ကောင်းကင်ကို အန်တုခြင်းလား
Vol. 1 Ch. 5
ရက်စွဲများမှာ တရွေ့ရွေ့ ကုန်ဆုံးလာခဲ့သည်။ စစ်ချန်သည်လည်းသာမန်ကလေးတစ်ယောက်အဖြစ် သရုပ်ဆောင်ရန် တဖြည်းဖြည်း သင်ယူလာခဲ့၏။
ကြယ်တစ်ပွင့်အဖြစ် တည်ရှိစဉ်က အချိန်ကာလများမှာ မျက်တောင်တစ်ခတ်အတွင်း ရာစုနှစ်ပေါင်းများစွာ ကုန်ဆုံးသွားတတ်သော်လည်း၊ လူသားတို့၏ အချိန်ကာလမှာမူ အလွန်ပင် ရှည်လျားလွန်းလှသည်။ အထူးသဖြင့် ကလေးဘဝအချိန်ကာလသည် တစ်ရက်ချင်းစီကို ထင်ထင်ရှားရှား ရေတွက်၍ ရနေခဲ့သည်။ ဤအချိန်ကာလသည် လူသားများအတွက် အလွန်ထူးခြားသော အဓိပ္ပာယ်ရှိနေ၍လား?
စစ်ချန်မှာ ထိုသို့ မကြာခဏ တွေးတောမိသည်။ ထို့ကြောင့်လည်း လူသားတို့၏ မှတ်ဉာဏ်မှာ ကလေးဘဝကို အထူးတလည် တန်ဖိုးထားနေကြခြင်း ဖြစ်ပေလိမ့်မည်။ ပါရမီစမ်းသပ်ပွဲ ဖြစ်ရပ်ပြီးနောက် မိသားစု၏ ကာကွယ်စောင့်ရှောက်မှုမှာ လုံခြုံရေး အထပ်ထပ် ဖြစ်လာခဲ့သည်။
တတိယဦးလေး စစ်ရွှေသည် စစ်ချန်၏ အရိပ်တစ်ခုကဲ့သို့ ဖြစ်လာခဲ့သည်။ ပွင့်လင်းရိုးသားလှသော ထိုလူကြီးမှာ ယခုမူ လူတိုင်းကို သံသယအကြည့်ဖြင့် ကြည့်တတ်လာပြီး မေးကြောများမှာလည်း အမြဲတစေတင်းမာနေခဲ့သည်။ အထူးသဖြင့် စစ်ချန်အား အခြားမြို့စားမျိုးနွယ်စုမှ ကလေးများနှင့် ဆော့ကစားရန် စီစဉ်ပေးသည့်အခါမျိုးတွင် ပို၍ ဆိုးလှသည်။
သူ၏ တူလေးမှာ သတိလက်လွတ်ဖြင့် အံ့အားသင့်စရာ နောက်ထပ် ကိစ္စတစ်ခုခု ထပ်လုပ်မိမည်ကို သူ အလွန်စိုးရိမ်နေခြင်း ဖြစ်သည်။
ဤသို့ အပေါ်ယံအားဖြင့် အေးချမ်းနေသည့် ကာလအတွင်းမှာပင် မိသားစုက စစ်ချန်ကို ဤကမ္ဘာ၏ ကျင့်ကြံခြင်းစနစ်နှင့် စတင်ထိတွေ့ခွင့် ပေးခဲ့သည်။
ကနဦးတွင် စစ်ချန်က မျှော်လင့်ချက် သိပ်မထားခဲ့ပေ။
သူသည် ယဉ်ကျေးမှုပေါင်းစုံ၏ စွမ်းအင်အသုံးချပုံ နည်းလမ်းများကို တွေ့မြင်ခဲ့ဖူးရာ၊ သူ့အမြင်တွင် ကျင့်ကြံခြင်း၏ အနှစ်သာရမှာ အတူတူပင် ဖြစ်သည်။
သို့သော် ထိုအတွေးမှာ မိသားစု၏ကျမ်းစာမော်ကွန်းတိုက်ရှိ ရှေးဟောင်းကျမ်းစာများထဲမှ ဘုံပြန်တက်ခြင်းဟူသော စကားလုံးနှစ်လုံးကို မတွေ့ခင်အထိသာဖြစ်သည်။
ဘုံပြန်တက်ခြင်းတဲ့လား
ဤကမ္ဘာမှ ထွက်ခွာသွားခြင်းလား။ ပိုမိုမြင့်မားသော အတိုင်းအတာ သို့မဟုတ် ဟာလာဟင်းလင်းပြင်တစ်ခုသို့ သွားခြင်းလား။
ဟင်းလင်းပြင်ကို ခွဲထွက်ခြင်း၊ မြင့်မြတ်စွာ ပျံတက်ခြင်း၊ အထက်ဘုံသို့ တက်လှမ်းခြင်း အမည်နာမများ ကွဲပြားနေသော်လည်း အနှစ်သာရမှာ ဤကမ္ဘာမှ ရုန်းထွက်ပြီး ပိုမို မြင့်မားသောနယ်ပယ်တစ်ခုသို့ ဝင်ရောက်ခြင်းပင်။
ထိုအခါ မေးခွန်းတစ်ခု ပေါ်လာသည်။
