အခန်း (၆)
Vol. 1 Ch. 6
“ဟာ သွားပြီ ကုန်ပါပြီကွာ”
စားပွဲခုံနှင့် ထိုင်ခုံများ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားသော မြင်ကွင်းကို ကြည့်ပြီး ယွမ်ကျိုး၏နှလုံးသားကို ပူဆွေးသောကရောက်သော ခံစားချက်များ လွှမ်းမိုးသွားသည်။ ယွမ်ကျိုးက နှလုံးသားနာကျင်မှု ဝေဒနာကို ရှောင်တိမ်းရန် သူ့ဆုလာဘ်ကို အရင်ဆုံး လက်ခံယူလိုက်ပြီး နှလုံးသားနာကျင်သော ဒဏ်ရာကို ချွေးသိပ်ရန် ဆုံးဖြတ်ခဲ့သည်။
သူက တာဝန်ဆုလာဘ်ကို ထိတွေ့လိုက်ပြီး တိုက်ရိုက် လက်ခံယူလိုက်သည်။
နတ်ဘုရားအဆင့် ကြက်ဥထမင်းကြော်ဟူသော စကားလုံးက စာအုပ်တစ်အုပ်အဖြစ်သို့ ပြောင်းသွားသည်။ ယွမ်ကျိုးက စာအုပ်ကို အလေးအနက် ငေးမောကြည့်နေစဥ် ၎င်းမှ အလင်းတန်းများ ဖြာလဲ့သွားပြီး သူ့ဦးခေါင်းကို လွှမ်းခြုံသွားသည်။ ထို့နောက် ၎င်းအလင်းတန်းသည် သူ့ဦးနှောက်ထဲ ဝင်ရောက်ကာ ပျောက်ကွယ်သွားသည်။
ကြက်ဥထမင်းကြော်သည် တရုတ်ဟင်းလျာများအနက် အခြေခံအကျဆုံး ဟင်းလျာတစ်မျိုး ဖြစ်သည်။ ဟင်းချက်တတ်သည့် မည်သူမဆို ချက်ပြုတ်နိုင်သကဲ့သို့ ဟင်းချက်စွမ်းရည် မရှိသော လူပေါ်ကြော့များပင် ဆာလောင်မွတ်သိပ်သောအခါ ကြက်ဥထမင်းကြော်ကို ကြော်စားလေ့ရှိသည်။
ဤဟင်းလျာပြင်ဆင်ရာတွင် မတူညီသော နည်းလမ်းများကို အသုံးပြုလေ့ရှိသည်။ ထို့ကြောင့်လည်း ယန်ကျိုးထမင်းကြော်။ ပသျှူးထမင်းကြော်၊ ဝက်ပေါက်ခြောက်ထမင်းကြော်၊ ကြက်သားမွထမင်းကြော် အစရှိသဖြင့် အမည်မျိုးစုံ ရှိသည်။
ကျန်းသုန်ကွမ် အမည်ရှိသော ရုပ်သံဇာတ်လမ်းတွဲတွင် ကြက်ဥထမင်းကြော်ကို ချက်ပြုတ်ပြရာတွင် ထမင်း ၃စေ့ မှ ၅စေ့ခန့်ကို ခွဲထားသော ကြက်ဥနှင့် နှံ့စပ်အောင် ရောမွှေရမည်။ “Cooking Master Boy”ရုပ်သံဇာတ်လမ်းတွဲတွင် ရွှေရောင်အဆင်းရှိသော ကြက်ဥထမင်းကြော်မှ ရွှေရောင်အလင်းတန်းများ ဖြာလဲ့လာခြင်းကို သရုပ်ဖော်ထားသည်။
