← Chapters

ဆူးကိုးဆူးကို ဖယ်ရှားခြင်း; သတ္တမပင်လယ် ချီတက်လာပြီ

Vol. 91 Ch. 1263

ဆူးကိုးဆူးကို ဖယ်ရှားခြင်း; သတ္တမပင်လယ် ချီတက်လာပြီ

Vol. 91 Ch. 1263

မှန်သည်၊ မန်ဟိုသည် တာအိုဥသျှောင်တစ်ဦးမဟုတ်သလို၊ ထိုအဆင့်နှင့်လည်း မညီမျှပေ။ သို့သော် သူ၏အတိုက်အခိုက်စွမ်းရည်ကို အပြည့်အဝ ထုတ်လွှတ်လျှင်တော့ တာအိုဥသျှောင်အဆင့်အောက်ရှိ မည်သည့်တာအိုနယ်ပယ်ပညာရှင်ကိုမဆို တိုက်ခိုက်နိုင်သည်။ ယင်းက သူ၏အပြင်အားကိုယ်၊ ပါရာဂွန်မှော်သိုင်းကွက်နှင့် အရေးအကြီးဆုံးအနေဖြင့် လောကပါလတာအိုအင်မော်တယ်တစ်ဦး ဖြစ်နေသော အချက်နှင့် များစွာသက်ဆိုင်သည်။

ထိုအကြောင်းများကြောင့် သူသည် အင်မော်တယ်လေးတစ်ဦးသာ ဖြစ်သည့်တိုင် တာအိုနယ်ပယ်ကို ကိုင်လှိုင်နိုင်ခြင်း ဖြစ်ပေ၏။

“မကြာခင် နိဗ္ဗာနသစ်သီးလေးလုံးစလုံး တစ်သားတည်း ဖြစ်သွားလိမ့်မယ်။ သူတို့ ငါ့ရဲ့ တာအိုသစ်သီးဖြစ်လာရင်တော့ ရှေးဟောင်းနယ်ပယ်တံခါးကို ဖွင့်ပြီး ငါ့ ဝိညာဉ်မီးအိမ်တွေကို ငြှိမ်းနိုင်အောင် ကူညီပေးနိုင်ပြီ။ ငါ မသေချာတဲ့ တစ်ခုတည်းသောအရာက တာအိုမီးအိမ်ဘယ်နှလုံး ငါ ရမလဲ ဆိုတာပဲ” မန်ဟို၏မျက်လုံးများသည် မျှော်လင့်ချက်တို့ဖြင့် တောက်ပနေ၏။ တာအိုနယ်ပယ်ကို တိုက်ခိုက်နိုင်နေပြီဖြစ်၍ သူ့အတွက် ရှေးဟောင်းနယ်ပယ်မှာ ခြေနင်းကျောက်တုံးလေးတစ်တုံးမျှသာ ရှိလေသည်။

မန်ဟိုသည် သူ၏စတုတ္ထနိဗ္ဗာနသစ်သီးကို ရာနှုန်းပြည့်စုပ်ယူခံနိုင်တော့မည်ကို ခံစားလိုက်ရသဖြင့် အင်မတန် စိတ်လှုပ်ရှားလာ၏။ လောလောဆယ် သူက မန်ရူနှင့် ကျန်မိန်းကလေးနှစ်ယောက်နှင့်အတူ သူတို့သွေးဆက် စောင့်နေသော ကုန်းမြေထံ ပျံသန်းသွားနေလေသည်။

မကြာမီမှာပဲ သူတို့ ပြန်ရောက်သွားကြသည်။ ယခုလေးတင် အကယ်ခံခဲ့ရသော မိန်းကလေးနှစ်ယောက်မှာ အရာအားလုံး မည်မျှကွဲပြားခြားနားနေသည်ကို မြင်လျှင် အတိုင်းထက်အလွန် စိတ်လှုပ်ရှားလာကြတော့၏။ မန်ဟိုက သူ့အဘွားနှင့် ဘိုးဘိုးလေးတို့ကို သွားတွေ့သည်။ မိန်းကလေးနှစ်ယောက်ကို ကယ်နေတုန်းက ဖြစ်ခဲ့သမျှအကြောင်းစုံကို သူ့အဘွားကို ပြောပြီးနောက် သူမသည် သူ့ကို မေးလေ၏။ “ဟိုအာ အဘွားတို့ဒဏ်ရာတွေကို အကောင်းပကတိ ပြန်ကုသပေးနိုင်မယ်လို့ မြေးလေး ဘယ်လောက်ယုံကြည်ချက်ရှိသလဲ”

