အခန်း (၁၀)
Vol. 1 Ch. 10
စစ်ရွှေသည် တူဖြစ်သူ၏ ကြည်လင်ပြီး တုန်လှုပ်မှု မရှိသော မျက်လုံးများကို ကြည့်ကာ ရင်ထဲတွင် မတတ်သာသော ခံစားချက်တစ်ခု တက်လာသည်။
ထားလိုက်ပါတော့၊ ဧကရာဇ်က မပူရဘဲ မိဖုရားက ပူနေရသလို ဖြစ်နေပြီ။ သူ မျက်နှာကို လက်ကြမ်းကြီးများနှင့်ပွတ်သပ်လိုက်ပြီး လက်ကို စိတ်ပျက်လက်ပျက် ဝှေ့ယမ်းလိုက်သည်
“ကောင်းပြီ၊ ကောင်းပြီ... မင်းက တော်တယ်ကွာ၊ မင်းသဘောအတိုင်းပဲ လုပ် တတိယဦးလေး ဘာလုပ်ပေးရမလဲ”
စစ်ချန် ခေါင်းခါလိုက်သည်
“တတိယဦးလေး... ပြီးခဲ့တဲ့ အခေါက်လိုပါပဲ၊ ဘယ်သူ့ကိုမှ မနှောင့်ယှက်စေနဲ့”
ပြောပြီးသည်နှင့် သူ ထရပ်ကာ တိတ်ဆိတ်သည့်အခန်းတခန်းဆီသို့ ကိုယ်တိုင် လျှောက်သွားလိုက်သည်။ တံခါးပိတ်လိုက်သည်နှင့် သီးသန့် အခြေခံတည်ဆောက်ခြင်းဆိုသည်မှာ တရားဝင် စတင်လေပြီ။
စစ်ရွှေသည် တံခါးအပြင်ဘက်တွင် စောင့်နေပြီး လက်နောက်ပစ်ကာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။ အတွင်းမှ လှုပ်ရှားမှုများကို နားစွင့်နေရင်း၊ လွန်ခဲ့သော နှစ်ပေါင်းများစွာက သူကိုယ်တိုင် အခြေခံတည်ဆောက်စဉ်ကထက် အဆတစ်ရာလောက် ပိုပြီး စိတ်လှုပ်ရှားနေသည်။
သူ အကာအကွယ် အစီအရင်ကို ခင်းကျင်းလို့ပင် မပြီးသေးခင်မှာ တိတ်ဆိတ်ဆောင်၏ တံခါးမှာ ကျွီ ခနဲ ပွင့်လာသည်။
“တတိယဦးလေး... သား ပြီးပြီ”
“ပြီး... ပြီးပြီတဲ့လား သောက်ကျိုးနည်း” သူက မသိစိတ်ဖြင့် လိုက်ရွတ်လိုက်မိပြီး ဝိညာဉ်အာရုံဖြင့် လှမ်းစစ်ဆေးလိုက်သည်။ သူ ကြောင်အသွားသည်
တူဖြစ်သူ၏ အရှိန်အဝါမှာ အမှန်တကယ်ပင် ပြီးပြည့်စုံစွာ တည်ငြိမ်နေပြီး ဝိညာဉ်စွမ်းအင် တုန်ခါမှုများမှာလည်း အခြေခံတည်ဆောက်ခြင်း အစောပိုင်းအဆင့်သို့ ရောက်နေကြောင်း ထင်ရှားသည်။ ထို့ပြင် သူ၏ အခြေခံမှာ သာမန် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများထက် များစွာ နက်ရှိုင်းနေသေးသည်။
သူ စိတ်ကူးထားသည့် လေမုန်တိုင်းများ၊ တိမ်တိုက်များ လှုပ်ခတ်မှုများ၊ ဝိညာဉ်စွမ်းအင်များ စီးဝင်မှုများ ဘယ်ရောက်သွားသနည်း။ သူ စိုးရိမ်ခဲ့သည့် မတည်မငြိမ်သော အခြေခံများနှင့် ခက်ခဲသော အဆင့်ဖြတ်ကျော်မှုများ ဘယ်ရောက်သွားသနည်း။
