← Chapters

အခန်း (၈၁၁-၈၁၂)

Vol. 50 Ch. 811-812

အခန်း (၈၁၁-၈၁၂)

Vol. 50 Ch. 811-812

အပိုင်း (၈၁၁)

ဟေးလ်၏ သင်္ဘော ပြန်လည် ထွက်ခွာသွားပြီးနောက် ရွှေဒင်္ဂါး ၂ သိန်းခွဲကျော် ကျန်ရစ်ခဲ့၏။ ရှမ့်လန်နှင့် ကျန်းချွင်းဟွာတို့က ပုံလျက်ရှိနေသည့် ရွှေဒင်္ဂါးတောင်ကြီးကို ကြည့်နေ၏။

ကျန်းချွင်းဟွာက ပြောလိုက်သည်။ “ရှမ့်လန်.. ရှင်က ဧကရာဇ်တစ်ယောက် ဖြစ်ပြီး တကယ့်ကို အရှက်မရှိဘူး။ ကိုယ့်ကိုယ်ကိုယ် တကယ် ရောင်းစားတာပဲ။”

ရှမ့်လန်က အံကိုကြိတ်ကာဖြင့် ပြန်ပြော၏။ “ဘာတွေ ပြောနေတာလဲ။ ကျုပ် ကိုယ့်ကိုယ်ကိုယ် ရောင်းမစားပါဘူး။”

ကျန်းချွင်းဟွာက ပြောသည်။ “ကျွန်မ ရှင်ကို အပြစ်တင်နေတာ မဟုတ်ဘူး။ ၂ သိန်းခွဲ ရတယ်ဆိုရင် ရောင်းရတာလည်း တန်ပါတယ်။ နောက်တစ်ခါ ထပ်ရောင်းရင် ရောင်းအုံး။”

'ဟမ့်... မြေခွေးမ ငါသာ အားမကုန်သေးရင် ၂ သိန်းခွဲဆိုတာ ဘာလဲဆိုတာ မင်းကို သိအောင် လုပ်ပြမယ်။’

..............

တစ်ချိန်တည်းမှာပဲ အင်အားကြီးမားသည့် ရေယာဉ်သင်္ဘောကြီးက မိစ္ဆာတြိဂံနယ်မြေအတွင်း၌ ပေါ်ထွက်လာခဲ့၏။ ထိုအရာက ကောင်းကင်ပင်လယ်နန်းဆောင်၊ ကောင်းကင် အပြစ်ပေးမှု နန်းဆောင်၊ စေတီတောင်တို့၏ ပူးပေါင်း ရေယာဉ်များပင်။

တစ်နှစ်ခွဲခန့် ပြင်ဆင်ပြီးနောက် ဤစွန့်စားရှာဖွေရေး ရေယာဉ်များကို ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်၏။ သူတို့က ကျင်းမိသားစု၏ သင်္ဘောကြီး ပုံစံအတိုင်း ပုံတူကူး တည်ဆောက်ထား၏။ အထူးသဖြင့် မိုးကြိုး၊ လျှပ်စီး ကာကွယ်ရေး အစီအမံများကို လုံးဝတူအောင် ကူးယူထား၏။

ရှမ့်လန် ပုံစံထုတ်ထားသည့် သင်္ဘော၏ လျှို့ဝှက်ချက်များကို ထိန်းသိမ်းရန်က ခက်ခဲ၏။ ထိုအရာကို ရှမ့်လန်က ပုံစံထုတ်ခဲ့သော်လည်း ကောင်းကင်တာအို အဖွဲ့အစည်းက တည်ဆောက်ထားခဲ့ခြင်း ဖြစ်၏။ ယခု ကောင်းကင်ပင်လယ် နန်းဆောင်မှ ပုံစံထုတ်ချက် အပြည့်အစုံကို ရရှိထားရုံတင်မက မိုးကြိုးကာကွယ်ရေး နည်းများကိုပင် သိရှိထားသည်။

မိစ္ဆာတြိဂံနယ်မြေသို့ ဝင်ရောက်ရာတွင် အကြောက်ရဆုံးအရာက မိုးကြိုးပစ်ခြင်းပင်။ ရေတွက်၍ မရအောင် များပြားလှသည့် မိုးကြိုးများက မည်သည့်ပုံစံနှင့်မျှ ရှောင်လွှဲ၍ ရနိုင်မည် မဟုတ်ပေ။ မည်သည့်သင်္ဘောမဆို ဝင်ရောက်လာသည်နှင့် မိုးကြိုးကြောင့် ပျက်စီးသွားကြစမြဲပင်။

ရှမ့်လန်၏ မိုးကြိုးပစ်ခံနိုင်သည့် သင်္ဘောပုံစံကို ရရှိပြီးနောက် သူတို့က သင်္ဘော ၅ စီးကို ပြုပြင်မွမ်းမံ၏။ စမ်းသပ်မှုပေါင်းများစွာကို လုပ်၏။ ထိုသင်္ဘောသစ်များက မိုးကြိုးဒဏ်ကို အမှန်တကယ် ခံနိုင်ရည် ရှိကြောင်း သက်သေပြခဲ့သည်။

မူလက သဘာဝလွန် အင်အားစု ၆ ခုက မိစ္ဆာတြိဂံနယ်မြေကို စူးစမ်းရန် ရပ်တန့်ခဲ့ကြသော်လည်း ယခု အခြေအနေက ပြောင်းလဲသွား၏။ ကျင်းမိသားစုက ထိုပင်လယ်ထဲသို့ ဝင်ရောက်သွားနိုင်သကဲ့သို့ ရှမ့်လန် ကလည်း မိုးပျံပူပေါင်းကြီးဖြင့် ထိုနေရာထဲသို့ ပျံသန်း ဝင်ရောက်သွား၏။

မှန်ပေ၏။ ယခုအချိန်တွင် တော်ဝင်ရန်အင်ပါယာ တစ်ခုလုံးက ရှမ့်လန်ကို မိစ္ဆာတြိဂံနယ်မြေထဲသို့ ဝင်ရောက် သွားသည်ဟု ထင်မှတ်နေကြဆဲပင်။ သူ လေဆင်နှာမောင်းကြောင့် လွင့်ပါသွားခဲ့သည့် မြင်ကွင်းက တကယ့်ကို ဝေးကွာ၏။ ညအမှောင်တွင် လေဆင်နှာမောင်းက အားလုံး၏အမြင်ကို ပိတ်ဆို့ထားခဲ့ သောကြောင့် ရှမ့်လန်၏ မိုးပျံပူပေါင်း လွှင့်စင်သွားပုံကို မည်သူမှ သေချာ မမြင်လိုက်ကြပေ။

“အင်ပါယာက အမိန့်ချမှတ်လိုက်ပြီ။ ကျန်းလီရဲ့ သား ရှမ့်လန်နဲ့ သူ့ရဲ့ မိသားစုကို အသေပဲဖြစ်ဖြစ် ၊ အရှင်ပဲ ဖြစ်ဖြစ် တွေ့အောင် ရှာရမယ်။ မိစ္ဆာတြိဂံနယ်မြေထဲကို ဝင်ကြစို့။” မင်းသမီး နင်ဟန်၏ အမိန့်အရ အင်အားစု ၃ ခုတို့၏ ပူးပေါင်းရေယာဉ်များက လူသားတို့၏ တားမြစ်နယ်မြေ ဖြစ်သော မိစ္ဆာတြိဂံ နယ်မြေထဲသို့ စတင်ရွက်လွှင့် ဝင်ရောက်သွားကြလေတော့သည်။

.........................

