ငရဲနန်းတော်နှင့် ကြက်တောင်ပံကင်။
Vol. 67 Ch. 801
“ တစ်ခုခု မှားနေပြီ။ ”
စုရီက ပြောကြားပြီး ပတ်ဝန်းကျင်ထံ ဝေ့ကြည့်သည်။ ကောင်းကင်ရှိ ဒုက္ခမိုးတိမ်များ ပျောက်ကွယ်သွားသည်မှာ ကြာမြင့်ပြီးဖြစ်၏။
သို့သော်လည်း အပျက်အစီးနယ်မြေ တဝိုက်တွင် ကြက်သွေးရောင်အငွေ့အသက်များ စုပုံလာနေသည်။
ထိုအရာသည် အလွန်ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသည့် အဖျက်စွမ်းအား ပြည့်နှက်နေသော ငရဲလမ်းဆယ်ပါး၏ စည်းမျဉ်းများဖြစ်ချေပြီ။
သမိုင်းတစ်လျှောက် ငရဲလမ်းများတွင် ရက်စက်ကြမ်းကြုတ်သည့် မကောင်းဆိုးဝါး ဝိညာဉ်များကို ဖိနှိမ်ထားကြ၏။
ထို့ကြောင့် ကြက်သွေးရောင် အငွေ့အသက်များအတွင်း ပြန့်ကျဲနေသော ဖျက်ဆီးခြင်းတာအို စည်းမျဉ်းစွမ်းအားများကို အဆိုပါ မကောင်းဆိုးရွားဝိညာဉ်များမှ စုပ်ယူစားသုံးခဲ့ရသည်။
အဆုံးတွင် မြေအောက်ကမ္ဘာ စည်းမျဉ်းများဖြင့် ထိုဝိညာဉ်များပေါင်းစည်းကာ ဧကရာဇ်များကို အလွယ်တကူသတ်နိုင်လာ၏။ လမ်း၌ စုရီတို့ကြုံခဲ့ရသော ကြက်သွေးရောင် တိမ်နတ်ဆိုးသည် ထိုဝိညာဉ်ဖြစ်သည်။
များမကြာခင် တားမြစ်နယ်မြေကို ဖုံးအုပ်ထားသော ကြက်သွေးရောင်မိုးကြိုးများ အဖြစ် ဖွဲ့တည်လာချေပြီ။
“ သူတို့ မင်းတပည့်အတွက်လာကြတာ မင်းတပည့် စတင်လိုက်တဲ့ ဒီလမ်းကြောင်းဟာ သူတို့ကို ကြောက်ရွံ့မုန်းတီးစေတယ် ဒါကြောင့် ငရဲဘုရင်တစ်ပါး ပြန်ပေါ်လာမှာကို မလိုလားကျဘူ။ ”
“ ဂျိန်း ... ။ ”
စုရီမှ ရှင်းပြသည်။ ကျယ်လောင်သော မိုးခြိမ်းသံများသည် အရပ်မျက်နှာအသီးသီးထံမှ မြည်ဟည်းလာ၏။
“ မင်းရဲ့တပည့်ကို ခေါ်ပြီး ငါနောက်လိုက်ခဲ့။ ”
စုရီက ဓားကို ပြန်သိမ်းကာ အင်မော်တယ်တူဖြင့် ဦးဆောင်ပြီးအလျင်အမြန် လျှောက်လှမ်းသွားတော့၏။ ယီလောင်၊ ငရဲဘုရင်၊ ဆရာနှင့်တပည့်တို့သည် နောက်ပါးမှ လိုက်ပါလာလေသည်။
“ ဂျိန်း ... ။ ”
လမ်းတလျှောက် မိုးကြိုးပစ်သံများ ဆူပွက်လာကာ သူတို့နောက်အရိပ်များအလား လိုက်ပါလာသော စွမ်းအားတစ်ခုကို ခံစားနိုင်၏။
“ ခရစ် ... ။ ”
အဆုံးတွင် ကောင်းကင်မှ နီရဲနေသော ပုံရိပ်ကြီးတစ်ခုက စုရီရှေ့ပိတ်ဆို့လာတော့၏။ လေဟာနယ်သည် ဖျက်ဆီးခံလိုက်ရသကဲ့သို့ ပြိုကျသွားသည်။
“ ဝှစ် ... ။ ”
စုရီက အင်မော်တယ်တူကိုလွှဲယမ်းပြီး ထိုအနီရောင်အရိပ်ကြီးထံ ခုတ်ပိုင်းလိုက်သည်။ ထာဝရအမှောင်ညစွမ်းအား ပြေးထွက်သွားကာ ပုံရိပ်ကြီးကိုဖျက်ဆီးတော့၏။
အနီရောင်ပုံရိပ်သည် ရက်စက် ကြမ်းကြုတ်သောအသွင် ဖွဲ့စည်းထားသည့် မြေအောက်ကမ္ဘာစည်းမျဉ်းဖြစ်၏။ ထို့ကြောင့် ထာဝရအမှောင်ညစွမ်းအင်၏ တိုက်စားမှုကို ခံနေရချိန်တွင် ယို့ယွင်းလာတော့သည်။
