အခန်း (၈၀၅-၈၀၆)
Vol. 50 Ch. 805-806
အပိုင်း (၈၀၅)
ဤနေရာက နန်းတော်၏ မြေအောက်ဂူသင်္ချိုင်းဖြစ်၏။ ရှည်လျားသည့် လှိုဏ်ခေါင်းကြီးကို ဖြတ်သန်းပြီး နောက် အလွန်မှောင်မိုက်သည့် နေရာသို့ ရောက်ရှိ၏။ ရှေ့တွင်လက်ချောင်းများကိုပင် မြင်နိုင်စွမ်းမရှိချေ။ သို့သော်ငြား ရှမ့်လန်က ထူးဆန်းစွာဖြင့် ဘုရင်မမီဒူဆာ၏ ခန္ဓာကိုယ်မှ အလင်းရောင်များ ထွက်ပေါ်နေသည်ကို တွေ့ရ၏။
ထိုအရာက တင်စားခြင်း မဟုတ်ဘဲ လရောင်ကဲ့သို့ အမှန်တကယ် တောက်ပနေခြင်းပင်။ မည်ကဲ့သို့သော ခန္ဓာကိုယ်မျိုးက အလင်းရောင်ထွက်နိုင်သနည်း။ ရှည်လျားသည့် လှိုဏ်ခေါင်းနှင့် တံတားတစ်စင်းကို ဖြတ်ကျော်ပြီးနောက် တော်ဝင်ဂူသင်္ချိုင်းထဲသို့ ဝင်ရောက်လာသည်။
ဤနေရာက ပြောင်းပြန်ဖြစ်၏။ ရှမ့်လန်က လမ်းမလျှောက်နိုင်သော်လည်း ကြီးမားသည့် အင်အားတစ်ခုက သူ့ကို ထောက်ပံ့ပေးထားသကဲ့သို့ ပြောင်းပြန် လမ်းလျှောက်နိုင်နေ၏။ သူတို့က နန်းတော်၏ အနက်ရှိုင်းဆုံးနေရာရှိ သေးငယ်ပြီး သာမန်ဆန်သော အိမ်လေးတစ်လုံးထဲသို့ ဝင်ရောက်၏။ အထဲတွင် ဘာမှမရှိဘဲ သေတ္တာလေးတစ်လုံးသာ ရှိ၏။
“ဒီသေတ္တာကို အင်ပါယာကျန်းလီက ချန်ထားခဲ့တာ။ ဒါ ရှင့်ကို ပေးသင့်တယ်လို့ ကျွန်မ ထင်တယ်။” ဘုရင်မ မီဒူဆာက ပြောသည်။
ရှမ့်လန်က ထိုအရာကို ကြားချိန်မှာတော့ အံ့အားသင့်သွားပြန်၏။ ကျန်းလီ ဤနေရာကို ရောက်ခဲ့ဖူး သည်လား။ ဤနေရာက တကယ့်ကို လျှို့ဝှက်လွန်းသည် မဟုတ်ပါလား။ အဘယ်ကြောင့် ဤနေရာဆီသို့ ရောက်ရှိလာရသနည်း။ ဘာလာလုပ်ရသနည်း။ အဘယ်ကြောင့် မှတ်တမ်းမှတ်ရာများ မရှိရသနည်း။
သူက သေတ္တာကို ယူကြည့်၏။ ကျန်းလီဟူသည့် စာလုံးကို တွေ့ရ၏။ ထိုအရာက ကျန်းလီ၏ လက်ရေးအစစ်ပင်။ သို့သော်ငြား သေတ္တာက ဖွင့်၍မရချေ။ ထိုအရာက တစ်သားတည်း ဖြစ်နေသကဲ့သို့ပင်။ ဟာကွက် သို့မဟုတ် သော့ပေါက်ဟူ၍ မရှိပေ။
“တကယ်လို့ သေတ္တာကို အတင်းအဓမ္မ ဖွင့်မယ်ဆိုရင် အထဲမှာရှိတဲ့ အရာအားလုံး ပျက်စီးသွားလိမ့်မယ်။”
ဘုရင်မ မီဒူဆာက ပြော၏။ “ဒါက သူတစ်ပါးရဲ့ ပစ္စည်းဖြစ်နေလို့ ကျွန်မက အတင်းအဓမ္မ မဖွင့်ခဲ့ဘူး။ ဒီနေ့တော့ ရှင့်လက်ထဲကို တရားဝင် အပ်လိုက်ပြီ။”
ရှမ့်လန်က မေးသည်။ “အင်ပါယာကျန်းလီက အနောက်တိုင်းလောကကို ရောက်ခဲ့ဖူးတယ်။ အဲဒါက ဘယ်တုန်းကလဲ။”
“လွန်ခဲ့တဲ့ နှစ်ပေါင်း လေးဆယ်ကျော်လောက်က ဖြစ်မှာပေါ့။ အဲဒီတုန်းက သူ အရမ်းငယ်သေးတယ်။”
..............
သူတို့က တော်ဝင်နန်းတော်သို့ ပြန်ရောက်လာ၏။ ဘုရင်မ မီဒူဆာက ပြော၏။ “ကျွန်မကလေးရဲ့အဖေ... ရှင် ကျွန်မဆီ လာရတဲ့ အကြောင်းအရင်းက အရှေ့တိုင်းလောကဆီ သွားပြီး လက်စားချေဖို့ မဟုတ်လား။”
ရှမ့်လန်က ပြောလိုက်သည်။ “ဟုတ်ပါတယ်။”
ဘုရင်မ မီဒူဆာက မေး၏။ “ဒါဆိုရင် ရှင်ဘာလိုချင်တာလဲ။”
ရှမ့်လန်က ပြောသည်။ “အင်အားကြီးမားတဲ့ စစ်တပ်ကြီးတစ်ခု... အရမ်းအစွမ်းထက်တဲ့ စစ်တပ်တစ်ခုပေါ့။”
ဘုရင်က မီဒူဆာက မေး၏။ “ရှင်က တော်ဝင်ရန်အင်ပါယာနဲ့ သဘာဝလွန် အင်အားစု ၆ ခုကို အပြတ်အသတ် ချေမှုန်းချင်တာလား။”
ရှမ့်လန်က ဖြေလိုက်သည်။ “ဟုတ်ပါတယ်။” ။
ဘုရင်မ မီဒူဆာက ပြော၏။ “ဒါဆိုရင် ရှင့်အတွက် လိုအပ်တဲ့ စစ်တပ်က ရှင်ထင်ထားတာထက် အများကြီး ပိုပြီးအစွမ်းထက်ဖို့ လိုလိမ့်မယ်။ အနည်းဆုံးတော့ ကျွန်မရဲ့ စစ်တပ်၊ ကျွန်မ အပါအဝင်တောင်မှ မလုံလောက်နိုင်ဘူး။”
ရှမ့်လန် မှင်သက်သွားသည်။
ဘုရင်မက ပြော၏။ “ကျွန်မရဲ့ သိုင်းပညာက အစွမ်းထက်လား။”
ရှမ့်လန်က ဖြေသည်။ “အရမ်းကို အစွမ်းထက်ပါတယ်။”
ဘုရင်မ မီဒူဆာက ပြော၏။ “ဒါပေမဲ့ ကျွန်မရဲ့ အခုသိုင်းပညာက အင်ပါယာကျန်းလီ ဒါမှမဟုတ် သူ့မိန်းမ ရဲ့ အစွမ်းကို မမီသေးဘူး။ လက်ရှိ အရှေ့တိုင်းလောကမှာ ကျွန်မထက် သိုင်းပညာ သာလွန်တဲ့သူ သုံးယောက် ရှိတယ်။ ကျွန်မနဲ့ အဆင့်တူတဲ့သူ ၅ ယောက် ရှိလိမ့်မယ်။”