စနစ်မှ ချီးမြှင့်သော ကြက်ဥထမင်းကြော်သည် ရွှေရောင်အလင်းတန်းကို မပေးစွမ်းနိုင်သော်လည်း ရွေးချယ် အသုံးပြုထားသော ဆန်၊ ရေ၊ ချက်ပြုတ်ရန် အပူချိန် သတ်မှတ်ချက်၊ မတူညီသော ကြက်ဥ အရွယ်အစားပေါ်မူတည်ပြီး အသုံးပြုရမည် ဆန်ချိန်၊ အချက်အလက်အားလုံးနှင့် လိုအပ်သော ကျွမ်းကျင်မှုူများကို ထောက်ပံ့ပေးထားသည်။
စနစ်မှ ထောက်ပံ့ထားသော အချက်အလက်များကို ထိုက်သင့်သလောက် နားလည်ပြီးနောက် ယခင်က သူ ကြော်စားခဲ့သော ကြက်ဥထမင်းကြော်သည် ဝက်စာထက်ပင် ပို၍ ဆိုးရွားသည်ဟု သတ်မှတ်မိသည်။
သူ့ဦးနှောက်ထဲ ဝင်ရောက်သွားသော လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းသည် စနစ်မှ ထောက်ပံ့သော ဆုလာဘ်ဖြစ်သည်။ ၎င်းဆုလာဘ်ထဲ နတ်ဘုရားအဆင့် ကြက်ဥထမင်းကြော် ချက်ပြုတ်ရန် လိုအပ်သော ဟင်းချက်စွမ်းရည် အားလုံးပါဝင်သည်။ အသစ်ရရှိလာသော အသိသညာနှင့် ကျွမ်းကျင်မှုသည် သာမန်လူတစ်ယောက်၏ ပုံမှန်ကြိုးစားအားထုတ်ထားသော ၁၀နှစ်တာ ဟင်းချက်အတွေ့အကြုံနှင့် ညီမျှသည်။
“ဒုန် ဒုန် ဒုန်”
အောက်ထပ်သို့ ဆင်းလာပြီးနောက် ယွမ်ကျိုးက သူ့အတွေးကို စိုးမိုးထားသော ကြက်ဥထမင်းကြော်ကို စမ်းသပ်ချက်ပြုတ်ရန် မီးဖိုချောင်ထဲ ဝင်ရောက်ရန် ဟန်ပြင်သည်။
သို့သော်ငြားလည်း စနစ်က အဆင့်မြှင့်တင်မှု ပြီးဆုံးရန် ၈နာရီကျော်ခန့်ကြာမည်ဟူသော စကားလုံးကို ဖော်ပြလာ၍ လှေကားထစ်အဆုံးသတ်မှာ သူ့ခြေလှမ်းများ ရပ်တန့်သွားသည်။
…
စနစ်မှပေးထားသော သတိပေးစာကြောင့် ယွမ်ကျိုးက သူ့စိတ်ကို တတ်နိုင်သလောက် တည်ငြိမ်အောင် ကြိုးစားခဲ့သည်။ အိပ်ခန်းထဲ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ပြီး အိပ်ရာပေါ်မှာ လှဲလျောင်းလိုက်သည်။
၈နာရီကျော်ကုန်ဆုံးသွားလျှင် နောက်တစ်နေ့ မနက်ခင်းသို့ ရောက်ရှိသွားလိမ့်မည်။ ကြက်ဥထမင်းကြော် ဟင်းလျာ ပြင်ဆင်သော ကျွမ်းကျင်မှုဖြင့် တခြား ဘာဆိုဘာမှ ရောင်းစရာ မလိုအပ်ဘဲ သူ့ဘဝ၏အထွတ်အထိပ် အောင်မြင်မှုသို့ ရောက်ရှိလိမ့်မည်ဟု ယုံကြည်သည်။ ထိုအတွေးကြောင့် ယွမ်ကျိုး နည်းနည်း စိတ်လှုပ်ရှားမိသည်။