လူအိုသုံးယောက်သည် မန်ဟို့ကို ကြည့်ရင်း အဖြေကို စောင့်နေကြ၏။

သူက တခဏစဉ်းစားပြီးနောက် ခေါင်းမော့၍ ပြန်မောလိုက်သည်။ “ ၁၀၀ ရာခိုင်နှုန်း ယုံကြည်တယ်လို့တော့ ကျွန်တော် မပြောရဲဘူး.... ၈၀ ရာခိုင်နှုန်းလောက်ပေါ့”

သူ့စကားကို ကြားသည့်အခါ သူ့အဘွားသည် အသက်ရှူမြန်လာပြီး သူ့အဘိုးလေးနှစ်ယောက်လည်း တုန်ရီလာသည်။ သူတို့သုံးယောက်လုံးက တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးနောက် ခေါင်းညိတ်လိုက်ကြသည်။

“ဟိုအာ မြေးလေး သုံးနိုင်တဲ့ နည်းလမ်းမှန်သမျှကို သုံးသာသုံး။ ဘယ်လောက်ပဲ အန္တရာယ်များပါစေ အဘွားတို့ စွန့်စားဖို့ အဆင်သင့်ပဲ"

မန်ဟိုက အသက်ပြင်းပြင်းရှူပြီးနောက် လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ သူ့အဘွားနှင့် ဘိုးဘိုးလေးတို့၏ ကျင့်ကြံခြင်းအခြေခံကိုသာ ကုပေးနိုင်လျှင် မျိုးနွယ်စုထဲရှိ သူတို့၏ ယခင်အဆင့်အတန်းကို ထည့်စဉ်းစားကြည့်ပါက ... သွေးဆက်သည် အရှိန်အဝါ ဆက်လက်ကျဆင်းတော့မည်မဟုတ်ပေ။

ဤသို့ဖြင့် တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားသည်။ မန်ဟိုသည် တာအိုတရားဟောလိုက်၊ သူ့အဘိုးအဘွားများကို ကုပေးလိုက်နှင့် သူ၏နေ့ရက်များကို ကုန်ဆုံးနေ၏။ သူ့အဒေါ်သုံးယောက်နှင့် ဦးလေးနှစ်ယောက်၏ ကျင့်ကြံခြင်းအခြေခံများကိုလည်း ပြန်ပြုပြင်ပေးနေသည်။

တစ်အုပ်စုလုံး တိုးတက်လာနေစဉ် သူတို့၏အရှိန်အဝါများလည်း နေ့နှင့်အမျှ အားကောင်းလာသည်။

ယခင်က စိတ်ဓာတ်ကျ အရက်သမားဖြစ်နေခဲ့သော သူ့ဦးလေးနှစ်ယောက်မှာမူ စိတ်အားတက်ကြွနေကြတော့သည်။ ယခု သူတို့တွင် မျှော်လင့်ချက် ရှိလာခဲ့လေပြီ။

သူ၏အဒေါ်သုံးယောက်က အားလုံးအထဲ အမြန်ဆုံးသက်သာလာကြသည်။ ဆယ်ရက်ခန့်အတွင်း သူတို့သည် အင်မော်တယ်အဆင့် အတိုက်အခိုက်စွမ်းရည်များကို ပိုင်ဆိုင်ထားရှိလေပြီ။ သူ့အဘွားနှင့် ဘိုးဘိုးတို့နှစ်ယောက်က အနှေးဆုံးဖြစ်သော်လည်း ပို၍နက်နဲသောဖိအားအငွေ့အသက်များကို တစတစ ထုတ်လွှတ်စပြုလာနေသည်။

