အခန်း (၈၁၅-၈၁၆)
Vol. 50 Ch. 815-816
အပိုင်း (၈၁၅)
ကျန်းချွင်းဟွာက စိတ်လှုပ်ရှားလွန်းသောကြောင့် စကားလုံးများပင် ထစ်ငေါ့နေသည်။
ရှမ့်လန်ကတော့ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေ၏။ အကြောင်းမှာ အမြောက်က အိမ်တစ်လုံးကို ချိန်ရွယ်ခဲ့သော်လည်း အဆုံးသတ်မှာတော့ ထိုအိမ်ကို မထိသည့်အပြင် အိမ်နှင့် ၁၀ မီတာကျော် အကွာသို့ ရောက်ရှိသွားခဲ့သောကြောင့်ပင်။ ဤတိကျမှုကတော့ တကယ့်ကို စိတ်ပျက်စရာ ကောင်း၏။
အမြောက်တစ်ခုက ပေါက်ကွဲသွားခဲ့သောကြောင့် နှစ်ခုသာ ကျန်တော့၏။ နောက်တစ်ဆင့် အနေနှင့် ဆက်တိုက် ပစ်ခတ်ရန်ပင်။ အမြောက်တပ်သားတိုင်းက အမြောက်၏ ခံစားချက်ကို သိရှိ နားလည်ရန်အတွက် အနည်းဆုံး အကြိမ်ရာနှင့်ချီ ပစ်ခတ်ရပေမည်။
ထို့အပြင် ပထမဦးဆုံး အမြောက်တပ်သားများကို ရှမ့်လန် ကိုယ်တိုင် သင်ကြားပေးရန် လိုအပ်သော်လည်း သူက သီအိုရီပိုင်းကိုသာ သင်ကြားပေး၏။ AI ထဲတွင် အရာအားလုံးရှိနေသော်လည်း လက်တွေ့ လေ့ကျင့်မှုကတော့ သုညသာ ဖြစ်သည်။
ဤအချိန်မှာတော့ သူက နိဗ္ဗာနတပ်သားများကို အမှန်တကယ် လွမ်းဆွတ်မိ၏။ ဤလူစုက အလွန်မင်း အာရုံစူးစိုက်မှု ကောင်းပြီး ထက်မြက်ကြသူများပင်။ လေးမြားများကို ဖယ်လိုက်လျှင်ပင် သူတို့က အကောင်းဆုံးသော အမြောက်တပ်သားများ ဖြစ်လာနိုင်၏။
နိဗ္ဗာနတပ်သားများကို တွေးမိရင် ရှမ့်လန်က မူလန်ကို ပိုမိုကာ လွမ်းလာမိသည်။ “မိန်းမ... မင်းတို့ ဘယ်လိုနေလဲ။ ဘေးကင်းကြရဲ့လား။”
.....................
ကျောက်စိမ်းလှိုင်းကျွန်းဆွယ်ရှိ မူလန်မြို့က အလွန်ကြီးမားသည့် လုပ်ငန်းခွင်ကြီး တစ်ခုဖြစ်ပြီး လူပေါင်း သောင်းသုံးထောင်တို့က ရူးသွပ်လုမတတ် အလုပ်လုပ်နေကြ၏။ ရှမ့်လန် စိတ်လှုပ်ရှားမိသည့် အချက်တစ်ခု ရှိ၏။
အနောက်လောကတွင် ကျွန်ကုန်ကူးမှုက အဘယ်ကြောင့် ဤမျှ ခေတ်စားနေရသနည်း။
အကြောင်းရင်းက အမှန်တကယ် အသုံးဝင်သောကြောင့်ပင်။ ထိုသူတို့က ထုံထိုင်းပြီး ရိုးရှင်းဆုံးသော ထပ်တလဲလဲ အလုပ်များကို လုပ်နိုင်ကြ၏။ အမှန်တကယ်ပင် နာခံမှုလည်း ရှိ၏။ သူတို့က အနည်းငယ်မျှသော တော်လှန်စိတ် လုံးဝမရှိဘဲ ခိုင်းသမျှကို လုပ်ဆောင်ကြ၏။ ဤကဲ့သို့သော နာခံမှုက သူတို့၏ အရိုးထဲတွင် စွဲမြဲနေပုံပင်။
အမှန်တော့ ဤသည်က ကျွန်စနစ်၏ ကြေကွဲဖွယ်ရာကောင်းသည့် အချက်လည်း ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကျွန်အများစုက ငယ်ရွယ်စဉ်တည်းက လှောင်ပိတ်မွေးမြူခြင်းကို ခံခဲ့ရသူများ ဖြစ်သောကြောင့်ပင်။ တိုက်ရိုက် အဖမ်းခံရပြီး အရွယ်ရောက်ပြီး ကျွန်များကို ထိန်းကျောင်းရန် မလွယ်ကူဘဲ ပြန်လည် တော်လှန်တတ်သောကြောင့် ဈေးနှုန်းက နည်းပါး၏။
ထို့ကြောင့် အနောက်လောကရှိ ကျွန်ပိုင်ရှင်များက လူငယ်များကို ဖမ်းဆီးကာဖြင့် လှောင်ပိတ်မွေးမြူ ထားလေ့ ရှိပြီး နောက်ပိုင်း အလွန်မြင့်မားသည့် ဈေးနှုန်းနှင့် ပြန်လည်ရောင်းချ၏။ ဥပမာအားဖြင့် ရှမ့်လန်တွင် ရှိသည့် ကျွန် ၈ ထောင်တို့က စုစုပေါင်း ရွှေဒင်္ဂါး ၆ သောင်းခန့် ကျသင့်ခဲ့ပြီး သာမန်ကျွန်များထက် ဈေးနှုန်း ၂ ဆ၊ ၃ ဆခန့် ပိုမိုကာ မြင့်မားသည်။
ရှမ့်လန်က ထိုသူတို့ကို မိန့်ခွန်းပြောကြားကာ လွတ်လပ်ခွင့် ပေးလိုခဲ့၏။ သို့သော် နောက်ဆုံးမှာတော့ ထိုသူတို့၏ တုံ့ပြန်မှုက တကယ့်ပင် အေးစက်၏။ သူတို့အတွက် ဗိုက်ဝဝ စားရပြီး အိမ်တစ်လုံးတွင် နေထိုင်ရခြင်းက နိဗ္ဗာန်ရောက်နေသကဲ့သို့ပင်။ လှောင်ပိတ်မွေးမြူခြင်းကို ခံခဲ့ရသည့် ကျွန်အုပ်စုက နာခံသည့်နေရာတွင် တကယ့်ကို ပြိုင်ဘက်ကင်းလွန်းလှ၏။
မူလန်မြို့၏ မြို့ရိုးများက နေ့စဉ်နှင့်အမျှ မြင့်တက်နေခဲ့ပြီး မြို့ထဲရှိ အိမ်များကလည်း မိုးကုန်မှိုတက် သကဲ့သို့ပင် တရှိန်ထိုး တိုးတက် ထွက်ပေါ်လာခဲ့၏။ အမြောက်များက အရေးကြီးဆုံး ဖြစ်သောကြောင့် ရှမ့်လန်က သစ္စာရှိဆုံးသော အရှေ့တိုင်း မြင်းစီးသူရဲကောင်းများထဲမှ လူပေါင်း ၃၀၀ ကျော်ကို ရွေးချယ်ကာ လေ့ကျင့်ပေးခဲ့၏။
ယမ်းများ ထုတ်လုပ်သည့်မှုကို ဆက်လက်ပြုလုပ်နေမည် ဆိုသော်လည်း အမျိုးအစား တစ်ခုတည်းကို မထုတ်ဘဲ အမျိုးမျိုး ထုတ်လုပ်ရန် လိုအပ်သလို ယမ်းမှုန့်ကိုလည်း ထုတ်လုပ်ရပေလိမ့်မည်။ ယမ်းမှုန့် အမြောက်အများ ထုတ်လုပ်သည့် နေရာတွင် သံမဏိများဖြင့် အမြောက်များကို သွန်းလုပ်ခဲ့၏။ လုပ်ငန်းစဉ် တစ်ခုလုံးက တကယ့်ကို ခက်ခဲသည်။
ရှမ့်လန်၏ ဦးနှောက်ထဲတွင် လုံလောက်သည့် သီအိုရီ အသိပညာများ ရှိသော်လည်း ထုတ်လုပ်လိုက်သည့် အမြောက်များက ပျက်စီးမှုများနှင့်သာ ကြုံရ၏။ နောက်ဆုံး ရှမ့်လန်က သူ၏တွေးခေါ်ပုံကို ပြောင်းလဲလိုက်ရ၏။
ပထမဦးဆုံး သွန်းလုပ်မှုများကို အဆင့်ဆင့် ထုလုပ်စေပြီး လုံလောက်သည့် ခိုင်ခံ့မှုကို ရရှိစေပြီးမှ သာမိုက်ကို သုံး၍ အစအန မထွက်အောင် ဆက်စပ်ပေး၏။ (ဂဟေဆော်သကဲ့သို့) အမှန်စင်စစ် ရှမ့်လန် ကိုယ်တိုင် ကလည်း ဤနည်းလမ်း အောင်မြင်မည် မအောင်မြင်မည်ကို မသိသော်လည်း သီအိုရီအရကတော့ ဖြစ်နိုင်ချေ ရှိသည်။
......................
