အခန်း (၁၅)
Vol. 2 Ch. 15
ယနေ့တွင် မျိုးနွယ်စု အကြီးအကဲ အချို့ စုဝေးကြရာ ဆွေးနွေးမှုမှာ စစ်ချန်၏ အနာဂတ်ဆီသို့ ပြန်ရောက်လာသည်။
“မျိုးနွယ်စုခေါင်းဆောင် ချန်အာရဲ့ ပါရမီက သေချာပေါက် မကြုံစဖူး တော်တာမှန်ပါတယ်။ ဒါပေမဲ့ သူ့မှာဝိညာဉ်အမြစ်မရှိတဲ့ ကိစ္စကတော့ ဖုံးကွယ်ထားတဲ့ အန္တရာယ်တစ်ခု ဖြစ်နေတုန်းပဲ” ဟု ဆံပင်ဖြူ အကြီးအကဲတစ်ဦးက နဖူးကြောများတွန့်ကာ ပြောသည်။
“ဟုတ်တယ်” ဟု နောက်တစ်ဦးက ထောက်ခံသည်။
“သာမန်ဂိုဏ်းတွေက တပည့်လက်ခံတဲ့အခါ ပထမဆုံးအဆင့်ကဝိညာဉ်အမြစ်ကို စစ်ဆေးတာပဲ။ အကယ်၍ ချန်အာကို စစ်ဆေးတဲ့အခါ ဝိညာဉ်အမြစ် မရှိဘဲနဲ့ ဒီလောက် မြင့်မားတဲ့ ကျင့်ကြံခြင်းအဆင့် ရှိနေတာကို တွေ့သွားရင် ပြင်ပကမ္ဘာက ဘယ်လို ထင်ကြမလဲ”
သူ့မှာ ထူးဆန်းတဲ့ရတနာတစ်ခုခု ပါနေတာလား? ဒါမှမဟုတ် တခြားသူတွေရဲ့ ကံကြမ္မာကို ခိုးယူတဲ့ တားမြစ်ထားတဲ့ မိစ္ဆာကျင့်စဉ်တွေကို ကျင့်ကြံနေတာလားဆိုပြီး ဖြစ်လာလိမ့်မယ်”
ဘယ်လို ထင်မြင်ချက်ပဲ ဖြစ်ဖြစ်၊ စစ်ချန်အတွက်တော့ အဆုံးမရှိသော ဒုက္ခများကို ယူဆောင်လာလိမ့်မည်။ ရတနာရှိသူမှာ အပြစ်ရှိသည်ဟု ယူဆခံရတတ်သလို၊ မိစ္ဆာကျင့်စဉ်ကိုလည်းဖြောင့်မတ်သော လမ်းစဉ်ကျင့်ကြံသူများက သည်းခံမည် မဟုတ်ပေ။ စစ်မိသားစုက မကြောက်သော်လည်း၊ မိသားစုဝင်များက စစ်ချန်ကို အချိန်တိုင်း မကာကွယ်နိုင်ပေ။ ဤဆွေးနွေးမှုတွင် စစ်ချန်ကို ဖယ်ထုတ်မထားပေ။
သူသည် လူကြီးများ၏ စိုးရိမ်ပူပန်နေသော စကားများကို တိတ်ဆိတ်စွာ နားထောင်နေပြီး အဓိက ပြဿနာကို ဖမ်းဆုပ်လိုက်သည်။
သူ့အတွက် ဝိညာဉ်အမြစ်တစ်ခု လိုအပ်နေသည်။ ဝိဉာဉ်အမြစ်မရှိခြင်းက သူလူဖြစ်ရသည်မှာ ကြောင်ပျောက်နိုင်ခြေရှိ၏။ မျိုးနွယ်စု အကြီးအကဲများ လူစုခွဲသွားပြီးနောက် စစ်ချန်သည် စိတ်ပြေလက်ပျောက် အရက်ခွက်ပုန်းကစ်ရန် ပြင်နေသော တတိယဦးလေး စစ်ရွှေကို လှမ်းဆွဲလိုက်သည်။
“တတိယဦးလေး”
“အခု ဘာဖြစ်ပြန်ပြီလဲ၊ ငါ့ဘိုးအေလေး” စစ်ရွှေက ရပ်လိုက်ပြီး သူ့တူကို ငုံ့ကြည့်သည်။
“ဝိညာဉ်အမြစ်” စစ်ချန်က မော့ကြည့်ကာ လေးလေးနက်နက် မေးသည်။