“ ဂျိန်း ... ဒလိန်းလိန်း။ ”
တစ်ဖက်တွင် အနီရောင်ပုံရိပ်သည် မိုးကြိုးများကိုဆင့်ခေါ်ကာ အဆုံးမဲ့ သမုဒ္ဒရာ ကဲ့သို့ အဆက်မပြတ် စုစည်းနေ၏။
၎င်းသည် အလွန်ကြောက်မက်ဖွယ် ကောင်းလေသည်။ ယီလောင်နှင့် ငရဲဘုရင်မှာ ထိတ်လန့်တုန်လှုပ်လာကြသည်။
စုရီသည်သာ အင်မော်တယ်တူဖြင့် လမ်းပြခြင်းမရှိခဲ့သော် ဤသို့အန္တရာယ်များ လှသော ကပ်ဘေးနှင့် ရင်ဆိုင်ရလျှင် ချက်ချင်း ဆုတ်ခွာသွားမိပေလိမ့်မည်။
“ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ ... ဒီကပ်ဘေးကြီးဟာ ငါ့တပည့်ဝမ်ထျန်းအပေါ် ရည်ရွယ်နေတာ ထင်ရှားတယ်။ ”
အနက်ဝတ် အဘိုးကြီးခမျာ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သံသယနှင့် အံ့အားသင့်မှုများ ပြည့်နှက်သွား၏။
“ ငရဲဘုရင်ဆယ်ပါးက တစ်ချိန်က သူတို့အပေါ်နှိမ်နင်းခဲ့ဖူးတယ် အခုငရဲလမ်းက ဒီကမ္ဘာပေါ်တွင် ပြန်ပေါ်လာပြီဆိုတော့ သူတို့ အခုလိုတိုက်ခိုက်လာတာ သဘာဝပါပဲ။ ”
“ ဝုန်း ... ။ ”
မိုးကြိုးများ တဟုန်းဟုန်းမြည်ဟီးကာ သွေးမြူများ ရွာကျလာခဲ့သည်။ ဒေသအတွင်းရှိ အစွမ်ထက်သော မကောင်းဆိုးရွားဝိညာဉ်များ ရောက်ရှိလာပုံရ၏။
“ ဂျိန်း ... ။ ”
ပြိုင်ဘက်ကင်းထက်ရှမှုဖြင့် ချွန်ထက်သောလက်နက်အသွင် စွမ်းအားတစ်ခု ကောင်းကင်မှ ကျဆင်းလာခဲ့သည်။
လမ်းတစ်လျှောက်တွင် အနီရောင် လျှပ်စီးများတဖျပ်ဖျပ်ခတ်လျက် ကောင်းကင် ပြိုကျလာသည်နှင့် တူနေတော့၏။
ရက်စက်ကြမ်းကြုတ်သည့် မကောင်းဆိုးဝါးဝိညာဉ်များက အရပ်ရပ်ထံပါးမှ ထွက်ပေါ်လာပြီး သူ့ကိုတားဆီးရန် ကြိုးစားလာသည်။
“ သွေးငရဲ ဒိုမိန်း။ ”
ထိုမြင်ကွင်းသည် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည့် သွေးငရဲထဲကျရောက်သွား သကဲ့သို့ ခံစားလိုက်ရ၏။ ဤခရီးသည် အလွန် အန္တရာယ်များကာ အင်မော်တယ်တူကို စုရီမှ အဆက်မပြတ် ဝှေ့ယမ်းပေးနေရသည်။
အဆုံးတွင် ငရဲဘုံကိုးပါးဓားရောင်ဝါကိုပင် ဖြည့်သွင်းထားရ၏။ နာရီဝက်အကြာတွင် ဧရာမ တောင်ကြီးတစ်လုံး ရုတ်တရက် ပေါ်လာသည်။ တောင်ထိပ်ဖျားသည် တိမ်ပင်လယ်အတွင်း ထိုးဖောက်ဝင်ရောက်နေ၏။
ထိုတောင်တန်းကြီး၏ ပေတစ်ထောင်အတွင်း မိုးကြိုးတိမ်တိုက်များ ကင်းစင်နေကာ ဝင်ရောက်ဝံ့ခြင်းမရှိကြချေ။ တားမြစ်နယ်မြေလိုပင်။
“ ဆရာ၊ အဲဒီတောင်ကဘာလဲ။ ”
ယီလောင်က တောင်ထိပ်ပေါ်ရှိ ဘုံကျောင်းကို သတိထားမိကာမေးမြန်းခဲ့၏။ တောင်တန်းကြီးသည် မြေပြင်တစ်လျှောက် ဖြန့်ကျက်ထားသည့် သဘာဝနံရံလိုပင်။
“ ဒါက နာကျည်းခြင်းပင်လယ်ရဲ့ ငရဲတစ်သောင်းတောင် ရှေးခေတ်ရဲ့နတ်တောင် အဖြစ် တင်စားသတ်မှတ်ကြတယ် ပေပေါင်း သုံးထောင်ကိုးရာအမြင့်ရှိတယ် ...
