← Chapters

အခန်း (၈၀၉-၈၁၀)

Vol. 50 Ch. 809-810

အခန်း (၈၀၉-၈၁၀)

Vol. 50 Ch. 809-810

အပိုင်း (၈၀၉)

သူတို့က ၂၇ ရက်တိတိ ခရီးနှင်ခဲ့၏။ ရှမ့်လန်က နောက်ဆုံးသူ၏ ဦးတည်ရာ ဖြစ်သည့် ကျောက်စိမ်းလှိုင်း ကျွန်းဆွယ်၏ တောင်ဘက်အစွန်းဆုံးသို့ ရောက်ရှိလာ၏။ ဤနေရာက ယမ်းစိမ်းကျွန်းနှင့် တကယ်ကို နီးကပ်ပြီး ကျွန်းပေါ်တွင် စွန့်ပစ်ထားသည့် သံရိုင်းတွင်းဟောင်းတစ်ခုလည်း ရှိနေ၏။ ဤသည်က ရှမ့်လန်အတွက် အသင့်တော်ဆုံးသော စခန်းတစ်ခုပင်။

မှန်ပေ၏။ ဤနေရာက နယ်စားကြီး ဒီဘိုရာ၏ ပီကျင်းမြို့နှင့် အလွန်ပင် နီးကပ်၏။ သို့သော်ငြား နယ်စားကြီး က မိုင်ပေါင်းသောင်းနှင့်ချီ ဝေးကွာသည့် နေရာတွင် ရှိနေ၏။ သူမက ယခုအချိန်တွင် တတိယ ရှီလွန်အင်ပါယာကို တည်ထောင်ရန်နှင့် စုန်းအင်ပါယာကို လုံးဝချေမှုန်းရန် ရည်မှန်းချက်ကြီးစွာဖြင့် ပြင်ဆင်နေသည်။

ထို့ကြောင့် ရှမ့်လန်က လအနည်းငယ်ခန့် ရွှေရောင်ဖွံ့ဖြိုးတိုးတက်ရေး အချိန်အခါကို ရရှိထား၏။ ဤကာလအတွင် သူ့ကို မည်သည့်ရန်သူကမှ လာရောက်ကာ တိုက်ခိုက်လိမ့်မည် မဟုတ်ချေ။

“ဒီအချိန်ကစပြီးတော့ ဒီကျွန်းဆွယ်နေရာက ငါ ... ရှမ့်လန်ရဲ့ ပိုင်နက်ပဲ။ ကျွန်းပေါ်ကို တက်ကြ။ မြို့တည်ကြမယ်။”

ရှမ့်လန်၏ အမိန့်နှင့်အတူ လူပေါင်းနှစ်ထောင်ကျော်တို့က သင်္ဘောပေါ်မှ ဆင်း၏။ ကျောက်စိမ်းလှိုင်း ကျွန်းဆွယ်၏ တောင်ဘက်အစွန်ဖျားသို့ သူတို့က ခြေချခဲ့၏။

ယခုအချိန်မှာတော့ သခင်လေးရှမ့်၏ ကြီးကျယ်ခမ်းနားလွန်းသည့် ဖွံ့ဖြိုးတိုးတက်မှုက တရားဝင် လမ်းမပေါ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ အချိန်တွေက မြန်မြန်ဆန်ဆန်နှင့် ကုန်လွန်သွားခဲ့သလို နေ့ရက်များ ကလည်း အလီလီ ကုန်ဆုံးသွားခဲ့၏။ ရက်ပေါင်းငါးဆယ်တောင် ကုန်လွန်သွားခဲ့ပြီး ဖြစ်သည်။

ရှမ့်လန်နှင့် သူ၏ လူပေါင်း ၂၀၀၀ ကျော်တို့က ကျောက်စိမ်းလှိုင်းကျွန်းစွယ်သို့ ရောက်ရှိလာခဲ့သည်မှာ တစ်လခွဲမျှသာ ရှိသေးသော်လည်း အရာအားလုံးက ထင်မှတ်မထားလောက်အောင်ပင် အဆင်ပြေ ချောမွေ့ခဲ့၏။ ကျွန်းပေါ်သို့ တက်ရောက်သည့် အချိန်တွင် မည်သည့် အတားအဆီး အနှောက်အယှက်ကိုမှ မတွေ့ခဲ့ရချေ။ အကြောင်းရင်းက ဤနေရာတွင် လူတစ်ဦးတစ်ယောက်မှ မရှိသောကြောင့်ပင်။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ဤကျွန်းက ရော့ဆိုမိသားစုပိုင် သံချက်လုပ်ငန်းနှင့် အထူးပြု မိုင်းတွင်းတစ်ခု ဖြစ်ခဲ့ဖူး၏။ ယခု စွန့်ပစ်ထားခဲ့သည့် မိုင်းတွင်းဟောင်းများနှင့် သံချက်ဖိုပျက်များသာ ကျန်ရှိတော့၏။ လွန်ခဲ့သည့် နှစ်အနည်းငယ်က နယ်စားကြီး ဒီဘိုရာက ဤမိုင်းတွင်းကို အဘယ်ကြောင့် စွန့်ပစ်ခဲ့ရသနည်း။

ဤနေရာမှ ထွက်ရှိသည့် သံသတ္တုရိုင်းများတွင် ကန့်ဓာတ်က များပြားလွန်းသောကြောင့် ထွက်လာသည့် သံများက ကျွတ်ဆတ်ဆတ် နိုင်သောကြောင့်ပင်။ သို့သော်ငြား မိုင်းတွင်းဟူသည်က မိုင်းတွင်းပင်။ နေ့စဉ်သုံး ပစ္စည်းများ အတွက် သံချက်လုပ်ခြင်းက အကျိုးအမြတ်များစွာ ရရှိနိုင်သော်လည်း နောက်ပိုင်း ရော့ဆို မိသားစုက ပိုမိုကောင်းမွန်သည့် သံသတ္တုတွင်းများကို ရှာဖွေတွေ့ရှိသွားသောကြောင့် ဤနေရာကို အပြီးအပိုင် လက်လွှတ်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ရှမ့်လန်တို့ လူ ၂၀၀၀ က ဤနေရာတွင် အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့ကြပြီး မြို့တစ်မြို့ကို စတင် တည်ဆောက်နိုင်ခဲ့ကြ၏။ မှန်ပေ၏။ မြို့တစ်မြို့ပင် ဖြစ်၏။ မြို့တစ်မြို့ သို့မဟုတ် ရဲတိုက်တစ်ခု တည်ဆောက်ရန် အချိန်မည်မျှ ကြာမြင့်သနည်း။

ချောင်ထျန်းဝေ၏ နုရှောင့်မြို့ကြီးကို ဆယ်စုနှစ်တစ်ခုကြာ တည်ဆောက်ခဲ့၏။ ရော့ဆိုမိသားစု၏ နယ်စားရဲတိုက်ကြီးက နှစ် ၂၀ ကျော် ကြာမြင့်ခဲ့၏။ ဘုရင်မကြီး၏ နန်းတော်က ၂၇ နှစ်တိုင် ကြာမြင့်ခဲ့၏။ ထို့သို့ဆိုလျှင် ရှမ့်လန်၏ မြို့တော်က အချိန်မည်မျှ ကြာမြင့်မည်နည်း။

ရှမ့်လန်၏ ရည်မှန်းချက်က လူပေါင်း ၁ သိန်းခန့် နေထိုင်နိုင်မည့် မြို့ကို ၆ လ အတွင်း အပြီး တည်ဆောက်ရန်ပင်။ ဤရည်မှန်းချက်ကို ပြောသည့်အချိန်၌ လူတိုင်းက အံ့အားသင့်၏။ အိပ်မက် မက်နေသည်ဟုပင် ထင်မှတ်ခဲ့၏။ လူ ၁ သိန်းနေသည့် မြို့တစ်မြို့က မည်မျှ ကျယ်ဝန်းမည်နည်း။ အလွန် ကျပ်ညှပ်စွာ ထားသည့်တိုင်လျှင် စတုရန်းကီလိုမီတာ ထောင်ပေါင်းများစွာ လိုအပ်၏။

၆ မိုင်ခန့် ကျယ်ဝန်းသည့် မြို့ကို လူ ၂၀၀၀ နှင့် တည်ဆောက်မည်ဆိုလျှင် သစ်သားနှင့် ဆောက်လုပ်ပါက ၂ နှစ်၊ ၃ နှစ်ခန့် ကြာမြင့်ပေမည်။ ကျောက်နှင့်ဆိုပါက ၅ နှစ်ခန့် ကြာမြင့်မည်။ ၆ လ အတွင်း အပြီးသတ်နိုင်မည် ဟူသည်က လူနုံ၊ လူအတို့၏ အိပ်မက်သာ ဖြစ်ပေလိမ့်မည်။

