ဓားတစ်ချက်ဖြင့် လွှမ်းမိုးခြင်း။
Vol. 67 Ch. 799
ငရဲဘုရင်လုပ်ရပ်သည် စကားတစ်ခွန်းမျှ မပြောဘဲ ကျိုးကြောင်းဆီလျော်မှု ကင်းမဲ့လွန်း နေ၏။
“ မင်း ... ။ ”
ဒေါသတကြီးဖြင့် ကျန်ရှိနေသော ဧကရာဇ်များသည် သူမထံသို့ ပြေးဝင်လာသည်။ အဝေးရှိ ဆယ်ယောက်နှင့် တစ်ယောက် တိုက်ပွဲ ဝင်နေသော အနက်ဝတ်အဖိုးကြီးက စုရီကို မှတ်မိသွားကာ ပြုံးရွှင်လာ၏။
“ တာအိုစု ... ။ ”
တစ်ဆက်တည်းမှာပင် ဒဏ်ရာများကို လျစ်လျူရှုလျက် အဖြူဝတ်လူငယ်လေးထံသို့ ပြန်လှည့်ကြည့်ကာ၊
“ ဝမ်ထျန်း၊ အာရုံပျံ့လွင့်စေတဲ့ အတွေးတွေကို စွန့်လွှတ်ပြီး ဒုက္ခကိုဖြိုခွင်းဖို့ပဲ အာရုံစိုက်ပါ စိတ်မပူနဲ့တော့ တာအိုစု ရောက်လာပြီ။ ”
-ဟု အော်ဟစ်လိုက်၏။
အဖြူရောင်ဝတ်ရုံဝတ်လူငယ်က စိတ်ဓာတ်တက်ကြွလာပြီး ကောင်းကင်ဒုက္ခကို ဖြတ်ကျော်ရန် အာရုံစိုက်လိုက်သည်။
“ ဟမ့် ... ဒီနေ့ဘယ်သူလာလာ မင်းနဲ့မင်းတပည့် သေရလိမ့်မယ်။ ”
အနီရောင်ဝတ်ရုံဝတ် ဆံပင်ဖြူဖြူ အဘိုးကြီးက အေးစက်စက်ပြောကြားလိုက်၏။ ထို့နောက် ပိန်ပိန်ပါးပါး အမျိုးသားကို လှည့်ကြည့်ကာ၊
“ ဂျူနီယာညီလေး၊ မင်းလူတွေကိုခေါ်ပြီး အဲဒီမသိနားမလည်တဲ့ လူမိုက်သုံးယောက်ကို သုတ်သင်ပစ်လိုက်ပါ။ ”
-ဟု အမိန့်ပေးလိုက်သည်။
“ ဟုတ်ကဲ့ ... ။ ”
ချက်ချင်းပင် ပိန်ပိန်ပါးပါး လူက အမိန့်ကိုလက်ခံပြီး စုရီတို့ထံအပြေးအလွှား ရောက်ရှိလာသည်။
ငရဲဘုရင်၏ အထိန်းအကွပ်မဲ့စွာ သတ်ဖြတ်မှုသည် ထိုသူများကို ဒေါသထွက် စေခဲ့သည်။ ထို့ကြောင့် ဧကရာဇ် (၃၀)ကျော်မှ ချက်ချင်း ပူးပေါင်းတိုက်ခိုက်တော့၏။
“ ငါမင်းနဲ့ထားလိုက်မယ်။ ”
စုရီက တစ်ချက်မျှသာကြည့်ပြီး စိတ်မဝင်စားတော့ချေ။ ဤဧကရာဇ်သုံးဆယ် အနက် အများစုသည် ရွှမ်ကျောက်အဆင့်သာ ဖြစ်သည်။ ထိုသူများသည် အရေအတွက်များပြီး အစွမ်းထက်သည်ဟု ထင်ရသော်လည်း သူ့ အာရုံစိုက်မှုနှင့် လုံးဝမထိုက်တန်ချေ။
“ ဟုတ်ကဲ့ ... ။ ”
ယီလောင်က အမိန့်ကို လက်ခံပြီး အနက်ရောင်သစ်သားဓားတစ်လက် ဆင့်ခေါ် လိုက်လေသည်။ ခြေတစ်လှမ်းဖြင့် လေထဲသို့ ပျံတက်သွားပြီး သူ့အရှိန်အဝါသည် ချက်ချင်း ပြောင်းလဲသွား၏။
