ကြယ်မြစ်ဂိုဏ်း ... ။
Vol. 67 Ch. 802
မရဏကမ္ဘာရှိလူတိုင်းက ကြက်ဖကြီးကို မက်မွန်မြို့တော်သခင်အဖြစ် ခေါ်ဆိုကြသည်။ သူ၏အသွင်အပြင်သည် ယန်စွမ်းအင် ရစ်ငှက်တစ်ကောင်ဖြစ်၏။
“ ဒီလူရဲ့ အထောက်အထားကို မင်းသိနေတာလား။ ”
စုရီက ငရဲဘုရင်ကို မေးလိုက်သည်။
“ ဒီလူကိုမသိပေမယ့် သူ့နောက်ကွယ်က အင်အားစုကို ငါသိတယ် ... ကြယ်မြစ်ဂိုဏ်းကပဲ သူတို့က ငါတို့လို ကြယ်တွေစုံတဲ့ ကောင်းကင်ကြီးကနေလာတာ ...
... ငါတို့ကောင်းကင်ကိုးပါး နန်းတော်ထက်မနည်းတဲ့ အခြေခံအုတ်မြစ်ကို ပိုင်ဆိုင်ထားတယ် ဒီလူရဲ့ ခေါင်းပေါ်က သရဖူကို တိမ်ကြာပန်းသရဖူလို့ခေါ်တယ် ...
... ဒါကိုဝတ်ဆင်ထားပုံအရ ကြယ်မြစ် ဌာနခွဲလေးခုထဲက တစ်ခုဖြစ်တဲ့ မိုးတိမ်ဌာနရဲ့ ကာကွယ်သူတစ်ယောက်ပဲ။ ”
ထို့နောက် ငရဲဘုရင်က ဆက်ပြောပြလာသည်။ ကြယ်မြစ်ဂိုဏ်းကြီးတွင် နန်းတော်သုံးခုနှင့် ဌာနခွဲလေးခုရှိ၏။ နန်းတော် သုံးခုသည် နေနန်းတော်၊ လနန်းတော်နှင့် ကြယ် နန်းတော်တို့ ဖြစ်ကာ ဌာနခွဲလေးခုသည် လေ၊ မိုးကြိုး၊ မိုးတိမ်နှင့် မီးတို့ဖြစ်သည်။
အပြာရောင်ဝတ်ရုံဝတ်ထားသော အမျိုးသား၏ တိမ်ကြာပန်းသရဖူအရ မိုးတိမ် ဌာနခွဲ အမှတ်သင်္ကေတပေပင်။
ကြယ်မြစ်ဂိုဏ်း၏ အစွမ်းထက်ဆုံး အမွေသည် ကြယ်ဆိတ်သုဉ်းခြင်းဥပဒေ ဖြစ်၏။ ကောင်းကင်ဆန္ဒ ဥပဒေထက် အားမနည်းချေ။ ထိုအကြောင်းကို ကြားသိလိုက်သောအခါ စုရီတစ်ယောက် မျက်ခုံးပင့်သည်။
“ မင်းတို့တွေ ဒီကို ရောက်အောင် လာနိုင်တယ်ဆိုတော့ ဒီကမ္ဘာရဲ့အထူးချွန်ဆုံး ပုဂ္ဂိုလ်တွေဆိုတာ သေချာတယ် ... ဒါပေမယ့် ငါ့ဂိုဏ်းအကြောင်းကို သိနေပြီဆိုတော့ ဒီကနေ ချက်ချင်းထွက်သွားဖို့ အကြံပေးချင်တယ်။ ”
ထိုအချိန်တွင် မီးပုံဘေးတွင် ကြက်တောင်ပံကိုကင်နေသော အပြာဝတ်လူက ရုတ်တရက်ပြောကြားလာသည်။
သူ့ကျင့်ကြံမှုသည် ကနဦးရွှမ်ယုအဆင့် ၌သာရှိ၏။ သို့သော်လည်း ကြယ်ဆိတ်သုဉ်းခြင်း ဥပဒေကြောင့် မာနကြီးသောအသွင်မျိုးဖြင့် သက်တောင့်သက်သာရှိနေလေသည်။
“ မင်းတို့ ဒီမှာစောင့် ... ။ ”
စုရီက လူတိုင်းကို ခန်းမတံခါးနားတွင် ရပ်စေလျက် ခြေလှမ်းကျဲကျဲဖြင့် ဝင်ရောက် သွားတော့၏။ အပြာရောင်ဝတ်လူသည် စုရီကို မျက်ခုံးပင့်လျက် မကျေမနပ် ဖြစ်သွားသည်။
“ ငါ့အကြံဉာဏ်ကို လျစ်လျူရှုခြင်းက သေခြင်းကို ဦးတည်စေနိုင်တယ်။ ”
