အခန်း (၈၂၁-၈၂၂)
Vol. 50 Ch. 821-822
အပိုင်း (၈၂၁)
တစ်နာရီကျော် ကြာပြီးနောက် ရှမ့်လန်က ဘုရင်မအေဒါ၏ ရှေ့သို့ ရောက်လာ၏။ သူမ၏ မျက်နှာကို မြင်ချိန်မှာတော့ ရှမ့်လန်၏ နှလုံးခုန်သံများက ချက်ချင်းပဲ တုန်ခါသွားခဲ့၏။ ယခုအချိန်မှာတော့ ဘုရင်မ၏ မျက်နှာက ရေခဲကဲ့သို့ အေးစက်နေရုံသာမက ဒေါသဖြင့် သတ်ဖြတ်လိုသည့် အငွေ့အသက်များလည်း ပြည့်နှက်နေ၏။
သူ၏အမျိုးသမီးအဖြစ် ဟန်ဆောင်မှုက ဖော်ထုတ်ခြင်းကို ခံလိုက်ရပြီ ဖြစ်ကြောင်း သူ သိလိုက်၏။ သို့သော်လည်း သူက ဤအရာကို ထာဝစဉ် ဖုံးကွယ်နိုင်လိမ့်မည်ဟု မည်သည့်အခါကမှ မတွေးတောခဲ့ဖူးချေ။ အကြောင်းရင်းက အမေဇုန် ဘုရင်မ နိုင်ငံတော်တွင် အမျိုးသားများနှင့် ထိတွေ့ဖူးသူများ ရှိနိုင်သောကြောင့် ပင်။
“လုံနာနာ... ရှင်က ယောက်ျားတစ်ယောက်လို့ တခြားသူတွေ ပြောနေတယ်။”
ဘုရင်မအေဒါက ပြော၏။ “ဒါကို သက်သေပြဖို့ကတော့ ရိုးရှင်းတယ်။ ရှင့် အဝတ်အစားတွေကို ချွတ်ပြလိုက်ရုံပါပဲ။ ဒါပေမဲ့ အဲဒီလို မလုပ်ချင်ဘူး။ ကိုယ်တိုင် ကျွန်မကို ပြောပါ။ ရှင်က ယောက်ျားလား၊ မိန်းမလား။”
ဘေးတွင် ရှိနေသည့် မင်းသမီးဒိုဟာကလည်း သတိပေးလိုက်၏။ “လုံနာနာ... ရှင့်ရဲ့ အဖြေကို သေချာ စဉ်းစားပြီးမှ ဖြေပါ။ အမေဇုန် ဘုရင်မ နိုင်ငံတော်ထဲကို ဘိုးဘေးလမ်းညွှန်ချက်အရ ဝင်လာတဲ့ ဘယ်လို အမျိုးသား မဆို သင်းကွပ်ခံရတယ်။ အရေခွံခွာခံရတယ်။ ပြီးရင် ပြာဖြစ်အောင် မီးရှို့ပစ်ခံရတယ်။”
ဘေးတစ်ဖက်ရှိ ပရောဟိတ်မကြီးက လက်ကို ဝှေ့ယမ်းလိုက်တော့ အမျိုးသမီး စစ်သည်တော် ၁၀ ဦးကျော်တို့က အထဲသို့ ပြေးဝင်လာခဲ့သည်။
ရှမ့်လန်က မေး၏။ “ဘုရင်မ... အကယ်၍ ယောက်ျားတစ်ယောက် ဖြစ်ခဲ့ရင် ဘာလုပ်မှာလဲ။ သိပါရစေ။”
ဘုရင်မအေဒါ၏ လှပသည့် မျက်နှာက တုန်ခါသွား၏။ “ဘိုးဘေးတွေရဲ့ လမ်းညွှန်ချက်အတိုင်း ရှင့်ကို သင်းကွပ်ရမယ်။ အရေခွံခွာရမယ်။ ပြီးရင် မီးရှို့ရမယ်။ ဒါပေမဲ့ ကျွန်မတို့က ရှင့်အပေါ်မှာ ကြီးမားတဲ့ ကျေးဇူးတွေ တင်နေတယ်။ ဒါကြောင့် ရှင့်ကို သင်းကွပ်ပြီး ပြည်နှင်ဒဏ်ပေးဖို့ စဉ်းစားထားတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်တာတောင် ဘိုးဘေးတွေရဲ့ လမ်းညွှန်ချက်ကို ဖောက်ဖျက်ရာ ရနေပြီ။ ဒါကြောင့် ကျွန်မ အမေဇုန် ဘုရင်မအဖြစ် ဆက်လက်နေထိုင်ခွင့် မရှိတော့ဘူး။ ဒီ နန်းပလ္လင်ကို စွန့်လွှတ်ပြီး ပြစ်ဒဏ်ကို အတူတူ ခံယူရမယ်။”
ဆိုလိုသည်က ရှမ့်လန်၏ အသက်ကို ကယ်တင်ရန်အတွက် ဘုရင်မအေဒါက သူမ၏ ရာဇပလ္လင်ကိုပင် စွန့်လွှတ်ရန် အသင့်ရှိနေခြင်းပင်။ ဤသည်က ကြီးမားလွန်းသည့် စွန့်လွှတ်မှုပင်။
မင်းသမီးဒိုဟာက ပြောသည်။ “ကျွန်မတို့က မြင့်မြတ်တဲ့ မျိုးနွယ်စု... အမျိုးသမီး တစ်ယောက်ရဲ့ အဝတ်အစား ကို ချွတ်ပြီး ကျားမ ခွဲခြားကြည့်တာမျိုး ဘယ်တော့မှ မလုပ်ဘူး။ ဒါကြောင့် ရှင်က အမျိုးသမီး ပါလို့ ပြောရင် ကျွန်မတို့ ပြန်လွှတ်ပေးမယ်။ ပြီးတော့ ရတနာသေတ္တာ တစ်လုံးကိုလည်း ပေးလိုက်မယ်။”
ဤသည်က သူတို့အနေနှင့် သိလျက်နှင့် လျစ်လျူရှုပေးမည်ဟု ဆိုလိုခြင်းပင်။
“ဒါပေမဲ့ အခုက စပြီး ရှင် ကျွန်မတို့ ပိုင်နက်ထဲကို ဘယ်တော့မှ ခြေမချရတော့ဘူး။” မင်းသမီးဒိုဟာက ထပ်ကာ ပြော၏။
ရှမ့်လန်က အမေဇုန်ဘုရင်မအပေါ် ချက်ချင်းပင် ကောင်းမွန်သည့် အမြင်များ ရှိသွားခဲ့၏။ သူတို့က ကျေးဇူးတရားကို ပြန်ဆပ်ကြသူများပင်။ တစ်စုံတစ်ရာသော အတိုင်းအတာထိ ဘိုးဘေးတို့၏ လမ်းညွှန်ချက် ကို ဖောက်ဖျက်ရသည် ဖြစ်စေ ၊ သူတို့က ဤအတွက် ရာဇပလ္လင်ကို စွန့်လွှတ်ရန်ဖြစ်စေ အသင့်ရှိ၏။ သူတို့က အတိုင်းထက်အလွန် ဖြောင့်မတ်သူများ သို့မဟုတ် ရိုးသားကြသူများ ဖြစ်သည်။
မင်းသမီးဒိုဟာက ပြော၏။ “လုံနာနာ...ဂရုစိုက်ပြီး ဖြေပါ။ ယောက်ျားတစ်ယောက် ဖြစ်သွားတာနဲ့ ကျွန်မတို့က သင်းကွပ်ဖို့ကလွဲရင် တခြား ရွေးချယ်စရာ မရှိတော့ဘူး။ ပြီးတော့ ဘုရင်မကလည်း ရာဇပလ္လင်ကို ဆုံးရှုံးလိမ့်မယ်။”