“အဲဒါက တကယ်တော့ ဘယ်လို ပုံစံမျိုးလဲဟင်”
စစ်ရွှေ၏ ရင်ထဲတွင် တုန်သွားသည်။ ရင်းနှီးလှသော နိမိတ်မကောင်းသည့် ခံစားချက်က ပြန်ပေါ်လာပြန်ပြီ။ ဒီကောင်လေး မေးခွန်းတစ်ခု မေးတိုင်း နောက်ဆက်တွဲ ဖြစ်လာသမျှကတော့ အမြဲတမ်း အံ့ဩစရာတွေချည်းပဲ ဖြစ်နေတတ်သည်။
ဒါပေမဲ့ သူ ခေါင်းကို ကုတ်လိုက်ပြီး တတ်နိုင်သမျှ အရိုးရှင်းဆုံး နည်းလမ်းဖြင့် ရှင်းပြရန် ကြိုးစားသည်။
“အင်း... အဲဒါက ခန္ဓာကိုယ်ထဲက ပါရမီမျိုးစေ့တစ်မျိုးပဲ”
“ဥပမာ မင်းရဲ့ ဒုက္ခိတ အဲလေ ဒုတိယဦးလေးပေါ့၊ သူ့မှာ မီးဓာတ်ကောင်းကင်ဘုံအဆင့် ဝိညာဉ်အမြစ်ရှိတယ်။ ဒါကြောင့် သူက မီးနဲ့ ကစားတာ သိပ်တော်တာ၊ မီးဝိညာဉ်စွမ်းအင်တွေနဲ့ သူက သဘာဝအတိုင်း ရင်းနှီးနေတာပေါ့”
“မင်းရဲ့ တတိယဦးလေး ငါ့မှာကျတော့ လျှပ်စီး ဝိညာဉ်အမြစ်ရှိတယ်။ အဲဒါက ရွှေဓာတ်နဲ့ ရေဓာတ် ဝိညာဉ်အမြစ်တွေကနေ အသွင်ပြောင်း လာတာပေါ့”
သူပြောနေရင်း လက်ဖျောက်တချက်တီးလိုက်ရာတွင် သူ့လက်ဖျားမှ ဖျတ် ခနဲ အသံထွက်လာပြီး၊ သေးငယ်ကာ တောက်ပသော လျှပ်စစ်စွမ်းအင်လေး တစ်ခု ထွက်လာသည်။
“တွေ့လား ဒါပဲပေါ့။ စိတ်ပါရင် ဦးဦးကို မိုးကြိုးနတ်ဘုရားလို့ခေါ်နိုင်တယ် အဟင်း”
စစ်ချန်သည် တစ်ခဏမျှ ပျောက်ကွယ်သွားသော လျှပ်စစ်စွမ်းအင်လေးကို စိုက်ကြည့်ရင်း စဉ်းစားဟန်ဖြင့် ခေါင်းညိတ်သည်။
“ဒါဆို ဝိညာဉ်အမြစ် ရှိတာက သက်ဆိုင်ရာ စွမ်းအားတွေကို ပိုပြီး ကောင်းကောင်း သုံးနိုင်စေတာပေါ့”
စစ်ရွှေက စစ်ချန်ကို စိတ်ရှည်စွာ ရှင်းပြသည်။
“အဲဒီလို နားလည်လို့ ရပါတယ် ဝိညာဉ်အမြစ်နဲ့ ကိုက်ညီတဲ့မှော်အစွမ်းတွေကို သုံးရင် အကျိုးသက်ရောက်မှုက နှစ်ဆရှိတယ်။ မင်း အရင်က သုံးခဲ့တဲ့ မီးလုံးမှော်အစွမ်းလိုမျိုးကတော့ အသုံးများတဲ့ အရာတွေမို့ ဝိညာဉ်အမြစ် အဆင့်မြင့်ဖို့ မလိုဘူး။ ဒါပေမဲ့ နက်နဲတဲ့ လျှပ်စီးမှော်အစွမ်းတွေ ဒါမှမဟုတ် ရေခဲမှော်အစွမ်းတွေကိုတော့ သက်ဆိုင်ရာ ဝိညာဉ်အမြစ် မရှိဘဲနဲ့ တတ်မြောက်နိုင်မှာ မဟုတ်ဘူး”