သို့သော်ငြား မျက်လှည့်ဆရာတစ်ဦးကဲ့သို့ပင် ရှမ့်လန်၏ လက်ထဲတွင် အသစ်အသစ်သော အရာများက တရစပ် ထွက်ပေါ်လာပြီး လူတို့က ငေးမော ကြည့်နေရုံမှတစ်ပါး အခြားမရှိတော့ချေ။ ပထမဦးဆုံး သူက အချိန်ကုန်လွန်သော သစ်သားနှင့် ကျောက်တုံး ဟူသည့် တည်ဆောက်ရေး ပစ္စည်းနှစ်မျိုးကို စွန့်ပစ်ထား၏။ သူက ပထမဦးဆုံး ထုတ်ဖော် ပြသလိုက်သည့် အရာက ဘိလပ်မြေ ပင်။

တချို့က ဆိုကြ၏။ ဘိလပ်မြေက ပို၍ အချိန်မကုန်ပေဘူးလား။ မီးဖုတ်ရ၏၊ ကြိတ်ရ၏။ ထိုအရာက လူအင်အား အလွန်သုံးရသောလုပ်ငန်း ဖြစ်သည် မဟုတ်ပါလား။ ဤအချက်က တစ်ဝက်သာ မှန်ကန်သည်။

မနီးမဝေးတွင် ငရဲကျွန်း ရှိနေ၏။ ထိုကျွန်းပေါ်တွင် နှစ်အနည်းငယ်လျှင် တစ်ကြိမ် ပေါက်ကွဲသည့် မီးတောင်ရှင် တစ်ခု ရှိ၏။ သို့ဖြစ်၍ မီးတောင်ကျွန်းပေါ်တွင် အပေါများဆုံး အရာက မည်သည့်အရာ ဖြစ်မည်နည်း။ မီးတောင်ပြာများပင်။ ထိုအရာကို ထုံးနှင့် ရောစပ်လိုက်ပါက မီးတောင်ပြာ ဘိလပ်မြေ ဖြစ်လာ၏။ အလွန် ရှေးကျသည်ဟု ထင်ရသော်လည်း ဤဘိလပ်မြေမျိုးက တကယ့်ကို ခိုင်ခံ့၏။

လုပ်ဆောင်ရန်က သင်္ဘောများကို စေလွှတ်၍ ထိုမီးတောင်ပြာများကို သယ်ယူရန်သာ ရှိ၏။ ထုံးအတွက်ကမူ ရှမ့်လန် ရှိနေသည့် ကျောက်စိမ်းလှိုင်းကျွန်းစွယ်တွင် ထုံးကျောက်တွင်းများစွာ ရှိ၏။ ထို့ကြောင့် အစောကြီး တည်းက ဘိလပ်မြေ ထုတ်လုပ်မှုက တကယ့်ကို အဆင့်မြင့်မားနေပြီး အရေအတွက်ဆိုသည်က ရေယာဉ် သင်္ဘောများနှင့် သယ်ယူပို့ဆောင်နိုင်စွမ်း ပေါ်တွင်သာ မူတည်သည်။

ဒုတိယပစ္စည်းမှာတော့ ပို၍ပင် မရှားပါးသည့် အုတ် ဖြစ်၏။ သူက လူထောင်ပေါင်းများစွာတို့ကို အုတ်ဖုတ်ရန် ခိုင်းစေပြီး အုတ်ဖိုများကို တစ်ခုပြီး တစ်ခု တည်ဆောက်၏။ အုတ်များ ကျက်သည်နှင့် တပြိုင်နက် အိမ်များကို ချက်ချင်း ဆောက်လုပ်၍ အားလုံးက ၂ ထပ်တိုက်များ ဖြစ်၏။ သံကူကွန်ကရစ် တိုင်များ မရှိသောကြောင့် အုတ်နှင့် ဘိလပ်မြေကိုသာ သုံးပြီး ၂ ထပ် အထိသာ ဆောက်လုပ်ခြင်း ဖြစ်၏။

နောက်ဆုံး ရှမ့်လန်က ဤတည်ဆောက်ပုံများက နှေးကွေးသည်ဟု ခံစားရသောကြောင့် ဘိလပ်မြေ အုတ်ချပ်ကြီးများကို အကြီးအကျယ် ထုတ်လုပ်စေကာ တည်ဆောက်ရေး အချိန်ကို မြှင့်တင်၏။ သို့ဖြစ်၍ ကျောက်စိမ်းလှိုင်းကျွန်းစွယ်၏ ဖွံ့ဖြိုးတိုးတက်မှုက တစ်နေ့တစ်ခြား ပြောင်းလဲနေတော့သည်။ မိုးအကုန် မှိုတတ်သကဲ့သို့ အိမ်ရာ အဆောက်အအုံများက တစ်လုံးပြီး တစ်လုံး ပေါ်ပေါက်လာခဲ့သည်။

...........................

တစ်လခွဲ ကြာမြင့်ချိန်မှာတော့ အလတ်စား မြို့ပြလေးတစ်ခုက ပုံဖော်ပြီး ဖြစ်၏။ ရှမ့်လန်၏ လက်အောက်တွင် လူ ၂၀၀၀ သာ ရှိတော့သည် မဟုတ်ဘဲ ၅၀၀၀ ထိ တိုးတက်သွား၏။ ကျန်ရှိသည့် သူ ၃၀၀၀ က သူ ငွေပေး၍ ဝယ်ယူခဲ့သည့် ကျွန်များ ဖြစ်၏။

ထိုသူများကို ဝယ်ယူပြီးနောက် ရှမ့်လန်က ထိုသူအားလုံးကို လွတ်လပ်သည့် လူသားများဖြင့် သတ်မှတ်ပေး၏။ သို့သော်ငြား ထိုကျွန်များက ထူးထူးခြားခြား ဝမ်းသာပုံမရဘဲ ထုံထိုင်းမြဲ ထုံထိုင်းနေဆဲပင်။ သို့သော်ငြား သူတို့က အိမ်အသစ်များကို ပြောင်းရွှေ့နေထိုင်ရသည့်အချိန်တွင်တော့ ပီတိလှိုင်းများကို မထိန်းချုပ် နိုင်ခဲ့ကြတော့ပေ။

ကျွန်ဘဝတည်းက ဝက်ခြံကဲ့သို့သော နေရာမျိုးတွင်သာ နေခဲ့ကြသည့် လူများ ဖြစ်၏။ မှူးမတ်တို့၏ ကျွန်များပင်လျှင် အခန်းတစ်ခန်း၌ လူပေါင်းများစွာ ပြွတ်သိပ်ကာ နေထိုင်ရစမြဲပင်။ ယခု ရှမ့်လန်ထံသို့ ရောက်သည့်အချိန်တွင်တော့ တခန်းတွင် လူနှစ်ဦးသာ နေရပြီး အိမ်တစ်လုံးတွင် လူ ၁၂ ဦး နေရသည်။

သူတို့က ဝမ်းသာလွန်းသောကြောင့် ငိုပင် ငိုချင်စိတ်ပေါက်၏။ ထို့ပြင် အမိုးအကာများဖြင့် ဆောက်လုပ် ထားသည့် ဤအုတ်တိုက်များက တချို့ကျွန်များ အတွက်တော့ နန်းတော်နှင့် မခြားနားလှချေ။ သို့သော်လည်း ဤကျွန်များ၏ အလုပ်လုပ်နိုင်စွမ်းက စစ်သည်များထက် များစွာ နှေးကွေး၏။ သူတို့က အလုပ်မကြိုးစား၍ မဟုတ်ဘဲ အသိဉာဏ် နည်းပါးလွန်းသောကြောင့်ပင်။

ကျွန်အများစုက အုတ်ဖုတ်ခြင်း၊ ထုံးဖုတ်ခြင်း သို့မဟုတ် ဘိလပ်မြေကို သတ်မှတ်ထားသည့် အချိုးအစားအတိုင်း ရောစပ်ခြင်းတို့ကဲ့သို့ ရိုးရှင်းသော အလုပ်များကိုသာ လုပ်ဆောင်နိုင်ကြ၏။ သို့သော် ဤအုပ်စုကို ဝယ်ယူပြီးနောက် ရှမ့်လန်၏ စစ်သည် ၂၀၀၀ တို့သည် ငြီးငွေ့ဖွယ်ရာ အလုပ်များမှ လွတ်မြောက်သွားခဲ့ပြီး ပိုမိုမြင့်မားသည့် အတတ်ပညာပိုင်းဆိုင်ရာ အလုပ်များကို လုပ်ဆောင်နိုင်ကြ၏။

..................

