လူသားခန္ဓာ၊ နတ်ဘုရားသဘာဝ
Vol. 1 Ch. 3
စစ်ချန်အတွက်တော့ ဤကိစ္စသည် ရှုပ်ထွေးလှသည် မဟုတ်ပေ။
ဝိညာဉ်အမြစ်ဆိုသည်ကား အဘယ်နည်း။ သာမန်လူသားတို့ ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်နှင့် ဆက်သွယ်ရန် အသုံးပြုသည့် တံတားတစ်ခုမျှသာ ဖြစ်သည်။ သို့သော် စစ်ချန်သည် တံတားတစ်စင်း မလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်သည် တစ်ချိန်က စွမ်းအင်တို့၏ မူလအစ ဖြစ်ခဲ့သောကြောင့်ပင်။
သူ့မျက်လုံးထဲတွင်တော့ ဒြပ်စင်ငါးပါးဝိညာဉ်အမြစ်ဖြစ်စေ၊ ရှားပါးဝိညာဉ်အမြစ်ဖြစ်စေ အနှစ်သာရအားဖြင့် ကွာခြားမှုမရှိပေ။
နေရောင်ခြည်သည် သလင်းတုံးတစ်ခုကို ဖြတ်သန်းသွားချိန်တွင် အရောင်ခုနစ်မျိုး ကွဲထွက်သွားသော်လည်း နေမင်းကြီးအတွက်မူ ၎င်းသည် ပြီးပြည့်စုံသော အလင်းရောင်တစ်ခုသာ ဖြစ်သည်။ မွေးရာပါပါရမီနှင့် ခန္ဓာကိုယ်ဖွဲ့စည်းပုံဆိုသည်မှာလည်း ထိုနည်းလည်းကောင်းပင်။
လူတွေပြောနေကြသည့် မြင့်မြတ်သောခန္ဓာ၊ တာအိုသန္ဓေသားဆိုသည်မှာလည်း အဆုံးသတ်တွင် သွေးနှင့်အသားဖြင့် တည်ဆောက်ထားသည့် ခန္ဓာကိုယ်တစ်ခုသာ ဖြစ်သည်။ သာမန်ရွှံ့အိုးနှင့် ကြွေအိုးတစ်လုံး ကွာခြားသကဲ့သို့ အရည်အသွေးနှင့် ပမာဏ အနည်းငယ် ကွာခြားရုံမှတစ်ပါး အခြားမရှိပေ။
သူသည် နှစ်သန်းပေါင်းများစွာ တည်ရှိခဲ့ဖူးသူဖြစ်ပြီး ကျင့်ကြံခြင်းစနစ်ပေါင်းများစွာ၏ မွေးဖွားခြင်းနှင့် ပျက်သုဉ်းခြင်းတို့ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ဖူးသည်။ မှော်ပညာ၊ သဘာဝလွန်စွမ်းအားများ၊ ယုံကြည်ကိုးကွယ်မှုများစွာတို့ကိုလည်း မြင်ဖူးပြီးသားပင်။ ယခုတွင် သူသည် ဤနုနယ်သော ခန္ဓာကိုယ်ခွံအတွင်း၌ ပိတ်မိနေသော်လည်း အချို့သော အနှစ်သာရများမှာ ပြောင်းလဲသွားခြင်း မရှိပေ။ လူသားများ အသက်ရှူရန် မမေ့လျော့သကဲ့သို့ ကြယ်တစ်ပွင့်သည်လည်း စွမ်းအင်ကို မည်သို့ ထိန်းချုပ်ရမည်ကို မေ့လျော့သွားခြင်း မရှိချေ။
ထို့ကြောင့် သူသည် ရိုးရှင်းစွာပင် သူ့ဦးလေးနှစ်ယောက် လုပ်ပြသွားသည့်အရာကို ကူးချလိုက်ခြင်း ဖြစ်သည်။ ထိုမျှမက မလိုအပ်သော အဆင့်အချို့ကိုပင် ဖြတ်တောက်၍ ပိုမိုကောင်းမွန်အောင် ပြုပြင်လိုက်သေး၏။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် လူအုပ်ကြီးထံမှ ဆူညံသံများ ပေါက်ကွဲထွက်ပေါ်လာသည်။
“မင်း... မင်း မြင်လိုက်လား”
“ဘာဖြစ်သွားတာလဲ။ ဒုတိယသခင်နဲ့ တတိယသခင်တောင် တစ်ခါပဲ လုပ်ပြရသေးတယ်၊ သခင်လေးက ချက်ချင်း တတ်မြောက်သွားတာလား”
ထိတ်လန့်ခြင်း၊ ဇဝေဇဝါဖြစ်ခြင်းနှင့် မယုံကြည်နိုင်ခြင်းများ ရောပြွမ်းနေသော အကြည့်များသည် ကွင်းပြင်အလယ်ရှိ ခန္ဓာကိုယ် သေးကွေးကွေးလေးထံသို့ တညီတညွတ်တည်း ကျရောက်နေကြသည်။
တတိယအဘိုး၏ ခြေထောက်များသည် တုန်ယင်နေခဲ့ပြီး မြေပြင်ပေါ်သို့ ပြုတ်ကျနေသည့် ဝိညာဉ်အမြစ်စမ်းသပ်ကျောက်တုံးကို မတော်တဆ ကန်မိလျက် အဝေးသို့ လွင့်စင်သွားစေသည်။ သို့သော် သူ သတိမထားမိပေ။
မိသားစုမှ အကြီးအကဲများသည် ဝမ်းသာအားရဖြစ်မှု၊ ကြောက်ရွံ့မှုနှင့် မယုံကြည်နိုင်မှုတို့ ရောထွေးနေသော မျက်နှာထားများဖြင့် ဝိုင်းအုံလာကြသည်။
“ခုနက ဘာဖြစ်သွားတာလဲ...”
