အခန်း (၈၀၇-၈၀၈)
Vol. 50 Ch. 807-808
အပိုင်း (၈၀၇)
“ဒုတိယရှီလွန်အင်ပါယာရဲ့ ဘုရင်မဟယ်လင် သေဆုံးပြီးတဲ့နောက် သူ့ရဲ့သားဖြစ်သူက ထီးနန်းဆက်ခံပြီး ရှီလွန်အင်ပါယာ မြို့တော်ကို ပြန်သွားတယ်။ ဘုရင်မဟယ်လင်ရဲ့ သမီးကတော့ ဘုရင်မမြို့တော်မှာ ကျန်ရစ်ခဲ့ပြီး အင်ပါယာရဲ့ မင်းသမီးတစ်ပါး ဖြစ်လာခဲ့တယ်။” မီဒူဆာက ဆက်ရှင်းပြ၏။
ရှမ့်လန်က ပြောသည်။ “ဆိုလိုတာက ဘုရင်မမြို့တော်ကို တကယ်အုပ်ချုပ်ခဲ့တာ ဘုရင်မဟယ်လင်ရဲ့ သမီးနဲ့ မြေးပေါ့။”
ဘုရင်မ မီဒူဆာက ပြော၏။ “အမှန်ပဲ။ ဟောလ်မိသားစုက မျိုးဆက်ပေါင်းများစွာ ဘုရင်မ ဟယ်လင်အပေါ် သစ္စာစောင့်သိခဲ့ကြတယ်။”
ရှမ့်လန်က ပြောသည်။ “ကျေးဇူးပြုပြီး ဆက်ပြောပါအုံး။”
ဘုရင်မ မီဒူဆာက ပြော၏။ “လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်က ဘုရင်မမြို့တော်ရဲ့ အုပ်ချုပ်သူက ဘုရင်မ ဟယ်လင်ရဲ့ မြေးဖြစ်သူ မင်းသမီးရှယ်လီပဲ။ သူက အဲဒီအချိန်က ရှီလွန်မင်းဆက် တစ်ခုလုံးမှာ ပါရမီအရှိဆုံး အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ရှီလွန်ရဲ့ ပုလဲရတနာလို့တောင် လူသိများတယ်။ တကယ့်ကို ကြီးမားလွန်းတဲ့ ဉာဏ်ပညာကို ပိုင်ဆိုင်ပြီး အသက် ၃၀ ကျော်တဲ့အထိ အိမ်ထောင်မပြုခဲ့ဘူး။ ဒါက ရှီလွန်မင်းဆက်က မရေတွက်နိုင်တဲ့ တော်ဝင်မျိုးနွယ် မှူးမတ်တွေကို ဝမ်းနည်းစေခဲ့တာပေါ့။
ဒါပေမဲ့ ရုတ်တရက်ဆိုသလိုပဲ သူက အချိန်အတော်ကြာ ပျောက်ကွယ်သွားတယ်။ ပြန်ပေါ်လာတဲ့ အချိန်မှာတော့ သူ့ရဲ့အဖွားဖြစ်သူ ဘုရင်မဟယ်လင်ကို အစွဲပြုပြီး အမည်ပေးထားတဲ့ ဟယ်လင်ဆိုတဲ့ သမီးလေး တစ်ယောက်ကို မွေးဖွားပြီးသား ဖြစ်နေပြီ။”
ရှမ့်လန်က ပြောသည်။ “အဲဒီ မင်းသမီးလေးဟယ်လင်က ဧကရာဇ်ကျန်းလီနဲ့ မင်းသမီးရှယ်လီတို့က မွေးဖွားလာတာလို့ ဘုရင်မက ဆိုလိုချင်တာလား။”
ဘုရင်မ မီဒူဆာက ပြော၏။ “ဘုရင်မမြို့တော်ရဲ့ နန်းတော်က အမျိုးသမီးတွေပဲ နေထိုင်တဲ့နန်းတော်၊ အထူးသဖြင့် နန်းတွင်းဂူသင်္ချိုင်ပေါ့။ မင်းသမီးရဲ့ ခင်ပွန်းတောင်မှ အထဲကို ဝင်ခွင့်မရှိဘူး။ ဒါပေမဲ့ ဒီအတောအတွင်း အင်ပါယာကျန်းလီရှိခဲ့တဲ့ အထောက်အထားတွေ အများကြီး ကျန်ရှိနေတယ်။ ဒါကြောင့် အင်ပါယာကျန်းလီက ဒီမှာ အချိန်အတော်ကြာ နေထိုင်သွားတယ်လို့ သံသယဖြစ်စရာ ရှိတယ်။ ပြီးတော့ မင်းသမီးဟယ်လင် မွေးဖွားလာခဲ့ပြီးတဲ့နောက် သူမက အရှေ့တိုင်းသား အသွင်အပြင်လက္ခဏာမျိုးပါတဲ့ ကပြားမလေး တစ်ယောက်နဲ့ တူနေခဲ့တယ်။”
ရှမ့်လန်က ပြောသည်။ “သူ့မှာ အရှေ့တိုင်းသွေး ပါနေတာပဲ။ သူ့အနေနဲ့ တတိယရှီလွန်အင်ပါယာရဲ့ ဘုရင်မ ဖြစ်လာဖို့ မဖြစ်နိုင်ဘူး မဟုတ်လား။”
ဘုရင်မ မီဒူဆာက ဖြေ၏။ “တောင်ပိုင်းဒေသတစ်ခုလုံးက သူမကို ထောက်ခံလိမ့်မယ်။ အထူးသဖြင့် ဒေသခံ ဗီတာ လူမျိုးတွေပေါ့။ ရှီလွန်မင်းဆက်က အခုဆိုရင် ကွဲပြားနေပြီဖြစ်တဲ့အတွက် လူမျိုးပေါင်းစုံကို လက်ခံနိုင်တဲ့ ဘုရင်မတစ်ပါးကို လိုအပ်နေတာ။ ပြီးတော့ သူ့ရဲ့ ကပြားသွေးကြောင့် ရှီလွန်မင်းဆက်ရဲ့ ပွင့်လင်းမြင်သာမှုနဲ့ လူမျိုးပေါင်းစုံ အတူယှဉ်တွဲနေထိုင်မှုရဲ့ သင်္ကေတ ဖြစ်လာနိုင်တယ်။”
ရှမ့်လန်က မေးသည်။ “ဒါဆိုရင် အဲဒီ မင်းသမီးဟယ်လင်က ဘယ်မှာလဲ။”
ဘုရင်မ မီဒူဆာက ပြော၏။ “သူက ရူးသွပ်တဲ့ စွန့်စားသူတစ်ယောက်ပဲ။ အသက် ၁၆ နှစ်အရွယ်မှာတင် ဘုရင်မမြို့တော်က ထွက်ခွာသွားတာ အခုထိ ပြန်မလာသေးဘူး။ အခုဆို ၁၇ နှစ်တောင် ရှိသွားပြီ။”
ရှမ့်လန်က ပြောသည်။ “သူသာ အသက်ရှင်နေအုံးမယ်ဆိုရင် ဒီနှစ်မှာ အသက် ၃၃ နှစ် ရှိပြီပေါ့။”
ဘုရင်မ မီဒူဆာက ပြော၏။ “အင်း... ပြန်သာပေါ်လာမယ်ဆိုရင်တော့ ရှီလွန်မင်းဆက်ရဲ့ တောင်ပိုင်းဒေသ တစ်ခုလုံးက သစ္စာစောင့်သိဖို့ အစစ်အမှန် ပုဂ္ဂိုလ်တစ်ယောက်ကို ရလိမ့်မယ်။ ပြီးတော့ သူသာ တတိယရှီလွန်အင်ပါယာရဲ့ ဘုရင်မ ဖြစ်လာခဲ့ရင် ... ရှင်တို့နှစ်ယောက်က မောင်နှမတွေ ဖြစ်နေတာကြောင့် သူက ရှင့်အတွက် အကြွင်းမဲ့တဲ့ မဟာမိတ်တစ်ယောက် ဖြစ်လာမှာ အသေအချာပါပဲ။”
……………
“ကဲ.. အဲဒီရှီလွန်မင်းဆက်ရဲ့ မင်းသမီး ဟယ်လင်အကြောင်း ခဏထားလိုက်ပါအုံး။”
ရှမ့်လန်က မေးသည်။ “ဘုရင်မ... ဘုရင်မမှာ အချိန်ဘယ်လောက်ကျန်သေးလဲ။”
ဘုရင်မ မီဒူဆာ ပြော၏။ “နန်းတော်ရဲ့ မြေအောက်ဂူသင်္ချိုင်းထဲမှာ နေထိုင်ပြီး အချိန်တော်တော်များများကို အိပ်စက်နေရမယ်ဆိုရင် ကျွန်မမှာ တစ်နှစ်လောက် အချိန်ကျန်သေးတယ်။”
“တစ်နှစ်ဟုတ်လား။”
“ကျေးဇူးပြုပြီး စိတ်မပူပါနဲ့။ ကျွန်မ သေခါနီးအချိန်ကျရင် ချောင်ယောင်းအာကို ကျွန်မနဲ့အတူ ဆွဲခေါ်သွားမှာ မဟုတ်ဘူး။ သူ့ကို ရှင့်ဆီ ပြန်ပေးခဲ့ပါ့မယ်။” ဘုရင်မ မီဒူဆာ ပြောသည်။
