အခန်း (၁၂)
Vol. 2 Ch. 12
နေသာသော နေ့လယ်ခင်းတစ်ခုတွင်
စစ်ချန်သည် တတိယဦးလေးနှင့်အတူ အသိအမြင် တိုးပွားစေရန် မြို့၏ အကြီးဆုံးဖြစ်သော ရတနာတစ်သောင်းမျှော်စင်သို့ လှည့်လည်ကြည့်ရှုရန် ရောက်ရှိနေသည်။
ပထမထပ်ရှိ ဘေးခန်းမတစ်ခုသို့ ရောက်သောအခါ ပရဟိတ လေလံပွဲအသေးစားလေး တစ်ခု ကျင်းပနေသည်ကို တွေ့လိုက်ရသည်။ ရရှိလာသော အမြတ်ငွေများကို အဆင့်နိမ့် သားရဲကောင်များ၏ တိုက်ခိုက်မှုကြောင့် နေအိမ်များ ပျက်စီးသွားသော ဒုက္ခသည် သာမန်လူသားများကို ကူညီရန် ရည်ရွယ်သည်။
အခမ်းအနားမှူး ကျင့်ကြံသူက ဝမ်းနည်းပက်လက် အသံဖြင့် အဖြစ်ဆိုးကို ပြောပြနေသည်
“တောင်ဘက်က သာမန်သေမျိုးလူသား မြို့နယ်တချို့ ဘေးဒုက္ခ ကြုံတွေ့ခဲ့ရပါတယ်။ လယ်ယာတွေ၊ အိမ်တွေ ပျက်စီးပြီး ထိခိုက်သေဆုံးသူတွေလည်း အများကြီးပါ” ဟု ဆိုကာ တက်ရောက်လာကြသော တာအိုရောင်းရင်းများကို ရက်ရက်ရောရော လှူဒါန်းကူညီကြရန် မေတ္တာရပ်ခံနေသည်။
စစ်ချန် တိတ်ဆိတ်စွာ နားထောင်နေသည်။
တစ်စုံတစ်ယောက်က တန်ဖိုးကြီးပစ္စည်းများ၊ အထူးသဖြင့် ပမာဏများများ လှူဒါန်းလိုက်တိုင်း ပတ်ဝန်းကျင်မှ အကြည့်များမှာ အသိအမှတ်ပြုမှုများဖြင့် ပြည့်နှက်သွားသည်ကို သူ သတိထားမိသည်။ အသက်ကြီးပြီဖြစ်သော အခမ်းအနားမှူး ကျင့်ကြံသူကလည်း ခါးကိုင်းဦးညွှတ်ကာ အလှူရှင်ကို သူတော်ကောင်းဟု ခေါ်ဆိုပြီး လေးလေးနက်နက် ကျေးဇူးတင်စကား ဆိုတတ်သည်။
စစ်ချန်လေးသည် ဤအချက်ကို စူးရှစွာ ဖမ်းဆုပ်လိုက်သည်။
“တတိယဦးလေး”
သူက တတိယဦးလေး၏ အင်္ကျီလက်စွန်းကို ဆွဲကာ ဟိုဘက်ကို လက်ညှိုးထိုးပြသည်
“သူတို့ ဘာလုပ်နေကြတာလဲဟင်?”
