ရုပ်ခန္ဓာကို ဖျက်ဆီးခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်းအနုပညာ
Vol. 2 Ch. 16
စစ်မိသားစု၏ ခမ်းမကြီးအတွင်း ယခုတစ်ကြိမ်တွင် လက်ဖက်ရည် တည်ခင်းမထားသော်လည်း၊ လေထုမှာ ယခင် မည်သည့် မိသားစုအစည်းအဝေးထက်မဆို ပို၍ လှုပ်ခတ်နေသည်။
တတိယဦးလေး စစ်ရွှေ၏ ခြေဟန်လက်ဟန်များဖြင့် ဗလုံးဗထွေး ရှင်းပြချက်ကို နားထောင်ပြီးနောက်တွင်တော့၊ ခမ်းမကြီးအတွင်းမှာ စစ်ချန် တစ်နာရီအတွင်း ချီစုစည်းခြင်း အဆင့်၉ သို့ ရောက်ရှိခဲ့စဉ်ကထက်ပင် ပို၍ တိတ်ဆိတ်သွားခဲ့သည်။
ဒုတိယဦးလေး စစ်ချယ်သည် ဝိညာဉ်အမြစ် စမ်းသပ်ကျောက်တုံးကို ကိုင်လျက် စစ်ချန်ကို သုံးပတ်တိတိ ပတ်ကြည့်နေသည်။
“ဒါက တကယ်ပဲ၊ လျှပ်စီး ဝိညာဉ်အမြစ်ပဲ” ဒုတိယသခင်စစ်သည် စစ်ခိုင်ကို မော့ကြည့်လိုက်သည်။ သူ့မျက်နှာတွင်
“အစ်ကိုကြီး ဒါက လူနားလည်နိုင်တာတွေ အားလုံးကို ဆန့်ကျင်နေပြီ” ဟူသော အဓိပ္ပာယ်များ အထင်းသား ပေါ်လွင်နေသည်။ အဲဒါက တကယ်ပဲ သူ့ဘာသာသူ ထွက်ပေါ်လာတာလား။
“ဝုန်းးး”
အသက်အကြီးဆုံး မျိုးနွယ်စုဝင်ကြီးမှာ ရင်ဘတ်ကို ဖိကာ ထိုင်ခုံပေါ်သို့ အားနည်းစွာ မှီချလိုက်ပြီး တိုးတိုးလေး ရေရွတ်နေသည်။
“ဘိုးဘေးတို့ရဲ့ မှတ်တမ်းတွေမှာ ဒါမျိုး... ဒါမျိုး တစ်ခါမှ မပါခဲ့ဖူးဘူး”
စစ်ခိုင်သည် အသက်ကို ပြင်းပြင်းရှူကာ ဖြည်းဖြည်းချင်း ပြန်ထုတ်လိုက်သည်။ မိသားစုခေါင်းဆောင်တစ်ဦးအနေဖြင့် သူ၏ တည်ငြိမ်မှုမှာမကြုံစဖူး စမ်းသပ်ခံနေရသည်ဟု သူ ခံစားရသည်။
သူက ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး ဟူသော အမူအရာမျိုး လုပ်နေသည့် တတိယဦးလေး စစ်ရွှေကို ကြည့်ကာ လေးနက်သော အသံဖြင့် မေးလိုက်သည်။
“မင်း သူ့ကိုနည်းနည်းလေးပဲ ရှင်းပြလိုက်တာသေချာရဲ့လား”
တတိယဦးလေး စစ်ရွှေမှာ ငိုချင်သလို ဖြစ်နေပြီ။
“အစ်ကိုကြီး ကောင်းကင်နဲ့ မြေကြီးကို သက်သေတည်ပြီးပြောတယ်။ ကျွန်တော်က ကျွန်တော့်ရဲ့ လျှပ်စီး ဝိညာဉ်အမြစ်က ဘယ်လိုပုံစံလဲဆိုတာ လက်ဟန်ခြေဟန်နဲ့ ပြလိုက်ရုံပါ၊ ကျန်တာ ဘာမှမပြောဘူး၊ ဘာဘာ ဘာမှသိဝူး”
ခမ်းမထဲတွင် တိတ်ဆိတ်ခြင်းက လွှမ်းမိုးသွားသည်။