ရုတ်တရက် ရှမ့်လန်က မယုံကြည်နိုင်သလို ဖြစ်သွားသည်။
ဘုရင်မ မီဒူဆာက ပြော၏။ “ကျွန်မရဲ့အစွမ်းက အရှိန်အဝါပေါ်မှာ အခြေခံတာ၊ သိုင်းပညာသက်သက် မဟုတ်ဘူး။ အနည်းဆုံးတော့ လက်ရှိစည်းမျဉ်းတွေရဲ့အောက်မှာ အစွမ်းထက်ဆုံး သိုင်းပညာတောင်မှ ကန့်သတ်ချက်တွေ ရှိတယ်။ အရှုံးမရှိတဲ့ စစ်တပ်တစ်ခုကို ထိန်းချုပ်နိုင်ခြင်းက တော်ဝင်ရန်အင်ပါယာကို ဖျက်ဆီးဖို့ သော့ချက်ပဲ။ အင်ပါယာကျန်းလီက အရမ်းကို အစွမ်းထက်ခဲ့ပေမဲ့ သူက ကျရှုံးခဲ့တယ်။ ဒါကြောင့် ရှင် အောင်မြင်ချင်ရင် သူ့ထက် ပိုသန်မာဖို့ လိုလိမ့်မယ်။”
ရှမ့်လန်က ပြောသည်။ “အရှင်မ... အရှင်မက အခုထိ လူသားတစ်ယောက်ပဲလား။”
ဘုရင်မမီဒူဆာက ပြော၏။ “ကျွန်မလား... ကျွန်မကို ရှေးဦးလူသားလို့ သတ်မှတ်လို့ရတယ်။ မီဒူဆာဆိုတာက လူတွေခေါ်တဲ့ နာမည်တစ်ခုပဲ။ ကျွန်မက မြွေတစ်ကောင်နဲ့ တူတယ်။ ဒဏ္ဍာရီထဲက လှပတဲ့ မြွေမလေးနဲ့ တူတယ် မဟုတ်လား။”
ရှမ့်လန်က ခေါင်းညိတ်သည်။ “အင်း... အိပ်ပျော်နေတုန်းကတော့ တူသလိုလိုပဲ။ ဒါပေမဲ့ နိုးတဲ့အချိန်မှာ ပိုတူပါတယ်။”
ဘုရင်မ မီဒူဆာက ပြော၏။ “ရှေးဦးလူသားတွေက အမျိုးအစား အများကြီးရှိတယ်၊ ကျွန်မက အဲဒီထဲက တစ်ယောက်ပေါ့။”
မူလန်ကလည်း ရှေးဦးလူသားတစ်ဦးကဲ့သို့ အသွင်ပြောင်းလဲခဲ့သော်လည်း သူမက ဤမျှတော့ အစွမ်းထက် မလာခဲ့ချေ။
“ကျွန်မရဲ့ ခန္ဓာကိုယ် ဆယ်ပုံတစ်ပုံက ချောင်ယောင်းအာရဲ့ အပိုင်ဖြစ်သလို ရှင်ကလည်း သူ့ရဲ့သခင်ပဲ။ အဲဒါတင် မကသေးဘူး ရှင်က ကျွန်မသမီးရဲ့ အဖေလည်း ဖြစ်နေတော့ ကျွန်မကို ပွင့်ပွင့်လင်းလင်း ပြောလို့ရတယ်။ ရှင့်ရဲ့ ရည်မှန်းချက်နဲ့ ဦးတည်ချက်က ဘာလဲ။” ဘုရင်မက မီဒူဆာက မေးသည်။
ရှမ့်လန်က မေးခွန်းထုတ်လိုက်၏။ “မြေပုံရှိလား။”
ရှမ့်လန်၏ရှေ့တွင် မြေပုံတစ်ခု ပေါ်လာ၏။ ထိုအရာက တိုက်သစ်ကြီးတစ်ခုလုံး၏ မြေပုံပင် ဖြစ်၏။ ရှမ့်လန်က တကယ်ပင် ဝမ်းသာသွား၏။ ထိုအရာက သူ မြင်ဖူးသမျှ အသေးစိတ်ဆုံးသော မြေပုံဖြစ်၏။ ယခင် မြေပုံများက ဝေဝါးနေပြီး အတိုင်းအတာများကလည်း လုံးဝမှားယွင်း၏။ မြေပုံကို ရရှိသည်နှင့် သူ၏ အမြင်များက ပိုမိုကာ ကျယ်ပြန့်လာ၏။ သူက မြေပုံပေါ်တွင် ယမ်းစိမ်းကျွန်းကို အပူတပြင်း ရှာဖွေသည်။
“ရှင်ဘာကို ရှာနေတာလဲ။” ဘုရင်မ မီဒူဆာက မေး၏။
ရှမ့်လန်က ပြောသည်။ “ကျွန်းတစ်ကျွန်းပဲ။ အဲဒီမှာ ဘာမှမရှိတဲ့ သဲကန္တာရကြီး၊ အဖြူရောင်ကျောက်ခဲတွေ အများကြီး ရှိတယ်။”
ဘုရင်မ မီဒူဆာက ပြော၏။ “အဲဒါက မျိုးစေ့ကျွန်းပဲ။”
“အင်း...” နာမည်က အဘယ်ကြောင့် ဤမျှ ရင်းနှီးနေရသနည်း။ ရှမ့်လန်က လျှင်မြန်စွာပင် သတိရ၏။ ထိုအရာက အမေဇုန်မျိုးနွယ်စုများ၏ ကျွန်းဖြစ်သည်။ အမေဇုန် အမျိုးသမီးစစ်သည်တော် မျိုးဆက်ပေါင်း များစွာတို့၏ အမျိုးသမီး တစ်ဦးချင်းစီတိုင်းက တကယ့်ကို အစွမ်းထက်သည့် စစ်သည်တော်များ ဖြစ်ကြပြီး ဂရိဒဏ္ဍာရီထဲက လျှို့ဝှက်ဆန်းကြယ်သည့် လူမျိုးများကဲ့သို့ပင်။
‘ကောင်းကင်ဘုံ ... ကျုပ်ကို ဒီလိုတော့ မနောက်ပြောင်ပါနဲ့။’
ရှမ့်လန်က ထိုအရာက လူသူမရှိသည့်ကျွန်း၊ ပိုင်ရှင်မဲ့သည့် နယ်မြေဖြစ်သည်ဟု ထင်မှတ်ထားခဲ့၏။ နောက်ဆုံးမှာတော့ ထိုအရာက ရှီလွန်အင်ပါယာပင်လျှင် အောင်နိုင်ခြင်း မရှိသည့် အမေဇုန်လူမျိုးနွယ်စု၏ ကျွန်းဖြစ်နေ၏။ အကယ်၍ ရှမ့်လန်က ထိုကျွန်းကို လိုချင်သည်ဆိုပါက ထိုအရာက ကျားပါးစပ်မှ သွားကို နုတ်သလိုပင် ဖြစ်ပေလိမ့်မည်။
“ကျုပ် အဲဒီကျွန်းကို လိုချင်တယ်။ အဲဒါက ကျုပ်အတွက် အရမ်းကို အရေးကြီးတယ်။ အဲဒီကျွန်းရှိမှ ကျုပ်မှာ အရှုံးမရှိတဲ့ ရေတပ်နဲ့ အစွမ်းထက်တဲ့ စစ်တပ် ရှိလာမှာ။”ရှမ့်လန်က ပြော၏။
ဘုရင်မ မီဒူဆာက ပြောသည်။ “ဒါဆိုရင် ရှင်တစ်ခု လုပ်ရလိမ့်မယ်။ အမေဇုန်ဘုရင်မကို အောင်နိုင်အောင် လုပ်ရလိမ့်မယ်။”
“ဟင်...”
