အခန်း (၈၁၃-၈၁၄)
Vol. 50 Ch. 813-814
အပိုင်း (၈၁၃)
ရှမ့်လန် သွေးသောက်ဘာရွန်၏ သင်္ဘောပေါ်မှ ဆင်းလိုက်သည်နှင့် တပြိုင်နက် ....
“ဒေါင်.... ဒေါင်.... ဒေါင်....” ဆူညံသည့် အရေးပေါ် ခေါင်းလောင်းသံများ ပေါ်လာ၏။
“တိုက်ပွဲအတွက် ပြင်ဆင်ကြတော့။” သွေးသောက်ဘာရွန်၏ အမိန့်အောက်မှာပဲ ဧရာမသင်္ဘောကြီးက တိုက်ပွဲအတွက် ပြင်ဆင်တော့၏။ လေးမြားစက်များနှင့် ကျောက်ခဲပစ်စက်များကို အသင့်ပြင်၏။ ပင်လယ်ဓားပြအားလုံးက ဓားများကို ဆွဲထုတ်ပြီး လေးမြားများကို အသင့်ပြင်ထား၏။ စောဏတုန်းက ငြိမ်းချမ်းနေသည့် သင်္ဘောအစီးပေါင်း ၁၀၀ ကျော်တို့က ရုတ်တရက် သတ်ဖြတ်လိုသည့် ဆန္ဒများနှင့် ပြည့်နှက်၏။ သူတို့၏ ခြေသည်းလက်သည်း အစွယ်များကို ထုတ်ဖော်ပြသလာသည်။
“အင်း… ဒါက စာအုပ်ရဲ့ စာမျက်နှာ တစ်မျက်နှာကို လှန်လိုက်သလို ပြောင်းလဲသွားတဲ့အရာပဲ။”
သွေးသောက်ဘာရွန်က သရေစာချပ်တစ်ခုကို ထုတ်ယူကာ အော်ဟစ်၏။ “ရှီလွန်တတိယအင်ပါယာရဲ့ တောင်ဘက်နယ်မြေစောင့်ရှောက်သူ နယ်စားကြီး ဒီဘိုရာရဲ့ အမိန့်အရ အရှေ့တိုင်းသား ရှမ့်လန်ရဲ့ မူလန်မြို့အသစ်ကို အလုံးစုံ ပိတ်ဆို့ဖို့ အမိန့်ချလိုက်ပြီ။ ဘယ်သူမှ အရောင်းအဝယ် မလုပ်ရဘူး။ ဘယ်ပင်လယ်သင်္ဘော ဒါမှမဟုတ် ကုန်သည်မဆို ရှမ့်လန်နဲ့ အရောင်းအဝယ်လုပ်ရင် တစ်မိသားလုံး အသတ်ခံရမယ်။ မူလန်မြို့သစ်နားကို ပေါ်လာတဲ့ ဘယ်သင်္ဘောမဆို နစ်မြှုပ်ခံရမယ်။ အလုံးစုံ ပိတ်ဆို့ရေး အမိန့်ကို စတင်မယ်။”
ပြီးနောက် ဘာရွန်၏ သင်္ဘောအုပ်စုနှင့် ပတ်ဝန်းကျင်မှ ပင်လယ်ဓားပြသင်္ဘောအားလုံးက ပိတ်ဆို့ရေး အမိန့်ကို စတင်ဆောင်ရွက်ကြ၏။ သူတို့က ပင်လယ်ပြင်ကို လုံးဝပိတ်ဆို့ထားလိုက်၏။ မြို့စားကတော်ကြီး ဒီဘိုရာ၏ သင်္ဘောအုပ်စု ပင်လယ်ထဲသို့ ထွက်လာ၏။ ရှမ့်လန်နှင့် အရောင်းအဝယ်လုပ်မည့် မည်သည့် သင်္ဘောကိုမဆို နစ်မြှုပ်ရန် အဆင်သင့် ဖြစ်လို့နေသည်။
တစ်ချိန်တည်းမှာပဲ မြို့စားကတော်ကြီး ဒီဘိုရာက သူမ၏စစ်တပ်ကို တောင်ဘက်သို့ ဦးဆောင်သွားနေ၏။ ရှမ့်လန်၏ လူ ၂၀၀၀ က ဖုံးထား၍ မရသည်မှာ အသေအချာပင်။ အထူးသဖြင့် တစ်ညအတွင်း ပေါ်ပေါက် လာခဲ့သည့် သူ၏ မြို့တော်ကြီးက ထင်ရှားနေသောကြောင့်ပင်။
နယ်စားကြီးဒီဘိုရာက ရှမ့်လန်၏ အမည်ကိုသာ သိပြီး သူ၏အဆင့်အတန်းကို မသိချေ။ သို့သော်ငြား သူက ဘုရင်မမီဒူဆာနှင့် ရင်းနှီးသည့် ဆက်ဆံမှုများရှိကြောင်း သူမက သိရှိ၏။ ထို့အပြင် သူက မီးရှို့သတ်ဖြတ်ခြင်း ကို ခံခဲ့ရသော်လည်း သေခြင်းတရားမှ ပြန်လည်ရှင်သန်နိုင်သူ ဖြစ်သောကြောင့် သူမ၏ အာရုံစိုက်မှုကို ရရှိရန် လုံလောက်သည်။
ထို့ကြောင့် ရှမ့်လန် ကျောက်စိမ်းလှိုင်းကျွန်းစွယ်၌ မြို့တည်နေကြောင်း ကြားသည့်အချိန်တွင် လုံးဝ အံ့အားသင့်မိ၏။ ဤလူက သေမသွားရုံသာမက သူမ၏ နယ်မြေထဲသို့ ပြန်လာဝံ့၏။ သူမ၏ ကျွန်းပေါ်တွင် မြို့တည်နေ၏။ ဤသည်သို့ ပြုလုပ်ရန် မည်သူက သတ္တိပေးထားသနည်း။ သို့မဟုတ် အရူးတစ်ယောက် ပေလား။
သို့သော်ငြား သူမက ယခင်ကထက် ပိုမို၍ ဂရုတစိုက် ရှိလာ၏။ ဘုရင်မမြို့တော်တိုက်ပွဲက အရေး မကြီးတော့ချေ။ ဆော်ရွှန်ဧကရာဇ် တောင်ဘက်သို့ ဆင်းလာပြီး ဘုရင်မ မီဒူဆာနှင့် အဆုံးအဖြတ် တိုက်ပွဲဆင်နွှဲမည်ကို စောင့်နေရုံသာဖြစ်ပြီး စစ်တပ်က ဘုရင်မမြို့တော်ကို ဝိုင်းထားရန်သာ လိုသည်။ ထိုအချိန်မှာတော့ ဆော်ရွှန်ဧကရာဇ်က မြောက်ဘက်တွင် မြို့များကို သိမ်းပိုက်ကာ ဘုန်းတန်ခိုး ပြသနေ၏။ ထိုကဲ့သို့ သိမ်းပိုက်မှုများနှင့် ဘုရင်မမြို့တော်သို့ ရောက်ရှိရန် အနည်းဆုံး နှစ်ဝက်ခန့် ကြာပေဦးမည်။
နယ်စားကြီးဒီဘိုရာက ဆော်ရွှန်ဧကရာဇ်နှင့် မတွေ့ဖူးသေးသော်လည်း သူတို့၏ ကံကြမ္မာက သတ်မှတ်ပြီးသား ဖြစ်၏။ သူမက သူ့ကို အရှင်သခင်ဖြင့် သတ်မှတ်ပြီးဖြစ်၏။ ရှီလွန်မင်းဆက်၏ နံပါတ်တစ် သူရဲကောင်း၊ နံပါတ်တစ် ချောမောသူဖြစ်ပြီး ရှီလွန်ဧကရာဇ်နှင့်ပင် ယှဉ်နိုင်သူတစ်ယောက်ပင်။
သူမက ဤတစ်သက်တွင် တစ်ခါရနိုင်သည့် အခွင့်အရေးကို လက်လွတ်ခံမည် မဟုတ်ချေ။ ထို့ကြောင့် ဧကရာဇ်ဆော်ရွှန် တောင်ဘက်သို့ ဆင်းမလာခင်တည်းက အစွမ်းကုန် ထောက်ခံထားခဲ့ခြင်းပင်။ သူမ၏ ရော့ဆိုမိသားစုက ဆော်ရွှန်ဧကရာဇ်ကို ပြာပုံထဲမှ ပြန်လည်ထွန်းတောက်စေလိုသည့် ထောက်ပံ့မှုမျိုး ပြုလုပ်ထား၏။ ထိုအရာက သူမ၏ဆန္ဒသာမက မီးနတ်ဘုရားဂိုဏ်း၏ ဆန္ဒလည်း ဖြစ်၏။ ဆော်ရွှန်ဧကရာဇ် တောင်ဘက်သို့ ဆင်းလာစဉ်တွင် သူမ၏စစ်တပ်က ရှမ့်လန်၏ မြို့တော်ကို အမြစ်ဖြတ် ဖျက်ဆီးမည်။
“အရှင်.. ဘာလို့ ဒီရှမ့်လန်ကိုမှ ယစ်ပူဇော်မယ့် ယောက်ျားအဖြစ် ရွေးချယ်ခဲ့တာလဲ။” နယ်စားကြီး ဒီဘိုရာက မေးမြန်း၏။
“အရာအားလုံးက မီးနတ်ဘုရားရဲ့ အလိုတော်အတိုင်းပဲ။”
ဒီဘိုရာက ပြောသည်။ “ဒါဆိုရင် ကျွန်မ စစ်တပ်ကို ဦးဆောင်ပြီး သူ့ရဲ့ မြို့ငယ်လေးကို အမြစ်ဖြတ် ဖျက်သိမ်းမယ်။ သူ့ကို သတ်ဖြတ်ဖို့ဆိုတာကလည်း မီးနတ်ဘုရားရဲ့ အလိုတော်ပဲလား။”
“သိပ်မှန်တာပေါ့။”
...............
