← Chapters

အရှေ့ပိုင်း တော်ဝင်နယ်မြေ၏ ဧကရာဇ်ကိုးပါး

Vol. 40 Ch. 550

အရှေ့ပိုင်း တော်ဝင်နယ်မြေ၏ ဧကရာဇ်ကိုးပါး

Vol. 40 Ch. 550

ရောက်လာသည့်သူက သိုင်းအဖွဲ့အစည်းမှ အကြီးအကဲလျိုဖြစ်သည်။ သူသည် အမိန့်အရ ဖုန်းလန်တို့အဖွဲ့ကို မြို့ပြင်၌ရှာကာ ဖုန်းလန်ဆီ သတင်းစကားပါးရန် ရောက်လာတာပဲဖြစ်သည်။ ကျန်းရီနှင့် ကျန်သည့်နှစ်ယောက်က မြို့နှင့်သိပ်မဝေးသည့် နေရာတွင်ရှိနေပြီး ပုန်းကွယ်နေတာ မဟုတ်ပေ။ ထို့ကြောင့် အကြီးအကဲလျိုသည် သူတို့ကို အချိန်တိုအတွင်း ရှာတွေ့ခဲ့၏။

ဖုန်းလန်သည် သူ၏တည်နေရာကို ရှာတွေ့ပြီးနောက် သူသည်မကြာမီ၌ သူတို့ကို ရှာတွေ့သွားသည်။ သို့သော် ကျန်းရီကနောက်ဆုတ်ပြီး သူတို့နောက်တွင် ပုန်းနေခဲ့၏။ ထို့ကြောင့် သူသည် ကျန်းရီကို သတိမပြုခဲ့မိပေ။ ကောင်းကင်စိတ်အာရုံကို အဆင်အခြင်မဲ့ မထုတ်ဖော်ရဲပေ။ သူကသုံးကီလိုမီတာ အကွာ၌ရပ်တန့်ပြီး အော်ပြောလိုက်၏။

“သိုင်းကုန်သည် အဖွဲ့အစည်းက အကြီးအကဲလျိုတာလီက အမိန့်အတိုင်း ဧကရီကိုတွေ့ဖို့ ရောက်လာပါတယ်၊ ဧကရီကို လျှောက်တင်ဖို့ အရေးကြီးကိစ္စရပ် ရှိနေပါတယ်”

“အမ်”

ချင်ယွီက ဦးစွာထွက်သွားပြီး ထိုလူကိုမျှားခေါ်ရန် ဦးစွာပြင်လိုက်၏။ သူ့စကားများကို ကြားသည့်အချိန်တွင် သူတို့နှစ်ယောက်၏ မျက်လုံးများက ပိုတောက်ပလာကာ ချင်ယွီက အော်ပြောလိုက်သည်။

“ဒီကိုလာခဲ့”

အကြီးအကဲလျို၏ မျက်ဝန်းထဲတွင် အလင်းတန်းတစ်ခု ဖြတ်သွား၏။ ဖုန်းလန်သည် တမင်တကာ ထောင်ချောက်ဆင်ခဲ့ပုံမရပေ။ သူမ၌ ကျန်သည့်အစီအစဉ်များ ရှိကောင်းရှိနိုင်၏။ မဟုတ်လျှင် သူမက ယခုကဲ့သို့ ပြောင်ပြောင်တင်းတင်း ထွက်လာမှာမဟုတ်ပေ။ ထို့အပြင် သူကကျန်းရီကို မတွေ့ခဲ့ရပေ။ ဆိုလိုသည်က သူတို့က ကျန်းရီနှင့်အတူ ရှိမနေချေ။

သူကသွက်သွက်လေး ရောက်လာပြီး ဖုန်းလန်ကို မော့ကြည့်သည်။ သူမက မလှမ်းမကမ်းရှိ နတ်အသူရာမြို့ကို ကြည့်နေပြီး သူမအာရုံစိုက်ခြင်းမရှိတာကို တွေ့ရသည့်အချိန်၌ သူပိုတောင် သေချာသွားသည်။ သူကဖုန်းလန်နှင့် ခြေလှမ်းသုံးဆယ်အကွာသို့ ရောက်သည့်အချိန်တွင် သူကဒူးထောက်ပြီးနောက် ပြောလိုက်၏။”လျိုတာလီက ဧကရီနဲ့ ဒေသသခင်မချင်ယွီကို အရိုအသေ ပေးပါတယ်”