“ရှင်သာ အမေဇုန်ဘုရင်မကို အောင်နိုင်ခဲ့ရင် အဲဒီကျွန်းကို ရရုံတင်မကဘူး။ အစွမ်းထက်ဆုံး စစ်သည်တွေကိုပါ ရလိမ့်မယ်။ ဒါပေမဲ့ ဒီကိစ္စက ဘယ်သူမှ မအောင်မြင်သေးဘူး။ ရှီလွန်အင်ပါယာကလည်း ဒီနည်းလမ်းကို အကြိမ်ပေါင်းများစွာ သုံးခဲ့ပြီးပြီ။ အချောလှဆုံး ယောက်ျားပေါင်း ၁၀၀ ကျော်ရဲ့ ခေါင်းတွေက ဖြတ်တောက်ခံရပြီး ဝိုင်ခွက်တွေ ဖြစ်ခဲ့ရတယ်။”
“အမေဇုန်ဘုရင်မရဲ့ နိုင်ငံက ဘယ်မှာလဲ။ မြေပုံပေါ်မှာလည်း မတွေ့ဘူး။”ရှမ့်လန်က မေး၏။
ဘုရင်မ မီဒူဆာက ဖြေသည်။ “ပြင်ပလူတွေက အမေဇုန်ဘုရင်မရဲ့ နယ်မြေကို ခြေမချနိုင်လို့ မြေပုံမှာ အမှတ်အသား မရှိတာ၊။ဒါပေမဲ့ ကျွန်မထင်တာကတော့ အဲဒီမျိုးစေ့ကျွန်းနဲ့ သိပ်မဝေးဘူး ထင်တယ်။”
ရှမ့်လန်၏အကြည့်က ယမ်းစိမ်းကျွန်း၏ အရှေ့ဘက်ရှိ ကျွန်းကြီးတစ်ခုပေါ်သို့ ရောက်ရှိသွား၏။ “ဒါ ဘာကျွန်းလဲ။”
“မီးကျွန်းပါပဲ။ အဲဒီမှာ မီးတောင်ရှိနေတယ်။”ဘုရင်မ မီဒူဆာက ဖြေသည်။
ရှမ့်လန်က မေး၏။ “ဒီကျွန်းက မြေပြန့်လား။ နေထိုင်ဖို့ သင့်တော်လား။”
ဘုရင်မ မီဒူဆာက ဖြေသည်။ “ဒီမီးတောင်ကြီးက မပေါက်ကွဲတာ ကြာပြီ၊ ဒါပေမဲ့ ကျွန်းတစ်ခုလုံးမှာ ချော်ရည်ခဲတွေပဲ ရှိလို့ နေထိုင်ဖို့ မသင့်တော်ဘူး။”
ရှမ့်လန်က မြေပုံပေါ် ထပ်မံကာ ကြည့်၏။ ယမ်းစိမ်းကျွန်းနှင့် အနီးစပ်ဆုံးနေရာတွင် မိုင်ပေါင်း ၃၀၀၀ ခန့် ဝေးသော ကျွန်းဆွယ်တစ်ခု ရှိနေသည်ကို တွေ့၏။ သူက တော်ဝင်ရန်အင်ပါယာကို ပြန်တိုက်ရန် အရာသုံးခုလို၏။ အရှုံးမရှိသည့် ရေတပ်၊ အမြှောက်တပ်နှင့် အစွမ်းထက်သည့် စစ်တပ်ပင် ဖြစ်၏။
ဘုရင်မမီဒူဆာ၏ ရေတပ်က တကယ့်ကို သေးငယ်လွန်းသောကြောင့် သူက ဦးခေါင်းခွံဂိုဏ်းကဲ့သို့သော လောက၏ နံပါတ်တစ် ပင်လယ်ဓားပြတပ်ဖွဲ့မျိုးကို လိုအပ်၏။ သူက အစွမ်းထက်သည့် စစ်တပ်ကို လိုအပ်ပြီး အမေဇုန်ဘုရင်မ နိုင်ငံမှသာလျှင် အသင့်တော်ဆုံး ဖြစ်ပေမည်။ အရေးကြီးဆုံးက အမြှောက်တပ်ပင် ဖြစ်၏။ သူက ယမ်းစိမ်းကျွန်းကို ရရှိရန်သာမက ထိုနေရာတွင် အခြေစိုက်စခန်းတစ်ခုကို တည်ဆောက်ရန်လည်း လိုအပ်သည်။
“ယမ်းစိမ်းကျွန်းနဲ့နီးပြီး သံရိုင်းတွေ အများကြီးထွက်တဲ့မြို့တစ်ခု တည်ဖို့ သင့်တော်တဲ့နေရာ ဘယ်မှာလဲ။” ရှမ့်လန်က မေး၏။
“ဒီမှာပဲလေ။”
ဘုရင်မ မီဒူဆာက ညွှန်ပြသည်။ “ကျောက်စိမ်းလှိုင်းကျွန်းဆွယ်ပဲ။”
ရှမ့်လန်က ကြည့်ရှု၏။ ယမ်းစိမ်းကျွန်းနှင့် မိုင်ပေါင်း ၃၀၀၀ ခန့်ဝေးသည့် ကျွန်းဆွယ်ပင်။ သို့သော်ငြား ဤနာမည်က အသူရာလှိုင်းစီရင်စုနှင့် ဆင်တူနေ၏။ သေသေချာချာ ကြည့်ရှုပြီးနောက် ထိုအရာက အသူရာလှိုင်းစီရင်စု၏ ဘေးဘက် တိုက်သစ်တစ်ခုလုံး၏ တောင်ဘက်အခြမ်းတွင်ရှိပြီး နယ်စားကြီး ဒီဘိုရာ၏ ပီကျင်းမြို့တော်နှင့် မိုင် ၁၀၀၀ ပင် မဝေးတော့ချေ။
ရှမ့်လန်က အမြောက်များ၊ ဖောက်ခွဲရေးပစ္စည်းများနှင့် သင်္ဘောများ တိတ်တဆိတ် ပြုပြင်ထုတ်လုပ်ရန် မြို့တစ်မြို့ကို အပူတပြင်း လိုအပ်၏။ သင်္ဘောများကို အသစ်ပြန်လည် တည်ဆောက်မည်ဆိုပါက ကြီးမားသော သင်္ဘောကျင်းကြီးတစ်ခုကို လိုအပ်ပေမည်။ အကယ်၍ ထိုသို့သာဆိုလျှင် သူက နိုင်ငံတစ်ခုစာလောက် ချမ်းသာပြီး ကြီးမားသည့် သင်္ဘောကျင်းတစ်ခု ပိုင်ဆိုင်သော ပီကျင်းမြို့ကို သိမ်းပိုက် ရပေလိမ့်မည်။
ထင်မှတ်ထားသည့်အတိုင်းပင် သူက နယ်စားကြီး ဒီဘိုရာနှင့် ပတ်သက်နေပြန်၏။ မည်သို့ပင်ဖြစ်စေကာမူ နောင်အနာဂတ်တွင် သူက ဤအင်အားကြီး မိသားစုကို ဖယ်ရှားပစ်ရမည်။
..................
