”
စစ်ချန်၏ ဒုတိယဦးလေး စစ်ချယ်က ဂါထာမန္တန်ပိုင်းကို ကျင့်ကြံသူဖြစ်ပြီး တတိယဦးလေး စစ်ရွှေက ခန္ဓာကိုယ်ကျင့်ကြံမှုကို ကျင့်ကြံသူဖြစ်သည်။ သူတို့နှစ်ဦး အချင်းချင်း ကြည့်လိုက်ပြီး ကွင်းပြင်ထဲသို့ လျှောက်လာကြသည်။
ဒုတိယဦးလေးက စစ်ချန်လေးကို ကြည့်ကာ လက်ချောင်းများဖြင့် ဂါထာပုံစံ ဖော်လိုက်သည်
“ချန်အာ... သေချာကြည့်ထားနော်”
သူ့လက်ဖဝါးထဲတွင် ရဲရဲတောက်နေသော မီးလျှံတစ်ခု စုစည်းလာပြီး ပူပြင်းသည့် အရှိန်အဝါများ ထွက်ပေါ်လာသည်
“ဒါက အခြေခံအကျဆုံး မီးလုံးဂါထာပဲ။ ဝိညာဉ်အမြစ်ကို သုံးပြီး ကောင်းကင်နဲ့မြေကြီးရဲ့ ဝိညာဉ်စွမ်းအင်ကို လှုံ့ဆော်ရတာ...”
သူက လက်ကို အသာလေး ခါလိုက်ရာ မီးလုံးမှာ လေကိုခွဲလျက် ပျံထွက်သွားပြီး အဝေးရှိ ကျောက်တုံးပစ်မှတ်ကို တိကျစွာ ထိမှန်ကာ မီးတောက်များ ထွက်ပေါ်စေသည်။
အခြားတစ်ဖက်တွင်မူ တတိယဦးလေး စစ်ရွှေက ရှေ့သို့ လှမ်းလာပြီး သူ့ခန္ဓာကိုယ်ပတ်လည်တွင် ရွှေဝါရောင်ကာကွယ်မှုအလင်းများ ပေါ်လာသည်။
“ချန်အာ... ခန္ဓာကိုယ်ကျင့်ကြံတဲ့ လမ်းစဉ်ကတော့ အရိုးဖွဲ့စည်းပုံအပေါ် အများကြီး မူတည်တယ်။ ရုပ်ခန္ဓာကို သုံးပြီး ကမ္ဘာမြေရဲ့ စွမ်းအားကို တောင့်ခံရတာ။ အောင်မြင်အထမြောက်အောင် ကျင့်ကြံနိုင်ရင် တောင်တွေကို ဖြိုနိုင်ပြီး မြစ်တွေကို ဖြတ်တောက်နိုင်တယ်ကွ”
သူက လက်သီးဖြင့် အသာလေး ထိုးလိုက်ရုံဖြင့် လေဖိအားကြောင့် အခြားတစ်ဖက်မှ ကျောက်တုံးပစ်မှတ်မှာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားသည်။
သရုပ်ပြမှုပြီးနောက် သူတို့နှစ်ဦးမှာ စစ်ချန်ကို နှမြောတသစွာ ကြည့်လိုက်ကြသည်။ သူတို့မျိုးဆက်၏ ပထမဆုံးကလေးဖြစ်သဖြင့် လူကြီးများက အလွန်ချစ်ကြသည် မဟုတ်ပါလော။
စစ်ချန်မှာမူ တစ်ခုခုကို စဉ်းစားနေသကဲ့သို့ ခေါင်းလေးကို စောင်းကြည့်နေသည်။ ထို့နောက် လူတိုင်း၏ အကြည့်အောက်တွင် သူက ညာဘက်လက်ကလေးကို မြှောက်လိုက်သည်။
ဘာဂါထာမှ မရွတ်၊ ဘာလက်ဟန်မှ မလုပ်၊ ဝိညာဉ်စွမ်းအင် တုန်ခါမှုပင် မရှိပေ။
ဖတ်…
ဒုတိယဦးလေး စစ်ချယ် လုပ်ပြသွားသည့် မီးလုံးနှင့် အရွယ်အစား၊ ပုံသဏ္ဌာန် ထပ်တူကျသော မီးလုံးတစ်လုံးသည် သူ၏ နုနယ်သောလက်ဖဝါးပေါ်တွင် အလိုအလျောက် ပေါ်လာပြီး တိတ်ဆိတ်စွာ လောင်ကျွမ်းနေသည်။