ထို့အပြင် ထပ်မံ့ ဝယ်ယူရမည့် ကုန်ပစ္စည်းစရိတ်များကိုလည်း တွက်ချက်နေမိသည်။ သူ့ပိုက်ဆံအိတ်ထဲ ကျန်ရှိသော ငွေကို အကောင်းဆုံး အသုံးပြုရန် စဥ်းစားနေသည်။
ငါးကြော်သကဲ့သို့ ဟိုဘက်လှန် သည်ဘက်လှန် ပြုလုပ်ပြီးနောက် ယွမ်ကျိုး အိပ်မောကျသွားသည်။ သူ့နှုတ်ခမ်းထောင့်မှ စီးကျလာသော သွားရည်များကို ကြည့်ရုံဖြင့် သူ အိပ်စက်နေခြင်းကို သံသယဝင်ရန် မလိုအပ်ချေ။
နောက်တစ်နေ့မနက်ခင်း ယွမ်ကျိုး အိပ်ရာမှ နိုးနိုးချင်း အသစ်ပြုပြင်ထားသော အခြေအနေကို စစ်ဆေးကြည့်ရန် တစ်ကိုယ်ရေး သန့်ရှင်းရေး ပြုလုပ်ပြီးနောက် အောက်ထပ်သို့ အမောတကော ပြေးဆင်းလာခဲ့သည်။
“ဟယ်”
သူက ပင်မခန်းမဆောင်၏အလယ်သို့ လမ်းလျှောက်သွားသည်။
စားသောက်ဆိုင်တစ်ဆိုင်လုံးကို ခမ်းနားထည်ဝါအောင် ပြန်လည် တည်ဆောက်ပေးထားသည်။
ကြယ်ငါးပွင့် အဆင့်ရှိသော ဟိုတယ်၏စားသောက်ဆိုင် ရောက်သွားသည်ဟုပင် ထင်မှတ်မိသည်။ ယွမ်ကျိုးက စားသောက်ဆိုင်တစ်ဆိုင်လုံးကို လှည့်ပတ်ကြည့်ရှုပြီး အတော်အတန် ကျေနပ်မိသည်။ သူ့စိတ်တိုင်းကျ ကြိုက်သလို ပြင်ဆင်ထားခြင်းထက် ပို၍ သာလွန်သည်။ သဘာဝဆန်သော အငွေ့အသက်များကို ပေးစွမ်းသည်။
ယွမ်ကျိုးက တုန်လှုပ်သော ခံစားချက်ကြောင့် မီးဖိုချောင်၏ ပြောင်းလဲမှုကို သတိမပြုမိခြင်း ဖြစ်သည်။ အနီးကပ်ကြည့်လိုက်မှ မီးဖိုချောင်ကလည်း ယခင်နှင့် မတူဘဲ တစ်မူထူးခြားနေသည်။
ယခင်ကထောင့်ဘက်တွင် ဂျုံထည့်သောစည်ပိုင်းတစ်ခုရှိပြီး ၎င်း စည်ပိုင်း၏ ဘေးတွင် ဓာတ်ငွေ့မီးဖိုနှစ်လုံးရှိသည်။ မီးဖိုများအနီးတဝိုက်တွင် အမွှေးအကြိုင်အမျိုးမျိုးထည့်သော ဘူးများကို နေရာချထားသည်။
ဓာတ်ငွေ့မီးဖိုဘေးတွင် ဘေစင်တစ်ခုရှိပြီး လှေခါးအနီးတွင်တည်ရှိသည်။ ဘေစင်၏နောက်တွင် ပန်းကန်များထားရှိသည့်စင်တစ်ခုရှိလေသည်။