“ဘုရင်မ... ဦးခေါင်းခွံဂိုဏ်းရဲ့ ပင်လယ်ဓားပြရေတပ်အကြောင်းကို ဘယ်လောက်သိထားလဲ။ သူတို့က တကယ်ပဲ မိစ္ဆာတြိဂံနယ်မြေကို သွားကြတာလား။” ရှမ့်လန်က မေး၏။
“မဟုတ်ဘူး။”
ဘုရင်မ မီဒူဆာက ပြောသည်။ “မိစ္ဆာတြိဂံနယ်မြေကို စူးစမ်းဖို့ လူပေါင်းတစ်သိန်း မလိုဘူး။ သူတို့က တောင်ဘက်ကို သွားခဲ့ကြတာ။”
“တောင်ဘက် ဟုတ်လား။”
ရှမ့်လန်က အံ့အားသင့်သွား၏။ “တောင်ဘက်မှာ ဘာရှိလို့လဲ။”
ဘုရင်မ မီဒူဆာက ပြောသည်။ “ရှမ့်လန်... ဒီလောကကြီးမှာ မသိသေးတဲ့အရာတွေ အများကြီးရှိတယ်။ မိုင်တစ်သောင်း သဲကန္တာရ၊ မြောက်ဘက်စွန်းဒေသနဲ့ မိစ္ဆာတြိဂံနယ်မြေတွေက လူတွေသိထားတဲ့ အရာပဲရှိတာ။ သူတို့က လျှို့ဝှက်ဆန်းကြယ်နေတုန်းပဲ ဆိုပေမဲ့ အနည်းဆုံး လူတွေက သူတို့ရှိမှန်းသိကြတယ်။ ဒါပေမဲ့ လူသားတွေ တစ်ခါမှ မမြင်ဖူး၊ မကြားဖူးတဲ့ တားမြစ်နယ်မြေတွေလည်း ရှိနေသေးတယ်။”
ရှမ့်လန်က မေး၏။ “စကားအနေနဲ့ ပြောတာပါ။ တကယ်လို့ ကျုပ်က အမေဇုန်ဘုရင်မရဲ့ စစ်တပ်နဲ့ ဦးခေါင်းခွံဂိုဏ်းရဲ့ ပင်လယ်ဓားပြရေတပ်ကို ရရှိခဲ့မယ်ဆိုရင် တော်ဝင်ရန်အင်ပါယာကို ပြန်တိုက်ဖို့ လုံလောက်ပါ့ မလား။”
ဘုရင်မ မီဒူဆာက ပြောသည်။ “အင်ပါယာကျန်းလီက တော်ဝင်ရန်အင်ပါယာမှာ လူထုထောက်ခံမှု အများကြီး ရှိတာမို့ ရှင့်ရဲ့ တကယ့်စစ်တပ်ကြီးက အရှေ့ဘက်မှာပဲရှိတာ၊ အနောက်ဘက်မှာ မဟုတ်ဘူး။”
ရှမ့်လန်က ခေါင်းညိတ်၏။ ထိုအရာကို သူ သိပြီးသားပင်။ တော်ဝင်ရန်အင်ပါယာမှ မရေတွက်နိုင်သည့် လူများက ကျန်းလီအပေါ်တွင် သစ္စာရှိကြပြီး ရှမ့်လန်ထွက်ခွာလာချိန်တွင် အားလုံးသောသူတို့က ကြည်ညို လေးစားကြ၏။ ထို့ကြောင့်သာလျှင် တော်ဝင်ရန်အင်ပါယာကို ယှဉ်ပြိုင်နိုင်လောက်သည့် ကြီးမားသည့် အင်အားကို ပြသနိုင်ခဲ့ပါက မရေတွက်နိုင်သည့်လူများက သူ့အပေါ် သစ္စာရှိလာမှာဖြစ်ပြီး သူက စစ်သည်သန်းချီကို အလွယ်တကူ ရရှိနိုင်၏။
ဘုရင်မ မီဒူဆာက ပြောသည်။ “ဒါကြောင့် ရှင့်အတွက် တကယ်လိုအပ်တာက အရှုံးမရှိတဲ့ ရေတပ်ပဲ။ ဦးခေါင်းခွံဂိုဏ်းရဲ့ ပင်လယ်ဓားပြရေတပ်က မလုံလောက်နိုင်ပေမဲ့ ရှင်ပြောတဲ့ လျှို့ဝှက်လက်နက်တွေသာ အစွမ်းထက်မယ်ဆိုရင်တော့ လုံလောက်လိမ့်မယ်။”
လူပေါင်းတစ်သိန်းကျော်သည့် ရေတပ်၊ အမြှောက်များ တပ်ဆင်ထားသည့် မရေတွက်နိုင်သည့် သင်္ဘောများ၊ ရှမ့်လန်က သူတို့သာလျှင် ကမ္ဘာ့ပင်လယ်ပြင်တစ်ခုလုံးကို လွှမ်းမိုးနိုင်မှာ ဖြစ်ပြီး တော်ဝင်ရန်အင်ပါယာ၏ ရေတပ်ပင်လျှင် သူတို့ကို ယှဉ်နိုင်လိမ့်မည်မဟုတ်ဟု အခိုင်အမာ ယုံကြည်ထား၏။
ရှမ့်လန်က ပြောသည်။ “အမေဇုန်လူမျိုးစုနဲ့ ပတ်သက်ပြီးပြောရရင် သူတို့က ဘယ်သူမှ မအောင်နိုင်ဘူးတဲ့ နိုင်ငံလေးတစ်ခုဖြစ်ပြီး အမျိုးသမီးတိုင်းက အရမ်းကို အစွမ်းထက်တယ်၊ သူတို့ရဲ့ သွေးချင်းတွေက ရှေးဦးလူသားတွေနဲ့ အနီးစပ်ဆုံး ဖြစ်နေလို့လား။”
ဘုရင်မ မီဒူဆာက ခေါင်းညိတ်၏။ “ဟုတ်တယ်။”
ရှမ့်လန်က ပြောသည်။ “အမေဇုန်ဘုရင်မကို ဘုရင်မကော မြင်ဖူးလား။”
ဘုရင်မ မီဒူဆာက ပြော၏။ “မမြင်ဖူးဘူး။ သူက ကျွန်မကို ရှောင်နေသလို ကျွန်မကလည်း သူ့ကို ရှောင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ကြားမှာ ပဋိပက္ခ မရှိလို့ပဲ။”
သူတို့က ရန်သူများ မဟုတ်ကြသော်လည်း နှစ်ယောက်လုံးက မောက်မာကြသူများ ဖြစ်သောကြောင့် တစ်ဦးနှင့်တစ်ဦး တွေ့ဆုံရန် မလိုအပ်ပေ။
.........
