အခန်း (၈၀၃-၈၀၄)
Vol. 50 Ch. 803-804
အပိုင်း (၈၀၃)
ရှမ့်လန်က နန်းတော်၏အထက်တွင် ရပ်လျက်ရှိပြီး စစ်မြေပြင်ကို မြင်နေရ၏။ ဘုရင်မ မီဒူဆာ၏ လက်အောက်ရှိ စစ်တပ်က အနည်းငယ်သာ ရှိသော်လည်း တကယ့်ကို ထူးချွန်၍ အစွမ်းထက်၏။ သူတို့သာမက ဘုရင်မ မြို့တော်မှ ပြည်သူ့စစ်များကလည်း သေခြင်းတရားကို မကြောက်ဘဲ ခုခံ၏။ ဘုရင်မ၏ လက်အောက်ရှိ တပ်မှူးငါးဦးစလုံးက တကယ်ပင် အစွမ်းထက်လှချေ၏။
“ကျုပ် အရင်တုန်းက ပြောခဲ့ဖူးတာလေး ပြန်ရုပ်သိမ်းပါရစေ။ စုန်းအင်ပါယာရဲ့ လက်အောက်မှာရှိတဲ့ လူတိုင်းက အရမ်းကို သန်မာပြီး ရဲရင့်ထူးချွန်ကြတာပဲ။” ရှမ့်လန်က ပြောလိုက်သည်။
ကျန်းချွင်းဟွာက ပြော၏။ “ရှင် ဘာတွေ တွေးနေတယ်ဆိုတာ ကျွန်မ နားလည်ပါတယ်။ ကျွန်မတို့က အရှေ့တိုင်းလောကက လာကြတာဆိုတော့ သူတို့ရဲ့ အပြုအမူတွေကို တကယ်ပဲ ကြည့်မရ ဖြစ်ခဲ့တာပေါ့။ ဒီလို အပြုအမူတွေက ကျွန်မတို့ အရှေ့တိုင်းလောကရဲ့ စည်းမျဉ်းတွေနဲ့ မကိုက်ညီဘူးလေ။”
“ရှီလွန်အင်ပါယာအတွက်၊ ဂုဏ်သိက္ခာအတွက် သတ်ကြ။”
“ဘုရင်မကြီးအတွက်၊ လွတ်လပ်မှုအတွက် သတ်ကြ။”
မြို့ရိုးပေါ်တွင်တော့ စစ်တပ်နှစ်ခုက ရူးသွပ်စွာ တိုက်ပွဲဝင်နေ၏။ သွေးများက မြစ်ရေကဲ့သို့ပင် စီးဆင်းနေပြီး သတ်ဖြတ်လိုစိတ်များကလည်း ကောင်းကင်ပေါ်သို့ ထိုးတက်နေ၏။ ဤအရာက ရုပ်ဆိုးလွန်းသည့် စစ်ပွဲမျိုး မဟုတ်ချေ။ နှစ်ဖက်စလုံးက သူတို့၏ စံနှုန်းများအတွက် တိုက်ပွဲဝင်နေကြခြင်းပင်။
ယခုအချိန်မှာတော့ ရိုလန်သူရဲကောင်းများ၊ အရှေ့ပိုင်းသူရဲကောင်းများ၊ မြို့စားကြီးဟောလ်နှင့် ပုလဲနက် ပင်လယ်ဓားပြများက ဘုရင်မမီဒူဆာအပေါ် အဘယ်ကြောင့် သစ္စာရှိသနည်း ဆိုသည်ကို ရှမ့်လန်က နားလည်သွားခဲ့သည်။
အကြောင်းက သူမ၏ အစွမ်းကြောင့်သာမက လွတ်လပ်မှုအတွက်လည်း ဖြစ်၏။ လောကကြီးကို ရှီလွန်မင်းဆက် က ထပ်မံ အုပ်စိုးလိုက်သည်နှင့် သူတို့က လွတ်လပ်မှုကို ဆုံးရှုံးရပေလိမ့်မည်။ ဘုရင်မ တစ်ဦးတည်းကသာလျှင် သူတို့ကို လွတ်လပ်မှုများ ပေးနိုင်၏။
သို့သော်ငြား မြို့စားကြီးရပ်လ်ဆဲအတွက်မူ လွတ်လပ်မှုဆိုသည်က စိတ်ကူးယဉ်ဆန်လွန်း၏။ ဘိုးဘွားတို့၏ ဂုဏ်ကျက်သရေကို ပြန်လည်ဖော်ဆောင်ပြီး ရှီလွန်အင်ပါယာ၏ ဂုဏ်သိက္ခာများကို ပြန်လည် ထိန်းသိမ်းထားခြင်း ကသာလျှင် အမြင့်မြတ်ဆုံး ရည်မှန်းချက် ဖြစ်သည်။
“ရှမ့်လန်... ရှင် ဘာလို့ ဒီကို ရောက်လာတာလဲ။”
ကျန်းချွင်းဟွာက မေး၏။ “ရှင် နည်းနည်း ပြောင်းလဲသွားခဲ့ပြီ။ အရင်လို လွတ်လပ်ပေါ့ပါး မနေတော့ဘူး။”
ရှမ့်လန်က ပခုံးကို တွန့်လိုက်သည်။ “ခင်ဗျားအတွက်ကြောင့် ဒီကို ရောက်လာတယ်ဆိုရင် ယုံမလား။ ခင်ဗျားကို ချစ်လွန်းလို့ မိုင်ပေါင်း ထောင်ချီပြီး ပင်လယ်ပြင်ကို ဖြတ်လာခဲ့တာ။”
ကျန်းချွင်းဟွာက မူနွဲ့နွဲ့နှင့် ပြော၏။ “မိုင်ပေါင်း ထောင်ချီပြီး ရောက်လာတာလား။”
“အင်း... ခင်ဗျားလို မြေခွေးမလေးက တကယ့်ကို ညစ်ပတ်တာပဲ။ ခင်ဗျား မပြောရဲတာ ဘာရှိအုံးမှာလဲ။”
ကျန်းချွင်းဟွာက ရှမ့်လန်ကို အလေးအနက် ကြည့်သည်။ “လန်အာ... ရှေ့ဆီမှာ ဘာတွေ ဖြစ်နေလဲ ဆိုတာ ကျွန်မ မသိဘူး။ ရှင် ဘာကြောင့် အနောက်တိုင်း လောကဆီ ရောက်ရှိလာတာလဲ ကျွန်မ မသိဘူး။ ကျွန်မ သိချင်တာ ရှင် ပြန်သွားဖို့ ဆန္ဒရှိသေးလား ဆိုတာပါပဲ။”
ရှမ့်လန်က ပြော၏။ “ရှိတာပေါ့။ ပြန်သွားချင်တာပေါ့။ ဒါပေမဲ့ အစွမ်းထက်တဲ့ စစ်တပ်ကြီးတစ်ခုနဲ့ ပြန်သွားချင်တာ။”
ကျန်းချွင်းဟွာက ပြောလိုက်သည်။ “လန်အာ.. ကျွန်မတို့က ဖောက်ပြန်တဲ့ စုံတွဲတစ်တွဲ မဟုတ်လား။”
ရှမ့်လန်က ပြော၏။ “ဟုတ်တယ်။ ပြဿနာရှာဖို့ အမြဲတမ်း အသင့်ဖြစ်နေတဲ့ ဖောက်ပြန်တဲ့ စုံတွဲ တစ်တွဲပေါ့။”
ကျန်းချွင်းဟွာက ပြောသည်။ “ဒါဆိုရင် ရှင့်ရဲ့ မျှော်လင့်ချက်က ဘုရင်မမြို့တော်မှာ မဟုတ်ဘူး။ ဒီစစ်တပ်တွေက ရှင့်အတွက် မသင့်တော်ဘူး။ သူတို့က အနောက်တိုင်းလောကကနေ ထွက်ခွာမှာ မဟုတ်ဘူး။ သူတို့က လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေတာ။ အာဏာအတွက် မဟုတ်ဘူး။ သူတို့က ဘုရင်မ မီဒူဆာအပေါ် သစ္စာရှိတာထက် လွတ်လပ်မှုကို ပိုပြီး သစ္စာရှိတာ။”
ရှမ့်လန်က ပြော၏။ “ကျုပ်စိတ်ထဲမှာ ရှိတဲ့ ရည်မှန်းချက်က တဖြည်းဖြည်း ရှင်းလင်းလာပြီ။ ဘုရင်မ မြို့တော်မှာ ကျုပ်လိုချင်တဲ့အရာ အများစုကို ရရှိခဲ့ပါပြီ။”
တိုက်သစ်ကြီးကို ရောက်ရှိလာခဲ့ပြီးတည်းက ရှမ့်လန်က ခြောက်လပတ်လုံး ရေစီးကြောင်းအတိုင်း မျောပါခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဤလောကကြီးက တကယ်ပင် စိမ်းကားလွန်းသောကြောင့်ပင်။ ဘာသာစကား အခက်အခဲရှိသော လောကတစ်ခုတွင် သူက မိစ္ဆာကဲ့သို့ ဉာဏ်ရည်ထက်မြက်သူ ဖြစ်လျှင်ကစား ဘာမျှ အသုံးမချနိုင်ခဲ့ချေ။
သို့သော်ငြား သူက ဤလောကကို အလုံးစုံကို နားလည်သွားသည်နှင့် တပြိုင်နက် ဟာကွက်တစ်ခုကို ရှာဖွေကာ အမြစ်တွယ်ပြီး မိမိ၏ ကိုယ်ပိုင် အင်အားစုကို တည်ထောင်နိုင်ပေလိမ့်မည်။ သူ၏ မဟာ ဗျူဟာမြောက် ရည်မှန်းချက်များနှင့် လမ်းကြောင်းများ ရှင်းလင်းသွားသည်နှင့် သူက လျင်မြန်စွာ အရှိန်အဟုန်နှင့် တိုးတက်လာပေလိမ့်မည်။
ရှမ့်လန် တစ်ဦးတည်းသာ မဟုတ်ချေ။ နိုင်ငံတစ်ခုအတွက်လည်း ထိုနည်းအတိုင်းပင်။ လမ်းကြောင်းမှန်နှင့် မဟာဗျူဟာ လမ်းစဉ်ကို ရှာဖွေတွေ့ရှိရန် အရေးကြီးဆုံးပင်။ ထိုသို့မဟုတ်ပါက ဦးတည်ချက် မရှိသည့် ယင်ကောင်တစ်ကောင် ကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။
................
