သူ့ဘာသာသူ ထွက်လာတာလေ
Vol. 2 Ch. 14
စစ်မိသားစု၏ ခန်းမကြီးအတွင်း စစ်ချန်၏ နောက်ထပ်ခြေလှမ်းနှင့် ပတ်သက်သော ဆွေးနွေးမှုမှာ ခန့်မှန်းထားသည့်အတိုင်းပင် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေသည်။
“ချန်အာက အသက်ခုနစ်နှစ်ပဲ ရှိသေးတာလေ၊ ဘာလို့ သူ့ကို ဂိုဏ်းကို ပို့ဖို့ ဒီလောက် အလောတကြီး ဖြစ်နေရတာလဲ” မိခင်ဖြစ်သူယဲ့ဖူသည် သားဖြစ်သူကို သူမအနားသို့ ဆွဲခေါ်ထားပြီး နူးညံ့သော်လည်း ခိုင်မာသော လေသံဖြင့် ပြောသည်။
“ဂိုဏ်းဆိုတာကလည်း ဝေးတယ်၊ စည်းကမ်းတွေကလည်း များတယ်၊ ပြီးတော့ သူ့ရဲ့ စိတ်အခြေခံကလည်းအရမ်း ဖြူစင်လွန်းတယ်။ ကျွန်မ တကယ် စိတ်မချနိုင်ဘူး”
ဖခင်ဖြစ်သူ စစ်ခိုင်ကတော့ အဓိကနေရာတွင် တည်ငြိမ်စွာ ထိုင်နေပြီး တည်ငြိမ်သော မျက်နှာထားဖြင့် ရှိနေသည်။
“ကျောက်စိမ်းဆိုတာ အချောမကိုင်ဘဲနဲ့ အသုံးဝင်တဲ့ အရာတစ်ခု ဖြစ်မလာနိုင်ဘူး။ မိသားစုရဲ့ ပတ်ဝန်းကျင်က သူ့ကို ကာကွယ်လွန်းနေတယ်။ တိမ်ပန်းကံ့ကော်မြို့မှာ သူလုပ်ခဲ့တဲ့ ရယ်စရာကိစ္စတွေက ဒါကို သက်သေပြနေတာပဲ။ စစ်မှန်တဲ့ ကျင့်ကြံသူ တစ်သောင်းကြားထဲ ပစ်ထည့်ပြီး၊ သူ့ရွယ်တူတွေနဲ့ ထိတွေ့ယှဉ်ပြိုင်ခိုင်းမှသာ သူ တကယ် ကြီးပြင်းလာနိုင်မှာ”
လူတိုင်း၏ အကြည့်မှာ မသိစိတ်ဖြင့် တတိယဦးလေး စစ်ရွှေထံသို့ ရောက်သွားကြသည်။ သူသည် လတ်တလော အဆုံးမခံရသူဖြစ်သလို ပြောပိုင်ခွင့် အရှိဆုံးသူလည်း ဖြစ်သောကြောင့်ပင်။
တတိယသခင်စစ်သည် “ကျွန်တော့်ကို မမေးနဲ့၊ ကျွန်တော် ဘာမှမသိဘူး” ဟူသော အမူအရာဖြင့် လက်ပိုက်ထားကာ မျက်လုံးကို တင်းတင်းပိတ်ထားသည်။ နောက်ဆုံးတွင် လူတိုင်း၏ စိုက်ကြည့်မှုကို မခံနိုင်တော့ဘဲ ဗလုံးဗထွေးဖြင့် ရေရွတ်လိုက်၏။
“အဟွတ် ဘာပဲဖြစ်ဖြစ်၊ သူက ဘယ်နေရာပစ်ချချ ဒုက္ခပေးမယ့်သူပဲ အဲလေ မဟုတ်ပါဘူး၊ ကျွန်တော် ဆိုလိုတာက ရွှေဆိုတာ ဘယ်နေရာမှာပဲဖြစ်ဖြစ် တောက်ပတယ်လို့ ပြောတာပါ။ အကြီးအကဲတို့ပဲ ဆုံးဖြတ်ကြပါ၊ အကြီးအကဲတို့ပဲ ဆုံးဖြတ်ကြပါ၊ ကျွန်တော်ဒီကိစ္စထဲ မပါပါရစေနဲ့ဗျာ”
သူ့တူလေးတွင် လိုအပ်နေသည်မှာ ကျင့်ကြံခြင်းအခြေခံမဟုတ်ဘဲ သာမန်အသိဖြစ်ကြောင်း သူ ကောင်းကောင်းသိသည်။
အကယ်၍ သူ့ကို အခုချက်ချင်း ဂိုဏ်းတစ်ခုထဲ ပစ်ထည့်လိုက်လျှင် ဘယ်သူက ဘယ်သူ့ကို လိမ်စားဦးမလဲ ဆိုတာကို တွေးကြည့်ရင်း သူ အနည်းငယ် စိတ်လှုပ်ရှားမိသလို၊ ခေါင်းလည်း အနည်းငယ် ထုံသွားမိသည်။