ရှမ့်လန်က မူလန်ကို အရမ်းကို လွမ်းနေ၏။ ထို့ကြောင့်ပင်လျှင် သူက သူအခြေချသည့် ကျွန်းကို မူလန်ကျွန်း ဟု အမည်ပေးခဲ့၏။ ထိုမြို့သစ်ကိုလည်း မူလန်မြို့ဟု ကင်ပွန်းတပ်ထား၏။ မြို့တော်က နေ့စဉ်နှင့်အမျှ တိုးတက် ပြောင်းလဲနေပြီး တစ်နေ့တခြား ပိုမို ကြီးကျယ်ခမ်းနား၏။

ရှမ့်လန်က ဤမြေရိုင်းပေါ်တွင် မိမိအလိုရှိသမျှ အံ့ဖွယ်များကို ဖန်တီးပြနေသည့် မျက်လှည့်ဆရာ တစ်ဦးနှင့်ပင် ဆင်တူနေသည်။

၃ ရက်ကြာသည့်နောက် ပင်လယ်ဓားပြတို့က သင်္ဘော ၁၅ စီးနှင့်အတူ ကျွန် ၆၀၀၀ ကို ရှမ့်လန်ထံ လာရောက် ပို့ဆောင်၏။

“စုစုပေါင်း ရွှေဒင်္ဂါး ၂ သိန်း ကျမယ်။” ပင်လယ်ဓားပြ ခေါင်းဆောင်က ပြော၏။ သူက မာန်ဝင့်လျက် ရှိနေသည့် လူဖြူတစ်ဦး ဖြစ်ပြီး သွေးသောက်ဘာရွန်ဟု လူသိများပြီး နာမည်ရင်းကို မည်သူမှ မသိကြပေ။

သူ၏ရုပ်သွင်က ပင်လယ်ဓားပြတစ်ဦးနှင့် မတူဘဲ ခန့်ညားထည်ဝါသည့် တော်ဝင်မျိုးနွယ်မှူးမတ်တစ်ဦးနှင့် တူသည်။ သူက ကြောက်မက်ဖွယ်ရာကောင်းအောင် ချောမောသူတစ်ဦး ဖြစ်ပြီး နေဒဏ်၊ လေဒဏ်ကို နေ့စဉ် ထိတွေ့နေရသော်လည်း အသားအရေက ဖြူဝင်းနေဆဲပင်။ အရှေ့တိုင်းသားတို့၏ စကားနှင့်ဆိုရလျှင် သူက ကျောက်စိမ်းကဲ့သို့ ဝင်းမွတ်သူဟု ဆိုရမည်။

သူက ဤပင်လယ်ပြင်တွင် အင်အားအကြီးဆုံး ပင်လယ်ဓားပြကြီးဖြစ်ပြီး သင်္ဘောအစီးပေါင်း ၁၀၀ ကျော်နှင့် နောက်လိုက် ၂၀၀၀၀ ကျော်ကို ပိုင်ဆိုင်၏။ လီပေါင်း နှစ်ထောင်၊ သုံးထောင် ကျယ်ဝန်းသည့် ပင်လယ်ပြင်၏ ဥပဒေသကိုပင် သူက ထိန်းချုပ်ထား၏။ ပုလဲနက်နှင့်လည်း ရင်းနှီးကျွမ်းဝင်သောကြောင့် နှစ်ဖက်စလုံးက ကုန်သွယ်မှုများ ပြုလုပ်၏။ သူက ရှမ့်လန်၏ အဓိက ရိက္ခာထောက်ပံ့သူလည်း ဖြစ်၏။

ရှမ့်လန်က အစားအသောက်၊ သစ်သီးဝလံနှင့် အသား၊ ငါး အများစုကို သူ့ထံမှ ဝယ်ယူ၏။ သွေးသောက် ဘာရွန်ထံတွင် မရနိုင်သည့် ပစ္စည်းဟူ၍ မရှိချေ။ တွေးမထားနိုင်သည့် အရာများလည်း ရှိ၏။ သူက သိုင်းပညာတွင် ထူးချွန်သူ ဖြစ်သော်လည်း မည်မျှအထိ စွမ်းဆောင်နိုင်သည်ကိုတော့ မည်သူမှ မသိချေ။ ပုလဲနက်ပင်လျှင် သွေးသောက်ဘာရွန်ကို ယှဉ်နိုင်လိမ့်မည်မဟုတ်ဟု ခန့်မှန်း၏။ အသက်အရွယ်နှင့် ဇာတိမြေကို လည်း မည်သူမှ မသိကြချေ။

“ခင်ဗျားကို ကျုပ် မြင်ဖူးတယ်။ သေခြင်းတရားကနေ ပြန်ရှင်လာတဲ့ အရှေ့တိုင်းသား၊ နယ်စားကြီး ဒီဘိုရာရဲ့ ခင်ပွန်းပဲ။” သွေးသောက်ဘာရွန်က ရှမ့်လန်ကို ပြောသည်။

ရှမ့်လန်ကလည်း ပြန်ပြော၏။ “ကျုပ်လည်း ခင်ဗျားကို မြင်ဖူးတယ်။ မင်္ဂလာပွဲတက်တုန်းက ဒီဘက်ခြမ်းမှာ ခုနှစ်ယောက်မြောက် ရပ်နေသူ မဟုတ်လား။”

“ဒီမင်္ဂလာပွဲကို တက်ရောက်တဲ့ တစ်ဦးတည်းသော ပင်လယ်ဓားပြက ကျုပ်ပဲ။” ဘာရွန်က ပြောသည်။

“မဟုတ်ဘူး။ ခင်ဗျားက ပင်လယ်ဓားပြနဲ့ မတူဘူး။ မှူးမတ်တစ်ယောက်နဲ့ ပိုတူတယ်။ ကျုပ်ရဲ့ ရဲတိုက်ထဲမှာ သောက်ဖို့အတွက် ဖိတ်ခေါ်ခွင့်ပြုပါ။” ရှမ့်လန်က ကမ်းလှမ်း၏။

ဘာရွန်က ရဲတိုက်ကို တစ်ချက်လှမ်းကြည့်သည်။ “ဒါက ခင်ဗျားရဲ့ ရဲတိုက်လား။ တကယ့်ကို ထူးခြားတာပဲ။”

သူက ရှမ့်လန်၏ ရဲတိုက်ကို သဘောမကျသည်မှာ သိသာ၏။ ထိုအရာက အကျည်းတန်လွန်းပြီး သေးငယ်ရုံသာမက အနုပညာရသလည်း မရှိချေ။ ထို့အပြင် သူက ရှမ့်လန်၏ မြို့ထဲသို့ မဝင်လိုသော အကြောင်းပြချက် တစ်ခုလည်း ရှိပုံပေါ်၏။

“ကျုပ်ရဲ့ အလံတင်သင်္ဘောပေါ်မှာ သောက်ဖို့ ဖိတ်ခေါ်မယ် ဆိုရင်ကော ငြင်းမှာလား။” ဘာရွန်က ပြန်မေးသည်။

“အင်း.. ကျုပ်အတွက် ဂုဏ်ယူစရာပါပဲ။” ရှမ့်လန်က ပြန်ပြော၏။

.............

