တတိယဦးလေး၏ မတတ်သာမှု
Vol. 2 Ch. 13
စိမ်းပြာရောင်သစ်သားဖြင့် ပြုလုပ်ထားသော နတ်လှေပျံသည် တိမ်ပင်လယ်ကို ဖြတ်သန်းကာ တည်ငြိမ်စွာ ခရီးဆက်နှင်နေသည်။ တတိယသခင်စစ်အား အစွမ်းကုန် မောပန်းနွမ်းနယ်စေခဲ့သော တိမ်ပန်းကံ့ကော်မြို့ မှာမူ အဝေးတွင် ကျန်ရစ်ခဲ့ပြီဖြစ်သည်။
လှေအတွင်းခန်းထဲတွင် တတိယဦးလေးသည် သက်ပြင်းရှည်ကြီးတစ်ချက်ချကာ အိစက်ပျော့ပျောင်းသော ထိုင်ခုံပေါ်သို့ ပစ်ထိုင်ချလိုက်သည်။ သူသည် မိမိနှင့် အဆင့်တူ ကျင့်ကြံသူတစ်ဦးနှင့် အချီသုံးရာခန့် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ရသည်ထက်ပင် ပို၍ ပင်ပန်းနေသလို ခံစားနေရသည်။
သူ့ရှေ့တွင် တည်ငြိမ်သော မျက်နှာထားဖြင့် ထိုင်နေသည့် တူဖြစ်သူကို ကြည့်ကာ သူ တကယ့်ကို ဒေါသထွက်နေမိသည်။
“သောက်ကလေး... ဒီကိုလာဦး” တတိယဦးလေးသည် သူ့အသံကို တတ်နိုင်သမျှ ဩဇာရှိအောင် ကြိုးစားပြောလိုက်သည်။
စစ်ချန်သည် ညွှန်ကြားသည့်အတိုင်း သူ့အနားသို့ လျှောက်သွားကာ မျက်နှာလေးကို မော့ကြည့်သည်။ သူ၏ ကြည်လင်သော မျက်လုံးများမှာ တကယ့်ကိုပင် ဆုံးမမှုကို နာခံလိုသည့်ပုံစံ ပေါက်နေသည်။
“ထိုင်”
တတိယဦးလေးက သူ့ဘေးက ထိုင်ခုံကို လက်ညှိုးထိုးပြသည်။
စစ်ချန်သည် လိမ္မာပါးနပ်စွာ ထိုင်လိုက်သည်။ သူ၏ ခြေထောက်တိုတိုလေးနှစ်ဖက်မှာ လေထဲတွင် တွဲလောင်းကျနေသော်လည်း ကိုယ်နေဟန်ထားကိုတော့ သေသေသပ်သပ် ထိန်းထားသည်။
တတိယဦးလေးသည် စစ်ချန်၏ လိမ္မာသောပုံစံကို မြင်လိုက်ရသောအခါ စိတ်ထဲက ဒေါသများမှာ အကြောင်းရင်းမရှိဘဲ တစ်ဝက်ခန့် လျော့ကျသွားသည်။ သို့သော် ပြောသင့်သည်ကိုတော့ ပြောရဦးမည်။
သူက လည်ချောင်းတစ်ချက်ရှင်းကာ လူကြီးတစ်ယောက်၏ အမူအရာကို ဖမ်းလိုက်သည်
“ချန်ချန် ငါ ဘာလို့ မင်းကို ဒီလောက် အလောတကြီး ခေါ်ထုတ်လာရသလဲဆိုတာ မင်းသိလား
”
စစ်ချန်သည် လွန်ခဲ့သော ရက်အနည်းငယ်က တတိယဦးလေး ပြောခဲ့သည်များကို ပြန်စဉ်းစားလိုက်ပြီး လေးလေးနက်နက် ပြန်ဖြေသည်
“တိမ်ပန်းကံ့ကော်မြို့ရဲ့ ဖုန်းရွှေက တတိယဦးလေးနဲ့ မကိုက်ညီလို့လားဟင်”
တတိယဦးလေးမှာ ထိုစကားကြောင့် အသက်ရှူပင် မှားသွားကာ စစ်ချန်၏ ခေါင်းနောက်စေ့ကို မကျေမနပ် တစ်ချက် ပုတ်လိုက်သည်
“ဘယ်က ဖုန်းရွှမကိုက်ညီရမှာလဲဟ၊ အဲဒါ မင်းကြောင့် ဖြစ်နေတာ”
သူက စစ်ချန်ကို လက်ညှိုးထိုးကာ ရင်နာနာဖြင့် ပြောသည်။