အပိုင်း (၈၀၆)
“ယောင်ယောင်ရဲ့ ခန္ဓာကိုယ်က ဘာလို့ ဒီလိုပဲ ဖြစ်နေတာလဲ။ ဘာလို့ သူက တစ်နေ့ကို ၁၅ မိနစ်လောက်ပဲ နိုးနေနိုင်တာလဲ။”
ရှမ့်လန်က မေး၏။ “ကျုပ်မှာ အမွှာညီမတစ်ယောက်ရှိတယ်။ ယောင်ယောင်လိုပဲ ခန္ဓာကိုယ်က တကယ့်ကို အားနည်းပြီး ရောဂါပေါင်းစုံ ခံစားနေရတယ်။ အကြောင်းအရင်းအချို့ကြောင့် သဘာဝလွန် အင်အားစုကြီး ၆ ခုက သူ့ရဲ့အသက်ကို ထိန်းသိမ်း ပေးထားရတယ်။”
မီဒူဆာက ပြောသည်။ “သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ခွန်အားနဲ့ ဇီဝစက်ဝန်းတွေကို ရူးသွပ်စွာ ဝါးမျိုနေတဲ့ အရာတစ်ခု ရှိနေလို့ပဲ။ အဲဒါကြောင့် သူက နေ့တိုင်း နှစ်ခြိုက်စွာ အိပ်ပျော်နေရတာ။ ဒါပေမဲ့ အဲဒီလိုနေရင်တောင် သူ့ရဲ့ဇီဝစွမ်းအင်တွေက တဖြည်းဖြည်း လျော့နည်းလာနေတုန်းပဲ။ ကျွန်မ တတ်နိုင်သလောက် အခုထိ ထိန်းသိမ်းပေးထားတယ်။”
ရှမ့်လန်က ပြော၏။ “သူ့ရဲ့ဇီဝစွမ်းအင်တွေ ဝါးမျိုနေတာ ဘာလဲ။”
ဘုရင်မ မီဒူဆာက ပြောသည်။ “အဲဒါ သူ့ရဲ့အသက်ကိုယ်တိုင်ပဲ၊ သူ့ရဲ့ဝိညာဉ်ပေါ့။”
ရှမ့်လန်က တုန်လှုပ်သွား၏။ “ဒါဆိုရင် ဘုရင်မရဲ့ ကလေးဖြစ်နေလို့ ဒီခန္ဓာကိုယ်က ဝိညာဉ်နဲ့ အသက်ကို မထောက်ပံ့ပေးနိုင်တာလား။”
“ကျွန်မရဲ့ ကလေးဖြစ်နေရုံတင် မကဘူး။ ရှင့်ရဲ့ကလေးလည်း ဖြစ်နေလို့ပဲ။”
ဘုရင်မ မီဒူဆာက ပြောသည်။ “ဒါပေမဲ့ ရှင်ပြောတာ မှန်ပါတယ်။”
ရှမ့်လန်က နားလည်သွား၏။ ယောင်ယောင်က အလွန်ပင် ထူးချွန်ထက်မြက်ပြီး သူ၏ နားလည်နိုင်မှုထက် ကျော်လွန်၏။ တစ်နည်းအားဖြင့် ပြောရလျှင် သူမက ရှေးဦးလူသားတစ်ဦး၏ ဉာဏ်ပညာနှင့် ဝိညာဉ်ကို ပိုင်ဆိုင်ထားသော်လည်း သာမန်လူသား ခန္ဓာကိုယ်သာ ရှိနေခြင်းပင်။ ထို့ကြောင့် သူမ နိုးလာသမျှ ကာလပတ်လုံး သူမ၏ ဇီဝစွမ်းရည်က ကုန်ဆုံးနေမှာဖြစ်ပြီး သူမ၏ အသက်ဓာတ်ကလည်း တဖြည်းဖြည်းနှင့် ညှိုးနွမ်းသွားပေလိမ့်မည်။
ရှမ့်လန်က မေး၏။ “သူ့ကို ကယ်တင်ဖို့ နည်းလမ်းရှိလား၊ ဘာပဲဖြစ်ဖြစ်ပေါ့။”
ဘုရင်မ မီဒူဆာက ပြောသည်။ “သူ့ရဲ့အသက်နဲ့ ဝိညာဉ်အတွက် သင့်တော်တဲ့ ခန္ဓာကိုယ်တစ်ခု ရှာဖွေပေးဖို့ပဲ။ ပိုပြီး တိတိကျကျ ပြောရရင် သူ့ရဲ့ခန္ဓာကိုယ်ကို ပြောင်းလဲစေပြီး သူ့ရဲ့ဝိညာဉ်ကို ထောက်ပံ့နိုင်အောင် လုပ်ပေးဖို့ပဲ။”
ရှမ့်လန်က ဘုရင်မမီဒူဆာ၏ မျက်နှာကို မော့ကြည့်၏။ ဤသည်က သူမ၏မျက်နှာကို သူ တိုက်ရိုက် ကြည့်ဖူးခြင်းပင်။
“ကျုပ်က ထူးခြားလို့လား။”
ဘုရင်မ မီဒူဆာက ပြော၏။ “ရှင်က ထူးခြားတာပေါ့။ ရှင်က တလောကလုံးမှာရှိတဲ့ ဧကရာဇ် ၃ ပါးထဲက ၁ ပါးပဲလေ။”
ရှမ့်လန်က ပြောသည်။ “ခန္ဓာကိုယ်ပဲဖြစ်ဖြစ်၊ ဝိညာဉ်ပဲဖြစ်ဖြစ် ချောင်ယောင်းအာက ဘုရင်မရဲ့ ဆယ်ပုံတစ်ပုံလောက်ပဲ နေရာယူထားတာ မဟုတ်လား။”
ဘုရင်မ မီဒူဆာက ပြော၏။ “ဟုတ်တယ်။ သူက အရမ်းကို ရဲရင့်တယ်။ ဧကရာဇ်ဖြစ်တဲ့ ရှင့်ကိုတောင် သူက ကြောက်မှာ မဟုတ်ဘူး။ သူ့ရဲ့အိပ်မက်က လွတ်လပ်ဖို့၊ လောကအနှံ့ လှည့်လည်သွားလာပြီး မသိတဲ့အရာတွေကို စုံစမ်းဖို့ပဲ။”
ရှမ့်လန်က မေးသည်။ “ဘုရင်မကရော။”
“ကျွန်မလား...”