မူလန်မြို့၏ ပင်လယ်ပြင်တစ်ခုလုံးကို ပိတ်ဆို့ထားမှုက ဆက်လက်ရှိနေဆဲပင်။ နယ်စားကြီး ဒီဘိုရာ၏ စစ်တပ်က ပိုမိုနီးကပ်လာခဲ့ပြီး ပီကျင်းမြို့တွင် စစ်သည်များကို အဆက်မပြတ် စုဆောင်းနေ၏။ နယ်စားကြီး ဒီဘိုရာ ကိုယ်တိုင် ဤနေရာတွင် မရှိသော်လည်း မြို့စားကြီးရပ်လ်ဆဲကတော့ အားကောင်းမောင်းသန် လူကြမ်းကြီးများကို ဝယ်ယူကာဖြင့် စစ်တပ်ထဲသို့ ထည့်သွင်းပြီး လေ့ကျင့်ပေးနေဆဲ ဖြစ်၏။
ကျန်းချွင်းဟွာက ပြောသည်။ “ရှမ့်လန်... အများဆုံး ရက် ၄၀ အတွင်းမှာ နယ်စားကြီး ဒီဘိုရာရဲ့ စစ်တပ်က တိုက်ခိုက်လာလိမ့်မယ်။ ကျွန်မတို့ရဲ့ သင်္ဘောက ဒုတိယအကြိမ်မြောက် ပင်လယ်ပြင်ကို ထွက်ခဲ့ပေမယ့် လှည့်ကင်းစောင့်နေတဲ့ ပင်လယ်ဓားပြတွေနဲ့ တိုးပြီး ထပ်ပြီး နစ်မြှုပ်ခံခဲ့ရတယ်။”
ရှမ့်လန်က ပြော၏။ “သွေးသောက် ဘာရွန် ပဲလား။”
“ဟုတ်ပါတယ်။”
ကျန်းချွင်းဟွာက ပြောလိုက်သည်။ “ဒါကြောင့် စစ်ဖြစ်တဲ့နေ့မှာ ကျွန်မတို့က ကုန်းမြေပေါ်က ရန်သူတွေတင် မကဘဲနဲ့ ပင်လယ်ပြင်က ရန်သူတွေကိုပါ ရင်ဆိုင်ရလိမ့်မယ်။”
ရှမ့်လန်က ပြောလိုက်၏။ “နယ်စားကြီး ဒီဘိုရာက ကျုပ်တို့ရဲ့ အခြေစိုက်စခန်းကို ဖျက်ဆီးပစ်ချင်တာပဲ။ ဒါပေမယ့် ကျုပ်ကရော။ သူ့ရဲ့ ပီကျင်းမြို့ကို သရေမကျဘဲနဲ့ နေပါ့မလား။ အဲဒီနေရာမှာ ကျုပ်တို့ လိုအပ်တာ အကုန်ရှိတယ်။ ပိုးထည်တွေ၊ ချည်ထည်တွေ၊ ရွှေတွေ၊ ရိက္ခာတွေ၊ သင်္ဘောကျင်းနှစ်ခုနဲ့ လူသားရင်းမြစ်တွေ ရှိတယ်။ ကျုပ်သာ ပီကျင်းမြို့ကို သိမ်းပိုက်နိုင်ရင် ကျုပ်တို့က သူဌေးဖြစ်ပြီလို့တောင် ပြောလို့ရတယ်။
ကျုပ်တို့ရဲ့ ကိုယ်ပိုင်အင်အားနဲ့ ပီကျင်းမြို့ကို တိုက်ခိုက်ဖို့ဆိုတာ မဖြစ်နိုင်ပေမဲ့ နယ်စားကြီးဒီဘိုရာ ဦးဆောင်ပြီး ကျုပ်တို့ကို လာတိုက်ခိုက်မယ် ဆိုရင်တော့ သိပ်ကောင်းတာပေါ့။ သူ့ရဲ့ စစ်တပ်ကို လုံးဝချေမှုန်းပြီးရင် ပီကျင်းမြို့ကို တိုက်ခိုက်သိမ်းပိုက်ဖို့က အများကြီး ပိုပြီး လွယ်ကူသွားလိမ့်မယ်။”
ကျန်းချွင်းဟွာက မေးသည်။ “သူက ကျွန်မတို့ကို တိုက်ခိုက်ဖို့ စစ်သည် ဘယ်လောက် ပို့မယ်လို့ ရှင် ထင်လဲ။”
ရှမ့်လန်က ဖြေ၏။ “အနည်းဆုံး တစ်သိန်းပေါ့။”
ကျန်းချွင်းဟွာက မေးမြန်းလိုက်သည်။ “စစ်သည် တစ်သိန်းလား။ ကျွန်မတို့ လူနှစ်ထောင်ကို တိုက်ခိုက်ဖို့လား။”
သူမက အံ့အားကြီးစွာဖြင့် ပြန်လည်ကာ မေးမြန်းမိ၏။
ရှမ့်လန်၏ လက်အောက်ရှိ စစ်တပ်က လူနှစ်ထောင်နှင့် ကျွန်ပေါင်းတစ်ထောင်သာ ရှိ၏။ သို့သော်ငြား ဤကျွန်အုပ်စုက ရှမ့်လန်အတွက် တိုက်ပွဲဝင်ပေးကြလိမ့်မည် မဟုတ်ချေ။ စစ်ပွဲစသည်နှင့် သူတို့က အိမ်ထဲတွင် ပုန်းအောင်းနေမည်။ စစ်ပွဲပြီးဆုံးမှ သခင်အသစ်ကို ဒူးထောက်ကြပေလိမ့်မည်။ ဤလူစုတွင် တော်လှန်လိုသည့် စိတ်မရှိသလို တိုက်ခိုက်လိုစိတ်လည်း မရှိကြပေ။
“အမြောက်တွေနဲ့လား။” ကျန်းချွင်းဟွာက မေးသည်။
ရှမ့်လန်က ပြော၏။ “အမြောက်တွေ အပေါ်မှာ အခြေခံမယ်ဆိုရင် ကျုပ်တို့ အမြောက် အနည်းဆုံး ၁၀၀ လောက် လိုလိမ့်မယ်။ ပြီးတော့ အမြောက်ကျည်တွေ အများကြီး လိုအပ်တယ်။ ကျုပ်တို့ရဲ့ တည်ဆောက်ထားမှု အခြေအနေအရ စစ်ပွဲစတင်တဲ့အချိန်မှာ အမြောက် ၅ ခုလောက် ရှိရင်တောင် အံ့အားသင့်စရာပဲ။
ကျုပ်တို့မှာ ပန်းပဲဆရာတွေ အရမ်းနည်းတယ်။ သူတို့ရဲ့ အရည်အချင်းကလည်း နိမ့်လွန်းတယ်။ ပီကျင်းမြို့ကို သိမ်းပိုက်ပြီးတာနဲ့ ကျုပ်တို့မှာ ကျွမ်းကျင်တဲ့ ပန်းပဲဆရာ ရာနဲ့ချီပြီး ရှိလာလိမ့်မယ်။ အဲဒီအချိန်ကျမှ အမြောက်တွေကို အဆက်မပြတ် ထုတ်လုပ်နိုင်မှာ။
အမြောက်တွေ မပါဘဲနဲ့ နယ်စားကြီး ဒီဘိုရာရဲ့ စစ်သည်တစ်သိန်းကို ကျွန်မတို့ အနိုင်ယူနိုင်ပါ့မလား။” ကျန်းချွင်းဟွာက မေးသည်။
“အနိုင်ယူ နိုင်တာပေါ့။ ကျိန်းသေပေါက် အနိုင်ယူနိုင်တယ်။” ရှမ့်လန်က ယုံကြည်မှုအပြည့်ဖြင့် ပြော၏။