လွန်ခဲ့သည့် နှစ်ဝက်ခန့်က အချိန်ကို ပြန်သွားလျှင် ရှမ့်လန်ကိုယ်တိုင် ဖန်တီးပြုလုပ်ထားခဲ့သည့် ဧရာမသင်္ဘောကြီးက နိဗ္ဗာနစစ်သည်နှင့် သူ၏ မိသားစုအားလုံးကို တင်ဆောင်ပြီး မိစ္ဆာတြိဂံ နယ်မြေထဲသို့ ဝင်ရောက်၏။ သင်္ဘောပေါ်ရှိ မည်သူမျှ ထိုမြင်ကွင်းကို မေ့ပျောက်နိုင်လိမ့်မည် မဟုတ်ချေ။ ဤအရာက တကယ့်ကို ငရဲရှိ နတ်ဆိုးခံတွင်းဝနှင့်ပင်တူ၏။
ဤနေရာသို့ မဝင်မီတွင် သူတို့က အလုံးစုံ ကြောက်လန့်နေပြီး အန္တရာယ်များလိမ့်မည်ဟု ထင်မှတ်ခဲ့၏။ သို့သော်ငြား အထဲကို ဝင်သွားချိန်မှာတော့ ထင်မှတ်ထားသည်ထက်ပင် ပို၍ ကြောက်မက်ဖွယ်ရာ ကောင်းနေ၏။ မူလန်က ထိုမျှ များပြားသည့် ကြောက်မက်ဖွယ်ရာကောင်းသော လျှပ်စီးတန်းများကို မမြင်ခဲ့ဖူးချေ။ လူးလာခေါက်တွန့်နေသည့် နဂါးများအလားပင်။ စားလုံးပုံသဏ္ဍာန် လျှပ်စီးကြောင်းများပင် ရှိနေသည်။
မိစ္ဆာတြိဂံနယ်မြေတစ်ခုလုံးက မှောင်အတိကျနေပြီး အရှေ့တွင် ရှိနေသည့် မိမိ၏ လက်ချောင်းကိုပင် မမြင်နိုင်လောက်အောင် မှောင်မဲနေ၏။ ခဏအတွင်းမှာပဲ လျှပ်စီးများ လက်ပြီး မျက်စိများ ကျိန်းသွားအောင် လင်းထိန်သွားပြန်၏။ ဤအချိန်မှာတော့ လျှပ်စီးကာကွယ်မှု စနစ်မပါရှိသည့် မည်သည့်သင်္ဘောမဆို အတွင်းသို့ ရောက်ရှိသည်နှင့် အစိတ်စိတ် အမွှာမွှာ ပြိုလဲသွားပေမည်။ လွတ်မြောက်ရန် မဖြစ်နိုင်ချေ။
မူလန်က သူမ၏သင်္ဘောကြီး အန္တရာယ်ကြုံတွေ့မည်ကို စိုးရိမ်သော်လည်း သူမ၏ ယောက်ျားကို ယုံကြည်ထား၏။ အမှန်တကယ်ပင် သူမ၏ သင်္ဘောကြီး အတွင်းသို့ ဝင်ရောက်ပြီး ၃ မိနစ် မပြည့်ခင်မှာပင် ဧရာမ လျှပ်စီးတန်းကြီး တစ်ခုက ထိမှန်၏။ သင်္ဘောကြီးက ဘာမှမဖြစ်ဘဲ ဘေးကင်းလုံခြုံနေပြီး ဧရာမ လျှပ်စီးကြောင်းကြီးက ပင်လယ်ထဲသို့ တိုက်ရိုက် စီးဝင်သွား၏။
ဘုန်း... ဘုန်း... ဘုန်း....
သင်္ဘောကြီးက မိစ္ဆာတြိဂံနယ်မြေထဲသို့ ဆက်လက်တိုးဝင်၏။ ရေတွက်၍မရအောင် များပြားသည့် လျှပ်စီးတန်းများက လောကကြီးကို တုန်ခါစေလောက်အောင် ဆက်တိုက် ကျရောက်နေဆဲပင်။ သို့သော်ငြား ပထမအကြိမ် လျှပ်စီးတန်းများကို ခုခံနိုင်ခဲ့သောကြောင့် ဒုတိယနှင့် တတိယအကြိမ်များကိုလည်း ခုခံနိုင်ခဲ့သည်။
သို့သော်ငြား မိစ္ဆာတြိဂံနယ်မြေတွင် ကြောက်စရာအကောင်းဆုံးက လျှပ်စီးများသာမကဘဲ ကျောက်ဆောင် ပေါင်းများစွာ ရှိနေခြင်းပင်။ နေရာက လက်ညှိုးကို မမြင်နိုင်လောက်အောင် မှောင်နေသကဲ့သို့ မျက်စိ ကွယ်လုမတတ် လင်းထိန်နေတတ်သောကြောင့် ပင်လယ်ပြင်ကို လုံးဝ မမြင်နိုင်ချေ။ အတွင်းသို့ ဝင်လာသည့် မည်သည့်သင်္ဘောမဆို လျှပ်စစ်ကို ရှောင်နိုင်လျှင်တောင် ကျောက်ဆောင်များနှင့် တိုက်မိကာ ပျက်စီးပေမည်။
သို့သော်ငြား အကြောင်းအရင်း တစ်စုံတစ်ရာကြောင့် မိစ္ဆာတြိဂံနယ်မြေထဲသို့ ဝင်ရောက်ပြီးနောက် မူလန်က ပြောင်းလဲသွားခဲ့၏။ သူမ၏ အာရုံခံနိုင်စွမ်းက သိသိသာသာ တိုးတက်လာခဲ့၏။ သူမက ပင်လယ်ထဲမှ ကျောက်ဆောင်များကို မမြင်နိုင်သော်လည်း အန္တရာယ်ကို ကြိုတင်ခံစားမိ၏။ သူမက ကျောက်ဆောင်များကို တစ်ခုပြီးတစ်ခု ရှောင်ရှားကာဖြင့် မိစ္ဆာတြိဂံနယ်မြေ၏ ဝင်္ကပါ လမ်းကြောင်းကို ဖြတ်ကျော်နိုင်ခဲ့၏။
ကျောက်ဆောင်များအပြင် သေစေနိုင်လောက်သည့် ဟာရီကိန်းမုန်တိုင်းများလည်း ရှိ၏။ ထိုအရာက မည်သည့်နေရာမှ လာပြီး မည်သည့်နေရာသို့ တိုက်ခတ်နေသည်ကို မည်သူမျှ မသိပေ။ ထူးဆန်းသည့် လေဆင်နှာမောင်းကြီးများက အချိန်မရွေး ပေါ်ပေါက်လာပြီး မိစ္ဆာတြိဂံနယ်မြေတစ်ခုလုံးကို မွှေနှောက်၏။ ဘာမှမမြင်နိုင်သည့် အခြေအနေမျိုးတွင် မည်သည့်သင်္ဘောမှ ဤမုန်တိုင်းများထဲမှာ လွတ်မြောက်လိမ့်မည် မဟုတ်ချေ။
သို့ဆိုစေကာမူ ကျင်းမူလန်က သွေးမျိုးဆက် ပြောင်းလဲပြီးနောက် ရှေးဦးလူသားတို့၏ အာရုံသိမှုကို ရရှိထားသောကြောင့် သင်္ဘောကို မုန်တိုင်းများကြားထဲမှ လမ်းပြခေါ်ဆောင်သွားနိုင်၏။ သို့သော်ငြား ဤလုပ်ငန်းစဉ် က စိတ်ရောလူပါ ပင်ပန်း၏။ အဘယ်ကြောင့်ဆိုသော် တစ်ခါတစ်ရံ သင်္ဘောကြီးက ရှေ့သို့သာမက ရပ်တန့်ရခြင်း၊ နောက်ဆုတ်ရခြင်းများကို ပြုလုပ်ရ၏။
မိစ္ဆာတြိဂံနယ်မြေ၏ အမှောင်ဖုံးနေသည့် တည်နေရာက မိုင်ပေါင်း ၅၀၀ ကျော် ကျယ်ဝန်း၏။ စက္ကန့်တိုင်းက ငရဲ၏ အစွန်းပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့ပင်။ အနည်းငယ် မှားယွင်းသွားပါက သင်္ဘောကြီးက တစ်စစီ ဖြစ်သွားမှာဖြစ်ပြီး သင်္ဘောပေါ်ရှိလူအားလုံးက မြှုပ်နှံခံရမည်။
