← Chapters

အခန်း (၁၁)

Vol. 1 Ch. 11

အခန်း (၁၁)

Vol. 1 Ch. 11

"ဒင် ကလင်လင်" နောက်တစ်နေ့ မနက်ခင်းကို နှိုးစက်မြည်သံဖြင့် အစပြုခဲ့သည်။

မနေ့ညက စားသုံးခဲ့သော ကြက်ဥထမင်းကြော်ကို သူ့တာဝန် ပြီးမြောက်ခြင်းအတွက် ထည့်မတွက်သောကြောင့် ယွမ်ကျိုးက သူ့နှလုံးသားနာကျင်မှု ဝေဒနာကို နှစ်သိမ့်ရန် ကြက်ဥထမင်းကြော်၂ပန်းကန်ကို မနက်စာအဖြစ် စားသုံးရန် ဆုံးဖြတ်ခဲ့သည်။ သူ့အစာအိမ်ထဲ ထမင်းကြော်၂ပန်းကန် ဝင်ရောက်သွားပြီးနောက် စိတ်အခြေအနေ ပြန်လည်ကောင်းမွန်လာသည်။ သို့သော်လည်း စနစ်အား ကုန်ကျစရိတ်ငွေ ပေးဆောင်ရမည်ကို တွေးမိသောအခါ သူ့နှလုံးသားအနည်းငယ်နာကျင်လာသည်။

"မင်္ဂလာမနက်ခင်းပါ။ ငါ အချိန်မှီရောက်လာခဲ့ပုံပဲ။ ငါ့အတွက် ကြက်ဥထမင်းကြော်တစ်ပွဲ မြန်မြန်ပြင်ပေးပါ" ယွမ်ကျိုး၏စိတ်အခြေအနေ တည်ငြိမ်သွားပြီး သိပ်မကြာလိုက် စွန်းမင်က ခြေလှမ်းခပ်ကျဲကျဲလှမ်းပြီး စားသောက်ဆိုင်ထဲ ဝင်ရောက်ကာ ထိုင်ခုံမှာ ထိုင်လိုက်သည်။

"အေးပါ ခဏစောင့် ခဏနေရင် အဆင်သင့်ဖြစ်စေရမယ်" ယွမ်ကျိုးက စကားအများကြီးမပြောဘဲ မီးဖိုချောင်ထဲ တန်းဝင်ကာ ထမင်းကြော်ရန် စတင်လုပ်ဆောင်သည်။ စနစ်မှ ပေးအပ်ထားသော ကိရိယာများသည် အသုံးပြုရန် အမှန်တကယ် လွယ်ကူသည်။ မီးဖိုချောင်က ကျဉ်းမြောင်းပြီး အဖွင့်မီးဖိုချောင်အဖြစ် ပြန်လည်ပြုပြင်ထားသော်လည်း မနှစ်မြို့ဖွယ်ကောင်းသောဆီ နှင့် မီးခိုးရနံ့များ လုံးဝ မရှိပေ။

ပြန်လည်ပြုပြင်ထားသော ဂက်စ်မီးဖို၏ မီးလျှံများသည် အတွင်းဖက်သို့ ဦးတည်သည်။ မီးဖိုဘေးနားမှာ မတ်တပ်ရပ်နေသည့်တိုင် အပူငွေ့ကို မခံစားရပေ။ အိုးထဲ ပွက်ပွက်ဆူနေသော ဆီများက အပူထုတ်လွှတ်နေခြင်းကို သက်သေပြနေသည်။

ချက်ပြုတ်သော အိုးများသည်လည်း ဆေးကြောရလွယ်ကူသည်။ ထို့အပြင် မော်ဒယ်မျိုးစုံ၊ အရွယ်အစားမျိုးစုံရှိသော ဟင်းချက်အိုးအနည်းဆုံး ၁၀အိုး ခန့်ရှိသည်။ ထို့ကြောင့် ယွမ်ကျိုးက သူ့လတ်တလော ပိုင်ဆိုင်ထားသော မီးဖိုချောင်ကို အတော်အတန်ကျေနပ်မှု ရှိသည်။

ယောက်မနှင့်ဇွန်းအမျိုးအစား အစုံအလင်ရှိသည်။ ဤအချက်များကြောင့် စားဖိုမှူးများအတွက် အသင့်လျော်ဆုံးမီးဖိုချောင်လေး ဖြစ်သည်။

"မင်းရဲ့ကြက်ဥထမင်းကြော် ရပါပြီ။ သုံးဆောင်ပါ" ယွမ်ကျိုးက စားပွဲခုံပေါ် ပန်းကန်ပြားတင်လိုက်သည်။