စစ်ချန် ခေါင်းညိတ်လိုက်ပြီး အတွေးထဲ နစ်ဝင်သွားသည်။ အကယ်၍ သူသည် တတိယဦးလေးနှင့် အခြားသူများကို နမူနာအဖြစ် ယူမည်ဆိုလျှင်၊ သူ့ခန္ဓာကိုယ်ထဲတွင် ထိုကဲ့သို့သော အရာတစ်ခုခု လိုအပ်နေပုံရသည်။
လျှပ်စီး ဝိညာဉ်အမြစ်လား
သူ စိတ်ထဲတွင် တွေးလိုက်သည်။
ထိုအတွေး ဝင်လာသည်နှင့် တစ်ပြိုင်နက် ထူးဆန်းသော အဖြစ်အပျက်တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာတော့သည်။
သတိပေးချက် မရှိဘဲ၊ သူ၏ မြှောက်ထားသော လက်ဖဝါးပေါ်မှ ငွေရောင် လျှပ်စစ်စွမ်းအင် မှိန်မှိန်လေးတစ်ခု ဖျစ် ခနဲ ထွက်ပေါ်လာသည်။
ချက်ချင်းပင် စစ်ချန်၏ ပတ်ပတ်လည်မှ လျှပ်စစ်စွမ်းအင်များ ပိုမို ထွက်ပေါ်လာပြီး၊ သူ၏ ဖြူလွလွ ဝတ်ရုံပေါ်တွင် ဆော့ကစားနေသော အလင်းမြွေများသဖွယ် ဖြတ်သန်းသွားကြသည်။
တစ်ခဏချင်းမှာပင် သူသည် လူသားပုံသဏ္ဌာန် လျှပ်စီးလုံးလေး တစ်လုံးအဖြစ် ပြောင်းလဲသွားသည့် အတိုင်းပင်
“ဝါးးးး”
အနားက ဖြတ်သွားသော အစေခံမလေးတစ်ယောက်မှာ သိပ်ကြောက်သွားသဖြင့် လက်ထဲက သစ်သီးပန်းကန်ပင် လွတ်ကျလုနီးပါး ဖြစ်သွားသည်။
“ဒ... ဒါ... ဒါက...” စစ်ရွှေ၏ လျှာမှာ လိပ်သွားသဖြင့် စကားကို ရှင်းရှင်းမပြောနိုင်တော့ပေ။ စစ်ချန်ကို လက်ညှိုးထိုးပြနေသော်လည်း ဘာမှ မပြောနိုင်တော့ပေ။
ထိုလှုပ်ခတ်မှုကြောင့် စစ်ခိုင်၊ အဝေးကြီး မရောက်သေးသော အကြီးအကဲများနှင့် သတင်းကြား၍ ပြေးလာသော စစ်ချယ်တို့ ရောက်ရှိလာကြသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသူတိုင်းသည် ခန္ဓာကိုယ် ရပ်တန့်စေသော စွန်းဝူခုန်း၏ ကျောက်ဖြစ်စေမှော်အစွမ်းမိသွားသည့်အလား ရပ်တန့်သွားကြသည်။
ဒုတိယသခင် စစ်ချယ်သည် မျက်လုံးများကို အားရပါးရ ပွတ်လိုက်ပြီး ဗလုံးဗထွေး ပြောသည်။
“တတိယညီလေး မင်း ဘယ်တုန်းက စစ်ချန်ကို လျှပ်စီးမှော်အစွမ်းတွေ တိတ်တဆိတ် သင်ပေးလိုက်တာလဲ အဲ နေဦး! သူ့မှာ လျှပ်စီး ဝိညာဉ်အမြစ်မှ မရှိတာ”
“ငါ ဘာမှ မသင်ပေးရသေးဘူးဟ သောက်ကျိုးနည်း” စစ်ရွှေက ထခုန်တက်မတတ် ပြန်အော်သည် ။
“ငါ သူ့ကို ဝိညာဉ်အမြစ် ဆိုတာ ဘာလဲလို့ပဲ ရှင်းပြလိုက်တာ!”