ကျန်းချွင်းဟွာက ပြောလိုက်သည်။ “အခု ၃ လ ရှိသွားပြီ။ ယောင်ယောင်နဲ့ ကတိပေးထားတဲ့ အချိန်က ၉ လ ပဲ ကျန်တော့တယ်။ ကျွန်မတို့ ကတိဖျက်လို့ မရဘူး။ ယောင်ယောင်က အရမ်းကို ထူးခြားတဲ့ ရတနာလေးပဲ။ ရှင်က တစ်နှစ်လို့ ပြောလိုက်ရင် သူက အဲဒီအချိန်ကို မှတ်ထားပြီး သူ့ရဲ့ သက်စောင့်အားတွေ အကုန်သုံးပြီး အဲဒီအချိန်ထိ တောင့်ခံထားလိမ့်မယ်။ အကယ်၍ အချိန်စေ့လို့ ရှင်ရောက်မလာဘူး ဆိုရင် သူဆက်ပြီး တောင့်ခံနိုင်မှာ မဟုတ်တာ စိုးရိမ်ရတယ်။”
ရှမ့်လန်၏ မျက်လုံးများက မျက်ရည်များ စိုစွတ်သွားခဲ့မိ၏။ ပြီးနောက် သူက အံကို ကြိတ်လိုက်မိ၏။ “ကျုပ်ရဲ့ဘေးမှာ စစ်တပ်မရှိရင်တောင် ... ကျုပ်တစ်ယောက်တည်း ဖြစ်နေရင်တောင်မှ ယောင်ယောင်ဆီကို လမ်းလျှောက်သွားမယ်။ သွားနိုင်ရင် သွားမယ်၊ မသွားနိုင်ရင် တွားသွားမယ်။။ ကျုပ်ရဲ့ ကတိကို ဘယ်တော့မှ ဖျက်မှာ မဟုတ်ဘူး။”
ကျန်းချွင်းဟွာက မေးသည်။ “ဒါဆိုရင် တော်ဝင်ရန်အင်ပါယာကို ဘယ်တော့ ပြန်ကြမလဲ။”
ရှမ့်လန်က ပြော၏။ “မကြာခင်။ မကြာခင်ပေါ့။ နယ်စားကြီးဒီဘိုရာကို အနိုင်ယူပြီးရင် ပီကျင်းမြို့ကို သိမ်းပိုက်နိုင်တာနဲ့ ကျုပ်တို့ရဲ့လုပ်ငန်းတွေကို အရှိန်အဟုန် မြှင့်တင်လာနိုင်လိမ့်မယ်။ ကျုပ်တို့မှာ လူတစ်သိန်းရှိတဲ့ ရေတပ်နဲ့ အမြောက် တစ်ထောင်ကျော် ရှိတာနဲ့ တော်ဝင်အင်ပါယာကို သွားပြီး ဖျက်ဆီးကြမယ်။ ဘာလို့လဲဆိုတော့ အဲဒီအချိန်မှာ ပင်လယ်ပြင်တစ်ခုလုံးကို ကျုပ်တို့က လုံးဝ ထိန်းချုပ်ထားမှာမို့လို့ပဲ။”
ကျန်းချွင်းဟွာက မေးသည်။ “ဒါဆိုရင် နယ်စားကြီးဒီဘိုရာရဲ့ စစ်သည် တစ်သိန်းကို အနိုင်ယူဖို့ ဘာကို အခြေခံမှာလဲ။ ကျွန်မတို့မှာ လူ ၂၀၀၀ ပဲ ရှိတယ်။ ယမ်းတွေ သုံးရမှာလား။”
ရှမ့်လန်က ပြော၏။ “ယမ်းတွေ မသုံးရဖို့ မျှော်လင့်မိတယ်။”
ကျန်းချွင်းဟွာက မေးပြန်သည်။ “ဒါဆိုရင် ဘာသုံးမှာလဲ။”
ရှမ့်လန်က ပြော၏။ “အမေဇုန်ဘုရင်မနိုင်ငံရဲ့ စစ်သည်တွေ။ အနောက်ဘက်လောကတစ်ခုလုံးမှာ အစွမ်းထက်ဆုံး အမျိုးသမီး စစ်သည်တော်တွေပေါ့။”
ကျန်းချွင်းဟွာက ရှမ့်လန်ကို ကြည့်ကာ ပြောသည်။ “အမေဇုန် အင်ပါယာကို အကွက်ဆင်ပြီး သိမ်းပိုက်ချင်တဲ့လူတွေ အများကြီး ရှိခဲ့တယ်။ ဒါပေမဲ့ ...”
ရှမ့်လန်က ပြော၏။ “သူတို့ရဲ့ ခေါင်းတွေ ဖြတ်ခံရပြီး ၊ အရေခွံတွေ ခွာခံလိုက်ရတယ် မဟုတ်လား။”
ကျန်းချွင်းဟွာက မေးသည်။ “ဒါဆိုရင် ရှင့်မှာ ယုံကြည်ချက် ရှိသေးရဲ့လား။”
ရှမ့်လန်က ပြော၏။ “၇၀ ရာခိုင်နှုန်းပေါ့။ ကျုပ်တို့သာ အမေဇုန်အင်ပါယာကို သိမ်းပိုက်နိုင်ရင် ကျုပ်တို့မှာ အစွမ်းထက်ဆုံး စစ်တပ် ရှိလာလိမ့်မယ်။ ဒီဘိုရာရဲ့ စစ်သည်တစ်သိန်းကို အနိုင်ယူဖို့က အရမ်းကို လွယ်ကူသွားသလို ပီကျင်းမြို့ကို သိမ်းပိုက်ဖို့ကလည်း အေးအေးဆေးဆေးပဲ။ မိုင်ပေါင်း ထောင်ချီတဲ့ နယ်မြေတွေကိုတောင် ကျုပ်တို့ သိမ်းပိုက်နိုင်လိမ့်မယ်။”
အမေဇုန် အင်ပါယာ၏ စစ်သည်များက မည်မျှ အစွမ်းထက်သနည်း။ ရိုလန် မြင်းစီးသူရဲများကို ကြည့်ရုံနှင့် သိနိုင်၏။ ရိုလန် မြင်းစီးသူရဲများ ဆိုသည်က အမေဇုန်အင်ပါယာမှ အားနည်းလွန်းသောကြောင့် စွန့်ပစ်ခဲ့သည့် လူမျိုးစု ဖြစ်သည် မဟုတ်ပါလား။
ကျန်းချွင်းဟွာက အံ့အားသင့်စွာဖြင့် ပြောသည်။ “ဒီဘိုရာရဲ့ စစ်သည်တစ်သိန်း ချီတက်လာဖို့ တစ်လခွဲလောက်ပဲ ကျန်တော့တယ်။ ဒါပေမယ့် ရှင်က အခုထိ အိမ်မှာပဲ ရှိနေသေးတယ်။ အမေဇုန် မျိုးနွယ်စုဆီကို သွားပြီး မသိမ်းပိုက်ရသေးဘူး။ ဘယ်တော့ သွားဖို့ စီစဉ်ထားလဲ။”
ရှမ့်လန်က ပြောလိုက်၏။ “ဒီနေ့ညပါပဲ။”
ကျန်းချွင်းဟွာက အံ့အားသင့်သွားသည်။ “ဒီလောက် မြန်တာလား။ ဒါပေမယ့် ပတ်ဝန်းကျင် ပင်လယ်ပြင်က ပိတ်ဆို့ခံထားရတယ်။ သင်္ဘောတစ်စင်းတောင် ထွက်လို့ မရဘူးလေ။”
ရှမ့်လန်က ပြော၏။ “ကျုပ်တို့ ကုန်းလမ်းကနေ သွားရမယ်။ ပြီးရင် ပင်လယ်ပြင်ကို ပတ်ပြီး မြောက်ဘက်က အမေဇုန် အင်ပါယာဆီကို ဦးတည်မယ်။”
..........