... သူ့ရဲ့ တောင်ထိပ်ဖျားတွေက ကောင်းကင်ကိုထိကပ်နေပြီး မရဏကမ္ဘာရဲ့ မူလစွမ်းအားနဲ့ ချိတ်ဆက်နေတယ် ...
... ရည်ရွယ်ချက်က နာကျည်းခြင်း ပင်လယ်ကို ငြိမ်သက်စေဖို့အတွက် ဦးတည်ပြီး ဗဟိုရေပြင်မှာ ချထားတဲ့ ကျောက်တိုင်ကြီး တစ်တိုင်ပဲ ...
... နောက်ပိုင်းမှာ ငရဲလမ်းဆယ်ပါးကို နှိမ်နင်းဖို့အတွက် ငရဲဘုရင်ဆယ်ပါးပူးပေါင်းပြီး တောင်ကိုဒီနေရာအထိ ရွေ့ယူထားခဲ့တာ။ ”
ထို့နောက် စုရီက ဧရာမတောင်ထိပ်ထံ မော့ကြည့်လိုက်ပြီး၊
“ အဲဒီဘုံကျောင်းက ငရဲဘုရင်ဆယ်ပါး တည်ဆောက်ထားခဲ့တဲ့ ငရဲနန်းတော်ပဲ ငရဲခန်းမ လို့လည်း ခေါ်ကြတယ်။ ”
-ဟု ပြောကြားလိုက်၏။
လူတိုင်း နားလည်သွားသည်။ ငရဲတစ်သောင်းတောင်နှင့် ငရဲခန်းမဟူသော ထိုအမည်သည် ငရဲဘုရင်ကို ရှုပ်ထွေးမှုများ ဝင်ရောက်လာစေသည်။
ရှေးခေတ်တုန်းက သူမသည် ငရဲနန်းတော်ထံမှ ရတနာမြက်ကိုခိုးယူမိသဖြင့် နှစ်ပေါင်းများစွာ တိုက်ခိုက်ခံခဲ့ရ၏။
ထို့ကြောင့် ငရဲဘုရင်ဆယ်ပါးစွမ်းအား မည်မျှကြောက်စရာကောင်းလှကြောင်းကို သူမ ကောင်းကောင်းသိသည်။
ငရဲဘုရင်တစ်ပါးစီသည် ငရဲလမ်း၏ အမြင့်မြတ်ဆုံးဥပဒေစည်းမျဉ်းကို ကိုင်ဆောင် ထားကြပြီး ပေါင်းစပ်လိုက်သော် မရဏ ကမ္ဘာကို ကိုင်လှုပ်နိုင်၏။
ထို့ကြောင့်ပင် ငရဲဘုရင်ဆယ်ပါးကို မရဏကမ္ဘာ၏ဘုရင်များအဖြစ် သတ်မှတ်ကာ မြေအောက်ကမ္ဘာဧကရာဇ်ဆယ်ပါးဟု ခေါ်ဆိုကြသည်။
( ကောင်းကင်ဘုံကိုးပါးနန်းတော်မှ အမျိုးသမီးငရဲဘုရင်နှင့် ငရဲနန်းတော် ငရဲဘုရင် ဆယ်ပါးသည် မတူချေ။ ရောထွေးသွားခြင်းမရှိ စေရန် ငရဲဘုရင်များကိုမြေအောက်ကမ္ဘာ ဧကရာဇ်ဆယ်ပါးအဖြစ် မှတ်ယူစေချင်၏။ )
လူတိုင်းငရဲတစ်သောင်းတောင်တန်း၏ ဧရိယာအတွင်း လှမ်းဝင်လိုက်လေရာ လေးလံ တင်းကြပ်သော စည်းမျဉ်းတစ်ခုခံစားရ၏။ ကျယ်ပြန့်နက်ရှိုင်းလွန်းပြီး ပြင်းပျသော စွမ်းအားများပေပင်။