ဝှစ်

ထိုစဉ် ဖုန်းလန်က ရုတ်တရက် လှုပ်ရှားလိုက်၏။ အကြီးအကဲလျိုက သူအမြင်အာရုံများ ဝေဝါးသွားတာကို ခံစားလိုက်မိ၏။ ဖုန်းလန်သည် သူ့ခေါင်းပေါ် လက်တစ်ဖက် တင်ထားလေ၏။ သူမလက်နားတစ်ဝိုက်ရှိ အတွင်းအားများ လှည့်ပတ်ပြီး တုန်လှုပ်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်ဖော်လိုက်သည်။ သူအဆင်အခြင်မဲ့ လှုပ်ရှားရဲလျှင် သူကချက်ချင်းပင် သေအောင် အရိုက်ခံရနိုင်သည်။

“မဟာဧကရီ ဘာများလုပ်နေတာလဲ”

အကြီးအကဲလျိုက အမူအရာ ပြောင်းလဲသွားပြီး လှုပ်ရန်မဆိုထားနှင့် အသက်ပြင်းပြင်း မရှုရဲတော့ချေ။

ဝှစ်

ချင်ယွီကလည်း မြန်ဆန်၏။ သူမ၏ခြေထောက်က အတွင်းအားဖြင့် ဖြတ်ခနဲလင်းသွားပြီး သူ၏ဒန်တျန်ကို လျှပ်ပြက်သည့်အရှိန်ဖြင့် ကန်ထုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်က လွင့်ထွက်သွားပြီးနောက် သစ်ပင်တစ်ပင်နှင့် ပြင်းထန်စွာ တိုက်မိသွား၏။ ချင်ယွီက အရှိန်ဖြင့် လိုက်ပါလာပြီး သူ၏လည်ပင်းကို လက်တစ်ဖက်ဖြင့် ချုပ်ကိုင်ထားလျှက် ခွေးတစ်ကောင်ကို မချီသည့်သဖွယ် ကိုင်မြောက်လိုက်သည်။

ရွှီး ရွှီး ရွှီး

မလှမ်းမကမ်းရှိ တောအုပ်ထဲတွင် ကျန်းရီက ကျက်သရေရှိရှိ ထွက်လာသည်။ ကျန်းရီကို မြင်သည့်အချိန်တွင် အကြီးအကဲလျို၏မျက်နှာက ဖြူရော်သွားတော့၏။ သူကကျန်းရီကို စိမ်းစိမ်းကားကားကြည့်ပြီး သွေးတစ်ပွက်အန်ကာ ပြောလိုက်တော့သည်။

“ကျန်းရီ ဟား ဟား မင်းရဲ့အဝတ်အစားကြောင့် ငါတို့မင်းကို မမှတ်မိဘူးလို့ မင်းထင်နေတာလား ဟမ် မင်းကကမ္ဘာအဆုံးထိ ပြေးမယ်ဆိုရင်တောင် ငါတို့မင်းကို တစ်နေ့ကျ သတ်မှာပဲ”

ပြီးနောက် သူက ဖုန်းလန်ဘက် လှည့်ကြည့်ပြီး အေးတိအေးစက် ပြောလိုက်သည်။

“ဧကရာဇ်ဖုန်းလန် ခင်ဗျားပါးနပ်တယ်ဆိုရင် ကျုပ်ကို အခုလွှတ်ပေးပြီး ကျန်းရီကို ဖမ်းလိုက် ပြီးရင် သူ့ကို ကျုပ်တို့သိုင်းကုန်သည် အဖွဲ့အစည်းဆီပို့လိုက်၊ မဟုတ်ရင် ဒီကိစ္စကို ပင်မသိုင်းခန်းမက သိသွားခဲ့မယ်ဆိုရင် ခင်ဗျားတို့ ဖုန်းမျိုးနွယ်စုအားလုံး သေရလိမ့်မယ် ကျုပ်ပွင့်ပွင့်လင်းလင်း ပြောလိုက်မယ် သိုင်းကုန်သည် အဖွဲ့အစည်းက ကျုပ်တို့ခန်းမခွဲတွေထဲက တစ်ခုသာသာပဲ ပင်မသိုင်းခန်းမရဲ့ စွမ်းအားအစစ်အမှန်က ခင်ဗျားမှန်းဆနိုင်တာကို ကျော်လွန်တယ်၊ အရှေ့ပိုင်း တော်ဝင်နယ်မြေက ဧကရာဇ်ကို ဘာကြောင့် ခင်ဗျားကြားဖူးမှာပေါ့ ကျုပ်တို့သိုင်းခန်းမခေါင်းဆောင်က မြောက်ပိုင်းဧကရာဇ် ဝူရှန်းပဲ”