ဘုရင်မ မြို့ရိုးပေါ်မှ တိုက်ပွဲက အရှိန်အဟုန် မြင့်မားဆုံး အခြေအနေသို့ ရောက်၏။ စစ်တပ်နှစ်ခုက အစွမ်းကုန် တိုက်ခိုက်လျက် ရှိနေပြီး ရူးသွပ်လုနီးပါး တိုက်ခိုက်နေ၏။ ဘုရင်မ မီဒူဆာ၏ စစ်တပ်က အင်အားနည်းပါးသော်လည်း တိုက်ခိုက်ရေး စွမ်းရည်က တကယ့်ကို မြင့်မားသည်။ ထို့အပြင် မြို့ထဲမှ ပြည်သူ့စစ် တစ်သိန်းခန့်၏ ကူညီမှုကိုလည်း ရရှိထား၏။
ထို့ကြောင့် မြို့စားကြီးရပ်လ်ဆဲ၏ စစ်တပ်က မြို့ရိုးပေါ်သို့ ဆက်မပြတ် တက်ရောက်နေသော်လည်း မြို့ရိုးကို မဖောက်နိုင်သေးချေ။ မြို့ရိုး၏ အထက်နှင့် အောက်တွင် အလောင်းများက တောင်လိုပုံနေ၏။ အခြေအနေက ဤကဲ့သို့ ဖြစ်နေသည်ကို မြင်ချိန်မှာတော့ မြို့စားကြီး ရပ်လ်ဆဲက ဖြည်းညင်းစွာဖြင့် ရှေ့သို့ တစ်လှမ်းချင်း လှမ်းတက်လာခဲ့ပြီး သံခမောက်ကြီးကိုပင် အေးအေးသက်သာဖြင့် လှမ်းဆောင်းလိုက်သည်။
ရပ်လ်ဆဲမိသားစုမှ ရာချီသော သူရဲကောင်းများက ချက်ချင်းပဲ ဒူးထောက်လိုက်ကြ၏။ “အရှင်... အရှင်က ကျုပ်တို့ရဲ့ စစ်သူကြီးပဲ။ ကိုယ်တိုင်ကိုယ်ကျ စစ်မြေပြင်ထဲ ဆင်းလို့ မဖြစ်ပါဘူး။”
“အရှင်က ရပ်လ်ဆဲမိသားစုရဲ့ မျှော်လင့်ချက်တင် မကဘူး။ ရှီလွန် တတိယအင်ပါယာရဲ့ ကြယ်တစ်ပွင့်လည်း ဖြစ်ပါတယ်။ ဒီလို အန္တရာယ်မျိုးကို စွန့်စားလို့ မဖြစ်ပါဘူး။” အားလုံးနီးပါးက မြို့စားကြီး ရပ်လ်ဆဲ စစ်မြေပြင်ထဲသို့ ကိုယ်တိုင် ဆင်းလာမည်ကို ဝိုင်းဝန်း တားဆီးနေ၏။ ဤကဲ့သို့သော စစ်ပွဲမျိုးတွင် စစ်သူကြီးတစ်ဦး ကိုယ်တိုင် ဝင်ရောက် တိုက်ခိုက်ခြင်းမျိုး မရှိခဲ့ချေ။
မြို့စားကြီးရပ်လ်ဆဲက ဖြည်းညင်းစွာ ပြောသည်။ “လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက ရပ်လ်ဆဲ၊ လွန်ခဲ့တဲ့ ၁၀ နှစ်က ရပ်လ်ဆဲ၊ ဒီနေ့ ရပ်လ်ဆဲ၊ နောက်ထပ် ၁၀ နှစ် ကြာမယ့် ရပ်လ်ဆဲက အမြဲတမ်း ဒီရပ်လ်ဆဲပဲ။ ဘွဲ့ထူးတွေ ဂုဏ်ထူးတွေ တိုးလာလို့ပဲ ဖြစ်ဖြစ်။ စစ်သည်အင်အားတွေ များလာလို့ပဲ ဖြစ်ဖြစ်။ ပြောင်းလဲသွားမှာ မဟုတ်ဘူး။ ကျုပ်က စစ်သည်တော် ရပ်လ်ဆဲပဲ ဖြစ်တယ်။ မြို့စားကြီး ရပ်လ်ဆဲ မဟုတ်ဘူး။”
“မြို့စားကြီး.... ကျုပ်တို့ရဲ့ လျှို့ဝှက်မီးကို သုံးပြီးတော့ ဘုရင်မ မြို့ရိုးကို ဗုံးခွဲပစ်လို့ ရပါတယ်။ ဒါဆိုရင် မြို့ကို တိုက်ရိုက် သိမ်းပိုက်နိုင်မှာပါ။” မီးနတ်ဘုရားဂိုဏ်းမှ ပုရောဟိတ် တစ်ဦးက လှမ်းကာ ပြော၏။
“မလုပ်နဲ့။”
မြို့စားကြီး ရပ်လ်ဆဲက တားမြစ်လိုက်သည်။ “ဒီမြို့က ရှီလွန်မင်းဆက်ရဲ့ ရတနာသိုက်ပဲ။ နှစ်ပေါင်းရာချီအောင် မပျက်စီးဘဲ တည်ရှိခဲ့တာ။ ကျုပ်လက်ထက်မှာတော့ အဖျက်မခံနိုင်ဘူး။”
“ရပ်လ်ဆဲမိသားစုရဲ့ စစ်သည်တော် တိုက်ကြတော့။ ရှီလွန်အင်ပါယာ၏ ဂုဏ်ကျက်သရေအတွက် တိုက်ကြ။”
မြို့စားကြီး ရပ်လ်ဆဲ၏ ဟိန်းဟောက် အော်ဟစ်သံနှင့်အတူ အနည်းငယ်မျှသော လက်ရွေးစင် စစ်သည်တော်များက ရှေ့ဆီသို့ လှမ်းတိုးကြ၏။ သူ၏သားများ အပါအဝင်ပင်။ အားလုံးက ဖခင်ဖြစ်သူ၏ ဘေးမှ လိုက်ပါလာ၏။ သူက လက်အောက်ငယ်သားများအတွက် တကယ့်ကို ဆွဲဆောင်မှု ရှိသည့် စစ်သူကြီး တစ်ယောက်ကဲ့သို့ပင်။
“တိုက်ကြ။ အင်ပါယာအတွက် တိုက်ကြ။”
...................