အစွမ်းထက်သော အင်မော်တယ်ချီများကို အလိုရှိသလို သုံးနိုင်သည့်အတွက်ကြောင့် ကျန်သွေးဆက်တူများလည်း သူတို့၏ကျင့်ကြံခြင်းအခြေခံများကို ခိုင်မာစေ၍ နေ့တိုင်းလိုလို တစ်ယောက်တော့ အမြဲ အဆင့်တက်နေကြလေသည်။

ကျင့်ကြံအဆင့်တက်မှုအားလုံးက စိတ်ဝိညာဉ်နယ်ပယ်အတွင်း၌သာ ဖြစ်သော်လည်း သွေးဆက်တွင် ထူးချွန်ပြောင်မြောက်သော ပင်ကိုယ်ပါရမီရှိ၍ ခက်ခက်ခဲခဲ ကျင့်ကြံအားထုတ်ခဲ့မှုများက ယခုတွင် ကျင့်ကြံအဆင့်တက်ခြင်းသို့ ဦးတည်နေစေကြောင်း ထင်ရှားပေသည်။

နောက်ပိုင်း သွေးဆက်တူတိုင်း မျှော်လင့်ချက်တို့ ပြည့်နှက်လာပြီး မန်ဟို့ကို သူတို့ ကြည့်လိုက်တိုင်းလည်း လေးစားရိုသေမှုအပြည့် ဖြစ်နေသည်။

မန်မျိုးနွယ်စု၏ ပင်မဘိုးဘေးစံအိမ်မှာတော့ ဆန့်ကျင်ဘက်ပင်။

ထိုနေရာရှိ လူများမှာ အရပ်လေးမျက်နှာတွင် ရန်သူစစ်သည်များ ပုန်းခိုနေသည့်အလား ရင်တမမဖြစ်နေ၍ သစ်ရွက်ကလေးလှုပ်လျှင်ပင် လန့်နေကြသည်။ ကုန်ဆုံးသွားခဲ့သည့် ဆယ်ရက်အတွင်း သွေးဆက်ကိုးဆက်ရှိ လူတိုင်းလူတိုင်း သတင်းစကားများ ကြားလိုက်ကြရာ တုန်လှုပ်အံ့ဩခြင်းတို့ ဆထက်တိုးလာတော့သည်။ အကာအကွယ်မန္တန်ဝင်္ကပါမှာလည်း အချိန်မရွေး စစ်ဖြစ်တော့မည့်အလား အဆက်မပြတ် လှုပ်ရှားသက်ဝင်နေသည်။

နောက်တစ်လ ကြာသွားသည်။ ယခုတွင် မန်ဟိုသည် သူ၏စတုတ္ထနိဗ္ဗာနသစ်သီးမှာ အပြည့်အဝ စုပ်ယူခံလိုက်ပြီဖြစ်ကြောင်း ပြောနိုင်သွား၏။ သူ၏အတွေးလေးတစ်ချက်က ရှေးဟောင်းနယ်ပယ်၏ တံခါးတော်မြတ်ကို ဆင့်ခေါ်နိုင်လေသည်။

ထိုမျှသာမက သူ့အဘွားနှင့် ကျန်ရှိသူများလည်း ကုသရာ၌ အတိမ်းအစောင်းမခံသော ခုလတ်သို့ ရောက်ရှိလာခဲ့ကြပြီ။ တစ်ရက်တွင် သွေးဆက်တူမျိုးနွယ်ဝင်အားလုံးသည် တရားထိုင်နေခြင်းကို ရပ်၍ အိမ်တော်တစ်ဝင်းလုံးတွင် စောင့်ကြပ်နေရာယူလိုက်ကြ၏။ သူတို့၏ကျင့်ကြံအဆင့်များက အလွန်အားနည်းနေစေကာမူ ... မည်သူ့ကိုမှ ဖြစ်ပျက်နေသောအရာအား နှောင့်ယှက်ခွင့်ပြုမည်မဟုတ်ပေ။