“ဪ အဲဒါလား” တတိယဦးလေးက လှမ်းကြည့်လိုက်ပြီး
“သူတို့က ကုသိုလ်ကောင်းမှု လုပ်နေကြတာလေ။ သာမန်လူတွေကို ကူညီတယ်၊ ကုသိုလ်တရားတွေကို စုဆောင်းတယ်၊ ပြီးတော့ ဂုဏ်သတင်းလေး နည်းနည်း ရယူတာပေါ့”
“ကုသိုလ်ကောင်းမှု လုပ်တာက သီလယဉ်ကျေးမှု တစ်မျိုးပဲလား” စစ်ချန်က ထပ်မေးသည်။
“သေချာတာပေါ့”
တတိယဦးလေးက အတည်ပြုသည်
“ရက်ရက်ရောရော လှူဒါန်းပြီး ဒုက္ခရောက်နေသူတွေကို ကူညီတာ အဲဒါက ကြီးမြတ်တဲ့ သီလပဲ”
သူက အခွင့်ကောင်းယူပြီး တူဖြစ်သူကို ဆုံးမစကား ပြောလိုက်သည်၊ ကလေးအနေဖြင့် လူသားဆန်သော စာနာစိတ်အနည်းငယ် ရရှိသွားလိမ့်မည်ဟု မျှော်လင့်ရင်းပေါ့။ အခွင့်အရေးရတုန်း သူ့တူ မကောင်းဆိုးဝါးလေးကို သူက ဆရာလုပ်ချင်တာလည်း ပါတာပေါ့ အဟမ်း။
“ရက်ရက်ရောရော လှူဒါန်းတာ” စစ်ချန် တိုးတိုးလေး လိုက်ရွတ်သည်။
ယဉ်ကျေးခြင်းနှင့် နှိမ့်ချခြင်း အပြင်၊ နောက်ထပ် လူသားဖြစ်ရန် လိုက်နာရမည့် သီလစည်းမျဉ်းအသစ်တစ်ခုကို သူ ဖွင့်လှစ်လိုက်နိုင်ပြီဟု စစ်ချန်ခံစားလိုက်ရသည်။
ရက်ရောခြင်းတဲ့လား သူ ထိုသို့ တွေးလိုက်သည်။
ထို့ကြောင့် တတိယဦးလေး ဘာမှ မလုပ်နိုင်ခင်မှာပင် စစ်ချန်သည် အခမ်းအနားမှူး အဘိုးအို၏ ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူက ခေါင်းမော့လိုက်ပြီး ထိုအံ့မခန်း ကြီးမားသော သိုလှောင်လက်စွပ်ထဲမှ ဝိညာဉ်ကျောက်တုံးများကို စတင် ဆွဲထုတ်လိုက်သည်။ သူက အဆင့်မြင့်ကျောက်တုံး သို့မဟုတ် အဆင့်နိမ့်ကျောက်တုံးဆိုတာကို နားမလည်ပေ။
အခြားသူများ လှူဒါန်းထားသည်နှင့် အရွယ်အစား၊ ပုံပန်းသဏ္ဌာန် တူညီသော ကျောက်တုံးများကို ရွေးထုတ်လိုက်ရုံသာ။
အနည်းငယ် သို့မဟုတ် ဒါဇင်ချီရုံမျှ မဟုတ်ဘဲ၊ ဂလောက် ခနဲ အသံမြည်လျက် ရေလို စီးကျလာရာ မကြာမီတွင် ကျောက်တုံးတောင်ပူစာငယ်လေး တစ်ခု ဖြစ်သွားသည်။ ရှိနေသမျှ တစ်ကိုယ်တော် ကျင့်ကြံသူများအားလုံး မနာလိုစိတ်ဖြင့် မျက်နှာစိမ်းသွားစေပြီး ရင်တဒိန်းဒိန်း ခုန်သွားစေလောက်သည့် ပမာဏပင်။ အကြမ်းဖျင်း ခန့်မှန်းရလျှင် ဝိညာဉ်ကျောက်တုံး ငါးထောင်ထက် မနည်းပေ။
အခမ်းအနားမှူး အဘိုးအို၏ မျက်လုံးများ ပြူးကျယ်သွားပြီး အသံများ တုန်ရီနေသည်
“သ သခင်လေး ဒ ဒါက များလွန်းပါတယ်”
စစ်ချန်က သူ့ကို ကြည့်လိုက်ပြီး သူ ယခင်က သင်ယူခဲ့သော စည်းမျဉ်းကို ပြန်သတိရလိုက်သည်