နှစ်ရက်နှင့် နှစ်ည ကြာပြီးပြီးနောက် မူလန်က လုံးဝပင်ပန်းနေပြီဖြစ်၏။ သူမ၏ မကုန်ဆုံးနိုင်သည့် ဝိညာဉ်စွမ်းအင်များပင် လုံးဝကုန်ခမ်းနေ၏။ သူမက ခဏခဏ အိမ်မောကျသွားတတ်၏။ ကြိုတင် ခံစားရမှုကို ရရှိရန်အတွက် စွမ်းအင်အမြောက်အမြားကို သုံးစွဲရ၍ သူမ၏ ခန္ဓာကိုယ်က အေးစက်နေပြီး နွေးထွေးမှု မရှိတော့ချေ။ အချိန်မရွေး ပြိုလဲသွားနိုင်သည့် အခြေအနေမျိုးပင်။
'ငါအိပ်လို့ မရဘူး။ မိသားစုတစ်ခုလုံးရဲ့ အသက်က ငါ့လက်ထဲမှာ။ ကလေးလေးတွေရဲ့ အသက်ကလည်း ငါ့လက်ထဲမှာ။ ယောက်ျားရဲ့ ယုံကြည်မှုကို ငါ ဖျက်ဆီးလို့ မဖြစ်ဘူး။ ယောက်ျားနဲ့ ငါက ဆုံးရှုံးခဲ့တာတွေ များပြီ။ ဘယ်သူ့ကိုမှ ထပ်ပြီး အဆုံးရှုံးမခံနိုင်တော့ဘူး။’
သူမက အစွမ်းကုန် ပင်ပန်းလာပြီး အပ်များကို တစ်ခုပြီးတစ်ခု ထုတ်ယူပြီး သူမ၏ ခန္ဓာကိုယ်ထဲသို့ ထိုးသွင်း၏။ ဝိညာဉ်စွမ်းအင်များကို အတင်းအကျပ် ညှစ်ထုတ်ယူနေခြင်းပင်။
နောက်ထပ် နှစ်ရက်နှင့် နှစ်ည ကုန်လွန်၏။ မူလန်က တကယ့်ကို ပြိုလဲတော့မည့် အခြေအနေသို့ ရောက်နေ၏။ အဆုံးမရှိသည့် အမှောင်ထုက သူမ၏ ဝိညာဉ်ကို ဝါးမျိုရန် ပြင်းထန်စွာ တိုက်ခိုက်နေ၏။
'ယောက်ျား.. ကျွန်မ တကယ်ပဲ တောင့်မခံနိုင်တော့ဘူး။ ယောက်ျားကို စိတ်ပျက်အောင် လုပ်မိတော့မယ်နဲ့ တူတယ်။ မဟုတ်ဘူး။ မဟုတ်ဘူး။ ယောက်ျားကို စိတ်မပျက်စေရဘူး။ မိသားစုကို ငါ ကာကွယ်ရမယ်။’ မူလန်က အပ်တစ်ချောင်းကို ထုတ်ယူပြီး ကိုယ်ကို ထိုးစိုက်၏။ သို့သော်ငြား ထိုအရာက သူမကို လုံးဝ အာနိသင် မပြတော့ချေ။
'ယောက်ျား... ကျွန်မ တကယ့်ကို မခံနိုင်တော့ဘူး။ ယောက်ျား.. မူလန်ကို စိတ်ပျက်တော့မှာလား။’
အဆုံးမရှိသည့်အမှောင်ထုက ရူးသွပ်စွာ တိုးဝင်လာပြီး ခံနိုင်စွမ်း မရှိတော့ချေ။ သူမက နှစ်ရက်အတွင်း ဝိညာဉ်စွမ်းအင်အားလုံး ကုန်ခမ်းခဲ့ပြီး နောက်ထပ် နှစ်ရက်နှင့် နှစ်ညကို ဆေးဖြင့် အတင်းအကျပ် တောင့်ခံ၏။ ယခု သူမ၏ ဝိညာဉ်စွမ်းအင်များက လုံးဝ ခမ်းခြောက်သွားခဲ့ပြီဖြစ်၏။
သို့သော်ငြား ထိုအချိန်မှာပဲ သင်္ဘောကြီးက အမှောင်ထုထဲမှ ထွက်လာ၏။ သူမ၏ မျက်လုံးများက လင်းကနဲ ဖြစ်သွား၏။ ငရဲခန်းက နောက်ဆုံး ပြီးဆုံးသွားခဲ့ပြီလား။ ကောင်းကင်ဘုံသို့ ရောက်တော့မည်လား။ သင်္ဘောကြီးက မိုင် ၅၀၀ ရှိသည့် အမှောင်ကြီးကို ဖြတ်ကျော်ပြီး မိစ္ဆာတြိဂံနယ်မြေအတွင်းဘက်ရှိ လောကသစ် တစ်ခုထဲသို့ ဝင်ရောက်သွားသည်။
ဤလောက၏ လျှို့ဝှက်ဆုံးသော တည်နေရာ၊ လောကရှိ စွန့်စားသူအားလုံးတို့၏ အဆုံးစွန်သော ရည်မှန်းချက် ပန်းတိုင်များထဲမှ တစ်ခု၊ လူသားတို့အတွက် တားမြစ်သည့် နေရာ၊ အမှောင်တည်နေရာကြီးကို ကျော်ဖြတ်ပြီးနောက် ဤလောကသစ်ကြီးက မျက်စိတစ်မှိတ်အတွင်း မြင်ကွင်းထဲသို့ ပေါ်လာ၏။
လူတိုင်းက အံ့အားသင့် မှင်သက်နေ၏။ ယုံကြည်နိုင်လောက်အောင်ပင်။ အားလုံးက စိတ်ကူးထဲတွင် အနည်းနှင့်အများ ကြိုတင်တွေးတောထားသည်ဆိုသော်လည်း မည်သို့မျှ စိတ်ကူးမယဉ်နိုင်သည့် လောက တစ်ခု ဖြစ်သည်။
မူလန်က တစ်ချက်လှမ်းကြည့်၏။ သူမက တုန်ယင်နေသည့် အသံဖြင့် ပြောလိုက်၏။ “ယောက်ျား... ကျွန်မတို့ တကယ်ပဲ ကောင်းကင်ဘုံကို ရောက်လာတာပဲ။”
ပြီးနောက် အဆုံးမရှိသည့် အမှောင်ထုက မူလန်အား ဝါးမျိုသွားခဲ့၏။ မူလန်က မြေပေါ်သို့ လဲကျသွားသည်။
“မူလန်...” မူလန်၏ ဘေးတွင်တော့ ရွှယ်ရင်က သူမကို လှမ်းဖက်၏။ ရေခဲတုံးကြီးကို ဖက်လိုက်ရသလို ခံစားရ၏။
ခဏအကြာမှာတော့ ရွှယ်ရင်က သေလောက်အောင် ကြောက်မက်ဖွယ်ရာကောင်းသည့် အန္တရာယ်ကို ခံစားရ၏။ သူမ ခန္ဓာကိုယ်ရှိ ချွေးပေါက်အားလုံးက ပွင့်ထွက်သွားလောက်အောင်ပင်။ သူမက ပင်လယ်ပြင်ကို မကြည့်ဘဲ မနေနိုင်ချေ။ ပြီးနောက် လုံးဝ ထိတ်လန့်သွား၏။ သူတို့၏သင်္ဘောကြီးက ဝိုင်းရံခြင်းကို ခံထားရ၏။ ထူးဆန်းသည့် သတ္တဝါအုပ်ကြီးက သင်္ဘောကို ပတ်ပတ်လည် ဝိုင်းထား၏။ ယခင်က တစ်ခါမှ မမြင်ဖူးသည့် သတ္တဝါပေါင်းစုံပင်။
ခဏမျှ တိတ်ဆိတ်သွား၏။ ပင်လယ်ပြင်မှ ထွက်ပေါ်လာသည့် ဤသတ္တဝါများ၏ မျက်လုံးများက ရက်စက်ကြမ်းကြုတ်လွန်းသည်။
ဝှစ် ဝှစ်
ခဏအကြာမှာတော့ ထိုထူးဆန်းလွန်းသည့် သတ္တဝါများက မူလန်၏ သင်္ဘောကြီးကို အစိတ်စိတ်အမွှာမွှာ ဆွဲဖြဲရန် ရူးသွပ်စွာဖြင့် ပြေးဝင်လာလိုက်၏။ ရေတွက်၍မရနိုင်အောင် များပြားသည့် အကောင်ပေါင်း များစွာတို့က ပင်လယ်ဒီရေလှိုင်းများ ကဲ့သို့ပင်။
.......