သူသည် စုရီအနားနေစဉ် ရောင်ဝါကို လုံးဝရုတ်သိမ်းကာ မျက်လွှာချထားခဲ့လေသည်။ ယခုမူ ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွား စေသည်အထိ လွှမ်းမိုးကြီးစိုးသွားသည်။
အပြေးအလွှား ပျံသန်းလာနေသော ဧကရာဇ်များမှာ မျက်နှာဖြူဖျော့သွားကြ၏။ လေထုအလယ် ဓားရည်ရွယ်ချက်များ ပြည့်နှက်နေချေပြီ။
“ ရွှမ်ယုအဆင့် ဧကရာဇ်။ ”
သူတို့၏ပြိုင်ဘက်သည် မည်မျှ အစွမ်းထက်သည်ကို ရုတ်တရက်သဘောပေါက် လာသော်လည်း နောက်ကျသွားပြီဖြစ်၏။
“ ငါ့ဆရာက မင်းတို့နဲ့ ဆက်ဆံရတာ မကြိုက်ဘူး ... ဒါဆိုငါကပဲ မင်းတို့ကိုအနိုင်ကျင့် ရတော့မယ်။ ”
ယီလောင်မှ သက်ပြင်းချလိုက်သည်။ လက်ရှိအဆင့်ဖြင့် သူသည် ရွှမ်ကျောက်အဆင့် ဧကရာဇ်များအပေါ် ဂရုစိုက်မည်မဟုတ်ချေ။
ပထမဦးစွာ အဓိပ္ပာယ်မဲ့၏။ ဒုတိယအနေဖြင့် သူ့ပုံရိပ်ကို ပျက်စီးစေမည်။ တတိယအချက်အရ သူအနိုင်ရလျှင်ပင် အနိုင်ကျင့်ခြင်းသာဖြစ်၏။
“ ဝှစ် ... ။ ”
စကားပြောနေလျက်ဖြင့် သစ်သားဓားကို ဝှေ့ယမ်းလိုက်သောအခါ သူ့ပုံပန်းသဏ္ဌာန်သည် အလင်းတန်းတစ်ခုလို ပြေးထွက်သွားသည်။
“ ဝုန်း ... ။ ”
ရက်စက်လွန်းသော တိုက်ပွဲတစ်ခု ဖြစ်ပွားလာသည်။ ကောင်းကင်နှင့်မြေကြီးကြား မီးလျှံများ ပြည့်နှက်သွား၏။ ရန်သူများသည် အံကြိတ်လျက် ပြန်လည်တိုက်ခိုက်သည်။
မည်သူမျှ အသတ်ခံရန် ထိုင်ကာ စောင့်ဆိုင်းနေမည်မဟုတ်ချေ။ သူတို့အားလုံး ထိန်ချန်မထားဘဲ တုန့်ပြန်လိုက်၏။
သူတို့နောက်တွင် ရွှမ်ယုအဆင့် အကြီးအကဲများ ဆယ်ယောက်ကျော်ရှိနေပြီး လက်ရှိကူညီရန်ရောက်ရှိလာသည့် အနက်ဝတ် လူသည်လည်း ရွှမ်ယုအဆင့်ဖြစ်၏။
အတိအကျဆိုရမူ အလယ်အလတ် ရွှမ်ယုအဆင့်ဧကရာဇ်ဖြစ်သည်။ သူ့ရောင်ဝါကို မြင်ချိန်၌ ငရဲဘုရင်မှ အပျင်းကျောဆန့်ကာ၊
“ အဲဒီလူကို ငါ့ဆီထားခဲ့။ ”
-ဟု ပြောကြားလိုက်၏။
“ ဝှစ် ... ။ ”
စကားဆုံးသည်နှင့် ငရဲဘုရင်လက်မှ ရှေးဟောင်း အမှောင်တားမြစ်စွမ်းအားများ ချက်ချင်းပျံ့နှံ့လာချေပြီ။
အနက်ရောင်ဝတ်စုံသည် တဖျပ်ဖျပ်လှုပ်ရှားလျက် အမှောင်နတ်ဘုရားမ တစ်ပါးကဲ့သို့ ရောင်ဝါများဖုံးလွှမ်းနေသည်။ ထိုစဉ် လူတိုင်းသည် အေးစက်သော အငွေ့အသက်ကို ခံစားရလာ၏။
“ မကောင်းတော့ဘူး ... ။ ”