ရှမ့်လန်က တွေဝေနေပုံရ၏။ စက္ကန့် ၃၀ ကြာပြီးနောက် ရှမ့်လန်က သူ၏ ဆံပင်တုကို ချွတ်၏။ ရေဖြင့် မိတ်ကပ်များကို ဆေးကြော၏။ ပြီးနောက် ဝတ်စုံကို ချွတ်ပြီး အမျိုးသားတစ်ဦးအဖြစ်သို့ ပြောင်းလဲလိုက်သည်။
ဤမြင်ကွင်းကို မြင်ချိန်မှာတော့ ဘုရင်မအေဒါက တုန်လှုပ်သွား၏။ အနားရှိ လူတိုင်းကလည်း နာကျင်မှုကို ခံစားရသကဲ့သို့ မျက်လုံးကို မှိတ်ထား၏။ ဤလူက အဘယ်ကြောင့် ဤကဲ့သို့သော ရွေးချယ်မှုကို ပြုလုပ်ရသနည်း။
ရှမ့်လန်က သူ၏ လက်မောင်းကို ဆန့်ထုတ်၏။ “ဘုရင်မအေဒါ... မင်းသမီးဒိုဟာ... ကျုပ်က အမျိုးသား တစ်ယောက်ပါပဲ။ ကျုပ်နာမည်က ရှမ့်လန်၊ ကျန်းလီရဲ့ သားဖြစ်ပြီး အရှေ့ဘက် ရာဇပလ္လင်အတွက် ယှဉ်ပြိုင်နေတဲ့ ပြိုင်ဖက်နှစ်ယောက်ထဲက တစ်ယောက်။”
ဘုရင်မအေဒါက နာကျင်မှုဖြင့် သက်ပြင်းကို ချ၏။ သူမ၏ ဦးခေါင်းပေါ်မှ သရဖူကို ချွတ်လိုက်သည်။
မင်းသမီး ဒိုဟာ၏ မျက်နှာက ဖြူလျော်သွား၏။ အဘယ်ကြောင့် အခြေအနေများက ဤအဆင့်သို့ ရောက်ရှိ သွားရသနည်း။
ပုရောဟိတ်ကြီးက လက်ကို ဝှေ့ယမ်း၏။ “စစ်သည်တော်တို့... ဒီလူကို ဖမ်းပြီး လူအများရှေ့မှာ သင်းကွပ်ပစ်လိုက်ကြစမ်း။”
ချက်ချင်းပဲ အမေဇုန် အမျိုးသမီး စစ်သည်တော် ၁၀ ဦးကျော်တို့က ရှေ့ကို တိုးပြီး ရှမ့်လန်ကို ဖမ်းဆီးသည်။
ရှမ့်လန်က လုံးဝ ခုခံခြင်း မရှိချေ။ သူက လက်များကို ဖွင့်ကားကာ ပြောလိုက်၏။ “ဘုရင်မ... ပုရောဟိတ်ကြီး... ကျုပ် ဒီကို လာတာ ခင်ဗျားတို့ကို လာကယ်တာ။ ကျုပ်ကယ်မယ်လို့ ပြောတဲ့ အချိန်မှာ ကျုပ်က ဂေါက်ရောဂါကို ကုသဖို့၊ ပြီးတော့ ဘုရင်မအေဒါကို အမေတစ်ယောက် ဖြစ်ခွင့်ရဖို့ ကူညီဖို့ တစ်ခုတည်း ပြောနေတာ မဟုတ်ဘူး။ ဒါတွေအားလုံးက သမားတော်တစ်ယောက် ပြောသင့်ပြောထိုက်တဲ့ အရာတွေပဲ။ ဒါက ကယ်တင်တာ မဟုတ်ဘူး။
အမေဇုန် ဘုရင်မ နိုင်ငံတော်က မကြာခင်မှာ ကပ်ဘေးကြီးကို ရင်ဆိုင်ရလိမ့်မယ်။ ခင်ဗျားတို့ နိုင်ငံက လောကကြီးကနေ ပျောက်ကွယ်သွားလိမ့်မယ်။ ခင်ဗျားတို့အားလုံးက ဖျက်ဆီးခံရလိမ့်မယ်။ ကျုပ် တစ်ယောက်တည်း ကပဲ ခင်ဗျားတို့ကို ကယ်တင်နိုင်တယ်။ ခင်ဗျားတို့ အမေဇုန် ဘုရင်မ မျိုးနွယ်စု တစ်ခုလုံးကို ကျုပ်ပဲ ကယ်တင်နိုင်တယ်။”
ဤအရာက ရှမ့်လန် အမေဇုန် ဘုရင်မ နိုင်ငံသို့ ရောက်ရှိလာခဲ့သည့် တကယ့် အစစ်အမှန်ရည်ရွယ်ချက်ပင် ဖြစ်သည်။
……
ရှမ့်လန်၏ စကားလုံးများက အမေဇုန်ဘုရင်မ နိုင်ငံတော်မှ လူတိုင်းကို ချက်ချင်းပဲ ဒေါသမာန်ဟုန် တောက်စေခဲ့၏။ တစ်မျိုးနွယ်လုံးကို ဖျက်ဆီးပစ်မည့်ဟု သူက ဆိုလိုနေခြင်းလား။ အမေဇုန် မျိုးနွယ်စု တစ်ခုလုံးကို အမြစ်ပြတ် သုတ်သင်ပစ်မည့်ဟု ဆိုလိုနေခြင်းများလား။ အမေဇုန်နိုင်ငံတော် တည်ရှိခဲ့ခြင်းက မည်မျှ ကြာမြင့်ခဲ့ပြီနည်း။ မျိုးနွယ်စုပေါင်းများစွာကမည်မျှထိ တိုးတက်ရှင်သန်ခဲ့သည်ကို သိရှိပါသလား။
ပုရောဟိတ်မကြီးက အေးစက်စက် အသံဖြင့် မေး၏။ “အရှင်မင်းသား ရှမ့်လန်... ရှင်က ကျန်းလီရဲ့ သားပေါ့ ဟုတ်လား။”
ရှမ့်လန်က ဖြေကြားသည်။ “ဟုတ်ပါတယ်။”
ပုရောဟိတ်မကြီးက ပြော၏။ “စိတ်မကောင်းပါဘူး။ ကျွန်မ သူ့ကို မသိဘူး။ ကျွန်မတို့က အရှေ့တိုင်း ဧကရာဇ် တွေကို မသိသလို အနောက်တိုင်းဧကရာဇ်တွေကိုလည်း မသိဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်တုန်းက အာဇစ်နန်းတက်တုန်းကလည်း သူ့ကို ကျွန်မတို့ မသိခဲ့ဘူး။ လွန်ခဲ့တဲ့ နှစ် ၇၀၀ က ရှီလွန်ဧကရာဇ် နန်းတက်ခဲ့တုန်းကလည်း ကျွန်မတို့ မသိဘူး။
ကျွန်မတို့ရဲ့ မျက်လုံးထဲမှာ အရှေ့ဆိုတာလည်း မရှိဘူး၊ အနောက်ဆိုတာလည်း မရှိဘူး၊ မျှော်လင့်ချက် ဆိုတာလည်း မရှိဘူး။ အမေဇုန်ကပဲ ကျွန်မတို့ရဲ့ ဘဝကမ္ဘာတစ်ခုပါ”
ဤသည်က နှစ်ပေါင်း တစ်ထောင်ရှိပြီဖြစ်ကြောင်း ကြွေးကြော်ခဲ့သည့် အမေဇုန်မျိုးနွယ်စု၏ သဘောထားပင်။ သူတို့က ပြင်ပလောကနှင့် လုံးဝ အဆက်အသွယ် ဖြတ်တောက်ထားကြသည်။
“ကျွန်မတို့ရဲ့ တစ်ခုတည်းသော တာဝန်ကတော့ ဘိုးဘွားအမွေအနှစ်တွေနဲ့ ကျွန်မတို့ရဲ့ ပိရမစ် မြို့တော်ကို ကာကွယ်ဖို့ပဲ”