ဘွားဘွားမန်နှင့် လူတိုင်း အိမ်ဝင်းထဲ၌ ရှိနေကြစဉ် မန်ဟိုသည် အထဲတွင် တစ်ယောက်တည်း တင်ပျဉ်ခွေထိုင်နေ၏။ အဖြူရောင်အငွေ့မျှင်များက သူ့ခေါင်းမှ တငွေ့ငွေ့ထွက်လာရင်း မိုးခြိမ်းသံများ ထုတ်လွှတ်နေသော တိမ်တိုက်များ ဖြစ်လာကြသည်။

တခဏကြာသော် မန်ဟို၏မျက်လုံးများ ပွင့်လာပြီး လင်းလက်စွာ တောက်ပနေသည်။ ထို့နောက် သူ၏စကားသံအား သူ့အဘွားနှင့် ဘိုးဘိုးလေးတို့မှ ကြားလိုက်ရသည်။ “ဘွားဘွားမန် နောက်ဆုံးမှ ဝင်ရမယ်။ ဘိုးဘိုးလေးတို့ကတော့ ဘွားဘွားရဲ့အရှေ့။ တခြားသူတွေနဲ့ အရင်စမယ်”

မန်ဟိုသည် အခြားသူများနှင့်ပတ်သက်၍ မတော်တဆတစ်ခုခု ဖြစ်မည်ကို လက်ခံနိုင်သော်လည်း သူ့အဘွားကိုတော့ ခလုတ်မထိဆူးမငြိဘဲ အောင်အောင်မြင်မြင် ကုသနိုင်ချင်သည်။ ကုသခြင်းဖြစ်စဉ်နှင့် သက်တောင့်သက်သာရှိအောင် အခြားလူများကို အသုံးချမည်။ ထို့ကြောင့် သူ နောက်ဆုံးမှ ကုပေးမည့်လူက သူ့အဘွားဖြစ်ရလိမ့်မည်။

ဘွားဘွားက မျက်လုံးများ တောက်ပနေလျက် အသက်ဝဝရှူပြီးနောက် သူမသားနှစ်ယောက်အနက်မှ အလွန်စိတ်လှုပ်ရှားနေဟန်ရှိသော တစ်ယောက်အား လက်ညှိုးထိုးလိုက်သည်။

ယင်းက မန်ဟို၏ ဦးလေးခုနစ်ပင်။ သူသည် အသက်ပြင်းပြင်းရှိုက်လိုက်ပြီး မန်ဟို သူတို့အား စောင့်နေသော အခန်းထဲ ဝင်လိုက်၏။ တင်ပျဉ်ခွေထိုင်နေသော မန်ဟို့ကို မြင်လျှင် သူက လက်ယှက်၍ လေးနက်စွာ အရိုအသေပေးလိုက်သည်။ နောက်ဆုံးတော့ မန်ဟို့အရှေ့တွင် တင်ပျဉ်ခွေထိုင်လိုက်လေသည်။

မန်ဟိုက ခေါင်းညိတ်ပြီးနောက် သူ့ဦးလေးခုနစ်၏နဖူးအပေါ်သို့ လက်ချောင်းတစ်ချောင်းအား တင်လိုက်သည်။ ထို့နောက် သူ၏ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်၍ လောကပါလတာအိုအင်မော်တယ်တန်ခိုးအား ဦးလေးခုနစ်ကိုယ်ထဲ စီးဆင်းစေလိုက်သည်။ ဦးလေးခုနစ်၏ ခန္ဓာကိုယ်မှာ တုန်ရီလာပြီး နာကျင်နေကြောင်း ထင်ရှားလာသည်။ တဖြေးဖြေး ဆူးကိုယ်ဆူးက သူ၏ကိုယ်ထဲမှ ထွက်စပြုလာ၏။

တခဏကြာသော် ဆူးတစ်ချောင်းက ကြမ်းပြင်အပေါ် ထန်ခနဲ ကျသွားသည်။ ထိုအခိုက်အတန့်တွင် ဦးလေးခုနစ်၏ ကျင့်ကြံခြင်းအခြေခံသည် စွမ်းအားတို့ဖြင့် သက်ဝင်လှုပ်ရှားလာ၏။ ထို့နောက် ဒုတိယဆူး၊ တတိယဆူး၊ နောက်ဆုံး ဆူးရှစ်ချောင်းလုံး ထွက်သွားသည်။ ထိုအခိုက်အတန့်တွင် ဦးလေးခုနစ်၏ ကျင့်ကြံခြင်းအခြေခံသည် အကောင်းပကတိအတိုင်း ပြန်ဖြစ်သွားပြီး ရှေးဟောင်းနယ်ပယ်စဦးပိုင်းအဆင့် စွမ်းအားအား ထုတ်ဖော်လိုက်၏။