မိစ္ဆာတြိဂံနယ်မြေ၏ အတွင်းကမ္ဘာကို မည်သို့ ဖော်ညွှန်းရမည်နည်း။ မျက်လှည့်ပြကွက် တစ်ခုလား သို့မဟုတ် ပျောက်ဆုံးနေသည့် လောကတစ်ခုလား။ ထိုသို့လည်း ဖြစ်နိုင်ပေ၏။ ဤသည်က ပင်လယ်ပြင်ထက်တွင် တည်ရှိနေသည့် မြို့တော်တစ်ခုဖြစ်၏။ ထိုမြို့၏ တစ်ဝက်က ရေအောက်တွင် နစ်မြုပ်နေပြီး ကျန်တစ်ဝက်က ရေမျက်နှာပြင်ပေါ်တွင် ပေါ်ထွက်နေသည်။
စိတ်ကူးယဉ်မှု အတိုင်းအဆတို့ထက် ကျော်လွန်သည့် ကြီးမားထည်ဝါနေ၏။ အဆုံးအစမဲ့ကာဖြင့် အဆင့်ဆင့် ထပ်လျက် တည်ရှိနေသည်။ ဤမြို့တော်၏ ဗိသုကာလက်ရာများက ယခုတည်ရှိနေသည့် လောကနှင့် လုံးဝ ကွဲပြားခြားနား နေရုံသာမက စကားလုံးများဖြင့်ပင် ဖော်ညွှန်းရန် ဖြစ်နိုင်သည့် အရာမျိုး မဟုတ်ချေ။ ရာစုနှစ်ပေါင်း များစွာ ကြာရှည်နေ၏။ ရာချီလား၊ ထောင်ချီလား မသိနိုင်တော့ပေ။
သင်္ဘောပေါ်ရှိ လူတိုင်းက မိစ္ဆာတြိဂံနယ်မြေအတွင်းရှိ လောကကို အမျိုးမျိုး စိတ်ကူးယဉ် ပုံဖော်ခဲ့ကြဖူးသည်။ ကျွန်းတစ်ကျွန်း ဖြစ်နိုင်သလို သဲကန္တာရတစ်ခုလည်း ဖြစ်နိုင်သည်ဟု ထင်မှတ်ခဲ့၏။ ဧရာမ မြို့ကြီးတစ်မြို့လည်း ဖြစ်နိုင်သည်ဟု တွေးတောထားခဲ့ကြ၏။
သို့သော်လည်း ထိုမြို့က သူတို့မျက်မှောက်ရှေ့သို့ အမှန်တကယ် ပေါ်လာသည့် အချိန်တွင်တော့ လူတိုင်းတို့၏ စိတ်ကူးစိတ်သန်းများက ကျော်လွန်သွားခဲ့ပြန်၏။ လူသားတို့၏ အတွေးနယ်ပယ်တွင် အကန့်အသတ် ဟူ၍ ရှိစမြဲပင်။ စိတ်ကူးဉာဏ် မည်မျှကောင်းမွန်စေကာမူ ယခင်က မြင်ခဲ့ဖူးသမျှကိုသာ ပုံဖော် ပေါင်းစပ် နိုင်ကြသည် မဟုတ်ပါလား။
သူတို့ရှေ့တွင် ရှိနေသည့် မျက်လှည့်ပြကွက်သဖွယ် မြို့ကြီးကတော့ လူများတို့၏ လှပဆိုင်ရာ ခံယူချက်များကို လွှမ်းမိုး ကျော်လွန်နေ၏။ သို့သော်ငြား ဤလှပသည့် လောကကြီးက လူသူကင်းမဲ့သည့် စွန့်ပစ်မြေရိုင်း တစ်ခု ဖြစ်နေသည်လား။ လောကဓံ၏ အနိဌာရုံများနှင့် အထီးကျန်ဆန်မှုတို့က နေရာအနှံ့အပြား၌ စိုးမိုးထား၏။
သင်္ဘောပေါ်ရှိ လူများက သက်ပြင်းချရန်ပင် အချိန်မရချေ။ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အခိုက်အတန့်ကို ချက်ချင်း ဆိုသလို ရောက်ရှိသွား၏။ ရေအောက်မှ မည်သည့်အရာများ တက်လာသနည်း။ ပင်လယ် နဂါးများလား။ ထိုသို့သာ ခေါ်ဝေါ်ရပေလိမ့်မည်။ သို့သော်ငြား ကြောက်မက်ဖွယ်ရာကောင်းသည့် အစွယ်များ နှင့် ထက်မြက်လွန်းသည့် လက်သည်းများလည်း ရှိ၏။ အံ့အားသင့်စရာ အရှိန်အဟုန် ရှိကြပြီး ခန္ဓာကိုယ်တစ်ခုလုံး ကို မာကျောသည့် အကြေးခွံများနှင့် ဖုံးအုပ်ထားသည်။
“ဝူး... ဝူး...”
သင်္ဘောပေါ်ရှိ နိဗ္ဗာနတပ်သားများက မြားများကို ရူးသွပ်မတတ် ပစ်ခတ်ကြသော်လည်း လုံးဝအရာမထင်ချေ။ ထိုမြားများက သားရဲသတ္တဝါများ၏ အရေပြားကိုပင် မဖောက်နိုင်ကြချေ။ သူတို့က သင်္ဘောပေါ်သို့ ရောက်ရှိလာသည်နှင့် လူပေါင်းများစွာတို့ကို အပိုင်းပိုင်းအစစ လွယ်ကူတကူ ဆွဲဖြတ်ကြတော့မည်။
ထိုအခိုက်မှာပဲ
“အား...” အရူးကြီးက ရုတ်တရက် ဟိန်းဟောက်၏။ သူ၏ အမဲရောင် သံတုတ်ကြီးကို ဆွဲထုတ်ပြီး ထိုအကောင်များကို သတ်ဖြတ်ရန် ပြင်၏။
“မေမေ... မေမေ...”