“ဒါက တကယ့်ကို သူရဲကောင်းပဲ။ လေးစားထိုက်တဲ့ သူရဲကောင်းပဲ။”
ရှမ့်လန်က သက်ပြင်းကို ချ၏။ “ရှီဝါမြို့စားကြီး လက်နက်ချခဲ့တာ မထူးဆန်းတော့ဘူး။ စုန်းအင်ပါယာရဲ့ အရှေ့ဘက်ခြမ်း တစ်ခုလုံးကို သူ ဘာလို့ သိမ်းပိုက်နိုင်လဲ ဆိုတာကလည်း မဆန်းတော့ဘူး။”
မြို့စားကြီးရပ်လ်ဆဲက မြို့ရိုးပေါ်သို့ တက်လိုက်သည်နှင့် တိုက်ပွဲ၏ အခြေအနေက လုံးဝ ပြောင်းပြန် လှန်သွားခဲ့၏။ မြို့စားကြီး ရပ်လ်ဆဲက တကယ့်ကို သန်မာလွန်းသောကြောင့် သူ့ရှေ့ရှိ မည်သူမျှ ခံနိုင်ရည် မရှိကြချေ။ ဦးဆောင်လာခဲ့သည့် မိသားစုစစ်သည်တော်များက ထက်မြက်သည့် ဓားတစ်စင်းအလားပင်။ ဘုရင်မ မြို့တော်ရှိ ခုခံစစ်ကြောင်း တစ်ခုလုံးကို လွယ်လင့်တကူ ထိုးခွဲဖျက်ဆီးပစ်လိုက်သည်။
ဗိုင်အိုလက်က အလွန်ကို သန်မာပြီး တပ်မှူးလန်ဖုန်းကလည်း ထိပ်တန်း စစ်သည်တော် ဖြစ်၏။ သို့သော်ငြား ဗိုင်အိုလက်က မြို့စားကြီးရပ်လ်ဆဲ၏ ဓားချက် သုံးချက်အောက်မှာပဲ ရှုံးနိမ့်၏။ တပ်မှူးလန်ဖုန်းကလည်း သုံးချက်သာ ခုခံနိုင်ခဲ့ပြီး မြို့ရိုးပေါ်မှ အောက်သို့ လွင့်ကျ၏။
ဘုရင်မ မီဒူဆာ၏ လက်အောက်မှ တပ်မုးငါးဦးလုံးက မြို့စားကြီး ရပ်လ်ဆဲ လက်ချက်ဖြင့် လွယ်လွယ်ကူကူ ရှုံးနိမ့်သွား၏။ သို့သော်ငြား သူတို့နှစ်ယောက်လုံးက သေဆုံးခဲ့ခြင်း မရှိချေ။ မြို့စားကြီး ရပ်လ်ဆဲက ညှာတာမှုကို ပြခဲ့၏။ ဘုရင်မမြို့တော် ကျဆုံးတော့မည်။
မြို့စားကြီးရပ်လ်ဆဲက အစွမ်းထက်သည့် စစ်သည်တော် အနည်းငယ်တို့ဖြင့် ခုခံစစ်ကြောင်းကို ဖောက်ထွက် လာပြီး ရှီလွန် တတိယအင်ပါယာ၏စစ်တပ်ကြီးက ဘုရင်မမြို့တော်ထဲသို့ ဒီရေအလား တိုးဝင်လာ၏။ အပြင်ဘက် မြို့ရိုးက ကျဆုံးသွား၏။ ခဏအကြာမှာပဲ အတွင်းဘက် မြို့ရိုးပါ ထပ်မံ ကျဆုံးခဲ့၏။
ရှမ့်လန်က ပြောသည်။ “ဒီမြို့က ကျဆုံးတော့မယ်။ ဘုရင်မ မီဒူဆာက ဘယ်မှာလဲ။”
ကျန်းချွင်းဟွာက ခဏလောက် တိတ်ဆိတ်နေ၏။ “ဘုရင်မမြို့တော် ကျရှုံးမယ်လို့ ကျွန်မ မယုံဘူး။ ဒါပေမဲ့ တကယ်လို့ ကျရှုံးသွားရင်တောင် ရှင် ဘာအန္တရာယ်မှ မရှိစေရဘူး။ မင်းသမီးလေးလည်း ဘာမှ မဖြစ်စေရဘူး။ မြို့စားကြီးရပ်လ်ဆဲက မြင့်မြတ်တဲ့ မှူးမတ် တစ်ယောက်ပဲ။ သူ ရှင့်ကို နာကျင်အောင် လုပ်မှာ မဟုတ်ဘူး။ သူက နယ်စားကြီး ဒီဘိုရာနဲ့ မတူဘူး။”
“လွတ်လပ်မှုအတွက်၊ ဘုရင်မကြီးအတွက်။”
မြို့စားကြီး ရပ်လ်ဆဲ၏ စစ်တပ်ကို ခုခံရန် ရေတွက်၍ မရသည့် ပြည်သူ့စစ်များနှင့် စစ်သည်တော်များက ဒီရေလှိုင်းများအလားပင် အဆက်မပြတ် ရှေ့ကို တိုးသည်။
“အင်ပါယာရဲ့ ဂုဏ်ကျက်သရေအတွက်။”
နောက်ဆုံးမှာတော့ မြို့ထဲမှ လူများက မျှော်လင့်ချက် အားလုံး ဆုံးရှုံးသွားခဲ့၏။ “လွတ်လပ်မှုက ပြိုလဲတော့ မှာလား။ လွတ်လပ်တဲ့ မြို့တော်ကြီးက ကျရှုံးတော့မှာလား။ လူပေါင်းများစွာတို့က နန်းတော်ဘက်ဆီသို့ ဒူးထောက်ပြီး နဖူးနှင့် မြေကြီးကို ထိကပ်၏။ “ဘုရင်မ လာကယ်ပါတော့။ ဘုရင်မ လာကယ်ပါတော့။”
စုန်းအင်ပါယာကြီး ပျက်စီးပေတော့မည်။ လွတ်လပ်ပြီး အင်အားကြီးမားသည့် စုန်းအင်ပါယာကြီး ပြိုလဲတော့မည်။
မြို့စားကြီးဟောလ်က သူ၏မိသားစု စစ်သည်တော်များကို ဦးဆောင်ပြီး မြို့စားကြီး ရပ်လ်ဆဲကို အသည်းအသန် ခုခံရန် ပြေးထွက်သွား၏။ သို့သော်ငြား သုံးချက်တည်းနှင့် မြို့စားကြီးဟောလ် ရှုံးနိမ့်သွား၏။ မည်မျှ သန်မာသူ ဖြစ်ပါစေ၊ မြို့စားကြီး ရပ်လ်ဆဲ၏ ရှေ့တွင် သုံးချက်တည်းသာ ခံနိုင်ရည် ရှိသည်။
“မြို့စားကြီးဟောလ် လက်နက်ချလိုက်ပါ။ ရှီလွန် တတိယအင်ပါယာက ခင်ဗျားရဲ့ မိသားစုကို အသိအမှတ်ပြုအောင် ကျုပ် လုပ်ပေးမယ်။” မြို့စားကြီး ရပ်လ်ဆဲက မြို့စားကြီးဟောလ်၏ လည်ပင်းပေါ်သို့ ဓားတင်ရင်း ပြော၏။