ရွှေဒင်္ဂါးများနှင့် ကုန်ပစ္စည်းများကို စစ်ဆေးပြီးနောက် ရှမ့်လန်က ဘာရွန်၏ အလံတင်သင်္ဘောပေါ်သို့ တက်ရောက်၏။ ထိုသင်္ဘောက တန်ချိန်နှစ်ထောင်ရှိသည့် ဧရာမ စစ်သင်္ဘောကြီးဖြစ်ပြီး သင်္ဘောသားနှင့် စစ်သည် တစ်ထောင်နီးပါးရှိကာ ဧရာမ လေးမြားစက်ကြီး ရှစ်ခုကိုလည်း တပ်ဆင်ထား၏။ ထို့အပြင် သက်တောင့်သက်သာရှိပြီး ခမ်းနားထည်ဝါသည့် သင်္ဘောကြီးဟု ဆိုနိုင်၏။

“ဒီပင်လယ်ပြင်မှာ သခင်ဖြစ်တဲ့အတွက် ဂုဏ်ယူပါတယ်။”

ရှမ့်လန်က ပြုံးကာပြောသည်။ “ခင်ဗျားရဲ့ စောင့်ရှောက်မှုအောက်မှာ ဒီပင်လယ်က အကောင်းဆုံးနဲ့ စနစ်တကျ ရှိနေမှာ သေချာပါတယ်။”

“ခင်ဗျားက ကျုပ်ကို မြှောက်လွန်းနေပြီ လျှို့ဝှက်ဆန်းကြယ်လွန်းတဲ့ အရှေ့တိုင်းသားကြီး။”

ဘာရွန်က ပြော၏။ “ကျုပ်က သတ်ဖြတ်တာနဲ့ ကုန်သွယ်တဲ့ နေရာမှာ ပိုတော်တယ်။”

အလကားစကားတွေသာဖြစ်၏။ ဤသွေးသောက်ဘာရွန်က လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သူ၊ မြို့ပေါင်း များစွာကို တိုက်ခိုက်လုယက်ခဲ့ပြီး သင်္ဘောပေါင်းများစွာကို ဖျက်ဆီးကာ လူပေါင်းများစွာကို သတ်ဖြတ်ခဲ့၏။ ကလေးငိုလျှင်ပင် သူ၏ နာမည်ကို ပြောလိုက်ရုံဖြင့် ကလေးအငိုတိတ်သည်အထိ ကြောက်စရာကောင်း၏။ ဤလောကကြီးတွင် အမည်မှားခြင်းသာ ရှိနိုင်သော်လည်း အမည်ပြောင်ဝိသေသက မှားယွင်းခြင်း မရှိချေ။

သို့သော်ငြား ဤပင်လယ်ပြင်တွင် သူက တကယ့်ကို ယဉ်ကျေးပျူငှာ၏။ သူ၏ လုပ်ငန်းအများစုက ကုန်သွယ်ခြင်းဖြစ်ပြီး မျှတသည့် ဖြန်ဖြေသူလည်းဖြစ်၏။ သူက ပင်လယ်ပြင်တွင် တကယ့်ကို မှူးမတ်တစ်ဦးနှင့် တူညီနေသည်။

“လျှို့ဝှက်ဆန်းကြယ်တဲ့ အရှေ့တိုင်းသားကြီး .. ခင်ဗျားက မျက်လှည့်ဆရာတစ်ယောက်နဲ့ ပိုတူနေတယ်။”

သွေးသောက်ဘာရွန်က ပြုံးကာပြော၏။ “နှစ်လ မပြည့်ခင်မှာဘဲ ဒီကျွန်းစုရဲ့ တောင်ဘက်ခြမ်းမှာ မြို့ကြီး တစ်မြို့ ပေါ်လာတယ်။ ဒါက အံ့အားသင့်စရာပဲ။ ခင်ဗျားက အခု နာမည်ကြီးနေပြီ မျက်လှည့်ဆရာကြီး။”

ရှမ့်လန်က ပြောသည်။ “နာမည်ကြီးတာက ကျုပ်အတွက် မကောင်းဘူး။ ဘာလို့လဲဆိုတော့ ကျုပ်က လိုတာထက် ပိုပြီး နာမည်ကျော်နေလို့ပဲ။”

“ဟုတ်တယ်။ ခင်ဗျားက တော်တော်လေး နာမည်ကြီးတယ်။”

ဘာရွန်က ပြော၏။ “ခင်ဗျားက နယ်စားကြီး ဒီဘိုရာရဲ့ ယောက်ျားပဲ။ သူက ဒီနယ်မြေရဲ့ ဘုရင်မ မဟုတ်လား။”

ရှမ့်လန်က ပြောသည်။ “ဘာရွန်.. ခင်ဗျား ဒါကို ပြောချင်နေတာ မဟုတ်ဘူးလို့ ကျုပ်ထင်တယ်။”

ဘာရွန်က ပြော၏။ “မျက်လှည့်ဆရာကြီး... ခင်ဗျားက ဒီအနောက်တိုင်းလောကမှာ ကိုယ့်နိုင်ငံကိုယ် ထူထောင်ဖို့ ဆန္ဒ ရှိနေတာလား။”

“မဟုတ်ဘူး။”

ရှမ့်လန်က ခေါင်းခါပြသည်။ “ကျုပ်က ဒီနေရာမှာ ခဏတာ ဖြတ်သန်းသွားတဲ့ ခရီးသည် တစ်ယောက်ပါပဲ။”

“ဒါဆိုရင် ခင်ဗျား ဒီမှာ ဘယ်လောက်ကြာကြာ အခြေချမှာလဲ။”

“အရမ်း... အရမ်းကို တိုတောင်းတဲ့ အချိန်ပေါ့။”

သွေးသောက်ဘာရွန်က ပြောလိုက်၏။ “ဒါဆိုရင် အရမ်းကောင်းတာပေါ့။ ဒါပေမဲ့ ကျုပ် ခင်ဗျားကို ပြောရအုံးမယ်။ ဒါက ခင်ဗျားနဲ့ ကျုပ်လုပ်တဲ့ နောက်ဆုံးအရောင်းအဝယ်ပဲ။”

ရှမ့်လန်က ပခုံးတွန့်ပြသည်။

ဘာရွန်က ဆက်ပြော၏။ “ဒီနေ့ကစပြီး ဘယ်သူကမှ ခင်ဗျားဆီကို သင်္ဘောတွေ၊ ရိက္ခာတွေ၊ ဒါမှမဟုတ် ကျွန်တွေ ပေးပို့တော့မှာ မဟုတ်ဘူး။”

“ကျုပ်ရဲ့ ကုန်သွယ်မှုကို ပိတ်ဆို့လိုက်တာလား။” ရှမ့်လန်က မေးသည်။

“အဟုတ်ပဲ။”

“ကျုပ် တစ်ခုခု မှားယွင်းသွားလို့လား။ ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို ပစ်မှားမိလို့လား။ ဒါဆိုရင်တော့ တောင်းပန်ပါတယ်။” ရှမ့်လန်က ပြော၏။

“မဟုတ်ဘူး။ မဟုတ်ဘူး။”

သွေးသောက်ဘာရွန်က ပြောသည်။ “ခင်ဗျားနဲ့ အရောင်းအဝယ်လုပ်ရတာ အရမ်းကို ကောင်းတယ်။ ခင်ဗျားက ရက်ရောပြီး အမြင်ရှိတဲ့လူပဲ။ ကျုပ်တို့အားလုံး ခင်ဗျားနဲ့ အရောင်းအဝယ်လုပ်ရတာ ကျေနပ်တယ်။

ဒါပေမဲ့ ရှီလွန် တတိယအင်ပါယာနဲ့ တောင်ဘက်ပိုင်း စောင့်ရှောက်သူ နယ်စားကြီး ဒီဘိုရာက ခင်ဗျားအပေါ် ပိတ်ဆို့အမိန့် ထုတ်ပြန်လိုက်တယ်။ ခင်ဗျားရှိနေတဲ့ ဒီကျွန်းဆွယ်က သူ့နယ်မြေဆိုတာ မမေ့နဲ့။ ခင်ဗျားက သူ့ရဲ့ခြေဖျားကို နင်းမိသလို ဖြစ်နေပြီ။”

“သူက ဒါကို အရေးစိုက်မှာ မဟုတ်ဘူးလို့ ကျုပ်ထင်ခဲ့တာ။”

ရှမ့်လန်က ပြောလိုက်၏။ “ဘာပဲပြောပြော သူက ကျုပ်အပေါ်ကို သုံးလလောက် တက်ခွခဲ့ဖူးတာပဲ။”

သွေးသောက်ဘာရွန်က ပခုံးတွန့်ရုံမှတစ်ပါး ဘာမှ မပြောတော့ချေ။

“လုံးဝ ပိတ်ဆို့လိုက်တာလား။”