ရှမ့်လန်က ကျန်းလီ ချန်ရစ်ခဲ့သည့် သေတ္တာကို ဖွင့်ကြည့်၏။ သေတ္တာမျက်နှာပြင်ပေါ်တွင် လရောင် ကျရောက်သည့်အချိန် ရောမကိန်းဂဏန်းများနှင့် လက်တင်စာလုံးများက ပေါ်ထွက်လာသောကြောင့် သူက အစောကြီးတည်းထဲက ဖွင့်ခဲ့ပြီး ဖြစ်၏။ ဤအရာက လျှို့ဝှက်နံပါတ်ဖြင့် ပိတ်ထားသည့် သေတ္တာတစ်ခု ဖြစ်ပြီး ရှမ့်လန်ဖြင့် အံ့အားသင့်ရ၏။ ဤအရာက ရှေးဟောင်းယဉ်ကျေးမှု၏ ထွက်ကုန်တစ်ခု ဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိချေ။ အတွင်း၌ စွမ်းအင်အရင်းအမြစ်အဖြစ် အိမ်မက်ဆိုး ကျောက်တုံးများ ရှိနေပေလိမ့်မည်။

ဤသေတ္တာ၏ လျှို့ဝှက်နံပါတ်က အဘယ်နည်း။ စုစုပေါင်း ဂဏန်း ၁၉ လုံး ရှိ၏။ တခြားသော သူများသာ ဆိုလျှင် ဤသေတ္တာကို ဖွင့်ရန် မဖြစ်နိုင်ချေ။ သို့သော်ငြား ရှမ့်လန်က လျှို့ဝှက်နံပါတ်ကို တစ်ချက် ကြည့်ရုံနှင့့် သိ၏။ ထိုအရာက တကယ်ပင် သိသာလွန်း၏။ သစ်သားမျက်နှာပြင်ထက်ရှိ စက်ဝိုင်းတစ်ခုထဲတွင် သင်္ကတတစ်ခုရှိပြီး ထိုအရာက 'ပိုင်' သင်္ကေတ ဖြစ်ကြောင်း သံသယ ဖြစ်စရာ မလိုချေ။

သို့ဖြစ်၍ ရှမ့်လန်က ရောမကိန်းဂဏန်း ၃.၁၄၁၅၉၂၆၅၃၅၈၉၇၉၃၂ ကို နှိပ်လိုက်ရာ သေတ္တာက ချက်ချင်း ပွင့်သွား၏။ (လိုက်ရေမနေနဲ့။ ၁၉ လုံးပြည့်တယ်။ ငှိငှိ) အတွင်း၌ အရာဝတ္ထုများ အပြည့်ရှိ၏။ ဆေးလုံးပုလင်း ၅ ပုလင်း၊ ရှေးဟောင်းကျမ်းစာ ၅ အုပ်နှင့် ကျန်းလီ မှတ်တမ်းတင်ခဲ့သည့် သတင်းအချက်အလက် ပုံများစွာ ရှိ၏။ စာလုံးပေါင်း သိန်းချီ၍ ရှိပေလိမ့်မည်။

ဖတ်ရှုပြီးနောက် ရှမ့်လန်က တကယ်ကို အံ့အားသင့်သွား၏။ ဤအရာက ကြီးမားသည့် ရတနာကြီး တစ်ခုပင်။ အထူးသဖြင့် ကျန်းလီ မှတ်တမ်းတင်ခဲ့သည့် အချက်အလက်များက အနောက်လောကတစ်ခုလုံး၏ အဓိက လျှို့ဝှက်ချက်များ ဖြစ်နေသည်။

သို့သော်ငြား အနည်းငယ် စိတ်မသက်မသာ ဖြစ်ရသည်က ဤသေတ္တာက ရှမ့်လန်အတွက် ချန်ထားခြင်း မဟုတ်ဘဲ မင်းသမီး ဟယ်လင် အတွက် ဖြစ်နေခြင်းပင်။ ရှမ့်လန်က သူ၏ သမီးကို အလွန်ချစ်သကဲ့သို့ ကျန်းလီကလည်း ထပ်တူပင် ဖြစ်မည်။ သို့သော် မင်းသမီး ဟယ်လင် မွေးဖွားပြီး မကြာခင်မှာပဲ သူက အနောက်လောကမှ ထွက်ခွာ၍ တော်ဝင်ရန်မင်းဆက်ဆီသို့ ပြန်သွားရ၏။ ထို့ကြောင့် သမီးဖြစ်သူအတွက် အဖိုးတန်ဆုံးသော အရာများကို ချန်ထားခဲ့ခြင်း ဖြစ်မည်။

ဤတစ်လခွဲအတွင်း ရှမ့်လန်က အင်ပါယာကျန်းလီ ချန်ထားခဲ့သည့် ရတနာများကို လေ့လာရင်း အချိန် အများစု ကုန်ဆုံး၏။ ထိုအရာများက အလွန့်ကို ရှုပ်ထွေး၏။ ရှမ့်လန်အတွက် လမ်းပြကြယ်များပင်။ တချို့ ဥပမာကို ပြောရလျှင် ထိုမှတ်တမ်းများတွင် ကျန်းလီက ဟယ်လင်အား ကြီးမားသည့် ရေနံတွင်းကြီး ရှိသည့် နေရာအား ပြောပြထား၏။ ရွှေတွင်းကြီးများ ရှိသည့် နေရာ၊ အကောင်းဆုံး သံသတ္တုရိုင်းများ ထွက်သည့် နေရာများ ကိုလည်း ဖော်ပြထား၏။

ထိုမျှသာ မကသေးချေ။ ကျန်းလီက ရှေးဟောင်း အဆောက်အအုံပျက် နှစ်ခု ရှိရာနေရာ၊ အမေဇုန်အမျိုးသမီး စစ်သည်တော်တို့၏ သမိုင်းကြောင်းနှင့် တားမြစ်ချက်များ၊ ထိုသူတို့၏ လျှို့ဝှက်ချက်များကိုလည်း မှတ်တမ်းတင် ထား၏။ အတိုချုံး ပြောရလျှင် ဧကရာဇ်ကျန်းလီ ချန်ထားခဲ့သည့် သေတ္တာက ရှမ့်လန်အတွက် ကြီးမားဆုံးသော ရတနာသိုက်ကြီးပင်။

သူ့အနေနှင့် နေ့မအိပ် ညမအိပ် အစားအသောက်မေ့ကာဖြင့် လေ့လာနေမိသည်။

........................

ဤတစ်လခွဲအတွင်း ကျန်းချွင်ဟွာက သွေးအန်လုမတတ် ပင်ပန်းနေခဲ့၏။ ခေါင်းဆောင် ဖြစ်သည့် ရှမ့်လန်က အမိန့်ပေးရုံမှတစ်ပါး ဘာမှ မလုပ်ချေ။ ကျန်ရှိသည့် အစီအမံ အားလုံးကို ကျန်းချွင်ဟွာနှင့် သူမ ခေါ်ဆောင် လာခဲ့သည့် ကောင်းကင်ပင်လယ်နန်းဆောင်မှ ကျောင်းသားများက တာဝန်ပေးထား၏။ လူ ၅၀၀၀ တို့၏ အတွင်းရေး ကိစ္စရပ်များက သူမကို တကယ် ဦးနှောက်ခြောက်စေ၏။

သူမက တစ်နေ့လျှင် ၆ နာရီထက် ပိုကာ မအိပ်ရချေ။ အစမှအဆုံး အသစ်မှ စတင်ရခြင်းဖြစ်သောကြောင့် မည်မျှ ခက်ခဲမည် ဖြစ်ကြောင်း နတ်ဘုရားများသာ သိနိုင်၏။ ကံကောင်းသည်က အခြေခံ အဆောက်အုံများ ကို သတ်မှတ်ပြီးသောကြောင့် သူမ အနေနှင့် အရာအားလုံးကို ကိုယ်တိုင် လုပ်စရာ မလိုတော့ခြင်းပင်။

“ရှမ့်လန်... ကျွန်မတို့မှာ ပိုက်ဆံ ကုန်သွားပြီ။” ကျန်းချွင်ဟွာက အခန်းထဲသို့ ဝင်လာ၏။ ရှမ့်လန်၏ ရှေ့တွင် ထိုင်ချလိုက်ပြီး ရေနွေးကြမ်းကို တဂွပ်ဂွပ်နှင့် သောက်သည်။