အနက်ဝတ်အဘိုးကြီးကို ဝိုင်းရံနေသော ရွှမ်ယုအဆင့်ဧကရာဇ်များက ငရဲဘုရင်သည် အလွန်ကြောက်စရာကောင်းကြောင်း သဘောပေါက်ကုန်၏။
“ မြန်မြန်၊ မင်းတို့သုံးယောက်၊ သွားကူညီလိုက်။ ”
အနီရောင်ဝတ်ရုံဝတ်ထားသည့် ဆံပင်ဖြူအဘိုးကြီးက တွန့်ဆုတ်ခြင်းမရှိဘဲ ဆုံးဖြတ်ချက်ချလိုက်သည်။ သို့သော် နောက်ကျသွား၏။
ငရဲဘုရင်ထံမှ ရှေးဟောင်း အမှောင်တားမြစ်စွမ်းအားများသည် သွယ်လျပြီး ဖြောင့်တန်းသော ဓားတစ်လက်အဖြစ် သူ့ပြိုင်ဘက်ထံ ပြေးဝင်သွား၏။
“ သွား ... ။ ”
မဟာတာအိုကပ်ဘေး အရှိန်အဝါဖြင့် ပြည့်နှက်နေသော အနက်ရောင်ဓားတစ်လက် ပျံသန်းလာသောကြောင့် အနက်ဝတ်လူက ပုဆိန်ဖြင့် ခုတ်ခွဲလိုက်ရသည်။
“ ဝုန်း ... ။ ”
ကျယ်လောင်သော ပေါက်ကွဲသံများ ပဲ့တင်ထပ်သွား၏။ ကြေးဝါပုဆိန်သည် မူလက အလွန်မာကြောသော တာအိုလက်နက်တစ်ခု ဖြစ်သော်လည်း နှစ်ခြမ်းကွဲသွားသည်။
ရွှမ်ယုအလယ်အလတ်အဆင့် ကျင့်ကြံမှုကိုပိုင်ဆိုင်ထားသော အနက်ဝတ်လူ သည်လည်း တစ်ချက်တည်းဖြင့် လွင့်စင်သွားတော့၏။
သူ့ရင်ဘတ်ပေါ်တွင် တစ်ပေရှည်သော ပြတ်ရှဒဏ်ရာတစ်ခု ဖြစ်ပေါ်လာပြီး အသားများ စုတ်ပြဲလျက် အရိုးများကို မြင်လာရသည်။
ခုခံကာကွယ်ရေးရတနာများ ကျိုးပဲ့ကုန်ပြီးနောက် နှစ်ခြမ်းကွဲလုနီးပါးပေပင်။ ယင်းသည် လျင်မြန်ပြီး အစွမ်းထက်လွန်းသဖြင့် လူတိုင်းအံ့အားသင့်သွားကြသည်။
သို့သော် ငရဲဘုရင်သည် မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်လျက် သက်ပြင်းချလိုက်၏။
“ နောက်ဆုံးတော့ ဒါကိုယ်ပွားတစ်ခုပဲ ဒီလိုလူတစ်ယောက်တောင် တစ်ချက်တည်းနဲ့ မဖယ်ရှားနိုင်ခဲ့ဘူး ... ။ ”
“ သတ် ... ။ ”
အဝေးမှ ရွှမ်ယုဧကရာဇ် သုံးဦး ရောက်ရှိလာပြီး အနက်ဝတ်လူနှင့် ပူးပေါင်းကာ ငရဲဘုရင်ကို တိုက်ခိုက်လိုက်တော့၏။
ပြင်းထန်သောတိုက်ပွဲတစ်ခု ဖြစ်ပွားလာခဲ့သည်။ ယီလောင်သည်လည်း ငရဲဘုရင်၏ တိုက်ပွဲဝင်ပုံစံကိုမြင်သောအခါ သစ်သားဓားဖြင့်အဟုန်ကို မြှင့်တင်လိုက်၏။
“ ဘောင်း ... ဘောင်း ... ဘောင်း ... ။ ”
ဓားတစ်ချက်တည်းဖြင့် ကောင်းကင်ပြိုကျသွားပြီး မြေကြီးတုန်ခါလျက် သွေးချောင်းစီးလာသည်။ မရေမတွက်နိုင်သော ရတနာများ လွင့်စင်သွားကာ ဖြစ်စဉ်များ ပျောက်ကွယ်ကုန်၏။