ထိုအချိန်မှာပဲ ကလေးငယ်လေး ရှမ့်ယီက ခန်းထဲမှ ထွက်လာ၏။ သတိလစ်မေ့မျောနေသည့် သူ၏ မိခင်ထံသို့ အပြေးသွားသည်။
“ဝူး... ဝူး”
စွမ်းအားကြီးမားပြီး ကြမ်းကြုတ်လွန်းသည့် ပင်လယ်နဂါးတစ်ကောင်က ကလေးငယ်ကို တစ်ချက်တည်းနှင့် ကိုက်စားရန် ရည်ရွယ်ကာဖြင့် ခုန်အုပ်၏။
အပိုင်း (၈၁၄)
“မလုပ်နဲ့။” ပင်းအာက အော်ဟစ်ပြီး ရှမ့်ယီလေးထံသို့ အပြေးဝင်သွားခဲ့၏။ သူမ၏ ခန္ဓာကိုယ်ဖြင့် ရှမ့်ယီလေးကို ကာကွယ်ရန် ကြိုးစား၏။ ရှမ့်ယီလေး အနာတရ ဖြစ်ရမည့်အစား သူမကိုယ်တိုင် အစိတ်စိတ် အပိုင်းပိုင်းဖြစ်ကာ အစားခံမည်ဟု ဆုံးဖြတ်ထားဟန် တူသည်။
“သတ်ကြ။”
နိဗ္ဗာန တပ်သား အားလုံးက ဓားများကို ဆွဲထုတ်ကာဖြင့် ဤပင်လယ်နဂါးများနှင့် အသေခံ တိုက်ပွဲဝင်ရန် ပြင်ဆင်၏။ ရှမ့်ယီလေးကို ကိုက်တော့မည့် ပင်လယ်နဂါးကြီးက ဝေခွဲမရသလိုပင် ရုတ်တရက် မှင်သက်သွား၏။
ထိုအချိန်မှာပဲ ထူးဆန်းသော ခရုသင်းသံတစ်ခုက ထွက်ပေါ်လာ၏။ ထိုအသံက အဆုံးမဲ့သည့် မှော်စွမ်းအင်များ နှင့် ပြည့်နှက်နေသယောင်ပင်။ ရုတ်တရက် ပင်လယ်နဂါး အားလုံးတို့က ကျောက်ရုပ်များ သဖွယ်ပင် တောင့်တင်းသွားကြသည်။
“အူ....”
ခရုသင်းသံက ဆက်လက် ထွက်ပေါ်နေဆဲပင်။ ထို့နောက်တွင်တော့ ပင်လယ်နဂါးများက ကြောက်မက်ဖွယ်ရာကောင်းသည့် အရာတစ်ခုကို မြင်တွေ့လိုက်ရသည့်အလား အစအနမကျန်အောင် ပျောက်ကွယ်သွား၏။ ပင်လယ်ရေအောက်သို့ အလိုလို ပြန်လည်ကာ ငုပ်လျှိုးသွားကြ၏။
ခဏအကြာမှာတော့ လူတစ်ယောက်က လှိုင်းလုံးများကို နင်းလျှောက်ပြီး အဝေးမှ ချဉ်းကပ်လာသည်။ နေရောင်ခြည်က ထိုသူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေပြီး ရွှေရောင်အလင်းတန်းများကလည်း ဖြာထွက်နေ၏။ ဤသည်က မည်သည့်အထောက်အကူ ဖိနပ်မှ မပါဘဲ ရေလှိုင်းများပေါ်တွင် အမှန်တကယ် လမ်းလျှောက် လာခြင်းဖြစ်သည်။ ဤလူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ထူးခြားသည့် သံချပ်ကာ ဝတ်စုံဖြင့် ဖုံးအုပ်ထားသောကြောင့် အမျိုးသားလား ၊ အမျိုးသမီးလား ခွဲခြားရန် မဖြစ်နိုင်ချေ။
အဝေးမှ ကြည့်ရှုမည်ဆိုလျှင် မည်သည့်အရာဖြစ်မှန်း ခွဲခြားရန် ခက်ခဲသော်လည်း အနီးကပ်ကြည့်ရှုသည့် အချိန်မှာတော့ ထိုအရာက မရေတွက်နိုင်သည့် အရိုးစုများနှင့် ပြုလုပ်ထားသည့် အရိုးစု သံချပ်ကာ ဝတ်စုံ ဖြစ်နေသည်ကို မြင်ရ၏။ သူက ကျင်းမူလန်၏ သင်္ဘောပေါ်သို့ ပေါ့ပါးစွာ ခုန်တက်၏။ မူလန်၏ ဘေးနားဆီသို့ ချဉ်းကပ်လာကာ သူမ၏ လည်ပင်းကို စမ်းသပ်ရန် လက်ကမ်း၏။
“သူ့ကို မထိနဲ့။” အရူးကြီးက သူ၏ သံတုတ်ကြီးကို ဝှေ့ယမ်းသည်။
အသာအယာ တွန်းထုတ်လိုက်ရုံနှင့် အရူးကြီး၏ ခန္ဓာကိုယ်က အဝေးသို့ လွင့်စင်သွားခဲ့၏။
“အင်း... သူက စိတ်စွမ်းအင် တော်တော်များများကို သုံးစွဲထားတာပဲ။ ကုသမှု လိုအပ်တယ်။” ထိုသူက ပြော၏။ သူမက အမျိုးသမီးဖြစ်ပြီး တရုတ်စကားကို ပြောဆိုနေသော်လည်း လေယူလေသိမ်းက တရုတ်စကားကို ပြောဆိုနေသည့် နိုင်ငံခြားသား တစ်ဦးကဲ့သို့ပင်။ ထို့နောက် သူမက မျက်နှာဖုံးကို ချွတ်လိုက်သည်။ အတုမဲ့ လှပသည့် မျက်နှာတစ်ခု ပေါ်လာသည်။
“အရှေ့လောကက စွန့်စားသွားလာသူ တစ်ယောက်လား။ တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်မနာမည်က ဟယ်လင် ပါ။ ကျွန်မရဲ့ အဖေကလည်း အရှေ့တိုင်းလောကကပါပဲ။”
...............
ရှမ့်လန်၏ မူလန်မြို့တော်က လုံးဝ ပိတ်ဆို့ထားခြင်း ခံရ၏။ မည်သည့်သင်္ဘောကိုမှ ချဉ်းကပ်ခွင့် မပြုသကဲ့သို့ ရှမ့်လန်၏ သင်္ဘောများကလည်း ထွက်ခွာခွင့် မရှိချေ။ သူ၏ င်္ဘောက ပင်လယ်ပြင်သို့ ထွက်သည်နှင့် ချက်ချင်း နစ်မြှုပ်ခြင်းကို ခံရမည်။
သွေးသောက်ဘာရွန်၏ ပင်လယ်ဓားပြရေတပ်စုနှင့် ပီကျင်းမြို့၏ ကာကွယ်ရေးရေတပ်စုတို့က ပင်လယ်ပြင် တွင် နေ့ညမပြတ် ကင်းလှည့်စောင့်ကြည့်လျက် ရှိ၏။ ရှမ့်လန်က မီးတောင်ပြာများကို သယ်ယူရန် မီးတောင်ကျွန်းသို့ သင်္ဘောငယ်တစ်စင်းကို စေလွှတ်ခဲ့ဖူးသော်လည်း သွေးသောက်ဘာရွန်က အညှာအတာမဲ့စွာဖြင့် ထိုသင်္ဘောကို နစ်မြှုပ်ပစ်ခဲ့၏။
ဤလောကကြီးက အမှန်ပင် လက်တွေ့ဆန်လွန်း၏။ လွန်ခဲ့သည့် ရက်အနည်းငယ်ကပင် သွေးသောက် ဘာရွန်က ရှမ့်လန်နှင့် ကုန်သွယ်မှုကို ပြုလုပ်ခဲ့ပြီး သင်္ဘော ၁၅ စီးနှင့် ကျွန်ပေါင်း ထောင်ချီကိုပင် ပို့ဆောင်ပေးခဲ့သေးသည်။
အချက်ပြ ခေါင်းလောင်းထိုးသံ မြည်ပြီးနောက်ပိုင်း သူတို့က ချက်ချင်းပဲ ရန်သူများ ဖြစ်သွားကြ၏။ သူက နယ်စားကြီးဒီဘိုရာ၏ အာဏာကို အထင်သေးခဲ့မိ၏။ သူမ၏ အမိန့်တစ်ခွန်းအား ဤပင်လယ်ပြင်ရှိ ပင်လယ်ဓားပြအားလုံးက ခေါင်းငုံ့ကာ နာခံနေရ၏။ ထိုအရာက သူမ၏ ကိုယ်ပိုင်အားအင်ကြောင့် သာမက အနာဂတ် ဧကရာဇ် ဆော်ရွှန်၏ ဂုဏ်ပုဒ် သတင်းကြောင့်လည်း ဖြစ်၏။
ရှမ့်လန်၏ မူလန်မြို့က ကျောက်စိမ်းလှိုင်း ကျွန်းဆွယ်၏ တောင်ဘက် အစွန်းဆုံးတွင် တည်၏။ ထိုနေရာတွင် သံရိုင်းတွင်းတစ်ခုသာ ရှိနေပြီး စိုက်ပျိုးမြေဟူ၍ မရှိပေ။ ရှိလျှင်လည်း ယခုအချိန်တွင် စိုက်ပျိုးရန် အချိန် မရှိတော့ပေ။ အရာအားလုံးက ကုန်သွယ်မှုအပေါ်တွင်သာ မူတည်ထားသည်။ ကုန်သွယ်မှုလမ်းကြောင်း ဖြတ်တောက်ခံလိုက်ရသည်နှင့် သူတို့က ခဲယမ်းမီးကျောက်နှင့် ရိက္ခာများ ပြတ်လပ်သွားပေလိမ့်မည်။ မည်သည့် ထောက်ပံ့ရေး ပစ္စည်းကိုမှ ရနိုင်တော့မည် မဟုတ်ချေ။
.....................