“မြောက်ပိုင်းဧကရာဇ် ဝူရှန်းလား”

ဖုန်းလန်နှင့် ချင်ယွီနှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက် တအံ့တသြ ကြည့်လိုက်ကြသည်။

အရှေ့ပိုင်း တော်ဝင်နယ်မြေတွင် ဧကရာဇ်ကိုးပါးရှိပြီး သူတို့အကြောင်းကို ကြားဖူးတာ သိသာပေ၏။ သူတို့သည် ဤလောကထဲတွင် ကြောက်မက်ဖွယ်အကောင်းဆုံး တည်ရှိမှုဖြစ်သည်။ ဧကရာဇ်တစ်ပါးက ခြေဆောင့်နင်းလိုက်ရင်တောင် ကောင်းကင်ကြယ်တာရာနယ်မြေ တစ်ခုလုံး လှုပ်ခါသွားပေလိမ့်မည်။ မြောက်ပိုင်းဧကရာဇ် ဝူရှန်းက ကိုးယောက်ထဲ၌ ထိပ်သီးဧကရာဇ် သုံးပါးထဲမှ တစ်ပါးဖြစ်သည်။

ဖုန်းလန်သည် ဖီးနစ်အော်သံနယ်မြေကို စိုးမိုးသည့်တိုင် သူမက အရှေ့ပိုင်း တော်ဝင်နယ်မြေတွင် ဘာမှမဟုတ်ပေ။ ထိုဧကရာဇ် ကိုးပါးနှင့်ယှဉ်လျှင် ဖုန်းလန်က ပုရွက်ဆိတ်နှင့် ဧရာမနဂါးပမာ ဖြစ်နေတော့သည်။

“အရှေ့ပိုင်း တော်ဝင်နယ်မြေရဲ့ ဧကရာဇ်ကိုးပါး”

ထိုအကြောင်းကို ကျန်းရီ ပထမဆုံးအကြိမ် ကြားဖူးတာဖြစ်သည်။ သူလည်းစိတ်ထဲ တုန်လှုပ်သွား၏။ အရှေ့ပိုင်း တော်ဝင်နယ်မြေတွင် သိုင်းပညာရှင်များဖြင့် ပြည့်နေပြီး ဗာဂျရာနယ်ပယ် သိုင်းပညာရှင်များက ဘာမှမဟုတ်။ ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်များက တွေ့နေကျမှန်း သူသိပြီးသားဖြစ်သော်ငြား ဧကရာဇ်ကိုးပါးဟုသော အမည်ကို ကြားသည့်အချိန်၌ သူ၏ဝိညာဉ်က တုန်လှုပ်သွားတော့သည်။

အမေက ယွီဝမ်ကို ရှာဖို့ပြောလိုက်တယ်။ သူက ဧကရာဇ်ကိုးပါးထဲက တစ်ပါးလား။ ပြီးတော့ အမျိုးသမီးရီစန်က ဧကရာဇ်တစ်ပါးရဲ့ သမီးတော်လား။ မဟုတ်ရင် သူ့မှာဘယ်လိုလုပ် ဒီလိုမှော်ရတနာမျိုး ရှိနိုင်မှာလဲ။

မျက်လုံးက လက်သွားပြီး သူ၏ဦးနှောက်က လျင်မြန်စွာ လှည့်ပတ်နေ၏။ ဖုန်းလန်နှင့် အကြည့်ချင်း ဖလှယ်ပြီးနောက် အကြီးအကဲလျိုကို စကားဆက်ပြောခိုင်းရန် အချက်ပြလိုက်၏။

