← Chapters

အခန်း (၁၆၃-၁၆၄)

Vol. 12 Ch. 163-164

အခန်း (၁၆၃-၁၆၄)

Vol. 12 Ch. 163-164

အခန်း (၁၆၃) - ချီကျင့်ကြံခြင်းအဆင့် (၅) သို့ တက်လှမ်းခြင်း။

ညဉ့်နက်သန်းခေါင် အချိန်သို့ ရောက်ရှိလာပြီ ဖြစ်သည်။

ဆင်းရဲသား ရပ်ကွက်အတွင်းရှိ အပူချိန်သည် တစ်စထက်တစ်စ ကျဆင်းလာ၏။

လမ်းမများပေါ်တွင် သွားလာလှုပ်ရှားသူများ ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီး၊ တိတ်ဆိတ်ငြိမ်သက်နေမှုက လွှမ်းမိုးထားကာ သုသာန်တစပြင်အလား ဖြစ်နေတော့သည်။

ညဉ့်နက်အချိန်တွင် အပြင်ထွက်၍ လမ်းလျှောက်ရဲသော လေလွင့်ကျင့်ကြံသူဟူ၍ မရှိသလောက် ရှားပါးလှသည်။

အဘယ်ကြောင့်ဆိုသော် သားရဲတစ်သောင်း တောင်တန်း နက်ရှိုင်းရာမှ ထွက်ပေါ်လာတတ်သော ကြောက်မက်ဖွယ် မိစ္ဆာကောင်များကို သတိထားနေရသောကြောင့် ဖြစ်သည်။

ထို့ကြောင့် ဤကာလအတွင်း ဆင်းရဲသား ရပ်ကွက်သည် အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်နေတတ်သည်။

သို့သော် ထိုအရာအားလုံးသည် ကျန်းဖန်နှင့် သက်ဆိုင်မှု မရှိလှပေ။

မိစ္ဆာနှင် အင်း အများအပြား၏ ကာကွယ်မှုအောက်တွင်၊ သာမန် မိစ္ဆာကောင်များသည် သူ၏ နေအိမ်ထဲသို့ ကျူးကျော်ဝင်ရောက်ရဲခြင်း မရှိကြချေ။

သူ့အိမ်သည် ဆင်းရဲသား ရပ်ကွက်အတွင်း ရှားပါးလှသော ဘေးကင်းလုံခြုံသည့် နေရာတစ်ခုဟု ဆိုရပေမည်။

ထိုအချိန်၌…

သစ်သားအိမ်လေး အတွင်းရှိ ကျင့်ကြံရေး အခန်းထဲတွင် ဖြစ်သည်။

ကျန်းဖန်သည် ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေပြီး၊ သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပုလင်း တစ်လုံးကို ထုတ်ယူလိုက်သည်။

အတွင်း၌ ရှိနေသည်မှာ ဝိညာဉ်ရည် ဖြစ်သည်။

တစ်စက်တည်းသာ ရှိသော်လည်း ဝိညာဉ်ကျောက်တုံး ၃၀၀ အထိ တန်ဖိုးရှိသဖြင့်၊ တကယ့်ကို ဈေးကြီးလွန်းလှသည်။

ကြွယ်ဝချမ်းသာသူများသာ ဝယ်ယူရန် တတ်နိုင်ပေမည်။

ထို့ကြောင့်လည်း မြစိမ်းတော ဈေးတန်းတွင် ဤဝိညာဉ်ရည်သည် ရောင်းမထွက်ဘဲ အချိန်အကြာကြီး ကျန်ရှိနေခဲ့ခြင်း ဖြစ်သည်။

အတွင်းရှိ ဝိညာဉ်ရည်သည် ကြည်လင်သန့်စင်နေပြီး သက်တံ့ရောင်စဉ်များ ဖြာထွက်နေသကဲ့သို့ ဖြစ်နေ၏။ ၎င်းတွင် ဆန်းကြယ်သော အရာဝတ္ထုများ ပါဝင်နေပုံရသည်။

နေမင်းကြီး ဓားဂိုဏ်း အနေဖြင့် ဤဝိညာဉ်ရည်အား မည်သည့်နေရာမှ ရရှိခဲ့သည်ကို မည်သူမျှ မသိနိုင်ပါ။