ညဘက်မှာတော့ ရှမ့်လန်က ကျန်းချွင်းဟွာ၊ ပုလဲနက်၊ လန်ဖုန်းနှင့် တခြားသောသူများကို နှုတ်ဆက်၏။
“ကျန်းချွင်းဟွာ... ကျုပ်မရှိတဲ့အချိန်မှာ မူလန်မြို့ရဲ့ ပြည်တွင်းရေးရာ အရာအားလုံးကို ခင်ဗျားဆီ အပ်ခဲ့မယ်။ ပုလဲနက်.. မင်းရဲ့ စိတ်တိုတတ်တဲ့ အကျင့်ကို ထိန်းထားပါ။ ပင်လယ်ပြင်ထဲကို မထွက်နဲ့အုံး။” ရှမ့်လန်က ပြောသည်။
ပုလဲနက်က ပြန်ပြော၏။ “ကျွန်မတို့က ပင်လယ်ဓားပြဘုရင်တွေရဲ့ မျိုးနွယ်ပါ။ သေမှာကို မကြောက်ဘူး။ အခု ကုန်းမြေပေါ်မှာ အပိတ်ခံထားရပြီး ပင်လယ်ထဲကို ထွက်လို့ မရတာက ကျွန်မတို့အတွက် အရှက်ရစရာ ကိစ္စပဲ။ အကယ်၍ ဦးခေါင်းခွံဂိုဏ်းသာ ရှိနေရင် သွေးသောက်ဘာရွန်လို လူမျိုးက ပင်လယ်ပြင်ထဲမှာ ဒီလောက် မောက်မာနိုင်မှာ မဟုတ်ဘူး။”
သူမက အမှန်တကယ်ပင် စိတ်မကောင်း ဖြစ်နေ၏။ ယခင်က သူငယ်ချင်းဖြစ်ခဲ့သော သွေးတောက်ဘာရွန်က သူမကို ကျောခိုင်းပြီး ပင်လယ်ဓားပြများကို ဦးဆောင်ကာဖြင့် ရှမ့်လန်၏ မူလန်မြို့ကို လုံးဝ ပိတ်ဆို့ထား ခဲ့၏။ စေလွှတ်လိုက်သည့် သင်္ဘောနှစ်စင်းကိုပင် အညာအတာမဲ့ နစ်မြှုပ်ခဲ့သည်။
“တပ်မှူး လန်ဖုန်း... မြို့တော်ရဲ့ ကာကွယ်ရေးကို ခင်ဗျားဆီ လွှဲအပ်ခဲ့မယ်။ အမြောက် ထုတ်လုပ်မှုနဲ့ အမြောက်တပ်သားတွေရဲ့ ပစ်ခတ်စမ်းသပ်မှုကိုလည်း ကြီးကြပ်ပေးပါ။”
အရှေ့တိုင်း မြင်းစီးသူရဲကောင်းခေါင်းဆောင်ဖြစ်သည့် ခေါင်းဆောင် လန်ဖုန်းက မေး၏။ “အရှင်... အရှင်သာ အမေဇုန် အင်ပါယာကို သိမ်းပိုက်နိုင်ရင် အရှင့်မှာ အစွမ်းထက်ဆုံး စစ်တပ် ရှိလာမှာ။ နယ်စားကြီး ဒီဘိုရာရဲ့ စစ်သည်တစ်သိန်းကို အနိုင်ယူဖို့ဆိုတာ အရမ်းလွယ်ကူသွားလိမ့်မယ်။ ဒါပေမယ့် အကယ်၍ အရှင်သာ မအောင်မြင်ခဲ့ရင် ဒါမှမဟုတ် အချိန်မီ ပြန်မရောက်လာခဲ့ရင် ဘယ်လိုလုပ်မလဲ။”
ရှမ့်လန်က ပြောသည်။ “ကျုပ်က အမေဇုန် အမျိုးသမီးစစ်သည်တွေ အပေါ်ကို အများကြီး မျှော်လင့်ထားတယ်။ သူတို့ကို ကျုပ် အရမ်းလိုအပ်တယ်။ ဒါပေမယ့် နယ်စားကြီး ဒီဘိုရာနဲ့ တိုက်ပွဲမှာတော့ သူတို့ အပေါ်မှာပဲ မျှော်လင့်ချက်အားလုံးကို ပုံအောထားမှာ မဟုတ်ဘူး။
ကျုပ် အချိန်မီ ပြန်မရောက်လာရင်တောင်မှ ဒီတိုက်ပွဲကို ကျုပ်တို့ အနိုင်ရမှာပါ။ ကျန်းချွင်းဟွာက အရာအားလုံးကို စီစဉ်ဆောင်ရွက်ပါလိမ့်မယ်။ အကောင်းဆုံး ရလဒ်ကတော့ ကျုပ် အမေဇုန် စစ်တပ်ကို ဦးဆောင်ပြီး နယ်စားကြီး ဒီဘိုရာရဲ့ စစ်တပ်ကို သတ်ဖြတ်ပြီး သွေးချောင်းစီးစေဖို့ပဲ။”
ပြီးနောက် ရှမ့်လန်က ပြောလိုက်၏။ “ဒါဆိုရင် သွားတော့မယ်။ အားလုံးပဲ ဂရုစိုက်ကြပါ။”
လန်ဖုန်းက ရှမ့်လန်ကို ရုတ်တရက် တားလိုက်၏။ “အရှင်... ကျုပ် အရှင်လို့ ခေါ်လို့ရမလား။”
လန်ဖုန်းက ရုတ်တရက် ဆို၏။ “အရှင်က ဒီလိုခေါ်တာကို မနှစ်သက်ဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် ကျုပ် အရှင့်ကို နောက်ထပ် မတွေ့ရတော့မှာ၊ ထပ်ပြီး မခေါ်ရတော့မှာ စိုးရိမ်လို့ပါ။ အရှင်ကျန်းလီအပေါ်မှာ ကျုပ်တို့ ဘယ်လောက်ထိ သစ္စာရှိခဲ့တယ် ဆိုတာ အရှင် စိတ်ကူးတောင် ယဉ်နိုင်မှာ မဟုတ်ဘူး။ ကျုပ်တို့ တစ်နေ့မှာ အရှင်ကျန်းလီရဲ့ မျိုးဆက် ကျုပ်တို့ရဲ့ ရှေ့ ပေါ်လာလိမ့်မယ်လို့ အမြဲ အိပ်မက်မက်ခဲ့ရတာပါ။”
ရှမ့်လန်က သူ မည်သူမည်ဝါ ဖြစ်ကြောင်း မည်သည့်အခါကမှ ဝန်ခံခြင်း မရှိခဲ့သလို ငြင်းဆိုခြင်းလည်း မပြုခဲ့ချေ။ ကျန်းချွင်းဟွာနှင့် စကားပြောရာတွင် ကျန်းချွင်းဟွာက သူ့အား အနာဂတ်ဧကရာဇ်၊ အရှင်ကျန်းလီ သို့မဟုတ် တော်ဝင်ရန်အင်ပါယာသို့ ဘယ်တော့ပြန်မည်နည်း စသည့် မေးခွန်းများကို ခဏခဏ ထည့်သွင်း မေးမြန်းလေ့ ရှိသည်။
လန်ဖုန်းက လူအ မဟုတ်ချေ။ ဤအရိပ်အယောင်များကို သူက ကျိန်းသေပေါက် နားလည်၏။ အမှန်စင်စစ် ရှမ့်လန်နှင့် ကျန်းချွင်းဟွာတို့က မည်သူမည်ဝါဖြစ်ကြောင်း စကားထဲထည့်ပြောခဲ့လျှင်ပင် ရှမ့်လန်က ကျန်းလီ၏ သားဖြစ်သည်ဟု လုံးဝဥသုံ ယုံကြည်ချင်မှ ယုံကြည်ပေလိမ့်မည်။