“မင်းက ဘာလို့များ လက်ဖွာတဲ့လူလုပ်ဖို့ သင်ယူလာတာလဲ။ မင်းပြောတဲ့ မပြဝံ့စရာ အသေးအဖွဲလက်ဆောင်တွေဆိုတာ သာမန်မိသားစုတစ်ခု ဘဝပေါင်းများစွာ စားမကုန်တဲ့ ပမာဏဆိုတာ မင်းသိလား၊ မင်းသိလားကွဟမ်”
စစ်ချန်က အပုတ်ခံလိုက်ရသော နေရာကို ပွတ်ရင်း ရိုးရိုးသားသား ပြန်ဖြေသည်။
“သား မသိပါဘူး”
တတိယဦးလေး ခဏတာ ဆွံ့အသွားသည်။ သူ့တူလေးတွင် ငွေကြေးနှင့် ပတ်သက်သော အသိပညာလုံးဝ မရှိသေးသည်ကို သူ သတိရသွားသဖြင့် နည်းဗျူဟာ ပြောင်းလိုက်ရသည်။
“ဒါဆိုရင် ငါ မေးမယ် မင်း ဘာလို့ ဝိညာဉ်ကျောက်တုံးတွေ အဲဒီလောက် အများကြီး ပေးပစ်တာလဲ”
“တတိယဦးလေးပဲ ပြောတယ်လေရက်ရက်ရောရောလှူဒါန်းပြီး ဒုက္ခရောက်နေသူတွေကို ကူညီတာ အဲဒါက ကြီးမြတ်တဲ့ သီလပဲဆို။ သားက သီလကို ကျင့်ကြံနေတာပါ”
“ငါ...ငါ… သောက်ပဲဟေ့ သောက်ပဲ”
တတိယဦးလေးမှာ ခဏတာ စကားမထွက်နိုင်တော့ပေ။ ကျင်းတူးပြီး ကိုယ့်ကိုယ်ကိုယ် ပြန်မြှုပ်မိသလို ခံစားလိုက်ရသည်။
သူက နားထင်ကို ပွတ်ရင်း ဤဦးနှောက်လေးထဲသို့ ကွာခြားချက်ကို ရှင်းပြရန် ကြိုးစားသည်။
“သီလဆိုတာ သီလပဲ။ ဒါပေမဲ့ မြင်မြင်သမျှလူကို ပေးပြီး ကိုယ့်ကိုယ်ကိုယ် လက်ဖွာတဲ့သူဌေးလေးဖြစ်အောင် လုပ်ရမယ်လို့ မဆိုလိုဘူးလေ။ အဲဒါက စိတ်ထားအကောင်းလွန်းတာလို့ ခေါ်တယ်၊ နားလည်လား ။စစ်မှန်တဲ့ ကြင်နာမှုဆိုတာ ဆီးနှင်းထဲမှာ မီးသွေးပို့ပေးသလိုမျိုး ခက်ခဲနေသူကို ကူညီရတာ၊ အသံအကျယ်ဆုံး ငိုပြတဲ့သူတိုင်းကို ပေးနေဖို့ မဟုတ်ဘူး၊ နားလည်လား”
စစ်ချန် တိတ်ဆိတ်စွာ နားထောင်နေသည်။
တတိယဦးလေး၏ စကားများကို သူ လုံးဝ နားမလည်သေးသော်လည်း၊ အပြင်ရောက်လျှင် တတိယဦးလေး စကားကို နားထောင်ရန်နှင့် ဆုံးဖြတ်ချက်များကို တတိယဦးလေးပဲ ချခိုင်းရန် မိခင်ဖြစ်သူ မှာကြားခဲ့သည်ကို သတိရလိုက်သည်။
သူ စဉ်းစားလိုက်သည်။ တတိယဦးလေးက ဒါဟာ မှားယွင်းတယ်လို့ ပြောနေမှတော့ သူ့ရဲ့ နားလည်မှုက လွဲချော်နေပုံရသည်။
ထို့ကြောင့် သူတွေးတွေးဆဆနှင့် ခေါင်းညိတ်လိုက်သည်။
“သား နားလည်ပါပြီ။ သား အမှားလုပ်မိလို့ တတိယဦးလေး စိတ်ပူသွားရပြီ”
သူ့တူလေးက လိမ္မာပါးနပ်စွာ အမှားဝန်ခံလိုက်သည်ကို မြင်ရသောအခါ တတိယဦးလေး၏ ရင်ထဲက ဒေါသကျန်လေးများမှာ ဖူးခနဲ ငြိမ်းသွားပြီး၊ ခုနက သူ အော်လိုက်မိတာ ပြင်းထန်သွားသလားဟုပင် ပြန်၍ အားနာစိတ် ဝင်လာသည်။ ဘယ်သူက တူအကြီးဆုံးလေးကိုမချစ်ပဲနေနိုင်ပါ့မလဲ။
