ဘေးထွက်ရပ်ပြီးမှ နောက်ပိုင်း အကျိုးအမြတ်ရယူ
Vol. 40 Ch. 548
“သတ်”
ဖီးနစ်အော်သံနယ်မြေ၏ ဗဟိုဒေသ တောအုပ်လေးထဲတွင် စိတ်ဝိညာဉ်မျောလွင့်နယ်ပယ် ပညာရှင် အယောက်နှစ်ဆယ်ကျော်က ကမန်းကတန်း ပြေးလွှားပြီး ကောင်းကင်ဆီသို့ သူတို့၏ အတွင်းအား တိုက်ကွက်များကို ထုတ်ဖော်တော့သည်။ တစ်ချိန်ထဲတွင် သူတို့က အော်လိုက်၏။
“ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ် မင်းကရာရာစစ ဖီးနစ်အော်သံနယ်မြေကို ကျူးကျော်ရဲတယ် မင်းပြန်သွားနိုင်တော့မှာ မဟုတ်ဘူး”
“အတင့်ရဲလိုက်တဲ့နတ်ဆိုး ရာရာစစ လူသားတွေနယ်မြေကို ကျူးကျော်ရဲတယ်လား တစ်နေ့ကျရင် မင်းရဲ့အထီးကျန် အရှေ့ပိုင်းပင်လယ်ကို သွေးမိုးတွေ ရွာသွန်းပစ်မယ်”
“နတ်ဆိုးအားလုံး သေရမယ် ငါတို့သူတို့အားလုံးကို သတ်ရမယ်”
“...“
အောက်ဘက်မှ ကျိန်ဆဲသံများ ပေါ်ထွက်လာပြီး အတွင်းအားတိုက်ကွက် နှစ်ဆယ်ကျော်ကလည်း ပေါ်လာ၏။ ယင်းက အရှိန်ပြင်းပြင်းဖြင့် ပျံသန်းလာနေသော ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်ကို ရပ်တန့်သွားစေသည်။ အတွင်းအားတိုက်ကွက်များက ပြဿနာတစ်ရပ် မဟုတ်ပေ။ ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်က အတွင်းအား နတ်ဘုရားဒိုင်းကို သုံးလိုက်နိုင်သည်။ ထို့အပြင် တိုက်ကွက်က မည်မျှကြမ်းတမ်းစေကာမူ ဒိုင်းက အက်ကွဲမှာတောင် မဟုတ်ပေ။ သူတို့က ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်ကို ထိတောင်ထိနိုင်မှာမဟုတ်။
ပြဿနာက ကျိန်ဆဲခြင်းက စိတ်ရှုပ်စရာကောင်းသည်။ အထီးကျန်အရှေ့ပိုင်း ပင်လယ်ရှိ အဆင့်ငါးဖြစ်သော ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်က ထိုကဲ့သို့ ဆက်ဆံခံရမှုကို မည်ကဲ့သို့ သည်းခံနိုင်မည်နည်း။ သူရပ်တန့်ရတော့၏။ နတ်ဆိုးဧကရာဇ် အရှိန်အဝါတို့က ပေါ်ထွက်လာသည်။ သူက အောက်ရှိ လူများကို သတ်ဖြတ်ရန်အတွက် တိုက်ကွက်များ အလွယ်တကူ ထုတ်ဖော်လိုက်တော့၏။
“ဟူး”
အောက်ဘက်ရှိ ကျိုးပဲ့သွားသော ခြေလက်တို့ကို ကြည့်ပြီး ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်က အသက်ရှုထုတ်လိုက်ပြီး သူ၏မျက်လုံးထဲရှိ ဒေါသများက ပိုပြင်းထန်လာတော့သည်။
နတ်အသူရာမြို့ရှိ မြို့ပတ်ခြမ်းသို့ လိုက်လာခဲ့သည်မှာ တစ်ရက်၊ တစ်ညတိုင်တိုင် ကြာခဲ့ပြီဖြစ်ကာ သူဖမ်းမိသည့်လူထံမှ သတင်းစုံစမ်းခဲ့သည်။ သို့သော် လမ်းတစ်လျှောက်တွင် ထိုကဲ့သို့ အခြေအနေကို ကြုံတွေ့ရ၏။ မူလက သူသည် အမြင့်ဆုံးအရှိန်ဖြင့် ပျံသန်းနိုင်ခဲ့လျှင် ယခုလောက်ဆို နတ်အသူရာမြို့သို့ ရောက်မှာပဲ ဖြစ်သည်။ သို့သော်သူသည် ခရီး၏ သုံးပုံတစ်ပုံသာ ရောက်သေး၏။