လူတိုင်း၏ အံ့ဩခြင်းနှင့် မရေရာသော အကြည့်များမှာ စစ်ချန်ထံသို့ တစ်ပြိုင်နက်တည်း ရောက်သွားကြသည်။
ကောင်လေးမှာလည်း ဤအရာကို ထူးဆန်းနေပုံရသည်။ သူ့ပတ်ပတ်လည်တွင် ထိန်းချုပ်မရဘဲ ပြေးလွှားနေသော လျှပ်စစ်စွမ်းအင်များကို ငုံ့ကြည့်လိုက်ပြီး၊ ဝိညာဉ်စွမ်းအားကို ထိန်းချုပ်သည့် နည်းအတိုင်း ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။
အကျိုးသက်ရောက်မှုမှာ ချက်ချင်းပင်။ သူ့ပတ်ပတ်လည်ရှိ လျှပ်စစ်စွမ်းအင်များမှာ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး၊ ခုနက အရာအားလုံးမှာ ထင်ယောင်ထင်မှား ဖြစ်ခဲ့သကဲ့သို့ပင်။
ခြံဝင်းတစ်ခုလုံး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွားသည်။
စစ်ခိုင်သည် အသက်ပြင်းပြင်းတစ်ချက်ရှူကာ သူ့အသံကို တည်ငြိမ်အောင် ကြိုးစားပြီး မေးလိုက်သည်။
“ချန်အာ... ခုနက ဘာဖြစ်တာလဲ?”
စစ်ချန်သည် ခေါင်းမော့လိုက်ပြီး သူ့ထံ၌သာ ရှိသော ကလေးသံလေးဖြင့် အံ့ဩနေသော လူကြီးများကို ရှင်းပြသည်။
“တတိယဦးလေးက ဝိညာဉ်အမြစ် အကြောင်းကို သားကို ပြောပြပြီးတဲ့နောက်၊ သားရဲ့ ခန္ဓာကိုယ်ထဲမှာ တကယ်ပဲ အဲဒီလို အရာတစ်ခုခု လိုနေတယ်လို့ ခံစားလိုက်ရတယ်... ဒါကြောင့် သားလည်း တစ်ခုလောက် ရှိသင့်တယ်လို့ တွေးလိုက်မိတယ်၊ ဒါကြောင့်…”
သူ ခဏရပ်ကာ စကားလုံးများကို စီစဉ်လိုက်ပြီးနောက် လူတိုင်း၏ တာအိုနှလုံးသားကို နောက်တစ်ကြိမ် အစိတ်စိတ်အမြွှာမြွှာ ကွဲလုနီးပါး ဖြစ်စေမည့် နိဂုံးချုပ်စကားကို ပြောလိုက်သည်။
“အဲဒီနောက်တော့ အဲဒါက သူ့ဘာသာသူပေါ်လာတာပဲလို့ ထင်တာပဲ”
သူ့ဘာသာသူထွက်ပေါ်လာတာလား
အလိုလိုပေါ်လာတာ ဟုတ်လား
မွေးရာပါ ပါရှိရမည့်အရာဖြစ်ပြီး ကျင့်ကြံသူတစ်ဦး၏ ကံကြမ္မာနှင့်အခြေခံကို ဆုံးဖြတ်ပေးသည့် ဝိညာဉ်အမြစ်ဆိုတာတွေးလိုက်ရုံနဲ့ အလိုအလျောက် ပေါ်လာနိုင်တာလား
မင်းက ဒါကို လယ်ကွင်းထဲမှာ မုန်လာဥ စိုက်နေတာလို့ ထင်နေတာလား
ဖြစ်စဉ်တစ်ခုလုံးကို မျက်မြင်တွေ့ခဲ့ရသော တတိယသခင်စစ်သည် ပါးစပ်အဟောင်းသား ဖြစ်နေပြီး သူ့ဦးနှောက်ကို လျှပ်စီးလက်သွားသလို ခံစားနေရသည်။
သူသည် သားသား ဘာမှမသိဘူး၊ သားသားကတော့ လုပ်ရမယ့်ထင်တဲ့အတိုင်း လုပ်လိုက်တာပဲ ဟူသော အမူအရာမျိုး ရှိနေသည့် သူ့တူလေးကို ပြန်ကြည့်လိုက်ရာ၊ သူ့စိတ်ထဲတွင် အတွေးတစ်ခုပဲ ကျန်တော့သည်။
သူ့ကို မြန်မြန် ပို့ပစ်လိုက်ပါ။ အဝေးမြန်မြန် ပို့ပစ်လိုက်ပါ
လောကကြီးတစ်ခုလုံးကို ငါ မိုးကြိုးနတ်ဘုရားခံစားနေရတဲ့ဒီဝေဒနာမျိုး ခံစားစေချင်တယ် အူဝါး