ရွှမ်ကျောက်ဧကရာဇ် ပေါင်းများစွာ၏ ပေါင်းစပ်ရောင်ဝါသည် ချက်ချင်းပျက်ပြယ်သွား တော့သည်။ ဤအခွင့်အရေးကိုယူပြီး ဝံပုလွေ အုပ်စုထဲ ကျားတစ်ကောင် ဝင်ရောက်သွား သကဲ့သို့ သတ်ဖြတ်မှုစတင်၏။
“ မလုပ်နဲ့ ... ။ ”
“ ဝုန်း ... ။ ”
“ အား ... ။ ”
မျက်စိတစ်မှိတ်အတွင်းတွင် ဧကရာဇ်အများအပြား ခန္ဓာကိုယ်ပေါက်ကွဲကာ သွေးများမြူအဖြစ်ပြောင်းလဲကုန်သည်။
အော်ဟစ်သံများသည် ကောင်းကင်နှင့်မြေကြီးကြား ပဲ့တင်ထပ်နေ၏။ တစ်ဖက်တွင် ယီလောင်သည် မရပ်မနား ဆက်၍သတ်ဖြတ်နေဆဲပေပင်။
သူကိုယ်တိုင် ကနဦးရွှမ်ယုအဆင့် ကျင့်ကြံမှုကိုပိုင်ဆိုင်ပြီး သမိုင်းတစ်လျှောက် နာမည်တစ်လုံး တည်ဆောက်ထားနိုင်၏။
ထို့ကြောင့် ရွှမ်ကျောက်အဆင့် ဧကရာဇ်အုပ်စုတစ်ခုကို ရင်ဆိုင်ရသောအခါတွင် သူသည် သဘာဝအတိုင်း ရပ်တန့်၍မရဘဲ အရာအားလုံးကို အုပ်စိုးထားသည်။
“ မြန်မြန် မင်းတို့နှစ်ယောက် သွားပြီးတော့ အဲဒီလူကို ကိုင်တွယ်ကြ။ ”
အနီရောင်ဝတ်ရုံဝတ်ထားသော အကြီးအကဲသည် ဟိန်းဟောက်လိုက်ပြန်သည်။ သူ့မျက်ဝန်းများအတွင်း အကန့်အသတ်မဲ့သော ဒေါသမီးလျှံများ တောက်လောင်နေ၏။
မူလက ဤတိုက်ပွဲတွင် အောင်ပွဲခံရန် သေချာသလောက်ရှိပြီး ပြိုင်ဘက်အဘိုးကြီးကို မကြာမီသတ်ပစ်ကာ သူ့တပည့်၏ ဧကရာဇ် ဖြစ်လာရန် မျှော်လင့်ချက်များကို ရုတ်သိမ်း စေနိုင်တော့မည်ဖြစ်သည်။
သို့သော် မဖိတ်ခေါ်ဘဲ ရောက်ရှိ လာကြသည့်ထိုသုံးဦးသည် သူ့အစီအစဉ်များကို လုံးဝဖျက်ဆီးပစ်နေချေပြီ။
အထူးသဖြင့် အမျိုးသမီး၏ ရှေးဟောင်းအမှောင် တားမြစ်စွမ်းအားများသည် ကြောက်မက်ဖွယ်ကောင်းနေသည်။
“ သတ် ... ။ ”
ချက်ချင်းပင် ရွှမ်ယုဧကရာဇ်နှစ်ဦး တိုက်ပွဲမှစွန့်ခွာသွား၏။ အနက်ဝတ်အဖိုးအိုထံ၌ အနီရောင်ဝတ်ရုံဝတ် အဘိုးကြီးနှင့် အဝါရောင် ဝတ်ရုံဝတ်အသက်လတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးသာ ကျန်ရှိတော့သည်။
ယင်းက ဖိအားကို သိသိသာသာ လျော့ကျစေပြီး သူ၏ မရေမရာအခြေအနေမှ လွတ်မြောက်စေခဲ့၏။
စိတ်လှုပ်ရှားမှုများဖြင့် သတ်ဖြတ်လိုခြင်း ရည်ရွယ်ချက်များ မြင့်တက်လာကာ တန်ပြန် တိုက်ခိုက်မှုများပင် စတင်လာခဲ့သည်။
“ ဟမ့် ... မင်းသေချင်နေတာလား။ ”
“ ဂျိန်း ... ။ ”