သို့တိုင် စုရီ၏ ချောမောသော အသွင်အပြင်နှင့် အနည်းငယ်ကျုံ့နေသော မျက်ဝန်းများသည် ဂရုမစိုက်သော သာလွန် ထူးကဲမှုပုံစံကို ထုတ်ဖော်ပြနေ၏။
“ သူ့ကို မင်းသတ်လိုက်တာလား။ ”
စုရီက အေးစက်စွာမေးသည်။
“ ဘယ်သူ့ကိုလဲ ... ။ ”
အပြာရောင်ဝတ်ထားသောလူက မျက်မှောင်ကြုတ်နေရာမှ တစ်စုံတစ်ရာအပေါ် မှန်းဆနိုင်သွားပြီး လှောင်ပြုံးဖြင့်၊
“ ငါသိပြီ ... မင်းက အဲဒီရောင်စုံကြက်ဖကို ရည်ညွှန်းနေတာပဲ ဟုတ်တယ်၊ ငါသတ်လိုက်ပြီ။ ”
-ဟု ပြန်ဖြေ၏။
“ ဘာလို့သတ်တာလဲ။ ”
စုရီက တည်ငြိမ်သွားသည်။ ဤလူသည် ကြောက်မက်ဖွယ်ကောင်းသော တာအိုစွမ်းအား ပိုင်ဆိုင်ထားပြီး အလွန်အမင်းအန္တရာယ် ပေးနိုင်ကြောင်း မည်သူမဆိုသိ၏။
“ ဟားဟားဟား ... ။ ”
အပြာရောင်ဝတ်ထားသောလူက ပြန်မဖြေသေးဘဲ ကင်ထားသောအတောင်ပံကို မြှောက်ကာ စစ်ဆေးနေတော့၏။ ထို့နောက် တောင်ပံကို တစ်ကိုက်ကိုက်စားကာ၊
“ ဘာမှမဖြစ်ဘူး ... ငါ့စားချင်လို့။ ”
-ဟု ပြန်ဖြေလိုက်လေသည်။
“ ဒီကြက်ဖဟာ ယန်မီးတောက်တာအိုနဲ့ မွေးဖွားလာတာပဲ ထူးကဲတဲ့အစွမ်းတွေရှိတယ် ဒါပေမယ့် ...
... ငါ့အမြင်မှာတော့ ဒီကြက်ဖဟာ ကမ္ဘာပေါ်မှာ အလှပဆုံးသော အစားအစာပါပဲ အထူးသဖြင့် သူ့ရဲ့တောင်ပံတွေပေါ့ အရသာ အရမ်းရှိတယ် ကြွပ်ကြွပ်ရွရွနဲ့၊ မင်း ... စားကြည့်မလား။ ”
လူတိုင်း တိတ်ဆိတ်သွား၏။ တစ်ဖက်လူသည် ကြော့ရှင်းသပ်ရပ်သော်လည်း အမှန်ပင် မက်မွန်သခင်ကို အစားအစာအဖြစ် သဘောထားနေချေပြီ။
ထိုသို့ဂရုမစိုက်သော အပြုအမူသည် ပွင့်ပွင့်လင်းလင်း ရန်စမှုတစ်ခုပေပင်။ စုရီက တိတ်ဆိတ်သွား၏။
“ ဘာလဲ၊ မင်းက အဲဒီကြက်ဖရဲ့ သူငယ်ချင်းလား။ ”
အပြာရောင်ဝတ်ထားသူက ပြုံးပြီး မေးမြန်းလာသည်။ စုရီမှ ခေါင်းညိတ်ပြကာ၊ ‘ဟုတ်တယ်’-ဟု ပြန်ဖြေ၏။
“ ဒါဆို မင်းငါ့ကိုလက်စားချေဖို့ စဉ်းစားနေလား။ ”
အပြာရောင်ဝတ်လူ၏ အကြည့်များက ရွှင်မြူးလာသည်။
“ ဒါပေမယ့် မင်းကိုဒီလိုမလုပ်ဖို့ ငါအကြံပေးချင်တယ် မဟုတ်ရင် အဲဒီကြက်ဖလို မင်းလည်းဖြစ်သွားနိုင်တယ်။ ”
“ ဒီလူ ... ။ ”
ယီလောင်က မျက်မှောင်ကြုတ် လိုက်လေသည်။ တစ်စုံတစ်ယောက်သည် ထိုသို့ အရသာအပေါ် ရူးသွပ်နေသည်ကို မမြင်ဖူးချေ။ ဤသို့ခြိမ်းခြောက်ခြင်းဖြင့် ဆရာသခင်၏ ဒေါသကို ပိုမိုနှိုးဆွရာရောက်ချေမည်။