“ဟုတ်တယ်။ အလုံးစုံ ပိတ်ဆို့မှုပဲ။ ဘယ်ကုန်သည်၊ ဘယ်ပင်လယ်ဓားပြကမှ ခင်ဗျားနဲ့ အရောင်းအဝယ် လုပ်ခွင့် မရှိတော့ဘူး။ လုပ်ခဲ့ရင်တော့ ရော့ဆိုမိသားစုရဲ့ ရန်သူ၊ ရှီလွန်တတိယအင်ပါယာရဲ့ ရန်သူအဖြစ် သတ်မှတ်ခံရလိမ့်မယ်။”

ရှမ့်လန်က ပြောသည်။ “စုန်းအင်ပါယာရဲ့မြို့တော်၊ ဘုရင်မမြို့တော် တိုက်ခိုက်ခံလိုက်ရပြီလား။”

ဘာရွန်ကဖြေ၏။ “ဘုရင်မမြို့တော်ကလွဲရင် ကျန်တဲ့စုန်းအင်ပါယာရဲ့ မြို့တွေအားလုံး ကျရှုံးသွားပြီ။ အခု အရေးအကြီးဆုံးက ဘုရင်မမြို့တော်ကို တိုက်ဖို့အတွက် ရှီလွန်တတိယအင်ပါယာရဲ့ ဧကရာဇ်ကို ရွေးချယ်ဖို့ပဲ။ ဒါပေမဲ့ စစ်သည်တစ်သန်းကျော်က ဘုရင်မမြို့တော်ကို ဝိုင်းထားမှာဆိုတော့ မင်းရဲ့ဘုရင်မ မီဒူဆာ က အန္တရာယ် ရှိနေတယ်။”

“ရှီလွန်တတိယအင်ပါယာရဲ့ ဧကရာဇ်တစ်ယောက် ဖြစ်လာဖို့ ဘယ်သူတွေက ယှဉ်ပြိုင်နေတာလဲ။ ဒါက ထိပ်တန်းလျှို့ဝှက်ချက်ဆိုရင်တော့ မပြောပြချင်လည်း ရပါတယ်။” ရှမ့်လန်က မေးလိုက်သည်။

“စုစုပေါင်း ဆယ့်သုံးပါးရှိတယ်။ ပထမတစ်ယောက်က ဒုတိယရှီလွန်အင်ပါယာ နောက်ဆုံးဧကရာဇ်ရဲ့ မြေးတော် အက်ဖွန်ဆိုပဲ။ ဒုတိယမြောက် တစ်ယောက်ကတော့ နဝမမြောက်ရှီလွန်၊ သူက တော်ဝင်သွေး အစစ်ဆုံးဖြစ်ပြီး ပထမအင်ပါယာရဲ့ အမွေဆက်ခံသူပဲ။ သူ့ရဲ့သွေးထဲမှာ ဘုရင်မဟယ်လင်ရဲ့ သွေးမပါဘူး။ ဒါကြောင့်နှစ်ဖက် မှူးမတ်အားလုံးက သူ့ကို ထောက်ခံကြတယ်။”

ဘုရင်မဟယ်လင်က ဘုရင်မမြို့ကို တည်ထောင်သူဖြစ်၏။ သူမက လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ရှီလွန် မင်းဆက်၏ ပုန်ကန်သည့် ဘုရင်မဟု လူသိများ၏။ ယခုထက်တိုင် မြောက်ဘက်မှ မှူးမတ်များစွာတို့က သူမ လုပ်ဆောင်ခဲ့ကြသည်များကို မကျေမနပ် ဖြစ်နေဆဲပင်။

“ဒါဆို နဝမမြောက် ရှီလွန်က ဧကရာဇ် ဖြစ်လာတော့မှာပေါ့။” ရှမ့်လန်က မေးသည်။

ပင်လယ်ဓားပြ ခေါင်းဆောင် သွေးသောက်ဘာရွန်က ပြော၏။ “မဟုတ်ဘူး။ တတိယမြောက် ပြိုင်ဘက် တစ်ယောက် ရှိနေသေးတယ်။ အဲဒါကတော့ ဆော်ရွှန် မင်းသားပဲ။ သူက ထီးနန်းရဲ့ အားအကောင်းဆုံး ပြိုင်ဘက်ပဲ။”

“ဘာကြောင့်လဲ။”

“ဆော်ရွှန်မင်းသားက ရွှေရောင်စွမ်းအင် ရှိတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်တည်းက သူက ရှီလွန်မင်းဆက်မှာ အားအကောင်းဆုံး ဖြစ်နေတာ။ လွန်ခဲ့တဲ့ ၁၀ နှစ်က သူက မြောက်ဘက်စွန်းက တားမြစ်နယ်မြေတွေကို စွန်စားသွားလာခဲ့တယ်။ ဒီလို တားမြစ်နယ်မြေတွေကို သွားနိုင်တာက သူရဲကောင်းတစ်ယောက်ရဲ့ ဂုဏ်ဒြပ်ပဲ။ ဒါပေမယ့် ဒီလို သူရဲကောင်းတွေက များသောအားဖြင့် အသက်ရှင်လျက် ပြန်မလာနိုင်ကြဘူး။

မိုင်တစ်သောင်း သဲကန္တာရ၊ မိစ္ဆာတြိဂံ နယ်မြေ၊ ဒါမှမဟုတ် မြောက်ဘက်စွန်းဒေသတွေမှာ အားလုံး သေကုန်ကြတာပဲ။ ဒါပေမယ့် ရွှေရောင်စွမ်းအင်ရှိတဲ့ ဆော်ရွှန်မင်းသားက အောင်မြင်စွာ ပြန်လာနိုင်ခဲ့တယ်။ သူက ရှီလွန်မင်းဆက် တစ်ခုလုံးရဲ့ အမြင့်မြတ်ဆုံး သူရဲကောင်းတစ်ယောက် ဖြစ်လာခဲ့တယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက သူက အဲလောက် အစွမ်းထက်နေပြီဆိုတော့ အခု ရှီလွန်အင်ပါယာမှာ သူက အစွမ်းထက်ဆုံး ဖြစ်နေလောက်ပြီ။ ပြီးတော့ တချို့လူတွေ ပြောကြတာ ရှိတယ်။ ဆော်ရွှန်မင်းသားက ကျောက်စိမ်းဖြူမြို့ တစ်ခုလုံးရဲ့ ကောင်းချီးကို ရထားတယ်တဲ့။”

အပိုင်း (၈၁၂)

“ကျောက်စိမ်းဖြူမြို့ ဟုတ်လား။”

ရှမ့်လန်က ထိတ်လန့်သွား၏။ ထိုအရာက ကျောက်စိမ်းဖြူ မြို့တော်နှင့် ဘာပတ်သက်နေသနည်း။

ဘာရွန်က ပြော၏။ “ကျောက်စိမ်းဖြူမြို့လေ။ ကျောက်စိမ်းဖြူမြို့က ဒဏ္ဍာရီထဲက နတ်ဘုရား စံမြန်းတဲ့နေရာဖြစ်ပြီး 'ည' ဆိုတာ မရှိတဲ့ နေရာပဲ။”

ရှမ့်လန်က မေးသည်။ “ကျောက်စိမ်းဖြူမြို့ရဲ့ သင်္ဘောက အနောက်လောကမှာ ပေါ်လာခဲ့တာလား။ အဲဒီသင်္ဘော ရောက်တဲ့ နေရာတိုင်း နှင်းတွေ ကျတတ်တာလား။”

“ဒါက ပင်လယ်ဓားပြတွေကြားက စကားပဲ။ သောက်စားမူးယစ်သူတွေရဲ့ မျက်စိမှောက်တဲ့ အချိန်မှာ အဲလို မြင်တတ်တယ်။ ဒါပေမယ့် ကျုပ်ဆီမှာ နောက်ထပ် ဒဏ္ဍာရီတစ်ခု ရှိသေးတယ်။ ခင်ဗျား နားထောင်ချင်လား။”