"မနေ့တုန်းက ကြက်ဥထမင်းကြော်ကို သေချာအရသာမခံလိုက်ရဘူး။ ဒီနေ့တော့ အရသာရှိရှိနဲ့ ဖြည်းဖြည်းချင်း စားမယ်" ယွမ်ကျိုးကို ငေးကြည့်ပြီး စွန်းမင်က ဇွန်းကို ဆွဲယူကာ စကားပြန်ပြောသည်။

"ဟုတ်ပါပြီ။ ကြက်ဥထမင်းကြော်စားပြီးရင် ဆိုင်မှာ ဆက်နေမှာလား"

"ဟင့်အင်း။ ငါနေလို့မရဘူး။ အထည်ဆိုင်ကို ပြန်သွားရမယ်။ နေ့လည်စာစားဖို့တော့ နေ့လည်ကျရင် ပြန်လာခဲ့မယ်။ ဧည့်သည်တွေလဲ ခေါ်လာခဲ့မယ်"

ထို့‌နောက် စွန်းမင်က ယွမ်ကျိုး၏ အဖြေကို မစောင့်ဘဲ ထမင်းကြော်ကို အရသာမြည်းစမ်းသည်။

...

စွန်းမင်က ကြက်ဥထမင်းကြော်ကို မြည်းစမ်းရန် အချိန် ၁နာရီခန့် ကုန်ဆုံးသွားသည်။ ထိုစဉ်အတောအတွင်း စားသောက်ဆိုင်သို့ လာရောက်သော စားသုံးသူ ကင်းမဲ့နေသည်။

စွန်းမင်က ဟင်းလျာနှင့်ပတ်သက်ပြီး အတော်အတန်ကျေနပ်မှုရှိသည်ဟု ခံစားမိသည်။ သူက ဇွန်းကို ချလိုက်ပြီး မျက်လွှာချကာ သက်ပြင်းချလိုက်သည်။

"တကယ့်ကို အရသာကောင်းတယ်။ ဒီလိုဟင်းချက်စွမ်းရည်နဲ့ဆိုရင် မင်းဘဝဆက်လက်ရှင်သန်ဖို့ ငွေမရှိမှာ စိုးရိမ်စရာ မလိုဘူး"

"ငါ ကြိုးစားဖို့ အများကြီးလိုအပ်ပါသေးတယ်" ယွမ်ကျိုးက အပြုံးဖြင့် စကားပြန်ပြောသည်။ သို့သော်လည်း ဤစကားလုံးများက အမှန်တရားကို ရည်ညွှန်းခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူ့ခန္ဓာကိုယ်ထဲတွင် သူ့ကို ကျွမ်းကျင်စားဖိုမှူးဖြစ်အောင် ပံ့ပိုးပေးမည့် စနစ်ရှိသည့်တိုင် သူ့ဘက်က ကြိုးစားအားထုတ်ရန် လိုအပ်သေးသည်။

"စားကောင်းတယ်ဆိုရင်လည်း ပြီးတာပါပဲ။ နောက်ထပ် ဟင်းလျာအသစ်တွေ ဖန်တီးရင် မင်းကို အရင်ဆုံး မြည်းခိုင်းမယ်" ယွမ်ကျိုး၏ လေးနက်သော အမူအရာကို မြင်တွေ့ရသောအခါ စွန်းမင်က နောင်အနာဂတ်ကို မျှော်လင့်တောင့်တမိသည်။

"မစောတော့ဘူး။ ငါ့ရဲ့ဆိုင်ကို ပြန်မှဖြစ်တော့မယ်။ နေ့လည်မှ ပြန်လာခဲ့မယ်" မနက် ၁၀နာရီခွဲအချိန်သို့ ရောက်ရှိလာ၍ စွန်းမင်က ကုန်ကျစရိတ်ကိုပေးကာ လှည့်ထွက်လာခဲ့သည်။

"သတိထားပြီး ကားမောင်းဦးနော်။ နေ့လည်မှ တွေ့မယ်"

...