တန်ဖိုးကြီး လက်ဆောင် ပေးသည့်အခါ လက်ဆောင်၏ တန်ဖိုးကို နှိမ့်ချ ပြောဆိုရမည်။
သူက ဝမ်မိသားစုခေါင်းဆောင်၏ လေသံကို အတုယူလိုက်ပြီး၊ မျက်နှာလေးကို တည်ထားကာ သူ့စကားလုံးများ လုံလောက်အောင် နှိမ့်ချမှု ရှိစေရန် ကြိုးစားလိုက်သည်
“သေးငယ်ပြီး အရေးမပါတဲ့ လက်ဆောင်လေးပါ၊ လေးစားမှုနဲ့ မတန်ပါဘူး၊ တကယ့်ကို ပေးစရာ မရှိလို့ပါ။ ကျေးဇူးပြုပြီး အထင်မသေးပါနဲ့”
အခမ်းအနားမှူး အဘိုးအိုသည် သူ့ရှေ့ရှိ ဝိညာဉ်ကျောက်တုံး တောင်ပုံရာပုံကို ကြည့်လိုက်၊ ပြီးနောက် “ပေးစရာ မရှိလို့ပါ” ဟူသော စကားကို ကြားလိုက်ရချိန်တွင် သူ့မျက်နှာထားမှာ လုံးဝ အေးခဲသွားသည်။
ခဏကြာမှ သတိပြန်ဝင်လာပြီး ထပ်ခါတလဲလဲ ဦးညွှတ်လေတော့သည်
“သူတော်ကောင်း သူတော်ကောင်းကြီး ဒီကံဆိုးသူတွေကိုယ်စား သခင်လေးရဲ့ ကောင်းကင်ဘုံနဲ့တူတဲ့ ကျေးဇူးတရားကို ဒီလူအိုကြီးက ကျေးဇူးတင်ပါတယ်”
ပတ်ဝန်းကျင်တစ်ခုလုံး ခဏတာ တိတ်ဆိတ်သွားပြီးနောက် ချီးကျူးသံများ ပေါက်ကွဲထွက်ပေါ်လာသည်။
“သခင်လေးက တကယ့်ကို တရားမျှတသူပဲ”
“တကယ့်ကို ကြင်နာတတ်တဲ့ နှလုံးသားပါလား”
“ဒီလောက် ငယ်ရွယ်တဲ့ အရွယ်နဲ့ ဒီလောက် ရက်ရောတဲ့ စိတ်ထားရှိတာ လူကြီးတွေ ရှက်ဖို့တောင်ကောင်းတယ်”
တတိယသခင်စစ်သည် ဘေးမှ ကြည့်နေရင်း ကနဦးတွင် အတော်လေး ကျေနပ်နေမိသည်။
မဆိုးဘူး၊ မဆိုးဘူး။ သူ့စကားပြောပုံက နည်းနည်း ထူးဆန်းနေသေးပေမဲ့ ယေဘုယျအားဖြင့်တော့ ကောင်းပါတယ်။ ပိုက်ဆံနည်းနည်း သုံးပြီး ကလေးအတွက် ကုသိုလ်ယူပေးရတာ တန်ပါတယ်။
ဒါပေမဲ့ ဒါက ပြသနာအစပဲ ရှိသေးတယ်ဆိုတာကို သူ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့မိဘူးလေ
ထိုသို့နှင့်ပင် ရတနာတစ်သောင်းမျှော်စင်တွင် စစ်မိသားစုသခင်လေးမှ ရက်ရောစွာ လှူဒါန်းမှုသတင်း ပျံ့နှံ့သွားပြီးကတည်းက
“စစ်မိသားစု သခင်လေးက ဝိညာဉ်ကျောက်တုံးတွေကို အမှိုက်လို သဘောထားတယ်”၊ ကရုဏာရှင်၊ ပြိုင်ဘက်ကင်း ရက်ရောသူဟူသော ဂုဏ်သတင်းများသည် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
အကြောင်းမှာ စစ်ချန်သည် ရက်ရောခြင်းသီလကို ကျင့်သုံးရသည့် ခံစားချက်ကို လုံးဝ နှစ်ခြိုက်သွားသောကြောင့် ဖြစ်သည်။
နောက်ရက်များတွင် တိမ်ပန်းကံ့ကော်မြို့အတွင်း ပရဟိတ၊ ကူညီထောက်ပံ့မှုသို့မဟုတ် ကယ်ဆယ်ရေးနှင့် ပတ်သက်သော ပွဲလမ်းသဘင် ရှိသည့် နေရာတိုင်းတွင် နှင်းကဲ့သို့ ဖြူသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် စစ်မိသားစု သခင်လေး၏ ပုံရိပ်ကို အမြဲ မြင်တွေ့ရတတ်သည်။