ဘုရင်မ မီဒူဆာက ပြော၏။ “ကျွန်မရဲ့ တစ်ခုတည်းသော ရည်မှန်းချက်က အသက်ရှင်ဖို့ပဲ။ အသက်ရှင်မှပဲ ကျွန်မရဲ့သမီးနဲ့ ကျွန်မကာကွယ်ချင်တဲ့သူတွေကို ကာကွယ်ပေးနိုင်မှာ။”
ရှမ့်လန်၏ စိတ်နှလုံးများက တုန်လှုပ်သွား၏။ ဘုရင်မ မီဒူဆာက ဘာကို ဆိုလိုသနည်း။
ဘုရင်မ မီဒူဆာက မေးသည်။ “ရှမ့်လန်... ကျွန်မက အစွမ်းထက်လား။”
ထိုမေးခွန်းကို သူမက ဒုတိယအကြိမ် မေးခြင်းပင်။
ရှမ့်လန်က ဖြေ၏။ “အတိုင်းအဆမရှိကို အစွမ်းထက်ပါတယ်။”
ဘုရင်မ မီဒူဆာက ပြောသည်။ “ရှင် စုန်းအင်ပါယာအကြောင်းကို ကြားပြီး အဲဒါကို မြင်လိုက်တဲ့အချိန်မှာ ဘယ်လို ခံစားရလဲ။”
“အိပ်မက်တစ်ခုလိုပဲ။ လက်တွေ့မကျဘူး။ လှပတဲ့ ဆပ်ပြာပူဖောင်းကြီး တစ်ခုလိုပဲ။” ရှမ့်လန်က ဖြေလိုက်၏။
“ဟုတ်တယ်။ ရှင်က တကယ်ပဲ ပါရမီရှင်ပဲ။ အဲဒါကြောင့်လည်း ဒီလိုမျိုး လှပတဲ့ စာအုပ်မျိုးတွေကို ရေးနိုင်တာပေါ့။” ဘုရင်မက ပြောသည်။
“ဆပ်ပြာပူဖောင်းတစ်ခု ဒါမှမဟုတ် တံလျှပ်တစ်ခုလိုပေါ့။ ပင်လယ်ပြင်ထဲမှာ သင်္ဘောစီးနေရင်း ဒါမှမဟုတ် သဲကန္တာရမှာ လမ်းလျှောက်နေရင်း တစ်ခါတစ်လေ တံလျှပ်တွေကို မြင်ရတတ်တယ်။ အဲဒါတွေက နတ်ပြည်နတ်နန်းလားလို့ ထင်ရပေမဲ့ အနားကို ရောက်သွားတဲ့အချိန်မှာ ဘာမှမရှိကြောင်း မြင်ရလိမ့်မယ်။ စုန်းအင်ပါယာ တစ်ခုတည်းက ဒီလိုဖြစ်နေတာ မဟုတ်ဘူး။ ကျွန်မ မီဒူဆာကိုယ်တိုင်က ဒီလိုပဲ။ အနာဂတ်ရဲ့ ဧကရာဇ်... ကျွန်မမှာ အချိန်သိပ်မရှိတော့ဘူး။ ကျွန်မ မကြာခင် သေဆုံးရလိမ့်မယ် ထင်တယ်။” ဘုရင်မ မီဒူဆာက ဆက်ကာ ပြော၏။
သူမက စကားဆုံးသည်နှင့် တပြိုင်နက် ရုတ်တရက် သွေးတစ်လုတ်ကို အန်ထုတ်၏။ ထိုမျှနီရဲသည့် သွေးထဲတွင် ရွှေရောင်အမျှင်အတန်းများ ပါဝင်နေ၏။ ရွှေရောင်သွေးမျိုးဆက် ဆက်နွယ်မှုက ချောင်ယောင်းအာထက်ပင် ပိုမိုကာ ထိတ်လန့်စရာကောင်းသည်။
“ဝေါ့...” ချက်ချင်းဆိုသလိုပဲ သူမ၏ မှော်ဆန်သည့် ခန္ဓာကိုယ်ကြီးက မြေပြင်ပေါ်သို့ ခွေကနဲ လဲကျ၏။
ရှမ့်လန်က အပြေးအလွှားဖြင့် ရှေ့ကိုတိုးကာ သူမကို ပွေ့ဖက်ထား၏။ ဘုရင်မ မီဒူဆာက ရှမ့်လန်ကို ကြည့်၏။ ပြီးနောက် တုန်ယင်နေသည့် အသံနှင့် ပြောသည်။ “ကလေးအဖေ... အနာဂတ်ဧကရာဇ်... ရှင် ဘာလို့အခုမှ ရောက်လာရတာလဲ။ ကျွန်မတကယ်ပဲ ဒီအချိန်ထိ တောင့်ခံထားနိုင်မှာ မဟုတ်ဘူးလို့ကို ထင်ခဲ့ရတာ။”
ဤသည်က ရှမ့်လန်အနေဖြင့် ဘုရင်မ မီဒူဆာကို ပထမဦးဆုံးအကြိမ် ထိတွေ့ဖူးခြင်း ဖြစ်၏။ သူမ၏ ခန္ဓာကိုယ်က ရေခဲကဲ့သို့ပင် အေးစက်နေ၏။
“ဘာလို့ ဒီလိုဖြစ်ရတာလဲ။”ရှမ့်လန်က မေးမြန်းလိုက်သည်။
ဘုရင်မ မီဒူဆာက ဖြေ၏။ “ဒီခန္ဓာကိုယ်က အရမ်းကို အားနည်းလွန်းလို့ပဲ။”
ဤခန္ဓာကိုယ်က အားနည်းနေသေးသည်လား။ ဤအရာက ရှမ့်လန် မြင်ဖူးသမျှထဲတွင် အားအကောင်းဆုံးသော ခန္ဓာကိုယ်ဖြစ်သည် မဟုတ်ပါလား။
“ဟုတ်တယ်။ ရှင့်ရဲ့ ချောင်ယောင်းအာက တကယ့်ကို သန်မာပြီးသားပါ။”
ဘုရင်မ မီဒူဆာက ပြောသည်။ “ဒါပေမဲ့ လူသားတွေရဲ့ ရှုထောင့်က ငါတို့နဲ့ မတူညီကြဘူး။ ကျွန်မတို့က အချိန်အကြာကြီး အသက်ရှင်နိုင်ပေမဲ့ ရှင်တို့လူသားတွေကတော့ အနည်းဆုံး နှစ်တစ်ရာလောက်ပဲ နေနိုင်ကြတာ။
ကျွန်မတို့က သဘာဝတရား၊ နေမင်းနဲ့ တစ်လောကလုံးဆီက စွမ်းအင်တွေကို အချိန်တိုင်း ဖလှယ်ရယူ နေကြတယ်။ ကျွန်မတို့က အသက်ရှင် နိုးကြားနေသရွေ့၊ သက်ရှိထင်ရှားရှိနေသရွေ့ တစ်မိနစ် တစ်စက္ကန့်တိုင်းရဲ့ အလှတရားက စွမ်းအင်အမြောက်အများကို ဝါးမျိုပစ်နေရသလိုပေါ့။”
ရှမ့်လန်က နားလည်သွားမိ၏။ ဤသည်က ၂၀ ရာစုအစောပိုင်းက ကားတစ်စီးပေါ်တွင် ဖူကာဒီ အင်ဂျင်စနစ် ကို တပ်ဆင်ထားသည်နှင့် ဆင်တူ၏။ ထိုကားက တစ်နာရီလျှင် ကီလိုမီတာ ၂၀၀ မှ ၃၀၀ အထိ အရှိန်ပြင်းပြင်း မောင်းနှင်နိုင်မည် ဖြစ်သော်လည်း တစ်ကြိမ်လျှင် အလွန်ဆုံး နာရီဝက်ခန့်သာ မောင်းနှင်နိုင်၏။
မောင်းနှင်ပြီးတိုင်းလည်း ကြီးကြီးမားမား ပြုပြင်ထိန်းသိမ်းမှုကို ပြုလုပ်ရပေမည်။ သို့မဟုတ်ပါက ကားတစ်စီးလုံး ပျက်စီးသွားမှာဖြစ်၏။ ထို့ကြောင့် ဤကားကို အချိန်တော်တော်များများတွင် ဂိုထောင်ထဲ၌သာ ရပ်ထားရမှာဖြစ်၏။ အကြိမ်ရေ အလွန်အမင်း မောင်းနှင်မိပါက ကားတစ်စီးလုံး အစိတ်စိတ် အမွှာမွှာ ကွဲထွက်သွားပေလိမ့်မည်။