“ပိုက်ဆံကုန်ပြီ ဟုတ်လား။”

ရှမ့်လန်က အံ့အားသင့်သွား၏။ “ကျုပ်တို့ ဘုရင်မမြို့တော်က ထွက်လာတုန်းက ရွှေဒင်္ဂါး ၃ သိန်း ပါလာတာ မဟုတ်လား။”

“ကုန်သွားပြီလေ။” ကျန်းချွင်ဟွာက ပြောသည်။

ရှမ့်လန်က အံ့အားသင့်သွား၏။ အဘယ်ကြောင့် ဤမျှ မြန်မြန် ကုန်သွားရသနည်း။

“ကျွန်မတို့ လူ ၁ သိန်းစာ အတွက် ရိက္ခာတွေ ဝယ်ထားတယ်။ ပိတ်စတွေ၊ သံရိုင်းတွေ၊ ပန်းပဲဆရာတွေနဲ့ မျိုးစေ့တွေ အများကြီးလည်း ဝယ်ထားတယ်။ ကျွန် ၃၀၀၀ ကိုလည်း ဝယ်ပြီးပြီ။ ပင်လယ်လမ်းကြောင်း ပေါ်မှာလည်း ကျွန် ၂၀၀၀၀ ကျန်သေးတယ်။ ပြီးတော့ လွန်ခဲ့တဲ့ တစ်လခွဲက ရှင် သင်္ဘော ၁၃ စီးကို ငွေပုံပေးပြီး ဝယ်ခဲ့တယ်။ ကျွန်မကို ရောင်းစားရင်တောင် အဲလောက် ပိုက်ဆံ ပြန်မရဘူး။ ဒါနဲ့ ရှမ့်လန် မေးပါရစေအုံး။ ရှင် အဲဒီပစ္စည်းတွေကို ဘာလို့ ဝယ်တာလဲ။”

ရှမ့်လန်က မေး၏။ “ဘာပစ္စည်းတွေလဲ။”

“ရှင် ပိုးထည်အလိပ် ၁၅၀ ကို တစ်လိပ် ရွှေဒင်္ဂါး ၃၀ နဲ့ ဝယ်ထားတယ်။ ဘာလုပ်ဖို့လဲ။ ပြီးတော့ ရွှေနဲ့ ကျောက်စိမ်းဖြူ ရောလုပ်တဲ့ ခါးပတ်၁၀ ခု ... အဲဒါ ဘာလို့ ဝယ်တာလဲ။ ဈေးအကြီးဆုံး ကတ်ဗီးယား ငါးဥတွေ၊ သမင် ၁၅၀၊ နို့စားနွား ၃၀၀၊ ခိုင်းနွား ၂၇၀၊ ပြီးတော့ ၁၅ နှစ် သက်တမ်းရှိတဲ့ ဝိုင်မျိုးစုံက ပေပါပေါင်း ၅၃၀၊ ပန်းရနံ့သင်းရည် ပုလင်းပေါင်းက ၃၅၆ ပုလင်း၊ ဘီးတွေလည်း ပါသေးတယ်။

ဆင်စွယ်ဘီးတွေရော၊ ကျောက်စိမ်းဘီးတွေရော အခု ၁၀၀ ကျော်တယ်။ ပြီးတော့ ကျောက်မျက်ရတနာတွေ.. ရှင် ပိဿာလိုက် ဝယ်ထားတာ။ ရတနာကို ပိဿာနဲ့ ချိန်ဝယ်တာ ရှင် တစ်ယောက်ပဲ ရှိလိမ့်မယ်။ ဧကရာဇ်မင်းကြီး... မေးပါရစေအုံး အဲဒါတွေက ဘာလုပ်ဖို့လဲ။”

ရှမ့်လန်က အေးအေးဆေးဆေးပင် ပြန်ပြောသည်။ “သုံးဖို့၊ စားဖို့၊ သောက်ဖို့ပေါ့။”

ကျန်းချွင်ဟွာက ငိုချင်စိတ်ပင် ပေါက်၏။ သူမ၏ တင်ပါးအောက်ရှိ ထိုင်ခုံဖြင့် ဤအနာဂတ် ဧကရာဇ်ကြီးကို ထရိုက်ချင်စိတ်ပင် ပေါက်နေ၏။ မည်သို့သောအချိန်သို့ ရောက်နေသနည်း။ ဧကရာဇ် တစ်ယောက် အနေနှင့် စာအုပ်ကို အေးအေးဆေးဆေး ဖတ်နေရုံနှင့် မပြီးဘဲ သေချာကြိုးစားသင့်သည်။ ချိုးချံသင့်သည်။ သို့ပေမည့် ထိုသူကတော့ ဇိမ်ခံပစ္စည်းများအတွက် ရွှေဒင်္ဂါး သောင်းနှင့်ချီ သုံးနေ၏။

“ရှင် တကယ်ပဲ တော်ဝင်ရန်အင်ပါယာကို ပြန်တိုက်မှာလား။ ရှင်နောက်ကို လိုက်ရတာ တကယ်ရော စိတ်ချရရဲ့လား။”

ချက်ချင်းပဲ ကျန်းချွင်ဟွာက ပြတ်သားစွာ ပြောသည်။ “ရှမ့်လန်.. ရှင်က ကျွန်မရဲ့ ဧကရာဇ် ဆိုတော့ ကျွန်မ အကြံပေးမယ်။ လုပ်ငန်းစရတာ ခက်ခဲတယ်။ ရှင် ဘယ်လိုလုပ် ဒီလောက်ကြီး ဖြုန်းတီးနိုင်ရတာလဲ။

ကျွန်မတို့က ပြည်နင်ဒဏ်သင့်နေတဲ့ အစိုးရ ဖြစ်နေပြီ။ အပင်ပန်းခံပြီး တည်ဆောက်နေရတာ။ ရှင်က ဘာ အခွင့်အရေးနဲ့ ဒီလောက် ဇိမ်ခံနေတာလဲ။ ရှင်ရဲ့ဘိုးဘေးတွေနဲ့ သစ္စာရှိတဲ့ နောက်လိုက်တွေကို အားမနာဘူးလား။”

ကျန်းချွင်ဟွာက စကားမဆုံးခင်မှာပင် ရပ်တန့်သွား၏။ အကြောင်းရင်းက ရှမ့်လန်က သူမ၏ နှုတ်ခမ်းဝဆီသို့ ဝိုင်တစ်ခွက်ကို လာကပ်ပေးပြီး တိုက်ကျွေးလိုက်သောကြောင့်ပင်။ ပြီးနောက် သူက အသားကင် တစ်ဖဲ့ကို လှီး၍ သူမအား ခွံ့ကျွေးလိုက်ပြန်၏။ နောက်ဆုံးမှာတော့ သူမ၏ လည်ပင်းပေါ်တွင် ကျောက်မျက် ဆွဲကြိုးကြီးကို ဆွဲပေးပြီး လှပသည့် ဝတ်စုံတစ်ခုကို ယူဆောင်ကာ ပေး၏။

“မွှေးလိုက်တာ။”

ကျန်းချွင်ဟွာက တီးတိုး ရေရွတ်လိုက်သည်။ "ဒီဝတ်စုံက သိပ်လှတာပဲ။ ဒါပေမယ့် ရင်ထိုးလေး တစ်ခုတော့ လိုသေးတယ်။ အိမ်မက်အရှင် မြို့တော်မှာ အကောင်းစား ရတနာတွေ ရှိတယ်။ နောက်တစ်ခါကျရင် ရင်ထိုးနဲ့ ဆံညှပ်ကလစ်လေး ဝယ်အုံးမှ။”

ဤသို့နှင့် ကျန်းချွင်ဟွာက လက်ဆောင်ပုံးကြီးကို ပိုက်ပြီး ပြန်လှည့်ကာ ထွက်ခွာသွားခဲ့၏။ သို့သော်ငြား ခဏကြာချိန်မှာတော့ သူမက ပြန်ရောက်လာ၏။ ဤဒီအချိန်မှာတော့ သူမက ရှမ့်လန်ကို မဆူတော့ချေ။ ထိုအစား ဝမ်းနည်းပက်လက်ဖြင့် ပြော၏။