မန်ဟိုသည် မျက်လုံးများတောက်ပနေလျက် ဦးလေးခုနစ်၏နဖူးထံမှ သူ့လက်ကို ပြန်ရုပ်လိုက်၏။ သူ ထိုသို့ရုပ်လိုက်သည့်အခါ ဦးလေးခုနစ်၏နဖူးမှ နောက်ဆုံးဆူးတစ်ချောင်း ထွက်လာတော့သည်။

ဦးလေးခုနစ်က တဆတ်ဆတ် တုန်သွားပြီးနောက် ခေါင်းနောက်လှန်ကာ ဟိန်းဟောက်လိုက်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားသည် ဟုန်းခနဲ ပေါက်ကွဲထွက်လာရင်း ရှေးဟောင်းနယ်ပယ် အလယ်အလတ်အဆင့်ကို လျင်မြန်စွာ ကျော်တက်သွား၏။ သူက သူ့ခန္ဓာကိုယ်၏အခြေအနေကို ဆန်းစစ်သုံးသပ်ကြည့်လိုက်သည့်အခါ အင်မတန် အံ့ဩဝမ်းသာသွားပြီး မန်ဟို့အား နောက်တစ်ကြိမ် လက်ယှက်အရိုအသေပေး၍ လှည့်ထွက်သွားလေသည်။

ကုသခြင်းဖြစ်စဉ်သည် နှစ်ယောက်မြောက်၊ သုံးယောက်မြောက်နှင့် လေးယောက်တို့တွင်လည်း အလားတူပင်...

ဦးလေးနှစ်ယောက်၊ အဒေါ်သုံးယောက်။ ငါးယောက်လုံး၏ကိုယ်ထဲရှိ အဆိပ်ဆူးများကို မန်ဟိုက တစ်ချောင်းပြီးတစ်ချောင်း ထုတ်ပေးခဲ့သည်။ ဤအခိုက်အတန့်တွင် သူ့အဘိုး၏သွေးဆက်၌ ရှေးဟောင်းနယ်ပယ်ပညာရှင်ငါးဦးအား ပိုင်ဆိုင်သွားလေပြီ။

သူတို့အကြား ကျင့်ကြံအဆင့်အမြင့်ဆုံးသူမှာတော့ အဆင့်တက်ခါနီးဆဲဆဲ ရှေးဟောင်းနယ်ပယ်မဟာစက်ဝန်းအဆင့် ဒေါ်လေးငါးဖြစ်သည်။

သူတို့ငါးယောက်ကိုယ်ထဲမှ ဆူးများ အဖယ်ရှားခံနေရသည့် အချိန်တစ်ဝိုက်တွင် ....

သတ္တမတောင်ပင်လယ်၊ အဋ္ဌမတောင်ပင်လယ်မှ ၎င်းကို ပိုင်းခြားထားသည့် ကိုယ်ပျောက်အတားအဆီး၏အလွန်၊ ကြယ်တာရာကောင်းကင်တွင် ... ပလ္လင်တစ်ဆူ ပျံဝဲနေသည်ကို မြင်ရနိုင်သည်။ ရုတ်တရက် ထိုပလ္လင်မှ တဂျိန်းဂျိန်းထစ်ချုန်းသံများ ထွက်လာ၏။

အဆိုပါဧရာမပလ္လင်ကြီး၏မျက်နှာပေါ်တွင် ဧရာမမှော်သင်္ကေတတစ်ခု ရှိပြီး တစ်ချက်ကလေးကြည့်လိုက်ရုံနှင့် ထိုစာလုံးက ‘မန်’ ဖြစ်ကြောင်း ပြောနိုင်သည်။ ထို ‘မန်’ စာလုံးကို စုစုပေါင်းကျောက်ဆူးချွန်ကိုးချောင်းက ထိုးစိုက်ထားသည်။ အလယ်ရှိ ဆူးကတော့ စာလုံး၏အနားသတ်များအနား ရောက်သည့်တိုင်အောင် ချွန်ထွက်နေသော ဆူးသေးသေးလေးများဖြင့် ဆူးအကြီးဆုံး ဖြစ်သည်။

ထိုမျှသာမက ထိုကျောက်ဆူးချွန်အားလုံး သွေးတို့စီးကျနေရာ ပလ္လင်တစ်ဆူလုံးအား ရဲရဲနီနေစေသည်.....