ယနေ့တွင် မြို့အနောက်ဘက်ရှိ တံတားကျိုးကျပြီး ပြုပြင်ရန် လိုအပ်သည်ဟု ကြားလျှင် သူက ပြေးသွားပြီး ဝိညာဉ်ကျောက်တုံး အနည်းငယ် ချထားပေးကာ ရေရွတ်သည်
“အမှတ်တရ လက်ဆောင်လေးပါ၊ ပေးစရာ မရှိလို့ပါ”
နောက်တစ်နေ့တွင် တစ်ကိုယ်တော် ကျင့်ကြံသူတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရပြီး ကုသစရိတ် မတတ်နိုင်ဘူးဟု ကြားလျှင် သူ တိတ်တဆိတ် ထပ်ပေါ်လာပြန်ပြီး ဝိညာဉ်ကျောက်တုံးများ ထားခဲ့ကာ ထုံးစံအတိုင်း ပြောသည်
“အသေးအဖွဲ၊ အရေးမပါတဲ့ လက်ဆောင်လေးပါ၊ လေးစားမှုနဲ့ မတန်ပါဘူး”
သူ ပေးလိုက်သော ဝိညာဉ်ကျောက်တုံးများမှာ သာမန်လူများ၏ မျက်လုံးထဲတွင် မည်မျှ ကြီးမားသော ပမာဏဖြစ်သည်ကို သူ လုံးဝ သတိမထားမိပေ။ ရက်ရောခြင်းမှ ပြန်ရလိုက်သော အကျိုးကျေးဇူး နှင့် စိတ်ကျေနပ်မှုသည် ယဉ်ကျေးခြင်းနှင့် နှိမ့်ချခြင်းတို့ထက် များစွာ သာလွန်ကြောင်းသာ သူ ခံစားရသည်။ နေမင်းတစင်းဖြစ်ခဲ့သည့် သူ့အတွက်တော့ ထိုလူသားခံစားမှုများမှာ လွန်စွာကောင်းမွန်နေခဲ့ပါ၏။
စစ်ချန်သည် ဤအလွန်ထိရောက်သော ရက်ရောခြင်းသီလကို လုံးဝ စွဲလမ်းသွားပြီ ဖြစ်သည်။
သူ့အမြင်တွင် အကူအညီ လိုအပ်နေသည်ဟူသော အချက်နှင့် ကိုက်ညီသူကို တွေ့တိုင်း သူသည် တွေဝေခြင်းမရှိဘဲ ရက်ရက်ရောရော လှူဒါန်းခြင်းကို လုပ်ဆောင်တော့သည်။
ရက်အနည်းငယ် အတွင်းမှာပင် တိမ်ပန်းကံ့ကော်မြို့ရှိ သူတောင်းစားများနှင့် ဉာဏ်များသော တစ်ကိုယ်တော် ကျင့်ကြံသူ အချို့သည် စစ်ချန် နေ့စဉ် သွားလာသော လမ်းကြောင်းကို ဘုရားဖူးခရီးစဉ်အသစ်သဖွယ် သတ်မှတ်လာကြသည်။ စစ်ချန် သွားလေရာတွင် သူ့နောက်၌ မျှော်လင့်တကြီး စောင့်ဆိုင်းနေသော အမြီးတန်းရှည်ကြီး တစ်ခု အမြဲ ပါလာတတ်သည်။
သူတို့က တတွတ်တွတ် ပြောဆိုကာ သူတို့၏ ဆိုးရွားသော ကံကြမ္မာများကို ရင်ဖွင့်ကြသည်။
“သခင်လေး ကျွန်တော့်ရဲ့ ဝိညာဉ်ဆေးပင်တွေ မရှင်သန်တော့ဘူး၊ ကူညီပါဦး”
“သူတော်ကောင်းကြီး ကျွန်တော့် ဆရာ့ကို ကယ်ပါဦး။ သူ့ဒဏ်ရာဟောင်း ပြန်ပေါ်လာလို့၊ ဝိညာဉ်ဆေး တစ်မျိုးတည်း လိုနေတာပါ”
“ဒီလူအိုကြီးရဲ့ ပျံသန်းတဲ့ မှော်ပစ္စည်း ပျက်သွားလို့၊ ပြင်ဖို့ ပိုက်ဆံမရှိတော့ဘူး၊ အိမ်မပြန်နိုင်တော့ဘူး”