“ရှမ့်လန်... ပိုက်ဆံက တကယ်ကုန်သွားပြီ။ အရင်က ပင်လယ်ဓားပြတွေဆီက သင်္ဘော ၁၃ စီး မှာထားတာ အခု ဆိပ်ကမ်းကို ရောက်တော့မယ်။ ကျွန်မတို့မှာ ပိုက်ဆံမရှိရင် အဲဒီသင်္ဘောတွေကို ယူလို့မရဘူး။ သင်္ဘော မရှိရင် မီးတောင်ပြာလေးကို သယ်နိုင်မှာ မဟုတ်ဘူး။ ဘိလပ်မြေ ထုတ်လုပ်မှုကလည်း ရပ်သွားလိမ့်မယ်။”

ရှမ့်လန်က မေးသည်။ “ဒီတစ်ခါ ဘယ်လောက်တောင် လိုတာလဲ။”

“ရွှေဒင်္ဂါး တစ်သိန်းခွဲ။” ကျန်းချွင်ဟွာက ပြော၏။

ရှမ့်လန်က လန့်ဖြန့်သွား၏။ “ဒါက ဓားပြတိုက်နေတာ မဟုတ်လား။ သင်္ဘောတစ်စီးကို တစ်သောင်းကျော် တောင်လား။”

ကျန်းချွင်ဟွာက ပြောသည်။ “ဒီသင်္ဘောတွေကို သူတို့က မိုင်ပေါင်းထောင်ချီဝေးတဲ့ နေရာကနေ တိုက်ခိုက် လုယူလာခဲ့တာ။ ဈေးကြီးပေမယ့် ဒါက အသက်နဲ့ လဲထားရတာပဲ။ ပင်လယ်ရေပြင် စီးပွားရေး ကုန်းပေါ်က စီးပွားရေးနဲ့ မတူဘူး။ သွေးမြေကျမှ အမြတ်ရတာ။ ပြီးတော့ သင်္ဘောတိုင်းမှာ သင်္ဘောသားတွေလည်း ပါပြီးသား ဆိုတော့ ဒီဈေးက မကြီးဘူး။”

အပိုင်း (၈၁၀)

တချို့က ဆိုကြပေလိမ့်မည်။ ရှမ့်လန်၏ လူများက ပင်လယ်ဓားပြများ ဖြစ်ကြသည် မဟုတ်ပါလား။ အဘယ်ကြောင့် ကိုယ်တိုင် မတိုက်ခိုက်ကြနည်း။ လုံးဝ မဖြစ်နိုင်ချေ။ ယုန်က မိမိ၏ တွင်းနားက မြက်ကို မစားဟူသည့် စကားရှိ၏။

ရှမ့်လန်က မြို့ကို တည်ဆောက်ချင်လျှင် ပုံမှန် ကုန်သွယ်မှုကိုသာ အားကိုးရမည်။ အခြားသောသူများ သူ့ထံမှ ငွေရနိုင်သရွေ့ ပင်လယ်ဓားပြများနှင့် ကုန်သည်များက သူ့ထံသို့ ကုန်စည်များ အဆက်မပြတ် သယ်ဆောင်လာပေလိမ့်မည်။ ထိုအရာက အရင်းအမြစ်များကို ရယူရန် ထိရောက်ဆုံးသော နည်းလမ်းပင် ဖြစ်၏။ တစ်ကြိမ်တစ်ခါမျှ ဂုဏ်သိက္ခာ ပျက်စီးသွားပါက မည်သူမျှ စီးပွားရေး လာလုပ်တော့မည် မဟုတ်ချေ။

“ကျုပ်ဆီမှာ ရွှေဒင်္ဂါး ဘယ်လောက် ကျန်သေးလဲ။” ရှမ့်လန်က မေးသည်။

ကျန်းချွင်ဟွာက ဖြေလိုက်၏။ “၂ သောင်းပဲ ရှိတော့တယ်။”

ရှမ့်လန်က အနည်းငယ် ရှက်မိသွား၏။ သူ ဖြုန်းတီးခဲ့မိသည်က အနည်းငယ် များသွားခဲ့၏။ ပိုက်ဆံရှိလျှင် သူ မသုံးဘဲ မနေနိုင်ချေ။ ဤသင်္ဘော ၁၃ စီးက တကယ့်ကို အရေးကြီး၏။ မီးတောင်ပြာ သယ်ယူရန် သာမက ယမ်းစိမ်းများ သယ်ယူရန်အတွက်လည်း သင်္ဘော အမြောက်အမြား လိုအပ်သည်။ သင်္ဘောများက ရှမ့်လန်၏ အသက်သွေးကြော ဖြစ်သည်ဟု ဆိုနိုင်၏။ သင်္ဘောတစ်စီးကို ရွှေဒင်္ဂါး ၁ သောင်းက ဈေးကြီးသည်ဟု ထင်ရသော်လည်း ရှမ့်လန်အတွက် အချိန်များစွာ သက်သာစေသည်။

“ဒီသင်္ဘောတွေ ကမ်းကပ်ဖို့ ဘယ်လောက် ကြာအုံးမှာလဲ။” ရှမ့်လန်က မေး၏။

“၁၀ ရက်လောက် ကြာအုံးမယ်။” ကျန်းချွင်ဟွာက ဖြေသည်။

ရှမ့်လန်က ပြောလိုက်၏။ “ကောင်းပြီ။ ကျုပ် ခဏလောက် အပြင်သွားလိုက်အုံးမယ်။”

ကျန်းချွင်ဟွာက မေးလိုက်သည်။ “ဘယ်ကို သွားမလို့လဲ။”

“ပီကျင်းမြို့ကို ပိုက်ဆံ သွားရှာမယ်။” ရှမ့်လန်က ပြန်ပြော၏။

ကျန်းချွင်ဟွာက ပြောပြန်သည်။ “ရှင် တကယ်ပဲ ကိုယ့်ကိုယ်ကိုယ် ရောင်းစားမလို့လား။”

ရှမ့်လန်က နှာခေါင်းရှုံ့လိုက်၏။ “ဘာတွေ ပြောနေတာလဲ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကျုပ်က အနာဂတ်ရဲ့ ဧကရာဇ်ပဲ။ ဘာလို့ ကိုယ့်ကိုယ်ကိုယ် ရောင်းစားရမှာလဲ။ ခင်ဗျားရဲ့ အတွေးတွေက သိပ်ပြီး အန္တရာယ် များတယ်။ ပိုက်ဆံမရှိတာနဲ့ အဲဒီလမ်းကြောင်းကို တွေးနေတော့တာပဲ။ ကျုပ် ထပ်ပြောမယ်။ ကျုပ်က အနာဂတ်ရဲ့ ဧကရာဇ်၊ ကမ္ဘာပေါ်မှာ အမြင့်မြတ်ဆုံးသော သူပဲ။ ကျုပ်ရဲ့ အမူအကျင့်က အပြစ်ကင်းစင်ရမယ်။ ခင်ဗျား ကျုပ်ကို ကိုယ့်ကိုကိုယ် ရောင်းစားမယ်လို့ ပြောချင်တာလား။ ဒါက ဧကရာဇ်ကို စော်ကားတာနဲ့ တူတူပဲ။”

ကျန်းချွင်ဟွာက ဦးညွှတ်ကာ ပြောသည်။ “ကျွန်မ မှားသွားပါတယ်။”

........

၂ ရက်ခွဲခန့် ကြာပြီးနောက် ရုပ်ဖျက်ထားသည့် ရှမ့်လန်က ပီကျင်းမြို့သို့ ရောက်ရှိလာသည်။ ထိုနေရာက သာမန် အိမ်တစ်လုံး ဖြစ်သော်လည်း အတွင်းသို့ ဝင်လိုက်သည်နှင့် အလွန်ပင် ခမ်းနားထည်ဝါ၏။ ဤအိမ်ပိုင်ရှင် က ချမ်းသာသော်လည်း မျိုးရိုးမြင့်သူမဟုတ်သောကြောင့် အပြင်ပန်းကို အလွန်အမင်း မကြွားဝါစွာဖြင့် တည်ဆောက်ထားခြင်း ဖြစ်၏။

ဤအရာက ဗီတာမျိုးနွယ်၏ အနိဠာရုံပင်။ မည်မျှ ချမ်းသာပါစေ၊ ရှီလွန်မင်းဆက်တွင် ဗီတာလူမျိုးဆိုသည်မှာ လူလတ်တန်းစားနှင့် အောက်ခြေလူတန်းစားသာ ရှိရပေမည်။ ပီကျင်းမြို့၏ တောင်ခြေတွင်သာ နေထိုင်ရပြီး ဆင်းရဲသည့် လူဖြူများက တောင်ကုန်းပေါ်တွင် နေထိုင်ကာ သူတို့ကို နှိမ့်ချ ကြည့်ရှုနိုင်သည်။