သို့သော်ငြား လန်ဖုန်းက ဘုရင်မမီဒူဆာကိုမူ အပြည့်အဝ ယုံကြည်၏။ သူမ ချမှတ်ထားသည့် စည်းမျဉ်းတိုင်း တွင် အဓိပ္ပာယ် ရှိမြဲပင်။ အရှေ့လောကကြီးတွင် သူမနှင့် ထိုက်တန်သူဟူ၍ တစ်ဦးတည်းသာ ရှိနိုင်၏။ ထိုအရာက အနာဂတ် ဧကရာဇ်ပင် ဖြစ်ပေလိမ့်မည်။
သို့သော်ငြား ရှမ့်လန်က သူ မည်သူမည်ဝါ ဖြစ်ကြောင်းကို တိုက်ရိုက် မဖော်ပြသောကြောင့် လန်ဖုန်း ကလည်း ဤလျှို့ဝှက်ချက်ကို မပေါက်ကြားစေခဲ့ချေ။ သို့သော်ငြား သူ၏ နှလုံးသားထဲတွင် ရှိနေသည့် ရူးသွပ်မှုနှင့် စိတ်လှုပ်ရှားမှုတို့ကို မည်သည့် စကားလုံးနှင့်မှ ဖော်ပြရန် မစွမ်းသာတော့ချေ။
အပိုင်း (၈၁၆)
သူက သူ၏ဘဝ ဒုတိယနွေဦးကာလသို့ အပြည့်အဝ ပြန်လည်ရောက်ရှိသွားသကဲ့သို့ပင် ခံစားနေရ၏။ အရှေ့တိုင်း မြင်းစီးသူရဲကောင်း တစ်တပ်လုံး၏ ရှမ့်လန်အပေါ် သစ္စာရှိမှုက အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်၏။ ထိုအရာက ဘုရင်မ မီဒူဆာအပေါ် သစ္စာရှိမှု ထက်ပင် ပိုမိုကာ သာလွန်နေသေး၏။
အလုပ်က မည်မျှအန္တရာယ်များစေကာမူ သူတို့က သူတို့၏ ဘဝတစ်လျှောက်လုံး ထားရှိခဲ့သည့် ရည်မှန်းချက်အတွက် တိုက်ပွဲဝင်နေကြခြင်းကြောင့် အားတက်သရော လုပ်ဆောင်ကြပေလိမ့်မည်။ ဘုရားသခင ်က သူတို့အပေါ်တွင် ကြင်နာ၏။ အနှစ် ၂၀ ကျော် မျှော်လင့်ချက် မဲ့ခဲ့ပြီးနောက် အစစ်အမှန် ဧကရာဇ်က သူတို့ထံသို့ တစ်ဖန် ပြန်လည် ရောက်ရှိလာခဲ့သည်။
ထို့ကြောင့် အမြှောက်များကို ပထမဦးဆုံးအကြိမ် စမ်းသပ်စဉ်က ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ရဲဘော်တစ်ဦး အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့သော်လည်း သူတို့က နောက်မဆုတ်ခဲ့ခြင်းပင်။ သူတို့က အန္တရာယ်ရှိသည့် စမ်းသပ်မှု များကို တစ်ခုပြီးတစ်ခု ဆက်လက် လုပ်ဆောင်ခဲ့၏။ ယခု ရှမ့်လန် ထွက်ခွာသွားမည့် အချိန်မှာတော့ သူတို့က ရှမ့်လန်ကို အရှင်ဟု အမှန်တကယ် ခေါ်လိုခဲ့ကြ၏။
ရှမ့်လန်က ပြုံးလိုက်သည်။ “တပ်မှူး လန်ဖုန်း... ခင်ဗျားရဲ့ စကားတွေက နိမိတ်မကောင်းသလို ဖြစ်နေပေမဲ့ ကိစ္စမရှိပါဘူး။ ခင်ဗျား ခေါ်ချင်ရင် အရှင်လို့ ခေါ်နိုင်ပါတယ်။ ဒါပေမယ့် ကျုပ်ရဲ့ ညီနောင်တွေက ကျုပ်ကို တော်ဝင်အင်ပါယာမှာ အရှင်လို့ ခေါ်တုန်းက ကျုပ် အလွန်အမင်း နေရခက်ခဲ့တယ် ဆိုတာကိုတော့ ပြောထားပါရစေ။”
ပြီးနောက် ရှမ့်လန်က မြင်းပေါ်သို့ လွှားခနဲ တက်၏။ မုန့်ရိုလန်နှင့် တခြားသော အမျိုးသမီးစစ်သည်တို့၏ ကာကွယ်မှုနှင့် သူက မူလန်မြို့၏ မြောက်ဘက်မှ ထွက်ခွာပြီး မှောင်မိုက်သည့် ညထဲတွင် ပျောက်ကွယ် သွား၏။
ထိုအချိန်မှာတော့ လန်ဖုန်းက ဒူးထောက်ကာ ဦးတိုက်သည်။ “ကျုပ် လန်ဖုန်း အရှင့်ကို ဂါရဝပြုပါတယ်။ အရှင်ဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ။”
ပြီးနောက် နောက်ကွယ်ရှိ အရှေ့တိုင်း စစ်သူရဲကောင်းများ အားလုံးက ညီညာစွာ ဒူးထောက်လိုက်ကြ၏။ “အရှင်ဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ။ သက်တော်ရာကျော် ရှည်ပါစေ။”
လူတိုင်း၏ အသံများက ဟိန်းထွက်နေပြီး မျက်လုံးများထဲတွင်လည်း မျက်ရည်များ ပြည့်နှက်နေသည်။
ကျန်းချွင်းဟွာက သူမတစ်ယောက်တည်း မတ်တပ်ရပ်နေသည်ကို သတိပြုမိ၏။ ထိုမြင်ကွင်းကို မြင်ရချိန်မှာတော့ သူမက အနည်းငယ် ဝေခွဲမရ ဖြစ်နေ၏။ သူမက ဒူးထောက်ရမည်လား။ သို့သော်ငြား ဤလူယုတ်မာကို တကယ်တော့ ဒူးမထောက်ချင်ချေ။ တစ်ဖက်လူကို သူမက ကြိုက်နှစ်သက်နေသည် ဆိုလျှင်တောင် ဒူးတော့မထောက်ချင်ပေ။ သို့ပေမည့် အခြေအနေက ဤအထိ ရောက်နေပြီ ဆိုမှတော့ ဒူးမထောက်လျှင်ကော သင့်တော်ပါမည်လား။
ပြီးနောက် သူမက လန်ဖုန်း၏ သတ်ဖြတ်လိုသည့် အကြည့်များနှင့် အရှေ့တိုင်းစစ်သည်များ၏ မဟာရန်သူကဲ့သို့ စိုက်ကြည့်နေသည့် အကြည့်များကို မြင်ရတော့ မည်သို့မှမနေနိုင်တော့ချေ။
‘ဒီလောက်ကော လိုလို့လား။ ရှင်တို့ရဲ့ သစ္စာရှိမှုက ရူးသွပ်နေပြီ။ နောက်ဆိုရင် ကျွန်မက ရှင်တို့ရဲ့ မိဖုရားတစ်ယောက် ဖြစ်လာနိုင်တယ်လ။’
ပြီးနောက် သူမက မသက်သာဘဲ ဒူးထောက် ထိုင်လိုက်ရ၏။
...................