ပုရောဟိတ်မကြီးက ဆက်ပြီး ပြောကြား၏။ “ဒါကြောင့် ရှင်တို့ရဲ့ အနာဂတ် ဧကရာဇ်ဆိုတဲ့ ဂုဏ်ပုဒ်က ကျွန်မတို့နဲ့ မသက်ဆိုင်ဘူး။ ဒါက ပထမအချက်။
ဒုတိယအချက် အနေနဲ့တော့ ရှင်က အမျိုးသမီးတစ်ယောက်အဖြစ် ဟန်ဆောင်ပြီး အမေဇုန်နိုင်ငံတော်ကို ခိုးဝင်လာခဲ့တယ်။ ကျွန်မတို့ လူပေါင်းထောင်ချီကို ကယ်တင်ပေးနိုင်ခဲ့သလို ဘုရင်မကြီးရဲ့ ရောဂါကိုတောင် ပျောက်ကင်းအောင် ကုသပေးနိုင်ခဲ့တယ်။ အမေဇုန်နိုင်ငံတော်မှာ ရွှေရောင်သွေးမျိုးဆက် ဆက်လက်တည်တံ့နိုင်အောင် လုပ်ဆောင်ပေးခဲ့တယ်။ ဒါက တကယ်ကို ကြီးမားတဲ့ ကျေးဇူးတရားပဲ။
ဒါပေမဲ့ ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ ဘာလိုချင်လဲလို့ ဘုရင်မက မေးတဲ့အချိန်မှာတော့ ဘာမှ မလိုချင်ဘူးလို့ ပြောခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်မ ပြောခဲ့ဖူးတယ်။ လူတစ်ယောက်က အများကြီး ပေးဆပ်ခဲ့တယ် ဆိုပေမဲ့ ဘာမှ ပြန်မလိုချင်ဘူးဆိုရင် အဲဒီလူက လုံးဝကို မြင့်မြတ်တဲ့သူ ဖြစ်ရမယ်။ ဒါမှမဟုတ်ရင် သူလိုချင်တာတွေက အရမ်းကို များလွန်းလို့ ထုတ်မပြောနိုင်တာ ဖြစ်ရမယ်။ အရှင်မင်းသား ရှမ့်လန်... ရှင်က နောက်ဆုံးပြောခဲ့တဲ့ လူစားမျိုးလို့ ကျွန်မထင်တယ်။”
ပုရောဟိတ်မကြီးက လူတို့၏ စိတ်ကို ဖတ်ရာ၌ တကယ်ကို ကျွမ်းကျင်သူပင်။ သူက အရာအားလုံးကို ရှင်းရှင်းလင်းလင်းပင် ပွင့်ပွင့်လင်းလင်း ပြောချခဲ့သည်။
ပုရောဟိတ်မကြီးက ဆက်လက်ကာ ပြော၏။ “ဒါဆို အရှင်မင်းသား ရှမ့်လန်... ရှင် ဘာကိုလိုချင်တာလဲ။ ကျွန်မတို့ရဲ့ အမေဇုန်ဘုရင်မနဲ့ နိုင်ငံသားတွေက လိမ်ညာလှည့်ဖြားမှုနဲ့ ဟန်ဆောင်မှုကို မုန်းတီးတယ်။”
ထိုစကားက အမှန်ပင် ဖြစ်၏။ ဤနေရာရှိ လူတိုင်းက သူတို့၏ ဦးနှောက်ကြွက်သားများကို သီးသန့် လေ့ကျင့် ထားခဲ့သလို အင်မတန် ရိုးသားဖြောင့်မတ်ကြသည်။
“ကျုပ် အမေဇုန်နိုင်ငံတော် တစ်ခုလုံးရဲ့ သစ္စာစောင့်သိမှုကို လိုချင်တယ်။” ရှမ့်လန်က ပြော၏။
သူ ထိုသို့ပြောလိုက်သည်နှင့် တပြိုင်နက် အားလုံးတို့ဆီမှ လူသတ်လိုသည့် အငွေ့အသက်များက လှိုင်းထသွား၏။ ရှမ့်လန်က အမှန်တရားကို ပြောနေခြင်း ဖြစ်သော်လည်း သူ၏ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သော မင်းသမီး ဒိုဟာ အပါအဝင် ထိုနေရာရှိ လူတိုင်းက ဒေါသထွက်သွားသည်။
အမေဇုန် အမျိုးသမီးစစ်သည်များက ဂုဏ်ယူဝင့်ကြွားပြီး လွတ်လပ်သူများဖြစ်၏။ သူတို့က မိမိတို့၏ တာဝန်အပေါ်တွင်သာ သစ္စာရှိကြပြီး ဤဘဝတွင် မည်သည့်ဧကရာဇ်ထံမှ သစ္စာခံမည် မဟုတ်ချေ။ ထိုသို့ ပြုလုပ်ခြင်းက ကြီးမားသည့် အရှက်ရမှု တစ်ခုပင် ဖြစ်ပေလိမ့်မည်။ သူတို့၏ အမြင်အရ တခြားသော အုပ်ချုပ်သူ တစ်ဦးထံတွင် သစ္စာခံခြင်းက လူအဖြစ်မှ ခွေးအဖြစ်သို့ နိမ့်ကျသွားခြင်းနှင့် တူတူပင်။
“အရှင်မင်းသား ရှမ့်လန်... ရှင့်ရဲ့ စကားလုံးတွေက ကျွန်မတို့ တစ်မျိုးနွယ်လုံးရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်း စေခဲ့ပြီ။” ပုရောဟိတ်မကြီးက ပြော၏။
ရှမ့်လန်က ပြောသည်။ “ဒါပေမဲ့ ဒီလိုအတွေးမျိုး ရှိနေတာက ကျုပ်မှာ အပြစ်ရှိနေတာလား။”
“အပြစ်မရှိပါဘူး။”
ပုရောဟိတ်မကြီးက ပြော၏။ “ဒီလိုအတွေးမျိုး ရှိနေတာက ကျွန်မတို့ကို စော်ကားတယ် ဆိုပေမဲ့ လူတစ်ယောက် ရဲ့ အတွေးကြောင့်နဲ့တော့ ကျွန်မတို့ အပြစ်မပေးနိုင်ပါဘူး။”
လမ်းဘေးရှိ သူတောင်းစား တစ်ယောက်က နတ်သမီးတစ်ပါးကို မြင်ပြီး သူမနှင့် ပေါင်းဖက်လိုသည့် စိတ်ဆန္ဒ ရှိနေသကဲ့သို့ပင်။ တွေးတောခြင်းက မမှားယွင်းသော်လည်း လက်တွေ့လုပ်ဆောင်ခြင်းကတော့ မှားယွင်း၏။
“ဒါပေမဲ့ ရှင်က အမျိုးသမီးအဖြစ် ဟန်ဆောင်ပြီး အမေဇုန် ဘုရင်မနိုင်ငံတော်ထဲကို လှည့်စား ဝင်ရောက်ခဲ့တယ်။ ဒါက လက်တွေ့ကျတဲ့ ရာဇဝတ်မှုပဲ”
ပုရောဟိတ်မကြီးက ပြောသည်။ “ဒါပေမဲ့ ရှင် နောက်ထပ် ကျူးလွန်လိုက်တဲ့အပြစ်နဲ့ ယှဉ်ရင်တော့ ဒါက ပြောပလောက်တဲ့ အရာ မဟုတ်ဘူး။ ရှင်က ကျွန်မတို့ကို မျိုးသုဉ်းပျက်စီးပါစေလို့ ကျိန်ဆဲခဲ့တယ်။ ကျွန်မတို့ရဲ့ ပိရမစ်ကြီးကို ဖျက်ဆီးခံရပါစေလို့ ရှင် ကျိန်ဆဲခဲ့တာပဲ။”