ဤကဲ့သို့သော ဝိညာဉ်ပစ္စည်းများသည် အလွန်အမင်း ရှားပါးလှသည်။

နေမင်းကြီး ဓားဂိုဏ်းမှ အတွင်းစည်း တပည့်များပင်လျှင် ပုံမှန် သုံးစွဲနိုင်ခြင်း မရှိကြပေ။

ယေဘုယျအားဖြင့် ဤမျှ တန်ဖိုးရှိသော ဝိညာဉ်ရည်ကို အဆင့်တက်ရာတွင် ကြုံတွေ့ရသော အတားအဆီးများကို ချိုးဖျက်ရာ၌သာ အသုံးပြုလေ့ရှိကြသည်။

ကျန်းဖန်ကဲ့သို့ ကျင့်ကြံခြင်းအဆင့် မြှင့်တင်ရုံသက်သက် အတွက် အသုံးပြုခြင်းမှာ တကယ် ဖြုန်းတီးရာ ကျလွန်းလှသည်။

ဝုန်း…

ထိုသို့ တွေးတောရင်း ကျန်းဖန်သည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။ ထို့နောက် ကျောက်စိမ်းပုလင်းကို ဖွင့်ကာ အတွင်းမှ ဝိညာဉ်ရည်ကို တစ်ခါတည်း မျိုချလိုက်တော့သည်။

ဝိညာဉ်ရည်သည် ဝမ်းဗိုက်ထဲသို့ ရောက်ရှိသွားသည်။

ကြီးမားပြီး သန့်စင်သော စွမ်းအင်များသည် သူ၏ ခန္ဓာကိုယ် အနှံ့အပြားသို့ လျင်မြန်စွာ ပျံ့နှံ့သွားတော့၏။

သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ပြင်းအားကောင်းသော ဝိညာဉ်ချီများထဲတွင် စိမ်ထားသကဲ့သို့ ခံစားလိုက်ရသည်။

ခန္ဓာကိုယ် အနှံ့ နွေးထွေးသော ခံစားမှုတစ်ခု ပျံ့နှံ့သွား၏။

ရေပူစမ်းထဲတွင် စိမ်နေရသကဲ့သို့ပင် သက်သောင့်သက်သာ ခံစားလိုက်ရသည်။

"ဒါက..."

ကျန်းဖန်၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားသည်။ သူသည် 'အမြုတေပေါင်းစု အင်းကွက်ကျမ်းစာ' ကို စတင် မလည်ပတ်ရသေးခင်မှာပင်၊ သူ၏ တန်းထျန်နှင့် ချီပင်လယ် နက်ရှိုင်းရာရှိ မူလဝိညာဉ်စွမ်းအားများသည် စတင် ဆူပွက်လှုပ်ရှားလာပြီး၊ ဝဲဂယက်တစ်ခုသဖွယ် ရူးသွပ်စွာ လည်ပတ်လာတော့သည်။

သူ၏ ခန္ဓာကိုယ်အတွင်းရှိ မူလဝိညာဉ်စွမ်းအားများသည် သူ့မျက်မြင်ကိုယ်တွေ့ လျင်မြန်စွာ တိုးပွားလာနေသည်။

သူ၏ ခန္ဓာကိုယ်ကို ဗဟိုပြုလျက်၊ ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး ဝိညာဉ်ချီများသည် ဝင်ရောက်စီးဆင်းလာပြီး ဝိညာဉ်စွမ်းအင် ဝဲဂယက်ငယ်လေး တစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။

မြန်လွန်းသည်။ တကယ့်ကို မြန်ဆန်လွန်းလှသည်။

ပုံမှန်အားဖြင့် 'အမြုတေပေါင်းစု အင်းကွက်ကျမ်းစာ' ကို လည်ပတ်ပြီး၊ ကောင်းကင်နှင့် မြေကြီး မူလချီများကို စုပ်ယူရာတွင်... နေ့စဉ် ကြိုးစားပမ်းစား ကျင့်ကြံလျှင်တောင် တန်းထျန်အတွင်းရှိ ဝိညာဉ်စွမ်းအား တိုးတက်မှုသည် ခရုတစ်ကောင် သွားနေသကဲ့သို့ နှေးကွေးလှသည်။