ခြောက်ရက်နှင့် ခြောက်ည ကြာပြီးနောက် လမ်းခရီးတွင် သူတို့က ကုန်းလမ်းဖြင့် မိုင်ပေါင်း တစ်ထောင်ကျော်၊ ရေလမ်းဖြင့် မိုင်ပေါင်း နှစ်ထောင်ကျော် ခရီးနှင်ခဲ့သည်။ ထိုအချိန်မှာတော့ သူတို့က လုံးဝ တစိမ်းပြင်ပြင် ပင်လယ်ပြင်သို့ ရောက်ရှိနေပြီ ဖြစ်၏။ နေရာအနှံ့တွင် ထူထပ်သည့် မြူနှင်းများ ရှိနေပြီး ရေအောက် ကျောက်ဆောင်များ ကလည်း နေရာအနှံ့ပင်။ ပြင်ပလူများအနေဖြင့် ဤနေရာဆီသို့ လုံးဝ မဝင်ရောက်နိုင်ပေ။
မုန့်ရိုလန်နှင့် တခြားသောသူများက နောက်ဆုံးမှာတော့ အိမ်ပြန်လမ်းကို မှတ်မိသွားပြီ ဖြစ်၏။ ရှမ့်လန်က လှေငယ်တစ်စင်းပေါ်တွင် ထိုင်ပြီး ပိုမိုနက်ရှိုင်းသည့်အတွင်းပိုင်းဆီသို့ ဆက်လက်ကာ သွား၏။ သူတို့က ရှေ့မှ လျှို့ဝှက်ဆန်းကြယ်သည့် အမေဇုန် ပင်လယ်ပြင်ဆီသို့ ရောက်ရှိပေတော့မည်။
အမေဇုန်ဘုရင်မ၏ တိုင်းပြည်က လုံးဝ သီးခြားဖြစ်သည့် ကျွန်းတစ်ကျွန်း ဖြစ်၏။ ထိုအရာက လျှို့ဝှက် ဆန်းကြယ်ပြီး အစွမ်းထက်လွန်းသောကြောင့် လောက၏မြေပုံပေါ်တွင် ထင်ပေါ်ခြင်း မရှိချေ။
အနောက်လောကတစ်ခုလုံးတွင် အစွမ်းထက်ဆုံး ဖြစ်သည့် အမျိုးသမီး စစ်သည်အုပ်စုက မျိုးဆက်ပေါင်းများစွာ ဤလျှို့ဝှက်ဆန်းကြယ်သည့် ကျွန်းပေါ်တွင် နေထိုင်၏။ မျိုးဆက်ပြန့်ပွားရန် အတွက်မှလွဲလျှင် သူတို့က ဤကျွန်းမှ လုံးဝထွက်ခွာခြင်း မရှိပေ။
မုန့်ရိုလန်က ပြော၏။ “အရှင်ရှမ့်လန်... ရှေ့မှာ အမေဇုန် ဘုရင်မ တိုင်းပြည်ရဲ့ ပင်လယ်ပြင်ပဲ။ ကျွန်မတို့သာ ဝင်သွားရင် အသက်ခံရဖို့ များတယ်။ အရှင်က အနာဂတ် ဧကရာဇ် သုံးပါးထဲက တစ်ပါးဖြစ်ပေမဲ့ အမေဇုန် ဘုရင်မ တိုင်းပြည်က သီးခြား ခွဲထွက်နေတာ။ အရှင်က ဧကရာဇ်ဖြစ်နေရင်တောင် သူတို့က အရှင့်ကို သတ်မှာပဲ။ ပြီးတော့ အပိုင်းပိုင်းတောင် ဖြတ်ပစ်အုံးမယ်။”
ရှမ့်လန်က ခေါင်းညိတ်လိုက်သည်။ “သိပြီ။”
မုန့်ရိုလန်က ထပ်မံကာ မေး၏။ “နှစ်ပေါင်း ထောင်ချီအတွင်းမှာ အမေဇုန် ဘုရင်မ တိုင်းပြည်ထဲကို ဝင်ခဲ့တဲ့ အမျိုးသား အားလုံးက သေကုန်ကြတာချည်းပဲ။ သူတို့က စကားပြောခွင့်တောင် မရဘဲ ခေါင်းဖြတ်ခံရတယ်၊ အရေခွံ အခွာခံရတယ်။ အရှင် တကယ်ပဲ ဝင်ချင်တာ သေချာလို့လား။”
ရှမ့်လန်က ပြတ်သားစွာဖြင့် ပြောလိုက်သည်။ “ဆက်သွားမယ်။”
မုန့်ရိုလန်က သက်ပြင်းတစ်ချက် ချ၏။ လှေကို ရှေ့ဆီသို့ ဆက်လက် လှော်ခတ်သွားသည်။ နာရီဝက်ခန့် ကြာပြီးနောက် ရှမ့်လန်၏ လှေငယ်က ဝိုင်းရံခြင်းကို ခံရ၏။
ရွှစ်... ရွှစ်... ရွှစ်....
အလွန် အစွမ်းထက်သည့် အမေဇုန် အမျိုးသမီး စစ်သည် ဒါဇင်ပေါင်းများစွာတို့က ပင်လယ်ထဲမှ ရုတ်တရက် ပေါ်ထွက်လာသည်။
“ဘုန်း... ဘုန်း...” ခဏအတွင်းမှာပင် ရှမ့်လန် စီးနင်းလာသည့် လှေငယ်က လူသားခွန်အားဖြင့် တိုက်ရိုက် ဆွဲဖြဲခြင်းကို ခံရ၏။
ဤခွန်အားက အမှန်တကယ် အံ့အားသင့်စရာ ကောင်း၏။ လူသားခွန်အားဖြင့် လှေတစ်စင်းကို တိုက်ရိုက် ဖျက်ဆီးနိုင်သည်လား။ နောက်တစ်စက္ကန့်မှာပဲ ဧရာမ ဓားကြီးတစ်စင်းက ရှမ့်လန်၏ လည်ပင်းပေါ်သို့ ရောက်ရှိလာသည်။
မုန့်ရိုလန်နှင့် တခြားသော သူများ၏ လည်ပင်းပေါ်တွင်လည်း ထိုနည်းလည်းကောင်းပင်။
“ဘယ်လို ပြင်ပက လူမဆို အမေဇုန် ဘုရင်မ တိုင်းပြည်ရဲ့ ပင်လယ်ထဲကို ဝင်ခွင့်မရှိဘူး။ ကျူးကျော်သူ မှန်သမျှ အသေသတ်ခံရမယ်။”
မုန့်ရိုလန်နှင့် အခြားသောသူများက တကယ်ပင် ဇဝေဇဝါ ဖြစ်နေကြ၏။ ဤအမေဇုန် အမျိုးသမီး စစ်သည်တော်များက ရှမ့်လန်၏ ဦးခေါင်းကို အဘယ်ကြောင့် ချက်ချင်း မဖြတ်ကြသနည်း။ ဘိုးဘေးစဉ်ဆက် သင်ကြားချက်များအရ အမေဇုန်မျိုးနွယ်စုအတွင်းသို့ ဝင်ရောက်လာခဲ့သည့် မည်သည့် အမျိုးသားကိုမဆို စကားပြောဆိုခွင့် မပေးဘဲ တိုက်ရိုက် ခေါင်းဖြတ် သတ်ခံရသည်။
ဤနယ်မြေအတွင်း အမျိုးသားတစ်ဦး စကားတစ်ခွန်း ပြောဆိုခြင်း သို့မဟုတ် အသက်တစ်ချက် ရှူခြင်းက စော်ကားမော်ကား ပြုခြင်းဟု မှတ်ယူကြသည်။ ရာစုနှစ်ပေါင်းများစွာ၊ ထောင်စုနှစ်များစွာတိုင် ဤပင်လယ်ပြင်အတွင်းသို့ ဝင်ရောက်လာခဲ့သည့် မည်သည့် အမျိုးသားမဆို တိုက်ရိုက် အသတ်ခံခဲ့ရ၏။ ထိုသို့ဆိုလျှင် ရှမ့်လန်က အဘယ်ကြောင့် ကင်းလွတ်ခွင့် ရနေရသနည်း။ သူက လူသားဧကရာဇ် တစ်ယောက် ဆိုသည့် ဂုဏ်ပုဒ်ကြောင့်လား။
သို့သော်လည်း မကြာမီမှာပဲ မုန့်ရိုလန်က အဖြေကို သိရှိသွား၏။ သူမက ခေါင်းမော့ ကြည့်လိုက်ချိန်တွင် သူမ၏ လောကအမြင်တစ်ခုလုံးက ပြောင်းပြန်လှန်ခြင်း ခံရ၏။ ဤလူက အနာဂတ်၏ လူသားဧကရာဇ် လား။ သူမ သေတောင် မယုံနိုင်ပေ။