နာရီလက်တံက ၁၂ဂဏန်းသို့ ညွှန်ပြသောအခါ လမ်းမအပြင်ဖက်‌တွင် လူအုပ်စုကြီး စုရုံးနေခြင်းကို ယွမ်ကျိုးသတိပြုမိသည်။ ထိုစဉ် ယွမ်ကျိုးက ကြက်ဥထမင်းကြော်ရမယ်ဆိုသော စကားလုံးရေးသားထားသော ကျောက်သင်ပုန်းကို တံခါးအပြင်ဘက်မှာ ချိတ်ဆွဲထားလိုက်သည်။ ထိုမှသာ သူစားသောက်ဆိုင်ဖွင့်ထားသော သတင်းကို တခြားသူများအား အသိပေးနိုင်လိမ့်မည်။ အဖြူရောင်တီရှပ် နှင့် ဂျင်းဘောင်းဘီကို တွဲဖက်ဝတ်ဆင်ထားသော လူငယ်လေးသည် စားသောက်ဆိုင်ထဲ ဝင်ရောက်လာသည်။

စားသောက်ဆိုင်ထဲ လှည့်ပတ်ကြည့်ရှုပြီး မီးဖိုချောင်မှာ မတ်တပ်ရပ်နေသော ယွမ်ကျိုးကို မြင်တွေ့သောအခါ သူ့နှုတ်ခမ်းပါးလေးက အပေါ်သို့ ကော့ညွှတ်သွားသည်။ ဤလူငယ်လေးသည် စားသောက်ဆိုင်နှင့် ခပ်လှမ်းလှမ်းတွင် နေထိုင်သူဖြစ်သည်။ ထိုလူငယ်သည် ဆာလာမွတ်သိပ်သည်အထိ ဂိမ်းဆော့လေ့ရှိသည်။ အွန်လိုင်းပေါ်မှတစ်ဆင့် မုန့်မှာစားရန်ပင် ပျင်းရိသောကြောင့် နေ့လည်စာစားရန် အပြင်သို့ ထွက်လာခြင်းဖြစ်သည်။ ကြီးမားသောလူအုပ်စုကြီးကြောင့် လမ်းဘေးစားသောက်ဆိုင်လေးပင် တန်းစီသော လူအုပ်ကြီးဖြင့် ပြည့်နှက်နေသည်။ အနီးနားပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုရင်း လူမရှိသော စားသောက်ဆိုင်က ကြက်ဥထမင်းကြော်ရမည်ဟူသော ကျောက်သင်ပုန်းချိတ်ဆွဲထားခြင်းကို မြင်တွေ့ရ၍ ဆိုင်ထဲသို့ ဝင်လာခြင်းဖြစ်သည်။

စားသောက်ဆိုင်ထဲတွင် သူဌေးတစ်ယောက်ထဲရှိ၍ အရသာကောင်း/ မကောင်းကို မဆုံးဖြတ်နိုင်ချေ။ သို့တိုင် မြည်းစမ်းကြည့်ရန် ဆုံးဖြတ်လိုက်၍ သာမန်ကာလျှံကာ မေးမြန်းလိုက်သည်။

"သူဌေး...ခင်ဗျားတို့ဆိုင်က ကြက်ဥထမင်းကြော်ပဲ ရောင်းတာလား။ တခြားဘာမှမရောင်းဘူးလား" ယွမ်ကျိုးက သူ့ကို ပြန်မဖြေခင် မီနူးစာရွက်ပေါ်တွင် ရေးသားထားသော ဈေးနှုန်းတန်ဖိုးကို လူငယ်လေး သတိပြုမိသွားသည်။ လူငယ်က ချက်ချင်းထအော်သည်။

"ဘုရား ဘုရား ဈေးနှုန်းက များနေတာလား။ ဒသမတစ်လုံး ပျောက်နေတာလား"

"ကြက်ဥထမင်းကြော်က တခြားဆိုင်နဲ့ မတူဘူး။ ဈေးနှုန်းက အဲ့ဒီဈေးနှုန်းပဲ။ မင်း စမ်းစားကြည့်ချင်လား"

လူငယ်လေးက ဈေးနှုန်းသတ်မှတ်ချက် မမှားမှန်းသိသွားသောအခါ ဤစားသောက်ဆိုင် လူမရှိရသည့်အကြောင်းအရင်းကို သဘောပေါက်သွားသည်။ ရိုးရှင်းသော ကြက်ဥထမင်းကြော်တစ်ပွဲကို ၁၈၈ယွမ် ဖြင့် မည်သူက စားသုံးမည်နည်း။ ဆိုင်ပိုင်ရှင်သူဌေးက အရူးအနှမ်းဖြစ်သောကြောင့်သာ ဤကဲ့သို့ ဈေးနှုန်းသတ်မှတ်ခြင်းဖြစ်သည်။

ထို့ကြောင့် သူက တုံ့ဆိုင်းခြင်းမရှိဘဲ စားသောက်ဆိုင်မှ လှည့်ထွက်လာခဲ့သည်။

အရူးအဖြစ် သတ်မှတ်ခံရခြင်းထက် တခြားစားသောက်ဆိုင်တွင် တန်းစီ၍ မှာစားရန် ဆုံးဖြတ်ခဲ့သည်။