ကြက်သွေးရောင် မိုးကြိုးများသည် အရပ်မျက်နှာအနှံ့မှ ချဉ်းကပ်လာနေသည်ကို ထိုစွမ်းအားက တားဆီးပေးထား၏။
သို့မှသာ ဆရာနှင့်တပည့်သည် စိတ်သက်သာရာရသွားပြီး နောက်သို့ ပြန်လှည့် ကြည့်လိုက်မိသည်။ အဝေးတွင် သွေးရောင် လျှပ်စီးများ လှိုင်းထနေ၏။
အဆုံးမရှိသမုဒ္ဒရာကြီးလို ကြမ်းတမ်းပြီး ကြောက်စရာကောင်းသော မကောင်းဆိုးရွား ဝိညာဉ်များ စုရုံးရောက်ရှိလာနေချေပြီ။
တစ်ချက်ကြည့်လိုက်ရုံဖြင့် ကျောရိုးတစ်လျှောက် စိမ့်သွားလောက်အောင် လုံလောက်နေ၏။ အတွင်း၌ ပိတ်မိသော် မည်မျှ စိတ်ပျက်အားငယ်ရမည်ကို မတွေးဆနိုင်ချေ။
“ တာအိုစုသာ မရှိရင် ငါနဲ့ငါ့တပည့် ကံကြမ္မာက ပြီးဆုံးသွားလိမ့်မယ်။ ”
အနက်ဝတ်အဖိုးကြီးမှ ပြောကြား၏။ ထိုစဉ်က ငရဲနန်းတော်အတွင်း၌သာ ကပ်ဘေး ခံယူမှာကြားခဲ့သည်ကို သတိရလာသည်။
သို့သော် သူနှင့် သူ့တပည့်သည် ငရဲနန်းတော်မည်သည့်အရပ်တွင် ရှိနေမှန်း မသိ သောကြောင့် ထိုအရပ်၌ဒုက္ခခံယူမိခြင်းပေပင်။ ကံကောင်းထောက်မစွာဖြင့် စုရီနှင့်ဆုံရခြင်းက သူတို့အသက်ကို ကယ်တင်ပြီးဖြစ်လေသည်။
သွေးငရဲဒိုမိန်းအတွင်း ပိတ်မိသော် ရွှမ်ယုအဆင့်ဧကရာဇ်ဖြစ်သော သူသည်ပင် နှလုံးသားကိုတိုက်စားခံရကာ နတ်ဆိုးအဖြစ် ပြောင်းလဲပျက်စီးရပေမည်။
ဤသည်မှာ သာမန်ကပ်ဘေးတစ်ခု မဟုတ်ဘဲ ကမ္ဘာဖျက်ကပ်ဘေးတစ်ခုလိုပေပင်။ စုရီက အဝေးကိုငေးကာ၊
“ ဒီနတ်ဘုရားသင်္ချိုင်း အပျက်အစီးမြေကို အန္တရာယ်အရှိဆုံး တားမြစ်မြေလို့ သတ်မှတ်ခဲ့ ကြတယ် ... ငါ့ရဲ့အကောင်းဆုံးအချိန်တုန်းက ဒီမှာသုံးနှစ်ကြာအောင် ပိတ်မိနေခဲ့ဖူးတယ်။ ”
-ဟု ပြောကြားလိုက်၏။