“ကျုပ် ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။”
မြို့စားကြီးဟောလ်က လှောင်ပြုံးပြုံးလိုက်၏။ “ကျုပ် ဘယ်လောက်ပဲ ပြည့်စုံအောင် ကြိုးစားပါစေ။ တခြား မှူးမတ်တွေအတွက် ပိုပြီး မြင့်မြတ်အောင် နေပါစေ။ အလကားပဲ။ ကျုပ်ကို မြင်ရင် လူတိုင်းက ပြောမှာပဲ။ ကြည့်စမ်း။ ဒါ ဗီတာမျိုးနွယ်ကနေ လာတဲ့ အောက်တန်းစား ဟောလ်ပဲ။ ဟောလ်မိသားစုရဲ့ ဘိုးဘေးက အစေခံပဲ။ ပြီးတော့ ဗီတာမျိုးနွယ်က အမျိုးသမီး တစ်ယောက်နဲ့ အိမ်ထောင်ကျခဲ့တဲ့ အစေခံတစ်ယောက်။ ဘယ်တော့မှ မြင့်မြတ်တဲ့ တော်ဝင်မျိုးနွယ် ဖြစ်လာမှာ မဟုတ်ဘူး။”
မြို့စားကြီး ရပ်လ်ဆဲက ပြောသည်။ “ခင်ဗျားရဲ့ ဟောလ်မိသားစုက တစ်ချိန်တုန်းက ရှီလွန်အင်ပါယာရဲ့ နောက်လိုက်တွေ ဖြစ်ခဲ့ဖူးတယ်။ အခုတော့ အရှေ့တိုင်းကလာတဲ့ သူစိမ်းတစ်ယောက်ဆီမှာ အညံ့ခံနေပြီ။”
“မဟုတ်ဘူး။”
မြို့စားကြီးဟောလ်က ပြန်ပြော၏။ “ဘုရင်မ မီဒူဆာက သူစိမ်း မဟုတ်ဘူး။ သူက လွတ်လပ်မှုကို ကိုယ်စားပြုတာ။ ဒီလောကကြီးတစ်ခုလုံးက လွတ်လပ်တဲ့သူတွေရဲ့ မိခင်နိုင်ငံပဲ။ ဘုရင်မ မီဒူဆာရဲ့ လက်အောက်မှာ ကျုပ်တို့က ဂုဏ်သိက္ခာနဲ့ လွတ်လပ်မှုကို ရပြီ။”
မြို့စားကြီး ရပ်လ်ဆဲက အေးစက်စက်နှင့် ပြောသည်။ “အခု ဘုရင်မ မြို့တော် ကျဆုံးတော့မယ်။ စုန်းအင်ပါယာကလည်း ပျက်စီးတော့မယ်။ ခင်ဗျားရဲ့ ဘုရင်မမီဒူဆာ ဘယ်မှာလဲ။ ဘာလို့ ပေါ်မလာ သေးတာလဲ။”
မြို့စားကြီးဟောလ်က ပြော၏။ “ဘုရင်မ လုပ်သမျှက မှန်ကန်ပြီး ဖြောင့်မတ်တယ်။ ပေါ်မလာသေးတာက ကျုပ်တို့ ပြင်ဆင်ထားတဲ့ ကြိုဆိုပွဲက အသင့်မဖြစ်သေးလို့ ဖြစ်မှာပေါ့။ ဟား ဟား ဟား.. အင်အားကြီးတဲ့ မြို့စားကြီး ရပ်လ်ဆဲ။ ကျုပ်ကို သတ်လိုက်စမ်းပါ။ ကျုပ်ရဲ့ ခေါင်းကို ဖြတ်ပစ်လိုက်။ ရှီလွန်မင်းဆက်ရဲ့ မှူးမတ်တွေ အရှက်မကွဲအောင်။ သွား... ခင်ဗျားရဲ့ တတိယအင်ပါယာကို သွားထူထောင်စမ်းပါ။”
ပြီးနောက် မြို့စားကြီးဟောလ်က မျက်စိမှိတ်ကာ သေခြင်းတရားကို စောင့်ဆိုင်းနေသည်။
မြို့စားကြီး ရပ်လ်ဆဲက တခြားသောသူများကို ညှာတာခဲ့သော်လည်း မြို့စားကြီးဟောက ရှီလွန်မင်းဆက်၏ မှူးမတ်တစ်ဦးဖြစ်ပြီး ထိုသူ၏ လုပ်ရပ်က သစ္စာဖောက်ခြင်းပင်။ သူက လက်နက်ချခြင်း သို့မဟုတ် သေခြင်းကိုသာ ရွေးချယ်ရပေမည်။ မြို့စားကြီး ရှီဝါက လက်နက်ချသဖြင့် အသက်ရှင်ခဲ့ရ၏။
မြို့စားကြီးရပ်လ်ဆဲက ဖြည်းညင်းစွာ ဆို၏။ “မြို့စားကြီးဟောလ်.. ခင်ဗျားရဲ့ မိသားစု ဂုဏ်ကို မညှိုးနွမ်းစေဘူး။ ခင်ဗျား သေဆုံးပြီးတဲ့နောက်မှာ ရှီလွန်မင်းဆက်က ခင်ဗျားရဲ့ သွေးရင်းတွေကို အသိအမှတ်ပြုကောင်း ပြုလိမ့်ပါလိမ့်မယ်။”
“အဲဒါက အရေးမကြီးပါဘူး။”
မြို့စားကြီး ရပ်လ်ဆဲက သူ၏ လက်ဝါးကို မြို့စားကြီးဟောလ်၏ ဦးခေါင်းပေါ်သို့ တင်ပြီး အလေးအနက် ဆို၏။ “ရှီလွန်မင်းဆက်ရဲ့ မြို့စားကြီးဟောလ်က လက်နက်ချရန် ငြင်းဆန်တယ်။ အင်ပါယာရဲ့ ကိုယ်စား ကျုပ်က သေဒဏ် စီရင်လိုက်တယ်။”
ပြီးနောက် သူက ဧရာမ ဓားကြီးကို ဖြည်းညင်းစွာ မြှောက်၏။ သူက မြို့စားကြီးဟောလ်၏ ဦးခေါင်းကို ဖြတ်တောက် ပစ်ပေတော့မည်။
မြို့စားကြီးဟောလ်က ဘုရင်မမြို့တော်ကို ကိုယ်စားပြုသူပင်။ သူ သေဆုံးသွားပါက ဘုရင်မ မြို့တော်က ကျရှုံးသွားပေလိမ့်မည်။ ဘုရင်မ မီဒူဆာ ရှိနေလျှင်ပင် မြို့ကို အုပ်ချုပ်မည့်သူ ရှိတော့မည် မဟုတ်ချေ။
“ဝူး.. ဝူး..”
မြို့စားကြီး ရပ်လ်ဆဲ၏ ဓားကြီးက အလွန်ပြင်းထန်သည့် အရှိန်အဟုန်နှင့် အောက်သို့ ကျ၏။
ထိုအခိုက်အတန့်မှာတော့ “ဘုန်း...”
ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာ၏။ မြေပြင်ပေါ်တွင် ဧရာမ အပေါက်ကြီးတစ်ပေါက် ဖြစ်လာ၏။ ဆွတ်ဆွတ်ဖြူနေသည့် အလင်းတန်းတစ်ခုက ကောင်းကင်ယံပေါ်သို့ ချက်ချင်း ထိုးတက်သွား၏။ မြေပြင်တစ်ခုလုံး က အေးခဲသွားသလို ခံစားရပြီး နှင်းခဲလွှာများ ဖုံးလွှမ်းသွားသည်။
ဘုရင်မမီဒူဆာ ရောက်ရှိလာပြီ ဖြစ်၏။ တိုင်းပြည်နှင့် မြို့တော်ကိုပင် ပြိုလဲ ပျက်စီးစေနိုင်သည့် အလှတရား နှင့် မှော်ဆန်သည့် ဆွဲဆောင်မှုတို့ကို ပိုင်ဆိုင်ထားသော ဘုရင်မ မီဒူဆာ ပေါ်ထွက်လာခဲ့သည်။ သူမက ကောင်းကင်ယံမှ ဆင်းသက်လာခြင်း မဟုတ်ဘဲ မြေအောက်မှ ခုန်ထွက်လာခဲ့ခြင်းပင်။ လူတိုင်းက သူမ၏ အလှတရားအောက်တွင် မင်သက်လျက် ရှိနေ၏။
လူပေါင်းများစွာတို့က ဒူးထောက်ပြီး နဖူးနှင့် မြေပြင်ကို ထိကပ်သည်။ “ဘုရင်မကြီး သက်တော်ရာကျော် ရှည်ပါစေ။”
အပိုင်း (၈၀၄)
ဘုရင်မမြို့တော်မှ လူအားလုံးတို့က သူမ၏ မျက်နှာကို မော့မကြည့်ဝံ့ချေ။ သူမ၏ အနောက်တွင် အလွန် အရပ်ရှည်သည့် အမျိုးသမီး စစ်သည်တော် လေးဦး ရှိ၏။
ခြေဗလာနှင့် ဘုရင်မ မီဒူဆာက ထိုလေးဦးနှင့်အတူ မြို့စားကြီး ရပ်လ်ဆဲ၏ စစ်တပ် ရှိရာဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာ၏။ သူမသွားရာ လမ်းတစ်လျှောက်၏ လေထုက အေးစက်၏။ နှင်းများမကျသော်လည်း သူမ၏ အသက်ရှူနှုန်းဆီမှ အဖြူရောင် အခိုးအငွေ့များ ထွက်ပေါ်နေ၏။ ဤနေရာက တောင်ဘက်အရပ် ဖြစ်ပြီး ရာသီဥတုက အလွန်ပူပြင်း၏။ သူမ လျှောက်လှမ်းသွားသည့် မြေပြင်တိုင်းက ရေခဲများ ဖုံးလွှမ်းသွားသည်။
ဤမြင်ကွင်းကို မြင်ချိန်မှာတော့ မြို့စားကြီး ရပ်လ်ဆဲက အံ့အားသင့်စွာဖြင့် စကားပင်မဆိုနိုင်ချေ။ မြို့စားကြီး ရပ်လ်ဆဲက သူ၏ သံခမောက်ကို ပြန်ဆောင်း၏။ ပြီးနောက် ဖြည်းညင်းစွာ ပြော၏။ “ဘုရင်မ မီဒူဆာ... ဒါ... ခင်ဗျားကို ကျုပ် ပထမဦးဆုံးအကြိမ် မြင်ဖူးတာပဲ။ ရှီလွန်မင်းဆက်မှာ မင်းသားတစ်ပါးမှ မရှိသေးသလို ဧကရာဇ်ကလည်း ဒီမှာ မရှိတာကြောင့် ခင်ဗျားကို တန်းတူရည်တူ မကြိုဆိုနိုင်တာ ခွင့်လွှတ်ပါ။ ဒါကြောင့် အင်ပါယာရဲ့ မြို့စားဖြစ်တဲ့ ကျုပ်ကပဲ ခင်ဗျားကို တိုက်ခိုက်ပါ့မယ်။”
“အင်ပါယာရဲ့ ဂုဏ်ကျက်သရေအတွက် တိုက်ကြ။” မြို့စားကြီး ရပ်လ်ဆဲက အော်ဟစ်သည်။
သူ၏ မိသားစုစစ်သည်တို့က ဘုရင်မ မီဒူဆာဆီသို့ ပြေးဝင်သွား၏။ ပြီးနောက် သောင်းချီသည့် စစ်တပ်ကြီးက ဒီရေလှိုင်းကဲ့သို့ပင် ဘုရင်မမီဒူဆာဆီသို့ အုံနှင့်ကျင်းနှင့် တိုးဝင်လာ၏။ သူမက ခဏအတွင်းမှာပဲ လူပေါင်းများစွာတို့၏ ကြား၌ နစ်မြုပ်ရပေတော့မည်။
ခဏအကြာမှာတော့ မြို့စားကြီးရပ်လ်ဆဲ၏ စစ်တပ်က လေတိုက်၍ လွင့်စင်သွားသည့် စွန်များအလား တစ်ဦးပြီးတစ်ဦး လွင့်ထွက်သွား၏။ ဆယ်ဂဏန်း၊ ရာဂဏန်း၊ ထောင်ဂဏန်း... လူများက လွင့်စင်ကုန်၏။ မည်သူမျှ မယှဉ်နိုင်ချေ။
မိနစ် အနည်းငယ် ကြာပြီးနောက် ဘုရင်မ မီဒူဆာက မြို့စားကြီး ရပ်လ်ဆဲ၏ ရှေ့တွင် ပေါ်လာ၏။ သူမက ထိပ်တန်း ပုဂ္ဂိုလ်ကြီး လေးဦးကို ဦးဆောင်ကာဖြင့် မြို့စား ရပ်လ်ဆဲ၏ စစ်တပ်၏ ခုခံမှုကို လွယ်တကူ ထွင်းဖောက်လိုက်၏။
မြို့စားကြီး ရပ်လ်ဆဲက ဖြည်းညင်းစွာ ပြောသည်။ “ခင်ဗျားရဲ့ခွန်အားက ကျုပ်တွေ့ဖူးသမျှ လူတွေထဲက ထိပ်ဆုံး သုံးယောက် စာရင်းဝင်တယ်။ ဒါပေမဲ့ ခင်ဗျားလို အစွမ်းထက်တဲ့ လူမျိုးက ဒီမှာ မရှိသင့်ဘူး။ ခင်ဗျားက လူသားမျိုးနွယ်ရဲ့ အနာဂတ်အတွက် တိုက်ပွဲဝင်နေသင့်တယ်။”
ဘုရင်မမီဒူဆာက စကားမဆိုချေ။ မြို့စားကြီး ရပ်လ်ဆဲ၏ ဓားကို စိုက်ကြည့်နေ၏။ သူမ၏ အဓိပ္ပာယ်က ရှင်းလင်း၏။ သူ့ကို ဓားဆွဲထုတ်ရန် ပြောနေခြင်းပင်။ မြို့စားကြီး ရပ်လ်ဆဲက သူ၏ ဧရာမဓားကြီးကို မြှောက်ကာဖြင့် ဘုရင်မ မီဒူဆာဆီသို့ တိုးဝင်သွားခဲ့၏။
“ရွှမ်း.. ရွှမ်း... ရွှမ်း...” သုံးချက်သာ ဖြစ်၏။ တိုက်ပွဲ ပြီးဆုံးသွားခဲ့သည်။
အစွမ်းထက်သည့် မြို့စားကြီး ရပ်လ်ဆဲက အနှိုင်းမဲ့ပင်။ သို့သော်ငြား ဘုရင်မမီဒူဆာ၏ ရှေ့တွင်တော့ သူက သုံးချက်သာ ခံနိုင်ရည် ရှိ၏။ သူက မြို့စားကြီးရပ်လ်ဆဲ၏ ထုံးစံပင်။ သူက ရန်သူကို တစ်ချက်တည်းနှင့် သတ်နိုင်လျှင်ပင် ရန်သူကို ဂုဏ်သိက္ခာပေးသည့်အားဖြင့် သုံးချက်ထိ ခွင့်ပြုလေ့ ရှိ၏။ ယခု ဘုရင်မ မီဒူဆာက ထိုဂုဏ်သိက္ခာကို သူ့ထံသို့ ပြန်လည်ကာ ပေးအပ်ခြင်းပင်။
သုံးချက်ပြီးနောက် သူ၏ လက်ထဲရှိ ဧရာမ ဓားကြီးကို ငေးကြည့်နေမိ၏။ ထိုအရာပေါ်တွင် ရေခဲလွှာ တစ်ခု ဖုံးလွှမ်းနေသလိုပင်။