အကြောင်းအရင်း မသိရဘဲ၊ အခြေခံတည်ဆောက်ခြင်းအတွက် ရုန်းကန်နေရသော လောကကြီးထဲက ကျင့်ကြံသူအားလုံးအတွက် သူ ရုတ်တရက် ငိုချင်သွားသည်။
သူ့ကိုယ်သူ အပါအဝင်ပေါ့။
ခုနစ်နှစ်သားအရွယ်နှင့် အခြေခံတည်ဆောက်ခြင်း အောင်မြင်ခြင်း
ဤသတင်းသည် တိမ်ပန်းကံ့ကော်မြို့တစ်ခွင် တောမီးလောင်သကဲ့သို့ ပျံ့နှံ့သွားပြီး နောက်ထပ် လှုပ်ခတ်မှုကြီးတစ်ခု ဖြစ်စေခဲ့သည်။
ချီစုစည်းခြင်း အဆင့်၃ သို့ ရောက်ရှိခြင်းကို အရင်းအမြစ်များ စုပုံအသုံးပြုခြင်းဖြင့် ရှင်းပြနိုင်သော်လည်း၊ ခုနစ်နှစ်သားအရွယ်နှင့် အခြေခံတည်ဆောက်ခြင်း အောင်မြင်ခြင်းကတော့ တိမ်ပန်းကံ့ကော်မြို့ရှိ ကျင့်ကြံသူများ၏ နားလည်မှုကို လုံးဝ ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေခဲ့သည်။
စစ်ရွှေ၏ တိတ်တဆိတ် ခွင့်ပြုချက်ဖြင့် ဤသတင်းကို အလွန်အမင်း ဖုံးကွယ်မထားခဲ့ပေ။ ဘာပဲဖြစ်ဖြစ် ဒါကပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် ဖြစ်သင့်သည့် ပုံစံပဲလေ။
ယခင်ကတစ်ရက်တည်းနှင့် အဆင့်၃ဆင့်ကို အရင်းအမြစ် စုပုံခြင်းနှင့် မိသားစု အရှိန်အဝါဖြင့် ရှင်းပြနိုင်လျှင်၊ ခုနစ်နှစ်နှင့် အခြေခံတည်ဆောက်ခြင်းကိုတက်လှမ်းနိုင်တာကရော ဘယ်လို ပြောမလဲ။
ဤအရာကို ပါရမီရှင်ဟူသော စကားလုံးဖြင့် ဖော်ပြ၍ မရနိုင်တော့ပေ။ ဤသည်မှာ အံ့ဖွယ်လူသား၊ ဒဏ္ဍာရီတစ်ပုဒ်အဆင့်သို့ရောက်သွားခဲ့ပြီး တိမ်ပန်းကံ့ကော်မြို့ကဲ့သို့ နေရာမျိုးတွင် စိတ်ကူး၍ပင် မရနိုင်သော အရာဖြစ်သည်။
ရလဒ်အနေဖြင့် ဂုဏ်ပြုစကားလာပြောသူများ ပိုမို များပြားလာပြီး သူ့ကို ချီးကျူးစကားများမှာလည်း မြစ်ရေစီးဆင်းသလို အဆက်မပြတ်စီးဆင်းလျှံထွက်နေခဲ့တော့သည်။
“သခင်လေးက တကယ့်ကို ကောင်းကင်ဘုံက စေလွှတ်လိုက်တဲ့ ပါရမီရှင်ပဲ၊ သမိုင်းမှာ မကြုံစဖူးဘူး”
“ခုနစ်နှစ်နဲ့ အခြေခံတည်ဆောက်တာ၊ ကြားတောင် မကြားဖူးဘူး! သေချာပေါက် ကောင်းကင်ဘုံကိုးလွှာကို ပျံတက်မယ့် စစ်မှန်တဲ့ နဂါးတစ်ကောင် ဖြစ်လာမှာ”