သူ့တွင် မြေကမ္ဘာ ဝိညာဉ်အမြစ် ပါရမီ ရှိနေသည့်တိုင် ဤမျှ နှေးကွေးနေခြင်း ဖြစ်သည်။

အကယ်၍ အဆင့်နိမ့် ဝိညာဉ်အမြစ် ပိုင်ရှင်များသာ ဆိုပါက ပို၍ပင် စိတ်ပျက်အားငယ်စရာ ကောင်းပေလိမ့်မည်။ ခရုသွားသလောက်ပင် မရှိဘဲ၊ လုံးဝ မတိုးတက်သကဲ့သို့ ဖြစ်နေတတ်သည်။

နှစ်ပေါင်းများစွာ ကြာသည့်တိုင် တန်းထျန်အတွင်းရှိ ဝိညာဉ်စွမ်းအားမှာ တိုးတက်လာခြင်း မရှိဘဲ၊ ကျင့်ကြံခြင်းအဆင့်သည်လည်း ရပ်တန့်နေတတ်သည်။

သို့သော် ယခုအခါ ဝိညာဉ်ရည် တစ်စက်ကို သောက်သုံးပြီးနောက်၊ ၎င်း၏ အာနိသင်သည် ဂျင်ဆင်းဖြူ ဆေးလုံး သို့မဟုတ် အလယ်အလတ်အဆင့် ဝိညာဉ်စုစည်း ဆေးလုံးတို့ထက် များစွာ သာလွန်ကောင်းမွန်နေသည်။ ထိုဆေးများနှင့် လုံးဝ နှိုင်းယှဉ်၍ပင် မရနိုင်ပေ။

"ဝိညာဉ်ရည် တစ်စက်ကို ဝိညာဉ်ကျောက်တုံး ၃၀၀ တောင် ပေးရတာ မဆန်းပါဘူး၊ အာနိသင်က တကယ် ထိရောက်တာပဲ..."

"ဈေးကြီးပေးရတာနဲ့ တန်ပါတယ်..."

ကျန်းဖန် အတိုင်းအထက်အလွန် ဝမ်းသာသွားသည်။ သူ၏ ဝယ်ယူမှုသည် မှန်ကန်သည်ဟု သူ ခံစားလိုက်ရသည်။

ထို့နောက် သူသည် 'အမြုတေပေါင်းစု အင်းကွက်ကျမ်းစာ' ကို လည်ပတ်လိုက်ရာ၊ ချီပင်လယ် နက်ရှိုင်းရာရှိ ပင်ကိုအင်းကွက်သည် စတင် လှုပ်ရှားလာပြီး၊ တိုးပွားလာသော မူလဝိညာဉ်စွမ်းအား လှိုင်းလုံးများကို ထိန်းချုပ်ကာ သူ၏ အကြောများဆီသို့ စီးဆင်းစေလိုက်သည်။

တစ်နာရီ၊ နှစ်နာရီ၊ သုံးနာရီ…

ထိုအချိန်အတောအတွင်း သူသည် နောက်ထပ် ဝိညာဉ်ရည် နှစ်စက်ကို ထပ်မံ သောက်သုံးလိုက်ရာ၊ ခန္ဓာကိုယ်အတွင်းရှိ မူလဝိညာဉ်စွမ်းအားများ တဖန် ပြန်လည် ဆူပွက်လာပြန်သည်။

ဤဖြစ်စဉ်ကြောင့် ဝိညာဉ်စွမ်းအားများသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ အကြောလေးခုလုံးကို ပြည့်လျှံသွားစေသည်။

ဝိညာဉ်စွမ်းအား ပိုမို လိုအပ်သော 'အမြုတေပေါင်းစု အင်းကွက်ကျမ်းစာ' ကို ကျင့်ကြံနေသော်လည်း၊ ဝိညာဉ်ရည် သုံးစက်မှ ရရှိသော စွမ်းအင်သည် လုံလောက်သည်ထက်ပင် ပိုနေသေးသည်။

ဝုန်း…

သူ၏ ခန္ဓာကိုယ်အတွင်းရှိ မူလဝိညာဉ်စွမ်းအားများ အဆင့်တစ်ခုသို့ ရောက်ရှိသောအခါ၊ ထိုစွမ်းအားများသည် ပဉ္စမမြောက် အကြော၏ ပိတ်ဆို့နေသော အရာများကို အလွယ်တကူ ရိုက်ခတ်ဖွင့်လှစ်လိုက်ပြီး ထိုးဖောက်ဝင်ရောက်သွားတော့သည်။

ချီကျင့်ကြံခြင်းအဆင့် (၅)...