“ရှင်.. ရှင် တကယ်လာရှာတာလား၊ ရှင့်ကို သိပ်လွမ်းနေတာ။”

လှပသည့် အမျိုးသမီး တစ်ဦးက ရှမ့်လန်၏ ရင်ခွင်ထဲသို့ တိုးဝင်ပြီး ဆီးကြိုကာ နမ်းရှုံ့လျက် ရှိ၏။ မကြာခင်မှာပင် သူတို့ နှစ်ဦးက ရစ်ပတ်မိ၏။ အဝတ်အစားများလည်း ပျောက်ကွယ်သွား၏။

အပြင်ဘက်မှ ရှမ့်လန်ကို စောင့်ရှောက်ရန် လိုက်ပါလာခဲ့သည့် မုန့်ရိုလန်က ထိုအသံများကို ကြားချိန်မှာတော့ ဦးရေပြားများပင် ထုံကျဉ်သွား၏။ ဤလူက သူတို့ သစ္စာခံရမည့် အရှင်သခင် ဟုတ်ပါသည်လား။ သူမ အရှင်းသား ကြားနေရရင် ရှမ့်လန်က မြင့်မြတ်သည့် လူသားဧကရာဇ် ဖြစ်ကြောင်း၊ အပြစ်ကင်းစင်သည့် သူမျိုး ဖြစ်ကြောင်း ကျန်းချွင်းဟွာကို ပြောနေခဲ့သည် မဟုတ်ပါလား။

နောက်ဆုံးမှာတော့ ပိုက်ဆံရရန် လှပသည့် အမျိုးသမီး ကုန်သည်တစ်ဦးနှင့် အိပ်စက်နေ၏။ ဤအရာက ကိုယ့်ကိုယ်ကိုယ် ရောင်းစားခြင်း မဟုတ်ပါလား။ သူမ၏ အရှင်သခင်၌ အခြေခံစည်းမျဉ်းဟူ၍ မရှိချေ။ အုပ်ချုပ်သူ တစ်ဦးနှင့်လည်း လုံးဝမတူပေ။ သူမ သစ္စာခံခဲ့သည့် ဘုရင်မမီဒူဆာက မည်မျှ မြင့်မြတ်လိုက်သနည်း။ နှစ်ဦးကြားတွင် အဘယ်ကြောင့် ဤမျှ ကြီးမားစွာ ကွာခြားနေရသနည်း။

.......................

နာရီဝက်ခန့် ကြာမြင့်ပြီးနောက် …

“အချစ်.. လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက ဘုရင်မမြို့တော်မှာ ရှိနေတာ မဟုတ်လား။ ရှင်က ဘုရင်မ မီဒူဆာရဲ့ ကြင်ယာတော် မဟုတ်လား။ ဘာလို့ ဆင်းရဲနွမ်းပါးတဲ့ ဒီဟေးလ်ဆီကို ပြန်လာရတာလဲ။” မုဆိုးမ ဟေးလ်က ကလူကျီစယ်စွာဖြင့် ပြောလိုက်၏။

ဤရက်ပိုင်းအတွင်း သူမ ရှမ့်လန်ကို လွမ်းနေခဲ့သည်လား။ အလွန်ပင် လွမ်းခဲ့၏။ ရှမ့်လန်၏ အကြောင်းကို တွေးမိတိုင်း သူမက မူးယစ်နေသကဲ့သို့ပင် ခံစားရသည်။

သို့သော်ငြား အလွမ်းကြောင့် မနေမထိုင် ဖြစ်နေသည်လား။ မဟုတ်ပေ။ ဟေးလ်က တကယ့်ပင် သွက်လက်ပြီး လွတ်လပ်သည့် အမျိုးသမီး တစ်ယောက် ဖြစ်၏။ ချစ်ရသူနှင့် အတူရှိနေချိန်တွင် သူမ၏ စိတ်အာရုံကို အစွမ်းကုန် လွှတ်ထားတတ်သော်လည်း ခွဲခွာနေချိန်တွင်တော့ သူမက ကိုယ်ပိုင်ဘဝကို ပြန်လည် ဝင်ရောက်နိုင်၏။ သူမက ယောက်ျားမရှိဘဲနှင့်လည်း ကောင်းမွန်စွာ နေထိုင်နိုင်၏။

ရှမ့်လန်က ပြောသည်။ “အချစ်... မင်းနဲ့ စီးပွားရေး တစ်ခု လုပ်ချင်တယ်။”

ဟေးလ်၏ မျက်ဝန်းများက လှုပ်ခတ်သွားခဲ့၏။ သူမက ထိုစကားကို မကြားချင်ချေ။ သူမ ရှမ့်လန်ကို လက်ထပ်၍ ပိုင်ဆိုင်သမျှကို ခွဲဝေပေးချင်သည်ဟု ပြောခဲ့သည်မှာ အတည် ဖြစ်၏။ လက်ထပ်ပြီး သားသမီး ရလာလျှင် မိသားစု ဖြစ်သွားမှာဖြစ်ကာ အရာအားလုံးက မိသားစုပိုင် ပစ္စည်းများ ဖြစ်ပေမည်။

သို့သော်ငြား ရှမ့်လန်က သူမကို လက်ထပ်မည် မဟုတ်ကြောင်း ထင်ရှား၏။ သူမက ချစ်ခြင်း၏ ပြယုဂ်အဖြစ် ရှမ့်လန်အား တန်ဖိုးကြီး လက်ဆောင်များ ပေးနိုင်သော်လည်း တိုက်ရိုက် ငွေပေးကမ်းရန်က မဖြစ်နိုင်ချေ။ ထိုအရာက ကုန်သည်တစ်ဦး ဖြစ်သည့် သူမ၏ မူဝါဒနှင့် ဆန့်ကျင်နေ၏။

ဟေးလ်က ရှမ့်လန်၏ ရင်ခွင်ထဲမှ အသာထွက်ခွာပြီး ပိုးထည် ညဝတ်ဝတ်စုံကို ဝတ်၏။ ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။ “အချစ်ရေ.... အချစ်ကို ကျွန်မ သိပ်ချစ်တယ်။ ဒါပေမယ့် အချစ်က အချစ်၊ စီးပွားရေးက စီးပွားရေးပဲ။ အချစ်သာ စီးပွားရေး လုပ်ချင်တယ်ဆိုရင် ကုန်သည်တွေရဲ့ စည်းမျဉ်းအတိုင်းပဲ သွားရလိမ့်မယ်။”

ရှမ့်လန်က ပြော၏။ “သိပ်မှန်တာပေါ့။”

ဟေးလ်က ပြောသည်။ “ဒါဆိုရင် ဘယ်လို စီးပွားရေးလဲ။ အချစ်က ကိုယ့်ကိုယ်ကိုယ် ရောင်းစားမှာလား။”

“ဟုတ်တယ်။”

“တစ်ကြိမ်ကို ရွှေဒင်္ဂါး ၁၀ ပြား။ ဒါ အမြင့်ဆုံးဈေးပဲ။” ဟေးလ်က စနောက်၏။

ရှမ့်လန်က တိုးညင်းစွာ ပြောလိုက်သည်။ “ဒါပေမယ့် ဟေးလ်ရေ.. မင်းက တန်ဖိုးဖြတ်လို့ မရဘူး။ မင်းနဲ့ အတူရှိနေတဲ့ အချိန်တိုင်းက နတ်ပြည် ရောက်နေသလိုပဲ။ မင်းနဲ့ တစ်ညသာ ပျော်မွေ့ရဖို့အတွက် အရာအားလုံးကို ပေးဆပ်ဖို့ အသင့်ပါပဲ။”

ထိုသို့ ပြောရင်း သူက သေတ္တာကို ဂရုတစိုက် ဖွင့်၏။ ကြွေပန်းကန်လုံးနှင့် ဝိုင်ခွက်များကို ထုတ်၏။

ဟေးလ်၏ မျက်လုံးများက တောက်ပသွား၏။ သူမက တုန်ယင်စွာဖြင့် ပြောသည်။ “ဒါ... ဒါ... ဒါ ကြွေထည်တွေလား။”

အရှေ့လောကနှင့် အနောက်လောက၏ စီးပွားရေးက တကယ့်ကို ခြားနား၏။ အရှေ့လောကတွင် တန်ဖိုး မရှိသည့် အရာက အနောက်လောကတွင် တကယ့်ကို အဖိုးတန်၏။ အရှေ့နှင့် အနောက် ကုန်သွယ်မှု လုံးဝ မပြတ်တောက်မီက အရှေ့လောကမှ ပိုးထည်၊ လက်ဖက်ရည်နှင့် ကြွေထည်များက အနောက်လောကသို့ ရောက်ခဲ့ဖူး၏။