မီးဖိုချောင်တစ်ခန်းလုံးသည်ကျဉ်းမြောင်းပြီး သေးငယ်ပုံပေါ်သည်။ မီးဖိုချောင်ထဲတွင် လူနှစ်ယောက် ဟိုဘက်သည်ဘက်လှည့်ကြည့်ရန်ပင် ခက်ခဲသည်။
သို့သော်လည်း မီးဖိုချောင်ကိုပြန်လည်တည်ဆောက်ပြီးနောက် အခန်းသည် ကျယ်ဝန်းသော ခံစားချက်ကို ပေးစွမ်းသည်။
ဂျုံထည့်သော စည်ပိုင်းနေရာ လွတ်သွားပြီး ၎င်းနေရာတွင် ရေတိုင်ကီတစ်ခု အစားထိုးဝင်ရောက်လာသည်။ ရေစည်အတွင်းမှ ရေသည် ကြည်လင်သန့်ရှင်းနေသည်။
ရေကန်ဘေးတွင် နေရာချထားသော ဓာတ်ငွေ့မီးဖိုသည် နေရာအများကြီးမယူဘဲ သပ်ရပ်လှပနေသည်။ ပန်းကန် ခွက်ယောက်များကို မီးဖိုအပေါ်ဘက်ရှိ ပန်းကန်စင်ပေါ်တွင် သေသေသပ်သပ်ရပ်ထားရှိပြီး အဖြူရောင် ကြွေပန်းကန် ခွက်ယောက်များက လင်းလက်တောက်ပနေသည်။
မီးဖိုနှစ်ခု၏ဘေးတွင် အမွှေးကြိုင်အမျိုးမျိုး၏အမည်များပါသောအံဆွဲငယ်များကို စီတန်းထားသည်။ ဆားနှင့် ငံပြာရည်ကို အံ့ဆွဲတစ်ခုချင်းစီ ထားရှိပြီး ကျန်ဟင်းချက် အသုံးအဆောင်များကို အမည်နှစ်ခုဖြင့် အမှတ်အသားပြုထားသည်။
ဆားနှင့် ပဲငံပြာရည်ကို ဖယ်ထုတ်လိုက်လျှင် စုစုပေါင်း ဟင်းခတ်အမွှေးအကြိုင် ၄၄မျိုး ပါဝင်သည့် အံဆွဲ ၂၂ခု ရှိသည်။
စမုန်ဖြူနှင့်နှင်းပန်းပင်ဟု မှတ်သားထားသော အံဆွဲကို ဖွင့်ကြည့်လိုက်စဉ် အလွတ်ဖြစ်နေခြင်းကို သတိပြုမိသည်။
"ဘာလို့များ ဘာမှ မရှိတာလဲ။ လက်တလော သုံးဖို့ မလိုအပ်သေးလို့ ဖြစ်မှာပါလေ"
ယွမ်ကျိုးက ဆက်လေ့လာသည်။
ဟင်းခတ်အမွှေးအကြိုင်အံဆွဲများ၏ အပေါ်ဘက်တွင် ပိုကြီးမားသော အံဆွဲများ ရှိသည်။ အံဆွဲအားလုံးက တစ်ဆက်တည်းဖြစ်နေသောကြောင့် ဝန်မကျယ်ပေ။ အံဆွဲတိုင်းသည် အလျား ၂၀ စင်တီမီတာ နှင့် အနံ ၁၅ မီတာ အကျယ်အဝန်း ရှိပြီး စုစုပေါင့် အံဆွဲ ၁၂လုံး ရှိသည်။
'ဆန်' ဟုရေးသားထားသော အစွန်းဘက်ရှိ အံဆွဲမှလွဲ၍ တခြားသော အံဆွဲများတွင် စာရေးသား မှတ်သားထားခြင်း မရှိပေ။
