အခန်း (၁၀)
Vol. 1 Ch. 10
စွန်းမင်၏ မျက်နှာအမူအရာကို ကြည့်လိုက်ရုံဖြင့် ကြက်ထမင်းကြော်စျေးနှုန်းကို မကျေမနပ် ဖြစ်နေကြောင်း ယွမ်ကျိုး သိလိုက်သည်။ သို့သော်လည်း အဖြစ်မှန်ကို သိထားသော ယွမ်ကျိုးသည် ၁၈၈ယွမ်၏ နောက်တွင် အခြား သုညတစ်လုံး ထပ်ထည့်ရန် သို့တည်းမဟုတ် ငွေကြေးကို ပေါင် သို့မဟုတ် ဒေါ်လာအဖြစ်ပင် ပြောင်းလဲချင်သောဆန္ဒရှိသည်။
ထို့ကြောင့် သူက ရှင်းပြရန် မကြိုးစားဘဲ စွန်းမင်ကို ထမင်းကြော် မအေးသွားခင်စားရန် သတိပေးလိုက်သည်။
စွန်းမင်က ထိုင်ခုံမှာ ထိုင်ပြီး သိပ်မကြာလိုက် မ ကြက်ဥထမင်းကြော်၏မွှေးရနံ့က သူ့နှာခေါင်းထဲသို့ တိုက်ရိုက် စီး၀င်လာခဲ့သည်။ တခြားဆိုင်များ၏ ကြက်ဥထမင်းကြော်နှင့် ခြားနားချက်ကို သူ ချက်ချင်း သိသွားသည်။ ပုံမှန် ကြက်ဥထမင်းကြော်များ ကဲ့သို့ အဆီပြန်သော အနံ့အသက် မရှိဘဲ မွှေးကြိုင်နေသည်။ ကြက်ဥထမင်းကြော်ထဲမှာ ကြက်ဥကို လုံး၀မမြင်တွေ့ရခြင်းက မှော်ဆန်သော ဖြစ်ရပ် ဖြစ်သည်။ ပန်းကန်ကို အနီးကပ်ကြည့်လိုက်သောအခါ ထမင်းလုံး ပတ်ပတ်လည်တွင် ကပ်နေသော ကြက်ဥ၏အရောင်ကြောင့် ကြက်ဥထမင်းကြော်က ရွှေရောင်သန်းနေသည်။
ထိုကြောင့် စွန်းမင်အံ့ဩသွားသည်။ ကြယ်၃ပွင့်အဆင့်ရှိသော ဟိုတယ်၏ မီးဖိုချောင်တွင် အလုပ်လုပ်ခဲ့စဥ်က ယွမ်ကျိုး နှင့် ဆုံတွေ့ဖူးခြင်း ဖြစ်သည်။
စွန်းမင်သည် အစာစားခြင်းကို နှစ်ခြိုက်သောကြောင့် စားဖိုမှူးဖြစ်ချင်သော်လည်း သူ့မိဘများက သူ့ကို စားဖိုမှူးလုပ်ရန် ခွင့်မပြုခဲ့ပေ။ ဘွဲ့ရသည်အထိ ပညာဆက်လက်သင်ကြားခဲ့ရပြီးမှ စားဖိုမှူး အလုပ်ကို လုပ်ကိုင်ခဲ့သည်။
သို့သော်လည်း သူ၏ဟင်းချက်စွမ်းရည်က ထင်သလောက် မကောင်းမွန်သောကြောင့် သူ့ဘဝကအစားကြူးသူအဖြစ် အဆုံးသတ်သွားခဲ့သည်။ ထို့နောက် အထည်ဆိုင်တစ်ဆိုင်ဖွင့်ပြီး အတော်အတန် အောင်မြင်ခဲ့သည်။
“ဒါက……” ထမင်းကြော်တစ်ဇွန်းကို လှမ်းယူလိုက်ရာ စွန်းမင်၏ မျက်လုံးများတွင် မကျေနပ်သော ခံစားချက်များ လျော့နည်းသွားသည်။
စွန်းမင်က သူ့သူငယ်ချင်းယွမ်ကျိုး ဟင်းချက်ရာမှာ အရည်အချင်းရှိလိမ့်မည်ဟု ယုံကြည်သောကြောင့် ဟင်းလျာအပေါ် စိတ်ဝင်စားသော ခံစားချက် မြင့်တက်လာသည်။