သူက သက်ပြင်းချကာ စစ်ချန်၏ ဆံပင်များကို ဖွရင်း ပွတ်သပ်လိုက်သည်။
“ကဲပါ... အမှားသိရင် တော်ပါပြီ။ မင်းက တစ်ခါတလေကျတော့လည်း ကြောက်စရာကောင်းလောက်အောင် တော်နေပြီး၊ တစ်ခါတလေကျတော့လည်း... အင်း တုံးလွန်းနေတယ်၊ ကဲပါလေ ဟိုဘက်မှာ သွားဆော့တော့၊ ဦးလေးကို ခဏလောက် အေးအေးဆေးဆေး နေခွင့်ပေးပါဦး”
ပြန်ရောက်လျှင် သူ့အစ်ကိုနှင့် မရီးကို ဤခရီးစဉ်၏အောင်မြင်မှုများအကြောင်း ဘယ်လို ရှင်းပြရမလဲဆိုသည်ကို သူ သေချာ စဉ်းစားရဦးမည်။
စစ်ချန်သည် လိမ္မာစွာဖြင့် ပြတင်းပေါက်နားသို့ လျှောက်သွားကာ တိတ်ဆိတ်စွာ ထိုင်ပြီး လှိုင်းထနေသော တိမ်ပင်လယ်ကြီးကို ငေးကြည့်နေမိသည်။
တတိယသခင်စစ်သည် တူဖြစ်သူ၏ ကျောပြင်လေးကို ကြည့်ကာ ရယ်ချင်သလို၊ မတတ်သာသလို ခံစားနေရသည်။
ဒီကောင်လေးက ဆူလိုက်ရင်လည်း ဘယ်သူ့ထက်မဆို အမှားကို မြန်မြန်ဝန်ခံတတ်ပြီး၊ အမူအရာကလည်း သိပ်ကောင်းတာကြောင့် ဒေါသဆက်ထွက်ဖို့ ခက်သည်။ ဒါပေမဲ့ နောက်တစ်ခါမှာ သူ ဘယ်လို လှည့်ကွက်သစ်တွေ ထပ်ထုတ်လာဦးမလဲဆိုတာ ဘယ်သူသိမှာလဲ။
နတ်လှေပျံသည် မြူခိုးတိမ်တိုက်များကို ဖြတ်ကျော်လာသည်။ အောက်ဘက်တွင် တောင်တန်းများနှင့် မြစ်များ၏ ပုံသဏ္ဌာန်များ ပေါ်လာပြီး၊ ရင်းနှီးလှသော စစ်မိသားစု၏ သန့်စင်နယ်မြေမှာ မြင်ကွင်းထဲသို့ ရောက်ရှိလာပြီဖြစ်သည်။
လှေအပြည့်အဝ မရပ်တန့်မီမှာပင် တတိယဦးလေးသည် အိမ်ရှေ့ကွင်းပြင်၌ စောင့်နေသော အစ်ကိုဖြစ်သူစစ်ခိုင်နှင့် မရီးဖြစ်သူယဲ့ဖူတို့ကို မြင်လိုက်ရသည်။
သူ အသက်ပြင်းပြင်းတစ်ချက်ရှူကာ စစ်ချန်ကို ပွေ့ချီလိုက်ပြီး အောက်သို့ ခုန်ဆင်းလိုက်သည်။
“အစ်ကိုကြီးနဲ့မရီး ကျွန်တော်တို့ ပြန်ရောက်ပါပြီ” တတိယဦးလေးက မျက်နှာကို တတ်နိုင်သမျှ သဘာဝကျအောင် ပြင်ထားသည်။
“ချန်ချန်လေး”
ယဲ့ဖူသည် ချက်ချင်းပင် သားဖြစ်သူကို ပွေ့ဖက်ကာ အထက်အောက် စစ်ဆေးကြည့်ရှုလေတော့သည်။ သူ ခရီးထွက်သွားခဲ့ခြင်း မဟုတ်ဘဲ နဂါးတွင်း၊ ကျားဂူထဲသို့ သွားခဲ့ရသကဲ့သို့ပင်။
“အမေကြည့်ပါရစေဦး၊ ပိန်သွားသလား၊ အပြင်မှာ အနိုင်ကျင့်ခံခဲ့ရသေးလား”
စစ်ချန်သည် မိခင်ဖြစ်သူ၏ နွေးထွေးသော ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။ ဤကဲ့သို့ အကန့်အသတ်မရှိသော ဂရုစိုက်မှုမျိုးက သူ့ကို အလွန် စိတ်အေးချမ်းစေသည်။