ယွမ်ကျိုး၏ နှလုံးသားထဲ၌လည်း မခံမရပ်ဖြစ်သော ခံစားချက် ဖြစ်ပေါ်နေသည်။ လူအများစုက သူ့ကြက်ဥထမင်းကြော်ကို ဈေးကြီးသည်ဟု သတ်မှတ်နေကြသည်။ ပါဝင်ပစ္စည်းအားလုံးသည် ထူးကဲပြီး သာမန်လူများ မစားသုံးနိုင်သော ဆန် နှင့် ထူးကဲစွာ ပြုပြင်ထားသော ကြက်ဥကို အသုံးပြုထားသည်။ သို့တိုင် ဤလျှို့ဝှက်ချက်ကို အတတ်နိုင်ဆုံးဖုံးကွယ်ထားရန် ယွမ်ကျိုး ဆုံးဖြတ်ထားသည်။

ကျောက်သင်ပုန်းကို ဆိုင်အပြင်ဘက်မှာ ချိတ်ဆွဲ‌ထားသောအခါ ယခင်ထက် ဖောက်သည်များလာသည်။

ဤတစ်ချိန်တွင် ဆိုင်ထဲဝင်ရောက်လာသော ဖောက်သည်က စီးပွားရေးသမားဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်ဖြစ်သည်။ သူ့လက်ထဲတွင် လက်ဆွဲအိတ်တစ်လုံးကိုင်ထားပြီး ရွှေရောင်မျက်မှန်ကိုင်းကို ဝတ်ဆင်ထားသည်။ ဤအသွင်အပြင်ကို ကြည့်ရုံဖြင့် အထက်တန်းစားတစ်ယောက်ဖြစ်ကြောင်း သိနိုင်သည်။ ဤအထက်တန်းစား စီးပွားရေးသမားသည် လမ်းအနောက်ဘက်ရှိ စီးပွားရေးအဆောက်အအုံတွင် အလုပ်လုပ်သူတစ်ဦးဖြစ်သည်။

သူသည် အောင်မြင်ကျော်ကြားသူတစ်ဦးကဲ့သို့ ဝတ်စားဆင်ယင်ထားပြီး လစဉ် လစာ ယွမ်ထောင်သောင်းမက ရရှိသည်။ သို့တိုင် သူ၏လစာအား ဇနီးဖြစ်သူအား အပ်နှင်းရပြီး တစ်နေ့ ယွမ် ၂၀၀ခန့်သာ သုံးစွဲခွင့်ရှိသည်။ ပုံမှန်အားဖြင့် နေ့လည်စာစားရန် အိမ်သို့ ပြန်လေ့ရှိပြီး ဇနီးသည် ခရီး၂ရက် ထွက်သွား၍ အပိုပေးခဲ့သော ယွမ်၂၀၀ဖြင့် နေ့လည်စာစားရန် အပြင်သို့ထွက်လာခြင်းဖြစ်သည်။

ဤအထက်တန်းစား လူကြီးလူကောင်းသည် အပြင်ဘက်တွင် နေ့လည်စာ မစားသည်မှာ ကြာပြီဖြစ်၍ နေ့လည်ချိန်တွင် စားသောက်ဆိုင်တိုင်း၌ လူများ စုပြုံနေခြင်းကို မေ့လျော့သွားသည်။

စားသောက်ဆိုင်တစ်ဆိုင်ပြီး တစ်ဆိုင် လှည့်ပတ်ကြည့်ရှုရင်း တိတ်ဆိတ်ငြိမ်သက်သောလမ်းတစ်လမ်းတွင် ဤစားသောက်ဆိုင်ကလေးကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ စားသောက်ဆိုင်၏ အပြင်ဘက်တွင် ကြက်ဥထမင်းကြော်ရသည်ဟူသော ဆိုင်းဘုတ်ကိုချိတ်ဆွဲထား၍ ဆိုင်သို့ မဆိုင်းမတွ ဝင်ရောက်လာခြင်း ဖြစ်သည်။

စားသောက်ဆိုင်အတွင်းပိုင်းကို ကြည့်လိုက်သောအခါ ပတ်ဝန်းကျင်အခြေအနေက သန့်ရှင်းသပ်ရပ်ပြီး ဆိုင်ထဲတွင် ဆိုင်ပိုင်ရှင်တစ်ဦးတည်းသာ တွေ့ရှိရသည်။