ရှမ့်လန်က ပြော၏။ “ဆိုလိုတာက ဒီတစ်နှစ်အတွင်းမှာ အရှင်မက ဘုရင်မမြို့တော်ကနေ ထွက်ခွာလို့ မရသလို၊ နန်းတွင်းဂူသင်္ချိုင်းကနေလည်း ခြေတစ်လှမ်းမှ ထွက်လို့မရဘူးပေါ့။”
ဘုရင်မ မီဒူဆာ ပြောသည်။ “ဟုတ်တယ်။ ယောင်ယောင်လေးလည်း ထွက်သွားလို့မရဘူး။”
ရှမ့်လန်က မေး၏။ “ဒါဆိုရင် တစ်နှစ်ကြာပြီးတဲ့နောက်မှာ ယောင်ယောင်လေးက ဘယ်လိုဖြစ်လာမှာလဲ။”
ဘုရင်မ မီဒူဆာ ပြောသည်။ “ကျွန်မ မသေခင်မှာ ချောင်ယောင်းအာကို ရှင့်ဆီပြန်ပေးရုံတင်မကဘူး။ ကျွန်မမှာ ကျန်ခဲ့တဲ့အရာအားလုံးကိုလည်း ယောင်ယောင်လေးကို ပေးခဲ့မယ်။ ကျွန်မရဲ့အသက်ကို ရင်းပြီးတော့ သူ့ရဲ့သက်တမ်းကို နောက်ထပ်နှစ်အနည်းငယ်လောက် တိုးပေးကောင်း တိုးပေးနိုင်လိမ့်မယ်။
ကျန်တာကတော့ ရှင့်အပေါ်မှာပဲ မူတည်တယ်။ မိခင်တစ်ယောက်အနေနဲ့ ကျွန်မ အစွမ်းကုန် ကြိုးစားခဲ့ပြီးပြီ။ ယောင်ယောင်လေးကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ကို အဖေဖြစ်တဲ့ ရှင့်ဆီကို လွှဲပြောင်းပေးခဲ့မယ်။”
ပြီးနောက် သူမက ရှမ့်လန်ကိုကြည့်၏။ “တကယ်တော့... ကျွန်မ အခုကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်မယ် ဆိုရင် ချောင်ယောင်းအာကို ရှင့်ဆီ ပြန်ပေးနိုင်ပါတယ်။”
ရှမ့်လန်က ခေါင်းကို ခါယမ်းလိုက်၏။ ဘုရင်မ မီဒူဆာ ယခုမသေဆုံးနိုင်သေးပေ။ သူမ သေဆုံးသွားသည်နှင့် ဘုရင်မမြို့တော်က ကျရှုံးသွားပေလိမ့်မည်။ ထိုအခါတွင် ယောင်ယောင်လေးကို ကာကွယ်ပေးမည့်သူ မရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် ဖခင်ဖြစ်သည့် ရှမ့်လန်က လုံလောက်အောင် အားကောင်း မသန်မာ သေးသောကြောင့်ပင်။
ဘုရင်မ မီဒူဆာ ပြောသည်။ “ဧကရာဇ် ရှမ့်လန်... ဒါကြောင့် ရှင့်မှာ အချိန်က အရမ်းကို ကျပ်တည်းနေပြီ။ တစ်နှစ်အတွင်း ရှင်က သန်မာလာရမယ်။ ယောင်ယောင်လေးကို ကာကွယ်ပေးနိုင်တဲ့ အရည်အချင်း ရှိရမယ်။ လူတိုင်းကို ကာကွယ်ပေးနိုင်တဲ့ စွမ်းအားလည်း ရှိရမယ်။”
“အခုအချိန်မှာ တတိယရီလွန်အင်ပါယာရဲ့ မျက်လုံးတွေက ကျွန်မအပေါ်မှာ၊ ဘုရင်မမြို့တော်အပေါ်မှာပဲ ရှိနေသေးတယ်။ ကျွန်မ အသက်ရှင်နေသရွေ့ ဒီမြို့တော်က ကျရှုံးအုံးမှာ မဟုတ်ဘူး။ ဒါက ရှင့်အတွက် ဖွံ့ဖြိုးတိုးတက်လာစေဖို့ ရွှေရောင်အချိန်အခါပဲ။ ရှင့်ရဲ့ အကြီးမားဆုံးရန်သူ နယ်စားကြီး ဒီဘိုရာကလည်း ကျွန်မကြောင့် အချိန်ကုန်နေရပြီ။ ရှင့်ရဲ့ တည်ရှိမှုကို သတိထားမိဖို့သူ့မှာ အချိန်မရှိဘူး။”
ရှမ့်လန်က မေးလိုက်၏။ “ကျုပ် အများဆုံး လူဘယ်နှစ်ယောက်လောက် ခေါ်သွားလို့ရလဲ။”
ဘုရင်မ မီဒူဆာ ပြောသည်။ “မြို့စားကြီးရပ်လ်ဆဲနဲ့တိုက်ပွဲမှာ ကျွန်မတို့တပ်ဖွဲ့တွေက အထိနာခဲ့တယ်။ ကျွန်မလည်း အချိန်တော်တော်များများ အိပ်စက်နေရတာဆိုတော့ ဘုရင်မမြို့တော်ကို ကာကွယ်ဖို့ တပ်ဖွဲ့ဝင်အင်အားတစ်ခုတော့ လိုအပ်နေသေးတယ်။ ဒါကြောင့် ရှင်အများဆုံး လူနှစ်ထောင်ကိုပဲ ခေါ်သွား နိုင်လိမ့်မယ်။”
“လုံလောက်ပါပြီ။”
ရှမ့်လန်က ပြော၏။ “ကျုပ် ရိုလန်သူရဲကောင်း ၅၀၀၊ ပုလဲနက်ပင်လယ်ဓားပြ ၁၀၀၀ နဲ့ အရှေ့တိုင်းသူရဲကောင်း ၅၀၀ ကို ခေါ်သွားချင်ပါတယ်။”
ဘုရင်မက ပြောသည်။ “ကောင်းပါပြီ။”
ရှမ့်လန်က ပြော၏။ “ဘုရင်မ... ကျုပ် ဉာဏ်ပညာရှိတဲ့ လူတစ်စုကိုလည်း လိုအပ်တယ်။”
ဘုရင်မမီဒူဆာ ပြောသည်။ “ကျွန်မ ကောင်းကင်ပင်လယ်နန်းဆောင်က ပညာရှင်တွေနဲ့ အလုပ်သင် အနည်းငယ်ကို ဖမ်းဆီးထားတယ်။ သူတို့က အရမ်းကို ထက်မြက်ကြတယ်။”
ရှမ့်လန်က မေး၏။ “ကောင်းကင်ပင်လယ်နန်းဆောင်က ကျုပ်ရဲ့ရန်သူတွေပဲ။ သူတို့က လုံလောက်အောင် သစ္စာရှိပါ့မလား။”
ဘုရင်မ မီဒူဆာ ပြောသည်။ “မလုံလောက်ဘူး။ အဓိကအားဖြင့် သက်ကြီးပညာရှင်တွေပေါ့။ ကောင်းကင် ပင်လယ်နန်းဆောင်က သူတို့အပေါ်မှာ လွှမ်းမိုးမှု အရမ်းကြီးလွန်းတယ်။ ဒါပေမဲ့ လူငယ်အလုပ်သင် တချို့ကိုတော့ ပြုပြင်ပြောင်းလဲလို့ ရသေးတယ်။ သူတို့မှာ ဉာဏ်ပညာနဲ့ ဗဟုသုတအများကြီး မရှိနိုင်ပေမဲ့ အနည်းဆုံး သူတို့က ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့ မူဝါဒမှိုင်း အမိခံထားရသူတွေတော့ မဟုတ်ဘူး။”
တကယ်တော့ ရှမ့်လန်အတွက် ဉာဏ်ပညာရှိလူတစ်စုက အရေးကြီးဆုံးဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်က နောက်ထပ် အသစ်အဆန်းများကို အကြီးအကျယ် တီထွင်ဖန်တီးရမည် ဖြစ်သောကြောင့်ပင်။ ပါရမီရှင်များကို အစမှအဆုံး လေ့ကျင့်ပေးပါက အချိန်မည်မျှ ကြာမည်ကို သူ မသိနိုင်ပေ။ ပညာရှင် အမြောက်အမြားကို တိုက်ရိုက်ဖမ်းဆီးနိုင်သော်လည်း ထိသူတို့၏ သစ္စာရှိမှုက မေးခွန်းထုတ်စရာ ဖြစ်ပေလိမ့်မည်။ လူချင်းမတူပါက ရည်ရွယ်ချက်ကလည်း တူညီလိမ့်မည် မဟုတ်ပေ။
...............