မျိုးနွယ်စု အကြီးအကဲ အချို့သည် မုတ်ဆိတ်များကို သပ်နေကြသည်။ နောက်ဆုံးတွင် လူတိုင်း သဘောတူညီချက် တစ်ခု ရခဲ့သည်။ စစ်ချန်ကို လောလောဆယ် ဂိုဏ်းသို့ မပို့သေးရန် ဖြစ်သည်။ သူ့၏ ကျင့်ကြံခြင်းအဆင့် တည်ငြိမ်သွားပြီး စိတ်အခြေခံ ပိုမို ရင့်ကျက်လာသည်အထိ မိသားစု၏ သန့်စင်နယ်မြေတွင် ခဏတာ ကျင့်ကြံစေမည်။ ထို့နောက်မှ အကောင်းဆုံး ဂိုဏ်းတစ်ခုကို ရွေးချယ်စေလွှတ်ခြင်းက ပို၍ ဘေးကင်းလိမ့်မည်။
ဤညှိနှိုင်းမှုကြောင့် ယဲ့ဖူမှာ အနည်းငယ် စိတ်သက်သာရာ ရသွားပြီး၊ စစ်ခိုင်ကလည်း ခပ်ဖျော့ဖျော့ ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
သို့ဖြင့် စစ်ချန်၏ ဂိုဏ်းသို့ သွားမည့်ခရီးစဉ်မှာ ခေတ္တ ဆိုင်းငံ့သွားပြီး၊ ဘဝသည် တိမ်ပန်းကံ့ကော်မြို့သို့ မသွားမီကအတိုင်း ငြိမ်သက်သွားပုံရသည်။
သို့သော် ယခုတစ်ခေါက်တွင် သူ၏ နောက်ထပ်ပန်းတိုင်မှာဂိုဏ်းမဟုတ်လျှင် အကယ်ဒမီသို့ သွားရန်ဖြစ်ကြောင်း သူ ရှင်းရှင်းလင်းလင်း သိထားသည်။
ထိုသို့ သွားနိုင်ရန်အတွက် မိသားစုက သတ်မှတ်ထားသော ဘေးကင်းသည်ဟူသော စံနှုန်းသို့ သူ အရင် ရောက်ရှိရန် လိုအပ်သည်။
အခြေခံတည်ဆောက်ခြင်းအဆင့်တွင် ကျင့်ကြံခြင်းမှာ ချီစုစည်းခြင်းအဆင့်နှင့်လုံးဝ ကွာခြားလှသည်။
ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များနှင့် နယ်ပယ်ကို နားလည်မှုတို့သည် သူ့အတွက် ဘာအတားအဆီးမှ မဟုတ်ပေ။ ကျင့်ကြံခြင်းပိတ်ဆို့မှု အတားအဆိုသည်မှာ သူ့အတွက် လုံးဝ မရှိခဲ့ဖူးပါ။ အစစ်အမှန် ကန့်သတ်ချက်မှာမူ အသက်ခုနစ်နှစ်အရွယ် မဖွံ့ဖြိုးသေးသော ဤရုပ်ခန္ဓာသာ ဖြစ်သည်။
စစ်ချန်သည် သူသာ ဆန္ဒရှိပါက ရွှေအမြုတေအဆင့်သို့မဟုတ် ထို့ထက် မြင့်မားသော အဆင့်များသို့ အတင်းတက်လှမ်းနိုင်ကြောင်း ခံစားမိသည်။ သို့သော် ပေးဆပ်ရမည့် တန်ဖိုးမှာ ဤခန္ဓာကိုယ်၏အခြေခံများ ပျက်စီးသွားခြင်း သို့မဟုတ် ခန္ဓာကိုယ်ပင် အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားခြင်း ဖြစ်နိုင်သည်ဟု သူ ခံစားမိသည်။ သူ ဤအပေါ်တွင် ဘာစိုးရိမ်မှုမှ မရှိပေ။
သူသည် ကြယ်တာရာများ မွေးဖွားခြင်းနှင့် ပျက်စီးခြင်းများကို မျက်မြင်တွေ့ခဲ့ရသူဖြစ်သည်။ နှစ်သန်းပေါင်း ထောင်ချီသည်မှာ လက်ဖျစ်တစ်ချက် တီးလိုက်သကဲ့သို့ပင်။ တစ်ရက်တည်းနှင့် ကျင့်ကြံခြင်း အောင်မြင်ခြင်း သို့မဟုတ် နှစ်သန်းပေါင်းများစွာ ကြာမှ အောင်မြင်ခြင်းတို့သည် သူ့အတွက် အနှစ်သာရအားဖြင့် ဘာမှ မကွာခြားပေ။ ယခု သူသည် လူသားတစ်ဦး ဖြစ်နေပြီ ဆိုသော်လည်း ဤအချက်မှာ ပြောင်းလဲခြင်း မရှိပေ။