ဆော်ရွှန်ကဲ့သို့သော သူရဲကောင်းကြီးမျိုးကိုသာလျှင် လူသား ဧကရာဇ်အဖြစ် သတ်မှတ်နိုင်၏။ အရှင်မင်းကြီး ကျန်းလီကဲ့သို့သော သူရဲကောင်းကြီးပင်လျှင် နောက်ဆုံး၌ လူသားဧကရာဇ် ဖြစ်မလာခဲ့ချေ။ သူမ၏ ရှေ့မှ ဤရှမ့်လန်ကမူ မည်သည့် သိက္ခာတရားမှ မရှိသူပင်။ အကယ်၍ ထိုကဲ့သို့သော လူကသာ လူသားဧကရာဇ် ဖြစ်သည်ဆိုပါက ကောင်းကင်ဘုံက မျက်စိကန်းနေခြင်းသာ ဖြစ်ပေမည်။
အမေဇုန် အမျိုးသမီး စစ်သည်တော်များက ရှမ့်လန်ကို အဘယ်ကြောင့် တိုက်ရိုက်မသတ်ဘဲ စကားပြောခွင့် ပေးခဲ့သနည်း။ အကြောင်းရင်းက သူတို့က ရွှေရောင်ဆံနွယ်များဖြင့် ဝေဆာကာ ဆီးနှင်းကဲ့သို့ ဖြူဖွေးသည့် အသားအရေရှိသည့် အံ့မခန်း အလှနတ်မိမယ် တစ်ပါးကို မြင်တွေ့နေရသောကြောင့်ပင်။
ဟုတ်ပေ၏။ လမ်းတလျှောက်တွင် ရှမ့်လန် သင်္ဘောခန်းထဲ ဘာလုပ်နေမှန်း မည်သူမှ မသိခဲ့ချေ။ ယခု ထွက်ပေါ်လာချိန်မှာတော့ သူ၏ပုံရိပ်က လုံးဝ ပြောင်းလဲသွားခဲ့၏။ အနည်းဆုံး ဤနေရာရှိ လူအားလုံးထဲတွင် သူ့ထက် လှသည့် အမျိုးသမီး တစ်ယောက်မှ မရှိပေ။
“ကျွန်မရဲ့ နာမည်က လုံနာနာ လို့ ခေါ်ပါတယ်။ သမားတော် တစ်ယောက်ပါ။ အမေဇုန် ဘုရင်မ မျိုးနွယ်စုဆီကို လာခဲ့ရတဲ့ အကြောင်းရင်းကတော့ ရှင်တို့ကို ကယ်တင်ဖို့ပဲ။ အရှေ့တိုင်းသားတွေရဲ့ စကားနဲ့ ပြောရရင် ဘုရားသခင်က သက်ရှိတွေကို ငဲ့ညှာပြီး ဂရုဏာတရား ထားတာကြောင့် လွှတ်လိုက်တာပါ။”
ရှမ့်လန်၏ စကားလုံးများက အပြစ်ပြောစရာ မရှိအောင် ချောမွေ့၏။ သူက အသံကို ဖုံးကွယ်နေစရာ မလိုချေ။ အကြောင်းအရင်းက စွဲဆောင်မှုရှိသည့် အမျိုးသမီးအနည်းငယ်တို့၏ အသံက အနည်းငယ် အက်ရှရှနှင့် သံလိုက်ဓာတ် ပါသောကြောင့်ပင်။
ထို့နောက် သူက လည်ပင်းကို အချိန်မရွေး ပိုင်းဖြတ်တော့မည့် ဓားသွားကို လျစ်လျူရှုကာဖြင့် အရှေ့မှ အမျိုးသမီး စစ်သည်တော်၏ ခန္ဓာကိုယ်ကို လက်လှမ်းကာ စမ်းသပ်၏။ သူက ပေါင်ခြံကို စမ်း၏။
လက်အစုံက အပြစ်ဆိုဖွယ်ရာ မရှိချေ။ အမျိုးသမီး ၉၉ ရာခိုင်နှုန်းတို့၏ လက်များပင် သူ၏လက်ကဲ့သို့ သွယ်လျလှပခြင်း မရှိသောကြောင့်ပင်။
သူ၏ ထိတွေ့မှုကို ခံလိုက်ရသည့် အမေဇုန် အမျိုးသမီး စစ်သည်တော်က မှင်သက်သွား၏။ သူမက ဘာလုပ်ရမှန်း မသိဘဲ တောင့်တောင့်ကြီး ရပ်နေ၏။
“ပြန်ရည်ကျိတ်တွေ ရောင်နေတယ်။ အဆစ်မြစ်တွေက ပုံပျက်နေပြီ။ ဒါက သိသိသာသာကို ရောင်ရမ်းတဲ့ လက္ခဏာတွေ ရှိနေတယ်။ ဝေဒနာထတိုင်း တော်တော်လေး ခံစားရမှာပဲ။”
ရှမ့်လန်က တိုးတိုးလေး ပြောသည်။ “လေဖြတ်တာက အမေဇုန် အမျိုးသမီး စစ်သည်တော်တိုင်း ကြုံရတဲ့ ကံကြမ္မာလား။”
ပြီးနောက် ရှမ့်လန်က အခြားသော အမျိုးသမီးတစ်ဦးကို ထပ်မံ စမ်းသပ်ပြန်၏။
“ရှင်ကတော့ နည်းနည်း ပိုသက်သာသေးတယ်။ ပေါင်ခြံက ပြန်ရည်ကျိတ်တွေ မရောင်သေးဘူး။ ရောင်ရမ်းမှုကလည်း သိပ်မပြင်းထန်သေးဘူး။ ဒါပေမဲ့ ဂေါက်ရောဂါ လက္ခဏာတွေတော့ ပြနေပြီ။”
ဆက်လက်၍ ရှမ့်လန်က အမျိုးသမီး စစ်သည်တော် တစ်ယောက်ချင်းစီကို စမ်းသပ်၏။ နောက်ဆုံးမှာတော့ သူက မုန့်ရိုလန်ကိုပါ စမ်းသပ်ကြည့်လိုက်သည်။ မုန့်ရိုလန်၏ စူးရှလွန်းသည့် အကြည့်က သူ့ဆီသို့ ရောက်ရှိလာသည်။
မုန့်ရိုလန်က အမေဇုန်မျိုးနွယ်၏ လူနေမှုဘဝနှင့် ကွေးကွာနေခဲ့သည် ဖြစ်သောကြောင့် အရာအားလုံး ပြောင်းလဲသွားခဲ့ပြီး ဂေါက်ရောဂါ၏ ထင်ရှားသည့် လက္ခဏာများ မရှိတော့ပေ။
နောက်ဆုံးမှာတော့ ရှမ့်လန်က အမျိုးသမီး စစ်သည်တော် ခေါင်းဆောင်၏ ရှေ့သို့ ရောက်လာ၏။ သူမ၏ သိုင်းပညာက တကယ့်ကို အဆင့်အတန်းမြင့်လှ၏။ စောစောက သင်္ဘောကို နှစ်ပိုင်း ပိုင်းဖြတ်လိုက်သူက သူမပင် ဖြစ်သည်။ ရှမ့်လန်က သူမ၏ ပေါင်ခြနောက်နား၊ ရင်ဘတ် အဆစ်အမြစ်များကို စမ်းသပ်၏။ ဤသူမ၏ ဂေါက်ရောဂါက အလွန်ပင် ပြင်းထန်နေ၏။ အဆစ်များ၌ ယူရစ်အက်ဆစ်များစွာ ရှိနေ၏။
“တပ်မှူး... ရှင့်ရဲ့ရောဂါကတော့ အပြင်းထန်ဆုံးပဲ။ ဒီအတိုင်းသာ ဆက်သွားရင် နောက်ထပ် ခြောက်လလောက်ဆိုရင် ရှင် လေဖြတ်သွားလိမ့်မယ်။” ရှမ့်လန်၏ အသံက နူးညံ့သိမ်မွေ့နေပြီး သမားတော် တစ်ဦး၏ မဟာဂရုဏာများနှင့် ပြည့်နှက်နေသည်။
အမေဇုန် အမျိုးသမီး တပ်မှူးက တုန်လှုပ်သွားခဲ့၏။ “ဒါက ကျွန်မတို့ရဲ့ ကံကြမ္မာပဲ။ အဲဒီအချိန်ကို ရောက်ရင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ပစ်မှာ။ လေဖြတ်ပြီး အသက်ရှင်နေရတာထက်စာရင် သေတာက မြတ်အုံးမယ်။”
ဂေါက်ရောဂါ - ဤအရာက အမေဇုန် ဘုရင်မ မျိုးနွယ်စု၏ ကံကြမ္မာဆိုး ဖြစ်ပုံရ၏။ အားလုံး မဟုတ်သော်လည်း အနည်းဆုံး လူဦးရေ သုံးပုံ တစ်ပုံခန့်က ဤရောဂါကို ခံစားနေကြရ၏။ ကမ္ဘာမြေပေါ်တွင် အမျိုးသမီးများ ဂေါက်ရောဂါ ရခဲသော်လည်း အမေဇုန်အမျိုးသမီး စစ်သည်တော်များက အမျိုးသား များထက် ပိုမိုကာ သန်မာကြသည်။