ရှမ့်လန်က ကျန်းချွင်းဟွာကို သွားရှာ၏။
“ချွင်းဟွာ... ကျုပ် ထွက်သွားတော့မယ်။” ရှမ့်လန်က ပြောသည်။
ကျန်းချွင်းဟွာ အံ့အားသင့်သွား၏။ “ဒီလောက်စောစောကြီးလား။”
ရှမ့်လန်က ပြောသည်။ “အခြေအနေက ကျုပ်ထင်ထားတာထက် ပိုပြီးအရေးကြီးနေလို့ပါ။ ကျုပ်နဲ့အတူ လိုက်ခဲ့ချင်လား။”
ကျန်းချွင်းဟွာက မေး၏။ “ရှင်နဲ့လိုက်ခဲ့ရမယ်။ ဘုရင်မကို ထားခဲ့ပြီးတော့လား။”
ရှမ့်လန်က ပြောသည်။ “ဟုတ်တယ်။”
ကျန်းချွင်းဟွာက မေး၏။ “ဘာလို့ ကျွန်မက ရှင့်နောက်ကို လိုက်ရမှာလဲ။ ရှင့်အတွက် အိပ်ဖော်အိပ်ဖက် တစ်ယောက် လိုဖို့လား။”
ရှမ့်လန်က ပြောသည်။ “ကျုပ်ရဲ့ စစ်သေနာပတိလုပ်ပေးဖို့။ ကျုပ်ရဲ့ စီမံခန့်ခွဲသူ အမျိုးသမီးလုပ်ပေးဖို့။”
ကျန်းချွင်းဟွာက ဝေခွဲမရဖြစ်၏။ ဘုရင်မထံတွင် သူမက သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့ကြောင်း၊ သို့မဟုတ် ဘုရင်မက ရှမ့်လန်အပေါ် မျှော်လင့်ချက်များ အားလုံးပုံအပ်ထားကြောင်း ရှမ့်လန်က ထုတ်မပြောခဲ့ချေ။
“ရှမ့်လန်... ရှင် တော်ဝင်ရန်အင်ပါယာကို ပြန်လည်တိုက်ခိုက်မှာလား။” ကျန်းချွင်းဟွာက မေး၏။
ရှမ့်လန်က ဖြေသည်။ “ဟုတ်တယ်။”
“ဒါဆိုရင်တော့ ကျွန်မရှင်နဲ့ လိုက်ခဲ့မယ်။”
ကျန်းချွင်းဟွာက ပြော၏။ “ဒါပေမဲ့ ကြိုပြောထားမယ်။ ကျွန်မက ရှင့်ကို အိပ်ယာထဲမှာ အဖော်ပြုဖို့ သက်သက်ပဲ လိုက်လာတာ မဟုတ်ဘူး။”
ရှမ့်လန်က ပြောသည်။ “ပင်ပန်းလွန်းလို့ သွေးအန်တဲ့အထိ အလုပ်လုပ်ရမယ်လို့ မှတ်ထားလိုက်ပါ။”
ကျန်းချွင်းဟွာက ပြော၏။ “အပေါ်ရော အောက်ရော အန်ထုတ်ရမှာလား။”
“ဟင်...”
ရှမ့်လန်က ပြောသည်။ “မိန်းကလေးကျန်းချွင်းဟွာ... ခင်ဗျားက နန်းတွင်းအရာရှိရဲ့ သမီး၊ အရှေ့တိုင်း မင်းဆက် ပညာရှိအရာရှိကြီးရဲ့ သမီး၊ ပင်လယ်ရပ်ခြားနိုင်ငံမှာ ခင်ဗျားရဲ့ စကားလုံး၊အပြုအမူ တစ်ခုချင်းစီတိုင်းက ခင်ဗျားရဲ့လူမျိုး၊ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကိုယ်စားပြုတယ်။ ဒါကြောင့် ကျေးဇူးပြုပြီး ခင်ဗျားရဲ့ အပြောအဆိုနဲ့ ခင်ဗျားရဲ့ ဂုဏ်သိက္ခာကို သတိထားပါ။
အရေးကြီးဆုံးကတော့ ခင်ဗျားရဲ့ရှေ့မှာ ရပ်နေတဲ့သူက လောကမှာ အကြီးကျယ်ဆုံးသော ဧကရာဇ် သုံးပါးထဲက တစ်ပါးပဲ။ ဒါကြောင့် ခင်ဗျားရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းထားရမယ်။ နောက်ပြီးတော့ ခင်ဗျားရဲ့ စကားလုံးတွေက မတိကျသေးဘူး။ အပေါ်က ထွေးထုတ်ပြီး အောက်က သွန်ထုတ်တာမျိုးပဲ ဖြစ်ရမယ်။ နှစ်ခုလုံး ပန်းထုတ်လို့ မဖြစ်နိုင်ဘူး။”
ကျန်းချွင်းဟွာက ပြော၏။ “ဒီနှစ်ပိုင်းအတွင်း ညှင်းပန်းနှိပ်စက်ခံရတာတွေ များလွန်းနေပြီ။ ကျွန်မမှာ သွေအန်စရာ ကျန်ပါစေလို့ပဲ မျှော်လင့်ရတယ်။”
‘မဟုတ်သေးဘူး။ မဖြစ်နိုင်သေးဘူး။ ဒီမိန်းမကတော့ ညစ်ပတ်လွန်းနေပြီ။’
“ကျန်းချွင်းဟွာ... ခင်ဗျားနဲ့အတူ ဖမ်းဆီးခံရတဲ့ ကောင်းကင်ပင်လယ်နန်းဆောင်က ပညာရှင်တွေက ယုံကြည်ရပါ့မလား။” ရှမ့်လန်က မေးသည်။
“ဘယ်ယုံရမလဲ။”
ကျန်းချွင်းဟွာက ပြော၏။ “လောကအဆုံးထိ ရောက်ရင်တောင် သူတို့ရဲ့ စိတ်ဓာတ်က ကောင်းကင်ပင်လယ နန်းဆောင်ပေါ်မှာ သစ္စာရှိမှာပဲ။”
ရှမ့်လန်က ပြောသည်။ “ကျုပ် ဉာဏ်ကောင်းတဲ့လူတချို့ကို သုံးဖို့လိုအပ်တယ်။ နောက်ဆိုရင် သူတို့က လက်နက်အသစ်တွေ၊ အဆုံးဖြတ်ပေးနိုင်တဲ့ လက်နက်မျိုးတွေကို အတူတကွ သုတေသနပြုလုပ်ရမယ်။ အကြွင်းမဲ့ ယုံကြည်ရတဲ့ အဖွဲ့တစ်ဖွဲ့ကို ကျုပ်လိုအပ်တယ်။ ခင်ဗျား ကျုပ်အတွက် လူအနည်းငယ်လောက် ရွေးပေးနိုင်မလား။”