သူသည် အစိတ်ရှည်ဆုံးသော ဥယျာဉ်မှူးတစ်ဦးကဲ့သို့ ပြုမူကာ၊ ဝိညာဉ်စွမ်းအား အစိပ်စိပ်အမွှာမွှာတိုင်းကို ဂရုတစိုက် လမ်းညွှန်ပေးပြီး ခန္ဓာကိုယ်၏ ကိုယ်ပိုင်စည်းချက်အတိုင်း လိုက်ပါစေခဲ့သည်။ သို့သော်လည်း သူ၏ တိုးတက်မှုမှာ အခြားသူများအတွက်တော့ မယုံနိုင်စရာ ဖြစ်နေဆဲပင်။
ခရီးစဉ်အပြီး ရက်သတ္တပတ် နှစ်ပတ်ခန့် အကြာတွင် သူ၏ ကျင့်ကြံခြင်းအခြေခံမှာ အခြေခံတည်ဆောက်ခြင်း အလယ်အလတ်အဆင့်သို့ ရောက်ရှိသွားသည်။
သူ၏ တိုးတက်မှုကို လာရောက် စစ်ဆေးသော ဒုတိယဦးလေး စစ်ချယ်နှင့် တတိယဦးလေး စစ်ရွှေတို့ နှစ်ယောက်လုံး ဆွံ့အသွားကြသည်။
ဒုတိယသခင်စစ်သည် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး၊ လှည့်ကြည့်ကာ သူ့ညီ၏ ပုခုံးကို ပုတ်လိုက်သည်။
“တတိယညီလေး၊ ငါ့ကို ဆွဲဆိတ်စမ်း။ ငါ မျက်စိမှားနေတာလား”
တတိယသခင်စစ်သည် မျက်နှာသေနှင့်ပင် သူ့အစ်ကိုကို တကယ် အားရပါးရ ဆွဲဆိတ်လိုက်သည်။
“အား နာတယ်ဟ နွားရဲ့၊ မင်း တကယ် ဆွဲဆိတ်တာလား”
“မဟုတ်လို့ ဘာလုပ်ရမှာလဲ?” တတိယဦးလေး စစ်ရွှေက ပြန်အော်သည်။
“ဒီတိုင်းပဲ နေသားကျအောင် လုပ်လိုက်တော့။ ဒီကောင်လေးကို အတည်ပေါက် လိုက်ကြည့်နေရင် မင်းရဲ့တာအိုနှလုံးသား အစိတ်စိတ်အမြွှာမြွှာ ကွဲသွားလိမ့်မယ် ဒုတိယအကို”
သူ ပြောနေသော လေသံမှာ လောကကြီးကို အကုန်အစင် မြင်သွားပြီဖြစ်သော လူတစ်ယောက်၏ ဂရုမစိုက်တော့သော လေသံမျိုးပင် ဖြစ်နေသည်။
ပြင်ပကမ္ဘာတွင်မူ ဤတိုးတက်မှုနှုန်းမှာ ပါရမီရှင်ဟု ဆိုသူများစွာကို သေလောက်အောင် ခြောက်လှန့်ရန် လုံလောက်သော်လည်း၊ စစ်မိသားစုတွင်မူ လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးနောက် ဘာမှမဖြစ်သကဲ့သို့ သူတို့အလုပ် သူတို့ ဆက်လုပ်နေကြတော့သည်။ သူတို့ တကယ်ပဲ ထုံသွားကြပါပြီ။
အံ့ဩခြင်းဆိုသည်မှာလည်း စိတ်ခံစားမှု တစ်ခုပင် ဖြစ်ရာ၊ အလွန်အကျွံ အသုံးပြုမိလျှင် ကုန်ခန်းသွားတတ်သည်။ တစ်နာရီအတွင်း ချီစုစည်းခြင်း အဆင့်၉ သို့ ရောက်ခဲ့သည်နှင့် နှိုင်းယှဉ်လျှင်၊ နှစ်ပတ်အတွင်း အခြေခံတည်ဆောက်ခြင်း အလယ်အလတ်အဆင့်သို့ ရောက်သည်မှာ သိပ်အံ့ဩဖို့မကောင်းလေ ဟုတ်တယ်မလား။ အနည်းဆုံးတော့ ဒီတစ်ခါ နှစ်ပတ်တောင် ကြာတယ်လေ။
ကျင့်ကြံခြင်း တိုးတက်မှုကချောမွေ့နေသော်လည်း၊ အခြားကိစ္စတစ်ခုကတော့ မျိုးနွယ်စု အကြီးအကဲများ၏ စိတ်ထဲတွင် မိုးတိမ်မည်းကြီးသဖွယ် ရှိနေဆဲပင်။