သူ ခေါင်းကို ဖြည်းဖြည်းချင်း ခါလိုက်သည်၊ ထို့နောက်
“အမေ သား နေကောင်းပါတယ်။ တတိယဦးလေးက သားကို သေချာ ဂရုစိုက်ပေးပါတယ်။ အပြင်က လူအများစုက သိပ်ဖော်ရွေကြတယ်”
ဘေးတွင် ရပ်နေသော တတိယဦးလေးမှာ ထိုစကားကို ကြားသောအခါ နှုတ်ခမ်းများ တွန့်သွားကာ စိတ်ထဲမှ တွေးလိုက်သည်။
ဖော်ရွေတယ်တဲ့လား။ သူတို့က မင်းကို ဘိုးအေလေးတစ်ယောက်လို ကိုးကွယ်ပြီး မင်းရဲ့ လက်စွပ်ကို နှိုက်ချင်နေကြတာ။
စစ်ခိုင်သည်လည်း လျှောက်လာသည်။ သူက တတိယဦးလေးကို နှုတ်ဆက်သည့်အနေဖြင့် ခေါင်းညိတ်ပြပြီးနောက် သားဖြစ်သူထံသို့ အကြည့်ရောက်သွားသည်။ စစ်ချန်၏ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်မှာ ပြည့်စုံတည်ငြိမ်နေပြီး၊ သူ၏ အခြေခံမှာ သာမန်အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများထက် များစွာ သာလွန်နေသည်ကို သတိထားမိလိုက်ရာ သူ့ရင်ထဲတွင် တုန်လှုပ်သွားရသည်။
သူ့သားကို သာမန်စံနှုန်းဖြင့် တိုင်းတာ၍ မရမှန်း သူသိသည်၊ ထို့ကြောင့် စစ်ချန်၏ ပုခုံးကို ညင်သာစွာ ပုတ်ပေးလိုက်သည်။
“ပြန်ရောက်လာတာ ကောင်းတာပေါ့”
သို့သော် သူ တတိယဦးလေးဘက်သို့ လှည့်ကြည့်လိုက်သောအခါ အကြည့်ထဲတွင် မေးခွန်းထုတ်သည့် အရိပ်အယောင် ပါရှိနေသည်။
တတိယဦးလေးမှာ ခေါင်းလေးသွားသလို ခံစားလိုက်ရပြီး ဤအခြေအနေကို ရှောင်လွှဲ၍ မရနိုင်တော့မှန်း သိလိုက်သည်။ ခန်းမထဲသို့ ရောက်သောအခါ လက်ဖက်ရည်ပင် မချရသေးမီ စစ်ခိုင်က စပြောသည် ။
“ပြောပါဦး ဒီခရီးစဉ်က အတော်လေး ဟိုးလေးတကျော် ဖြစ်ခဲ့ပုံပဲ”
တတိယသခင်စစ်သည် စိတ်ကိုတင်းကာ တိမ်ပန်းကံ့ကော်မြို့ခရီးစဉ်၏ ရလဒ်များကို စတင် တင်ပြလေတော့သည်။
ခုနစ်နှစ်နှင့် အခြေခံတည်ဆောက်ခြင်းကြောင့် ဖြစ်ပေါ်လာသော လှုပ်ခတ်မှုများမှစ၍၊ စားပွဲသောက်ပွဲတွင် ပြောလိုက်သည့် ဒီလူအိုကြီးက ရှက်မိပါတယ်ဟူသော ကမ္ဘာပျက်မတတ် စကားလုံးများအပါအဝင် နောက်ဆုံးတွင် လက်ဖွာပြီးအလှူအတန်းရက်ရောသည့်သခင်လေးစစ်၏ ဂုဏ်ပြောင်သော လုပ်ရပ်များအထိ တတိယဦးလေးမှာ အာခြောက်မတတ် ပြောပြနေရင်း၊ အစ်ကိုဖြစ်သူနှင့် မရီးဖြစ်သူ၏ မျက်နှာအမူအရာများကို အကဲခတ်နေရသည်။
ယဲ့ဖူမှာ မရယ်ဘဲ မနေနိုင်တော့ဘဲ သားဖြစ်သူကို ပို၍ တင်းကျပ်စွာ ဖက်လိုက်သည် ။