အမှန်တွင် ဧရာမပလ္လင်ကြီးက ပလ္လင်များထဲက တစ်ဆူသာ ရှိသေးသည်။ ပတ်ဝန်းကျင်တွင် တခြားပလ္လင်များလည်း ရှိလေသည်... စုစုပေါင်းကား ကိုးဆူ။ ဤဧရိယာကို တာအိုနယ်ပယ်ပညာရှင်ကိုးယောက်အပါအဝင် ကျင့်ကြံသူတစ်သိန်းနီးပါး စောင့်ကြည့်နေကြသည်ကို ကြည့်ခြင်းအားဖြင့် ဤနေရာမှာ သတ္တမတောင်ပင်လယ်၏ အလွန်အရေးပါသောအစိတ်အပိုင်းတစ်ခု ဖြစ်လိမ့်မည်။

မန်ဟို သူ့ဦး‌လေးနှစ်ယောက်နှင့် အဒေါ်သုံးယောက်ထံမှ ဆူးများကို ဖယ်ရှားခဲ့သောအချိန်ခန့်တွင် တဂျိန်းဂျိန်းမြည်သံများ အဆိုပါဧရိယာတွင် ဆူညံသွားပြီး ပလ္လင်ကိုးဆူအနက်မှ နှစ်ဆူရှိ ကျောက်ဆူးချွန်အားလုံး ရုတ်တရက် ခွမ်းခနဲ ကြေမွကုန်သည်။

ကျင့်ကြံသူတစ်သိန်းမှာ ချက်ချင်းဆိုသလို တုန်ရီသွားပြီး မျက်လုံးများကို ဖွင့်လိုက်ကြ၏။ တာအိုနယ်ပယ်ပညာရှင်များမှာ အထူးသဖြင့် သက်ရောက်ခံလိုက်ရပုံရပြီး မျက်နှာများ မည်းမှောင်ကုန်ကြသည်။

"အဋ္ဌမတောင်ပင်လယ်က မန်မျိုးနွယ်စုမှာ တစ်ခုခုဖြစ်သွားခဲ့ပြီ"

"တစ်ယောက်‌ယောက်က သခင်ဖယ်ရှားမန္တန်၀င်္ကပါတွေကို ဖျက်ဆီးနေပြီ"

"ဒါ ကိစ္စမရှိဘူး။ အဓိက၀င်္ကပါ မပျက်စီးသရွေ့ ဘာမှမဖြစ်ဘူး"

တာအိုနယ်ပယ်ပညာရှင်ကိုးယောက်သည် ကိုးဆူအနက်မှ ပဉ္စမပလ္လင်ကို တစ်ပြိုင်နက် ကြည့်လိုက်၏။ ထို့နောက် သူတို့က ပလ္လင်များတည်ငြိမ်အောင် ထိန်းညှိဖို့ သူတို့၏နတ်ဘုရားအာရုံများကို ‌မုန်တိုင်းကြီးအသွင်ဖြင့်  ထုတ်လွှတ်လိုက်ကြသည်။

တာအိုနယ်ပယ်ပညာရှင်ကိုးယောက် ပလ္လင်များကို ထိန်းနေကြစဉ် အဋ္ဌမတောင်ပင်လယ်ရှိ မန်မျိုးနွယ်စုထဲတွင် မန်ဟို၏ဘိုးဘိုးလေးတစ်ယောက်သည် အခန်းထဲသို့ ၀င်လာပြီး တင်ပျဉ်ခွေထိုင်ချလိုက်၏။ မန်ဟို့မျက်နှာပေါ်တွင် လေးနက်သောအမူအရာ ဖြတ်ပြေးသွားပြီး သူက လက်ချောင်းတစ်ချောင်းတည်းမဟုတ်ဘဲ လက်ဖဝါးတစ်ဖဝါးလုံးအား ဘိုးဘိုးလေး၏ နဖူးအပေါ် တင်လိုက်သည်။