ရှမ့်လန်က ပြော၏။ “ပုရောဟိတ်မကြီး... ခင်ဗျားရဲ့ စိတ်ထဲမှာ ဒီပိရမစ်က အမေဇုန်ဘုရင်မ နိုင်ငံတော်မှာ ရှိတဲ့ လူတိုင်းထက် ပိုပြီး အရေးကြီးနေတာပေါ့ ဟုတ်လား။”
ပုရောဟိတ်မကြီးက ပြောသည်။ “ဒါပေါ့... ဒီပိရမစ်က ရှေးဟောင်းအမွေအနှစ် တစ်ခုပဲ။ ဒါက ကျွန်မတို့ကို နှစ်ပေါင်းထောင်ချီအောင် ကာကွယ်ပေးနိုင်ခဲ့သလို ကျွန်မတို့ကို နှစ်ပေါင်းထောင်ချီအောင် အင်အား တောင့်တင်း စေနိုင်ခဲ့တယ်။ ဒါက သမိုင်းတင် မဟုတ်ဘူး၊ အနာဂတ်ကိုပါ သယ်ဆောင်ထားတဲ့ မျှော်လင့်ချက် လည်း ဖြစ်တယ်။ အမေဇုန် မျိုးနွယ်စုရဲ့ တစ်ခုတည်းသော တာဝန်က ဒီပိရမစ်တွေကို ကာကွယ်ဖို့ပဲ။”
သူမက ခပ်တည်တည်နှင့် ပြန်ပြော၏။
ရှမ့်လန်က ပြောလိုက်သည်။ “ဒါဆိုရင် ဒါကလည်း ကျုပ်ရဲ့ ပန်းတိုင်ပဲ။ ကျုပ် အမျိုးသမီးတစ်ယောက်အဖြစ် ဟန်ဆောင်ပြီး အမေဇုန်နိုင်ငံထဲကို ခိုးဝင်လာခဲ့တာက ခင်ဗျားတို့ရဲ့ ဂေါက်ရောဂါကို ကုသပေးဖို့ဆိုတဲ့ အသေးအဖွဲ ကိစ္စလေးကြောင့် မဟုတ်ဘူး။ ကျုပ်ရဲ့ပန်းတိုင်က ဒီပိရမစ်ကို ကယ်တင်ဖို့၊ ဒီနိုင်ငံကို ကယ်တင်ဖို့နဲ့ ခင်ဗျားတို့ အားလုံးကို ကယ်တင်ဖို့ပဲ။ ဒီလိုသာဆိုရင် ကျုပ် ဟန်ဆောင်ပြီး ခိုးဝင်လာခဲ့တာက အပြစ်ဖြစ်နေအုံးမှာလား။”
“ပါးစပ်ပိတ်ထားစမ်း။”
ပုရောဟိတ်မကြီးက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ “ပိရမစ်ကို ကယ်တင်မယ်ဆိုတဲ့ စကားကို ရှင် နောက်တစ်ခါ တစ်ခွန်းထပ်ပြောရဲတာနဲ့ အရှင်လတ်လတ် မီးရှို့သတ်ပစ်မယ်။ ပိရမစ်က မြင့်မြတ်ပြီး အစွမ်းထက်တယ်။ သူက သတ္တဝါအားလုံးကို ကယ်တင်တာ။ သူ့ကို ကယ်တင်ဖို့ ဘယ်သူ့ အကူအညီမှ မလိုဘူး။ ရှင် ထပ်ပြီး ကျိန်ဆဲရဲတယ်ဆိုရင် ရှင့်ကို အရှင်လတ်လတ် ဝါးစားပစ်မယ်။”
ထိုအချိန်မှာတော့ ပုရောဟိတ်မကြီး၏ ဒေါသကိုလည်းကောင်း၊ ထိုနေရာရှိ လူတိုင်း၏ ဒေါသကို လည်းကောင်း မည်သည့်စကားလုံးဖြင့်မှ ဖော်ညွှန်း၍ မရနိုင်တော့ပေ။ ဤပိရမစ်ကြီးက သူတို့၏ နေအိမ်နှင့် မိခင်နိုင်ငံ သာမက သူတို့၏ အထွတ်အမြတ်ထားရာ အမှတ်အသားနှင့် နတ်ဘုရားလည်း ဖြစ်သည်။
ရှမ့်လန်၏ စကားလုံးများက နတ်ဘုရားများကို လုံးဝ စော်ကားလိုက်ခြင်းပင်။
ရှမ့်လန်က ပြောလိုက်၏။ “ကျုပ်တို့ သမားတော်တွေကြားမှာ ပြောလေ့ရှိတဲ့ စကားတစ်ခုရှိတယ်။ ဆေးကုသရမှာ ကြောက်လို့ ရောဂါကို ဖုံးကွယ်ထားတယ်တဲ့။ တကယ်တော့ အသက်အန္တရာယ် ပေးနိုင်တဲ့ ဘေးဒုက္ခက ရောက်နေပြီ။ ပျက်သုဉ်းခြင်း နတ်ဘုရားက တစ်လှမ်းချင်း ချဉ်းကပ်နေပြီ။”
“သတ်ပစ်လိုက်ကြစမ်း။” ပုရောဟိတ်မကြီးက ဆက်လက်ကာ သည်းမခံနိုင်တော့ချေ။ ကွပ်မျက်ရန်သာ အမိန့်ပေးလိုက်၏။ ပိရမစ်ကို စော်ကားခြင်းအား သူမ ခွင့်မပြုနိုင်ပေ။
“နေအုံး” ဘုရင်မ အီဒါက သူမ၏ လက်ကို မြောက်ကာ တားမြစ်လိုက်၏။ သူမက ရှမ့်လန်၏ ရှေ့ဆီသို့ ရောက်ရှိလာပြီး ငုံ့ကြည့်၏။
'ကောင်းကင်ဘုံ... ခင်ဗျားက တော်တော်လေး အရပ်ရှည်တာပဲ' ရှမ့်လန်က အရပ်အတော်ရှည်သူ ဖြစ်သော်လည်း ဘုရင်မအီဒါထက် ခေါင်းတစ်ဝက်ခန့် နိမ့်နေသေး၏။
“အရှင်မင်းသား ရှမ့်လန်... ကျွန်မကလည်း ပုရောဟိတ်မကြီးလိုပဲ ဒေါသထွက်မိတယ်။ အစော်ကား ခံရတယ်လို့ ခံစားရတယ်။”
ဘုရင်မ အီဒါကပြောသည်။ “မူလတုန်းကတော့ ရှင့်ရဲ့အသက်ကို ကယ်တင်ဖို့အတွက် ကျွန်မရဲ့ ထီးနန်းကိုတောင် စွန့်လွှတ်ဖို့ ပြင်ဆင်ထားခဲ့တာ။ ဒါပေမဲ့ အခု မဖြစ်နိုင်တော့ဘူး။ ရှင့်ကို ဘယ်သူမှ မကယ်တင်နိုင်တော့ဘူး။”
ရှမ့်လန်က ဘုရင်မကြီး၏ လည်တိုင်ကို ကြည့်၏။ သူ၏ အကြည့်တို့က အောက်ဘက်သို့ ရွေ့လျားသွား၏။ ဤဘုရင်မကြီးက အမှန်တကယ်ပင် အသားဖြူဝင်း၏။ ထို့အပြင် C cup size လောက်တော့ ရှိပေလိမ့်မည်။ ဟုတ်ပေ၏။ ရွှေရောင်ရင်ဖုံးတန်ဆာကို ဝတ်ဆင်ထားသော်လည်း ဤသည်က အမေဇုန်နိုင်ငံတွင် အတောမသတ်နိုင်သည့် အလှတရားကို ယူဆနိုင်၏။
“ဒါပေမဲ့..”