ဖုန်းလန်က ကျန်းရီ အချက်ပေးတာကို သိလိုက်သည်။ သူမက အကြီးအကဲလျိုကို အထင်တသေး ကြည့်ပြီး ပြောလိုက်တော့၏။

“ဟမ့် စိတ်ကြီးဝင်လွန်းနေတာပဲ အရှေ့ပိုင်း တော်ဝင်နယ်မြေရဲ့ ဧကရာဇ်ကိုးပါးက ဘယ်လောက် အရည်အချင်း ရှိလိုက်လဲ၊ မြောက်ပိုင်းဧကရာဇ် ဝူရှန်းက ဘယ်လောက်တော်လဲ ရာရာစစ မြောက်ပိုင်းဧကရာဇ် ဝူရှန်းက ဘယ်လောက် ထင်ပေါ်ကျော်ကြားလိုက်သလဲလို့ မင်းကရာရာစစ မြောက်ပိုင်းဧကရာဇ် လက်အောက်မှာ အလုပ်လုပ်တယ်လို့ ဟန်ဆောင်ရဲတယ်ပေါ့”

အကြီးအကဲလျိုသည် သူ၏မျက်လုံးထဲမှ ဂုဏ်ယူဝင့်ကြွားသည့်အကြည့် ပေါ်လာပြီးနောက် လေးနက်တည်ကြည်စွာ ပြောလိုက်တော့သည်။

”ဧကရာဇ် ကျုပ်တို့သိုင်းခန်းမရဲ့သခင်က မြောက်ပိုင်းဧကရာဇ်ပဲ၊ ပြီးတော့ အရှေ့ပိုင်း တော်ဝင်နယ်မြေက လူတိုင်း အဲ့ဒါကို သိကြတယ်၊ ဒီအချက်အလက်ကို ကျုပ်အတု မလုပ်ရဲဘူး၊ ကျုပ်ပြောတာကို မယုံရင် ပင်မခန်းမကို သတင်းပို့ပေးနိုင်တယ် သတင်းပို့သူက လဝက်အတွင်း ပြန်ရောက်လာမှာ ဒီလူက ကျန်းရီလို့ခေါ်ပြီး ကောင်းကင်ကြယ်တာရာနယ်မြေက လာတာပဲ သူက ကျုပ်တို့ခန်းမခွဲကို ဖျက်ဆီးခဲ့ဖူးပြီး သိုင်းခန်းမက အလိုရှိနေတဲ့လူ ဧကရီသာသူ့ကို ကျုပ်တို့သိုင်းခန်းမဆီ လက်လွှဲပေးမယ်ဆိုရင် ဆုလဒ်တွေနဲ့ ကျုပ်တို့ကျေးဇူးတရားကို သေချာပေါက် ဖော်ပြမှာပါ”

“ဟမ့်”

ဖုန်းလန်က နှာခေါင်းရှုံ့ပြီးနောက် ပြောလိုက်သည်။

“နင်တို့ သိုင်းအဖွဲ့အစည်းက ဒီလောက်အစွမ်းထက်တဲ့ နောက်ခံရှိတယ်ဆိုမှတော့ ဘာကြောင့်နယ်မြေကို မစုစည်းလဲ နယ်မြေထဲမှာ ဘာကြောင့် နှစ်ပေါင်းများစွာ ပုန်းနေတာလဲ”

အကြီးအကဲလျို၏ မျက်ဝန်းများက အနည်းငယ် ကျုံ့သွားပြီးနောက် ရှင်းပြလိုက်သည်။

“ကျုပ်တို့သိုင်းခန်းမဆောင်က ကောင်းကင်ကြယ်တာရာ နယ်နိမိတ်ထဲက နယ်မြေထဲမှာ ခန်းမခွဲတွေ တည်ဆောက်ထားပြီးသား ဒါပေမဲ့ ကျုပ်တို့တွေက ဘယ်တုန်းကမှ အရှင်သခင် မဖြစ်ချင်ခဲ့ဘူး ကျုပ်တို့စီးပွားရေးပဲ လုပ်ကြတာ ကောင်းကင်ဘုံ ကျောက်တုံးတွေ ဝယ်ဖို့အတွက် အရှေ့ပိုင်း တော်ဝင်နယ်မြေဆီကို နယ်မြေတိုင်းက အထူးထုတ်ကုန်တွေ အားလုံးကို ရောင်းချတယ် အရှေ့ပိုင်း တော်ဝင်နယ်မြေက အချက်အလက်ကို ကြည့်လို့ရတယ် အဲ့ဒီမှာ ကျုပ်တို့သိုင်းခန်းမဆောင်က အကြီးဆုံးကုန်သယ် အဖွဲ့အစည်းလည်း ဟုတ်တယ်”