ချောင်ယောင်းအာ၏ ခန္ဓာကိုယ်က တကယ်ကို သန်မာနေပြီဖြစ်သော်လည်း ဘုရင်မ မီဒူဆာအတွက်ကတော့ မလုံလောက်သေးချေ။ ထို့ကြောင့် သူမက ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း အချိန် တော်တော်များများ အိပ်စက်နေခဲ့ခြင်းဖြစ်၏။ နိုးကြားနေလျှင် လှုပ်ရှားမှု မရှိတောင် စွမ်းအင်များ ကုန်ဆုံးဦးမှာဖြစ်ပြီး ဤခန္ဓာကိုယ်၏ သက်စောင့်ဓာတ်ကို လွန်ကဲစွာ သုံးစွဲသလို ဖြစ်သွားပေလိမ့်မည်။
ယောင်ယောင်လေး ကလည်း ထိုအတိုင်းပင်။ သူမက အသက်ငယ်ရွယ်လွန်းသောကြောင့် သူမ၏ ခန္ဓာကိုယ်က ပိုပြီး ကျိုးပဲ့လွယ်နေသေး၏။
“တကယ်တော့ ကျွန်မအသက်ရှင်ချင်တယ်ဆိုရင် အိပ်စက်ခြင်း အပြည့်အဝထဲကို ဝင်သွားဖို့လိုတယ်။ ဒီလိုဆိုရင် ခန္ဓာကိုယ်ရဲ့ စွမ်းအင်သုံးစွဲမှုကို အနည်းဆုံးအဆင့်ထိ လျှော့ချထားနိုင်မှာ။”
ဘုရင်မ မီဒူဆာက ပြောသည်။ “ဒါပေမဲ့ ကျွန်မက အမြဲတမ်း နိုးထနေဖို့ လိုအပ်နေပြန်သေးတယ်။”
မှန်ပေ၏။ သူမ၏အကာအကွယ်ကို လိုအပ်နေသူများ အလွန်ကို များပြားလွန်းသောကြောင့် သူမက အမြဲတစေ နိုးထနေရ၏။
ရှမ့်လန်က ပြောသည်။ “တကယ်တော့ ဒီလူတွေက ရှင်နဲ့ ဘာမှမဆိုင်ပါဘူး။ သူတို့ကို ကာကွယ်ပေးဖို့က ချောင်ယောင်းအာရဲ့ တာဝန်ပဲ။”
ဘုရင်မ မီဒူဆာက ပြော၏။ “ဒါပေမဲ့ အခု ချောင်ယောင်းအာနဲ့ ကျွန်မက တစ်သားတည်းဖြစ်နေပြီဆိုတော့ ကျွန်မရဲ့ တာဝန်ဖြစ်သွားခဲ့ပြီ။”
ချောင်ယောင်းအာက ပြီးပြည့်စုံသည့် သူရဲကောင်းတစ်ယောက်ဖြစ်သလို လောကကြီးထဲတွင် လွတ်လပ် ပေါ့ပါးစွာဖြင့် လှည့်လည်သွားလာလို၏။ သို့သော်ငြား လူသားဟူသည် အလုံးစုံ လွတ်လပ်မှုကို မပိုင်ဆိုင်ကြချေ။ သူမ နုရှောင့်မြို့တွင်ရှိစဉ်က ချောင်ထျန်းဝေ၏ ကျွေးမွေးပြုစုမှုအောက်တွင် ချည်နှောင်ခြင်း ခံခဲ့ရပြီး ယခုအခါတွင်လည်း သူမ ကာကွယ်ပေးရမည့် လူများ၏ ချည်နှောင်မှုကို ခံရပြန်၏။ သူမက မေတ္တာတရား ကြီးမားလွန်းခဲ့သည်။
ဘုရင်မ မီဒူဆာက ပြောလိုက်၏။ “ရှမ့်လန်... ဧကရာဇ်... ရှင် ဒီဘုရင်မမြို့တော်ကို မလာခင်တုန်းက တွေ့ချင်ခဲ့တာ ချောင်ယောင်းအာကိုလား၊ ဒါမှမဟုတ် မီဒူဆာကိုလား။”
ရှမ့်လန်က အချိန်အတော်ကြာ တိတ်ဆိတ်သွား၏။ ပြီးနောက် ဖြေသည်။ “ချောင်ယောင်းအာကိုပါ။”
ဤသည်က သူ၏ စကားအစစ်အမှန်ပင် ဖြစ်သည်။ ဘုရင်မ မီဒူဆာက ပိုပြီးလှပအစွမ်းထက်သော်လည်း သူမက အလွန်ပင် ပြည့်စုံလွန်း၏။ သူနှင့် အလှမ်းဝေးကွာလွန်းပြီး လက်တွေ့မဆန်သလို ခံစားရ၏။ ချောင်ယောင်းအာကမူ ပြင်းပြသည့် ကိုယ်ရည်ကိုယ်သွေးများနှင့် ပြည့်နှက်နေသူပင်။ နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့သော်လည်း ရှမ့်လန်က သူမကို မမေ့နိုင်သေးပေ။
မီဒူဆာက ပြုံးလိုက်၏။ “သူက မြင်နိုင်တယ်။ ကြားနိုင်တယ်။ ခံစားနိုင်တယ်။ ဒါပေမဲ့ ကျွန်မရဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘူး။ ဒါက အရမ်းကို အာဏာရှင်ဆန်လွန်းလို့ မဟုတ်ဘူး။ ဝိညာဉ်သီးသန့်အရ ဆိုရင်တော့ ကျွန်မက အရမ်း အစွမ်းထက်လွန်းနေလို့ပဲ။”
ရှမ့်လန်က ပြောသည်။ “ဒါဆိုရင် ကျုပ်အခု စကားပြောနေတဲ့သူက အနည်းဆုံး ပြီးပြည့်စုံတဲ့ ဘုရင်မ မီဒူဆာပေါ့။”
ဘုရင်မ မီဒူဆာက ဖြေ၏။ “ဟုတ်တယ်။ ကျွန်မ သေဆုံးသွားတဲ့အခါမှ ပြီးပြည့်စုံတဲ့ ချောင်ယောင်းအာ ပြန်ဖြစ်လာမှာ။”
ရှမ့်လန်က မေးသည် “ဘုရင်မက ချောင်ယောင်းအာရဲ့ ခန္ဓာကိုယ်ထဲကို ပူးဝင်လိုက်တာမျိုးလား။”
မီဒူဆာက ခေါင်းကို ခါယမ်းလိုက်၏။ “မဟုတ်ဘူး။ ဆန့်ကျင်ဘက်ပဲ။ ချောင်ယောင်းအာက ကျွန်မရဲ့ ကမ္ဘာထဲကို ကျူးကျော်ဝင်ရောက်လာပြီး ကျွန်မကို နှိုးလိုက်တာပဲ။”
ဤသည်က စိတ်ကူးယဉ်ဆန်လွန်းပြီး မည်သူမျှ နားလည်နိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်ငြား ရှမ့်လန်က မိမိကိုယ်ကိုယ် ပြန်တွေးမိ၏။ သူ၏ဝိညာဉ်က ကမ္ဘာမြေမှ လာခြင်းဖြစ်သော်လည်း ခန္ဓာကိုယ်ကမူ ဤကမ္ဘာမှ ရှမ့်လန်ဖြစ်နေသည် မဟုတ်ပါလား။
မီဒူဆာက ပြောသည်။ “ရှင့်ကို လှဲလျောင်းပြီး စကားပြောရင် စိတ်ထဲမှာ တစ်မျိုးဖြစ်မလား။ ဒီလိုလုပ်မှသာ ကျွန်မရဲ့ စွမ်းအင်သုံးစွဲမှုက အနည်းဆုံးဖြစ်မှာပဲ။ အခုလို မတ်တပ်ရပ်နေရတာက သက်စောင့်အားတွေကို အများကြီး ကုန်ဆုံးစေတယ်။”