ဒါကို ဘယ်လို ရှင်းပြမလဲ။ အပြင်လူတွေကို ဘယ်လို ပြောမလဲ။ သူတို့ကလေးက သူ့မှာ ဝိညာဉ်အမြစ် မရှိဘူးလို့ ခံစားလိုက်ရလို့ သူ့ဘာသာသူ တစ်ခု ထွက်ပေါ်အောင် တွေးလိုက်တာပါလို့ ပြောရမှာလား။
အဲဒီလိုသာ ပြောလိုက်ရင် နောက်တစ်စက္ကန့်မှာတင် အဓိကဂိုဏ်းကြီးတွေ အားလုံး ပူးပေါင်းပြီး သူတို့မိသားစုကို ကမ္ဘာခြားကမိစ္ဆာမျိုးနွယ်တွေအဖြစ် သတ်မှတ်ပြီး မျိုးတုံးအောင် လာလုပ်ကြမှာကိုပဲ သူတို့ ကြောက်နေရသည်။
ထိုစဉ်မှာပင် သတင်းကြား၍ ယဲ့ဖူအပြေးလေးရောက်ရှိလာသည်။
သူမသည် ခန်းမထဲသို့ ဝင်လာပြီး သားဖြစ်သူ၏ ဘေးသို့ အပြေးအလွှား သွားကာ သူ့လက်ကလေးကို မ၍ သေသေချာချာ စစ်ဆေးသည်။ ဆံပင်တစ်ပင်တောင် မကျွတ်ကြောင်း အတည်ပြုပြီးမှသာ သူမ သက်ပြင်းချနိုင်တော့သည်။
ချက်ချင်းပင် သူမသည် လုံးဝ ဆွံ့အလျက်ရှိသော မျိုးနွယ်စုဝင်များနှင့် ခင်ပွန်းဖြစ်သူကို ဝေ့ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
“ရှင်တို့အားလုံး ဘာဖြစ်နေကြတာလဲ၊ သရဲမြင်တဲ့ ရုပ်မျိုးတွေနဲ့။ စိတ်ထိန်းကြစမ်းပါရှင်”
သူမသည် စစ်ချန်ကို သူမ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး ကာကွယ်လိုစိတ်အပြည့်နှင့်ပြင်းထန်မာဆတ်သော လေသံဖြင့် ပြောသည်။
“ဝိညာဉ်အမြစ်ထွက်လာတာ ကောင်းတဲ့အရာပဲလေ။ ဒါက ငါတို့ချန်ချန်လေးက ထူးကဲတဲ့ပါရမီရှိတယ်ဆိုတာကို သက်သေပြနေတာပဲ။ ရှင်တို့က ချန်ချန်မှာ ဝိညာဉ်အမြစ် မရှိဘဲ တခြားလူတွေရဲ့ အထင်သေးတာကို ခံရစေချင်လို့လား။”
သူမက သားဖြစ်သူ၏ ပါးလေးကို ညင်သာစွာ ဆိတ်လိုက်ပြီး နူးညံ့ကာ ဂုဏ်ယူသော အပြုံးဖြင့် ပြောသည်။
“သူတို့ကို ဂရုမစိုက်နဲ့နော်၊ မေမေ့ချန်ချန်က အတော်ဆုံးပဲ”
မိသားစုခေါင်းဆောင် စစ်ခိုင် အပါအဝင် မျိုးနွယ်စုဝင်အားလုံး ပို၍ပင် တိတ်ဆိတ်သွားကြသည်။
မှန်ပါသည်၊ မိခင်တစ်ယောက်၏ မျက်လုံးထဲတွင်တော့ သူမသားက မနက်ဖြန် ကောင်းကင်ကြီးကို အပေါက်ဖောက်လိုက်ဦးတော့၊ သူမ၏ တုံ့ပြန်မှုက “ငါ့သားက တကယ့်ကို အံ့ဩစရာပဲ” ဟုသာ ဖြစ်ပေလိမ့်မည်။
စစ်ချန်သည် မိခင်ဖြစ်သူ၏ ရင်ခွင်ထဲတွင် ငြိမ်သက်စွာ မှီနေသည်။ သူက ဒါဟာ သိပ်မခက်ခဲတဲ့ကိစ္စပါလို့ ပြောဖို့ ကြံရွယ်ထားသော်လည်း၊ မကြုံစဖူး ထူးခြားသော ခံစားချက်တစ်ခုကြောင့် သူ့စကားလုံးများကို ပြန်မျိုချလိုက်ရသည်။