“အင်း... ဒါက ကျုပ်ထင်ထားတာထက် အများကြီး ပိုနေတာပဲ။ ဒီမှာ တစ်လခွဲလောက် ပိတ်ဆို့ခံရမယ်လို့ ထင်ထားတာ၊ အခုက နှစ်လတောင် ရှိပြီ။”
ရှမ့်လန်က ရယ်ကာမောကာဖြင့် ပြော၏။ “ဒါပေမယ့် သွေးသောက်ဘာရွန်က ကျုပ်တို့ဆီကို ကျွန် ၈ ထောင် ပို့လိမ့်မယ်လို့တော့ မမျှော်လင့်ထားခဲ့မိဘူး။ အခု မူလန်မြို့မှာ လူပေါင်း သောင်းသုံးထောင်လောက် ရှိနေပြီ။ ရိက္ခာက ဘယ်လောက်ထိ ခံမလဲ။”
ကျန်းချွင်းဟွာက တွက်ချက်သည်။ “၃ လစာ လောက်တော့ လုံလောက်ပါတယ်။”
“၃ လ လား။”
ရှမ့်လန်က ပြော၏။ “ဒါဆိုရင် လုံလောက်ပြီ။ အများဆုံး တစ်လခွဲအတွင်းမှာ ဒီဘိုရာရဲ့ စစ်သည် တစ်သိန်းက ကျုပ်တို့ မူလန်မြို့ကို တိုက်ခိုက်လာလိမ့်မယ်။”
ကျန်းချွင်းဟွာက ပြောသည်။ “ရှင် ဒါတွေအားလုံးကို ကြိုတင်တွက်ဆထားတာလား။ ဒါကြောင့်ပဲ မီးတောင်ပြာတွေကို သယ်ဖို့ သင်္ဘောတွေ အကုန်စေလွှတ်ခဲ့တာလား။ နေ့တိုင်း အကုန်လုံး မထုတ်နိုင်ရင်တောင်မှ ရှင်က သယ်ကို သယ်မယ်ဆိုပြီး ဇွတ်လုပ်ခဲ့တယ်။ ပြီးတော့ ရှင်ရဲ့ ရွှေဒင်္ဂါးတွေ အကုန်လုံးနီးပါးကိုလည်း သုံးပစ်ခဲ့တယ်။”
ရှမ့်လန်က ခေါင်းညိတ်ပြ၏။ “ကျုပ်တို့မှာ မီးတောင်ပြာ လက်ကျန် ဘယ်လောက်ရှိသေးလဲ။”
“ကီလိုဂရမ် ၃ သောင်းကျော်တော့ ရှိသေးတယ်။” ကျန်းချွင်းဟွာက ဖြေသည်။
ရှမ့်လန်က ပြောလိုက်သည်။ “လုံလောက်ပြီ။ လုံလောက်ပြီ။”
ကီလိုဂရမ် ၃ သောင်းကျော်သော မီးတောင်ပြာများနှင့် ထုံးကီလိုဂရမ် သန်းပေါင်းများစွာတို့ ပေါင်းစပ် လိုက်ပါက အလွန် များပြားသည့် ပမာဏဖြင့် ဘိလပ်မြေများကို ထုတ်လုပ်နိုင်၏။ အုတ်များကလည်း စဉ်ဆက်မပြတ် ထုတ်လုပ်နေဆဲပင်။
“နောက်ထပ် လုပ်သားအင်အား ၃၀ ရာခိုင်နှုန်းက အိမ်တွေ ဆောက်မယ်။ ကျန်တဲ့ ၇၀ ရာခိုင်နှုန်းက မြို့ရိုးတွေ တည်ဆောက်မယ်။”
ရှမ့်လန်က ပြော၏။ “တစ်လအတွင်း ကျုပ်တို့က ပတ်လည် ၁၅ ကီလိုမီတာ၊ အထူ တစ်မီတာကျော်နဲ့ အမြင့် ၅ မီတာကျော်တဲ့ မြို့ရိုးကို တည်ဆောက်ဖို့ လိုတယ်။”
အကယ်၍ ဤသည်က အတိတ်ကသာ ဖြစ်ခဲ့သည် ဆိုပါက ကျန်းချွင်းဟွာက ဤအရာမှာ စိတ်ကူးယဉ် အိပ်မက်ဟု ကျိန်းသေပေါက် ပြောဆိုမိပေလိမ့်မည်။ စစ်သည် ၇ ထောင်၊ ၈ ထောင်ဖြင့် ကြီးမားလွန်းလှသည့် မြို့ရိုးကြီးကို တည်ဆောက်ရန် အနည်းဆုံး ၂ နှစ်၊ ၃ နှစ်ခန့် ကြာပေလိမ့်မည်။
သို့သော်ငြား အုတ်နှင့် ဘိလပ်မြေ ရှိသောကြောင့် အရာအားလုံးက ဖြစ်နိုင်ချေ ရှိ၏။ ၁၅ ကီလိုမီတာ ပတ်လည် ဆိုသည်က မီတာ ၈ ထောင် ထက်ပင် လျော့နည်းသည်။ ပျမ်းမျှအားဖြင့် လူတစ်ယောက်လျှင် တစ်မီတာနှုန်းသာ တာဝန်ယူရမှာ ဖြစ်ပြီး အပိုင်းလိုက် ခွဲခြား တည်ဆောက်ပါက တစ်လအတွင်း ပြီးစီးရန် လွယ်ကူသည်။ အကယ်၍ သာမန်အုတ်များဖြင့် နှေးကွေးသည်ဟု ခံစားရပါက ဘိလပ်မြေ အုတ်များဖြင့် တိုက်ရိုက် သုံးစွဲနိုင်ပေသေးသည်။
........