ဘုရင်မအီဒါက ဆက်ပြောသည်။ “ဒေါသအပြင် ကျွန်မမှာ ဆင်ခြင်တုံတရား အကြွင်းအကျန်လေး ကျန် နေသေးတယ်။ အမေဇုန်မျိုးနွယ်စုကို လာပြီး ကျိန်ဆဲဖို့ ဘယ်သူမှ ကိုယ့်အသက်ကို ရင်းမှာ မဟုတ်ဘူး။ ဒါကြောင့် အရှင်မင်းသား ရှမ့်လန်... ရှင်ပြောတဲ့ ပျက်သုဉ်းခြင်း ဘေးဒုက္ခဆိုတာ ဘာကိုဆိုလိုတာလဲ။”
ရှမ့်လန်က ပြော၏။ “အမေဇုန်ဘုရင်မ နိုင်ငံတော်ကနေ မိုင် ၂၀၀၀ လောက် အကွာမှာ မီးတောင်ကြီး တစ်ခု ရှိတယ်။ ဟုတ်တယ်မလား။”
ဘုရင်မ အီဒါက ဖြေသည်။ “ဟုတ်ပါတယ်။”
ရှမ့်လန်က ပြောလိုက်၏။ “ကျုပ်ရှေးဟောင်းကျမ်းစာတွေကို ဖတ်ခဲ့ဖူးတယ်။ ပြီးတော့ အဲဒီမီးတောင်ဆီကို ကိုယ်တိုင်သွားပြီး လေ့လာခဲ့ဖူးတယ်။ မကြာခင်မှာ အဲဒီမီးတောင်က ပေါက်ကွဲတော့မယ်။”
အပိုင်း (၈၂၂)
“မဖြစ်နိုင်တာ။”
ပုရောဟိတ်မကြီးက ပြော၏။ “မီးတောင်ကျွန်းက မီးတောင်က လွန်ခဲ့တဲ့ သုံးနှစ်ကမှ ပေါက်ကွဲခဲ့တာ။ အခု သူက ငြိမ်သက်နေပြီ။ ကျွန်မတို့ရဲ့တွက်ချက်မှုအရ သူက သုံးနှစ်မှာ တစ်ကြိမ်ပဲ ပေါက်ကွဲလေ့ရှိတယ်။ ပြီးတော့ မီးတောင်ကြီးတစ်ခုလုံးလည်း မဟုတ်ဘူး။ ပေါက်ကွဲခဲ့ရင်တောင် ပတ်ဝန်းကျင်ပေါ် သက်ရောက်မှုက အရမ်းကို နည်းတယ်။”
“အဲဒီ တစ်ခု မဟုတ်ဘူး။”
ရှမ့်လန်က ပြော၏။ “မီးတောင်ကျွန်း မီးတောင်က အမေဇုန်ရဲ့ တောင်ဘက် မိုင် ၂၀၀၀ အကွာမှာ ရှိတာ။ ကျုပ်ပြောတာက အမေဇုန်ရဲ့မြောက်ဘက် မိုင် ၂၀၀၀ အကွာမှာ ရှိနေတဲ့ အိမ်မက်ဆိုး မီးတောင်အကြောင်း ပြောနေတာ။”
ပုရောဟိတ်မကြီးက အေးစက်စက် ရယ်မောလိုက်သည်။ “ရယ်စရာပဲ။ တကယ့်ကို ရယ်စရာ ကောင်းလိုက်တာ။ “အဲဒီမီးတောင်က ငြိမ်သက်နေတာ နှစ်ပေါင်း ထောင်ချီရှိနေပြီ။ အခုဆိုရင် တောင်ပေါ်မှာ နှင်းတွေတောင်မှ နှစ်တစ်ထောင်စာလောက် ဖုံးလွှမ်းနေပြီ။ ဘယ်မီးတောင်မဆို ပေါက်ကွဲတော့မယ်ဆိုရင် အတိတ်နိမိတ်တွေ အရင်ပြလေ့ရှိတယ်။”
ထိုစကားက အမှန်ပင်။ မည်သည့် မီးတောင်မဆို ရုတ်တရက် ပေါက်ကွဲလေ့ မရှိချေ။ မြေအောက်မှ စွမ်းအင်များ စုဆောင်းခံရပြီးမှသာလျှင် ပြင်းထန်စွာ ပေါက်ကွဲထွက်လာခြင်း ဖြစ်၏။
ပုရောဟိတ်မကြီးက ပြောလိုက်သည်။ “မြောက်ဘက် အိမ်မက်ဆိုးကျွန်းပေါ်က မီးတောင်ကြီး ပေါက်ကွဲခဲ့မယ်ဆိုရင် ကျွန်မတို့နဲ့ မိုင် ၂၀၀၀ ကျော် ဝေးတယ်။ ကျွန်မတို့ကို ဘယ်လိုမှ သက်ရောက်နိုင်မှာ မဟုတ်ဘူး။ ပင်လယ်ရေအောက် ငလျင်ပဲဖြစ်ဖြစ်၊ ဆူနာမီပဲ ဖြစ်ဖြစ် ကျွန်မတို့ နိုင်ငံကို ဘာမှ မထိခိုက်စေမှာ မဟုတ်ဘူး။”
သူပြောသည်က မှန်၏။ မိုင် ၂၀၀၀ အကွာတွင် မီးတောင်ကြီး ပေါက်ကွဲခဲ့သည်ဆိုလျှင် အမေဇုန်ဘုရင်မ နိုင်ငံတော်အပေါ်သို့ မည်သို့မျှ သက်ရောက်မည် မဟုတ်ချေ။ အလွန်ဆုံးဖြစ်လျှင် မီးတောင်ပြာများ လွင့်စင်လာရုံသာ ဖြစ်ပြီး ကောင်းကင်ယံကို ခဏတာ ဖုံးလွှမ်းသွားရုံသာ ရှိ၏။
သို့သော်ငြား နေရာတိုင်းတွင် ကျယ်ပြောသည့် ပင်လယ်ပြင်ကြီး ရှိနေပြီး နေ့စဉ်နှင့်အမျှ လေပြင်းများ တိုက်ခတ်နေသည်။ မည်သည့် မီးတောင်ပြာနှင့်မဆို လေနှင့်အတူ လွင့်ပါးသွားနိုင်၏။ နိုင်ငံဆီ မရောက်ခင် ထိုပြာများက ပျောက်ကွယ်သွားပေလိမ့်မည်။ ထို့ကြောင့် အမေဇုန်ဘုရင်မ နိုင်ငံတော် ပျက်စီးသွားမည်ဟု ပြောခြင်းက စိတ်ကူးယဉ် အိပ်မက်တစ်ခုသာ ဖြစ်ပေမည်။
ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ် ရှေးဟောင်းမှတ်တမ်းတွေကို ဖတ်ရှုခဲ့ပြီးပြီ။ အကြိမ်ကြိမ် တွက်ချက်ပြီးတော့မှ ဒီကောက်ချက်ကို ရောက်လာတာပဲ။ မြောက်ဘက်က အိမ်မက်ဆိုးမီးတောင် ပေါက်ကွဲမှုက အမေဇုန်ဘုရင်မ နိုင်ငံတော်ကို တိုက်ရိုက် မထိခိုက်နိုင်ပေမဲ့ သွယ်ဝိုက်တဲ့နည်းလမ်းနဲ့တော့ အမေဇုန်နိုင်ငံတစ်ခုလုံးကို ပျက်သုဉ်းသွားအောင် တိုက်ရိုက် ဦးတည်စေလိမ့်မယ်။ ဒီပျက်စီးမှုက ကမ္ဘာပျက် သလိုမျိုး ပြင်းထန်လိမ့်မယ်။ အမေဇုန်နိုင်ငံတော်တစ်ခုလုံးကို နစ်မြုပ်သွားရုံတင် မကဘူး၊ အကုန်လုံး ပြာဖြစ်ပြီး လုံးဝ အရည်ပျော်သွားလိမ့်မယ်။”
ဤသည်က တကယ့်ကို ရယ်စရာကောင်း၏။ လုံးဝကို အခြေအမြစ်မရှိသော စကားလုံးများ ဖြစ်သည်။ အမေဇုန်ဘုရင်မ နိုင်ငံတော်၏ အောက်ဘက်တွင် မည်သည့် မီးတောင်မှ မရှိပေ။ မိုင် ၂၀၀၀ အကွာမှ မီးတောင်ပြာများပင်လျှင် ဤနေရာထိ လွင့်မလာနိုင်ပေ။ ယခု ရှမ့်လန်က နိုင်ငံတော်တစ်ခုလုံး ပြာဖြစ်ပြီး အရည်ပျော်သွားသည်ဟု ပြော၏။ ဤအရာက ရူးသွပ်သူ တစ်ယောက်၏ စကားတွေသာ ဖြစ်၏။
ထို့အပြင် သူက အမေဇုန်နိုင်ငံတော်ကို ကယ်တင်ချင်သေးသည်လား။ အကယ်၍ ထိုကဲ့သို့သော သဘာဝ ဘေးအန္တရာယ်မျိုး ကျရောက်လာခဲ့လျှင် သူတစ်ယောက်တည်းက ကယ်တင်နိုင်မည်လား။ ဤလူတွင် မည်သည့် အစွမ်းအစမှ မရှိဘဲ သဘာဝဘေးအန္တရာယ်ကို အဘယ်သို့ ကယ်တင်ချင်နေသနည်း။ ဤလူက ကျွမ်းကျင်သည့် သမားတော်တစ်ဦးသာ ဖြစ်ပြီး နတ်ဘုရားတစ်ပါး မဟုတ်ချေ။