“ဒါပေမဲ့... ဘာလို့ ဝိညာဉ်အမြစ်စမ်းသပ်ကျောက်တုံးက ဘာမှ မတုံ့ပြန်ရတာလဲ”
“ဒါကများ... မှတ်တမ်းမတင်ဖူးတဲ့ ပြိုင်ဘက်ကင်း ခန္ဓာကိုယ်ဖွဲ့စည်းပုံများ ဖြစ်နေမလား”
စစ်ခိုင်နှင့် ယဲ့ဖူတို့သည် ထိတ်လန့်မှုမှ သတိပြန်ဝင်လာကြပြီး အချင်းချင်း ကြည့်လိုက်ကြသည်။ ကနဦးတွင် သူတို့၏ မျက်လုံးများထဲ၌ ထိန်းချုပ်မရသော ဂုဏ်ယူဝင့်ကြွားမှုတစ်ခု ဝင်ရောက်လာသည်။ သူတို့၏သားသည် အလွန်အံ့မခန်းသော ပါရမီရှင်တစ်ယောက် ဖြစ်နေသည် မဟုတ်ပါလော။ သို့သော် ချက်ချင်းပင် ထိုဂုဏ်ယူမှုသည် နက်ရှိုင်းသော စိုးရိမ်ပူပန်မှုအလွှာဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ တောအုပ်ထဲတွင် အမြင့်ဆုံးထွက်နေသည့် သစ်ပင်သည် လေတိုက်ခြင်းကို ခံရစမြဲပင်။ ဤပါရမီသည် ကောင်းကင်ကို အန်တုလွန်းနေသည်။ စစ်မိသားစုသည် ကြီးမားသော်လည်း ပြိုင်ဘက်မရှိသည်တော့ မဟုတ်ပေ။ ဤသတင်းသာ ပျံ့နှံ့သွားပါက မနာလိုသူများ၏ ရန်မီးကို ဆွဲဆောင်သလို ဖြစ်လာနိုင်ပြီး အန္တရာယ်ရှိသူများ၏ လုပ်ကြံသတ်ဖြတ်မှုကိုပင် ခံရနိုင်ပေသည်။ ပါရမီရှင်တွေက အသက်တိုကြတယ်လေ။ စစ်ချန်သည် လူတိုင်း၏ တုံ့ပြန်မှုကို လိုက်လံကြည့်ရှုနေသည့်တိုင် သူ့အမေ ဘာကြောင့် စိုးရိမ်နေသလဲ၊ သူ့အဖေ ဘာကြောင့် သတိကြီးနေရသလဲဆိုသည်ကို သူ သိပ်နားမလည်ပေ။ သူက လူသားမဟုတ်ပဲ နေတစ်စင်းပင်မဟုတ်ပါလော။ သူ ခေါင်းငုံ့လိုက်ပြီး သူ့လက်သေးသေးလေးတွေကို ကြည့်လိုက်သည်။ သာမန်လူသား ကလေးငယ်တစ်ယောက်အဖြစ် ဟန်ဆောင်ရခြင်းသည် အခက်အခဲအဆင့် အလွန်မြင့်မားကြောင်း နောက်တစ်ကြိမ် အတည်ပြုလိုက်မိသည်။
ကြည့်ရတာ... ငါ ကိစ္စတွေကို ရှုပ်ထွေးအောင် လုပ်မိပြန်ပြီ ထင်တယ်။
သို့သော် ဤအခိုက်အတန့်တွင် အထိတ်လန့်ဆုံးသူများမှာ ဒုတိယဦးလေး စစ်ချယ်နှင့် တတိယဦးလေး စစ်ရွှေတို့ ဖြစ်ကြသည်။ သူတို့၏ မျက်နှာအမူအရာများမှာ သရဲတစ္ဆေ မြင်လိုက်ရသကဲ့သို့ ကွက်ကွက်ကွင်းကွင်း ဖြစ်နေကြသည်။
သူတို့ သရုပ်ပြခဲ့သည်မှာ အခြေခံဖြစ်သော်လည်း ၎င်းသည် ပြီးပြည့်စုံသော သိုင်းပညာရပ်တစ်ခုဖြစ်ပြီး ကျင့်ကြံမည့်သူ၌ သက်ဆိုင်ရာ ကျင့်ကြံခြင်းအဆင့် ရှိရန် လိုအပ်သည်။