“ကျုပ် နားထောင်ဖို့ အဆင်သင့်ပါပဲ။”

ဘာရွန်က ဆက်ပြော၏။ “ကျောက်စိမ်းဖြူမြို့ရဲ့ သင်္ဘောကမ်းခြေမှာ ပေါ်လာတဲ့အချိန် အဲဒါကို မကြည့်မိစေနဲ့။ မြင်ရင် ချက်ချင်း မေ့လိုက်။ ဘာလို့လဲဆိုတော့ အဲဒီသင်္ဘော ရောက်လာတဲ့ နေရာတိုင်းက လူမျိုးတုန်းသွားလို့ပဲ။ အကယ်၍ နိုင်ငံတစ်ခုရဲ့ ကမ်းခြေမှာ အဲဒီသင်္ဘော ဆိုက်ကပ်လာမယ်ဆိုရင် အဲဒီနိုင်ငံ ပျက်သုဉ်းသွားလိမ့်မယ်။”

ရှမ့်လန်က မေးလိုက်သည်။ “ဒါပေမယ့် ဒါက အဓိပ္ပာယ်မရှိတဲ့ ဒဏ္ဍာရီတစ်ခုပဲ မဟုတ်လား။”

“ကံမကောင်းစွာနဲ့ ဒါက ဒဏ္ဍာရီ မဟုတ်ဘူး။ အမှန်တရားပဲ။ လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်က ကျောက်စိမ်းဖြူမြို့ သင်္ဘောက တောင်ဘက်က အာဇစ်အင်ပါယာကို ရောက်ခဲ့တယ်။ ရလဒ်ကတော့ အာဇစ်အင်ပါယာ ပျက်သုဉ်းသွားခဲ့တယ်။ လွန်ခဲ့တဲ့ နှစ် ၁၅၀ မှာ သင်္ဘောက အရှေ့ဘက်က မစ်ရှီအင်ပါယာဆီ ရောက်ရှိတယ်။ ပြီးတော့ အဲဒီအင်ပါယာကလည်း ပျက်သုဉ်းသွားတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ က သင်္ဘောက ဒါရာအင်ပါယာကို ရောက်ခဲ့ပြီး ဒါရာအင်ပါယာကလည်း ပျက်သုဉ်းသွားတယ်။”

ရှမ့်လန်က မေးလိုက်၏။ “ဒါရာအင်ပါယာလား။ ဒါက ဗီတာအင်ပါယာ သမိုင်းမှာ တန်ခိုးအကြီးဆုံး အင်ပါယာ မဟုတ်လား။”

“ဟုတ်တယ်။ တကယ်တော့ ဒါရာအင်ပါယာရဲ့ အပျက်အစီးတွေကို အခုထိ တွေ့နိုင်သေးတယ်။ သမိုင်း မှတ်တမ်းတွေ မရှိပေမယ့် ကျုပ်ကိုယ်တိုင် ဒါရာအင်ပါယာရဲ့ မြို့ဟောင်းတွေကို ရောက်ဖူးတယ်။ အဲဒါက အင်အားကြီးတဲ့ အင်ပါယာတစ်ခု ဖြစ်ခဲ့တာ အသေအချာပဲ။

အကယ်၍ အဲဒီအင်ပါယာသာ မပျက်စီးခဲ့ရင် ရှီလွန်ဧကရာဇ်ကြီးက ဒီတိုက်သစ်ကြီးကို လွယ်လွယ်နဲ့ သိမ်းပိုက်ပြီး ရှီလွန်အင်ပါယာအဖြစ် တည်ထောင်နိုင်ခဲ့မှာ မဟုတ်ဘူး။ ဘာပဲပြောပြော သူက သူ့ရဲ့ လှေပေါ်မှာ စစ်သည် ၃ သောင်းပဲ ရှိခဲ့တယ်။”

ရှမ့်လန်က ဇဝေဇဝါ ဖြစ်သွား၏။ အနောက်လောက၏ ကျောက်စိမ်းဖြူမြို့က အရှေ့လောက၏ ကျောက်စိမ်းဖြူ မြို့တော်ပင်လား။ တော်ဝင်ရန်အင်ပါယာ၏ ကျောက်စိမ်းဖြူမြို့တော်က ဆန်းကြယ်ပြီး အစွမ်းထက်သည်မှာ မှန်သော်လည်း အနောက်ပိုင်း ဒဏ္ဍာရီများက ပြောသကဲ့သို့ အစွမ်းထက်လွန်းပြီး ထူးဆန်းနေခြင်းတော့ မဟုတ်ချေ။

သူတို့ သင်္ဘော သွားရာနေရာတိုင်းတွင် အင်ပါယာ မျိုးနွယ်စုများ ပျက်စီးသွားရသည်လား။ ကျောက်စိမ်းဖြူ မြို့တော်၏ ဩဇာက အရှေ့နှင့် အနောက်လောကကြီး နှစ်ခုလုံးကို လွှမ်းမိုးထားခဲ့ပြီး ထိုတည်နေရာ၏ အဓိက ဗဟိုချက်က အနောက်လောက၌ ရှိနေသည်လား။

ထို့အပြင် တော်ဝင်ရန်အင်ပါယာက ရှမ့်လန်ကို ဝိုင်းထားစဉ်တွင် ကျောက်စိမ်းဖြူမြို့၏ သင်္ဘော ပေါ်လာခဲ့၏။ ဆိုလိုသည်က သူတို့က တော်ဝင်ရန်ဧကရာဇ်၏ အမိန့်ကို နာခံခြင်းသာ ဖြစ်မည်။ တော်ဝင်ရန်ဧကရာဇ်က ထင်မှတ်ထားသည်ထက် ပိုမိုကာ အစွမ်းထက်နေသည်လား။

ရှမ့်လန်က ဤလောကကြီးတွင် လွန်စွာ ကြီးမားသည့် လျှို့ဝှက်ဆန်းကြယ်မှုများ ရှိနေသည်ကို ခံစားရ၏။ သူက အမှန်တကယ်ပင် အမှန်တရားနှင့် နီးစပ်သည်ဟု ထင်လိုက်တိုင်း ပိုမိုကြီးမားသည့် အမှန်တရားကြီး တစ်ခု ပေါ်ထွက်လာစမြဲပင်။ မျက်မမြင် ပုဏ္ဏားကြီး ခြောက်ယောက်က ဆင်ကို စမ်းသပ်နေသကဲ့သို့ပင်။

“မဟုတ်သေးဘူး။” ရှမ့်လန်အနေနှင့် ဧကရာဇ်ကျန်းလီ ချန်ထားခဲ့သည့် အချက်အလက်များကို ဆက်လက်ကာ လေ့လာ၏။ ကျန်းလီက အနောက်လောကကို နှစ်ပေါင်းများစွာ လှည့်လည် သွားလာခဲ့သူဖြစ်သောကြောင့် သူ၏မှတ်တမ်းများက အမှန်တရားနှင့် အနီးစပ်ဆုံး ဖြစ်ပေမည်။

.........