နောက်ပိုင်း အဆက်အသွယ် ပြတ်တောက်သွားချိန်မှာတော့ တချို့သော အရှေ့တိုင်းသားများက ရှီလွန်အင်ပါယာ ဆီသို့ ရောက်လာပြီး တောရိုင်းပိုးကောင်များကို ရှာဖွေကာ ပိုးမွေးမြူရေးကို စတင်၏။ သို့သော်ငြား ရှီလွန်အင်ပါယာ၏ ပိုးထည်ဈေးနှုန်းက ထုတ်လုပ်မှု နည်းပါးသောကြောင့် တော်ဝင်ရန် အင်ပါယာထက် ၅ ဆခန့် ဈေးကြီးနေဆဲပင်။

လက်ဖက်ရည်ကမူ လွယ်ကူ၏။ လက်ဖက်ပင်ကို ရှာတွေ့သည်နှင့် အကြီးအကျယ် စိုက်ပျိုးနိုင်သောကြောင့် ယခု ရှီလွန်မင်းဆက်တွင် လက်ဖက်ခြံများစွာ ရှိနေပြီး ဈေးနှုန်းကလည်း တော်ဝင်ရန်အင်ပါယာထက် ၁.၅ ဆခန့်သာ များတော့သည်။

သို့သော်ငြား ကြွေထည်များက ခက်ခဲ၏။ အရှေ့ဘက်မှ ထွက်ပြေးလာသည့်သူများက စစ်သည်များ သို့မဟုတ် မှူးမတ်များ ဖြစ်ကြသောကြောင့် ကြွေထည်လုပ်နည်းကို မည်သူ သိရှိမည်နည်း။ ရှီလွန်မင်းဆက်၌ မှူးမတ်တို့က ရွှေကိုသုံး၍၊ သူဌေးတို့က ငွေကိုသုံးကာ၊ သာမန်လူတို့က မြေထည်ကိုသာ သုံးကြ၏။

ကြွေထည်ဟူသည်က ကုန်သွယ်မှုပြတ်တောက်သွားသဖြင့် ရှားပါးပစ္စည်း ဖြစ်နေ၏။ မှူးမတ်အနည်းငယ် တွင်သာ ရှိပြီး စားပွဲတစ်ခုတွင် ကြွေထည်များ မပါပါက လှောင်ပြောင်ခံရတတ်၏။ ရှီလွန်အင်ပါယာ တစ်ခုလုံးတွင် ကြွေထည်က အမြင့်ဆုံးသော အသုံးအဆောင်ဖြစ်၏။ ရှားပါးလေ တန်ဖိုးကြီးလေပင်။

ဟေးလ်က မီးအိမ်အောက်ရှိ ကြွေထည်များကို ငေးကြည့်နေ၏။ ထိုအရာက တကယ်ကို အံ့အားသင့်စရာ ကောင်း၏။ ကျောက်စိမ်းကဲ့သို့ ချောမွေ့ပြီး စက္ကူကဲ့သို့ ပါးလွှာ၏။ ထို့ပြင် အပေါ်တွင် လှပသည့် ပုံစံများလည်း ပါရှိ၏။ ထိုအရာက ဆေးခြယ်ထားခြင်းမျိုး မဟုတ်ဘဲ ကြွေထည်ဖုတ်စဉ်တည်းက ပါလာခဲ့ခြင်း ဖြစ်ပေမည်။

ဤကြွေထည်သုံးခုက နယ်စားကြီး ဒီဘိုရာ၏ အိမ်ရှိ ကြွေထည်များထက် ပိုမိုကာ အဖိုးတန်၏။ ရှမ့်လန်က နယ်စားကြီး၏ အိမ်တွင် နေခဲ့ဖူးသောကြောင့် သူမ၌ ကြွေထည်အစုံပေါင်း ဒါဇင်နှင့်ချီ ရှိကြောင်း သိ၏။ ထိုအရာများက တော်ဝင်အင်ပါယာတွင်ပင်လျှင် ရတနာများ ဖြစ်ကြ၏။

သို့သော်ငြား ရှမ့်လန် ထုတ်ပြလိုက်သည့် နမူနာသုံးခုနှင့် ယှဉ်၍ ရလိမ့်မည် မဟုတ်ချေ။ ရှမ့်လန်၏ ကြွေထည်များ က ကမ္ဘာမြေမှ နှစ်ပေါင်းထောင်ချီသော ကြွေထည် အတတ်ပညာ၏ ပြယုဂ်များပင်။ ရက်ပေါင်း ၅၀ အတွင်း သူက ကြွေထည်ပေါင်း ထောင်ချီ၍ ဖုတ်ခဲ့သော်လည်း အချောထည်က ဒါဇင် အနည်းငယ်သာ ထွက်၏။ ကျန်ရှိသမျှအားလုံးက အနာအဆာများ ပါသွား၏။ ထိုကဲ့သို့သော ရတနာများက အဘယ့်ကြောင့် အံ့အားသင့်စရာ မကောင်းဘဲ နေမည်နည်း။

ရှမ့်လန်က ပန်းကန်လုံးကို ညွှန်ပြသည်။ “ဒီပန်းကန်လုံးက ဘယ်လောက်တန်မလဲ။”

ဟေးလ်က မီးရောင်အောက်တွင် ကြည့်၏။ ပြီးနောက် သူမ၏ ကိုယ်လေးက တုန်ယင်သွား၏။ မျက်ရည်များပင် ဝဲလာ၏။ အကြောင်းရင်းက ထိုပန်းကန်လုံးက အပြစ်ကင်းစင်သည့် ကျောက်စိမ်းဖြူကဲ့သို့ ဖြစ်နေသောကြောင့်ပင်။ ထိုအရာက ပါးလွှာပြီး ကြည်လင်နေသောကြောင့် ပုံမရှိဘူး ထင်ရသော်လည်း စူးရှသည့် အလင်းရောင်အောက်တွင် လွန်စွာ လက်ရာမြောက်သည့် ပုံရိပ်တစ်ခုကို မြင်ရ၏။ ထိုအရာက ငွေစက္ကူ ပေါ်မှ ရေစာနှင့်ပင် ဆင်တူ၏။ ထိုပုံရိပ်က ဟေးလ်၏ ပုံတူပင် ဖြစ်နေသည်။ တကယ်ကို လက်ရာမြောက်လွန်းလှ၏။

“ဒါ... ကျွန်မအတွက် တန်ဖိုးဖြတ်လို့ မရဘူး။”

ဟေးလ်က ပြောသည်။ “ဒါကို မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းပြီး ယူသွားရမှာ။”

ရှမ့်လန်က မေး၏။ “အပြင်ဈေးကွက်မှာဆိုရင် ဒါမျိုး တစ်လုံးကို ဘယ်လောက်နဲ့ ရောင်းလို့ရနိုင်မလဲ။”

ဟေးလ်က ပြန်မေးသည်။ “အကြီးအကျယ် ရောင်းရမှာလား။ ဒါမှမဟုတ် ဇိမ်ခံပစ္စည်းအနေနဲ့ အနည်းငယ်ပဲ ရောင်းမှာလား။ ဘယ်လို ရောင်းချင်တာလဲ။”

ရှမ့်လန်က ဖြေ၏။ “အကြီးအကျယ် ရောင်းမှာ။”

“လက်ကားပေါ့။”

ဟေးလ်က ခဏမျှ စဉ်းစားသည်။ “ကုန်သွယ်မှု ပြတ်တောက်နေတာ ကြာပြီဆိုတော့ ရှီလွန်မင်းဆက်မှာ ကြွေထည် တစ်လုံး ကွဲသွားရင် တစ်လုံး လျော့သွားတယ်။ ဈေးက အဆမတန် ကြီးနေတယ်။ ကြွေပန်းကန်လုံး အကောင်းစားတစ်လုံးက ရွှေဒင်္ဂါး ၁၀ ပြားထက်မက တန်တယ်။

ပြီးတော့ ဒီပန်းကန်လုံးက လက်ရှိ ကြွေထည်တွေထက် အများကြီးသာတော့ ပိုပြီး ဈေးရလိမ့်မယ်။ ဒါပေမယ့် အများကြီး ထွက်လာရင်တော့ ရှားပါးမှု လျော့သွားလိမ့်မယ်။ ရှီလွန်တစ်ခုလုံးမှာ အကြီးအကျယ် ခေတ်စား သွားလိမ့်မယ်။ မှူးမတ်တွေအတွက် ဒါမရှိရင် သိက္ခာကျစရာတောင် ဖြစ်လာနိုင်တယ်။ ဒါကြောင့် ဒီလို ပန်းကန်လုံးတစ်ခုကို ရွှေဒင်္ဂါး ၁၅ ပြား သတ်မှတ်တာက တော်တော်လေး ကျိုးကြောင်းဆီလျော်မယ်လို့ ထင်တယ်။”