ထိုခံစားချက်သည် ရေစီးကြောင်းတစ်ခု သဘာဝအတိုင်း စီးဆင်းသွားသကဲ့သို့ပင်။

အတွင်း၌ လုံလောက်သော ဝိညာဉ်စွမ်းအား ရှိနေသည်နှင့် တစ်ပြိုင်နက်၊ သူသည် နောက်တစ်ဆင့်သို့ သဘာဝကျကျပင် တက်လှမ်းသွားနိုင်ခဲ့သည်။ အလွန် လွယ်ကူပြီး သက်သောင့်သက်သာ ရှိလှသည်။

မည်သို့ပင်ဆိုစေ မြေကမ္ဘာ ဝိညာဉ်အမြစ် ပိုင်ရှင်များအတွက် ချီကျင့်ကြံခြင်းအဆင့်၌ အတားအဆိီးဟူ၍ မရှိပေ။

အုတ်မြစ်တည်ဆောက်ခြင်း အဆင့်သို့ ရောက်ရှိမှသာလျှင် အတားအဆီး ပေါ်လာတတ်ပြီး၊ မြေကမ္ဘာ ဝိညာဉ်အမြစ် ပိုင်ရှင်များကို ခေတ္တမျှ တန့်သွားစေနိုင်သည်။

အကယ်၍ ချီကျင့်ကြံခြင်းအဆင့်လောက်နှင့် အတားအဆီး ဖြစ်နေပါက၊ မြေကမ္ဘာ ဝိညာဉ်အမြစ် ပိုင်ရှင်များကို စော်ကားရာ ကျပေလိမ့်မည်။

"ငါ အဆင့်တက်သွားပြီလား..."

"ဝိညာဉ်ရည် သုံးစက်လောက် သုံးလိုက်ရုံနဲ့..."

"ချီကျင့်ကြံခြင်းအဆင့် (၅) ကို တကယ် ရောက်သွားပါလား..."

"ဈေးကြီးပေမဲ့၊ ကောင်းကင်နဲ့ မြေကြီးရဲ့ ဝိညာဉ်ပစ္စည်းတွေက တကယ် တန်ဖိုးရှိတာပဲ..."

ကျန်းဖန်သည် ခန္ဓာကိုယ်အတွင်း တိုးပွားလာသော ဝိညာဉ်စွမ်းအားများကို အာရုံခံစားရင်း ပျော်ရွှင်နေမိသည်။

ယှဉ်ကြည့်လိုက်လျှင် သူ၏ အတွင်းအား ဝိညာဉ်စွမ်းအားသည် အနည်းဆုံး ထက်ဝက်ခန့် တိုးပွားလာခဲ့သည်။

သူ၏ အသိစိတ်အာရုံ စွမ်းအားသည်လည်း သိသိသာသာ ကြီးထွားလာသည်။

မူလဝိညာဉ်စွမ်းအားများသည် သူ၏ အကြော ငါးခုလုံးတွင် မရပ်မနား လှည့်လည် စီးဆင်းနေကြသည်။

တစ်ချိန်တည်းမှာပင် ချီပင်လယ် နက်ရှိုင်းရာရှိ ပင်ကိုအင်းကွက်သည်လည်း သိသိသာသာ ကျယ်ပြန့်လာပြီး၊ ပဉ္စမမြောက် ပင်ကိုအင်းကွက်ကို ရေးဆွဲနိုင်မည့် အခြေအနေသို့ ရောက်ရှိသွားသည်။

"အကယ်၍သာ ဝိညာဉ်ရည် အမြောက်အမြား ရနိုင်မယ်ဆိုရင်၊ ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ချီကျင့်ကြံခြင်းအဆင့် (၆)၊ ဒါမှမဟုတ် အဆင့် (၇)၊ (၈) လောက်အထိတောင် အချိန်တိုအတွင်း ရောက်သွားနိုင်တယ်..."

"ကျင့်ကြံသူတွေအတွက် အရင်းအမြစ်ဆိုတာ တကယ် အရေးကြီးတာပဲ..."

"အဆင့်မြင့် ကျင့်ကြံခြင်း အရင်းအမြစ်တွေ ရှိရင်၊ အားစိုက်ထုတ်မှု တစ်ဝက်လောက်နဲ့ ရလဒ်နှစ်ဆ ရနိုင်တာကိုး..."