သူ ထမင်းကြော်တစ်ဇွန်း စားကြည့်သည်။ နူးညံ့ပြီး မမာလွန်းသော ထမင်းစေ့များကို နူးညံ့သော ကြက်ဥလေးများ ဖြင့် ရစ်ပတ်ထားသည်။ ထမင်း နှင့် ကြက်ဥကို ကောင်းမွန်စွာ ရောစပ်ထားသောကြောင့် တစ်မူထူးခြားစွာ မွှေးကြိုင်နေသည်။
ဒီလောက်အရသာရှိတဲ့ ကြက်ဥထမင်းကြော်ကို ဘယ်လိုများ ကြော်ထားသလဲ။ စားလို့ကောင်းလိုက်တာနော်။
ပါးစပ်ထဲတွင် ထမင်းကြော်အပြည့်ဖြင့် စွန်းမင်သည် စတီဗင်ချောင်သရုပ်ဆောင်ထားသော Cooking God ဇာတ်ကားတွင် ပါဝင်သော အမျိုးသမီး တရားသူကြီးကဲ့သို့ ဟင်းလျာ၏အရသာကို မြည်းစမ်းနေသည်။ ထိုအမျိုးသမီးက ဇာတ်ကားထဲတွင် ၀က်သားကင်ထမင်းနှင့် ကြက်ဥပေါင်းအရသာထဲတွင် နစ်မြောနေ သကဲ့သို့ စွန်းမင်သည်လည်း ကြက်ဥထမင်းကြော်၏ အရသာကို စီးမြော ခံစားနေသည်။
စောနတုန်းက လိမ်လည်လှည့်စားခံရသည်ဟု တွေးမိသော ခံစားချက်က အပြီးတိုင် ပျောက်ကွယ်သွားခဲ့သည်။ သူ့စိတ်၊ သူ့မျက်လုံး နှင့် သူ့ခံတွင်းထဲ ကြက်ဥထမင်းကြော်၏ အရသာကိုသာ စံစားနေသည်။
စားမယ်၊ ဆက်စားမယ်။
စွန်းမင်က ကြက်ဥထမင်းကြော်၏ တန်ကြေး ၁၈၈ယွမ်ကို ယခုမှ ထိုက်တန်သည်ဟု ခံစားမိသည်။
ပေးရသော ဈေးနှင့် ပိုထိုက်တန်သော ခံစားမှုရသကို ပေးစွမ်းသည်ဟုပင် စွန်းမင် တွေးမိသည်။
စွန်းမင်က တစ်ဇွန်းပြီးတစ်ဇွန်း မရပ်မနား ဆက်တိုက် စားနေခဲ့သည်။ သို့တိုင် သူ့အရှေ့တွင် မတ်တတ်ရပ်နေသော ယွမ်ကျိုးကိုလည်း လက်မထောင်ပြရန် မမေ့လျော့ခဲ့ပေ။
အကြောင်းမူကာ သူ့ခံတွင်းထဲ ကြက်ဥထမင်းကြော် အပြည့်ထည့်ထား၍ စကားပြောခြင်းဖြင့် အချိန်မဖြုန်းချင်ပေ။ လက်မထောင်ပြခြင်းဖြင့်သာ သူ့နှလုံးသား၏ခံစားချက်ကို ဖော်ပြနိုင်သည်။
ယွမ်ကျိုးက သူ မျှော်မှန်းထားသော ရလဒ်ဖြစ်နေ၍ ခပ်တန်းတန်း မျက်နှာအမူအရာဖြင့် တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။
စွန်းမင်က ပန်းကန်ပြားကို ဆေးကြောစရာ မလိုအပ်အောင် လျှာဖြင့်ယက်လိုက်ပြီးမှ စကားပြောသည်။
"ဒါက ကြက်ဥထမင်းကြော်လား"