မန်ဟို၏လေးနက်သော မျက်နှာထားကို မြင်လျှင် သူ၏ဘိုးဘိုးလေးက လှိုက်လှိုက်လှဲလှဲ ရယ်ပြီး ပြောသည်။ “ကျင့်ကြံခြင်းအခြေခံစွမ်းအား အကုန်သာ ထုတ်သုံး။ ငါ့အသက်က အဲဒီလောက် အရေးမကြီးဘူး”

မန်ဟို၏ကျင့်ကြံခြင်းအခြေခံစွမ်းအား သူ့ကိုယ်ထဲ စီးဆင်းလာသဖြင့် ဘိုးဘိုးလေး၏တစ်ကိုယ်လုံး တုန်ရီစပြုလာတော့သည်။

မန်ဟိုသည် အရှေ့ငါးယောက်တုန်းက သုံးခဲ့သည့် အချိန်စုစုပေါင်းထက်ပင် သူ၏ဘိုးဘိုးလေးအား အချိန်ပိုပေးထား၏။ သူ ဆူးများကို ထုတ်နေစဉ် ဘိုးဘိုးလေး၏ ကျင့်ကြံခြင်းအခြေခံသည် ကြောက်စရာကောင်းလောက်အောင် မြင့်တက်လာပြီး မကြာခင် ရှေးဟောင်းနယ်ပယ်မဟာစက်ဝန်းအဆင့်သို့ ရောက်လာ၏။

“နောက်ဆုံးတစ်ခု” မန်ဟိုက ပြောသည်။ သူ သူ့လက်ကို ပြန်ရုတ်လိုက်သည့်အချိန်တွင် ထစ်ချုန်းသံများ ထွက်လာသည်။ ကိုးခုမြောက် ဆူးက နဖူးမှ ထွက်သွားသည့်အခါ သူ့ဘိုးဘိုးလေး၏ ပါးစပ်မှ သွေးများ ပန်းထွက်သွား၏။ ထိုသို့ ထွက်လာစဉ် အနက်ရောင်အမျှင်တစ်မျှင်သည် ၎င်းနှင့် ချိတ်ဆက်နေကြောင်း မြင်လိုက်ရရာ မန်ဟို့မျက်လုံးများ လင်းလက်သွားသည်။ သူက အမျှင်ကို လျင်မြန်စွာ ဖြတ်တောက်ပစ်လိုက်ပြီး အက်ကွဲသံတစ်သံကို ကြားလိုက်ရသည်။ သူ့ဘိုးဘိုးလေးမှာ နောက်သွေးတစ်ပွက် ထပ်အန်လိုက်ရသည့်တိုင် မျက်နှာအမူအရာသည် ပြောင်းလဲစပြုလာ၏။ သင်္ချိုင်းဂူထဲမှ တွားသွားထွက်လာခဲ့သလို မဟုတ်တော့ပေ။ အိုနေဆဲဖြစ်သော်လည်း သူ့မျက်နှာမှာ အားကောင်းသော အသက်စွမ်းအားကို ထုတ်လွှတ်နေပြီး သူ၏ကျင့်ကြံခြင်းအခြေခံသည် ပို၍ပင် အဆင့်တိုးတက်သွားခဲ့၏။ သူကား ရှေးဟောင်းနယ်ပယ်မဟာစက်ဝန်းအဆင့်ကို ကျော်လွန်သွား၍ တစ်ဝက်တစ်ပျက်တာအိုနယ်ပယ်နှင့် ညီမျှနေလေပြီ။