"ငါ့ရဲ့ မြေကမ္ဘာ ဝိညာဉ်အမြစ် ပါရမီကို ထည့်မတွက်ရင်တောင်မှ..."

"ကောင်းကင်နဲ့ မြေကြီး ဝိညာဉ်ပစ္စည်းတွေကို ရရှိလိုက်တာက ကျားကို အတောင်ပံ တပ်ပေးလိုက်သလိုပါပဲလား..."

ကျန်းဖန် လက်သီးကို တင်းတင်း ဆုပ်လိုက်မိသည်။

ဝိညာဉ်ရည် ဝယ်ယူလိုက်ခြင်းသည် မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်သည်ဟု သူ ခံစားလိုက်ရသည်။ အခြား ဆေးဝါးများနှင့် ယှဉ်လျှင် အကျိုးကျေးဇူး များစွာ ပေးစွမ်းနိုင်သည်။

ထို့ပြင် ဘေးထွက်ဆိုးကျိုးလည်း လုံးဝ မရှိပေ။

တစ်ခုတည်းသော အားနည်းချက်မှာ ဈေးကြီးလွန်းခြင်းပင်။

သို့သော် ယင်းသည် ဝိညာဉ်ရည်၏ အားနည်းချက် မဟုတ်ဘဲ၊ သူ ဆင်းရဲလွန်းသောကြောင့် ဖြစ်ပေါ်လာသည့် သူ၏ အားနည်းချက်သာ ဖြစ်ပေသည်။

…..

အခန်း (၁၆၄) - ချီကျင့်ကြံခြင်းအဆင့် (၅) သို့ တက်လှမ်းခြင်း (၂)

ဝိညာဉ်ကျောက်တုံး ၄,၀၀၀၊ ၅,၀၀၀ ဆိုသည်မှာ ဝိညာဉ်ရည်နှင့် ယှဉ်လိုက်လျှင် ပြောပလောက်စရာ မရှိပေ။

အများဆုံးမှ ဝိညာဉ်ရည် တစ်ဒါဇင်ကျော် ဝယ်၍ရရုံသာ ရှိသည်။

"နောက်ထပ် ဝိညာဉ်ရည်တွေ ထပ်ဝယ်လို့ ရကောင်းရနိုင်တယ်..."

"ဒါပေမဲ့ ရှိသမျှ ဝိညာဉ်ကျောက်တုံးတွေ အကုန်သုံးပစ်လိုက်လို့ မဖြစ်သေးဘူး..."

"အရေးပေါ်ကိစ္စတွေ အတွက် ဝိညာဉ်ကျောက်တုံး အချို့ကို ချန်ထားမှ ဖြစ်မယ်..."

"ဘယ်သူသိမှာလဲ... နေမင်းကြီး ဓားဂိုဏ်းက ဘယ်လို အကြံအစည်တွေ ထပ်လုပ်ဦးမလဲ ဆိုတာ..."

ဖြစ်နိုင်လျှင် ကျန်းဖန်သည် သူ၏ ဝိညာဉ်ကျောက်တုံးများ အားလုံးကို ဝိညာဉ်ရည်အဖြစ် ပြောင်းလဲပစ်ချင်သည်။

သို့သော် ထိုသို့ပြုလုပ်ခြင်းသည် အန္တရာယ်များလွန်းလှသည်။

အကယ်၍ နေမင်းကြီး ဓားဂိုဏ်းက ငှားရမ်းခများကို ထပ်မံ မြှင့်တင်လိုက်ပြီး၊ သူ့တွင်လည်း ပေးဆောင်ရန် ဝိညာဉ်ကျောက်တုံး မရှိတော့ပါက ကြီးမားသော ဒုက္ခနှင့် ကြုံတွေ့ရနိုင်ခြေ ရှိသည်။

ဆင်းရဲသား ရပ်ကွက်မှ မောင်းထုတ်ခံရနိုင်သလို၊ သတ္တုတူးဖော်ရေး လုပ်သားအဖြစ် အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခြင်းလည်း ခံရနိုင်သည်။

ထို့ကြောင့် မည်သို့သော အခြေအနေမျိုးတွင်မဆို သူသည် မိမိကိုယ်ကို ငွေပြတ်သွားသည့် အဖြစ်မျိုး အရောက်ခံမည် မဟုတ်ပေ။