ထို့ကြောင့် ဤအရပ်သို့မလာခင် ညစောင့်ထံမှ အင်မော်တယ်တူကို ငှားရမ်းခြင်း ဖြစ်လေသည်။ ထာဝရအမှောင်ညတာအို စည်းမျဉ်းသည် နတ်ဘုရားသင်္ချိုင်းမြေ၏ စည်းမျဉ်းများကို အနိုင်ယူနိုင်စွမ်းရှိ၏။
“ သွားကြစို့၊ ငရဲနန်းတော်မှာ ခဏနားမယ်။”
စုရီက တောင်ထိပ်ကို ဦးဆောင်ပြီး လှမ်းတက်သွားသည်။ တောင်တန်းကြီးသည် ချည်းကပ်လာချိန်၌ လေးနက်သောစည်းမျဉ်း တစ်ခု သိုင်းခြုံထားကြောင်း ခံစားမိ၏။
တောင်ထိပ်ပေါ်တွင် ရှေးဟောင်း ဘုံကျောင်းတစ်ခုရှိနေပြီး နတ်ဘုရားများသည် ထိုအရပ်၌ ကိန်းဝပ်စံမြန်းနေသည်ဟုပင် ထင်မှားရစေသည်။
မရေမတွက်နိုင်သော အချိန်မြစ်ကြီး၏ တိုက်စားမှုများကြောင့် ဘုံကျောင်းတဝိုက်တွင် အဆောက်အအုံများ ပြိုကျနေ၏။
ငါးယောက်သား ဘုံကျောင်းရှေ့ရပ်ကာ မော့ကြည့်လိုက်မိသည်။ ငရဲနန်းတော်ဟူသော နဖူးစည်းစာတန်းကြီးကို မြင်လိုက်ရ၏။
အဓိကခန်းမကြီးဝင်ပေါက်၌ နတ်သားရဲရုပ်တုနှစ်ခု ထိုင်နေခဲ့သော်လည်း ပြိုကျပျက်စီးနေတော့သည်။ ကြေးတံခါးသည် (၁၈)ပေအမြင့်ရှိကာ တင်းတင်းကျပ်ကျပ် ပိတ်ထားသည်။
တံခါးဝတွင် မြေအောက်ကမ္ဘာ ဧကရာဇ်ဆယ်ပါးပုံကို ရေးထွင်းထားလေသည်။ အချိန်ကာလတိုက်စားမှုကြောင့် ရုပ်တုများမှာ ညှိုးနွမ်းပျက်စီးနေပြီဖြစ်၏။
သို့တိုင် ဘုရင်ချူကျန်း၊ ဘုရင်ထိုင်ရှန်၊ ဘုရင်ချင်ကွမ်းနှင့် ဘုရင်တိကျန်အပါအဝင် ဘုရင်ဆယ်ပါး၏ ရုပ်ပုံများဖြစ်ကြောင်း မှတ်မိနိုင်ပါသေးသည်။
“ ရှေးခေတ်တုန်းက ငရဲဘုရင်တိုင်းဟာ မရဏကမ္ဘာကြီးမှာ အမြင့်မားဆုံးသောဥပဒေကို ကိုင်စွဲထားပြီး သူတို့ရဲ့ကျင့်ကြံမှုက နားမလည် နိုင်လောက်အောင်ပါပဲ ...
... သူတို့ကို မြေအောက်ကမ္ဘာ ငရဲဧကရာဇ်က ဦးဆောင်ပြီး လမ်းစဉ်ခြောက်ပါး အုပ်စိုးရှင်တွေနဲ့အတူ ငါ့ကိုတိုက်ခိုက်ခဲ့ကြပြီး ဝိညာဉ်ကို ဖျက်ဆီးလုနီးပါးဖြစ်စေခဲ့တယ် ...