နေရာတိုင်းတွင် တိုက်ပွဲများနှင့် ပျက်စီးခြင်းပုံရိပ်များ ပြန့်ကျဲလျက် မိုးကြိုး တိမ်တိုက်များသည်လည်း ပိုစုပြုံလာ၏။
အဖြူဝတ်လူငယ်အတွက် အရေးကြီးသော အချိန်အခါပေပင်။ ငရဲဘုရင်က ပြိုင်ဘက်(၄)ဦး အပေါ် ဖိနှိမ်ထားပြီး ယီလောင်သည် ပြိုင်ဘက် (၂)ဦးနှင့် ရင်ဆိုင်နေသည်။
ဤအရာက ယီလောင်အတွက် စိတ်သက်သာရာရစေ၏။ အားနည်းသော ရန်သူများထက် သန်မာသောရန်သူများမှသာ တိုက်ပွဲဝင်ဆန္ဒကို တောက်လောင်စေ၏။
“ အဲဒီကောင်လေးကို သတ် ... ။ ”
ရုတ်တရက် ရွှမ်ကျောက်အဆင့် ဧကရာဇ်(၁၀)ပါးကျော်သည် ရပ်ကြည့်နေသော စုရီကိုသတိထားမိသွားကာ ပြေးဝင်လာကြ၏။
“ သေချင်နေတဲ့ ပိုးဖလံတွေ။ ”
တစ်ဖက်တွင် ယီလောင်သည် ထိုမြင်ကွင်းကြောင့် ပြုံးလျက် မှတ်ချက်ပေး၏။ ငရဲဘုရင်ပင် သနားကြင်နာမှု အရိပ်အယောင် ပြသလိုက်သည်။
“ အမှိုက်တွေ ... ။ ”
လူတိုင်းက ရတနာများထုတ်ယူလျက် စုရီကိုသတ်ရန်ကြံရွယ်တော့၏။ လက်နှစ်ဖက် နောက်ပို့ထားသောစုရီသည် မျက်မှောင်ကြုတ် လျက်ဖြင့် လေထဲခုတ်ပိုင်းချလိုက်သည်။
ရိုးရှင်းသော လက်ဓားတစ်ချက်ပေပင်။ သို့သော် အဆုံးမဲ့စွမ်းအားများ စီးဆင်းလာကာ လေဟာနယ်ကို လှိုင်းအဖြစ် ပြန့်ကျဲသွား စေတော့၏။
“ ဘောင်း ... ဘောင်း ... ။ ”
ကောင်းကင်မြစ်ကြီးတစ်စင်း စီးဆင်းလာသလိုပင်။ ရတနာများ၊ ဖြစ်စဉ်များ အားလုံးသည် ဓားစွမ်းအင်မြစ်ကြီးအတွင်း နစ်မြုပ်ပေါက်ကွဲကုန်သည်။
“ မကောင်းတော့ဘူး ... ။ ”
တစ်ဆက်တည်းမှာပင် ရွှမ်ကျောက် ဧကရာဇ်(၁၃)ယောက်သည် ကျယ်ပြောလှသည့် ရေပြင်အတွင်း နစ်မြုပ်သွားသော ပေါင်းပင်များ ကဲ့သို့ ယိမ်းထိုးကုန်၏။
“ ပြေး ... မြန်မြန်။ ”
လူမိုက်များသည် သူတို့ရွေးချယ်မှု မည်မျှမိုက်မဲခဲ့ကြောင်း သိရှိသွားကြလေသည်။ သို့သော် နောက်ကျသွားတော့၏။
အဆုံး၌ ခန္ဓာကိုယ်များသည် ဓားပေါင်းတစ်သောင်းဖြင့် ထိုးသွင်းခံရသည့် အလား အလင်းများဖြာလျက် အပိုင်းအစများ အဖြစ် ကြေမွပျောက်ကွယ်ကုန်သည်။
ဝိညာဉ်များပင် ရှောင်တိမ်းခြင်း မပြုနိုင်တော့ဘဲ ဓားစွမ်းအင်လှိုင်းအဟုန်၌ ချက်ချင်းပြိုကွဲသွားခဲ့၏။
ဓားစွမ်းအင်လှိုင်း ပျောက်ကွယ်သွားချိန်၌ အလောင်းပင်မကျန်ချေ။ တိတ်ဆိတ်သွားသည်။ ဓားတစ်ချက်သည် ဤမျှလွှမ်းမိုးသည်လော။
***