စစ်ချန်သည် မကြာမီတွင် ပုံစံသစ်တစ်ခုကို တွေ့ရှိလိုက်သည်
လူတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့် မြင့်လေလေ၊ သူ့အပေါ် ပိုပြီး ယဉ်ကျေးလေလေ ဖြစ်ပြီး၊ သူတို့၏ စကားလုံးများက ပိုပြီး နှိမ့်ချလေလေ ဖြစ်ပုံရသည်။
ချန်မိသားစုမှ အကြီးအကဲတစ်ဦး လာရောက် လည်ပတ်သည်။ ထိုလူကြီး၏ အရှိန်အဝါမှာ နက်ရှိုင်းပြီး၊ တစ်ဖက်လူ၏ ကျင့်ကြံခြင်းအဆင့်မှာ သူ့ထက် များစွာ မြင့်မားကြောင်း စစ်ချန် ခံစားမိသည်။
သို့သော် ဤအကြီးအကဲသည် စစ်ရွှေနှင့် ရင်ဆိုင်ရာတွင်သော်လည်းကောင်း၊ အထူးသဖြင့် အခြေခံတည်ဆောက်ခြင်း အောင်မြင်ကာစ စစ်ချန်နှင့် ရင်ဆိုင်ရာတွင်သော်လည်းကောင်း ဒီလူအိုကြီးက ရှက်မိပါတယ်၊ ကျွန်တော့်ရဲ့ ကျင့်ကြံမှုက တိမ်ကောပါတယ်၊ စီနီယာနဲ့ သခင်လေးရှေ့မှာ ကြွားဝါရဲခြင်း မရှိပါဘူး စသည်ဖြင့် ထပ်ခါတလဲလဲ ပြောဆိုနေသည်။
စစ်ချန် တိတ်ဆိတ်စွာ နားထောင်နေသည်။
ဪ... ကျင့်ကြံခြင်းအဆင့် မြင့်တဲ့သူတွေက နိမ့်တဲ့သူတွေနဲ့ စကားပြောရင် ကိုယ့်ကိုယ်ကိုယ် ဒီလူအိုကြီးလို့ ရည်ညွှန်းပြီး ကျင့်ကြံမှု တိမ်ကောပါတယ်လို့ ဝန်ခံရတာကိုး။
ခဏအကြာတွင် ဝမ်မိသားစုခေါင်းဆောင်က ရှားပါးသော ဝိညာဉ်သစ်သီး တစ်သုတ်ကို ကိုယ်တိုင် လာပို့ပြီး လေးလေးနက်နက် ပြောသည်
“ဒါတွေက အသေးအဖွဲ လက်ဆောင်တွေပါ၊ လေးစားမှုနဲ့ မတန်ပါဘူး၊ တကယ့်ကို မပြဝံ့စရာတွေပါ။ တတိယသခင်နဲ့ သခင်လေးတို့ မငြင်းပယ်ဖို့ မျှော်လင့်ပါတယ်”
စစ်ချန်သည် ဝိညာဉ်စွမ်းအင်များ ကြွယ်ဝပြီး တန်ဖိုးကြီးမှန်း သိသာလှသော ဝိညာဉ်သစ်သီးများကို ကြည့်လိုက်၊ ပြီးနောက် ဝမ်မိသားစုခေါင်းဆောင်၏ ရှက်ရွံ့နေသော မျက်နှာကို ကြည့်လိုက် လုပ်နေသည်။
ဪ... တန်ဖိုးကြီး လက်ဆောင်တွေ ပေးတဲ့အခါ လက်ဆောင်ရဲ့ တန်ဖိုးကို လျှော့ချပြောရပြီး အသေးအဖွဲ လက်ဆောင်သို့မဟုတ် မပြဝံ့စရာလို့ ခေါ်ရတာကိုး။