“ဟား ဟား ဟား မင်းက ကလေးတစ်ယောက်ကို ကျီစယ်နေတာလား”

ကျန်းရီက ရုတ်တရက် လျှောက်လာပြီးနောက် ခပ်ဖျော့ဖျော့ ပြောလိုက်တော့သည်။

“မင်းတို့သိုင်းခန်းမက စီးပွားရေး လုပ်တာတဲ့လား မင်းတို့ သိုင်းခန်းမဆောင်က ကောင်းကင်ကြယ်တာရာ နယ်မြေမှာ ပစ်မှတ်မထားခဲ့ဘူးဆိုရင် ငါကရော အကြောင်းပြချက်မရှိ ဖျက်ဆီးမှာတဲ့လား၊ ကောင်းကင်ကြယ်တာရာ နယ်မြေကို ဘယ်သူက ထိန်းချုပ်နေတာလဲ၊ မိုးပြာနဂါး မိသားစုက သိုင်းပညာရှင်တွေ အားလုံး အသတ်ခံရတာအတွက် ဘယ်သူမှာ တာဝန်ရှိလဲ မင်းတို့သိုင်းခန်းမက အခုအပြစ်ကင်းတဲ့ပုံ ဖမ်းဖို့ ကြိုးစားနေတာလား ဟမ် မြောက်ပိုင်းဧကရာဇ်ကလည်း လူယုတ်မာဖြစ်မှာပေါ့၊ မင်းတို့သိုင်းခန်းမက ဘာမှန်းဆိုတာ ငါမသိဘူး ဒါပေမဲ့ ကုန်သည်အဖွဲ့အစည်းဆိုပြီးတော့ ရိုးရှင်းမှာမဟုတ်တာတော့ သေချာတယ်”

အကြီးအကဲလျိုက ကျန်းရီကို ကြည့်လိုက်၏။ သူကကျန်းရီကို ပြန်မပြောဘဲ သူ၏မျက်လုံးထဲ၌ နားမလည်နိုင်မှုများဖြင့် ပြည့်နေသည်။ ကျန်းရီက ဖုန်းလန်ရဲ့ရှေ့မှာ ဘာကြောင့်ဒီလို မလေးမစား ပြုမူနေတာလဲ။ သူ့ဆန္ဒရှိသလို ကြားဖြတ်ပြောနိုင်တယ်။ ဖုန်းလန်ရဲ့ အိမ်မွေးကောင်လေး အနေနဲ့တောင် သူက စည်းကျော်နေပြီ။

သူကအကြည့်လွှဲလိုက်ပြီး ကျန်းရီကို ပြန်မပြောပေ။ ဖုန်းလန်ကိုသာ စိုက်ကြည့်ပြီး ပြောလိုက်၏။

“ဧကရီ ကျုပ်ဘာမှ ထပ်မပြောချင်ပါဘူး ကျုပ်တို့သိုင်းခန်းမနဲ့ ပူးပေါင်းမယ်ဆိုရင် ဖုန်းမျိုးနွယ်စုကို ထာဝရဂုဏ်ကျက်သရေနဲ့ ကြွယ်ဝချမ်းသာမှုတို့ ရစေမယ်လို့ အာမခံတဲ့အကြောင်း ပြောချင်ရုံပဲ၊ ဒါပေမဲ့ ခန်းမသခင် ဒေါသထွက်သွားပြီဆိုရင်တော့ ခင်ဗျားတို့ ဖုန်းမျိုးနွယ်စုအားလုံး ပျောက်ကွယ်ရမယ်၊ ခင်ဗျားသာ တွေးတတ်တယ်ဆိုရင် ဒီမျိုးမစစ်ကို ချက်ချင်း”

ဖြန်း..