ကျန်းချွင်းဟွာက ပြော၏။ “ဘယ်သူ့ကိုမှ အကြွင်းမဲ့ မယုံကြည်ရဘူး။ ကောင်းကင်ပင်လယ်နန်းဆောင်က ပေးတာထက် ပိုပြီးတန်ဖိုးရှိတာမျိုး ရှင်က မပေးနိုင်သရွေ့ပေါ့။ လူငယ်အလုပ်သင်တွေမှာ တိုးတက်လာနိုင်မယ့် လူအနည်းငယ်တော့ရှိမယ်။ ရှင့်အတွက် ဒီလိုလူ ၃၀ ဒါမှမဟုတ် ၄၀ လောက်တော့ ကျွန်မ ရှာပေးနိုင်တယ်။”
ထိုအချိန်မှာတော့ ရှမ့်လန်က ဤလူနည်းငယ်ကိုသာ ခေါ်ဆောင်သွားခဲ့၏။ အဓိက အချက်အားဖြင့် သူတို့က နှစ်ပေါင်းများစွာ ဖမ်းဆီးခံထားရသည်။ အရှေ့တိုင်းလောကနှင့် မိုင်ပေါင်းသောင်းချီ ဝေးကွာနေသော်လည်း ကောင်းကင်ပင်လယ် နန်းဆောင်၏ မူဝါဒမှိုင်းတိုက်နိုင်စွမ်းက တကယ်ကို ပြင်းထန်ပြီး ကြောက်မက်ဖွယ်ရာ ကောင်းလွန်းသောကြောင့်ပင်။ ထို့ကြောင့် လူတော်တော်များများကို လက်လွှတ်ဖယ်ရှား ထားရစ်ခဲ့ရသည်။
.............
ယောင်ယောင်လေးက အလွန်ကို ပျော်ရွှင်နေ၏။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူမ၏ မိဘနှစ်ပါးလုံးက သူမ၏ဘေး၌ ရှိနေသောကြောင့်ပင်။ သူမက ငယ်စဉ်တည်းက အချိန်တော်တော်များများ အိပ်စက်နေခဲ့ပြီး နိုးလာသည့်အချိန်တွင်လည်း မိခင်ဖြစ်သူက သူမ၏ ဘေးတွင် ရှိမနေခဲ့ချေ။
ရှမ့်လန်က သူမ၏ နူးညံ့လွန်းသော ခန္ဓာကိုယ်လေးကို ထွေးပွေ့ရင်း ပုံပြင်တစ်ပုဒ်ကို ပြောပြနေ၏။ ယောင်ယောင်လေးက စကားလုံး တစ်ခုချင်းစီတိုင်းကို သူမ၏ ဦးနှောက်ထဲတွင် မှတ်တမ်းတင်ထားသကဲ့သို့ တကယ်ကို အာရုံစိုက်ကာ နားထောင်နေ၏။
ပုံပြင်ကို နားထောင်ပြီးနောက် ယောင်ယောင်လေးက အနည်းငယ် ပင်ပန်းသွားခဲ့ပုံပေါ်၏။ သူမက အိပ်စက်ရန် လိုနေလေသည်။ ထိုသို့မဟုတ်ပါက သူမ၏ ခန္ဓာကိုယ်ကို ထိခိုက်စေပေလိမ့်မည်။ သူမက တကယ်ပင် ကျိုးပဲ့လွယ်လွန်းလှသည်။
ရှမ့်လန်က သူမကို ပိုမိုတင်းကြပ်စွာ ပွေ့ဖက်ထား၏။ သူမက တကယ်ပင် အဖေ့၏ အသည်းတုံးလေး ဖြစ်လို့နေခဲ့၏။
“ဒါက ဖေဖေ မင်းအတွက် လုပ်ပေးထားတဲ့ အရုပ်လေးတွေပဲ။ ဒါပေမဲ့ ယောင်ယောင်အတွက် ဒါက အရမ်းကို ရိုးရှင်းနေမလားပဲ။” ရှမ့်လန်က တိုးတိုးလေးပြောသည်။
ပြီးနောက် သူက ယောင်ယောင်လေး၏ လက်ထဲသို့ အရုပ်တစ်ရုပ်ကို ထည့်ပေး၏။ ဤသည်က ရှမ့်လန် တစ်ညထဲနှင့် အမြန်ပြုလုပ်ထားသည့် ထူးခြားလွန်းသော Rubik's Cube ပင် ဖြစ်သည်။ (တူညီသည့်အရောင်ဖြစ်အောင် ရွေ့ကာ ဆက်၍ ဆော့ရသော လေးထောင်တုံး) ဤအရာက စုစုပေါင်း မျက်နှာပြင် ၆ ဘက်ရှိပြီး ပထမမျက်နှာပြင်တွင် ဖေဖေရှမ့်လန်၊ ဒုတိယမျက်နှာပြင်တွင် မေမေမီဒူဆာ၊ တတိယမျက်နှာပြင်တွင် သမီးလေးယောင်ယောင်၊ စတုတ္ထမျက်နှာပြင်တွင် သမီးလေးရှမ့်မီ၊ ပဉ္စမမျက်နှာပြင်တွင် သားလေးရှမ့်ယီနှင့် ဆဋ္ဌမမျက်နှာပြင်တွင် သားလေးရှမ့်လီတို့ ရှိ၏။
ရှမ့်လန်၏ ပုံဆွဲစွမ်းရည်က တကယ်ပင် စေ့စပ်သေချာလွန်းပြီး မျက်နှာပြင်တိုင်းရှိ ပုံရိပ်များကလည်း အသက်ဝင် လှုပ်ရှားနေ၏။ Rubik's Cube လေးကို ရောမွှေလိုက်ပြီးနောက် မျက်နှာပြင်ရှိ မျက်နှာများက အားလုံးပျောက်ကွယ်၏။ မူလအတိုင်း ပြန်ဖြစ်ရန် ပြန်လည်စုစည်းရပေမည်။
“သမီးလေး စမ်းကြည့်ပါအုံး။” ရှမ့်လန်က ပြော၏။
ယောင်ယောင်လေးက Rubik's Cube ကို ယူပြီး လုံးဝ ရောထွေးနေသည့် မျက်နှာပြင်များကို ကြည့်၏။ ပြီးနောက် သူမက Rubik's Cube ကို လှည့်ပတ်ကာ စတင်ကစား၏။ မိနစ်ဝက်အတွင်းမှာပင် Rubik's Cube လေးက မူလအတိုင်း ပြန်ဖြစ်သွားပြီး မျက်နှာပြင် ခြောက်ဘက်လုံးက ပြန်လည်စုစည်းမိသွားသည်။
အပိုင်း (၈၀၈)
ရှမ့်လန်က တစ်ဖန်ပင် အံ့အားသင့်သွား၏။ ဤသည်က သူ၏ သမီးလေးလား။
“သမီးလေး... သမီးက ဖေဖေထက်တောင် အများကြီး ပိုပြီးဉာဏ်ကောင်းနေပါလား။”