အကယ်၍ ဘုံပျံတက်ခြင်းမှာ ပိုမိုမြင့်မားသော နယ်ပယ်တစ်ခုသို့ သွားခြင်းဆိုလျှင်၊ သူ ကြယ်တစ်ပွင့်အဖြစ် တည်ရှိခဲ့သော နယ်ပယ်သည် ဤနေရာထက် ပိုမြင့်သလား၊ ပိုနိမ့်သလား။
ဤအတွေး ပေါ်လာသည်နှင့် သူ၏ စိတ်ထဲတွင် စွဲမြဲနေတော့သည်။
မကြုံစဖူးသော ဤစူးစမ်းလိုစိတ်ကြောင့် မိသားစုက စီစဉ်ပေးသည့် ကျင့်ကြံခြင်းလုပ်ငန်းစဉ်အပေါ် သူ ပထမဆုံးအကြိမ် အမှန်တကယ် စိတ်ဝင်စားလာခဲ့သည်။ သူ၏ ကျင့်ကြံခြင်းဖြစ်စဉ်မှာ အခြားသူများ၏ အမြင်တွင် ချောမွေ့ခြင်းဟု မဆိုသာတော့ဘဲ အံ့ဖွယ်ဟုသာ ခေါ်ဆိုရမည် ဖြစ်သည်။
မော်ကွန်းတိုက်ရှိ ကျင့်စဉ်များမှာ သူ့အတွက် လျှို့ဝှက်ချက် မဟုတ်ပေ။
အခြားသူများ အပတ်တကုတ် စဉ်းစားဆင်ခြင်နေရသည့် ချီလည်ပတ်မှုလမ်းကြောင်းများမှာလည်း သူ့မျက်လုံးထဲတွင် အပန်းမကြီးလှပေ။
သူ ပြောခဲ့ဖူးသလိုပင်... ဝိညာဉ်စွမ်းအင်က သူ့ဟာသူ ဘယ်သွားရမလဲ သိသည်မဟုတ်ပါလော။
ယနေ့တွင် စစ်ချန်အတွက် အထူးပြင်ဆင်ထားသော အခန်း၌တံခါးပိတ်ကျင့်ကြံခြင်းပြုလုပ်ရန် စီစဉ်ထားသည်။ တရားဝင် အကြောင်းပြချက်မှာ ဝိညာဉ်စွမ်းအင်ကို အာရုံခံရန်၊ချီကို ခန္ဓာကိုယ်ထဲသို့ ဆွဲသွင်းရန်နှင့် အခြေခံကို ခိုင်မာစေရန် ဖြစ်သည်။
ဤအတွက် မိသားစုက တတိယဦးလေး စစ်ရွှေအား အနားတွင် အစောင့်အကြပ်အဖြစ် ထားရှိပေးခဲ့သည်။
အကယ်၍ ပြင်ပလူများသာ ဤအစီအစဉ်ကို သိသွားပါက ပါးစပ်အဟောင်းသား ဖြစ်သွားကြပေလိမ့်မည်။ ချီစုစည်းခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်အတွက် အစောင့်အကြပ် လိုအပ်နေလို့လား
အခန်းအတွင်း၌ စစ်ချန်သည် တင်ပလ္လင်ခွေလျက် မျက်လုံးကို အသာလေး မှိတ်ထားသည်။
ပြင်ပလူများ ကြောက်ရွံ့ကြသည့် အတားအဆီးနှင့် ကျင့်စဉ်ပိတ်ဆို့မှုဆိုသည်မှာ သူ့အတွက်တော့ မရှိသလောက်ပင်။
ဝိညာဉ်စွမ်းအင်များသည် မြစ်ချောင်းပေါင်း တစ်ထောင် သမုဒ္ဒရာထဲသို့ စီးဝင်သကဲ့သို့ သူ၏ ခန္ဓာကိုယ်ငယ်လေးထဲသို့ အလိုအလျောက် တိုးဝင်လာကြသည်။ ဘာအတားအဆီးမျှ မရှိဘဲ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ဒုံးပျံကဲ့သို့ အရှိန်အဟုန်ဖြင့် တက်လှမ်းသွားတော့သည်။
ချီစုစည်းခြင်း အဆင့် ၁... အလိုအလျောက် အောင်မြင်သည်။
ချီစုစည်းခြင်း အဆင့် ၂... တစ်ခဏချင်း ဖြတ်ကျော်သည်။ ... သူသည် ဘာကမျှ တားဆီး၍မရဘဲ ချီစုစည်းခြင်း အဆင့်၉အထိ တောက်လျှောက် တက်လှမ်းသွားခဲ့သည်။
နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့်ဟူသော နယ်နိမိတ်ကို ထိတွေ့တော့မည်ဟု သူ ခံစားလိုက်ရသည်။
သို့သော် ထိုအချိန်မှာပင် သူ့မိခင်၏ မှာကြားချက်နှင့်သာမန်ကလေးတစ်ယောက်၏ ပုံစံကို သူ သတိရလိုက်သည်။