... နောက်ဆုံးမှာတော့ မှားယွင်းသွာသေဆုံးခြင်း မြို့တော်ထဲမှာ ငါ့ကို အကျဉ်းချနိုင်ခဲ့ကြတယ် ... အချိန်တွေကုန်တာ မြန်လွန်းပါတယ် အခုတော့ ငါ့ရန်သူတွေဟာ ဒီကမ္ဘာကြီးကနေ ပျောက်ကွယ်ကုန်ပြီ ... ။ ”
ငရဲဘုရင်မှ ညည်းတွားလိုက်သည်။ ယီလောင်၏ မျက်လုံးများတွင် ထူးဆန်းသော အလင်းရောင်တစ်ခုဖြစ်ပေါ်လာ၏။
“ ဒါပေမယ့် မင်းအသက်ရှင်ခဲ့တယ် မဟုတ်လား နောက်ဆုံးတော့ တခြားသူတွေနဲ့ ယှဉ်ရင် မင်းသူတို့ကိုကျေးဇူးတင်သင့်တယ်။ ”
စုရီမှ တည်ငြိမ်စွာပြောသည်။ ငရဲဘုရင်မှ မျက်မှောင်ကြုတ်လိုက်သော်လည်း ငြင်းဆိုခြင်း မပြုတော့ချေ။ စုရီက ရှေ့သို့လှမ်းတက်သွားပြီး ကြေးဝါတံခါးများကို တွန်းထုတ်လိုက်၏။
“ ကျွီ ... ။ ”
(၁၈)ပေမြင့်သော ကြေးတံခါးသည် ဖြည်းဖြည်းချင်းပွင့်သွား၏။ သို့သော် အတွင်းရှိ မြင်ကွင်းကိုမြင်သောအခါ စုရီမှ မျက်ခုံးပင့် လိုက်တော့သည်။
ခန်းမကြီးသည် ကျယ်ဝန်းပြီး ဗလာကျင်းနေကာ နံရံလေးဖက်တွင် မီးအိမ်များ ထာဝရထွန်းလင်းနေ၏။
ခန်းမအလယ်တွင် မီးပုံကြီးတစ်ခု လောင်ကျွမ်းနေသည်။ မီးပုံအနား၌ အပြာဝတ် အမျိုးသားတစ်ဦးထိုင်နေကာ လက်ထဲတွင် ကြက်တောင်ပံတစ်ဖက်ကို ကင်နေ၏။
ထိုတောင်ပံသည် ရွှေရောင်တောက်ပလျက် ဆွဲဆောင်မှုရှိသောရနံ့သည် ဗလာကျင်းနေသော ခန်းမကြီးအတွင်း ပြည့်နှက်နေချေပြီ။
ဤမြင်ကွင်းသည် စုရီအတွက် လုံးဝမမျှော်လင့်ထားချေ။ ဤသည်မှာ ငရဲဘုရင် ဆယ်ပါးမှ တည်ထောင်ထားသော ငရဲနန်းတော် ဖြစ်သည်။
ခေတ်အဆက်ဆက် မြေအောက်ကမ္ဘာ သင်္ချိုင်း၏ တားမြစ်နယ်မြေဖြစ်ခဲ့ကာ မည်သူမျှ ဝင်ရောက်နိုင်ခြင်းမရှိကြချေ။
ယခုမူတစ်စုံတစ်ယောက်သည် စိတ်အေးလက်အေးဖြင့် အသားကင်စားနေ၏။ ယီလောင်မှ အကြည့်များ ပြောင်းသွားပြီး စုရီအနား တိုးကပ်လာသည်။
“ ဆရာ ... ဒီလူမှာ တစ်ခုခုမှားနေတယ်။”
တစ်ဖက်လူသည် သူနားမလည်သော ထူးကဲသည့်စွမ်းအင်များ ပိုင်ဆိုင်ထားသည်ကို ခံစားမိသည်။ ငရဲဘုရင်က မျက်ခုံးပင့်လျက် စိုက်ကြည့်ကာ ရေရွတ်လိုက်သည်။
“ စကြဝဠာတိမ်တိုက်ကြာပန်းသရဖူ ... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ”
ထိုသူ၏ဦးခေါင်းပေါ်ရှိ ကြယ်သရဖူ အလယ်တွင် ကြာပန်းပုံသဏ္ဍာန် အမှတ်အသား တစ်ခု ရေးထွင်းထားပြီး သက်ဝင်နေ၏။
အနီးကပ်ကြည့်သော် ထိုအတံဆိပ်မှ အဆုံးမရှိကြယ်တာရာ အလင်းတန်းများကဲ့သို့ လည်ပတ်နေသည်ကို မြင်နိုင်ချေမည်။
တစ်ဖက်တွင် စုရီ၏ အကြည့်များမှာ အပြာရောင်ဝတ်အမျိုးသားလက်ထဲရှိ ဓားထံသို့ စိုက်ကြည့်နေလျက်ဖြင့် အေးစက်လာသည်။
တစ်ခုခုမှားနေသည်ကို သူခံစားနိုင်၏။ အဘယ့်ကြောင့်ဆိုသော် မွှေးရနံ့များစွာလှိုင်လှိုင် ထွက်နေသော ထိုတောင်ပံတစ်ဖက်အပေါ် ရင်းနှီးချေပြီ။
ဆိုလိုသည်မှာ ကြက်ဖကိုသတ်ပြီး အတောင်ပံများနှင့်အသားများ ကင်စားနေခြင်း ပေပင်။
***