“ခွက်.. ခွပ်..” ဓားကြီးက တဖြည်းဖြည်းနှင့် အက်ကြောင်းများ ထင်လာ၏။ ပြီးနောက် အပိုင်းပိုင်း ပြတ်ကျကာ မြေပေါ်သို့ ကျ၏။
မီဒူဆာက သူမ၏လခြမ်းဓားကြီးကို မြို့စားကြီးရပ်လ်ဆဲ၏ ပခုံးပေါ်သို့ တင်ပြီး ဖြည်းညင်းစွာ ပြောသည်။ “သွားကြတော့။”
မြို့စားကြီးရပ်လ်ဆဲက ပြော၏။ “မသွားဘူး။ ကျုပ် သေရင် သေပါလေ့စေ။ အင်ပါယာက မဆုတ်ခွာရဘူးလို့ ပြောတယ်။”
ပြီးနောက် သူစကားမဆုံးခင်မှာပဲ သတိလစ် မေ့မျောသွားသည်။
ဘုရင်မ မီဒူဆာက လက်အိတ်ကို စွပ်၏။ မြို့စားကြီးရပ်လ်ဆဲ၏ အင်္ကျီကော်လံကို ကိုင်ကာဖြင့် အပြင်ဘက်သို့ လျှောက်ဆွဲသွားခဲ့၏။
“သတ်... သတ်..” ဘုရင်မမီဒူဆာ ထွက်ပေါ်လာသည်နှင့် စုန်းအင်ပါယာ၏ စစ်တပ်နှင့် ပြည်သူ့စစ်များက ရူးသွပ်သွားခဲ့သလိုပင် သူတို့က နောက်မှ လိုက်လံကာ တိုက်ခိုက်၏။ ဘုရင်မမီဒူဆာက ခြေဗလာနှင့် ဖြစ်သော်လည်း အညစ်အကြေး တစ်စက်မှ မရှိချေ။
သူမက လှုပ်ရှားမှု မလုပ်ရသေးသော်လည်း သူမ၏ ဘေးမှ ထိပ်တန်းပုဂ္ဂိုလ် လေးဦးက တကယ်ပင် အစွမ်းထက်၏။ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် မြို့စားကြီးရပ်လ်ဆဲ၏ စစ်သည်တော်များက မခုခံနိုင်ဘဲ တစ်ဦးပြီးတစ်ဦး လွင့်စင်၏။ ဘုရင်မ မီဒူဆာ၏ နောက်မှ လိုက်ပါလာသည့် စစ်သည်တော်များက အစွမ်းများ တိုးလာသကဲ့သို့ပင် ရဲရင့်လာကြသည်။
စုန်းအင်ပါယာ၏ စစ်သည်တော်များသာမက ရေတွက်၍မရနိုင်သည့် ပြည်သူ့စစ်များနှင့် အရပ်သားများက တိုက်ပွဲထဲသို့ ရူးသွပ်စွာ ဝင်လာ၏။ သူမက မြို့စားကြီးရပ်လ်ဆဲ၏ ရှီလွန်အင်ပါယာ စစ်တပ်ကို တိုက်စားသွားမည့် ဒီရေလှိုင်းကြီး တစ်ခုကဲ့သို့ပင်။ မြို့ရိုးပေါ်သို့ တက်ရောက်ပြီးနောက် တိုက်ပွဲက ပြီးဆုံးသွား၏။ မြို့ထဲရှိ ရန်သူ့စစ်သည်အားလုံးက အရေးနိမ့်သွား၏။
ဘုရင်မမြို့တော်၏ အောက်ဘက်ရှိ မြို့စားကြီးရပ်လ်ဆဲ၏ စစ်တပ်ကြီးက အတိုင်းအဆမဲ့ တည်ရှိနေသေး သော်လည်း သူတို့က မြို့ရိုးပေါ်မှ ဘုရင်မ မီဒူဆာကို မော့ကြည့်၏။ ပြီးနောက် သူတို့က သူမကို တိုက်ရိုက် မကြည့်ဝံ့ဘဲ အလိုလို ခေါင်းငုံ့၏။ အဘယ်ကြောင့်ဆိုသော် သူမ၏ ခန္ဓာကိုယ်၌ မှော်စွမ်းအင်များနှင့် ပြည့်နှက်နေသလို ခံစားရသောကြောင့်ပင်။
“သွားတော့။” ဘုရင်မ မီဒူဆာက ဖြည်းညင်းစွာ ဆို၏။ ပြီးနောက် မြို့စားကြီး ရပ်လ်ဆဲကို မြို့ရိုးပေါ်မှ အောက်သို့ ပစ်ချလိုက်၏။
မြို့စားကြီး ရပ်လ်ဆဲက မီတာရာနှင့် ချီအောင် လွင့်စင်သွားခဲ့ပြီး ရပ်လ်ဆဲစစ်တပ်၏ မြင့်မားသည့် စင်မြင့်ပေါ်သို့ အသာအယာပင် ကျဆင်း၏။ သနားစရာကောင်းသည့် အခြေအနေမျိုးနှင့် ကျခဲ့ခြင်း မဟုတ်ချေ။ မြို့စားကြီး ရပ်လ်ဆဲ၌ ဒဏ်ရာတစ်စက်မှ မရခဲ့ပေ။
သူက အတင်း ပြန်ထပြီး ခေါင်းကို ခါယမ်းလိုက်၏။ မီတာရာချီ ဝေးကွာသည့် မြို့ရိုးပေါ်မှ ဘုရင်မ မီဒူဆာကို လှမ်းကြည့်၏။ သူမက လူသားများ နစ်မြှုပ်သွားနိုင်သည့် ဆွဲဆောင်မှုမျိုး ရှိ၏။ ရန်သူတစ်ဦးအနေဖြင့် သူက သူမကို မချီးကျူးဘဲ မနေနိုင်ချေ။
“ရှုံးပြီ။ ငါ သူနဲ့ ယှဉ်တိုက်ဖို့ မထိုက်တန်သေးဘူး။ ဆုတ်ခွာကြ။” မြို့စားကြီး ရပ်လ်ဆဲ၏ အမိန့်နှင့် ကျန်ရှိနေသည့် စစ်သည် နှစ်သိန်းတို့က ဒီရေလှိုင်းပင် ပြန်လည်ကာ ဆုတ်ခွာသွား၏။ ဘုရင်မ မြို့တော်၏ တိုက်ပွဲက ပြီးဆုံးသွားသည်။
ဤမြင်ကွင်းကို မြင်ချိန်မှာတော့ ရှမ့်လန်က အလုံးစုံ မှင်သက်နေ၏။ သူက ပါးစပ် အဟောင်းသားနှင့်ပင်။ လူပေါင်း သောင်းချီကို သတ်ဖြတ်နိုင်သည့် ကောင်းကင်ကို တုန်လှုပ်စေနိုင်သည့် သိုင်းပညာမျိုးကို သူက မြင်ခဲ့ရ၏။
တကယ်တော့ ဘုရင်မမီဒူဆာက လူအများကြီးကို သတ်ဖြတ်ခဲ့ခြင်း မပြုချေ။ ချောင်ယောင်းအာ သတ်ခဲ့သလောက်ပင် မရှိချေ။ ယခင်က ချောင်ယောင်းအာက အရှုံးမရှိသည့် စစ်သူကြီး ဖြစ်ခဲ့ပြီး သူမက မိစ္ဆာဓားနှစ်လက်ကို ဝှေ့ယမ်းကာ လူတစ်ထောင်ကို တစ်ဦးတည်းနှင့် လျှပ်စစ်ပန်ကာကြီး ဖွင့်ကာ တိုက်ခိုက်သကဲ့သို့ တိုက်ခိုက်ခဲ့ဖူးသည်။
ယခု ဘုရင်မမီဒူဆာက ကြမ်းကြုတ်သော်လည်း စစ်သူကြီးတစ်ယောက်၏ ဟန်ပန်မျိုး မဟုတ်ဘဲ မှော်ဆန်သည့် စွဲဆောင်မှုများနှင့် ပြည့်နှက်နေသည့် ဘုရင်မတစ်ပါး ဖြစ်နေ၏။ သွားလေရာ လမ်းတလျှောက် တိုက်ပွဲက ပြီးဆုံးသွား၏။ သူမက ရန်သူအားလုံးကို ဖိနှိပ်ထားနိုင်သည့် အရှိန်အဝါမျိုး ရှိ၏။ ကြမ်းကြုတ်သည့် စစ်သူကြီးတစ်ယောက်အဆင့်မှ အရှုံးမရှိသည့် ဘုရင်မတစ်ပါး အဖြစ်သို့ ပြောင်းလဲသွားခဲ့ခြင်းပင်။