ချင်ယွီက အကြီးအကဲလျိုကို ပြင်းထန်စွာ ရိုက်ချလိုက်ရာ သွားကျွတ်ထွက်သွား၏။ သူမက ဒေါသတကြီး အော်လိုက်တော့သည်။

“ရာရာစစ ဧကရီကို ခြိမ်းခြောက်ရဲတယ်လား၊ နင်ကဘယ်သူလဲ ငါတို့သခင်လေးကို မျိုးမစစ်လို့ ဘယ်လိုလုပ် ခေါ်ရဲတာလဲ”

ဖုန်းလန်က ထပြောလာသည်။

“ဟမ့် သခင်လေးကို ကျိန်ဆဲနေတယ်ပေါ့ ချင်ယွီ သူ့ကိုသတ်လိုက်”

“သခင်လေး”

အကြီးအကဲလျိုက အံ့သြသွားပြီး ကျန်းရီကို မော့ကြည့်လိုက်သည်။ ကျန်းရီဟူသည် ဖုန်းလန်၏ အိမ်မွေးကောင်လေးသာ သူ အမြဲတမ်း တွေးနေခဲ့တာဖြစ်သည်။ သို့သော် ဆန့်ကျင်ဘက် ဖြစ်နေပုံပေါ်၏။ ဖုန်းလန်နှင့် ချင်ယွီသည် သူ၏အစေခံများ ဖြစ်နေပုံပေါ်၏။

မဟုတ်တော့ဘူး။ ခန်းမသခင်နဲ့ ကျန်တဲ့လူတွေ အန္တရာယ်ရှိနေပြီ။

အကြီးအကဲလျိုက တုန်ယင်သွားသည်။ ဖုန်းလန်နှင့် ချင်ယွီက ကျန်းရီ၏ ကျောထောက်နောက်ခံ ဖြစ်နေပြီဖြစ်သောကြောင့် ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်ကို နတ်အသူရာမြို့ထဲသို့ သေချာပေါက် မျှားခေါ်လာတာပဲ ဖြစ်ရမည်။ သိုင်းခန်းမခွဲတစ်ခုလုံးကို သုတ်သင်ရှင်းလင်းပစ်၏။ ကျန်းရီ၏ အကြံအစည်ပဲ ဖြစ်ရမည်။

“ကျွတ်”

မှိန်ဖျော့ဖျော့ ပုံရိပ်တစ်ခု ဖြတ်ခနဲပေါ်လာပြီး ချင်ယွီ၏လက်ထဲတွင် ဓားမြှောင်တစ်လက် ပေါ်လာကာ အကြီးအကဲလျို၏ခေါင်းကို လွင့်ထွက်သွားစေတော့သည်။ သူနောက်ဆုံး မြင်လိုက်ရသည့် မြင်ကွင်းက ကျန်းရီ၏ လှောင်ရီနေသော မျက်နှာထားပင်ဖြစ်သည်။

အကြီးအကဲလျို၏ ဦးခေါင်းမဲ့သော ခန္ဓာကိုယ်က မြေကြီးပေါ် ပြုတ်ကျသွားပြီးနောက် ကျန်းရီသည် အရှေ့အရပ်ရှိ ကောင်းကင်ကို မော့ကြည့်ကာ စိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်၏။

“မြောက်ပိုင်းဧကရာဇ် ဝူရှန်းလား ငါတော့ သန်မာတဲ့ ရန်သူတစ်ယောက် ရှိနေတဲ့ပုံပဲ ဝူရှန်းနဲ့ တိုက်ခိုက်ဖို့ အခွင့်အရေးရပြီး ငါ့ဘဝမှာ ငါ့ရန်သူကို သတ်နိုင်ပါ့မလားဆိုတာ မသိဘူး”

ဖုန်းလန်သည် တောင်ဘက်အရပ်ဆီသို့ ကြည့်ပြီး ညင်သာစွာ ပြောလိုက်၏။ သူမက ကျန်းရီကို ဖြတ်ပြောလိုက်သည်။

“သခင်လေး အခုစိတ်ခံစားချက်တွေ ပြင်းမနေပါနဲ့တော့ နတ်အသူရာမြို့က မကြာခင်မှာ ပြိုလဲတော့မယ်”

***

All Chapters