သူ့အတွေးမဆုံးခင်မှာပင် စုရီက လှုပ်ရှားလိုက်ပြီဖြစ်၏။ သူ့မိတ်ဆွေဟောင်းကို အစားအစာအဖြစ် ယူဆနေသည်မှာ သည်းခံနိုင်စရာ မရှိတော့ချေ။
ထိုအခြေအနေမျိုးတွင် အပြာရောင်ဝတ်လူ မည်မျှအစွမ်းထက်သည်ကို ဂရုမစိုက်ဘဲ လက်စားချေရန် စိတ်ပိုင်းဖြတ် လိုက်ပြီဖြစ်၏။
“ ရွှပ် ... ။ ”
အင်မော်တယ်တူသည် ထာဝရအမှောင်ညစွမ်းအားကို ထုတ်လွှတ်ပြီး ဓားအလင်းအဖြစ်ပေါင်းစပ် ပြေးဝင်သွားသည်။
“ ဟားဟားဟား ... ။ ”
အပြာရောင်ဝတ်လူမှ ရယ်မောလိုက်ပြီး သူ့အင်္ကျီလက်ကို ချက်ချင်းလှုပ်ယမ်းလိုက်၏။ နတ်မီးလျှံတောက်များက ကြယ်တစ်စင်း ကြွေကျသည့်အလား ပျံထွက်လာသည်။
“ ဟမ့် ... ။ ”
မျက်စိတမှိတ်အတွင်း ထာဝရအမှောင်ည ဓားအလင်းသည် အငွေ့ပျံပျောက်ကွယ်သွား၏။ လူတိုင်းအံ့အားသင့်သွားတော့သည်။
စုရီ၏ လက်ရှိခွန်အားသည် ရွှမ်ယု ဧကရာဇ်ကို အလွယ်တကူသတ်နိုင်ပေသည်။ သို့သော် အပြာဝတ်လူသည် ထိုစွမ်းအားကို ချက်ချင်းအရည်ဖျော်နိုင်ခဲ့၏။
“ ကြယ်ဆိတ်သုဉ်းမှု နိယာမ။ ”
ငရဲဘုရင်မှ အော်ဟစ်လိုက်သည်။ တစ်ဖက်လူသည် အထူးသန်မာခြင်း မရှိဘဲ ကြယ်မြစ်ဂိုဏ်း၏ အမြင့်မြတ်ဆုံး တာအိုကို မြင့်မားစွာနားလည်ထား၏။
ထိုတာအိုဥပဒေသည် ကောင်းကင် ဆန္ဒနိယာမထက်မနည်း အစွမ်းထက်လှသော တားမြစ်စွမ်းအားတစ်ခုပေပင်။
စုရီက မျက်ခုံးပင့်လိုက်လေသည်။ လက်ရှိအချိန်၌ ထူးခြားပြီးဆန်းကြယ်သော တာအိုနိယာမစွမ်းအားကို ကြုံတွေ့နေရကြောင်း နားလည်လိုက်၏။
ဤသည်မှာ မဟာတာအိုကပ်ဘေးနှင့် မတူဘဲ ကြယ်တစ်စင်းလောင်မြိုက်ပျက်စီးနေ သကဲ့သို့ ပျက်သုဉ်းခြင်းနှင့် လောင်မြိုက်ခြင်း နိယာမတစ်ခုဖြစ်လေသည်။
ထုတ်လွှတ်လိုက်သည်နှင့် ကြယ်တစ်လုံး ပေါက်ကွဲသည့်အလား ကြီးစိုးပြင်းထန်ချေ၏။ အပြာဝတ်လူမှ အနည်းငယ် ငြိမ်သက်သွားသော စုရီထံလှည့်ကြည့်ကာ လှောင်ပြုံးဖြင့်၊
“ မင်းငါ့ကိုတိုက်ခိုက်ရဲတဲ့အတွက် မင်းအသက်ကို ငါယူလိုက်မယ်။ ”
စကားဆုံးသည်နှင့် ထိုင်လျက်မှ မထဘဲ သူ့လက်ချောင်းကို လှုပ်ယမ်းလိုက်လေသည်။ လက်ဖျားမှ မီးတောက်တစ်စ လင်းလက်ကာ ပြေးထွက်လာ၏။
“ ချီ ... ။ ”
မီးတောက်သည် လေထုအလယ် တိုး၍လောင်ကျွမ်းပြီး ကြယ်တစ်စင်းအလား စုရီထံ တိုးဝင်သွား၏။ ကြောက်မက်ဖွယ်ရာ ပျက်သုဉ်းလောင်မြိုက်ခြင်း စွမ်းအားပေပင်။