ဂေါက်ရောဂါ ဖြစ်ပွားရသည့် အဓိက အကြောင်းအရာများစွာ ရှိသည်။ အဝလွန်ခြင်း၊ သွေးတိုးခြင်း၊ စားသောက်မှုပုံစံနှင့် အရက်သောက်ခြင်းတို့ပင်။ အမေဇုန် အမျိုးသမီး စစ်သည်တော်များ၏ ခန္ဓာကိုယ် အမျိုးအစားက စူပါမော်ဒယ်များကဲ့သို့ပင် ဖြစ်ပြီး ရင်သားများကလည်း ထိုနည်းလည်းကောင်းပင်။
ထိုကဲ့သို့သော ကိုယ်လုံး ကိုယ်ပေါက်မျိုးက အားကစားရုံတွင် လေ့ကျင့်ရုံနှင့် မရနိုင်ပေ။ သွယ်လျပြီး သန်မာကာဖြင့် ပေါက်ကွဲအား အပြည့်ရှိသည့် ကိုယ်လုံးမျိုး ဖြစ်သောကြောင့်ပင်။
သွေးတိုးသည့် လက္ခဏာတချို့တော့ ရှိ၏။ စားသောက်မှုပုံစံနှင့် အရက်သောက်ခြင်းက အမေဇုန် မျိုးနွယ်စုအတွင်း ဂေါက်ရောဂါ ပြန့်နှံ့ခြင်း၏ အဓိက အကြောင်းရင်း ဖြစ်နိုင်၏။ အမေဇုန် အမျိုးသမီး စစ်သည်တော်တိုင်းက သစ်သီးမှ ထုတ်လုပ်သည့် ပြင်းထန်သည့် အရက်နှင့် ဘီယာအထိကို သောက်ကြ၏။ အချိန်တော်တော်များများတွင် သူတို့က ဘီယာကို ရေသောက်သကဲ့သို့ သောက်လေ့ရှိ၏။
ထို့အပြင် သူတို့က ဟင်းသီးဟင်းရွက်ကို အလွန်နည်းပါးစွာ စားသုံး၏။ အဓိကအားဖြင့် အသားနှင့် ငါးကိုသာ စား၏။ ထိုအရာများက ယူရစ်အက်ဆစ် အလွန်ပေါကြွယ်သည့် အစားအစာများ ဖြစ်ပြီး သာမန် လူများ စားကြသော်လည်း အနပ်တိုင်း ထိုသို့ စားလေ့မရှိကြချေ။
အမေဇုန် အမျိုးသမီး စစ်သည်တော်များက နေ့စဉ် ပြင်းထန်သည့် လေ့ကျင့်ခန်းများကို လုပ်ဆောင်ကြ၏။ သူတို့က စွမ်းအင်များစွာ အသုံးပြုရသောကြောင့် နေ့စဉ် အသားနှင့် ငါး ကီလိုဂရမ်ပေါင်းများစွာကို စားသုံး၏။ ထိုကဲ့သို့သော စားသောက်မှု အလေ့အထနှင့် အလွန် ပူပြင်းသည့် ရာသီဥတု၏ အောက်မှာတော့ သူတို့ ဂေါက်ရောဂါ ဖြစ်နေခြင်းက အံ့ဩစရာ မဟုတ်တော့ပေ။
ဤလောကကြီးတွင် ဂေါက်ရောဂါအတွက် ကုသဆေး ဟူ၍ မရှိသလောက်ပင်။ အနည်းဆုံးတော့ အမြစ်ပြတ် ပျောက်ကင်းစေမည့် ဆေးမရှိဘဲ စားသောက်မှု ပုံစံကိုသာ ပြောင်းလဲရပေမည်။ သို့သော်လည်း အမေဇုန် ကျွန်းပေါ်တွင် ထိုအစားအစာများသာ ရှိသောကြောင့် ပြောင်းလဲရန် မဖြစ်နိုင်ချေ။
အမေဇုန်ဘုရင်မနိုင်ငံသာမက ရှီလွန်မင်းဆက် တောင်ဘက်ပိုင်းရှိ မှူးမတ်အများပြားကလည်း ဂေါက်ရောဂါကို ခံစားနေကြရ၏။ သူတို့ထဲမှ တချို့က စားသောက်မှု ပုံစံကို ချိန်ညှိ ပြုပြင်နိုင်ခဲ့သောကြောင့် အသက်ရှည်ရှည် နေနိုင်ခဲ့၏။ သို့သော်လည်း အများစုက လေဖြတ်၍ သူတို့၏ ဘဝ နောက်ဆုံး နေဝင်ချိန်ကို ဘီးတပ်ကုလားထိုင်ပေါ်တွင်သာ ကုန်ဆုံးကြ၏။
အမေဇုန် ဘုရင်မ နိုင်ငံ၏ လူဦးရေ သုံးပုံ တစ်ပုံက ဂေါက်ရောဂါ ရရှိနေပြီး ပိုမို ကောင်းမွန်မလာဘဲ ပိုမိုကာ ဆိုးရွားလာ၏။ နောက်ဆုံး အဆစ်အမြစ်များက ပုံပျက်၍ လေဖြတ်ကုန်၏။ သို့သော်လည်း သူတို့က အလွန်တရာ မာနကြီးကြ၏။ လေဖြတ်၍ တိုက်ခိုက်နိုင်စွမ်း မရှိတော့သည့် အခြေအနေမျိုးသို့ ရောက်သည့် အချိန်တွင် ချက်ချင်း မိမိကိုယ်ကိုယ် အဆုံးစီရင်ကြ၏။ မျိုးနွယ်စုအတွက် ဝန်ထုပ်ဝန်ပိုး အဖြစ်မခံဘဲ ဂုဏ်သိက္ခာရှိရှိနှင့် သေဆုံးကြခြင်းပင်။
ထို့ကြောင့် ဂေါက်ရောဂါက အမေဇုန်ဘုရင်မ နိုင်ငံအတွက် ကုမရသည့် ရောဂါဆိုးကြီး သို့မဟုတ် ကျိန်စာတစ်ခု ဟု အမည်တွင်၏။ သေဆုံးသည့် အရေအတွက်က တိုက်ပွဲအတွင်း ကျဆုံးရသည့် အရေအတွက် ထက်ပင် များပြား၏။ ဤသန်မာသည့် အမေဇုန် အမျိုးသမီး စစ်သည်တော်များက ဂေါက်ရောဂါ ရလာပါက အသက် ၄၀ ဝန်းကျင်တွင် မိမိကိုယ်ကိုယ် အဆုံးစီရင်ကြသည်။
သို့သော်လည်း သူတို့အတွက် အသက် ၄၀ ဆိုသည်က အထွတ်အထိပ်သို့ ရောက်ရှိနေသည့်အချိန် ဖြစ်၏။ သူတို့၏ တိုက်ခိုက်နိုင်စွမ်းက အမြင့်ဆုံးတွင် ရှိနေသကဲ့သို့ ရုပ်ရည်နှင့် ခန္ဓာကိုယ်ကလည်း အလှဆုံးအချိန် ဖြစ်၏။ သို့ပါလျက်နှင့် ဂေါက်ရောဂါကြောင့် လေဖြတ်ရသောကြောင့် သူတို့က ဤလောကကြီးကို စွန့်ခွာကာ မိမိကိုယ်ကိုယ် အဆုံးစီရင်ကြ၏။
ဂေါက်ရောဂါ ဝေဒနာ ထလာသည့် အချိန်တိုင်း ခံရခက်သည့် နာကျင်မှုက သူတို့ကို အခါအားလျော်စွာ နှိပ်စက်လေ့ရှိသည်။ အမှန်စစ်စစ် ဤအမျိုးသမီး စစ်သည်တော်များက အလွန် သန်မာသောကြောင့် နာကျင်မှုကို အပြည့်အဝ အောင့်အီးနိုင်ကြသည်။
သို့သော်လည်း ဝေဒနာ သက်လာသည်ဆိုလျှင်တောင် လမ်းမလျှောက်နိုင်ခြင်းက အကြီးမားဆုံး နာကျင်မှု ဖြစ်သည်။ သန်မာသည့် စစ်သည်တော် တစ်ဦးအတွက် မပြေးနိုင်၊ မတိုက်ခိုက်နိုင်တော့လျှင် ဘဝ၏ အဓိပ္ပာယ်က ဘာရှိတော့မည်နည်း။ သို့သော်လည်း ဤရောဂါက လုံးဝ ကုသ၍ မရနိုင်လောက်အောင်ပင်။ ရှီလွန်မင်းဆက် တောင်ဘက်ပိုင်းရှိ တော်ဝင်မျိုးနွယ်များက ကမ္ဘာအနှံ့ရှိ နာမည်ကြီးသမားတော်များကို ရှာဖွေခဲ့သော်လည်း မည်သူကမှ ကုသပေးနိုင်ခြင်း မရှိခဲ့ချေ။