သူမ၏ နောက်မှ လိုက်ပါလာသူများက ချက်ချင်း ပိုမိုကာ သန်မာလာခဲ့ပြီး သူမ၏ ရန်သူများက သူမကို ရင်ဆိုင်သည့်အချိန်တွင် သတ္တိများ ပျောက်ဆုံးသွား၏။ အင်ပါယာ ကျန်းလီကလည်း ဤကဲ့သို့ လွှမ်းမိုးနိုင်စွမ်း ရှိသည့် ခေါင်းဆောင်မှု အရှိန်အဝါနှင့် ပြည့်နှက်နေခဲ့ဖူး၏။
ဘုရင်မမီဒူဆာက လူအုပ်ကြားထဲ နေရသည်ကို မနှစ်သက်သလို အခြားသောသူများ၏ အော်ဟစ် ချီးမွမ်းသံများကိုလည်း သဘောမကျချေ။ သူမက ထိပ်တန်း ပုဂ္ဂိုလ်ကြီး လေးဦးကို ဦးဆောင်ကာဖြင့် ရူးသွပ်နေသည့် လူအုပ်ထဲမှ ထွက်ခွာပြီး မြို့တော်ထဲသို့ ဖြည်းညင်းစွာ လျှောက်ဝင်၏။ သူမက ခြေဗလာနှင့်ပင်။ သို့သော်ငြား အနှိုင်းမဲ့သည့် အလှတရားနှင့် အလှတရားကို ပိုင်ဆိုင်နေဆဲပင်။
သူမက ရှမ့်လန်၏ ရှေ့ဆီသို့ ရောက်ရှိ၏။ ပြီးနောက် အက်ရှရှနှင့် စွဲဆောင်မှု ရှိသည့် အသံဖြင့် မေးသည်။ “ရှင် ရောက်လာတာပဲ။ ကျွန်မကလေးရဲ့ အဖေပဲ။”
“ခင်ဗျား ချောင်ယောင်းအာအဖြစ် ရှိနေတုန်းပဲလား။” ရှမ့်လန်က မေးလိုက်၏။
ဘုရင်မ မီဒူဆာက ဖြေသည်။ “အင်း... စိတ်ရော၊ကိုယ်ရော ဆယ်ပုံ တစ်ပုံလောက်ပေါ့။”
ခန့်မှန်းထားသည့်အတိုင်းပင်။
“ကျွန်မမှာ ချောင်ယောင်းအာရဲ့ မှတ်ဉာဏ်တွေရှိသလို သူ့ရဲ့စရိုက်နှင့် ခံစားချက်တွေလည်းရှိတယ်။ ဒါပေမဲ့ ဆယ်ပုံတစ်ပုံလောက်ပဲ။”
ရှမ့်လန်က ဆက်မေး၏။ “ချောင်ယောင်းအာရဲ့ မှတ်ဉာဏ်တွေထဲမှာ သူမက တစ်စုံတစ်ယောက်ကို စောင့်နေတာမလား။”
ချောင်ယောင်းအာက စစ်ဘေးသင့်ကလေးငယ်တစ်ဦးဖြစ်၏။ သူမကို ချောင်ထျန်းဝေက ပင်လယ်ပြင်တွင် မျောပါနေစဉ် ကယ်တင်ခဲ့ခြင်းပင်။ သူမက နားထဲတွင် တစ်စုံတစ်ယောက်က သူမကို စောင့်ရန် ပြောနေသည့် အသံတစ်ခုမှလွဲ၍ ကျန်သည့်အရာအားလုံးကို မေ့လျော့ခဲ့သည်။
ဘုရင်မ မီဒူဆာက ပြော၏။ “ဟုတ်တယ်။ သူက သူရဲ့မောင်လေးလဲဖြစ်၊ သခင်လည်းဖြစ်တဲ့ အင်ပါယာကျန်းလီရဲ့ သားတော်ကို စောင့်နေတာ။”
ထိုအဖြေကို ကြားချိန်မှာတော့ ရှမ့်လန်၏ နှလုံးခုန်သံများက ရပ်တန့်သွား၏။ ထင်မှတ်ထားသည့်အတိုင်းပင်။ သူက ဤအဖြေကို လွန်ခဲ့သည့်အချိန်တည်းက ဆက်စပ်တွေးတော် သိရှိထားခဲ့သော်လည်း ချောင်ယောင်းအာ က ထွက်ခွာသွားခဲ့ပြီ ဖြစ်၏။
ရှမ့်လန်က ခါးသီးစွာဖြင့် ပြောလိုက်သည်။ “ဒါဆိုရင် သူစောင့်နေတဲ့သူက ကျုပ်ပဲဖြစ်လိမ့်မယ်။”
ထိုစကားကြောင့် ဘုရင်မ မီဒူဆာက အနည်းငယ် အံ့အားသင့်သွား၏။ ကျန်းချွင်းဟွာကလည်း ရှမ့်လန်ကို မယုံနိုင်သလို စိုက်ကြည့်နေ၏။ အဘယ်သို့ ဖြစ်နိုင်မည်နည်း။
“ရှင်က လူရှုပ်လူပွေတစ်ယောက် ကျွန်မကို အများကြီး ရင်ခုန်အောင် လုပ်ခဲ့ပေမဲ့ .......။ ဒါပေမဲ့ အင်ပါယာ ကျန်းလီက လောကကြီးမှာ ကျော်ကြားတဲ့ သူရဲကောင်းကြီးတစ်ယောက်၊ ရှင်က ဘယ်လို ဖြစ်ပြီး သူ့ရဲ့ ဆက်ခံသူဖြစ်နိုင်မှာလဲ။”
“ကျန်းလီရဲ့သားတော်က ဘုရင်မကို ဂါဝရပြုပါတယ်။” ရှမ့်လန်က စနစ်တကျ ဦးညွှတ်ကာ ဂါရဝပြု၏။
ကျန်းချွင်းဟွာက လက်တစ်ဖက်ဖြင့် ပါးစပ်ကိုအုပ်ထားမိ၏။ အတန်ကြာမှ သူမက ရှမ့်လန်ကို ကြည့်၏။ “ရှင်... ရှင်က အင်ပါယာ ကျန်းလီရဲ့သား တော်ဝင်ချန်အင်ပါယာရဲ့ အရှင်သခင်လား။ အရှေ့တိုင်း လောကကြီးက မရေတွက်နိုင်တဲ့ လူတွေရဲ့ စိတ်နှလုံးထဲမှာရှိနေတဲ့ လောကအရှင်သခင်ပေါ့။”
ရှမ့်လန်က ပြောသည်။ “ဟုတ်ပါတယ်။ တောင်းပန်ပါတယ်။ ခင်ဗျားကို စိတ်ပျက်အောင် လုပ်မိသွားပြီ။”
ကျန်းချွင်းဟွာက ပြော၏။ “ကျွန်မ တကယ်ပဲ အသားမကျသေးဘူး။ ကျွန်မ ကြည်ညိုလေးစားရတဲ့ ပုံရိပ်ကြီးက တစ်စစီ ပျက်စီးသွားသလို ခံစားရတယ်။”
ရှမ့်လန်က ပုခုံးကို တွန့်လိုက်မိသည်။ “ကျုပ်လဲ ဒီလိုမျိုး ဖြစ်ချင်တာမဟုတ်ဘူး။ ဒါပေမဲ့ လောကကြီးက တကယ့်ကို ရယ်စရာကောင်းတယ်။ အရင်တုန်းက ကျုပ်က မိန်းမတစ်ယောက်ရဲ့ အရှိန်အဝါ အောက်မှာပဲ အေးအေးဆေးဆေး နေချင်ခဲ့တာ။ ရုတ်တရက် ကျန်းလီရဲ့သား ... လူအများရဲ့ အရှင်သခင် ဖြစ်လာခဲ့တယ်။”
“တော်ဝင်ရန်အင်ပါယာမှာဆိုရင် ထိပ်တန်း သဘာဝလွန်အင်အားကြီး ၆ ခုက လောကရဲ့ စစ်တပ် တစ်ဝက်လောက်ကို သုံးပြီး ကျုပ်ကို လိုက်လံသတ်ဖြတ်နေတယ်။ လူပေါင်း တစ်သိန်းကျော်လောက်က ကျုပ်အတွက် အသက်ပေးဖို့ အဆင်သင့်ရှိကြတယ်။
ကျုပ်ကြောင့်ပဲ ယောက္ခထီးဖြစ်သူ ကျင်းကျိုး ကျင်းမိသားစု ရာစုနှစ်ချီ အုတ်မြစ်တွေနဲ့ နုရှောင့်မြို့ တစ်ခုလုံးကို ဆုံးရှုံးခဲ့တယ်။ နင်ယွမ်ရှန်းနဲ့ နင်ကျန်းတို့က ကျုပ်ကြောင့် ရွှဲ့ပြည်နယ်ရဲ့ ထီးနန်းကို ဆုံးရှုံးခဲ့တယ်။ မင်းရဲ့အဖေကလည်း ရွှဲ့ပြည်နယ်ရဲ့ ဝန်ကြီးချုပ်ဖြစ်သင့်တာ။ ဒါပေမဲ့ ကျုပ်ကြောင့်ပဲ ရာထူးအားလုံး ဆုံးရှုံးခဲ့ရပြီ။”