"ဟုတ်တယ်၊ မင်းမြင်တဲ့အတိုင်းပဲလေ။ ဒါက သာမန်ကြက်ဥထမင်းကြော်ပဲ၊ တခြားဆိုင်တွေထက် နည်းနည်းပိုအရသာရှိတာကလွဲလို့ပေါ့"
ယွမ်ကျိုးက ထူးမခြားနားဟန်ဖြင့် စကားပြန်ပြောသည်။
“ငါက ကြယ်၅ပွင့်အဆင့်ရှိတဲ့ ဟိုတယ်ရဲ့ အစားအသောက်တွေကို တစ်ခါမှ မမြည်းစမ်းဖူးပေမယ့် မင်းရဲ့ဟင်းချက်ကျွမ်းကျင်မှုက အဲဒီ့ ကြယ်၅ပွင့်အဆင့်ရှိတဲ့ ဟိုတယ်ရဲ့ စားဖိုမှူးကို ယှဥ်နိုင်ပါတယ်။ ကြယ်၅ ပွင့်ဟိုတယ်ရဲ့ ခေါင်းဆောင်စားဖိုမှူးစီမှာ ပညာသင်ထားတာလား”
စွန်းမင်က ယွမ်ကျိုးကို စပ်စပ်စုစု ကြည့်ကာ ခန့်မှန်းလိုက်သည်။
“မဟုတ်သေးဘူး၊ အဲဒါ မဖြစ်နိုင်ဘူး။ အဲ့ဒီ စားသောက်ဆိုင်က စားဖိုမှူးတွေက သာမန်ကြက်ဥထမင်းကြော်ကို လက်ရာကောင်းအောင် ကြော်တတ်မှာ မဟုတ်ဘူး။ သူတို့က ကြက်ဥထမင်းကြော်ရင်တောင် ယန်ကျိုးထမင်းကြော်ပဲ ကြော်လောက်တယ်။ မင်းရဲ့ကြက်ဥထမင်းကြော်မှာက ကြက်ဥနဲ့ ထမင်းပဲ ပါတော့ ဟိုတယ်မှာ အဲဒီလို အစားအသောက်မျိုး မရောင်းလောက်ဘူး”
စွန်းမင်သည် ရုတ်တရက် ရှားလော့ဟုမ်စ်းဖြစ်သွားပြီး အမျိုးမျိုးသော မှန်းဆမှုများကို လုပ်ဆောင်သည်။ ယွမ်ကျိုးက သူ့ဘေးနားမှာ တိတ်တဆိတ် မတ်တတ်ရပ်နေပြီး အရည်အချင်းရှိသော အမျိုးသား၏ တည်ငြိမ်သော အမူအရာဖြင့် စွန်းမင်၏အပြုအမူကို စောင့်ကြည့်နေခဲ့သည်။
သူ့ခန့်မှန်းချက် မအောင်မြင်၍ စွန်းမင်က သန့်ရှင်းနေသော ပန်းကန်ပြားကို ငေးကြည့်ကာ စကားပြောသည်။
“ဘာပဲဖြစ်ဖြစ်။ တခြားဟာတွေ ငါ စိတ်မဝင်စားဘူး။ နောက်တစ်ပွဲ ထပ်စားချင်သေးတယ်။ တစ်ပွဲမှာ ပါတာက နည်းနည်းလေးပဲ။ သွားကြားညှပ်ရုံအဆင့်ပဲ ရှိတယ်”
"တောင်းပန်တယ်ကွာ။ ဧည့်သည်တစ်ယောက်က အစားအသောက်တစ်မျိုးကို တစ်ပွဲစီပဲ မှာလို့ရတယ်" ယွမ်ကျိုး က ပခုံးဆက်ခနဲတွန့်ပြပြီး ဝမ်းနည်းစွာပြောသည်။
"ငါတို့ဆက်ဆံရေးက ဘာမို့လို့လဲကွာ။ နောက်တစ်ပွဲ သွားကြော်ပေးစမ်းပါကွာ။ မြန်မြန်လုပ်ပါ"
စွန်းမင်က အလျင်လိုနေသည်။ သူတို့ချင်း ခင်မင်ရင်းနှီးမှုကို ဖြတ်တောက်ရန် ဆုံးဖြတ်ခဲ့သော သူ့ယခင်ဆုံးဖြတ်ချက်ကိုပင် မေ့လျော့သွားခဲ့သည်။