သူက တဟားဟားရယ်ရင်း ထရပ်လိုက်သည်။ သူ၏စွမ်းအားသည် တဟုန်းဟုန်းတောက်နေပြီး သူ့မျက်လုံးများသည်လည်း စူးရှတောက်ပနေ၏။ သူကား ယခုတွင် ဆင်းရဲဒုက္ခမရောက်ခဲ့ခင်တုန်းကအတိုင်း ပြန်လည်ကောင်းမွန်သွားသည်။ သူသည် နူးညံ့ကြင်နာသောအမူအရာဖြင့် မန်ဟို့ကို ငုံ့ကြည့်ပြီး ခပ်တိုးတိုး ပြောလိုက်၏။ “ငါတို့သွေးဆက် ဦးပြန်မော့ဖို့ အချိန်ကျပြီ”

ထို့နောက် သူက ချာခနဲ လှည့်၍ ပျောက်ကွယ်သွားကာ အပြင်တွင် ပြန်ပေါ်လာပြီး အသက်ဝဝရှူသွင်းလိုက်သည်။ ကောင်းကင်နှင့်မြေကြီး၏ သဘာဝစွမ်းအင်များသည် သူ့ထံသို့ တဝေါဝေါ စီးဆင်းလာကြ၏။

ထိုကိုးခုမြောက် ဆူး အထုတ်ခံလိုက်ရပြီး အနက်ရောင်အမျှင်လည်း ဖြတ်တောက်ခံလိုက်ရသောအခါ သတ္တမတောင်ပင်လယ်တွင် ... ပလ္လင်ကိုးဆူအနက်မှ တစ်ဆူအပေါ်ရှိ ကျောက်ဆူးချွန်များ ကြေမွသွားသည်။ ထိုမျှသာမက ပလ္လင်ကိုယ်တိုင်လည်း တုန်ခါလာပြီး အက်ကွဲကြောင်းများသည် ၎င်း၏မျက်နှာပြင်တစ်လျှောက် ဖြာထွက်ကုန်၏။ ပလ္လင်ကား အချိန်မရွေး ပြိုကျပျက်စီးတော့မည့်အလားပင်။

ပတ်ပတ်လည်ရှိ ကျင့်ကြံသူများ၏ မျက်နှာများ ရိပ်ခနဲ ဖြစ်သွားကြပြီး သူတို့က မုဒြာလက်ကွက်များ ဖော်ကြသည်။ တာအိုနယ်ပယ်ပညာရှင်ကိုးယောက်မှာ မျက်မှောင်ကြုတ်ရင်း ပလ္လင်များ တည်ငြိမ်အောင် ပြန်ထိန်းညှိကြရပြန်သည်။ သို့သော် သိပ်မကြာမီမှာပဲ စတုတ္ထပလ္လင်လည်း ထိုနည်းတူ ဖြစ်လာပြန်သည်။

ထိုအချိန်က မန်ဟို၏ ဒုတိယဘိုးဘိုးလေး သူ၏နောက်ဆုံးဆူးအား ထုတ်ပြီးသွား၍ ကျင့်ကြံခြင်းအဆင့် မယုံနိုင်လောက်အောင် တိုးတက်သွားသော အခိုက်အတန့်ဖြစ်သည်။

တာအိုနယ်ပယ်ကျင့်ကြံသူသုံးယောက်၏ မျက်နှာများ ရိပ်ခနဲ ဖြစ်သွားကြပြီး တစ်ယောက်က ဟိန်းဟောက်သည်။ “နောက်ပလ္လင်တွေ ထပ်အကွဲခံလို့မဖြစ်ဘူး။ ပဥ္စမပလ္လင်က အဓိကဝင်္ကပါပဲ၊ အဲဒါကို အထိခံလို့မဖြစ်ဘူး။ ထိသွားရင် တိုက်စစ်တစ်ခုလုံးအပေါ် သက်ရောက်လိမ့်မယ်။ မင်းတို့ နတ်ဘုရားအာရုံတွေကို အဲဒီအထဲပို့လွှတ်ပြီး ဝင်္ကပါတွေကို ဘယ်သူပဲ ဖျက်စီးနေနေ ရအောင် တားကြ”

ကျန်ရှစ်ယောက်လည်း လေးနက်သောအမူအရာများဖြင့် မုဒြာလက်ကွက်များဖော်ပြီး သူတို့၏နတ်ဘုရားအာရုံများအား ထုတ်လွှတ်လိုက်ကြတော့သည်။

All Chapters