ထိုခံစားချက်မှာ နာကျင်ခြင်း မဟုတ်ပါ၊ သူ၏ရုပ်ခန္ဓာအတွင်းပိုင်း အနက်ရှိုင်းဆုံးနေရာမှ ထွက်ပေါ်လာသော သိမ်မွေ့သည့် သတိပေးချက်တစ်ခုနှင့် ပိုတူသည်။
သူ၏ သေးငယ်သော ရုပ်ခန္ဓာသည် မရှိခြင်းမှ တည်ရှိခြင်းသို့ ဖန်တီးခြင်းဟူသော လုပ်ရပ်ကို ကြုံတွေ့ခဲ့ရပြီးနောက်၊ အတွင်းပိုင်းတွင် ကျဉ်းမြောင်းသွားသလိုနှင့် အနည်းငယ် ဝန်ပိသွားသလို ခံစားရသည်။
သူ၏ သွေးကြောများအတွင်း စီးဆင်းနေသော ဝိညာဉ်စွမ်းအင်မှာပင် ယခင်ကထက် အနည်းငယ် ပိုလေးလံနေသလိုပင်။
ဤခံစားချက်မှာ အလွန်ထူးဆန်းပြီး၊ သူ လူပြန်ဝင်စားကတည်းက တစ်ခါမှ မကြုံခဲ့ဖူးသော အရာဖြစ်သည်။
ယခုအချိန်တွင် သူ၏ ကျင့်ကြံခြင်းအဆင့်ကို အတင်းအဓမ္မ ထပ်မြှင့်လိုက်မည်ဆိုလျှင်၊ ဖွံ့ဖြိုးဆဲ ဖြစ်နေသေးသော ဤခန္ဓာကိုယ်သည် အတွင်းပိုင်းမှ စတင်၍ အက်ကွဲသွားနိုင်ကြောင်း သူ ရှင်းရှင်းလင်းလင်း သိမြင်လိုက်သည်။
သာမန်လူသားတွေက တကယ့်ကို ထိခိုက်လွယ်လွန်းတာပဲ။ သူ့ကို ကန့်သတ်ထားတဲ့ ဤရုပ်ခန္ဓာကို သူ စွန့်လွှတ်လိုက်သင့်သလား။
စစ်ချန် တွေဝေသွားသည်။
အကယ်၍ ဤရုပ်ခန္ဓာ ယခုချက်ချင်း ပျက်စီးသွားလျှင်ပင် သူ၏ အသိစိတ်မှာ ပျောက်ကွယ်သွားမည် မဟုတ်ပေ။ ကြယ်တစ်လုံး ပြိုကွဲပျက်စီးပြီး တွင်းနက်အဖြစ် ပြောင်းလဲသွားခြင်းက ဤအချက်ကို သက်သေပြခဲ့ပြီးသား ဖြစ်သည်။ သူ၏ အသိစိတ်မှာ ထာဝရဖြစ်ပြီး ဖျက်ဆီး၍ မရနိုင်ပေ။
သူ့အတွက်တော့ သေခြင်းဆိုသည်မှာ သူ၏ မူလပုံစံသို့ ပြန်သွားခြင်းသာ ဖြစ်သည်။
သို့သော် ရုပ်ခန္ဓာကို စွန့်လွှတ်လိုက်ခြင်းသည် စစ်ချန်ဟူသော နာမည်ကို စွန့်လွှတ်လိုက်ခြင်း၊ သားဖြစ်သူဟူသော အမှတ်အသားကို စွန့်လွှတ်လိုက်ခြင်း၊
လျှာပေါ်မှ ခံစားရသော သကြားလုံး၏ချိုမြိန်မှုကို စွန့်လွှတ်လိုက်ခြင်းနှင့် ဂရုစိုက်ခံရခြင်းမှ ရရှိသောလုံခြုံမှုခံစားချက်ကို စွန့်လွှတ်လိုက်ခြင်းပင် ဖြစ်သည်။
ထိုထာဝရ အထီးကျန်ခြင်းဆီသို့ ပြန်သွားရမှာလား။ သူသည် ထိုအတွေ့အကြုံကို နှစ်ပေါင်းငါးဘီလီယံကြာ ခံစားခဲ့ဖူးပြီး ဖြစ်ရာ၊ ထိုအရာကို သူ လုံးဝမလွမ်းဆွတ်ပေ။