"မင်းက ငါ့သူငယ်ချင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ စည်းကမ်းက စည်းကမ်းပဲ။ မင်းကို နောက်တစ်ပွဲ ရောင်းပေးလို့ မရဘူး။ မရတာကတော့မရဘူးပဲ။ ငါ မင်းကို အပြင်မှာ အသားကင်၀ယ်ကျွေးမယ်"
ယွမ်ကျိုး က ထပ်မံငြင်းဆိုလိုက်သည်။
"အဲဒီ ထမင်းကြော်ကို စားပြီးမှတော့ ဘယ်သူက မီးခိုးငွေ့နဲ့ ကင်ထားတဲ့ အကင် ကိုစားချင်မလဲ။ နောက်တစ်ပွဲ ကြော်ပေးပါကွာ”
စွန်းမင်သည် ယွမ်ကျိုးကို မျှော်လင့်တကြီး ဖျောင်းဖျသည်။ သို့သော်လည်း သူ့သူငယ်ချင်းက ဆက်လက် ငြင်းဆန်နေ၍ အရှုံးကို လက်ခံလိုက်သည်။
“ငါ မင်းကို အစ်ကိုကြီးလို့ ခေါ်ရမလား။ ဒါမှမဟုတ် အဘိုးခေါ်ရမလား။ မင်းလည်းသိရဲ့သားနဲ့ ငါ့မှာ အစားကြူးတဲ့ ဒီဝါသနာလေးပဲရှိတာပါ”
ထိုစကားသံကိုကြားပြီးနောက် ယွမ်ကျိုးက သူ့စိတ်ထဲမှ စနစ်ကို မေးလိုက်သည်။
"တကယ်ပဲ ခွင့်မပြုဘူးလား။ သူက ငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်းလေ"
စနစ်က "စည်းကမ်းက စည်းကမ်းပါပဲ"
နောက်ဆုံးတော့ ယွမ်ကျိုးက စွန်းမင်ကို ကြည့်ပြီး " ငါတို့က ညီအစ်ကိုတွေပါကွာ။ ငါ့စားသောက်ဆိုင်ရဲ့ စည်းမျဥ်းစည်းကမ်းတွေကို မချိုးဖောက်ပါနဲ့လား။ ဒီနေ့က စားသောက်ဆိုင် ပထမဆုံး ဖွင့်တဲ့နေ့လေ။ ငါ့နောက်လိုက်ခဲ့။ မင်းရဲ့ဆာနေတဲ့ဗိုက်ကို အပြည့်ဖြည့်ဖို့ တခြားအစားအသောက်တွေ လိုက်ဝယ်ကျွေးမယ်”
ယွမ်ကျိုး၏ ဆုံးဖြတ်ချက်ခိုင်မာမှုကို ရှင်းရှင်းလင်းလင်း သိလိုက်ရ၍ စွန်းမင်က အရှုံးပေးလိုက်သည်။
“ဒါဆိုရင်လည်း ထားလိုက်ပါတော့။ မင်းရဲ့ကြက်ဥထမင်းကြော်ကို စားလိုက်တော့ တခြားဘာမှ မစားနိုင်တော့ဘူး။ မနက်ဖြန် မင်းရဲ့ဆိုင်ကို ဘယ်နှနာရီဖွင့်မှာလဲ။ ငါ မနက်စောစော လာခဲ့မယ်"
“မနက် ၉:၃၀။ မင်းဒီမှာပဲ ညအိပ်သွားပါလား"
စွန်းမင် ထွက်သွားရန် ဟန်ပြင်နေခြင်းကို မြင်တွေ့ရသောအခါ ယွမ်ကျိုး ပြောသည်။
"မင်းက ငါ့ကို ထပ်ချက် မကျွေးမှတော့ ငါ အိမ်ပြန်ပြီး အိပ်တော့မယ်။ ဒါမှ မနက်စောစော မင်းရဲ့ဆိုင်ကို လာနိုင်မှာလေ”
စွန်းမင်က သူ့ကိုယ်သူ လှောင်ရယ်သော လေသံဖြင့် စကားပြောသည်။
“နားလည်ပေးစမ်းပါ ငါ့ညီရာ။ ငါနောက်မှ မင်းကို ချွေးသိပ်ပေးမယ်”