ရုတ်တရက် ကျန်းချွင်းဟွာ၏ စိတ်ထဲတွင် စိတ်မကောင်းဖြစ်သွား၏။ ရှမ့်လန်က နင်ယွမ်ရှန်းကို စိတ်ဆိုးအောင်လုပ်မိ၍ ပင်လယ်တစ်ဖက်ကမ်းကို ထွက်ပြေးလာခဲ့ခြင်းဖြစ်မည်ဟု သူမ ထင်မှတ်ခဲ့၏။ အကြောင်းအရင်းက မည်မျှထိ ကြီးကျယ်နေလိမ့်မည်ဟု မထင်ခဲ့ချေ။ ရှမ့်လန်က လောက၏ အရှင်သခင်ဖြစ်နေပြီး တော်ဝင်ရန်အင်ပါယာက လောကတစ်ခု၏ စစ်တပ်ထက်ဝက်ကို အသုံးပြုကာ သူ့ကို အမဲလိုက်နေခြင်း ဖြစ်၏။
ထိုသို့ဆိုလျှင် အဘယ်သို့ လွတ်မြောက်လာခဲ့သနည်း။ ထို့အပြင် သူက တစ်ယောက်တည်း ဖြစ်နေသေး၏။ ဤလူရှုပ်လေးက ကြက်တစ်ကောင်ကိုတောင် ဖမ်းနိုင်သည့် အင်အားမရှိကြောင်း လူတိုင်းသိ၏။ မိုင်ပေါင်းသောင်းချီ ဝေးကွာသည့် ဤဘုရင်မမြို့တော်သို့ ရောက်ရှိရန် သူဘာတွေ ကြုံတွေ့ခဲ့ရသနည်း။
“ကျွန်မ စိတ်အေးအေးထားဖို့ လိုနေပြီ။ နောက်မှ တွေ့ကြတာပေါ့။”
ကျန်းချွင်းဟွာက ရှမ့်လန်ကို တစ်ချက်ကြည့်၏။ ပြီးနောက် ဦးညွှတ်နှုတ်ဆက်ကာ လှည့်ထွက်သွားခဲ့၏။ ဤရိုက်ခတ်မှုက ကြီးမားလွန်းသောကြောင့် သူမအနေနှင့် စိတ်ကို တည်ငြိမ်အောင်ထားရန် လိုအပ်နေ၏။ သူမ ချစ်မိသည့် ရှမ့်လန်က သာမန်လူရှုပ်ကလေး၊ ဉာဏ်ပညာ ပါရမီသာရှိသည့် လူမိုက်လေးတစ်ယောက်သာ ဖြစ်သော်လည်း ရုတ်တရက်ဆိုသလို ကောင်းကင်ယံမှ နေမင်းကြီး ဖြစ်သွားသည်က စိတ်ကူးယဉ်ကြည့်ရန် ခက်ခဲနေ၏။
အရှေ့တိုင်း၌ဖြစ်စေ၊ အနောက်တိုင်း၌ဖြစ်စေ သွေးချင်းဆက်စပ်မှုက တကယ့်ကို အရေးကြီး၏။ ဘုရင်မ မြို့တော်၏ အရှင်သခင် မြို့စားကြီးဟောလ်ကလည်း မတော်၍လား။ သူက အလွန်တော်သော မြို့တော် အရှင်သခင် ဖြစ်၏။ သို့သော်ငြား သူ၏ဘိုးဘေးများက ကျွန်များဖြစ်ခဲ့ဖူးသောကြောင့် ရှီလွန် အင်ပါယာတွင် ဘယ်တော့မှ ခေါင်းမော့နိုင်ခဲ့ခြင်း မရှိချေ။
နယ်စားကြီး ဒီဘိုရာနှင့် မြို့စားကြီး ရပ်လ်ဆဲတို့က ရာစုနှစ်ချီသည့် တော်ဝင်မျိုးနွယ်ဟောင်းများ ဖြစ်ကြသော်လည်း မည်သည့်အင်ပါယာတွင်မဆို လက်အောက်ခံများသာ ဖြစ်ကြ၏။ ရှီလွန်အင်ပါယာ ထူထောင်လျှင် ရှီလွန်တော်ဝင်သွေးပါသူသာ ထီးနန်းတက်နိုင်ပေမည်။
အခြားသောသူများက မည်မျှအစွမ်းထက်နေကာမူ အနောက်တိုင်းလောကတစ်ခုလုံး၏ အသိအမှတ် ပြုခြင်းကို ခံရမည် မဟုတ်ချေ။ ရှီလွန်အင်ပါယာကို ထားဦး။ သူတို့က မင်းသားတစ်ပါးပင် ဖြစ်ခွင့်ရမည် မဟုတ်ချေ။ လူတိုင်း၏အသိဉာဏ်ထဲတွင် အရှေ့နှင့် အနောက်လောကကြီး၌ အင်ပါယာ ဖြစ်ထိုက်သည့် မျိုးရိုးက သုံးခုသာရှိ၏။ ကျိမိသားစု၊ ကျန်းမိသားစုနှင့် ရှီလွန်မိသားစုတို့ဖြစ်၏။
ရှမ့်လန်က ထိုသုံးစုထဲမှ တစ်စုဖြစ်၏။ နောင်အနာဂတ်တွင် ရှမ့်လန်ကို သူမ မည်သို့ ရင်ဆိုင်ရတော့ မည်နည်းဟု ကျန်းချွင်းဟွာက စဉ်းစား၍ပင်မရတော့ချေ။
“အင်ပါယာကျန်းလီရဲ့ သားလား။”
ဘုရင်မ မီဒူဆာက မေးသည်။ “ဒါဆိုရင် ရှင်က ချောင်ယောင်းအာ စောင့်နေတဲ့လူ အမှန်ပေါ့။”
ရှမ့်လန်က ရုတ်တရက် ထိတ်လန့်သွား၏။ “နေပါအုံး... ခဏက ခင်ဗျားပြောတော့ ကျန်းလီရဲ့သားက ချောင်ယောင်းအာရဲ့သခင် ဒါမှမဟုတ် မောင်လေးလို့ ပြောခဲ့တာလား။”
ထိုသို့ဆိုလျှင် သွေးချင်းဆက်စပ်မှုတွေ ရှုပ်ထွေးကုန်တော့မည် မဟုတ်ပါလား။ သူတို့ကျန်းမိသားစုက သာကီနွယ်မျိုးတွေ မဟုတ်ကြချေ။ မောင်နှမချင်း လက်ထပ်သည့် ထုံးစံမျိုးမရှိချေ။ ထို့အပြင် သူ့သမီးလေး၏ ခန္ဓာကိုယ်က အလွန်အမင်း အားနည်းပြီး ထူးခြားနေသည်။ “ကျေးဇူးပြုပြီး အဲဒီလိုတော့ မဟုတ်ပါစေနဲ့။”
“မစိုးရိမ်ပါနဲ့။ ရှင့်တို့ကြားမှာ သွေးချင်းမတော်စပ်ပါဘူး။” ဘုရင်မ မီဒူဆာက ပြောလိုက်သည်။
“ဒါဆို တော်သေးတာပေါ့။” ရှမ့်လန်က သက်ပြင်းရှည်ကြီးကို ချ၏။
“အင်ပါယာကျန်းလီရဲ့ သားတော်... ကျွန်မနောက်ကို လိုက်ခဲ့။” ဘုရင်မ မီဒူဆာက ရှမ့်လန်ကို ခေါ်သည်။
ရှမ့်လန်က သူမ၏နောက်မှ လိုက်ပါရင်း နန်းတော်၏ အနက်ရှိုင်းဆုံး နေရာသို့ ဝင်ရောက်သွား၏။ သူမက ကြာရှည်စွာ အိပ်စက်နေခဲ့သော်လည်း သူမ၏ ခန္ဓာကိုယ်က အလွန်ပင် ပြေပြစ်လှပ၏။ ကိုယ်လုံးကိုယ်ပေါက် က မှော်ဆန်သည့် ဆွဲဆောင်မှုတို့နှင့် ပြည့်နှက်နေ၏။
လှုပ်ရှားလိုက်ချိန်တွင် ပိုမိုကာ အံ့အားသင့်စရာကောင်း၏။ လူသားတို့ကို အလုံးစုံ ဝါးမျိုသွားမည့် ဝဲကယက်ကြီး တစ်ခုနှင့် တူ၏။ ထိုအရာက ခံစားချက်နှင့် မဆိုင်ချေ။ ယောက်ျားနှင့် မိန်းမကြား ဆွဲဆောင်မှု သက်သက်သာ ဖြစ်၏။ သူ၏ရှေ့တွင် ရှိသည့် ဘုရင်မမီဒူဆာ ထုတ်လွှင့်ထားသည့် ဆွဲဆောင်မှုကို လောကပေါ်ရှိ မည်သည့်အမျိုးသားမျှ ခုခံနိုင်စွမ်းရှိလိမ့်မည် မဟုတ်ချေ။