သူက သူမကို မည်သည့်ပုံသေနည်းမှ မပြောပြခဲ့ပေ။ မည်သည့်ဂါထာမန္တာန်မှလည်း သင်မပေးခဲ့ချေ။ ထိုမိန်းကလေးငယ်လေးက တစ်ချက်ကြည့်ရုံနှင့် နားလည်သွားခဲ့၏။ သူမကို ပါရမီရှင်ဟု ခေါ်ရန်ပင် မလုံလောက်တော့ချေ။ ထို့ထက် ထူးခြားသည့်စကားလုံး မရှိသည်က ခက်သည်။
“ငါတို့ရဲ့ သမီးလေးက အရမ်းကို ဉာဏ်ကောင်းတာပဲ။ လောကပေါ်မှာ ဉာဏ်အကောင်းဆုံးနဲ့ အလှဆုံး မင်းသမီးလေးပေါ့။”
ရှမ့်လန်က လက်မထောင်ပြ၏။ “နောက်ကျရင် မောင်လေးနဲ့ ညီမလေးတွေ ယောင်ယောင်လေးကို မြင်တဲ့အခါကျရင် သမီးလေးကို ဘယ်လောက်တောင် ယုံကြည်ကိုးစားကြမလဲ မသိဘူး။”
ယောင်ယောင်လေးက အနည်းငယ် ဂုဏ်ယူနေသလို ရှိသော်လည်း ရှက်သွေးဖြာနေ၏။ သူမက ဖေဖေ၏ ရင်ခွင်ထဲတွင် ပုန်းအောင်းလျက် ရှိနေပြီး သူမ၏မျက်လုံးများကတော့ ချိုသာသည့် ပျော်ရွှင်မှုများကို ထုတ်ဖော် ပြသနေသည်။
“သမီးလေး... ဖေဖေ တစ်နှစ်အတွင်း သမီးကို လာခေါ်မယ်။ ဟုတ်ပြီလား။”
ရှမ့်လန်က တိုးတိုးလေး ပြော၏။ “အဲဒီအချိန်ကျရင် ယောင်ယောင်နဲ့ ဖေဖေတို့ ခွဲမနေကြတော့ဘူး။ ဟုတ်ပြီနော်။”
ယောင်ယောင်လေးက ရှမ့်လန်ကို မျက်လုံးများ ပြူးကာ ကြည့်၏။ သူမက မငိုသော်လည်း တည်ငြိမ်စွာဖြင့် ခေါင်းညိတ်ပြ၏။ သူမ၏ခန္ဓာကိုယ်က အလွန်အားနည်းသော်လည်း သူမ၏ စိတ်ဓာတ်ကတော့ အလွန်ကို ခိုင်မာသည်။
ရှမ့်လန်က သူမကို သူ့ရင်ခွင်ထဲသို့ တစ်ဖန်ပြန်လည်သွင်းပြီး မျက်ရည်များကို ထိန်းသိမ်းထား၏။ “သမီးလေး... ဖေဖေ သမီးကို ပေးထားတဲ့ ကတိကို တည်အောင်လုပ်မယ်။ တစ်နှစ်အတွင်း ဖေဖေ သမီးကို ကျိန်းသေပေါက် လာခေါ်မယ်။”
‘ငါ ရှမ့်လန်က လူတော်တော်များများကို ပစ်ပယ်ခဲ့ဖူးတယ်။ ဒါပေမဲ့ သမီးလေး ယောင်ယောင်ကိုတော့ ဘယ်တော့မှ ပစ်မထားဘူး။’
ရှမ့်လန်က သူ၏ရင်ထဲတွင် အထပ်ထပ်အခါခါ ကျိန်ဆို၏။ ပြီးနောက် တိုးတိုးလေး ပြောလိုက်သည်။ “ကဲ သမီးလေး အိပ်တော့နော်။”
ယောင်ယောင်လေးက သူ၏ မျက်လုံးများကို မှိတ်ပြီးနောက် လျင်လျင်မြန်မြန်ပဲ အိပ်ပျော်သွား၏။ သူမ၏ လက်ကလေးများက Rubik's Cube လေးကို လွှတ်မပေးချင်သကဲ့သို့ ဆုပ်ကိုင်ထားဆဲပင်။ ရှမ့်လန်က သူမကို သန်းခေါ်ယံအထိ ပွေ့ပိုက်ထား၏။ ပြီးမှ တွန့်ဆုတ်စွာဖြင့် အိပ်ရာပေါ်သို့ အသာပြန်ချ၏။
“သမီးလေး... ဖေဖေ သွားပြီ။ ဒါပေမဲ့ မကြာခင်မှာ သမီးလေးကို ပြန်လာခေါ်မယ်။” သူက ယောင်ယောင်လေး ၏ ဖုန်မှုန့်ကင်းစင်သော အခန်းထဲမှ ထွက်လာလိုက်သည်။
“ဘယ်လောက် သန်မာတဲ့လူပဲဖြစ်ဖြစ် တစ်ချိန်ချိန်မှာတော့ အရည်ပျော်သွားခဲ့တာပဲ။”
ဘုရင်မ မီဒူဆာ ပြောလိုက်သည်။ “ဒါကြောင့်လည်း လူသားတွေက တကယ်ကို အားနည်းကြတာပေါ့။”
ရှမ့်လန်က ပြော၏။ “ဒါက လူသားဖြစ်ရခြင်းရဲ့ အဓိပ္ပာယ်ပဲ။”
ဘုရင်မ မီဒူဆာ ပြောသည်။ “ကျွန်မလည်း အားနည်းသွားပြီလို့ ထင်တယ်။”
ပြီးနောက် သူမက ရှမ့်လန်ကို ကြည့်ကာ နှုတ်ဆက်၏။ “နှုတ်ဆက်ပါတယ် အနာဂတ်ရဲ့ ဧကရာဇ်... ရှင်ပြန်လာတဲ့အချိန်ကျရင် ချောင်ယောင်းအာကို ရှင့်ဆီ ပြန်ပေးပါ့မယ်။”
ထိုသို့ပြောပြီးနောက် ဘုရင်မ မီဒူဆာ လှည့်ထွက်သွား၏။ နန်းတော်၏ မြေအောက်ဂူသင်္ချိုင်းထဲသို့ ဖြည်းညင်းစွာ လှမ်းလျှောက် ဝင်ရောက်သွားသည်။
ရှမ့်လန်က သူ၏ နှလုံးသားတစ်ခုလုံး တစ်ဖန်ပြန်လည် ကြေကွဲသွားသလို ခံစားရ၏။
ဤသည်က ဘုရင်မ မီဒူဆာ၏ ကျောပြင်ကို သူ နောက်ဆုံးအကြိမ် မြင်ခြင်းများ ဖြစ်နေမည်လား။ သူမ၏ အလှတရားက လက်တွေ့မဆန်လောက်အောင် စွဲဆောင်မှု ရှိလွန်း၏။ ချောင်ယောင်းအာနှင့် ဘုရင်မ မီဒူဆာတို့က ဤလောက၌ တစ်ဦးတည်းသာ တည်ရှိနိုင်ပေလိမ့်မည်။
...........