မူလန်မြို့မှ ကီလိုမီတာ အနည်းငယ် အကွာမှာတော့ ရှမ့်လန်က ပေါက်ကွဲအား ပြင်းလွန်းသည့် ယမ်းအသစ်ကို စမ်းသပ်လျက် ရှိ၏။ ယမ်းစိမ်းတွင်း ရှိနေခြင်းက လူတို့ကို မျက်ရည်ကျလောက်အောင်ပင် အကျိုးထူးပေးနေ၏။
ရှမ့်လန်က ကျောက်စိမ်းလှိုင်း ကျွန်းဆွယ်သို့ ရောက်သည်နှင့် ယမ်းစိမ်းကျွန်းသို့ ယမ်းစိမ်းများ သယ်ယူရန် သင်္ဘော ၄ စင်းကို စေလွှတ်ခဲ့၏။ တစ်ခေါက်တည်းနှင့် ယမ်းစိမ်း ကီလိုဂရမ် သိန်းချီကို သယ်ဆောင်ခဲ့သည်။
ရွှဲ့ပြည်နယ်တွင်ရှိစဉ်က လူပေါင်းရာချီကို စေလွှတ်ကာ အိမ်သာကျွင်းများ၌ ခြောက်လကြာအောင် ခြစ်ခိုင်းခဲ့သော်လည်း ယမ်းစိမ်း ကီလိုဂရမ် တစ်သိန်းကျော် မရခဲ့ချေ။ သို့သော်ငြား ယခု သာမန် ခရီးစဉ် တစ်ခုနှင့်ပင် ယမ်းစိမ်း ကီလိုဂရမ် တစ်သိန်းကျော်ကို ရရှိခဲ့၏။ ထို့အပြင် ကျွန်းပေါ်ရှိ ယမ်းစိမ်းများကလည်း ကုန်ခမ်းနိုင်ဖွယ်ရာ မရှိချေ။
ထို့အပြင် ထိုကျွန်း၌ ယမ်းစိမ်းသာမက ဖော့စ်ဖရပ်သတ္ထုရိုင်းများလည်း ရှိကြောင်း ရှမ့်လန်က ရှာဖွေ တွေ့ရှိ၏။ မီးတောင်ကျွန်းနှင့် မီးတောင်ပြာများသာမက သဘာဝ ဖော့စ်ဖရပ် အက်ဆစ်ကန်များလည်း ရေတွက်၍ မရနိုင်အောင် များပြား၏။ ထိုအရာက တကယ့်ပင် ရတနာမြေပင်။
ရှမ့်လန်က အလွန် ပြင်းအားကောင်းသည့် ဗုံးများကို ပြုလုပ်ရန် လိုအပ်သည့် ပစ္စည်းအားလုံးကို ဤနေရာတွင် ရှာတွေ့ပြီး အသန့်စင်ဆုံးသော ခဲမဖြူ သတ္ထုရိုင်းများကိုလည်း မြင်ရ၏။ ဤကျောက်စိမ်းလှိုင်း ကျွန်းဆွယ်က သတ္ထုအရင်းအမြစ် အလွန် ပေါကြွယ်ဝ၏။
မြောက်ဘက် ကီလိုမီတာ ၁၀၀ ကျော်တွင်လည်း ထုံးကျောက် သတ္ထုရိုင်းများစွာကို ရှမ့်လန်က တွေ့ခဲ့သေး၏။ ထိုအရာက ကြွယ်ဝချမ်းသာမှုကို ရရှိနိုင်သည့် ခံစားချက်မျိုးပင်။ ကောင်းကင်ဘုံက ဤတိုက်သစ်ကြီးကို စောင့်ရှောက်နေသည့်အလားပင် ထင်ရသည်။ အရှေ့ဘက်လောကတွင် တွေ့ရခဲသည့် အဖိုးတန် သတ္ထုရိုင်း အများအပြားကို ဤနေရာ၌ နေရာအနှံ့ တွေ့နိုင်သည်။
လိုအပ်သည့်ပစ္စည်းများအတွက် ရှမ့်လန်က လူလွှတ်၍ အများအပြား ဝယ်ယူစေခဲ့၏။ ပစ္စည်းကိရိယာနှင့် အရင်းအမြစ် မရေတွက်နိုင်အောင် ရှိသော်လည်း လိုအပ်နေသည်က လူသားအရင်းအမြစ် ဖြစ်၏။
ရှမ့်လန်၏ လက်ထဲတွင် အဆင့်မြင့် အရည်အချင်း ရှိသူများက ကျန်းချွင်းဟွာ ခေါ်ဆောင်လာခဲ့သည့် ကောင်းကင်ပင်လယ် နန်းဆောင်မှ တပည့်ဒါဇင် အနည်းငယ်တို့သာပင်။
ထိုသူတို့ထဲက အများစုက မြို့ကို စီမံခန့်ခွဲရမည်။ အများဆုံး လူ ၁၅ ဦးနှင့် သစ္စာရှိသည့် ယုံကြည် စိတ်ချရသော အရှေ့တိုင်း သူရဲကောင်းများမှ လူပေါင်း ၁၀၀ ကျော်ကို တပည့်များအဖြစ် သင်ကြားပေးရ၏။ ကြီးမားလွန်းသည့် ပြင်းအားမြင့် ဗုံးများ ထုတ်လုပ်သည့် လုပ်ငန်းစဉ်က ရှုပ်ထွေးသည်ဟု ဆိုနိုင်သော်လည်း ထိုအရာက နှစ်လအထိတော့ အချိန်မကြာမြင့်ပေ။
တစ်ခုတည်းသော အခက်အခဲက ဓာတ်ပြုကိရိယာများပင်။ ရှမ့်လန်အနေနှင့် စမ်းသပ်ကိရိယာနှင့် ဓာတ်ပြု ကိရိယာကို ပြုလုပ်ရန် အချိန်အတော် ယူခဲ့ရ၏။ လုပ်ငန်းစဉ် မြန်ဆန်ရန် သံအိုးများ၊ ဖန်ထည်များ၊ အိုးခြမ်းပဲ့များ စသည်ဖြင့် ရနိုင်သမျှ ကိရိယာ အားလုံးကို အသုံးပြုခဲ့၏။ ယခု ပြင်းအားမြင့် ဗုံးအများအပြားကို သူ ထုတ်လုပ်နိုင်ခဲ့၏။
မည်သည့်ယမ်း အမျိုးအစားကို ထုတ်လုပ်ရမည်နည်း ဟူသည်နှင့် ပတ်သက်၍ ရှမ့်လန်က အချိန်တော်ကြာ ဝေခွဲမရ ဖြစ်ခဲ့ဖူး၏။ ပီထရစ်အက်ဆစ် လား၊ သို့မဟုတ် နိုက်ထရိုဂလစ်စရင်း လား၊ သို့မဟုတ် ပြင်းအားမြင့် ယမ်းများလား။
သို့သော်ငြား နောက်ဆုံးမှာတော့ သူက ပြင်းအားမြင့်ယမ်းများကိုသာ ရွေးချယ်ခဲ့၏။ ထိုအရာက အစွမ်းထက်ဆုံး မဟုတ်သော်လည်း အနည်းဆုံးတော့ တည်ငြိမ်မှု ရှိ၏။ အပူချိန်မြင့်မားသော မီးတောက်ဖြင့်ပင် ပေါက်ကွဲရန် စက္ကန့်အနည်းငယ် ကြာမြင့်ပြီး တူနှင့် ထုရိုက်လျှင်လည်း ပြဿနာ မရှိချေ။
နိုက်ထရိုဂလစ်စရင်း များက တကယ့်ကို မတည်ငြိမ်ပေ။ ပီထရစ်အက်ဆစ် ကလည်း သံနှင့် ဓာတ်ပြုနိုင်၏။ သို့သော်ငြား TNT ပြင်းအားမြင့် ယမ်းဗုံးများ၏ အားသာချက်က အလွန် တည်ငြိမ်ခြင်းပင်။ ထိုအရာကို ပေါက်ကွဲရန် မလွယ်ကူသဖြင့် ဖောက်ခွဲရန်အတွက် မာကျူရီ ဖိုမီနိတ်များ ပြုလုပ်ရန် လိုအပ်ပေသည်။
“ဖောက်ခွဲ”
ရှမ့်လန်၏ အမိန့်ရပင်။
“ဘုန်း...” ကျယ်လောင်သည့် အသံကြီး ထွက်ပေါ်လာခဲ့ပြီး စမ်းသပ်မှုအတွက် ပစ်မှတ်အဖြစ် အသုံးပြုထားသည့် အိမ်ငယ်လေးက ချက်ချင်း အပိုင်းပိုင်းအစစ ကြေမွသွား၏။ ပေါက်ကွဲအားက အံ့အားသင့်စရာကောင်းပြီး အောင်မြင်မှုကို အပြည့်အဝ ရရှိ၏။