ထိုအရာက ရှမ့်လန် မျှော်လင့်ထားသည့် ဈေးနှင့် နီးစပ်၏။ သူက အိမ်သုံးပစ္စည်းများကို ရောင်းနေခြင်း မဟုတ်ဘဲ ဂုဏ်သိက္ခာကို ရောင်းနေခြင်း ဖြစ်သောကြောင့်ပင်။ ထိုအရာက ဇိမ်ခံပစ္စည်း သက်သက် ဖြစ်၏။ ရွှေဒင်္ဂါး ၁၅ ပြား ဆိုသည်က အဆမတန်သော အမြတ်အစွန်း ဖြစ်၏။

ရှမ့်လန်က ပြောလိုက်သည်။ “အနာဂတ်မှာ အချစ်ကို ကြွေထည်အစုံ လေးထောင် ပေးမယ်။ တစ်ယောက်တည်း ကိုယ်စားလှယ်အဖြစ် ပြန်ရောင်းမလား။”

ဟေးလ်၏မျက်လုံးများက ပြူးကျယ်၏။ ပြီးနောက် တည်ငြိမ်စွာဖြင့် ပြော၏။ “ဒါဆိုရင် ကျွန်မရဲ့ တခြား စီးပွားရေးတွေ အကုန်လုံး စွန့်လွှတ်ပြီး နှစ်အနည်းငယ်အတွင်း ကျွန်မရဲ့ ပိုင်ဆိုင်မှုတွေကို အဆပေါင်းများစွာ တိုးအောင် လုပ်နိုင်ပြီ။ ကျွန်မတို့မိသားစုက ဒီလောက်ကြီးမားတဲ့ လုပ်ငန်းကြီးကို ဘယ်လို လက်ခံရမလဲ တောင် စဉ်းစားလို့ မရဘူး။”

ရှမ့်လန်က ပြောသည်။ “ဒါဆိုရင် အချစ် ဘယ်လောက်နဲ့ ပြန်ရောင်းမယ်ဆိုတာ ကျုပ် ဂရုမစိုက်ဘူး။ ကြွေထည် ၅ ခု ပါတဲ့ အစုံတစ်စုံကို ရွှေဒင်္ဂါး ၅ ပြားနဲ့ ရောင်းမယ်။ ဘယ်လိုလဲ။”

ဟေးလ်က ပြော၏။ “ဒါဆိုရင် ကျွန်မက တောင်ပိုင်းဒေသတစ်ခုလုံးရဲ့ အချမ်းသာဆုံး အမျိုးသမီးတွေထဲက တစ်ယောက် ဖြစ်လာတော့မှာပေါ့။”

ရှမ့်လန်က ပြောသည်။ “ဒါပေမယ့် ရွှေဒင်္ဂါး ၂ သိန်းခွဲ ကြိုပေးရမယ်။ အဲလောက် ရှိလား။”

ဟေးလ်က ပြော၏။ “ပိုက်ဆံအများကြီး ရှိတယ်။ ဘာလို့လဲဆိုတော့ ကျွန်မ မိသားစုက နှစ်ပေါင်းရာနဲ့ ချီပြီး စုဆောင်းခဲ့တာ။ ဒါပေမယ့် အချစ်... အခုလိုချင်တဲ့ ၂ သိန်းခွဲဆိုတာ ကျွန်မရဲ့ ရွှေပိုင်ဆိုင်မှု ထက်ဝက် လောက်တောင် ရှိနေတယ်။”

ရှမ့်လန်က ပြောသည်။ “ဒါက မင်း ကျုပ်အပေါ်မှာ ဘယ်လောက်ထိ ယုံကြည်မှု ရှိလဲဆိုတဲ့အပေါ် မူတည်တာပဲ။ ကျုပ် က လူလိမ်တစ်ယောက်ဆိုရင် မင်းမိသားစုရဲ့ ရွှေတစ်ဝက်လောက် ဆုံးရှုံးသွားလိမ့်မယ်။ ဒါပေမယ့် မင်းနဲ့ကျုပ် ပုဂ္ဂိုလ်ရေးအရ အခြေခံချက်တွေက ယုံကြည်ရမယ်လို့ မျှော်လင့်တယ်။ စီးပွားဖက်အနေနဲ့ ကျုပ်ရဲ့ အခြေစိုက်စခန်းကို လာလည်ဖို့လည်း ဖိတ်ခေါ်တယ်။”

“မလိုပါဘူး။ ကျွန်မ အရင်ဆုံး သဘောတူပြီး ပိုက်ဆံပေးလိုက်မယ်။ ပြီးမှ အချစ်ဆီကို လာလည်မယ်။”

ဟေးလ်က ပြော၏။ “ကျွန်မရဲ့ ရွှေတွေကို သိပ်လျှို့ဝှက်တဲ့ နေရာမှာ သိမ်းထားတာ။ အချစ် လိပ်စာ ပေးထားလိုက်။ အဲဒီကို ပို့ပေးမယ်။”

ရှမ့်လန်က ပြောသည်။ “သဘောတူပြီ။ အတူတူ အလုပ်လုပ်ရတာ ဝမ်းသာစရာပဲ။”

..........

၇ ရက်ကြာပြီးနောက် ဟေးလ်၏ သင်္ဘောက ကျောက်စိမ်းလှိုင်းကျွန်းဆွယ်၏ ဆိပ်ကမ်းသို့ ဆိုက်ရောက် လာ၏။ ရွှေဒင်္ဂါး ၂ သိန်းခွဲကို သယ်ဆောင်လာခဲ့ခြင်းပင်။ သူမက ရှမ့်လန်၏ အခြေစိုက်စခန်းဆီသို့ တက်မကြည့်ခဲ့ချေ။ ထိုအရာက ရှမ့်လန်အပေါ်တွင် ထားသည့် သူမ၏ ယုံကြည်မှုကို ပြသခြင်းပင်။

သို့သော်ငြား ရှမ့်လန်က သူမ၏ သင်္ဘောပေါ်သို့ တက်သွားပြီး ၂ နာရီကြာမှ ပြန်ဆင်း၏။ ပြန်ဆင်းလာသည့် အချိန်တွင် ခြေထောက်များကပင် အနည်းငယ် တုန်ယင်နေ၏။ သေတ္တာပေါင်း ၁၀၀ ကျော်နှင့် ထည့်ထားသည့် ရွှေဒင်္ဂါး ၂ သိန်းခွဲ ပါလာ၏။

ကျန်းချွင်းဟွာက ဆွံ့အသွားခဲ့၏။ အနာဂတ် သူတို့၏ ဧကရာဇ်က ဤမျှ တန်ဖိုးရှိသည်လား။ ကိုယ့်ကိုယ်ကိုယ် ရောင်းစားရုံနှင့် ရွှေဒင်္ဂါး ၂ သိန်းခွဲတောင် ရနိုင်သည်လား။

ရှမ့်လန် ဤမျှ ဖြုန်းတီးနေသည်က မဆန်းတော့ချေ။ ပိုက်ဆံရှာရသည်က တကယ့်ကို လွယ်ကူလွန်းလှ၏။ သို့သော်ငြား ရှမ့်လန်အတွက် ငွေပုံပေးသူက မည်သူဖြစ်သနည်း။ အိုမင်းရင့်ရော်နေသည့် မိန်းမကြီး တစ်ဦးများလား။

ခဏကြာမှသာ သူမက ငွေပုံပေးသည့် အမျိုးသမီးကို မြင်ရ၏။ သူမက ဗီတာမျိုးနွယ်စုမှ ဖြစ်သော်လည်း တကယ့်ကို လှပ၏။ အရှေ့တိုင်း အမျိုးသမီးများ မနာလို ဖြစ်လောက်သည့် ကိုယ်လုံးကိုယ်ပေါက်လည်း ရှိ၏။

အရေးကြီးဆုံးက သူမက ရှမ့်လန်ကို ချစ်ခြင်းနှင့် ရမ္မက်များ ပြည့်နှက်နေသည့် မျက်ဝန်းများနှင့် ကြည့်နေခြင်းပင်။ ချောမောသည့် အမျိုးသမီးတစ်ဦး အရှက်မရှိတော့ပါက မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်သည်။

All Chapters