ထာဝရတည်ရှိမှုနှင့် နှိုင်းယှဉ်လျှင်၊ သာမန်လူသား စစ်ချန်အဖြစ် ဖြတ်သန်းရသော ဤခဏတာ အခိုက်အတန့်များမှာ များစွာ ပို၍ တန်ဖိုးရှိနေသည်။ သူ ပြန်မသွားချင်တော့ပါ။
သူသည် ဤနေရာမှာပဲ နေပြီးဘဝဟု ခေါ်သော ဤထူးဆန်းသည့် ခရီးစဉ်ကို ဆက်လက် လျှောက်လှမ်းချင်သည်။
နုနယ်လှသည်ဟု ထင်ရသော ဤလူသားခန္ဓာကိုယ်သည် မမျှော်လင့်ဘဲ သူ မစွန့်လွှတ်နိုင်သော လှေတစ်စင်း ဖြစ်လာခဲ့သည်။
ထိုသို့ဖြစ်လျှင် သူသည် ဤသင်္ဘောကို ပို၍ ခိုင်ခံ့အောင် လုပ်ရန် လိုအပ်သည်မဟုတ်ပါလား။
စစ်ခိုင်သည် ဖခင်ဖြစ်သူဖြစ်သောကြောင့်သားဖြစ်သူ၏ အတွေးထဲ နစ်ဝင်နေသော အမူအရာကို သတိပြုမိပြီး တစ်ခုခု မှားနေသည်ကို ပထမဆုံး အာရုံခံမိလိုက်သည်။ “ချန်အာ... ဘယ်လို ခံစားရလဲ။ တစ်ခုခု နေမကောင်းဖြစ်လို့လား။”
ထိုအခါမှ စစ်ချန် အသိဝင်လာပြီး အမှန်အတိုင်း ပြန်ဖြေသည်။
“ခန္ဓာကိုယ်က နည်းနည်း လေးနေသလိုပဲ၊ သားထပ်ပြီးတောင့်မခံနိုင်တော့သလိုပဲ”
သူပြောလိုက်သည်နှင့် မျိုးနွယ်စုဝင်အချို့ ချက်ချင်းပင် သူ့အနားသို့ စုရုံးလာကြပြီး စိုးရိမ်ပူပန်သွားကြသည်။
“ထပ်ပြီး တောင့်မခံနိုင်တော့ဘူး ဟုတ်လား။ အခြေခံအုတ်မြစ်မတည်ငြိမ်လို့များလား”
“ဝိညာဉ်အမြစ်တွေ အလိုအလျောက် ထွက်ပေါ်လာတယ်ဆိုတာ မကြားဖူးဘူး။ ဒါက ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ လုပ်ရပ်မို့ သူ့ရဲ့မူလစွမ်းအင်ကို ထိခိုက်စေမှာ စိုးရိမ်ရတယ်”
ယဲ့ဖူ၏ မျက်နှာပေါ်မှဂုဏ်ယူမှုများမှာ စိုးရိမ်ပူပန်မှုများအဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး သားဖြစ်သူ၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။
တတိယဦးလေး စစ်ရွှေသည် သူ့တူ၏ မျက်မှောင်ကြုတ်နေသော ပုံစံကို ကြည့်ကာ၊ လောကကြီးကို ငါ့လိုဝေဒနာ ခံစားစေချင်တယ် ဆိုသော အတွေးများမှာ လုံးဝ ပျောက်ကွယ်သွားပြီး ပူပန်မှုများသာ ဝင်ရောက်လာသည်။
“လျှောက်ပြီး ခန့်မှန်းမနေကြနဲ့တော၊ ကျုပ်သိပြီ”
သူက သူ့နဖူးကို ရုတ်တရက် ရိုက်လိုက်သည်။“အစ်ကိုကြီး! ချန်အာ့ အခြေအနေက ဝိညာဉ်စွမ်းအင် ပြဿနာ မဟုတ်ဘူး၊ အဲဒါက သူ့ရဲ့ ရုပ်ခန္ဓာ ကြံ့ခိုင်မှုက သူ့ရဲ့ အသိစိတ်နဲ့ ကျင့်ကြံမှု တိုးတက်နှုန်းကို မလိုက်နိုင်တာ!”