ငါးကီလိုမီတာ အကွာတိုင်းတွင်သူက သူ့ကိုတိုက်ပြီး ကျိန်ဆဲကြသည့် စိတ်ဝိညာဉ် မျောလွင့်ခရီသွား ပညာရှင် အယောက်နှစ်ဆယ်မှ သုံးဆယ်ကို ကြုံတွေ့ခဲ့ရသည်။ သူမည်ကဲ့သို့ အရှိန်မြှင့်နိုင်မည်နည်း။
သူက တစ်ရက်၊တစ်ညအကြာတွင် အကြိမ်တစ်ရာခန့် ရပ်တန့်ခဲ့ရပြီး လူပေါင်းထောင်ချီကို သတ်ဖြတ်ခဲ့သည်။ အကြိမ်တိုင်းတွင် တစ်ကွက်ထဲဖြင့် သူတို့ကို သတ်ဖြတ်နိုင်သည့်တိုင် ထိုဖြစ်စဉ်များကို ထပ်ခါထပ်ခါ ကြုံတွေ့နေရခြင်းက သူ့ကိုအင်မတန် စိတ်ပျက်စေပြီး စိတ်ဓာတ်ကျစေ၏။ ထိုသို့သော အကောက်ကြံမှုကို ကျန်းရီ၊ သို့မဟုတ် ဖုန်းလန် စီမံထားမှန်း သူလည်း နားလည်နိုင်သည်။ သို့သော် ထိုလူများထံမှ ကျိန်ဆဲသည့်အသံကို ကြားရချိန်တိုင်းတွင် သူ မရပ်တန့်ဘဲ မနေနိုင်ချေ။ ဧကရာဇ်တစ်ပါး၏ မဟာစွမ်းအားက မထင်မရှားလူသားများ ပြက်ရယ်ပြုနိုင်သည့် အရာမဟုတ်ချေ။
ဝှစ်
သူကဆက်လက် ပျံသန်းနေစဉ် လူသားတစ်စု ခြုံခိုတိုက်ခိုက် ကျိန်ဆဲခြင်းခံရသည်။ ထိုနည်းအတိုင်း သူကနောက်ထပ် နေ့ဝက်ခန့် ဆက်သွားပြီးနောက် ခံနိုင်ရည်မရှိတော့ပေ။ အခြေအနေက ဆက်ဖြစ်နေခဲ့လျှင် သူကနတ်အသူရာမြို့သို့ ရောက်သည့်အချိန်တွင် ပင်ပန်းနွမ်းနယ်နေမည်ဖြစ်ကာ သူ၏ခွန်အားက အကောင်းဆုံး အခြေအနေတွင် ရှိနိုင်ရန် ခက်ခဲနေမှာပဲဖြစ်သည်။ သူသည်ကျန်းရီ သို့မဟုတ် ဖုန်းလန်၏ ကျန်သည့်လှည့်ကွက်ထဲ ကျရောက်သွားနိုင်၏။ သူသည် အလွန်မိုက်မဲသည့် လူတစ်ယောက်မဟုတ်ပေ။ သူတို့ကို ထပ်မံကြုံတွေ့ခဲ့လျှင် လူသားအဖွဲ့များကို လျစ်လျူရှုရန် ဆုံးဖြတ်ချက် ချလိုက်၏။
ကျွီ ကျွီ
နောက်ထပ် ငါးကီလိုမီတာခန့် ပျံသန်းသွားပြီးနောက် ထင်သည့်အတိုင်းပင် သူ့အောက်ရှိ ငမိုက်သားများက အတွင်းအားများဖြင့် တိုက်ခိုက်ကြတော့သည်။ လူအယောက် နှစ်ယောက်ကျော်က ဆက်လက်ပျံသန်းလာပြီး သူ့ကိုဆဲဆိုနေကြ၏။
“ခြင်္သေ့ချီ ငါ့သား မင်းအမေဒီမှာလေ လာပြီး ဒူးထောက်လိုက်ပေါ့”
“ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်ရေ ငါကနင့်သားကို သတ်လိုက်တဲ့သူပဲ နင့်အဖေရဲ့ အုတ်ဂူကိုတူးခဲ့တာ ဒီနေ့နင့်အရဲ့အလှည့် ဆင်းလာပြီး နင့်သေခြင်းတရားကို လက်ခံလိုက်တော့”
“ဟား ဟား ဟား အထီးကျန် အရှေ့ပိုင်း ပင်လယ်ထဲမှာ နတ်ဆိုးဧကရာဇ် တစ်ဒါဇင်ကျော် ရှိတယ်လို့ပြောတယ် ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်က အသုံးမကျဆုံးတဲ့လေ သူကအရင်တုန်းက နတ်ဆိုးဧကရာဇ်တစ်ပါး ရိုက်တာခံရပြီး အဲဒီလူကို အဖေလို့ခေါ်ဖို့ ဖိအားပေးခံခဲ့ရတယ်ဆိုပဲ”
“..”
ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်သည် အစ၌ သူတို့ကို လျစ်လျူရှု့ထား၏။ သို့သော် သူတို့ပြောတာ ကြားသည့်အချိန်တွင် ဒေါသထွက်ပြီး ချက်ချင်းရပ်တန့်ကာ ဒေါသတကြီးဖြင့် တိုက်ခိုက်တော့၏။ သူ့လက်မှ အတွင်းအား တိုက်ကွက်များစွာ ပေါ်ထွက်လာပြီးနောက် အောက်ရှိလူများအားလုံး အပိုင်းပိုင်းအစစ ဖြစ်သွားတော့မှ ရပ်တန့်သွားတော့၏။
ဟူး ဟူး
သူက မခံမရပ်နိုင်အောင် ဒေါသထွက်နေ၏။ အသက်ပြင်းပြင်း ရှုပြီးနောက် နောက်ဆုံးတွင် သူ့ရင်ထဲရှိ ဒေါသကို ဖိနှိပ်ကာ အရှေ့မြောက်အရပ်ဆီသို့ စတင်ပျံသန်းတော့သည်။ ငါးကီလိုမီတာခန့် ပျံသန်းပြီးနောက် နောက်ထပ် လူတစ်စုနှင့်တွေ့သည်။ သူတို့မကျိန်ဆဲခင် ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်က သူတို့ကို ဦးစွာ သတ်လိုက်၏။ သူက ဒေါသထွက်လွန်းသောကြောင့် အသိစိတ်တို့ ဆုံးရှုံးသွားသည်။ ဒေါသတကြီးဖြင့် လမ်းတောက်လျှောက် လူအားလုံးကို သတ်ခဲ့သည်။ ယင်းက အကောက်ကြံတာ ဟုတ်မဟုတ် ဂရုမစိုက်တော့ချေ။ မည်သည့်နည်းနှင့်မဆို သူက ဖုန်းလန်နှင့် ကျန်းရီကို မသတ်ရမချင်း အထီးကျန် အရှေ့ပိုင်း ပင်လယ်ဆီသို့ ဘယ်တော့မှ ပြန်သွားမှာမဟုတ်ပေ။
နယ်မြေ၏ အလယ်ဗဟိုရှိ တောအုပ်ထဲတွင် တပ်ဖွဲ့တစ်ဖွဲ့က ရှေ့သို့လျင်မြန်စွာ ချီတက်လာနေ၏။ တပ်ဖွဲ့ထဲတွင် လူတစ်သိန်းကျော် ရှိသည်။ ရထားလုံးပျံများကလည်း ကောင်းကင်ထဲတွင် ဖြေးဖြေးချင်း ပျံသန်းနေကာ ရထားလုံးပျံ ဆယ်စီးနား၌ ကပ်ပျံလျှက် ရန်သူများကို ထောက်လှမ်းနေ၏။
အလယ်ရှိ အခမ်းနားဆုံး ရထားလုံးပျံထဲတွင် ကျန်းရီက ညောင်စောင်းပေါ်၌ ထိုင်နေလေသည်။ သူကအေးအေးလူလူဖြင့် လက်ဖက်ရည်တစ်ခွက်ကို ကိုင်ထားလေသည်။ အိပ်ပျော်နေသော ဖုန်းလန်က သူ့ဘေးတွင် လှဲနေ၏။ ချင်ယွီကမူ ကော်ဇောပေါ်တွင် ဒူးထောက်လျှက် သူ၏ခြေထောက်ကို နှိပ်နှယ်ပေးနေသည်။
“သခင်လေး သခင်လေးက တကယ် ကြိုတင်တွက်ချက်ထားတာပဲ၊ ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်က အခုအချိန်ထိ ကျွန်မတို့ကို လိုက်မမှီသေးဘူး”