သာမန်ကလေးတစ်ယောက် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရန် အချိန်မည်မျှ ကြာသနည်း။ တစ်နာရီလား၊ နှစ်နာရီလား။ သူ သိပ်မသေချာပေ။
ထိုသို့ တွေးမိသည်နှင့် စစ်ချန်သည် စုဝေးနေသော ဝိညာဉ်စွမ်းအင်များကို ချက်ချင်းပင် ခွဲချလိုက်ပြီး သူ၏ ကျင့်ကြံခြင်းအဆင့်ကို ချီစုစည်းခြင်း အဆင့် ၉မှာပင် ထိန်းထားလိုက်သည်။ ဤမျှဆိုလျှင် အတော်လေး ထူးချွန်သောသာမန်ကလေးတစ်ယောက်၏ စွမ်းဆောင်ရည် ဖြစ်လိမ့်မည်ဟု သူ ယူဆလိုက်သည်။
သူသည် ကျင့်ကြံခြင်းအခန်းထဲတွင် ဟိုဒီလျှောက်ကာ အချိန်အနည်းငယ် ထပ်ဖြုန်းလိုက်သည်။ အချိန်အတန်ကုန်ဆုံးသွားပြီဟု ယူဆရချိန်မှ မတ်တပ်ထရပ်ကာ အခန်းတံခါးကို တွန်းဖွင့်လိုက်သည်။
တံခါးအပြင်ဘက်တွင် တတိယဦးလေး စစ်ရွှေသည် နံရံကို မှီလျက် ပျင်းရိစွာ သမ်းဝေနေပြီး မျက်လုံးထောင့်တွင် မျက်ရည်စများပင် ထွက်နေသည်။
စစ်ချန် ထွက်လာသည်ကို မြင်သောအခါ သူက အသာအယာ ခေါင်းလှည့်ကြည့်ပြီး ဗလုံးဗထွေး ပြောသည် ။
“ချန်အာ... ဘာလို့ ဒီလောက် မြန်မြန် ထွက်လာတာလဲ။ ဒါ ပထမဆုံးအကြိမ်ဆိုတော့ ချီ ကို အာရုံခံနိုင်ရင်ပဲ အောင်မြင်မှုတစ်ခုပဲ။အခုဆို ချီစုစည်းခြင်း အဆင့်၁ လောက်တော့ ရလောက်ပြီ မဟုတ်လား။ အခြေခံကို ခိုင်မာအောင် လုပ်ဦးနော်...”
စစ်ချန်က မော့ကြည့်ပြီး သူ၏ တည်ငြိမ်လှသော ကလေးသံဖြင့် ပြင်ပေးလိုက်သည်။
“တတိယဦးလေး... အဆင့်၉ကို ရောက်ပါပြီဗျ”
တတိယဦးလေးက ဂရုမစိုက်သလို ခေါင်းညိတ်သည်
“အင်း... အဆင့် ၉ကလည်း မဆိုးပါဘူး... အဆင့် ၉... နေဦး၊ ဘယ်လောက် ပြောလိုက်တာလဲ?!”
သူ့မျက်လုံးများမှာ သပိတ်လုံးကြီးများကဲ့သို့ ပြူးကျယ်သွားပြီး စစ်ချန်ကို အထက်အောက် စုန်ဆန်ကြည့်လေတော့သည်။
သူသည် ချက်ချင်းပင် ဝိညာဉ်အာရုံသုံး၍ စမ်းသပ်ကြည့်သည်။ သူ၏ တူလေးထံမှ ထွက်ပေါ်နေသော ဝိညာဉ်စွမ်းအင် တုန်ခါမှုမှာ အလွန်သိပ်သည်း ခိုင်မာနေပြီး အပြင်သို့ပင် လျှံထွက်လုနီးပါး ဖြစ်နေသည်။ ၎င်းမှာ ချီစုစည်းခြင်း အဆင့်၉၏ အမြင့်ဆုံးအဆင့်ဖြစ်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရန် ဆံခြည်တစ်မျှင်သာ လိုတော့သည့် အခြေအနေပင်!
ဒါပေမဲ့ အချိန်က ဘယ်လောက်ပဲ ကုန်သွားလို့လဲ။ တစ်နာရီပဲ ရှိသေးတယ်! အခြားကလေးတွေဆို ချီ ကို ခန္ဓာကိုယ်ထဲ ဆွဲသွင်းနိုင်ဖို့တင် သုံးရက်ကနေ ငါးရက်အထိ ကြာတတ်တာ။ ပါရမီညံ့ရင် လနဲ့ချီပြီးတောင် ကြာတတ်တယ်!
ဒါကို သူက... အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်လုနီးပါး ဖြစ်နေပြီလား။ မြတ်စွာဘုရား..