နောက်ထပ် နှစ်နာရီအကြာမှာတော့ ရှမ့်လန်က ဘုရင်မမြို့တော်မှ ထွက်ခွာ၏။ ညအမှောင်ထု၏ အကာအကွယ် ကို ယူပြီး လူပေါင်းနှစ်ထောင်ကို ဦးဆောင်ကာဖြင့် အရှေ့ဘက်ပင်လယ်ပြင်သို့ ဦးတည်သွား၏။ နှစ်ရက်တိတိ ကြာပြီးနောက် လူပေါင်းနှစ်ထောင်တို့က ပင်လယ်ကမ်းစပ်သို့ ရောက်ရှိလာ၏။
ပင်လယ်ပြင်ဧရိယာက တကယ်ကို ဝေးလံခေါင်ဖျားပြီး ရေအောက်ကျောက်ဆောင်များနှင့် ပြည့်နှက် နေသောကြောင့် တတိယရှီလွန်အင်ပါယာ၏ ရေတပ်စုများက ဤနေရာသို့ ကင်းလှည့်လေ့ မရှိချေ။ ၃ နာရီခန့် စောင့်စားပြီးနောက် ပင်လယ်ဓားပြသင်္ဘောလေးစင်းက ဤအန္တရာယ်ရှိသည့် ပင်လယ်ပြင်ထဲ၌ ပေါ်ပေါက် လာခဲ့သည်။
သင်္ဘောမောင်းသူက အကြွင်းမဲ့ ကျွမ်းကျင်သူတစ်ဦး ဖြစ်၏။ ရေအောက်ကျောက်ဆောင် အားလုံးကို ရှောင်ကွင်းသွားနိုင်၏။ ရှမ့်လန်နှင့် သူ၏လူနှစ်ထောင်တို့က တိတ်တဆိတ်ပင် ပင်လယ်ဓားပြ သင်္ဘော လေးစင်းပေါ်သို့ တက်၏။ ပြီးနောက် သူတို့က ဤပင်လယ်ပြင်မှ ဂရုတစိုက်ဖြင့် သတိထား ထွက်ခွာလာခဲ့၏။ အရှေ့ဘက်မိုင် ၃၀၀ ခန့်ကို ခရီးနှင်ပြီးနောက် တောင်ဘက်သို့၊ နောက်ဆုံးမှာတော့ အနောက်ဘက် ယန်းစိမ်းကျွန်းဆီသို့ ဦးတည်သွားခဲ့၏။
အစမှ အဆုံးထိ ရှမ့်လန်က မည်သည့်စကားမှ မပြောခဲ့သလို မည်သည့်ရဲရဲတောက် စကားများကိုလည်း မဆိုခဲ့ချေ။ သူက ဘုရင်မမြို့တော်မှ တိတ်တဆိတ် ထွက်ခွာလာခဲ့ပြီး သင်္ဘောလေးစင်းပေါ်သို့ တက်ကာ မသိနားမလည်နိုင်သည့် အဝေးတစ်နေရာသို့ ခရီးနှင်ခဲ့၏။ သို့ဆိုစေကာမူ ထိုနေရာက ဝေးလံသည့် နေရာလည်း မဟုတ်ပြန်ချေ။
ရှမ့်လန်အတွက်မူ သူသွားလိုသည့်နေရာက တော်ဝင်ရန်အင်ပါယာနှင့် ပို၍နီးစပ်သည့် နေရာတစ်ခု ဖြစ်၏။ ရှမ့်လန်က သင်္ဘောဦးတွင် ရပ်ပြီး ကျယ်ပြောသည့် ပင်လယ်ပြင်ကြီးကို ကြည့်၏။ လူတစ်ယောက်က သူ၏ဘေးနားတွင် ဘာတစ်ခုမှ မပြောဘဲ တိတ်ဆိတ်လာရပ်၏။ ပုလဲနက် - ပင်လယ်ဓားပြခေါင်းဆောင်.. သူမက ရှမ့်လန်၏နောက်သို့ တကယ်ပင် လိုက်လာခဲ့သည်လား။
“ကျွန်မက ဦးခေါင်းခွံပင်လယ်ဓားပြ အဖွဲ့ဝင်တစ်ယောက်ပါ။ သူတို့ ထွက်ခွာသွားကြတုန်းက ကျွန်မ အရမ်း ငယ်နေသေးတယ်။”
ပုလဲနက်က ပြော၏။ “ကျွန်မတို့ ဦးခေါင်းခွံပင်လယ်ဓားပြတွေက တစ်ချိန်တုန်းက လောကလုံးကို လွှမ်းမိုးခဲ့တယ်။ လူတိုင်းက ကျွန်မတို့ရဲ့ ဓားသွားအောက်မှာ ဒူးထောက်ခဲ့ရတယ်။ မြို့စားပဲဖြစ်ဖြစ်၊ မင်းသားပဲဖြစ်ဖြစ် အားလုံးက ကျွန်မတို့ရဲ့ အကာအကွယ်ကို တောင်းခံခဲ့ကြတယ်။ သူတို့ကို ရှာဖို့၊ ကျွန်မရဲ့ မိဘတွေကို ရှာဖို့၊ ကျွန်မရဲ့ ဦးခေါင်းခွံပင်လယ်ဓားပြတွေကို ရှာဖို့ ကျွန်မ မတွေးတဲ့နေ့ဆိုတာ တစ်နေ့မှ မရှိခဲ့ဘူး။
ဘုရင်မက ကျွန်မကို ကတိပေးခဲ့တယ်။ သူကိုယ်တိုင် ဦးခေါင်းခွံပင်လယ်ဓားပြတစ်ယောက်။ ပင်လယ် ဓားပြတွေကို ရှာမပေးနိုင်ရင်တောင် ကူညီပေးနိုင်တဲ့ လူတစ်ယောက်ကို ရှာပေးပါ့မယ်တဲ့။ အဲဒီနောက်မှာတော့ ရှင်ပေါ်လာခဲ့တာပဲ။ ရှင်ရော ဦးခေါင်းခွံပင်လယ်ဓားပြတွေကို ရှာပေးနိုင်မလား။” ပုလဲနက်က ရှမ့်လန်ကို ကြည့်ကာ မေးသည်။
ရှမ့်လန်က ပြောလိုက်၏။ “သူတို့အသက်ရှင်သေးရွေ့တော့ ကျုပ် ရှာပေးနိုင်ပါတယ်။”
ပုလဲနက်က ပြောသည်။ “ဒါဆိုရင် ကျွန်မ ရှင့်ကို အလုပ်အကျွေးပြုပါ့မယ်။”
............