ယွမ်ကျိုးသည် တွန့်တိုသောစနစ်နှင့် ပတ်သက်၍ ဘာမှထုတ် မပြောနိုင်၍ ယခုကဲ့သို့ စကားမျိုးသာ ပြောရန် တတ်နိုင်သည်။
သူ့ရှင်းပြချက်ကို ကြားပြီးနောက် စွန်းမင်သည် သူ့အစ်ကိုတွင် ထူးထူးခြားခြား အရည်အချင်းရှိသောကြောင့် တချို့သော စည်းမျဉ်းများသည် ပုံမှန်ဟု သတ်မှတ်လိုက်သည်။
ထို့ကြောင့် ထမင်းကြော် မစားရသည့်အတွက် ယွမ်ကျိုးကို စိတ်မခုတော့ပေ။
စွန်းမင်သည် အစားကြူးသော သူ့သူငယ်ချင်းများကို ကြက်ဥထမင်းကြော် အရသာ မြည်းစမ်းကြည့်ရန် နောက်တစ်နေ့တွင် ခေါ်လာမည်ဟု ဆုံးဖြတ်ခဲ့သည်။ အကြောင်းပြချက်ကတော့ သူ့သူငယ်ချင်းများလည်း သူ့နည်းတူ နှစ်ကြိမ် ဝယ်စား၍ မရသော ကြက်ဥထမင်းကြော်ကို စွဲလမ်းသွားရန် ဖြစ်သည်။ စွန်းမင်က သူငယ်ချင်းကောင်း ပီသစွာ ဂျင်းထည့်ရန် ဆုံးဖြတ်ထားသည်။
ထို့နောက် စွန်းမင်က ယွမ်ကျိုးကို စိတ်လှုပ်ရှားစွာဖြင့် လက်ဝှေ့ယမ်းပြကာ ကားမောင်းထွက်သွားသည်။
စွန်းမင်၏ကားက ညအလင်းရောင်မှိန်မှိန်အောက်တွင် ပျောက်ကွယ်သွားသော မြင်ကွင်းကို စောင့်ကြည့်ပြီးနောက် ယွမ်ကျိုးက စားသောက်ဆိုင်သို့ ပြန်လာခဲ့သည်။ လမ်းပေါ်ရှိလူများ နည်းသထက် နည်းပါးလာ၍ ယွမ်ကျိုးက ပန်းတောင်းများကို စားသောက်ဆိုင်ထဲသို့ ပြန်ယူကာ တံခါးကို ပိတ်လိုက်သည်။
မီးဖိုချောင်သို့ပြန်လာပြီးနောက် ပန်းကန်များကို ဆေးကြောရန် ပြင်ဆင်သည်။ ပန်းကန်ဆေးသူငှားရန် လိုအပ်မည်ဟု တွေးမိသည်။ ဧည့်သည်များအတွက် ဟင်းလျာ ပြင်ဆင်ပေးနေစဥ် ပန်းကန်ဆေးခြင်း အလုပ်ကို မလုပ်ဆောင်နိုင်ပေ။
သို့သော်လည်း လူငှားခေါ်ခြင်းက သေချာပေါက် ကုန်ကျစရိတ်များသည်။ ငွေဖြုန်းတီးခြင်းက ယွမ်ကျိုး လုပ်ဆောင်ချင်သော ကိစ္စရပ် မဟုတ်ပေ။
“စနစ်ရေ ၊ ငါ့လက်ကို ကြည့်ပါဦး”
ယွမ်ကျိုးက စနစ်ကို ချက်ချင်း ပြောလိုက်သည်။
ယွမ်ကျိုးက စနစ်၏ တုံ့ပြန်မှုကို မမြင်တွေ့ရသောအခါ ဆက်ပြောသည်။
"ငါက ဆင်းရဲသားလေ။ ပန်းကန်ဆေးသူငှားဖို့ မတတ်နိုင်ဘူးဆိုတာ မင်းသိသင့်တယ်။ ဆိုင်မှာ ဧည့်သည်များနေချိန် ပန်းကန်ဆေးရင်း ဟင်းချက်တာ နှောင့်နှေးသွားမယ်။ ဒါဆိုရင် ငါတို့စားသောက်ဆိုင်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေလိမ့်မယ်။ အဓိက အချက်အနေနဲ့ ပြောချင်တာတော့ စားဖိုမှူး ပန်းကန်ဆေးတာကို မင်း မြင်ဖူးလား”