လူသားတွေမှာ မိမိကိုယ်ကို နှိမ့်ချခြင်းဆိုတဲ့ အလေ့အထ ရှိပုံရတယ်။ ယဉ်ကျေးမှုကို ပြသဖို့အတွက် သူတို့ရဲ့ ကိုယ်ပိုင်အင်အား ဒါမှမဟုတ် ပိုင်ဆိုင်မှုတွေကို တမင်တကာ လျှော့ချပြောဆိုကြတယ်။ဒီစည်းမျဉ်းသစ်ကို သူ နားလည်ပြီဟု ယုံကြည်လိုက်သည်။
အခွင့်အရေးက မကြာမီ ရောက်လာသည်။ ထိုညနေခင်းတွင် လီမိသားစုက စစ်ချန်နှင့် သူ့တတိယဦးလေးအတွက် စားပွဲသောက်ပွဲ ကျင်းပပေးပြီး၊ တိမ်ပန်းကံ့ကော်မြို့၏ အရေးပါသော ပုဂ္ဂိုလ်အားလုံးနီးပါး တက်ရောက်ကြသည်။
အခြေခံတည်ဆောက်ခြင်းဆေးလုံး လာပို့ခဲ့သော လီမိသားစုခေါင်းဆောင်ကို စစ်ချန် နောက်တစ်ကြိမ် တွေ့လိုက်ရသည်။ သူ့ကို မြင်သည်နှင့် ထိုလူကြီး၏ မျက်နှာမှာ နီရဲတောက်ပလာပြီး ရှေ့ထွက်ကာ ကျယ်လောင်စွာ ချီးကျူးလေတော့သည်
“သခင်လေးက တကယ့်ကို ပြိုင်ဘက်ကင်း ပါရမီရှင်ပါပဲ! ခုနစ်နှစ်နဲ့ အခြေခံတည်ဆောက်တာက ရှေးခေတ်ကော ယခုခေတ်မှာပါ ရှားပါးပါတယ်။ ကောင်းကင်ဘုံကိုးလွှာအနှံ့ နာမည်ကျော်ကြားလာမှာ သေချာပါတယ်”
စစ်ချန်သည် သူ ခုနကမှ အနှစ်ချုပ်ထားသော မိမိကိုယ်ကို နှိမ့်ချခြင်းစည်းမျဉ်းကို သတိရသွားပြီး ယဉ်ကျေးစွာ ပြန်လည် တုံ့ပြန်သင့်သည်ဟု ယုံကြည်လိုက်သည်။
သူ ထရပ်လိုက်ပြီး မျက်နှာသေးသေးလေးကို မော့ကာ၊ သူ့ကဲ့သို့ ထူးခြားသော လေးနက်သည့် လေသံဖြင့် စကားလုံးတိုင်းကို ပြတ်သားစွာ ပြောလိုက်သည်
“လီမျိုးနွယ်စုခေါင်းဆောင်က ကျွန်တော့်ကို ချီးကျူးလွန်းပါပြီ။ ဒီဂျူနီယာရဲ့ အရည်အချင်းက ထိုင်းမှိုင်းပါတယ်။ ကံကောင်းလို့သာ အခြေခံတည်ဆောက်ခြင်း အောင်မြင်ခဲ့တာပါ၊ တကယ့်ကို ပြောပလောက်စရာ မရှိပါဘူး”
ခုနစ်နှစ်နဲ့ အခြေခံတည်ဆောက်တာ... အရည်အချင်းက... ထိုင်းမှိုင်းတယ်တဲ့လား
လီမျိုးနွယ်စုခေါင်းဆောင်၏ ပြုံးနေသော မျက်နှာမှာ ချက်ချင်း အေးခဲသွားပြီး ပါးစပ်အနည်းငယ် တွန့်ရွံ့သွားသည်။
စစ်ချန်သည် လီမျိုးနွယ်စုခေါင်းဆောင်၏ အံ့ဩဖွယ် ရှုပ်ထွေးနေသော မျက်နှာအမူအရာကို ကြည့်ရင်း၊ ကြည်လင်သော မျက်လုံးများထဲတွင် ဇဝေဇဝါ အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
သူ့ရဲ့ မိမိကိုယ်ကို နှိမ့်ချမှုက မလုံလောက်သေးလို့လား?