ပင်မခန်းမဆောင်၏ တစ်ဖက်တစ်ချက်တွင် ပန်းများဖြင့် အလှဆင်ထားပြီး ရိုးရိုးရှင်းရှင်းဖြင့် ခမ်းနားသော အရှိန်အဝါကို ပေးစွမ်းသည်။ စားပွဲခုံများသည် သဘာဝအညိုရောင်ရှိပြီး အပြင်ဘက်ဆိုင်များရှိ ညစ်ပတ်ပြီး အဆီများတင်နေသော စားပွဲများထက် ပို၍ကောင်းမွန်သည်။ ယွမ်ကျိုးသည် သူ့စားသောက်ဆိုင်ကို ကျေနပ်သော အမူအရာနှင့် ကြည့်နေသော အထက်တန်းစားလူကြီးမင်းကို မြင်တွေ့ရသောအခါ ယုံကြည်မှု အနည်းငယ်ရရှိသွားသည်။

"ကြက်ဥထမင်းကြော်မှာ မှာလား" ဟု မေးလိုက်သည်။

"မင်းက ကြက်ဥထမင်းကြော်ပဲ ရောင်းတာလား" အထက်တန်းစားလူကြီးမင်းသည် သန့်ရှင်းသပ်ရပ်သော ထိုင်ခုံပေါ်မှာ ထိုင်ပြီး မေးလိုက်သည်။

"ဟုတ်တယ်။ နံရံပေါ်မှာ ရေးထားတဲ့ဈေးနှုန်းအတိုင်းပဲ" ယွမ်ကျိုးက တည်ငြိမ်စွာ ပြန်ဖြေသည်။ အထက်တန်းစားလူကြီးမင်းသည် ခေါင်းလှည့်ကာ မီနူးဘုတ်ပေါ်မှာ စကားလုံး၃လုံးကို အာရုံစိုက်ကြည့်လိုက်သည်။ နောက်ဆုံးတွင် ကြက်ဥထမင်းကြော်၏ဈေးနှုန်းကို သတိထားမိလိုက်၍ သူ တော်တော်လေး အံ့ဩသွားသည်။

"၁၈၈ ယွမ် ... ရူပီးလား၊ဂျပန်ယန်းလား" ဤစားသောက်ဆိုင်က နိုင်ငံခြားငွေကို လက်ခံလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

သူဌေး၏ဝတ်စားဆင်ယင်ပုံကို ကြည့်ရုံဖြင့် ဂျပန်လူမျိုးဖြစ်မည်ဟု တွေးခဲ့၍ ထိုကဲ့သို့ မေးမြန်းခြင်းဖြစ်သည်။

"ဈေးနှုန်းတန်ကြေးက ယွမ်ပါ။ နိုင်ငံခြားငွေကို လက်မခံပါဘူး" ယွမ်ကျိုးက တည်ငြိမ်စွာ ပြန်ဖြေသည်။

"၁၈၈ယွမ်လား" အထက်တန်းစားလူကြီးမင်းသည် မယုံကြည်ဟန်ဖြင့် သူ့မျက်မှန်ကိုင်းကို လက်ဖြင့် ပင့်တင်လိုက်သည်။

"ဘာလဲ ခင်ဗျားက ၁၈၈ ယွမ်ကို မတတ်နိုင်လို့လား" အထက်တန်းစားလူကြီးမင်း မတ်တပ်ရပ်သွားသည်ကို မြင်တွေ့ရသောအခါ သူ့စိတ်ထဲမှ မကျေနပ်သောခံစားချက်ကို ပြသလိုက်သည်။

"ငါက ဒီဈေးနှုန်းကို မတတ်နိုင်ဘူးလို့ ဘယ်သူပြောတာလဲ။ ဟုတ်တယ်။ ဒီဈေးနှုန်းကို ငါ တကယ်မတတ်နိုင်ဘူး"

အထက်တန်းစားလူကြီးမင်းသည် အစပိုင်းတွင် ဒေါသထွက်သော အမူအရာကို ပြသသော်လည်း စိတ်ပျက်အားလျော့စွာဖြင့် စားသောက်ဆိုင်အပြင်ဘက်ကို ထွက်လာခဲ့သည်။ အပြင်ဘက်သို့ လမ်းလျှောက်ထွက်လာရင်း ကြက်ဥထမင်းကြော်တစ်ပွဲကို ၁၈၈ ယွမ်ဖြင့် ဝယ်စားခဲ့သည်ဟု သူ့မိန်းမသိလျှင် သူ့ကို သတ်မည်ဟု တွေးမိ၍ ခပ်မြန်မြန် ခြေလှမ်းလှမ်းလိုက်သည်။

အပိုင်း(၁၁)

ပြီး၏။

All Chapters