မူလအကြောင်းအရင်းကို ပြန်သွားရမည်ဆိုလျှင် သွေးသောက်ဘာရွန်က ပြော၏။ “ကျောက်စိမ်းဖြူမြို့ရဲ့ ကောင်းချီးကို ရရှိပြီးတဲ့နောက်မှာ ဆော်ရွှန်မင်းသားက သရဖူတစ်ဝက်ကို သူ့ခေါင်းပေါ်မှာ ဆောင်းထားခဲ့ပြီ။ ကျန်တဲ့တစ်ဝက်ကိုတော့ တောင်ဘက်က နယ်စားတွေ ဆောင်းထားကြတယ်။ နယ်စားကြီး ဒီဘိုရာနဲ့ မြို့စားကြီး ရပ်လ်ဆဲ တို့ကလည်း ဆော်ရွှန်မင်းသားကို ထောက်ခံကြတယ်။”

စုန်းအင်ပါယာကိုဝိုင်းတိုက်ရန် စပြင်ခဲ့သူတွေက နယ်စားကြီး ဒီဘိုရာ ၊ မြို့စားကြီးရပ်လ်ဆဲနှင့် တခြားသူများဖြစ်ပြီး စစ်သည် တစ်သန်းကျော်ကို စုဆောင်းခဲ့၏။ ရှမ့်လန်သည် ထိုသူတို့၏ ရည်ရွယ်ချက်က စုန်းအင်ပါယာကို ဖျက်ဆီးရန်သာ ထင်မှတ်ခဲ့သော်လည်း ယခု နိုင်ငံထူထောင်မည့် စစ်ပွဲတစ်ခု ဖြစ်ပုံပေါ်နေသည်။

ထီးနန်းသိမ်းပိုက်နိုင်ရန် အိမ်ရှေ့စံနင်ယီက တောင်ဘက်နိုင်ငံသို့ ကိုယ်တိုင် သွားရောက်ပြီး မင်းသားကျင်းနှင့် တိုက်ခိုက်ခဲ့၏။ ဤအောင်မြင်မှုအပေါ် အခြေခံ၍ သူ၏ အိမ်ရှေ့စံရာထူးကို ခိုင်မာစေချင်သောကြောင့်ပင်။ ယခုလည်း ဤပြိုင်ဘက်ကင်း အစွမ်းထက်သည့် ဆော်ရွှန်မင်းသားက အောင်မြင်မှုကို အသုံးပြုကာဖြင့် ရှီလွန်တတိယအင်ပါယာ၏ ထီးနန်းကို သိမ်းပိုက်လိုနေ၏။

ရှမ့်လန်က မေးမြန်းလိုက်သည်။ “ဒါဆိုရင် ဆော်ရွှန်မင်းသားကရော ဘာလုပ်နေတာလဲ။”

“သူက အံ့ဖွယ်တစ်ခုကို ဖန်တီးနေတယ်။” ဘာရွန်က ဖြေ၏။

“ဘယ်လိုအံ့ဖွယ်လဲ။”

“ဓားတစ်လက်နဲ့ လောကကြီးကို သိမ်းပိုက်တဲ့ အံ့ဖွယ်ပေါ့။ သူက ရေခဲပြင်ပင်လယ်ကနေ ရှီလွန် အင်ပါယာထိ တောင်ဘက်ကို ဆင်းလာတယ်။ မြို့ပေါင်းများစွာကို ဖြတ်ကျော်ခဲ့ပြီး သူ့ကို လက်ခံတဲ့လူတွေက တိုးတက်တယ်။ ဆန့်ကျင်တဲ့လူတွေက ပျက်သုဉ်းသွားရတယ်။”

ဤမျှလောက် အစွမ်းထက်နေသည်လား။ ရှမ့်လန်က ထိုမြင်ကွင်းကို စိတ်ကူးနှင့် ကြည့်နိုင်၏။ မြင့်မြတ်သည့် မင်းသားတစ်ပါးက မြောက်ဘက်တိုက်ကြီးမှ အသက်စွန့်ကာ ဆင်းလာ၏။ သူက သူရဲကောင်းကြီး တစ်ဦး ဖြစ်၏။ လူတစ်ယောက် ဓားတစ်လက်တည်းနှင့် တောင်ဘက်ကို ဆင်းလာကာဖြင့် မြို့တစ်မြို့ပြီး တစ်မြို့ကို ဝင်ရောက်ကာ မြို့ပိုင်ရှင်များကို ဓားနှင့်ထောက်ကာ မေးသည်။

“သစ္စာခံမလား။ သစ္စာမခံရင် အသတ်ခံရမယ်။” တကယ့်ကို ခမ်းနားထည်ဝါလှသည့် ဟန်ပန်မျိုးပင်။

တချို့က မေးကောင်း မေးပေလိမ့်မည်။ အဘယ်ကြောင့် လူပေါင်းသောင်းချီကာ သူ့ကို ဝိုင်းမသတ်ကြ သနည်း။ ဤအရာက မည်သို့ဖြစ်နိုင်မည်နည်း။ ဆော်ရွှန်ရှီလွန်က မင်းသားတစ်ပါး ဖြစ်ရုံသာမက နှစ်ပေါင်းရာချီအတွင်း မြောက်ဘက်တိုက်ကြီးမှ ပြန်လာနိုင်သည့် တစ်ဦးတည်းသော သူရဲကောင်းဖြစ်၏။ တိုင်းသူပြည်သားများ နှင့် စစ်သည်တော်အပေါင်းများစွာတို့က သူ့ကို ကြည်ညိုလေးစားနေကြသည်မှာ အမှန်ပင်။

ရှမ့်လန်က မေး၏။ “သူက ရှီလွန်ဧကရာဇ်ရဲ့ အံ့ဖွယ်ကို ပြန်လုပ်ပြချင်တာ ထင်တယ်။ ဘာစစ်တပ်မှ မပါဘဲ တစ်ယောက်တည်း တောင်ဘက်ကနေ ဆင်းလာတာပေါ့။”

“မဟုတ်ဘူး။ သူ့နောက်ကို လိုက်ချင်တဲ့ စစ်သည်တွေက ထောင်နဲ့ချီ ရှိတယ်။ ဒါပေမဲ့ သူက အားလုံးကို ငြင်းပယ်ခဲ့တာ။ သူက သူ့ရဲ့ ကိုယ်ပိုင်ခွန်အားနဲ့ပဲ ထီးနန်းကို သိမ်းပိုက်မယ်လို့ ပြောခဲ့တယ်။”

“ဒါဆိုရင် သူ မြို့ပေါင်းဘယ်လောက်ကို သိမ်းပြီးပြီလဲ။”

“၃၉ မြို့။” သွေးသောက်ဘာရွန်က ပြောသည်။

“အဲဒီမြို့တိုင်းကို သူက ဓားတစ်လက်တည်းနဲ့ သိမ်းပိုက်ခဲ့တာလား။”

“ဟုတ်တယ်။ နယ်စား ၁၅ ယောက် အသတ်ခံရပြီး ၂၄ ယောက်က သစ္စာခံခဲ့တယ်။”

ရှမ့်လန်က စကားမပြောနိုင်အောင်ပင် ဆွံ့အသွား၏။ ဤမြင်ကွင်းကို သူ စိတ်ကူးကြည့်၍ ရ၏။ တကယ့်ကို အံ့မခန်းပင်။ လူတစ်ယောက် ဓားတစ်လက်နှင့် လောကတစ်ဝက်ကို ငြိမ်သက်စေခဲ့၏။ ဤကဲ့သို့သော လူမျိုးက မကြာမီ ရှီလွန်မင်းဆက်၏ မှူးမတ်များနှင့် တိုင်းသူပြည်သားများ အားလုံး၏ နှလုံးသားကို သိမ်းပိုက်နိုင်ပေလိမ့်မည်။ ထိုနောက် မည်သည့် အတားအဆီးမှ မရှိဘဲ ထီးနန်းတက်ကာဖြင့် ရှီလွန် အင်ပါယာတစ်ခုလုံးကို အမှန်တကယ် စုစည်းနိုင်ပေလိမ့်မည်။

“အခုတော့ ဘုရင်မမီဒူဆာက နောက်ဆုံးသိမ်းပိုက်ရမယ့် ပစ်မှတ်ဖြစ်လာပြီ။”

သွေးသောက်ဘာရွန်က ပြောသည်။ “သူက အသတ်ခံရတာ။ ဒါမှမဟုတ် ဒူးထောက်ပြီး ရှီလွန်မင်းသားရဲ့ ကိုယ်လုပ်တော် ဖြစ်လာမလား။ နှစ်ခုထဲက တစ်ခုကို ရွေးရလိမ့်မယ်။”