ထိုမြင်ကွင်းသည် ကောင်းကင်မှ ကြယ်ကြီးတစ်စင်းကြွေကျလာသလို စူးရှကာ တောက်ပလွန်းနေ၏။
“ ဝုန်း ... ။ ”
သို့သော် ထိုကြယ်ကြွေသလို ပြင်းထန်သောစွမ်းအားသည် အင်မော်တယ်တူ အောက်တွင် စက္ကူတစ်စလို ပြိုကွဲ ပျက်စီးသွား၏။
ယီလောင်နှင့် အနက်ဝတ်အဖိုးအိုးမှာ မျက်ဝန်းများတောက်ပသွားသည်။ ငရဲဘုရင် သာလျှင် ပို၍တိတ်ဆိတ်သွား၏။
ဤစုရီသည် ကောင်းကင်ဆန္ဒဥပဒေ သာမက ကြယ်ဆိတ်သုဉ်းခြင်းဥပဒေကိုပင် ဖျက်ဆီးနိုင်နေချေပြီ။
ယင်းသည် ကောင်းကင်ကိုးပါး နန်းတော်သခင်နှင့် ကြယ်မြစ်ဂိုဏ်းချုပ်တို့၏ အကြီးမားဆုံးသော အန္တရာယ်ဖြစ်၏။
“ မင်းတကယ်ပဲ ကြယ်ဆိတ်သုဉ်းခြင်း ဥပဒေစွမ်းအားကို ချေဖျက်နိုင်တာလား။ ”
တစ်ချိန်တည်းမှာပင် အပြာရောင် ဝတ်ရုံဝတ်ထားသောလူသည် ထိတ်လန့်သွားပြီး ရုတ်တရက် ထရပ်လိုက်တော့သည်။
စုရီမှ ပြန်မဖြေဘဲ အင်မော်တယ်တူဖြင့် နော်ကတစ်ကြိမ် ရှေ့သို့တိုးဝင်လာတော့သည်။ သူ့ဝတ်ရုံများ လှိုင်းထလာကာ ဆံပင်ရှည်များ လွင့်မျောလျက် သတ်ဖြတ်ခြင်း ရည်ရွယ်ချက် ပေါက်ကြားလာ၏။
“ ဝှစ် ... ။ ”
အပြာဝတ်လူက သူ့ဓားကို ဝှေ့ယမ်း လိုက်သောအခါ ကြယ်အလင်းများလင်းကာ နတ်မီးတောက်များ ပြေးထွက်လာခဲ့သည်။
“ သွား ... ။ ”
ယင်းသည် စွမ်းအင်အရင်းအမြစ်တစ်ခု ပေါက်ကွဲလာသကဲ့သို့ ပြင်းထန်လွန်းချေသည်။ ဤကဲ့သို့ မရဏကမ္ဘာတွင် ကြယ်ဆိတ်သုဉ်းခြင်း ဥပဒေအပေါ် ချေဖျက်နိုင်သူတစ်စုံတစ်ယောက် ရှိနေကြောင်းကို လက်မခံလိုချေ။
“ ဝုန်း ... ။ ”
ထိပ်တိုက်တွေ့ဆုံမှု၌ ပေါက်ကွဲမှု ဖြစ်ပွားလာပြီး တာအိုနိယာမစွမ်းအင်လှိုင်းများ ပြန့်ကားကုန်သည်။
“ ဘုန်း ... ။ ”
အကျိုးဆက်အနေဖြင့် အပြာဝတ်လူခမျာ နောက်သို့လွင့်စင်သွားကာ နံရံနှင့်ပြင်းစွာ တိုက်မိသွားတော့၏။
ယီလောင်နှင့်အဖွဲ့သည် မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်မိသည်။ သူတို့အမြင်တွင် အပြာဝတ် လူသည် အလွန်ကြောက်စရာကောင်းသော စွမ်းအားတစ်ခုကို နားလည်ထား၏။
ရွှမ်ယုအဆင့်ရှိ မည်သူမဆို ခြိမ်းခြောက်ခံရ၏။ သို့သော် ယခုအချိန်တွင် စုရီ၏ ဓားတစ်ချက်တည်းဖြင့် လွင့်စင်သွားခြင်း ခံလိုက်ရလေသည်။ မည်သူသည် မအံ့ဩဘဲ နေမည်နည်း။
“ မျှော်လင့်ထားတဲ့အတိုင်းပဲ ဒီလူရဲ့အဲဒီစွမ်းအားက ကြယ်ဆိတ်သုဉ်းခြင်း ဥပဒေကို ဖျက်ဆီးနိုင်တယ် ...