ချင်ယွီသည် ပြတင်းပေါက်ကနေ စိုးရိမ်ပူပန်စွာ ကြည့်လိုက်၏။ ကံကောင်းသည်မှာ ရထားလုံးပျံထဲတွင် အစီအရင်များရှိ၏။ မဟုတ်လျှင် အပြင်ဘက်ရှိလူများက သူမဒူးထောက်ပြီး ကျန်းရီကို ခစားနေတာ တွေ့ခဲ့လျှင် သေချာပေါက် စိတ်ရှုပ်ထွေး သွားကြပေလိမ့်မည်။
သူမသည် ခေါင်းမော့ပြီး ကျန်းရီကို ချောင်းကြည့်လိုက်၏။ သူမကို သူစကားပြောလိုစိတ် မရှိတာကို မြင်သောအခါ အနည်းငယ် မှားယွင်းမှုကို ခံစားလိုက်ရပြီး ပြောလိုက်တော့သည်။
“သခင်လေး နတ်အသူရာမြို့ဆီကို နယ်မြေပေါ်က စံတင်တွေအားလုံးကို စေလွှတ်လိုက်ရင်ရော ဘယ်လိုလဲ၊ ကျွန်မတို့ခွန်အား အားလုံးကို သုံးလိုက်ရအောင် ဒါဆိုရင် ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်ကို ဒဏ်ရာဆိုးဆိုးဝါးဝါး ရအောင်လုပ်ဖို့ ဒါမှမဟုတ် သူ့ကိုသတ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်တာတော့ မဟုတ်ဘူးလေ”
ကျန်းရီက ချင်ယွီကို တစ်ခွန်းမှမပြောဘဲ ကြည့်လိုက်ကာ သူမကိုတားလျက် သက်ပြင်းချကာ ပြောလိုက်တော့သည်။
“ရင်သားကြီးတဲ့လူတွေက ဦးနှောက်မရှိဘူးလို့ လူတွေက အမြဲပြောကြတယ်၊ ဒါတကယ် အဓိပ္ပာယ်ရှိတာပဲ နယ်မြေတစ်ခုလုံးက ဗာဂျရာနယ်ပယ် သိုင်းပညာရှင်တွေ အားလုံးကို ပို့ခဲ့ရင်တောင် ခြင်္သေ့ချီက သူတို့ကို အေးအေးဆေးဆေး သတ်နိုင်အုံးမှာပဲ၊ စံတင်၁၅ယောက်လောက်ဆိုရင် ပြောဖို့တောင်မလိုဘူး၊ နတ်ဆိုးဧကရာဇ်တစ်ပါးရဲ့ ဖိအားအောက်မှာ ခွန်အားဘယ်လောက်များများ မင်းသုံးနိုင်မှာလဲ နယ်မြေပေါ်က သိုင်းပညာရှင်တွေအားလုံးကို စွန့်စားတာက ဉာဏ်ရည်မရှိတဲ့လုပ်ရပ်လို့ မင်းထင်နေတာလား ပြီးတော့ မင်းနဲ့ဖုန်းအာက ငါနဲ့အတူသွားရမှာ နယ်မြေပေါ်မှာ သိုင်းပညာရှင်တွေ မကျန်တော့ဘူး တခြားမျိုးနွယ်စုတွေ ထပ်ကျူးကျော်ရင် ဘယ်သူက နယ်မြေကို ခုခံကာကွယ်ပေးမှာလဲ”
“အို”
ချင်ယွီသည် ကျန်းရီ၏ စကားများကြောင့် ဒေါသလည်းထွက် ရှက်လည်းရှက်သွားသည်။ သို့သော် သူ့ကို မည်ကဲ့သို့ ပြန်ပြောရမည်မှန်း မသိပေ။ သူမက တစ်စုံတစ်ခု ထပ်ပြောတော့မည့် အချိန်တွင် ရထားလုံးပျံတစ်စီးက ရုတ်တရက် အနားကပ်လာပြီး သူတို့က အော်သံတစ်သံကို ကြားလိုက်ရ၏။
“ဧကရီနဲ့ ဒေသသခင်မချင်ယွီ နတ်အသူရာမြို့ကို ရှေ့မှာတွေ့နေရပါပြီ ကျွန်မတို့တွေ မြို့ကိုတန်းသွားမှာလား”