ရှမ့်လန်က ဆော်ရွှန်မင်းသား တောင်ဘက်သို့ ဆင်းလာပြီး မြို့ကြီးတစ်မြို့ သိမ်းပိုက်နေသည့် မြင်ကွင်းကို စိတ်ကူးကြည့်နိုင်၏။ နောက်ဆုံး စစ်သည်သန်းပေါင်းများစွာက ဘုရင်မမြို့တော်ကို ဝိုင်းထားမှာဖြစ်ပြီး ထိုသူက ဘုရင်မ မီဒူဆာနှင့် အဆုံးအဖြတ် တိုက်ပွဲကို တိုက်ခိုက်ကာဖြင့် ထီးနန်းတက်ပေလိမ့်မည်။

ရှမ့်လန်က ပြော၏။ “မြို့စားကြီးရပ်လ်ဆဲက တကယ့်ကို မျိုးချစ်တစ်ယောက်ပဲ။ သူက ရှီလွန်မင်းဆက်မှာ ပြိုင်ဘက်ကင်းတဲ့ အရှင်သခင်တစ်ယောက် ပေါ်ထွန်းလာခဲ့ပြီး အနောက်လောကကို တကျော့ပြန် စုစည်းပေးဖို့ မျှော်လင့်နေခဲ့တာ။ ဒါပေမဲ့ နယ်စားကြီး ဒီဘိုရာကတော့ သူ့လောက် မဖြူစင်ဘူး။ သူက ဘာလို့ ဆော်ရွှန်မင်းသားကို ထောက်ခံနေရတာလဲ။”

သွေးသောက်ဘာရွန်က ပြောသည်။ “ဆော်ရွှန်မင်းသား ဧကရာဇ်ဖြစ်လာတဲ့အချိန်ကျရင် နယ်စားကြီး ဒီဘိုရာက ကိုယ်လုပ်တော် ဖြစ်လာလိမ့်မယ်။ အဲဒီအချိန်မှာ သူမက နိုင်ငံ့အင်ပါယာရဲ့ တောင်ဘက် စောင့်ရှောက်သူ ဖြစ်လာမှာပေါ့။ သား မွေးလာရင် နာမည်ကို ‘စီနိုရော့ဆို’ လို့ ပြောင်းပြီး အင်ပါယာရဲ့ မင်းသားတစ်ပါး ဖြစ်လာလိမ့်မယ်။”

ကိုယ်လုပ်တော်ဟု ခေါ်ဆိုခြင်းက ရိုသေသည့် အခေါ်အဝေါ်သာဖြစ်၏။ အမှန်စင်စစ်အားဖြင့် မင်္ဂလာ မဆောင်ထားသော ချစ်သူပင်။ ထိုရာထူးက အရှေ့လောက၏ မယားငယ်နှင့် ဆင်တူသော်လည်း ပဋိညာဉ် စာချုပ်များနှင့် ချည်နှောင်ထားသည့် ကောင်းကျိုးများ ရှိ၏။

ရှမ့်လန်က ပြောလိုက်သည်။ “နယ်စားကြီး ဒီဘိုရာက အပျိုမှ မဟုတ်တော့တာ။”

“အနောက်လောက က အရှေ့လောကလို့ မဟုတ်ဘူး။ ကျုပ်တို့က အဲဒါတွေကို ဂရုမစိုက်ဘူး။ ဘုရင်မ မီဒူဆာတောင်မှ ကလေးမွေးဖူးတာပဲ။ ဒါပေမဲ့ ဆော်ရွှန်မင်းသားက သူ့ကို လက်ထပ်ပြီး အင်ပါယာရဲ့ ဘုရင်မအဖြစ် ထားချင်နေတုန်းပဲ။ ဒါပေမဲ့ သူ့ရဲ့ မူရင်းစကားအတိုင်း ပြောရရင်တော့ ‘ဘုရင်မ ဖြစ်မလား၊ ဒါမှမဟုတ် သေမလား’ ပေါ့။”

ရှမ့်လန်၏ မျက်လုံးများက ကျဉ်းမြောင်းသွား၏။ အတိုင်းအတာ တစ်ခုထိ ပြောရရင် ဘုရင်မ မီဒူဆာက သူနှင့် ဘာမှမသက်ဆိုင်သော်လည်း သူမက သူ့ကလေး၏ အမေဖြစ်၏။ ယခု ဤမင်းသား ဆော်ရွှန်က မီဒူဆာကို သူ့မိန်းမ ဖြစ်မလား၊ သေမလားဟု မောက်မာဝင့်ကြွားစွာ မေးမြန်းခဲ့၏။

ထို့အပြင် နယ်စားကြီး ဒီဘိုရာ.. သူမက အဘယ်ကြောင့် အရင်းအနှီးများစွာ အကုန်ကျခံပြီး ရှိသမျှအရာ အားလုံးကို ပေးဆပ်နေရသနည်း ဆိုသည်မှာ မထူးဆန်းတော့ချေ။ သူမက ရှမ့်လန်ကဲ့သို့ ချောမောသည့် လူတစ်ယောက်ကို အထင်သေးခဲ့ခြင်းက သူမ၏ မျက်လုံးထဲတွင် အနာဂတ်ဧကရာဇ် ဆော်ရွှန်ကိုသာ မြင်နေ၍ ဖြစ်၏။ တစ်ခါအောင်မြင်သွားလျှင် သူမ၏ မိသားစုတစ်ခုလုံးက အသစ်ပြန်လည် မွေးဖွား လာကာဖြင့် ရှီလွန်အင်ပါယာ၏ ထိပ်တန်းတော်ဝင်မျိုးနွယ် ဖြစ်လာပေလိမ့်မည်။ သို့သော်ငြား သွေးသောက်ဘာရွန်က အဘယ်ကြောင့် သူ့ကို ဤအကြောင်းအရာများ ပြောပြနေရသနည်း။

ရှမ့်လန်က မေး၏။ “ကျုပ် တစ်ခုလောက် မေးပါရစေအုံး။ မင်းသမီး ဟယ်လင်ကို သိလား။ သူက ရှီလွန် အင်ပါယာရဲ့ ထီးနန်းလုပွဲမှာ မျှော်လင့်ချက် ရှိလား။”

သွေးသောက်ဘာရွန်က ခဏမျှ မင်သက်သွား၏။ ရှမ့်လန်က မင်းသမီး ဟယ်လင်၏ နာမည်ကို ထုတ်ဖော် ပြောဆိုလိုက်သောကြောင့် အလွန် အံ့အားသင့်သွားသည်မှာ ထင်ရှားသည်။

“မျှော်လင့်ချက် မရှိဘူး။”

ဘာရွန်က ပြော၏။ “မင်းသမီး ဟယ်လင် ပျောက်ဆုံးနေတာ ၁၇ နှစ်ရှိပြီ။ သူက သေသွားတာလည်း ဖြစ်နိုင်တယ်။ အသက်ရှင်နေအုံးတော့ သူ့ရဲ့အဆင့်အတန်းနဲ့ ရှီလွန်အင်ပါယာ ဧကရာဇ် ဖြစ်လာဖို့ မဖြစ်နိုင်ဘူး။”

ရှမ့်လန်က မေးသည်။ “ဒါဆိုရင် သူ ဘယ်ရောက်နေတယ်လို့ ခင်ဗျားထင်လဲ။”

“ဘယ်သူသိမှာလဲ။ မိစ္ဆာတြိဂံဒေသကို သွားတာလား၊ ပင်လယ်ရေအောက်က နတ်ကျောင်းကို သွားတာလား။ သူက စိတ်ကူးယဉ်ဆန်တဲ့ မင်းသမီးတစ်ပါးပဲ။ သူဘာတွေးနေတယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။”

...............