“လူတွေ... သူ့ကို ဆွဲထုတ်လိုက်ကြစမ်း။ လူမြင်ကွင်းမှာ ခေါင်းဖြတ် သတ်ပစ်လိုက်။” ပုရောဟိတ်မကြီးက အမိန့်ပေးသည်။
“နေအုံး” ဘုရင်မ အီဒါက ထပ်မံ တားဆီးလိုက်ပြန်၏။
ပုရောဟိတ်မကြီးက ပြောသည်။ “ဘုရင်မ... ဘုရင်မက စစ်မက်ရေးရာကို တာဝန်ယူပြီး ကျွန်မက ယဇ်ပူဇော်မှု ကို တာဝန်ယူရတာ။ ကျွန်မမှာ ပိရမစ်ရဲ့ မြင့်မြတ်မှုကို ထိန်းသိမ်းဖို့ တာဝန်ရှိတယ်။ ဒီလူက ပိရမစ်ကို ကျိန်ဆဲခဲ့တဲ့အတွက် အမေဇုန်ဘုရားကျောင်းက သူ့ကို အရေးယူရမယ်။ ဘုရင်မ ခေါင်းဖြတ်သတ်ရင်တောင် သူက လွယ်လွယ်ကူကူ သေသွားလိမ့်မယ်။ ဒါပေမဲ့ မရဘူး။ ကျွန်မတို့က မီးရှို့သတ်မှာ။"
ဘုရင်မအီဒါက ပြော၏။ “ကျွန်မရဲ့ ဆရာ... ကျွန်မလည်း အရမ်းကို ဒေါသထွက်မိပါတယ်။ ဒါက တကယ့်ကို ရယ်စရာကောင်းတဲ့ ကိစ္စလို့လည်း ထင်တယ်။ ဒါပေမဲ့ ကျွန်မတို့ အမေဇုန်တွေက ဂုဏ်ယူသင့်ပေမဲ့ မာန်မာန မကြီးသင့်ဘူး။ သူ့ကိုသူ သက်သေပြဖို့ အခွင့်အရေး တစ်ခုတော့ ပေးသင့်တယ်။”
ပုရောဟိတ်မကြီးက ဒေါသတကြီးဖြင့် အော်သည်။ “ဘာကို သက်သေပြရမှာလဲ။”
ဘုရင်မအီဒါက ပြော၏။ “သူ့ရဲ့စကားတွေ မှန်တယ် ဆိုတာ သက်သေပြဖို့ပေါ့။ သူက ကျွန်မတို့ စစ်သည်တော် အများကြီးကို ကယ်တင်ခဲ့သလို ကျွန်မကိုလည်း ရောဂါပျောက်အောင် ကုသပေးခဲ့တယ်။ ဒါကြောင့် အမေဇုန်နိုင်ငံတော်ရဲ့ ရွှေရောင်သွေးမျိုးဆက်က ဆက်လက် တည်တံ့နိုင်ခဲ့တယ်။ ဒါကြောင့် သူ့ကိုသူ သက်သေပြဖို့ အခွင့်အရေးတစ်ခုကို သူ့ကိုယ်တိုင် ရှာဖွေခွင့် ပေးသင့်တယ်လို့ ထင်တယ်။”
ပုရောဟိတ်မကြီးက မေးသည်။ “ဘုရင်မ... ဒါဆိုရင် ဘာလုပ်ချင်တာလဲ။”
ဘုရင်မက ပြော၏။ “အရှင်မင်းသား ရှမ့်လန်... ရှင့်ရဲ့ တွက်ချက်မှုအရဆိုရင် အမေဇုန်ဘုရင်မ နိုင်ငံတော်ရဲ့ ကြီးမားတဲ့ ပျက်သုဉ်းခြင်းက ဘယ်အချိန် ရောက်လာမှာလဲ။”
ရှမ့်လန်က မျက်လုံးကို မှိတ်ကာဖြင့် ခဏလောက် တွက်ချက်၏။ ပြီးနောက် မျက်လုံးများကို ပြန်ဖွင့်ကာ ပြောလိုက်သည်။ “နောက်ထပ် ၄၈ နာရီ အတွင်း ဖြစ်လိမ့်မယ်။”
ဘုရင်မအီဒါက ပြတင်းပေါက် အပြင်ဘက်မှ ဝင်လုဆဲ ဖြစ်နေသော နေမင်းကို လှမ်းကြည့်၏။ “ဒါဆိုရင် ရှင့်ကို ကျွန်မတို့ ၄၈ နာရီ အချိန်ပေးမယ်။ သဘက်ခါ နေဝင်ချိန် မတိုင်ခင် အထိပေါ့။ အကယ်၍ ပျက်သုဉ်းခြင်း ဘေးဒုက္ခက တကယ် ဖြစ်လာခဲ့မယ် ဆိုရင် ရှင်ပြောတာ မှန်တယ်ဆိုတာ သက်သေပြပြီးသား ဖြစ်လိမ့်မယ်။ အဲဒီအချိန်ကျရင် ရှင့်မှာ ဘာအပြစ်မှ မရှိစေရဘူး။ ဒါပေမဲ့ ကြီးမားတဲ့ ပျက်သုဉ်းခြင်း ရောက်မလာဘူး ဆိုရင်တော့...”
ရှမ့်လန်က ပြောသည်။ “ကျုပ် လိမ်ပြောနေတယ် ဆိုတာ သက်သေပြပြီးသား ဖြစ်သွားလိမ့်မယ်။ ကျုပ်မှာ အပြစ်ရှိပါတယ်။”
ဘုရင်မအီဒါက ပြော၏။ “အဲဒီအချိန်ကျရင် ကျွန်မတို့ ရှင့်ကို ကွပ်မျက်ရလိမ့်မယ်။”
ရှမ့်လန်က ထောက်ခံလိုက်သည်။ “သဘောတူပါတယ်။”
ဘုရင်မအီဒါက ပြော၏။ “အဲအချိန်ကျရင် ရှင် သေချင်တဲ့ နည်းလမ်းကို ရှင်ကိုယ်တိုင် ရွေးချယ်နိုင်တယ်။ ပြီးတော့ ရှင့်ကို လူပေါင်း ထောင်ချီရှေ့ လူမြင်ကွင်းမှာ ကွပ်မျက်မယ်။ ဒါမှ ရှင်က သမိုင်းတစ်ခု ဖြစ်လာပြီး ပြင်ပလောကအတွက် အသိပေးချက် တစ်ခု ဖြစ်လာလိမ့်မယ်။
စစ်သည်တော်တို့... အရှင်မင်းသား ရှမ့်လန်ကို သီးသန့် အကျဉ်းထောင်ထဲမှာ ပိတ်ထားလိုက်။ သူ့ကို ဘယ်သူနဲ့မှ မတွေ့စေနဲ့။ စကားလည်း မပြောစေနဲ့”
ဘုရင်မအီဒါ၏ အမိန့်အရ အမျိုးသမီး စစ်သည်တော် ၁၀ ဦးထက်မနည်းက ရှမ့်လန်ကို သီးသန့် အကျဉ်းထောင်ထဲသို့ ခေါ်ဆောင်သွားပြီး ပိတ်လှောင်၏။
ခဏအကြာမှတော့ အမေဇုန်ဘုရားကျောင်းမှ စစ်သည်တော် ၁၀ ဦးကျော်က ထပ်မံ ရောက်ရှိလာပြီး ရှမ့်လန်ကို စောင့်ကြပ်နေပြန်၏။ ပုရောဟိတ်မကြီးက ဘုရင်မကြီး စိတ်ပျော့ပြီး ရှမ့်လန်အား လွှတ်ပေးမည်ကို စိုးရိမ်နေသည်မှာ ထင်ရှားသည်။
ကျန်ရှိနေသည့် အချိန်များတွင် ရှမ့်လန်က သီးသန့်အကျဉ်းထောင် အတွင်းတွင် တင်ပုလ္လင်ခွေ ထိုင်လျက် ရှိနေ၏။ ဤသည်က ထောင်တစ်ခု မဟုတ်ချေ။ ဗလာကျင်းနေသည့် ကျောက်ခန်း တစ်ခုမျှသာ ဖြစ်၏။ ရှမ့်လန်၏ ခန္ဓာကိုယ်ပေါ်တွင် မည်သည့် ထိတ်တုံး၊ အကျဉ်းချခံရခြင်းများ မရှိသလို နှိပ်စက် ညှဉ်းပန်း ခံရခြင်းလည်း မရှိချေ။
ဘုရင်မကြီး၏ အမိန့်ကြောင့် မည်သူမှ သူနှင့် စကားမပြောသလို သူ၏ ပတ်ပတ်လည် ၃ ပေ အတွင်းသို့လည်း မည်သူမှ မချဉ်းကပ်ကြခြင်းပင်။ ဤနိုင်ငံက အမှန်တကယ် သူရဲကောင်း စိတ်ဓာတ်နှင့် ပြည့်ဝသည့် နိုင်ငံတစ်ခု ဖြစ်၏။ ကံကောင်းထောက်မစွာဖြင့် သူတို့က ပြင်ပလောကနှင့် အဆက်အသွယ် ပြတ်တောက်နေ၏။ သို့မဟုတ်ပါက ပြင်ပလောကတွင် အကြီးအကျယ် နစ်နာဆုံးရှုံးနိုင်၏။ ဤသို့ဖြောင့်မတ်လွန်းသူများသည် ပြင်ပလောကတွင် ရေရှည်ရပ်တည်၍မဖြစ်နိုင်ပေ။