ဒါပေမဲ့ စစ်ချန်က ကျင့်ကြံခြင်းတောင် မစရသေးဘူးလေ။ သူက ချီစုစည်းခြင်းအဆင့်တောင် မရောက်သေးဘူးလေ
“အားလုံးတိတ်ကြစမ်း”
တတိယအဘိုးသည် ဟိန်းဟောက်လိုက်သော်လည်း သူ့ရင်ထဲမှ လှိုင်းတံပိုးများကို အတင်းအကြပ် ဖိနှိပ်ထားရဟန်ရှိသည်။ သူ့မျက်နှာထားမှာ အလွန်လေးနက်နေ၏။
“ဒီနေ့ ဘိုးဘွားပိုင်ခန်းမရှေ့မှာ ဖြစ်ပျက်ခဲ့သမျှကို ဘယ်သူမှ ပြင်ပလူတွေကို တစ်ခွန်းမှ မဟရဘူး။ စည်းကမ်းချိုးဖောက်တဲ့သူကို မိသားစုသစ္စာဖောက်အဖြစ် သတ်မှတ်မယ်၊ နားလည်လား”
သူ့စကားနှင့်အတူ လေးလံသော ဖိအားတစ်ခု ကျရောက်လာရာ မိသားစုဝင်များ ချက်ချင်း တိတ်ဆိတ်သွားကြသည်။ အားလုံးက ကိစ္စ၏ လေးနက်မှုကို သဘောပေါက်သွားကြပြီး သဘောတူကြောင်း ဦးညွှတ်လိုက်ကြသည်။
ထိုအခါမှ စစ်ခိုင်သည် လက်ဝှေ့ယမ်းပြလိုက်ရာ မိသားစုဝင်အများစု ထွက်ခွာသွားကြသည်။ မကြာမီတွင် အဓိက အကြီးအကဲအနည်းငယ်နှင့် အရေးပါသူများသာ ကွင်းပြင်၌ ကျန်ရစ်တော့သည်။ ထိုအချိန်ကျမှ တတိယအဘိုးသည် စစ်ချန်အနီးသို့ အမြန်လျှောက်လာပြီး ဂရုတစိုက် ထိုင်ချလိုက်သည်။ သူ့အသံသည် သူကိုယ်တိုင်ပင် သတိမထားမိလောက်အောင် နူးညံ့နေခဲ့သည်။
“ချန်အာ... တတိယအဘိုးကို ပြောပါဦး၊ မြေး... မြေးလေး ဒါကို ဘယ်လိုလုပ်လိုက်တာလဲ”
စစ်ချန်သည် ကြည်လင်သော မျက်လုံးများဖြင့် မျက်တောင်ခတ်လိုက်ပြီး ကလေးဆန်သော အသံဖြင့် ပြန်ဖြေသည်။
“သားက ကြည့်ပြီး သင်လိုက်တာလေ။ ဒုတိယဦးလေးနဲ့ တတိယဦးလေးက ခုနကပဲ သင်ပေးလိုက်တယ် မဟုတ်ဘူးလား”
ဒုတိယဦးလေး၊ တတိယဦးလေး: “...” (ပြောစရာစကားပျောက်ဆုံးတာကို ဆိုလိုတာပါ)
ငါတို့ သင်ပေးတာ အဲဒီလို မဟုတ်ပါဘူးဟ
ဒုတိယဦးလေး စစ်ချယ်သည် မနေနိုင်တော့ဘဲ အလျင်စလို ဝင်ပြောသည်။
“မင်းက ကြည့်ရုံနဲ့ တတ်သွားတာလား။ ကျင့်စဉ်လမ်းကြောင်းကရော။ ဝိညာဉ်စွမ်းအင်တွေက သွေးကြောတွေထဲမှာ ဘယ်လို လည်ပတ်သွားလဲဆိုတာရော... မင်း ဘယ်လိုလုပ်တာလဲ၊ ဘယ်လိုနားလည်နိုင်တာလဲ”
စစ်ချန်၏ မျက်နှာသေးသေးလေးပေါ်တွင် မသိမသာ ရှုပ်ထွေးသွားသည့် အရိပ်အယောင် ပေါ်လာသည်။
“ကျင့်စဉ်လမ်းကြောင်းလား။ ဝိညာဉ်စွမ်းအင်က သူ့ဟာသူ ဘယ်သွားရမလဲဆိုတာ သူသိပါတယ်၊ အသက်ရှုသလိုပဲလေ”