ရုတ်တရက် ခေါင်းလောင်းသံများ မြည်လာ၏။ ထိုအရာက တကယ့်ကို အရေးကြီးသည့် အချက်ပေး ခေါင်းလောင်းသံများပင်။ အကယ်၍ ရှမ့်လန်သာ ကောင်းကင်က လှမ်းကြည့်မည်ဆိုလျှင် ပင်လယ်ပြင်ရှိ သင်္ဘောတိုင်းဆီမှ အရေးပေါ် ခေါင်းလောင်းသံများ မြည်နေသည်ကို မြင်ရ၏။ ပင်လယ်ဓားပြသင်္ဘော ဖြစ်ပါစေ၊ ကုန်တင်သင်္ဘော ဖြစ်ပါစေ အားလုံးက တပြိုင်နက်တည်း အချက်ပေးနေ၏။ အရှေ့ဘက် ပီကျင်း မြို့ထိတိုင်အောင်ပင်။

“ဒေါင်... ဒေါင်...”

ပီကျင်းမြို့တစ်ခွင်လုံးရှိ ခေါင်းလောင်းသံများက ပို၍ စိပ်လာ၏။ တစ်ချိန်တည်းမှာပဲ ပီကျင်းမြို့၏ မြို့တံခါးအားလုံးက ပိတ်ဆို့၏။ ဆိပ်ကမ်းအားလုံးကိုလည်း ချိတ်ပိတ်သည်။

ဘုန်း.... ဘုန်း...

နယ်စားရဲတိုက်နှင့် စစ်စခန်းအတွင်းမှ စစ်သည်တော်များက တန်းစီပြီး မြို့ထဲသို့ ဝင်လာ၏။ စစ်သည် ထောင်ပေါင်း၊ သောင်းပေါင်းများစွာတို့က ပီကျင်းမြို့၏ လမ်းတိုင်း၊ အဝင်ပေါက်ဝကို ပိတ်ဆို့၏။ မြို့တော်တစ်ခုလုံးက အချက်ပေးသံများနှင့် ပြည့်နှက်နေ၏။

မိုင်းထောင်ချီ သတ်ဖြတ်ခြင်း အမိန့်တော် စတင်လေပြီ။

သွေးသောက်ဘာရွန်က မတ်တပ်ထရပ်သည်။ “လျှို့ဝှက်ဆန်းကြယ်တဲ့ အရှေ့တိုင်းသားကြီး... ခင်ဗျားကို သတ်ဖို့ အမိန့်ကျလာပြီ။ အခုကစပြီး ဘယ်ပင်လယ်ကုန်သည်၊ ဘယ်ပင်လယ်ဓားပြမှာ ခင်ဗျားနဲ့ အရောင်းအဝယ် မလုပ်တော့ဘူး။ ခင်ဗျားရဲ့ ချစ်သူ ဟေးလ်လ်လည်း အပါအဝင်ပဲပေါ့။”

သို့သော်ငြား ရှမ့်လန်က ဟေးလ်လ်ထံမှ ရွှေဒင်္ဂါး နှစ်သိန်းခွဲကို လက်ခံခဲ့ပြီးရုံသာ ရှိသေး၏။ ထိုအရာက သူမ၏ ပိုင်ဆိုင်မှု ထက်ဝက်ခန့်ပင်။

“အခုကစပြီး ခင်ဗျားရဲ့စခန်းကို လာတဲ့ ဘယ်သင်္ဘောမဆို မြှုပ်ခံရမယ်။ ခင်ဗျားရဲ့စခန်းက ဆန်တစ်စေ့၊ ကျွန်တစ်ယောက်ကိုမှ လက်ခံရရှိတော့မှာ မဟုတ်ဘူး။ ဒီအချိန်ကစပြီး ခင်ဗျားက အလုံးစုံ ပိတ်ဆို့ခြင်းကို ခံရပြီ။”

ရှမ့်လန်က မေး၏။ “ဘာရွန်.. နယ်စားကြီး ဒီဘိုရာက ပိတ်တာလား။ ဒါမှမဟုတ်...”

ဘာရွန်က ဖြေသည်။ “ရှီလွန်တတိယအင်ပါယာ တစ်ခုလုံးက ခင်ဗျားကို ပိတ်ဆို့လိုက်တာပဲ။ ကျုပ် အပါအဝင်ပေါ့။ နောက်ဆို ခင်ဗျားစခန်းနားကို သင်္ဘောတစ်စင်း ချဉ်းကပ်တာနဲ့ ကျုပ်ကိုယ်တိုင် နစ်မြှုပ်ပစ်မယ်။”

တကယ့်ကို လက်တွေ့ဆန်၏။ ရှမ့်လန်နှင့် အကြီးအကျယ် အရောင်းအဝယ် လုပ်ပြီးရုံသာ ရှိသေးသော်လည်း ယခု သူကိုယ်တိုင် ပိတ်ဆို့မှုတွင် ဦးဆောင်ပါဝင်နေ၏။

“တကယ်ပဲ စိတ်မကောင်းပါဘူး မျက်လှည့်ဆရာကြီး။ နယ်စားကြီး ဒီဘိုရာရဲ့ နောက်ကွယ်မှာ အနာဂတ် ဧကရာဇ်ဆော်ရွှန် ရှိနေတယ်။ ဘယ်သူမှ သူ့ကို တားဆီးလို့ မရနိုင်ဘူး။ မကြာခင် ခင်ဗျားနဲ့ ကျုပ်ပြန်တွေ့ရင် ကျုပ်က တတိယရှီလွန်အင်ပါယာရဲ့ ဒုတိယရေတပ် ဗိုလ်ချုပ်ကြီးတောင် ဖြစ်နေလောက်ပြီ။

ဒါနဲ့ ကျုပ်တို့က အရောင်းအဝယ် လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်ခဲ့ဖူးတာမို့ ကျုပ် ခင်ဗျားကို တစ်ခုလောက် သတိပေးမယ်။ ခင်ဗျားမှာ အချိန် တစ်လကျော် ကျန်နေတယ်။ နယ်စားကြီး ဒီဘိုရာက သူ့ရဲ့ စစ်တပ်ကို တောင်ဘက်ကို ဦးဆောင်ခေါ်သွားတယ်။ ခင်ဗျား အခွင့်အရေး မရခင် သူ ခင်ဗျားကို အမြစ်ပြတ်အောင် ဖျက်ဆီးလိမ့်မယ်။ ခင်ဗျားမှာ တစ်လကျော်ပဲ အချိန်ရှိတယ်။ ဂရုစိုက်ပါ မျက်လှည့်ဆရာကြီး။ ခင်ဗျားနဲ့ အရောင်းအဝယ် လုပ်ရတာ သိပ်ကို ကျေနပ်စရာ ကောင်းတယ်။

နောက်ဆုံး နှစ်လအတွင်း နယ်စားကြီးရဲ့ စစ်တပ်က ခင်ဗျားရဲ့ မြို့လေးကို ဒီလောကကြီးကနေ ဖယ်ရှားပစ်တော့မယ်။ ကျုပ်သာ ခင်ဗျားနေရာမှာ ဆိုရင် သင်္ဘောနဲ့ အဝေးဆုံးကို ခုချက်ချင်း ထွက်ပြေး သွားမယ်။ ဆော်ရွှန်ဧကရာဇ်က ထွန်းတောက်နေပြီ။ အပြင်လူတစ်ယောက်အနေနဲ့ အဝေးဆုံးမှာနေတာ အကောင်းဆုံးပါပဲ။ ဒါဆိုရင် နှုတ်ဆက်ပါတယ်။” သွေးသောက်ဘာရွန်က ရှမ့်လန်ကို လက်ကမ်းနှုတ်ဆက်သည်။

“နှုတ်ဆက်ပါတယ် ဘာရွန်။” ရှမ့်လန်က လက်ဆွဲ၏။ ပြီးနောက် သင်္ဘောပေါ်မှ ဆင်းခဲ့၏။

All Chapters