“ကျွန်မတို့က အမေဇုန်အင်ပါယာက စွန့်ပစ်ခံထားရတဲ့ လူတွေပဲ။ ကျွန်မတို့က အရှက်ရစရာလူတွေပေါ့။ လူတစ်ယောက်ရဲ့ ခွန်အားက ခန္ဓာကိုယ်ပေါ်မှာ မူတည်နေတာမဟုတ်ဘဲနဲ့ စိတ်ဓာတ်ပေါ်မှာ မူတည်နေတယ် ဆိုတာ အမေဇုန်အင်ပါယာကို သိစေဖို့ ကျွန်မတို့က တိုက်ပွဲဝင်ကြမှာပါ။”
ရိုလန်သူရဲကောင်း ၅၀၀ က ရှမ့်လန်နှင့်အတူ မြို့သစ်တစ်ခုကို တည်ထောင်ရန် လိုက်ပါလာခဲ့၏။ သူတို့ကို မုန့်ရိုလန် ဟူသော မိန်းကလေးက ဦးဆောင်၏။ မုန့်က သူမ၏ အမည်ဖြစ်ပြီး ရိုလန်က သူမ၏ မျိုးရိုးအမည် ဖြစ်၏။ သူမက ဗိုင်အိုလက်ပြီးလျှင် ဒုတိယမြောက် အစွမ်းထက်ဆုံး အမျိုးသမီးစစ်သည်တော်ပင်။
“ဘုရင်မမီဒူဆာက ကျွန်မတို့ရဲ့ လူမျိုးစုတစ်စုလုံးကို ကယ်တင်ခဲ့တယ်။ ဒါကြောင့် ကျွန်မတို့တွေက သူ့ရဲ့ ဘယ်လိုအမိန့်မျိုးမဆို နာခံရမှာပါ။”
မုန့်ရိုလန်က ပြော၏။ “ရှင် ကျွန်မတို့ကို ဘယ်နေရာကိုပဲ ခေါ်သွား ခေါ်သွား။ ဘယ်သူနဲ့ပဲ တိုက်ခိုင်းခိုင်း တိုက်ခိုင်းခိုင်း ကျွန်မတို့က နောက်ဆုတ်မှာ မဟုတ်ဘူး။ ရှင့်ဆီကနေ တောင်းဆိုချက်တစ်ခုပဲ ရှိတယ်။”
ရှမ့်လန်က ပြောသည်။ “ပြောပါ။”
မုန့်ရိုလန်က ပြော၏။ “ကျွန်မတို့ သေဆုံးသွားခဲ့ရင် ကျွန်မတို့ရဲ့ အရိုးပြာတွေကို အမေဇုန်အင်ပါယာရဲ့ ပင်လယ်ပြင်မှာ ဖြန့်ကြဲပေးပါ။ ကျွန်မတို့ အသက်ရှင်နေစဉ်မှာ ကိုယ့်ရဲ့နိုင်ငံကို မပြန်နိုင်ခဲ့သလို သေသွားရင်လည်း ဝင်ခွင့် မရှိပါဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ ကျွန်မတို့ ဘိုးဘေးတွေနဲ့ ပိုပြီးနီးစပ်တဲ့ နေရာမှာ ရှိချင်ခဲ့တယ်။”
မုန့်ရိုလန်..။ ရှမ့်လန်က ထိုအရပ်ရှည်ရှည်နှင့် အမျိုးသမီးကြီးကို ကြည့်ကာဖြင့် တည်ငြိမ်စွာ ခေါင်းညိတ် ပြလိုက်၏။ သူက တကယ်ကို စိတ်မကောင်းဖြစ်မိ၏။ ရိုလန်သူရဲကောင်းများက လုံလောက်အောင် မသန်မာခဲ့သည့် အတွက် အမေဇုန်အင်ပါယာမှ ပြည်နှင်ဒဏ်ပေးခြင်းကို ခံခဲ့ရသည်။ သူတို့၏ နှလုံးသား၌ မကြုံစဖူးသော ဒဏ်ရာများ ရရှိစေခဲ့သည်။
မြို့စားကြီးရပ်လ်ဆဲနှင့် တိုက်ပွဲအတွင်း၌ ရိုလန်သူရဲကောင်းများက ထူးထူးခြားခြား ရဲရင့်ကြ၏။ စွန့်လွှတ် စွန့်စားလိုသည့် စိတ်ဓာတ်များဖြင့် ပြည့်နှက်နေကြောင်း ရှမ့်လန်က တွေးခဲ့ရ၏။ သူတို့အတွက် သေခြင်းတရား ကို မကြောက်ရွံ့ရုံသာမက သေခြင်းတရားကိုပင် ရှာဖွေနေသကဲ့သို့ ရှိသည်။ စစ်မြေပြင်၌ သေဆုံးသွားမှသာလျှင် သူတို့က အမေဇုန်စစ်သည်တော်များဖြစ်ကြောင်း သက်သေပြနိုင်မှာဖြစ်ပြီး သူတို့ ဘိုးဘေးများ၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် မလုပ်ခြင်းဖြစ်မည်ဟု သူတို့ ယူဆထား၏။
.............
ချောမောသည့် သက်လတ်ပိုင်းအမျိုးသားတစ်ဦးက ရှမ့်လန်၏ရှေ့တွင် ရပ်၏။ သူက အရှေ့တိုင်း သူရဲကောင်းများ၏ ခေါင်းဆောင် လန်ဖုန်းပင်။
“ခင်ဗျားမှာ လန်တိုလို့ခေါ်တဲ့ အစ်ကိုတစ်ယောက်ရှိလား။” ရှမ့်လန်က မေးလိုက်သည်။
လန်ဖုန်းက အံ့အားသင့်သွား၏။ “ရှိတယ်။ ဒါပေမဲ့ ကျုပ်သူနဲ့ အဆင်မပြေဖြစ်ပြီး လမ်းခွဲခဲ့တာ ကြာပြီ။”
ရှမ့်လန်က လန်တိုနှင့် ဘယ်ကြောင့် လမ်းခွဲရသလဲ ဆိုသည်ကို မမေးတော့ချေ။ ခံယူချက်များ ကွဲပြားခြင်းကြောင့် ဖြစ်ပေလိမ့်မည်။
ရှမ့်လန်က ပြောသည်။ “မဟာပညာရှင်လန်တိုက ကျုပ်ရဲ့ မိတ်ဆွေကောင်းတစ်ယောက်ပါ။”
လန်ဖုန်းက ပြော၏။ “သူက တစ်လောကလုံးမှာ သူငယ်ချင်းတွေ ရှိနေတာပဲ။ ရှမ့်.. သူ့ရဲ့ စိတ်အား ထက်သန်မှုကို မယုံလိုက်နဲ့။ သူ့မှာ ခင်ဗျားလို သူငယ်ချင်းကောင်းတွေ မရေမတွက်နိုင်အောင် အများကြီး ရှိနိုင်တယ်။”
လန်ဖုန်း၏ စကားသံများတွင် လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေ၏။ သူက တော်ဝင်ရန်အင်ပါယာမှ ထွက်ခွာလာခဲ့သည်မှာ ကြာပြီဖြစ်သောကြောင့် လန်တိုအား တစ်လောကလုံးတွင် တပည့်များစွာရှိသည့် နာမည်ကြီး မဟာပညာရှင်တစ်ဦးအဖြစ်သာ ထင်မြင်ထားပုံရသည်။
ရှမ့်လန်က ပြုံးကာ ပြုံးနေလိုက်၏။ ရှင်းပြမနေတော့ချေ။
လန်ဖုန်းက ပြော၏။ “သခင်လေးရှမ့်ကို ကျုပ် ပွင့်ပွင့်လင်းလင်း ပြောရမယ့် အချက်ရှိတယ်။ ကျုပ်တို့ အရှေ့တိုင်းတပ်ဖွဲ့က တော်ဝင်ရန်အင်ပါယာကနေ ထွက်ပြေးလာခဲ့တာ ကြာပြီ။ ကျုပ်တို့ ဘယ်သူ၊ ဘယ်ဝါ ဖြစ်ကြောင်းကို လူအများသိအောင် ထုတ်မပြောနိုင်ဘူး။ ကျုပ်တို့က အင်ပါယာကျန်းလီရဲ့ ကျန်ရစ်သူတွေပဲ။ ကျုပ်တို့ကို သုံးလိုက်တာနဲ့ တပြိုင်နက် ခင်ဗျားက တော်ဝင်ရန်အင်ပါယာ တစ်ခုလုံးကို စိန်ခေါ်သလို ဖြစ်သွားလိမ့်မယ်။ ခင်ဗျား တကယ်ပဲ ကျုပ်တို့ကို သုံးချင်တာလား၊ တကယ်ပဲ သုံးရဲရဲ့လား။”