ယွမ်ကျိုးက ပန်ကန်လုံးကို ကိုင်ပြီး လက်ဆေးဘေစင် ဘေးနားမှာ မတ်တတ်ရပ်နေသည်။ ၅မိနစ်ခန့်ကြာပြီးနောက် စနစ်ဘက်မှ တုံ့ပြန်လာသည်။
စနစ်က ပြန်လည်ဖြေကြားသည်။ “စနစ်က အလိုအလျောက် ပန်းကန်ဆေးတဲ့ ကိရိယာတွေ ပေးလိုက်ပါတယ်။ ဆိုင်ရှင်၊ စစ်ဆေးကြည့်ပေးပါ”
"ဒါဆိုရင် ပန်းကန်ပြားတွေရော၊ ပန်းကန်တွေလုံးတွေရော ဆေးဖို့ မလိုတော့ဘူးပေါ့” ယွမ်ကျိုးသည် ပန်းကန်ဆေးသည့်ကိရိယာကို မီးဖိုချောင်ထဲ ဝမ်းသာအားရရှာနေသည်။
နံနက်ခင်းတွင် မရှိသော အနက်ရောင်သေတ္တာသည် မီးဖိုဘေးတွင် ရုတ်တရက် ပေါ်လာသည်။ ၎င်းသေတ္တာသည် ကွန်ပြူတာတစ်လုံးအရွယ်ရှိသည်။ သို့တိုင် ခလုတ် တစ်ခုမှ မပါဝင်ချေ။
အနက်ရောင်သေတ္တာကို လှည့်ပတ်ကြည့်ရှုပြီး ထူးခြားမှု ရှိလား စစ်ဆေးရန် ယွမ်ကျိုးက သေတ္တာကို ထိကြည့်သည်။ ထို့နောက် အနက်ရောင်သေတ္တာသည် အလိုအလျောက် ကွဲထွက်သွားပြီး အဖြူရောင်အတွင်းဘက်နေရာလပ် ထွက်ပေါ်လာသည်။ ယွမ်ကျိုးသည် သေတ္တာအတွင်းသို့ ဆေးရမည့်ပန်းကန်ကို ထည့်ပြီးနောက် သေတ္တာသည် အလိုအလျောက်ပိတ်သွားသည်။
သုံးစက္ကန့်ထက် မပိုသော အချိန်ကာလအတွင်း အသစ်ကဲ့သို့ တောက်ပနေသော ပန်းကန်ပြား ပြန်ပေါ်လာသည်။
“ဒါဆိုရင်တော့ တကယ် အဆင်ပြေတယ်။ နောက်ထပ် ခေတ်မီတဲ့ သိပ္ပံပစ္စည်းပဲ”
ယွမ်ကျိုးက ပန်းကန်ပြားကို ပန်းကန်စင်ပေါ်သို့ ပြန်ထားကာ အိပ်စက်အနားယူရန် အပေါ်ထပ်သို့ တက်လာခဲ့သည်။
ယခုအချိန်အထိ ဖောက်သည်တစ်ဦးတည်းသာ ရှိသေးသော်လည်း နတ်ဘုရားအဆင့် ကြက်ဥထမင်းကြော်၏ အရသာကို မြည်းစမ်းကြည့်ဖူးသူတိုင်း မေ့ဖျောက်ရန် မလွယ်ပေ။
ယွမ်ကျိုးက အိပ်ရာပေါ်မှ လဲလျောင်းလိုက်ပြီး မစ်ရှင်ဘောင် ခလုတ်ကို နှိပ်ကြည့်လိုက်ရာ သူ့စားသုံးခဲ့သော ကြက်ဥထမင်းကြော်ကို သူ့မစ်ရှင်သတ်မှတ်ချက်တွင် ထည့်မတွက်ကြောင်း မြင်တွေ့ရသည်။ နောက်ထပ် ကြက်ဥထမင်းကြော် ၉၉ပွဲ ရောင်းချရန် ကြိုးစားရဦးမည်။
အပိုင်း(၁၀)
ပြီး၏။