ကျန်းရီက သူ၏စိတ်ဝိညာဉ်ကိုမြင့်လျှက် ထိုင်ပြီးချင်ယွီကို ပြောလိုက်တော့၏။
“တပ်ဖွဲ့တွေအားလုံးကို အရှိန်တင်ခိုင်းပြီး မြို့ထဲဝင်ခိုင်းလိုက် ပြီးရင် အရံအတားကိုဖွင့် တိုက်ခိုက်ဖို့ ပြင်ဆင်ထား တစ်ချိန်ထဲမှာပဲ သိုင်းအဖွဲ့အစည်းဆီကို သတင်းပို့ပြီး ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်ကို ခုခံဖို့ သူတို့အကောင်းဆုံး ကြိုးစားဖို့ပြောလိုက်၊ ဒါ့အပြင် ဖုန်းအာနဲ့ မင်းက ငါ့ကိုတပ်ဖွဲ့တွေနဲ့ ဝေးရာဆီကို ခေါ်သွားပေးရမယ် ငါတို့မြို့ထဲမသွားဘူး”
“အမ် သခင်လေး မသွားဘူးလား”
ချင်ယွီက ထိတ်လန့်အံ့အားသင့်သွားသည်။ ကျန်းရီသည် သူမနှင့်ဖုန်းလန်ကို ခေါ်သွားပြီး သိုင်းကုန်သည် အဖွဲ့အစည်း၏ အင်အားကိုသုံးကာ ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်ကို အတူတကွ လက်စတုံးမည်ဟု တွေးထင်နေခဲ့တာဖြစ်သည်။ ယခုကျန်းရီက သူ့ကိုယ်စား သိုင်းကုန်သည် အဖွဲ့အစည်းကို ဖျက်ဆီးရန် ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်ကို လွတ်ထားတော့မည့်ပုံပေါ်သည်။ သူက သိုင်းအဖွဲ့အစည်းနဲ့ အငြိုးအတေးတချို့ ရှိတာလား။ သိုင်းအဖွဲ့အစည်းကို တမင်တကာ ဖျက်ဆီးဖို့အတွက် ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်ကို ဘာကြောင့်လွှတ်တာလဲ။
ဗီး
မည်သို့ပင်ဆိုစေကာမူ ကျန်းရီက အမိန့်ပေးပြီးဖြစ်သောကြောင့် ချင်ယွီက ကန့်သတ်ချက်များကို ဖယ်ရှားလျှက် စီစဉ်စရာ ရှိသည်များကို စတင်ဆောင်ရွက်တော့သည်။ အပြင်ဘက်ရှိ စစ်သူကြီးများက ထိုအမိန့်ကြောင့် သံသယဝင်နေကြသော်ငြား ချင်ယွီသည် ဖုန်းလန်၏ ကိုယ်စားလှယ်ဖြစ်သည်။ ထို့ကြောင့် သူတို့က ဘာမှမပြောရဲဘဲ အမိန့်ကို နာခံရတော့၏။
မကြာမီတွင် တပ်ဖွဲ့က အရှိန်တင်ပြီး နတ်အသူရာမြို့ဆီသို့ လျင်မြန်စွာ ရောက်သွား၏။ ကျန်းရီပါရှိသည့် ရထားလုံးပျံက ပင်မတပ်ဖွဲ့နဲ့ ကျန်ရစ်ပြီး အရှေ့အရပ်ဆီသို့ ဦးတည်ပျံသန်းသွားသည်။ ကီလိုမီတာ ငါးဆယ်ခန့် ခရီးဆက်ပြီးနောက် ကျန်းရီက ချင်ယွီကို ရထားလုံးပျံကို ရပ်တန့်ခိုင်းလိုက်ပြီး အောက်ရှိတောအုပ်လေးဆီသို့ ဆင်းသက်လိုက်၏။