ယွမ်ကျိုး ဆက်လက် လေ့လာကြည့်သောအခါ စောနကထက် ပို၍ ကြီးမားသော အံဆွဲများကို တွေ့ရသည်။ ပထမဆုံး မြင်တွေ့ရသော အံဆွဲတွင် 'ကြက်ဥ'ဟု ရေးသားထားသည်။ အံဆွဲများထဲ မြင်တွေ့ရသော ဟင်းချက် အသုံးအဆောင်များသာ် စနစ်မှ ပထမဆုံး ချီးမြှင့်ပေးထားသော ဆုလာဘ်များ ဖြစ်နိုင်သည်။
ယွမ်ကျိုးက ဆန်ဟု ရေးသားထားသော အံဆွဲကို ဖွင့်ကြည့်လိုက်သောအခါ ဆန်အပြည့်ရှိနေခြင်းကို တွေ့ရသည်။
ယွမ်ကျိုးက တအံ့တဩဖြင့် ကြက်ဥဟု ရေးသားထားသော အံဆွဲကို ဖွင့်လိုက်သောအခါ ကြည်ဥအပြည့် ထည့်ထားခြင်းကို မြင်တွေ့ရပြန်သည်။
"စနစ်၊ ဒါတွေအားလုံးက ငါ့ကို ပေးတဲ့ ဆုလာဘ်တွေလား”
ယွမ်ကျိုး ပျော်ရွှင်မြူးထူးစွာဖြင့် မေးမြန်းလိုက်သည်။
စနစ် "လက်ခံသူ(Host) သင်ယူခဲ့တဲ့ ဟင်းလျာမှာ ပါဝင်တဲ့ ဟင်းချက်ရင် လိုအပ်တဲ့ ပါ၀င်ပစ္စည်းအားလုံးကို စနစ်က ပံ့ပိုးပေးမှာပါ" ဟု စာရေးသား ဖော်ပြပေးသည်။
"ဒါဆိုရင် ငါ တခြားဟင်းလျာတွေချက်ပြုတ်လို့ရလား၊ ဥပမာ အာလူးချောင်းကြော်တို့ တခြားဟင်းတွေပေါ့"
သူ့မျက်ဝန်းများက မျှော်လင့်ချက် ရောင်ခြည်များ ဖြာလဲ့နေသည်။
စနစ် “ လောလောဆယ်တော့ စနစ်ရဲ့လက်ခံသူက ဟင်းလျာတစ်မျိုးကိုပဲ ကျွမ်းကျင်ပါသေးတယ်"
“ဒါဆိုရင် ချက်ပြုတ်မယ့် ဟင်းလျာတစ်မျိုးချင်းစီက နတ်ဘုရားအဆင့်ကြက်ဥထမင်းကြော်လိုပဲ အရသာကောင်းမွန်ရမယ်လို့ပြောချင်တာလား။ ဒါဆို ပါ၀င်ပစ္စည်းတွေကို ငါကိုယ်တိုင် ဝယ်လို့ရလား"
စနစ် "ဟင်းလျာ ချက်ပြုတ်ဖို့ စနစ်က ထောက်ပံ့ပေးမှာပါ။ မီးဖိုချောင်ထဲကို အပြင်ပစ္စည်းတွေ ယူလာခွင့် မပေးပါဘူး"
"ကောင်းတာပဲ။ ပါဝင်ပစ္စည်းတွေ ဝယ်ဖို့ ငါ့အိတ်ထဲကနေ စိုက်ထုတ်စရာ မလိုအပ်တော့ဘူးပေါ့။ ငွေကုန်သက်သာတယ်။ ဘာပဲဖြစ်ဖြစ် ငါကလည်း အခုချိန်မှာ ကြက်ဥထမင်ကြော်တစ်မျိုးပဲ ရောင်းဖို့ စဉ်းစားထားတယ်"
ယွမ်ကျိုးက ငါးကြော်သွားခိုးသည့် ကြောင်တစ်ကောင်ပမာ လိမ္မာပါးနပ်စွာ ပြုံးလိုက်သည်။
ထိုစဥ် စနစ်မှ စာတစ်ကြောင်းပေါ်လာသည်။
"ကြက်ဥထမင်းကြော်တစ်ပွဲ၏ ဈေးနှုန်းက ၁၈၈ ယွမ်ပါ"
ယွမ်ကျိုး
"စနစ် ငါ့ကိုလာနောက်နေတာလား"
အပိုင်း(၆)
ပြီး၏။