“ငါတို့ ချန်ချန်က စိတ်ထားသိပ်ကောင်းတာပဲ၊ ကျွန်မအတိုင်းပဲ”
ဒုတိယဦးလေး စစ်ချယ်ကတော့ သူ့ပေါင်သူပုတ်ကာ ဟားတိုက်ရယ်မောနေသည်။
“ဟားဟားဟား ဒီလူအိုကြီးက ရှက်မိပါတယ် ဟုတ်လား၊ ဟားဟား အရေးမပါတဲ့ လက်ဆောင်လေးတဲ့လား။ အစ်ကိုကြီး၊ ခင်ဗျားသား၊ ကျုပ်တူကတော့ နောင်တချိန်ကျရင် တကယ့်ကို ထူးခြားတဲ့သူ ဖြစ်လာမှာပဲ။ သူ့ပါးစပ်တစ်ပေါက်တည်းနဲ့တင် ရန်သူတွေကို သေလောက်အောင် ပြောနိုင်နေပြီ။”
တတိယဦးလေးက ဒုတိယဦးလေးကို မကျေမနပ် ကြည့်လိုက်သည်။
နောက်တစ်ခါ မင်းခံရတဲ့အလှည့်ကျမှ တွေ့ကြသေးတာပေါ့။
စစ်ခိုင်သည် နားထောင်နေရင်း မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
သူသည် မိခင်ဘေးတွင် ဤဆွေးနွေးမှုများနှင့် ဘာမှမဆိုင်သကဲ့သို့ တိတ်ဆိတ်စွာ ထိုင်နေသော စစ်ချန်ကို ကြည့်ကာ ခဏတာ စဉ်းစားပြီးမှ စကားပြောလိုက်သည်။
“ထားလိုက်ပါတော့ ဝိညာဉ်ကျောက်တုံး နည်းနည်းပါးပါးပါပဲ။ ချန်ချန်က ငယ်သေးတာဆိုတော့ ဒါတွေကို အတွေ့အကြုံယူတာ မဆိုးပါဘူး”
“ချန်ချန် မင်းက အခု အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်ပြီဆိုတော့ ကျင့်ကြံခြင်းလမ်းကြောင်းပေါ်ကို တရားဝင် တက်လှမ်းလိုက်ပြီ။ မိသားစုရဲ့ သန့်စင်နယ်မြေထဲမှာ ဝိညာဉ်စွမ်းအင်တွေ ကြွယ်ဝပေမဲ့ တံခါးပိတ်ကျင့်ကြံနေရုံနဲ့တော့ မလုံလောက်ဘူး”
သူက ခဏရပ်ကာ ဆက်ပြောသည်။
“နောက်ကျရင် မင်းအတွက် သင့်တော်တဲ့ဂိုဏ်း ဒါမှမဟုတ် အကယ်ဒမီတစ်ခုကို ရှာပေးမယ်။ ပိုကျယ်ပြန့်တဲ့ လောကကို မြင်ရအောင်နဲ့ အတွေ့အကြုံရပြီး ရွယ်တူတွေနဲ့ ပိုပြီး ထိတွေ့ဆက်ဆံရအောင်ပေါ့”
သူ့စကားက သိမ်မွေ့သော်လည်း အဓိပ္ပာယ်ကတော့ ရှင်းလှသည်။
အကယ်၍ အိမ်မှာပဲ နေနေလျှင် သို့မဟုတ် ဦးလေးတွေနောက်ပဲ လိုက်နေလျှင် ဤကလေးသည် ပုံမှန် လူမှုရေးကျင့်ဝတ်များကို သင်ယူနိုင်လိမ့်မည် မဟုတ်ပေ။ သူ့ကို ရွယ်တူချင်းများကြားထဲသို့ ပစ်ထည့်ကာ လေ့ကျင့်ပေးရန် လိုအပ်သည်။
တိမ်ပန်းကံ့ကော်မြို့က အတွေ့အကြုံက အကောင်းဆုံး သက်သေပင်။ မိသားစု၏ အကာအကွယ်နှင့် တခြားလူများ၏ ကြောက်ရွံ့လေးစားမှုတို့ကြောင့် သူ၏ စစ်မှန်သော ကမ္ဘာအပေါ် အမြင်မှာ လွဲချော်နေခဲ့ရသည်။
စစ်ချန် မော့ကြည့်လိုက်သည်။
ဂိုဏ်းနဲ့ အကယ်ဒမီလား
အဲဒီနေရာက တိမ်ပန်းကံ့ကော်မြို့ထက် ပိုပြီး ရှုပ်ထွေးပြီး စိတ်ဝင်စားစရာ ကောင်းမှာလားဟင်,,,