“ကောင်းပြီ ချင်ယွီ မင်းက ရထားလုံးပျံကို ယူသွားပြီး တတ်နိုင်သမျှ တပ်ဖွဲ့ကိုအမီလိုက် ပြီးရင် မြို့ထဲကို သူတို့နောက်ကနေ လိုက်သွား သိုင်းအဖွဲ့အစည်းဆီ ဧကရာဇ်ဆီက အမိန့်ကိုပေးလိုက် ခြင်္သေ့ချီဧကရာဇ်ကို ခုခံဖို့ အကောင်းဆုံး မကြိုးစားရင် ဧကရီက သိုင်းအဖွဲ့အစည်း ပျောက်ကွယ်စေရမယ်ဆိုပြီး သူတို့ကို ပြောလိုက် ပြီးရင် မင်း မြို့ထဲကနေ ခိုးထွက်လာ မြို့ရဲ့မြောက်ဘက်မှာ နေရာတစ်နေရာကိုရှာပြီး ပုန်းနေလိုက် ပြီးရင် ငါညွှန်ကြားတာကို စောင့်နေ”
ကျန်းရီသည် အမိန့်တစ်ခုပေးခဲ့ပြီး ဘာမှမရှင်းပြခဲ့ပေ။ ချင်ယွီက ရွေးချယ်စရာမရှိတော့ဘဲ ရထားလုံးပျံကို ထားခဲ့ရတော့၏။ ကျန်းရီက စကြာဝဌာ နန်းတော်ထဲသို့ ဖုန်းလန်ကို ပစ်ထည့်ပြီးနောက် ကျန့်ဝူသားရဲကို ခေါ်ထုတ်လိုက်သည်။ သူကမြေအောက်သို့ တိတ်တဆိတ် သွားပြီးနောက် နတ်အသူရာမြို့၏ မြောက်အရပ်ဆီသို့ ဦးတည်သွားတော့သည်။
ချင်ယွီမှားသွားခဲ့သည်။
သူက ညစ်ပတ်သည့် အလုပ်များ လုပ်သည့်လူမဟုတ်ပေ။ ထိုအစား သူ၏ရန်သူကို မျှားခေါ်ရန် ကြိုးစားကာ ဘေးထွက်ရပ်ကြည့်နေပြီး နောက်မှ အကျိုးအမြတ်ကို ရိပ်သိမ်းမှာဖြစ်သည်။
သိုင်းကုန်သည် အဖွဲ့အစည်းက သိုင်းခန်းမ၏ အခွဲတစ်ခုဖြစ်သောကြောင့် သူ၏ဖုံးကွယ်ထားသော စွမ်းအင်က အင်မတန် ကောင်းမှာပဲဖြစ်သည်။ ကောင်းကင်ကံကြမ္မာ မဟာအစီအရင် တစ်ခုထဲကပင် သိုင်းပညာရှင်တစ်ဦး၏ ခွန်အားကို အချိန်တိုအတွင်း ကောင်းကင်ဧကရာဇ်အဆင့်သို့ မြှင့်တင်ပေးနိုင်ရာ ထိုအရာက ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်နှင့် ယှဉ်နိုင်ရုံမျှရှိပေသည်။
တစ်ဖက်တွင်မူ သူနှင့်ဖုန်းလန်က တိုက်ခိုက်ရန် အခွင့်အရေးကို စောင့်ဆိုင်းနေမှာပဲဖြစ်သည်။ နှစ်ဖက်လုံး အထိနာချိန်၌ သူကနှစ်ဖက်လုံးကို အမြတ်ထုတ်မည်။
သိုင်းခန်းမက သူမသေဟု သံသယဖြစ်နေပြီး ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်က သူအသတ်မခံရမချင်း လက်လျော့မှာ မဟုတ်ပေ။ ကျန်းရီသည် ယခုအချိန်၌ ထွက်ပြေးသွားခဲ့ပါက နှစ်ဖက်လုံးသည် သူ၏လမ်းကြောင်းကို ပိတ်ဆို့ကြမှာ သေချာသည်။ ထိုသို့ပြုလုပ်မည့်အစား သူတို့ကို ယခုသတ်လိုက်ပြီး နောင်တွင် ပြဿနာမဖြစ်အောင် ကာကွယ်ခြင်းက ပိုကောင်းပေ၏။
***