ရှမ့်လန်က အေးစက်သည့် ကျောက်ကြမ်းပြင်ပေါ်တွင် လဲလျောင်းပြီး မျက်လုံးများကို မှိတ်ကာဖြင့် သူ၏ ဦးနှောက်ထဲရှိ ရှေးဟောင်းကျမ်းစာများကို အသေးစိတ်ဖတ်ရှုနေ၏။ ပထမဦးဆုံး သူ သေချာ သိရှိသည်က အမေဇုန်နိုင်ငံရှိ ပိရမစ်များက ရှေးဟောင်း အမွေအနှစ်ဖြစ်သည်ဟူသော အချက်ပင်။
ထိုသို့ဆိုလျှင် ဤမျိုးနွယ်စုမှ အမျိုးသမီးစစ်သည်တော်များကို အစွမ်းထက်စေရန် မည်သည့်အရာက လုပ်ဆောင် ပေးနေသနည်း။ အမေဇုန်မျိုးနွယ်စုမှ အမျိုးသမီးစစ်သည်တော်များ၏ သွေးမျိုးဆက်က ရှေးဦးလူသားများနှင့် နီးစပ်နေသောကြောင့်လား၊ သို့မဟုတ် သူတို့က ဤကျွန်းပေါ်တွင် နေထိုင်နေခြင်း ကြောင့်လား။
ကျန်းလီတွင်လည်း အမေဇုန်ဘုရင်မ မျိုးနွယ်စု၏ သမိုင်းကြောင်းနှင့် ပတ်သက်၍ အသေးစိတ် မှတ်တမ်းများ ရှိခဲ့၏။ သို့သော်ငြား အသေးစိတ်ရှိခြင်းဆိုသည်မှာ တိကျသေချာသည့် မှတ်တမ်းဟု မဆိုလိုပေ။
အမေဇုန်ဘုရင်မ မျိုးနွယ်စု၏ သမိုင်းကြောင်းနှင့် ပတ်သက်၍ အဓိက အဓိပ္ပာယ် ဖွင့်ဆိုချက် နှစ်မျိုးရှိ၏။ ပထမတစ်ခုက ဤလူများက လောကရှိ သာမန်လူများသာ ဖြစ်ကြ၏။ စွန့်စားခန်းတစ်ခုအတွင်း ရှေးဟောင်း အကြွင်းအကျန် တည်နေရာထဲသို့ မတော်တဆ ရောက်ရှိလာခဲ့ပြီး တစ်ခါတည်း အခြေချ နေထိုင်ခဲ့ကြခြင်းပင်။
အချိန်ကြာလာသည်နှင့်အမျှ သူတို့၏ခန္ဓာကိုယ်က သက်ရောက်မှုခံရပြီး အစွမ်းထက်သည့် စစ်သည်တော် မျိုးနွယ်စုများ ဖြစ်လာ၏။ ပြင်ပလောကမှ သိရှိသွားသည့် အချိန်တွင် သူတို့အား ရှေးဟောင်း ဒဏ္ဍာရီထဲမှ အမေဇုန် စစ်သည်မျိုးနွယ်စုများနှင့် ဆင်တူသည်ဟု ထင်မြင်ကာဖြင့် ထိုအမည်ကို ပေးခဲ့ခြင်းသာ ဖြစ်မည်။
ဒုတိယတစ်ခုက ရှေးဟောင်းလောကကြီး ပျက်သုဉ်းသွားခဲ့ပြီးနောက် လူသားအားလုံး မျိုးသုဉ်းသွား၏။ သို့သော်ငြား ဘေးလွတ်ခဲ့သည့် လူသားအနည်းငယ် ကျန်ရှိခဲ့၏။ သူတို့က ရှည်လျားသည့် အိပ်စက်ခြင်းကို ဖြတ်သန်းခဲ့ကြပြီး နှစ်ပေါင်းများစွာကြာပြီးနောက် ပြန်လည် နိုးထလာ၏။ သူတို့က အမေဇုန် စစ်သည် မျိုးနွယ်စု၏ ဘိုးဘွားများ ဖြစ်ကြ၏။
ပြင်ပလောကမှ အမျိုးသားများနှင့် မျိုးပွားခြင်းအားဖြင့် မျိုးဆက်တစ်ခုပြီးတစ်ခု အမျိုးသမီးစစ်သည်တော် များကို မွေးထုတ်နိုင်၏။ ထို့ကြောင့် အမေဇုန်ဘုရင်မ နိုင်ငံတော်ရှိ စစ်သည်တော်များ၏ သွေးမျိုးဆက်က ရှေးဦးလူသားများနှင့် နီးစပ်နေခြင်း ဖြစ်မည်။
ဤအဓိပ္ပာယ် ဖွင့်ဆိုချက် နှစ်ခုနှင့် ပတ်သက်၍ ကျန်းလီက မည်သည့်အရာ မှန်ကန်ကြောင်း ဆုံးဖြတ်ချက် မပေးခဲ့ချေ။
သူတို့ကို စောင့်ရှောက်ထားသည့် ပိရမစ်များ၏ ရည်ရွယ်ချက်ကလည်း မရှင်းလင်းပေ။ သို့သော်ငြား အရှင်ကျန်းလီက အမေဇုန်ဘုရင်မနိုင်ငံတော်သို့ တိတ်တဆိတ် ခိုးဝင်ခဲ့ဖူးရုံသာမက ပိရမစ်များ၏ အနက်ရှိုင်းဆုံးသော နေရာမျိုးထိ ရောက်ရှိခဲ့ဖူး၏။ ဤအချက်က တကယ်ကို အံ့ဩစရာကောင်းလှသည်။
ဤနိုင်ငံတွင် အစွမ်းထက်သည့် အမျိုးသမီး စစ်သည်တော်များစွာ ရှိသော်လည်း ကျန်းလီက တစ်ဦးတစ်ယောက်တည်း ခိုးဝင်နိုင်ခဲ့ပြီး ပြန်ထွက်သွားသည်အထိ မည်သူမှ မသိရှိခဲ့ချေ။ သူက ရှမ့်လန်ကဲ့သို့ ရုပ်ရည်သွင်ပြင်ကို အားကိုးပြီး ဝင်ရောက်ခဲ့ခြင်း မဟုတ်ချေ။
ဟုတ်ပေ၏။ ဆရာလန်က သူ၏ ရုပ်ရည်ရူပကာကို အားကိုးခဲ့ခြင်းဖြစ်၏။ ထိုအချက်က ရှက်စရာ မဟုတ်ချေ။ ဟုတ်နေလည်း သူက ရှက်မည် မဟုတ်ပေ။
ကျန်းလီ၏ မှတ်တမ်းများထဲတွင် အမေဇုန်ဘုရင်မနိုင်ငံတော် ပျက်စီးသွားမည်ကို အလွန်သေချာစွာ ရေးမှတ်ထား၏။ စကားလုံးပေါင်း တစ်သောင်းကျော်နှင့် အသေးစိတ် ရှင်းပြထား၏။ ရှမ့်လန်က ထိုအချက်ကို အကြိမ်ကြိမ် လေ့လာခဲ့ပြီး အဓိပ္ပာယ်ရှိသည်ဟု ခံစားရ၏။ သူက တွက်ချက်မှုပေါင်းများစွာကို ပြုလုပ်ခဲ့ပြီး ဤကြီးမားသည့် ပျက်သုဉ်းခြင်းကြီး ရောက်ရှိလာမည်ကို အတည်ပြု၏။
ဆရာလန်က အလွန်သံသယ ကြီးသူပင်။ သူက ကျန်းလီအား သူ၏ အဖေဟု သတ်မှတ်ထားသော်လည်း ကျန်းလီ၏ အချက်အလက်များကို လုံးဝ မယုံကြည်ပေ။ ထို့ကြောင့် ရှေးဟောင်းကျမ်းစာများကို ထပ်မံ မွှေနှောက် လေ့လာခဲ့ပြီး နှိုင်းယှဉ် တွက်ချက်မှုများကို ပြုလုပ်သေး၏။ နောက်ဆုံး ဆုံးဖြတ်ချက်က အတူတူပင်။ အမေဇုန် ဘုရင်မနိုင်ငံတော် ပျက်စီးပေလိမ့်မည်။
ဤသည်က အစွမ်းထက်လွန်းသည့် မျိုးနွယ်စုကို သိမ်းပိုက်ရန် တစ်သက်၌ တစ်ခါရနိုင်သည့် အခွင့်အရေး ဖြစ်သောကြောင့် ရှမ့်လန်က လာခဲ့ခြင်းပင်။ အင်မတန် စွန့်စားရသည်ဟု ထင်ရသော်လည်း ရှမ့်လန်နှင့် ကျန်းလီတို့၏ တွက်ချက်မှု မမှားယွင်းပါက အောင်မြင်ပေလိမ့်မည်။
အကယ်၍ နှစ်ယောက်လုံး၏ တွက်ချက်မှုသာ မှားယွင်းခဲ့ပါက ထိုအချိန်တွင် ဆရာလန်အတွက် ကစားပွဲက အဆုံးသတ် သွားပေတော့မည်။ အရာအားလုံးက ပြီးဆုံးသွားမည် ဖြစ်သည်။
နောက်တစ်ဆင့်က ကျန်းလီနှင့် ဆရာရှမ့်လန်တို့၏ ဉာဏ်ပညာက ထိရောက်မှု ရှိမရှိ စောင့်ကြည့်ခြင်းနှင့် ဆုတောင်းရန်သာ ရှိတော့၏။
......................