ချန်မိသားစုအကြီးအကဲနှင့် ဝမ်မိသားစုခေါင်းဆောင်တို့၏ စကားအသုံးအနှုန်းများကို ပြန်စဉ်းစားကြည့်ပြီး သူ သိပ်နားမလည်သေးဘူးဟု ခံစားလိုက်ရသည်။
ထို့ကြောင့် စဉ်ဆက်မပြတ် တိုးတက်လိုစိတ်ဖြင့်၊ သူက နောက်ထပ် စာကြောင်းတစ်ကြောင်းကို လေးလေးနက်နက် ထပ်ဖြည့်လိုက်ပြီး ဤသင်ယူခါစ လူမှုရေးကျင့်ဝတ်ကို ပိုမိုကောင်းမွန်အောင် အကောင်အထည်ဖော်ရန် ကြိုးစားလိုက်သည်
“အထူးသဖြင့် ခင်ဗျားရဲ့ လေးစားရတဲ့ သားနဲ့ ယှဉ်လိုက်ရင်... ဒီလူအိုကြီးက သူ့ရဲ့ နိမ့်ကျမှုအတွက် ပိုပြီးတောင် ရှက်မိပါတယ်”
“ဖူးးးးး”
ဒီတစ်ခါတော့ တစ်စုံတစ်ယောက်က မထိန်းနိုင်တော့ဘဲ အသံထွက်အောင် ရယ်မောလိုက်ပြီး ချက်ချင်းပင် ပါးစပ်ကို ပြန်အုပ်လိုက်သည်။
စစ်ချန်က လမ်းမပေါ်တွင် ယဉ်ကျေးရန်ပညာပေးခဲ့ဖူးသော လူငယ်လေးဖြစ်သည့် လီမိသားစု သခင်လေးမျက်နှာမှာ ချက်ချင်းပင် အသည်းရောင်သွားသကဲ့သို့ မဲမှောင်သွားခဲ့ပါတော့သည်။
စစ်ရွှေသည် မျက်နှာကို လက်ဖြင့် အုပ်လိုက်ပြီး ဆက်မကြည့်နိုင်တော့ပေ။ သူ အမြန် ရှေ့တိုးကာ အခြေအနေကို နားမလည်သေးသော စစ်ချန်ကို ဂျိုင်းအောက်တွင် ညှပ်၍ ပွေ့ချီလိုက်ပြီး လူတိုင်းကို ခြောက်ကပ်ကပ် ရယ်သံဖြင့် ပြောလိုက်သည်
“ကလေးက စကားသိပ်မပြောတတ်လို့ပါ ဟားဟား... လူတိုင်း ဆက်ပျော်ကြပါ၊ ဆက်ပျော်ကြပါ!”
သူသည် စားပွဲသောက်ပွဲ ခန်းမထဲမှ ထွက်ပြေးလုနီးပါး ထွက်ခွာသွားတော့သည်။
ထို့ကြောင့် တိမ်ပန်းကံ့ကော်မြို့အတွင်း၌ စစ်မိသားစု သခင်လေးအကြောင်း ဒဏ္ဍာရီအသစ်များ တိတ်တဆိတ် ပျံ့နှံ့လာခဲ့သည်။ သူက ယဉ်ကျေးသိမ်မွေ့ပြီး ကြင်နာတတ်သူဖြစ်ရုံသာမက လျှာစောင်းထက်သူနှင့် အံ့အားသင့်ဖွယ် မှတ်ချက်များ ပေးတတ်သူလည်း ဖြစ်သည်ဟူ၍ပင်...