... ဒီလိုအခြေအနေမျိုးမှာ ကြယ်မြစ်ဂိုဏ်းအတွက် သေချာပေါက် အားနည်းချက်ပါပဲ။ ”
ငရဲဘုရင်က ခပ်တိုးတိုးညည်းညူလိုက်၏။ သူမစကားများကို ယီလောင်မှကြားသော်လည်း နားမလည်နိုင်ခဲ့ချေ။
“ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”
အဆုံး၌ အပြာဝတ်လူသည် ကြမ်းပြင်မှ ထရပ်လာပြီး မျက်နှာသိသိသာသာ ပြောင်းလဲ သွားလေသည်။ ဤရလာဒ်ကို လက်မခံနိုင်ချေ။
တည်ငြိမ်မှုပျောက်ဆုံးသွားကာ သူ့ပြိုင်ဘက်သည် အမှန်တကယ်ကြောက်စရာ ကောင်းနေကြောင်း နားလည်လိုက်၏။
သို့သော် နောက်ကျသွားသည်။ စုရီက အင်မော်တယ်တူကို ကြိမ်လုံးအဖြစ်အသုံးပြုပြီး ရိုက်နှက်လာပြီဖြစ်၏။
“ ဟမ့် ... ။ ”
“ ရွှပ် ... ။ ”
ချက်ချင်းပင် ကြယ်အလင်းများဖြင့် အကာအကွယ်အလွှာ ဖန်တီးလိုက်သော်လည်း အချည်းနှီးပေပင်။
“ မင်း ... ။ ”
“ ရွှပ် ... ရွှပ် ... ။ ”
မျက်စိတမှိတ်အတွင်း သွေးများဖြင့် ဖုံးလွှမ်းကာ အရေပြားများစုတ်ပြဲပြီး ဝက်ကြီး တစ်ကောင်လို ရောင်ကိုင်းလာသည်။
“ အား ... ။ ”
အရိုးများ ကျိုးကြေသွားပြီး နှုတ်ခမ်းမှ သွေးများစီးကျလျက် ဒေါသနှင့်ကြောက်ရွံ့မှုများ တပြိုက်နက်တည်းပင် ခံစားလာရကာ ထွက်ပြေးရန် ကြိုးစားတော့သည်။
“ မင်း ..... အား။ ”
သို့သော် ငရဲဘုရင်သည် ထွက်ပေါက်တွင် ပိတ်ရပ်နေသဖြင့် စုရီ၏ရိုက်နှက်ခြင်းအပေါ်သာ အဆက်မပြတ်ခံနေရပြီး နာကျင်စွာဖြင့် အော်ဟစ်လိုက်ရသည်။
ထိုမြင်ကွင်းသည် သနားစရာ ကောင်းလွန်းနေကာ မြင်ရသူများအတွက်ပင် နာကျင်စေ၏။ ဤသည်မှာ ဒေါသဖြင့် ရိုက်နှက်နေခြင်းပေပင်။
“ မရိုက်ပါနဲ့ ... မရိုက်ပါနဲ့တော့ ငါအရှုံးပေးပါတယ် ... သူ ... သူ မသေပါဘူး အဲဒီကြက်ဖ မသေသေးပါဘူး၊ အား ... ။”
အဆုံး၌ အပြာဝတ်လူသည်ဆက်ပြီး မထိန်းနိုင်တော့ဘဲ ကြက်ဖကြီးအသက်ရှင်နေ သေးကြောင်း အော်ဟစ်ဝန်ခံကာ ကရုဏာ တောင်းခံခဲ့လေသည်။ သို့မှသာ စုရီက ရပ်လိုက်တော့၏။
“ ရွှပ် ... ။ ”
“ အား ... ။ ”
သို့သော် မကျေမနပ်ဖြင့် နောက်ဆုံးတစ်ချက်ကို ရိုက်ချလိုက်သေးသည်။ အပြာဝတ်လူခမျာ ယိမ်းထိုးလျက် ဒူးထောက်ကျသွားတော့၏။
“ ဝုန်း ... ။ ”
ဒဏ်ရာများသည် အရမ်းပြင်းထန်ကာ အပြာရောင်အင်္ကျီတစ်ထည်လုံး ဖွာလန်ကျဲပြီး ဒူးထောက်နေရာမှ လဲပြိုကျသွားတော့သည်။ ပြန်မထနိုင်တော့ချေ။
***