အမေဇုန်ဘုရင်မနိုင်ငံတော်တွင် လျှို့ဝှက်ချက်ဟူ၍ မရှိသလောက်ပင်။ ရှမ့်လန်ကဲ့သို့ ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦးအတွက် ဆိုလျှင် ပို၍ဆိုးသေးသည်။
သူက ပထမဦးဆုံး လူပေါင်းများစွာကို ရောဂါဝေဒနာမှ ကယ်တင်ပေးခဲ့သည့် ကောင်းကင်တမန်တော် တစ်ဦးဖြစ်သော်လည်း နောက်ပိုင်းမှာတော့ အမျိုးသား တစ်ယောက်ဖြစ်မှန်း သိရှိသွားပြီး ယခု အမေဇုန်ဘုရင်မ နိုင်ငံတော်၏ ရာဇဝတ်သားတစ်ဦး ဖြစ်နေ၏။
လူတိုင်းက သူ၏ အကြောင်းကို ပြောဆိုနေကြ၏။ သို့သော်ငြား သူ့စကား မှန်သည်ဟု ယုံကြည်သူဟူ၍ တစ်ယောက်မှ မရှိချေ။ အမေဇုန်ဘုရင်မ နိုင်ငံတော်က ဤမျှလောက် အင်အားတောင့်တင်းသည်။ အဘယ်သို့ ပျက်စီး သွားနိုင်မည်နည်း။ ဤပိရမစ်က နှစ်ပေါင်းမြောက်များစွာ တည်ရှိခဲ့သည့် ရှေးဟောင်းအမွေအနှစ် တစ်ခုဖြစ်သည်။ အဘယ်သို့ ဖျက်ဆီးခံရမည်နည်း။
အာဇစ်အင်ပါယာ ပျက်စီးသွားခဲ့ပြီး ရှီလွန်မင်းဆက်ကလည်း နှစ်ကြိမ်တိုင်တိုင် ပျက်စီးခဲ့၏။ သို့ပေမည့် အမေဇုန်ဘုရင်မနိုင်ငံတော်က တောင်ကြီးတစ်ခုကဲ့သို့ပင် ခိုင်ခိုင်မာမာ တည်ရှိနေဆဲပင်။ နှစ်ပေါင်း ထောင်နှစ်ချီသည့် ဤနိုင်ငံတော်က မည်သည့်ဘေးအန္တရာယ်ကပ်ဘေးမှ မကြုံတွေ့ခဲ့ရသလို နတ်ဘုရားတို့၏ စောင့်ရှောက်မှု ကို ခံခဲ့ရသည် အလားပင်။
ထို့ကြောင့် ရှမ့်လန်၏ ခန့်မှန်းချက်က မည်မျှ ရယ်ရွှင်စရာ ကောင်းလိုက်သည်နည်း။ အိမ်မက်တစ်ခုနှင့်သာ တူပေသည်။
ရှမ့်လန်သေဖို့ သေချာနေ၏။ သတ်မှတ်ထားခဲ့သည့် အချိန်က ၄၈ နာရီ ဖြစ်ကြောင်း လူတိုင်းသိ၏။ တစ်ရက်နှင့် နေ့ဝက် ကုန်လွန်သွားခဲ့၏။ အချိန်နာရီဝက်ခန့်သာ ကျန်တော့ပြီး အရာအားလုံးက ဆုံးဖြတ် ခံရပေတော့မည်။
ယနေ့ နေမင်း ပင်လယ်ထဲသို့ ဝင်သွားသော်လည်း အမေဇုန်ဘုရင်မနိုင်ငံတော်သာ ပျက်စီးမသွားပါက ရှမ့်လန်ကို လူမြင်ကွင်းတွင် ကွပ်မျက်ပေတော့မည်။ လူအများပြားက ရေပြင်သို့ စုရုံး ရောက်ရှိလာခဲ့ပြီး နောက်ဆုံး အခိုက်အတန့် ရောက်ရှိရန် စောင့်ဆိုင်းနေ၏။
ဤနေရာတွင် မြင့်မားသည့် ကွပ်မျက်စင်တစ်ခု ရှိနေပြီး ရှမ့်လန်ကို ဤနေရာတွင် ကွပ်မျက်မှာ ဖြစ်၏။ ထောင်ပေါင်းများစွာသော အမေဇုန် အမျိုးသမီး စစ်သည်တော်များက ဤနေရာ၌ စုဝေးနေ၏။ သူတို့က ဖျော်ဖြေရေး တစ်ခုအနေနှင့် လာရောက် ကြည့်ရှုကြခြင်း မဟုတ်ဘဲ သက်သေအဖြစ် လာကြခြင်းပင်။ အမှန်စင်စစ် ရှမ့်လန်က အမေဇုန်ဘုရင်မနိုင်ငံကို ကျိန်ဆဲခဲ့သည့်အတွက် သူတို့ ဒေါသထွက်၏။ ထို့အပြင် သူက အမျိုးသမီးအဖြစ် အသွင်ဆောင်ကာဖြင့် ဤနေရာသို့ ခိုးဝင်လာခြင်းသည် ဘိုးဘွားများ၏ သွန်သင်ချက်ကို စော်ကား ဖောက်ဖျက်ခြင်းပင်။
သို့သော်ငြား ရှမ့်လန်က လူများစွာကို ကယ်တင်ပေးခဲ့ပြီး လွန်ခဲ့သည့် ရက်အနည်းငယ်က ကောင်းကင် တမန်တော် တစ်ပါးကဲ့သို့ ရှိခဲ့၏။
ရှမ့်လန်၏ အပြစ်က ခွင့်မလွှတ်နိုင်သည့် အပြစ်ဖြစ်ပြီး မည်သူမှ သူ့၏ အသက်ကို မကယ်တင်နိုင်ပေ။ သူတို့က ရှမ့်လန်အား နောက်ဆုံးခရီး လိုက်ပါပို့ဆောင်ရန်နှင့် သူ့အတွက် ကြီးကျယ်သည့် ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားတစ်ခု ပြုလုပ်ပေးရန် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
.................