ဤအရာကိုမြင်ချိန်မှာတော့ ကျန်းချွင်းဟွာ၏ သွယ်လှသည့် ခန္ဓာကိုယ်လေးက ရုတ်တရက် တုန်ယင် သွားခဲ့၏။ ဤယမ်း၏ ပေါက်ကွဲအားက ဤမျှ ကြီးမားနေလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။ ထုတ်ပိုးထားသည့် အထုပ်လေး တစ်ထုပ်ကပင်လျှင် အိမ်တစ်လုံးကို အမှုန့်ဖြစ်စေနိုင်ခဲ့သည်။
“ဒါ ရှင်ပြောတဲ့ လျှို့ဝှက်လက်နက်လား။” ကျန်းချွင်းဟွာက မေး၏။
ရှမ့်လန်က ဖြေသည်။ “အတိအကျ ပြောရမယ်ဆိုရင် ဒါ ကိရိယာတစ်ခုပဲလို့ မှတ်ယူနိုင်တယ်။ သတ်ဖြတ်ရေး လက်နက်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခုပေါ့။”
ပြင်းအားမြင့်ယမ်း အများအပြား ရရှိနေပါက အစွမ်းထက်သော လက်နက်များ အဆက်မပြတ် ထွက်ပေါ် လာပေလိမ့်မည်။
သူ့အတွက် နိုက်ထရိုဆဲလူးလို့ နှင့် ဒဘယ် နိုက်ထရိုဂလစ်စရင်းကဲ့သို့ တည်ငြိမ်စေသည့် ပစ္စည်းများကို လိုအပ်၏။ (နာမည်အတိုင်း ရေးပေးတာပါ။ ဓာတုဗေဒနှင့် ပက်သတ်၍ ဘာသာပြန်သူ ဘာမှနားမလည်ပါ။ ဒါဆိုရင် ခင်ဗျား ဘာနားလည်လဲလို့ မမေးပါနဲ့။ ဘာမှနားမလည်ပါ။ ) ရှမ့်လန်၏ လက်ရှိစွမ်းဆောင်ရည် အရဆိုလျှင် ထိုအရာများက အလှမ်းဝေးနေဆဲပင်။ သို့သော်ငြား ရိုးရာအမြောက်များကိုတော့ ဖန်တီးနိုင်ပြီ ဖြစ်၏။
ယမ်းမှုန့်များ အောင်မြင်စွာ ပေါက်ကွဲခဲ့ပြီးနောက် နောက်တစ်ဆင့်က အမြောက်ကို စမ်းသပ်ရန်ပင်။ မှန်ပေ၏။ ရှမ့်လန်က အမြောက်များ ရှိနှင့်နေပြီးဖြစ်သော်လည်း ထိုအရာတို့ကို သံတွင်းမှ သံများနှင့် ပြုလုပ်ထားခြင်း မဟုတ်ဘဲ သံကြမ်းများဖြင့် ပြုလုပ်ထားခဲ့ခြင်းဖြစ်သည်။
သူက ငွေပေး၍ ပန်းပဲဆရာ ဒါဇင်ပေါင်းများစွာကို ငှားရမ်းပြီး သူ၏ အသိပညာဗဟုသုတများ အပေါ် အခြေခံကာ အမြောက်တစ်ခုကို ပြုလုပ်ခဲ့၏။ အမြောက်ပြောင်း၏ အရွယ်အစားက မကြီးမားဘဲ မင်နှင့် ချင်မင်းဆက်များမှ အမြောက်များနှင့် ဆင်တူ၏။
“အသင့်ပြင်.. ပစ်..” ရှမ့်လန်၏ အမိန့်တိုင်း ယာယီ အမြောက်တပ်သားက ယမ်းကြိုးကို မီးရှို့သည်။
“ဘုန်း..”
မိုးချိန်းသံကဲ့သို့ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာ၏။ သွေးများနေရာအနှံ့သို့ စင်၏။ အမြောက်တပ်သား က တိုက်ရိုက်ပင် နှစ်ပိုင်းပြတ်သွား၏။ အမြောက်က တိုက်ရိုက် ပေါက်ကွဲသွားခဲ့ခြင်းပင်။ စမ်းသပ်မှု ကျရှုံးသွားခဲ့၏။
ရှမ့်လန်၏မျက်နှာက ဖြူလျော်သွား၏။ ဘေးပတ်ဝန်းကျင်မှ လူများ၏ မျက်နှာက လည်း ထပ်တူပင်။
ရှမ့်လန်က ရှေ့ကို တိုးသွားပြီး အမြောက်ပြောင်းကို ဂရုစိုက် စစ်ဆေးကြည့်၏။ ပထမဦးဆုံး ပစ်ခတ်မှုမှာတင် ပေါက်ကွဲသွားရ၏။ အရည်အသွေးက ဤမျှပင် ညံ့ဖျင်းလှနေသည်လား။ ရှမ့်လန်က စစ်ဆေးကြည့်စဉ်မှာပဲ အမြောက်၏ အတွင်းပိုင်း၌ တောင့်တင်းခိုင်မာပြီး အပေါက်အပြဲများစွာ မရှိသည်ကို မြင်ရသည်။
ပြင်းမားမြင့်ယမ်း၏ ပေါက်ကွဲအားက တကယ့်ကို ပြင်းထန်လွန်းသောကြောင့် ရှေးကျသည့် အမြောက်က မခံနိုင်ဘဲ တိုက်ရိုက် ပေါက်ကွဲသွားခြင်း ဖြစ်ပေမည်။ အချိန်က အလွန် ကျပ်တည်းလာသောကြောင့် ရှမ့်လန်အနေနှင့် အဆင့်မြင့်သံမဏိများကို ဖန်တီးနိုင်ခြင်းမရှိဘဲ သံကြမ်းများကို သုံး၍ အမြောက်ကို သွန်းလုပ်ရ၏။
သို့သော်ငြား သူ၏သံတွင်းက ပထမဦးဆုံး သံမဏိ အသုတ်ကို ထုတ်လုပ်တော့မှာ ဖြစ်ပြီး ထိုအချိန်တွင် ပိုမို ခိုင်ခန့်သည့် သံမဏိများဖြင့် အမြောက်ကို သွန်းလုပ်နိုင်ပေလိမ့်မည်။
ပထမဦးဆုံးအကြိမ် စမ်းသပ်မှုက မတော်တဆ ဖြစ်ခဲ့သော်လည်း ဒုတိယအကြိမ်တွင်မူ မည်သူမှ နောက်မဆုတ်ခဲ့ကြချေ။ ရှမ့်လန်၏လက်အောက်ရှိ စစ်သည် ၂၀၀၀ က တခြားအရာများ မရှိသော်လည်း သတ္တိကတော့ အပြည့်ရှိ၏။ အရှေ့တိုင်း သူရဲကောင်းများ ဖြစ်စေ၊ ရိုလန် သူရဲကောင်းများ ဖြစ်စေ မည်သူကမှ သေခြင်းတရားကို မကြောက်လန့်ကြချေ။
“ပစ်...”
“ဘုန်း..”
အသံက အနည်းငယ် ပို၍ ငြိမ်သက်သော်လည်း မီးခိုးများက ပိုမိုက ထူထပ်၏။ ပေါက်ကွဲသည့် အခိုက်အတန့်တွင် အမြောက်တစ်ခုလုံးက မီးခိုးများနှင့် ဖုံးလွှမ်းသွားခဲ့၏။ ထိုအရာက ယမ်းများသာ ဖြစ်သော်လည်း လုံလောက်သည့် ပမာဏ ရှိသောကြောင့် ပေါက်ကွဲအားက အံ့အားသင့်စရာ ဖြစ်၏။
“ဝူး..”
သံလုံးအစိုင်အခဲကြီး တစ်ခုက အရှိန်အဟုန်နှင့် ထွက်ပေါ်လာ၏။ ထိုအရာ၏ အရှိန်က မြားတစ်စင်းထက် အဆပေါင်းများစွာ မြန်ဆန်ပြီး ခဏအတွင်း မီတာ ၄၊ ၅ ရာ အကွာဝေးသို့ ပျံတက် သွားခဲ့သည်။
“အံ့အားသင့်စရာပဲ။”
ကျန်းချွင်းဟွာက အလွန်မင်း စိတ်လှုပ်ရှားနေ၏။ “ဒီအရာ ရှိနေတယ်ဆိုရင် ကျွန်မတို့ ပင်လယ်ပြင်မှာ အနှိုင်းမဲ့ ဖြစ်သွားမယ်။ ပြီးတော့ ကျွန်မတို့ တော်ဝင်ရန်အင်ပါယာဆီကို သတ်ဖြတ်ဖို့ ပြန်သွားနိုင်ပြီ။ ဒါက မြားတစ်စင်းထက် အများကြီး စွမ်းအားကြီးတယ်။ ပြီးတော့ ဧရာမ ဒူးလေးကြီးတွေထက်လည်း အများကြီး ပိုပြီးတော့ စွမ်းအားကြီးတယ်။”