ရှမ့်လန်က မီဒူဆာ လဲလျောင်းနိုင်ရန် ကူညီပေး၏။
“ဒါပေမဲ့ ရှင်မြင်တဲ့အတိုင်းပဲ ကျွန်မ သေလို့ မရသေးဘူး။ ယောင်ယောင်လေးနဲ့ အပြစ်မဲ့တဲ့ လူပေါင်းများစွာကို ကျွန်မကာကွယ်ဖို့အတွက် ကျွန်မ သေလို့ မရဘူး။ ဒါကြောင့်လည်း အချိန်တော်တော်များများမှာ အိပ်စက်နေခဲ့ရတာပေါ့။”
ဘုရင်မ မီဒူဆာက ပြောသည်။ “အခုနောက်ဆုံးတော့ အချိန်အခါ ရောက်လာခဲ့ပြီ။”
ရှမ့်လန်က ပြော၏။ “ရိုင်းတယ်လို့ မထင်ပါနဲ့။ ဒီလောကကြီးက ရှီလွန်မင်းဆက်ရဲ့ ပိုင်နက်၊ ဘုရင်မရော ကျုပ်ရော ပြင်ပလူတွေပဲ။ ဒါကြောင့် ကျုပ်တို့က စုန်းအင်ပါယာရဲ့ မြို့ပြနိုင်ငံတွေကို မကာကွယ်နိုင်သလို မြို့စားကြီးဟောလ်ကိုတောင် မကာကွယ်နိုင်ဘူး။ ကျုပ်ရဲ့ ရည်မှန်းချက်က လက်စားချေဖို့ တော်ဝင်ရန် အင်ပါယာဆီ ပြန်ဖို့ပဲ။ အနောက်လောကရဲ့ ဘယ်အရာကိုမှ စိတ်မဝင်စားပါဘူး။”
မီဒူဆာက ပြောသည်။ “ကျွန်မ သိပါတယ်... ကျွန်မ သေသွားတဲ့အချိန်ကျရင် ဘုရင်မမြို့တော်ကိုရော၊ စုန်းအင်ပါယာရဲ့ မြို့ပြနိုင်ငံတွေကိုရော၊ လွတ်မြောက်လာတဲ့ ကျေးကျွန်ပေါင်းများစွာကိုရော မကာကွယ် နိုင်တော့ဘူး ဆိုတာ သိတယ်။ အရှေ့လောကက အရှေ့လောကပဲ၊ အနောက်လောကက အနောက်လောကပဲ။”
ဤစကားက မှန်ကန်၏။ နယ်စားကြီး ဒီဘိုရာကလည်း ထိုကဲ့သို့ ပြောခဲ့ဖူး၏။
မီဒူဆာက ပြောသည်။ “ရှင်က အရှေ့လောကရဲ့ လူသားဧကရာဇ်ပဲ။ ကျွန်မကတော့ ပြင်ပလူတစ်ယောက်ပေါ့။ ကျွန်မတို့က အနောက်တိုင်းလောကရဲ့ ဧကရာဇ်မဖြစ်နိုင်ပေမဲ့ ဖြစ်နိုင်သူ တစ်ယောက်တော့ ရှိတယ်။”
ရှမ့်လန်က မေး၏။ “ဘယ်သူလဲ။”
မီဒူဆာက ပြန်မေးသည်။ “ဒီဘုရင်မမြို့တော်ကို တည်ထောင်ခဲ့တဲ့လူကို ဘယ်သူလို့ ထင်လဲ။”
ရှမ့်လန်က ဖြေ၏။ “ရှီလွန်အင်ပါယာရဲ့ ဒုတိယမြောက် ဘုရင်မလား။ သူက ပါရမီရှင်တစ်ယောက်ပဲ၊ အနုပညာပိုင်းမှာလည်း လုံးဝပါရမီရှင်တစ်ယောက်လိုပဲ။ ဒါပေမဲ့ သေဆုံးသွားခဲ့တာ နှစ်တစ်ရာကျော်ပြီလေ။”
မီဒူဆာက ပြောသည်။ “ဟုတ်တယ်။ ဒါပေမဲ့ သူ့မှာ မြေးတစ်ယောက် ရှိသေးတယ်။ သူက ရှီလွန်မင်းဆက်ရဲ့ ထီးနန်းကို ဆက်ခံဖို့ အရည်အသွေး ပြည့်မီတယ်။”
ရှမ့်လန်က ပြော၏။ “ဒါဆိုရင် ဘာဖြစ်လဲ။ သူ က ကျုပ်တို့နဲ့ ဘာမှမဆိုင်ဘူးလေ။ ရှီလွန်မင်းဆက်ရဲ့ ထီးနန်းလုပွဲကို ကျုပ် စိတ်မဝင်စားဘူး။”
မီဒူဆာက မေးလိုက်သည်။ “အဲဒီသူက ရှင့်နဲ့ ဖအေတူမအေကွဲ မောင်နှမ တော်စပ်နေမယ်ဆိုရင်ရော။”
“ဟမ်...” ရှမ့်လန်က တစ်ခွန်းမှ ပြန်မပြောနိုင်တော့ချေ။
မီဒူဆာက ရှင်းပြ၏။ “ဒါက ကျွန်မရဲ့ ခန့်မှန်းချက် သက်သက်ပဲ။ ရှင် ရှီလွန်မင်းဆက်ရဲ့ သမိုင်းကြောင်း တချို့ကို မြင်ဖူးမှာပေါ့။ ဘုရင်မဟယ်လင် ထီးနန်းတက်ပြီးတဲ့နောက်မှာ မြောက်ပိုင်းကမှူးမတ်တွေရဲ့ ကန့်ကွက်မှုကို ခံရတယ်။ ဒါကြောင့် သူက မြို့တော်ကို တောင်ဘက်ကိုရွှေ့ပြီး ဘုရင်မမြို့တော်ကို တည်ထောင်ခဲ့တာပဲ။
အဲဒီအချိန်ကစပြီး ရှီလွန်မင်းဆက်ရဲ့ တောင်ပိုင်းက အရှိန်အဟုန် ကောင်းကောင်းနဲ့ ဖွံ့ဖြိုးတိုးတက်လာတယ်။ အဲဒီတုန်းက အင်ပါယာရဲ့တောင်ပိုင်းကို ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ဘုရင်မဟယ်လင်က ကျွန်စနစ်ကို အကြီးအကျယ် အပြီးတိုင် ဖျက်သိမ်းကြောင်း ကြေညာခဲ့တယ်။ တောင်ပိုင်းက မရေတွက်နိုင်တဲ့ ကျေးကျွန်တွေကို လွတ်မြောက်ခွင့်ပေးခဲ့တယ်။ ပြီးတော့ ဒေသခံ ဗီတာလူမျိုးတွေကိုလည်း ရှီလွန် အင်ပါယာရဲ့ အရာရှိတွေ အဖြစ် ရာထူးတိုးပြီး ခန့်အပ်ခဲ့သေးတယ်။”
ဤအချက်က ရှမ့်လန် လုံးဝမသိသည့် အချက်အလက်မျိုး ဖြစ်၏။ ရှီလွန်မင်းဆက်၏ သမိုင်းစာအုပ် အားလုံးတွင်ပင် သူမတွေ့ခဲ့ရချေ။ သို့သော်ငြား ဤသည်က သဘာဝကျ၏။ ဘုရင်မဟယ်လင်ကို လူတိုင်းက အသိအမှတ်ပြုကြပြီး သူမ နန်းစံနေစဉ်အတွင်း မည်သူကမှ ပုန်ကန်ခြင်းမရှိခဲ့သော်လည်း ရှီလွန်မင်းဆက်က မှူးမတ်အများစုတို့က သူမ၏မူဝါဒကို တိတ်တဆိတ် ကန့်ကွက်ခဲ့၏။
ထို့ကြောင့် ဒုတိယရှီလွန်အင်ပါယာ၏ ပျက်စီးခြင်းမျိုးစေ့ကို ဘုရင်မဟယ်လင် နန်းစံစဉ်တည်းက ကြဲချခဲ့ခြင်း ဖြစ်၏။ သူမက မှားယွင်းသည့် အရာကို ပြုလုပ်ခဲ့ခြင်း မဟုတ်သော်လည်း သူမကြောင့် ရှီလွန်အင်ပါယာက မြောက်ပိုင်းနှင့် တောင်ပိုင်း ကွဲသွားစေခဲ့သည်။