တတိယသခင်စစ်သည် ဤအခြေအနေကို တွေ့ရှိလိုက်သောအခါ မေ့လဲလုနီးပါး ဖြစ်သွားသည်။
သူ့ချစ်တူလေးမှာ ဥစ္စာဓန ဖြန့်ဝေသော သူငယ်တော်အဖြစ် ပြောင်းလဲသွားပြီး၊ လက်စွပ်ထဲမှ ဝိညာဉ်ကျောက်တုံးများကို တည်ငြိမ်စွာ ဆွဲထုတ်ပေးကမ်းနေပုံမှာ ကန်ထဲက ရွှေငါးများကို အစာကျွေးနေသည့်အတိုင်းပင်
“ငါ့ဘိုးအေလေးရေ
သောက်ကျိုးတွေတော့နည်းကုန်ပြီဟ”
တတိယဦးလေးက ရှေ့သို့ လွှားကနဲခုန်ဝင်သွားပြီး သီလစွမ်းအားထုတ်လွှတ်ရန် ကြိုးပမ်းနေဆဲဖြစ်သော စစ်ချန်ကို ဆွဲမ လိုက်သည်။
သူသည် ယဉ်ကျေးမှုကို ဘေးဖယ်ထားပြီး ဘေးပတ်ဝန်းကျင်ရှိ လူအုပ်ကြီးကို ဟိန်းဟောက်လိုက်သည်
“မင်းတို့ကောင်တွေ လူစုခွဲကြ လူစုခွဲကြစမ်း ဒီတိုင်း ဆက်ကြည့်နေရင် ငါ မယဉ်ကျေးတာကို အပြစ်မတင်နဲ့”
သူ နောက်ဆုံးတော့ နားလည်သွားပြီ
သူတို့ တိမ်ပန်းကံ့ကော်မြို့မှာ လုံးဝ ဆက်နေလို့ မဖြစ်တော့ဘူး ဆက်နေရင် အပြည့်ဖြည့်ထားတဲ့ သိုလှောင်လက်စွပ်ကို မဆိုထားနဲ့၊ တတိယသခင်စစ်ရဲ့ အတွင်းခံဘောင်းဘီကိုပါ ဒီအရူးကောင်လေးက အရေးမပါတဲ့ လက်ဆောင်ဆိုပြီး ပေးပစ်လိုက်မှာပဲ
စစ်ချန်မှာ တတိယဦးလေး၏ ဂျိုင်းအောက်တွင် ညှပ်ပါသွားပြီး၊ မျက်နှာလေးပေါ်တွင် တည်ငြိမ်စွာ ဇဝေဇဝါဖြစ်နေသော အမူအရာ ရှိနေဆဲပင်။
သူက ရက်ရက်ရောရော လှူဒါန်းခြင်းသီလကို တိတိကျကျ လိုက်နာနေပါလျက်နှင့် တတိယဦးလေးက ဘာကြောင့် ဒီလောက် ပြင်းပြင်းထန်ထန် တုံ့ပြန်ရသလဲ ဆိုတာကို သိပ်နားမလည်ပေ။
ထိုနေ့ နေ့လယ်ခင်းတွင် စစ်မိသားစု ဧည့်ဂေဟာမှ သတင်းထွက်လာသည်မှာ တတိယသခင်စစ်နှင့် သခင်လေးတို့တွင် အရေးပေါ်ကိစ္စ ရှိသဖြင့် တိမ်ပန်းကံ့ကော်မြို့မှ ချက်ချင်း ထွက်ခွာရတော့မည် ဟူ၍ပင်။
ရတနာလှေပျံသည် ကောင်းကင်ယံသို့ ဒုံးစိုင်းတက်သွားပြီး တိမ်တိုက်များကြားတွင် လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
သို့သော် စစ်မိသားစု သခင်လေးသည် ကရုဏာရှင်ဖြစ်ပြီး အလှူဒါန ရက်ရောသူ ဖြစ်သည်ဟူသော ဒဏ္ဍာရီများမှာမူ တိမ်ပန်းကံ့ကော်မြို့တွင် အမြစ်တွယ်ကျန်ရစ်ခဲ့ပြီး၊ ဒေသခံ တစ်ကိုယ်တော် ကျင့်ကြံသူများအတွက် အချိန်အကြာကြီး ပြောမကုန်သော ခေါင်းစဉ်တစ်ခုနှင့် လက်လှမ်းမမီနိုင်သော အိပ်မက်လှလှလေးတစ်ခု ဖြစ်လာခဲ့သည်။
ချစ်တူလေး၏ လုပ်ရပ်ကြောင့် ခေါင်းကိုက်သွေးတိုးနေခဲ့သူမှာတော့ တတိယသခင်ကြီးစစ်ရွှေပင်ဖြစ်တော့သည်တမုံ့။