ထင်ထားသည့်အတိုင်း အင်ပါယာကျန်းလီ ရုတ်တရက် သေဆုံးခဲ့ပြီးနောက် လူပေါင်းများစွာတို့ သေဆုံးပြီး တချို့က ထွက်ပြေးလွတ်မြောက်ခဲ့၏။ ထိုထဲတွင် လူနည်းစုကသာလျှင် ပင်လယ်ပြင်သို့ ထွက်ပြေး လွတ်မြောက်နိုင်ခဲ့ခြင်းပင်။ လန်ဖုန်း၏ အရှေ့တိုင်းသူရဲကောင်းများက တော်ဝင်ရန်အင်ပါယာ၏ စစ်သည်တော်များ ဖြစ်သည်။
ရှမ့်လန်က ပခုံးတွန့်လိုက်၏။ “တပ်မှူးလန်ဖုန်း... ခင်ဗျားနောက်ကျသွားပြီ။ ကျုပ်က တော်ဝင်ရန် အင်ပါယာ ကို လုံးဝစိန်ခေါ်ပြီးသား။”
တပ်မှူးလန်ဖုန်းက ပြောသည်။ “ကောင်းပြီ။ ဒါဆိုရင်တော့ ကျုပ် ရှမ့်ရဲ့ အနောက်ကို တစ်သက်လုံး လိုက်မယ်။ ဘုရင်မ မီဒူဆာက ကျုပ်ရဲ့ အသက်ကို ကယ်တင်ခဲ့တယ်။ သူ့ရဲ့ဆန္ဒက ကျုပ် လျှောက်လှမ်းရမယ့် လမ်းစဉ်ပါပဲ။”
ရှမ့်လန်က သင်္ဘောဦးတွင် ရပ်ပြီး သင်္ဘောလေးစင်းကို ကြည့်၏။ ဤသည်က သူ၏ မျိုးစေ့များ ဖြစ်၏။ အနောက်လောကတွင် ခြောက်လခန့် အချိန်ဖြုန်းခဲ့ပြီးနောက် နောက်ဆုံး သူက ကိုယ်ပိုင်တပ်ဖွဲ့တစ်ခုကို ပိုင်ဆိုင်ခဲ့ပြီ ဖြစ်၏။ လူပေါင်းနှစ်ထောင်သာ ရှိသော်လည်း ထိုသူတို့က အလွန်ထူးချွန်၏။ ထို့ပြင် သူတို့က ရှမ့်လန်တစ်ဦးတည်းအပေါ်တွင်သာ သစ္စာစောင့်သိကြ၏။
မှန်ပေ၏။ ဤအရာမှာလည်း အမျိုးသမီး၏ အကူအညီကို ရရှိခဲ့ခြင်းကြောင့်ပင်။ သို့သော်ငြား ထိုအမျိုးသမီး ၏ အကူအညီကို ရယူနိုင်ခြင်းမှာလည်း စွမ်းရည်တစ်ခု ဖြစ်သည် မဟုတ်ပါလား။
ပုလဲနက်၊ မုန့်ရိုလန်၊ လန်ဖုန်းနှင့် ကျန်းချွင်းဟွာတို့ဟာ အနောက်လောကတွင် သူ၏ တိုက်ရိုက်လက်အောက် ငယ်သားလေးဦး ဖြစ်လာခဲ့သည်။
ထိုက်တန်ပေ၏။ သူက အနောက်လောကဆီသို့ မိုင်ပေါင်းသောင်းနှင့်ချီ ခရီးနှင်ခဲ့ပြီး ဤလူနှစ်ထောင်ကို ရရှိရန် ၆ လခန့် အချိန်ပေးခဲ့ရ၏။ ဤသည်က တန်ဖိုးရှိလွန်းလှ၏။ အိမ်တစ်လုံး တည်ဆောက်ရန် အခက်ခဲဆုံးအပိုင်းက အုတ်မြစ်ချခြင်းပင် ဖြစ်၏။ အုတ်မြစ်ခိုင်မာသွားသည်နှင့် မိုးမျှော်တိုက်ကြီးများက မကြာခင် ပေါ်ပေါက်လာပေလိမ့်မည်။
“ငါ့ရဲ့ကိုယ်ပိုင်မြို့တော်ကို ငါ တည်ဆောက်ရမယ်။ ယမ်းမှုန့်တွေနဲ့ အမြောက်တွေကို ငါ အကြီးအကျယ် စတင်ပြီး ထုတ်လုပ်ရတော့မယ်။ ရှမ့်လန်၏ သင်္ဘောလေးစင်းက အရှေ့ဘက်သို့ ဆက်တိုက်ခရီးနှင်ကြ၏။ လမ်းတလျှောက်မှာတော့ သူတို့က တတိယရှီလွန်အင်ပါယာ၏ ရေတပ်စုများနှင့် ရိက္ခာတင်ဆောင်လာသည့် သင်္ဘောပေါင်းများစွာကို တွေ့၏။
သို့သော်ငြား ရှမ့်လန်၏ သင်္ဘောများက ပင်လယ်ဓားပြအလံကို လွှင့်ထူထားသောကြောင့် နှစ်ဖက်စလုံးက တစ်ဦးနှင့်တစ်ဦး နှောင့်ယှက်ခြင်း မရှိကြချေ။ လမ်းတလျှောက်တွင် အခက်အခဲတချို့ ကြုံတွေ့ခဲ့ရ သော်လည်း အန္တရာယ်ကြီးကြီးမားမား မရှိခဲ့ပေ။
ပုလဲနက်က ထိုအရာအားလုံးကို အလွယ်တကူ ဖြေရှင်းနိုင်ခဲ့၏။ ပင်လယ်ပြင်ပေါ်တွင် ပင်လယ်ဓားပြဥပဒေသက တကယ်ပင် အသုံးဝင်၏။ ချောင်ယောင်းအာကဲ့သို့ ရူးသွပ်သည့် လူများမှလွဲ၍ တိုက်ပွဲတစ်ခုကို အလွယ်တကူ စတင်လေ့ မရှိကြချေ။ ညှိနှိုင်းဆွေးနွေးခြင်းက အဓိက နည်းလမ်းပင် ဖြစ်သည်။
ထို့ပြင် လမ်းတလျှောက်တွင် ကုန်တင်သင်္ဘောအများအပြားကို တွေ့ရှိ၏။ သူတို့က ထိုကုန်တင်သင်္ဘော များကို ရှောင်ကွင်းသွားကြ၏။ ထိုသူတို့က ဥပဒေသများကို လိုက်နာပြီး ရွှေဒင်္ဂါးများ ပေးပို့၏။ သူတို့ကလည်း လုယက်ရန် ရည်ရွယ်ချက် မရှိကြောင်း ပြန်လည် ပြသခဲ့၏။ ပို၍ကြီးမားသည့် ပင်လယ်ဓားပြအုပ်စုနှင့် တွေ့လျှင်ပင် တိုက်ပွဲဖြစ်ပွားခြင်း မရှိချေ။
နှစ်ဖက်လုံးက အလံပြဘာသာစကားများကို အသုံးပြုပြီး ဆက်သွယ်ကြ၏။ ပုလဲနက်က သူတို့ ဖြတ်သန်းသွားလာ ခရီးသွားခြင်းသာဖြစ်ပြီး အခြားသောသူများ၏ ပင်လယ်ပြင်အခွင့်အရေးကို ကျူးကျော်ရန် ရည်ရွယ်ချက် မရှိကြောင်း ထင်ထင်ရှားရှား ပြသထားသည်။
ရှမ့်လန်က သက်ပြင်းမချဘဲ မနေနိုင်ချေ။ ရှီလွန်အင်ပါယာ ပြိုကွဲသွားခဲ့ခြင်းကြောင့် ဤပင်လယ်ပြင်က ပင်လယ်ဓားပြများစွာအတွက် တကယ်ပင် နိဗ္ဗာန်ဘုံပင်။ သူတို့က သဘာဝရန်သူလည်း မရှိပေ။ လာရောက် နှိမ်နင်းမည့် အစိုးရရေတပ်လည်း မရှိချေ။ ပင်လယ်ဓားပြ တစ်ဦးနှင့်တစ်ဦး ပိုင်နက်မကျူးကျော်သရွေ့ မည်သည့် ပဋိပက္ခမှ ဖြစ်ပွားလိမ့်မည် မဟုတ်ပေ။ အခြားတစ်ဘက်တွင် ရိက္ခာနှင့် ဝိုင်များကိုပင် လက်ဆောင်ပေးပို့တတ်သေး၏။
ဘုရင်မမြို့တော်က ရှမ့်လန်၏ ဦးတည်ရာနှင့် မိုင်ပေါင်းတစ်သောင်းကျော် ဝေးကွာ၏။ ထို့ကြောင့် သူတို့က ရိက္ခာဖြည့်တင်းရန် ကျွန်းအများအပြား၌ ရပ်တန့်ရန် လိုအပ်သည်။
အခြားသော လူတစ်ဦးတစ်ယောက်ဆိုပါက ဤနေရာကို ရှာတွေ့ရန် လုံးဝခက်ခဲပေလိမ့်မည်။ သို့သော်ငြား ပုလဲနက်က ပင်လယ်ဓားပြ ရိက္ခာဖြည့်တင်းသည့် စခန်းတိုင်းကို တကယ်ပင် ကျွမ်းကျင်သိကျွမ်း၏။ ရိက္ခာဖြည့်တင်းမှု တိုင်းတွင် ငွေပေးချေနိုင်သရွေ့ အရာအားလုံး အဆင်ပြေခဲ့၏။