ထို့နောက် သူက လက်ကို အသာလေး ခါလိုက်ရာ မီးလုံးမှာ ပိုမိုမြန်ဆန်သော နှုန်းဖြင့် ပျံထွက်သွားပြီး ကျောက်တုံးပစ်မှတ်၏ မူလနေရာကိုပင် တိကျစွာ ထိမှန်ကာ ပြာအဖြစ်သို့ လောင်ကျွမ်းစေခဲ့သည်။
“ဘာ... ဘယ်လိုဖြစ်တာလဲ”
ဒုတိယဦးလေး စစ်ချယ်မှာ မျက်လုံးအဝိုင်းသားဖြင့် အော်ဟစ်လိုက်မိသည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
စစ်ချန်က ထိုမျှတင်မရပ်တန့်ဘဲ တတိယဦးလေး စစ်ရွှေကို ကြည့်လိုက်သည်။
“ဦးဦးသုံး ခန္ဓာကိုယ်ကျင့်ကြံတာက... ဒီလိုမျိုးလား”
စကားမဆုံးခင်မှာပင် စစ်ချန်၏ ခန္ဓာကိုယ်ငယ်လေး ပတ်လည်တွင် ရွှေဝါရောင် အလင်းတန်းတစ်ခု ပေါ်လာသည်။ သူက သာမန်အတိုင်း ရှေ့သို့ လှမ်းလျက် လက်သီးလေးဖြင့် ထိုးလိုက်သည်။
ဘုန်း…
အလွန်သိပ်သည်းသော စွမ်းအင်လှိုင်းတစ်ခု ပေါက်ကွဲထွက်သွားရာ ကျောက်တုံးပစ်မှတ်ကို ဖြိုခွဲလိုက်ရုံသာမက ကျန်ရှိသော စွမ်းအားမှာ ပေအနည်းငယ်အကွာရှိ ခြံစည်းရိုးတံတိုင်းကိုပင် အက်ကွဲကြောင်းကြီး ဖြစ်သွားစေသည်။ကွင်းပြင်တစ်ခုလုံး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွားသည်။
နေရောင်ခြည်က လင်းလက်နေဆဲ၊ ငှက်သံများက ပဲ့တင်ထပ်နေဆဲဖြစ်သော်လည်း ဘိုးဘွားပိုင်ခန်းမရှေ့ရှိ ကွင်းပြင်မှာတော့ အချိန်များ ရပ်တန့်သွားသကဲ့သို့ ရှိနေသည်။
တတိယအဘိုး၏ လက်ထဲမှ ဝိညာဉ်အမြစ်စမ်းသပ်ကျောက်တုံးမှာ မြေပြင်ပေါ်သို့ တောက်ဟူသော မြည်သံဖြင့် ပြုတ်ကျသွားခဲ့သည်။ စစ်ချယ်နှင့် စစ်ရွှေတို့သည် အချင်းချင်း ကြည့်လိုက်ကြပြီး တစ်ဦးနှင့်တစ်ဦး၏ မျက်လုံးထဲတွင် မယုံကြည်နိုင်မှုကိုသာ တွေ့လိုက်ရသည်။
မိသားစုဝင်အားလုံးမှာ ပါးစပ်အဟောင်းသား ဖြစ်နေကြပြီး၊ စောစောကရှိခဲ့သည့် နှမြောတသမှုနှင့် စိတ်ပျက်မှုများမှာ အလွန်ကြီးမားသော ခံစားချက်တစ်ခုဖြင့် အစားထိုးခြင်း ခံလိုက်ရပါတော့်သည်။ ယင်းမှာထိတ်လန့်တုန်လှုပ်ခြင်းပင် ဖြစ်သည်။
စစ်ချန်သည် သူ့လက်ကလေးကို ပြန်ရုပ်သိမ်းလိုက်ပြီး ပတ်လည်ရှိ အလင်းရောင်များ တိတ်ဆိတ်စွာ ပျောက်ကွယ်သွားသည်။ သူက သူ့လက်ဖဝါးကို ပြန်ကြည့်လိုက်ပြီးနောက် ဦးလေးနှစ်ယောက်ကို မော့ကြည့်သည်။ သူ၏ ကြည်လင်သော မျက်လုံးများထဲတွင် စူးစမ်းလိုစိတ်လေးများဖြင့်ပြည့်နှက်လျှက်ရှိပါတော့သည်။
“ဒါ အမှန်ပဲလားဟင်။ သိပ်ပြီး မရှုပ်ထွေးလှဘူးပဲ”