အရေးပေါ် အခြေအနေများအတွက် အသင့်အတင့် ချန်လှပ်ထားမှရမည်။

ထို့ပြင် မိစ္ဆာနှင် အင်း ရောင်းချပြီး ဝိညာဉ်ကျောက်တုံး အမြောက်အမြား ရရှိခဲ့ခြင်းသည် တစ်ခါတည်းနှင့် ပြီးသွားသော ကိစ္စမျိုး ဖြစ်ကောင်းဖြစ်နိုင်သည်။

နောက်ထပ် ငွေရှာရန် အခွင့်အရေးကို ရှာဖွေဖို့ရာ လွယ်ကူချင်မှ လွယ်ကူတော့မည်။

ထို့ကြောင့် ဝိညာဉ်ကျောက်တုံးများကို သတိရှိရှိ သုံးစွဲရန် လိုအပ်ပေသည်။

"နောက်တစ်ဆင့် အနေနဲ့ ငါ ပဉ္စမမြောက် ပင်ကိုအင်းကွက်ကို ရေးဆွဲရမယ်..."

"အောင်မြင်သွားပြီ ဆိုတာနဲ့ ငါ့ရဲ့ စွမ်းအားတွေက သေချာပေါက် မိုးထိတက်လာလိမ့်မယ်..."

ကျန်းဖန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး၊ သူသည် ပဉ္စမမြောက် ပင်ကိုအင်းကွက်အဖြစ် မည်သည့် အင်းကွက်ကို ရေးဆွဲလျှင် အကောင်းဆုံး ဖြစ်မလဲဟု စဉ်းစားခန်း ဖွင့်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် ဤရွေးချယ်မှုသည် သူ၏ အနာဂတ် လမ်းကြောင်းအပေါ် သက်ရောက်မှု ရှိနိုင်သဖြင့်၊ ပေါ့ပေါ့တန်တန် ဆုံးဖြတ်၍ မရသောကြောင့်ပင်။

"ပဉ္စမမြောက် ပင်ကိုအင်းကွက်က တိုက်ခိုက်ရေး အင်းကွက် ဖြစ်သင့်တယ်..."

"ဘာလို့လဲဆိုတော့ ချီကျင့်ကြံခြင်း အလယ်အလတ်အဆင့် အထက် ကျင့်ကြံသူတွေရဲ့ ကာကွယ်နိုင်စွမ်းက သိသိသာသာ မြင့်တက်လာကြပြီလေ..."

"သူတို့မှာ ကာကွယ်ရေး အင်းကွက်တွေ၊ မှော်ဝတ်ရုံတွေနဲ့ ကာကွယ်ရေး မှော်လက်နက် အမျိုးမျိုး ရှိကြတယ်..."

"မီးလုံးအင်းရဲ့ စွမ်းအားလောက်နဲ့ မလုံလောက်တော့ဘူး..."

ကျန်းဖန် မေးစေ့ကို ပွတ်သပ်လိုက်သည်။

တကယ်တမ်းတွင် မှောင်ခိုဈေး၌ ဝေထန်တို့လို ချီကျင့်ကြံခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူများနှင့် ရင်ဆိုင်ခဲ့စဉ်က၊ သူ၏ တိုက်ခိုက်ရေး နည်းလမ်းများတွင် လိုအပ်ချက် ရှိနေကြောင်း သူ သတိပြုမိခဲ့သည်။ မီးလုံးအင်း၏ စွမ်းအားသည် မလုံလောက်ခဲ့ပေ။

အကယ်၍ ရန်သူ၏ ကာကွယ်မှုသည် လိပ်ခွံကဲ့သို့ အနည်းငယ် ပိုမို မာကျောနေခဲ့ပါက…

သူ၏ မီးလုံးအင်း စွမ်းအားသည် ရန်သူကို ထိခိုက်အောင် လုပ်နိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။

ထို့ကြောင့် သူသည် ပိုမို ပြင်းထန်သော တိုက်ခိုက်နိုင်စွမ်းနှင့် ထိုးဖောက်နိုင်စွမ်း ရှိသည့် ပင်ကိုအင်းကွက် တစ်ခုကို ရေးဆွဲလိုခြင်း ဖြစ်သည်။

အသေအချာ စဉ်းစားပြီးနောက်၊ 'ရွှေရောင်အလင်းတန်း အင်း' သာလျှင် အသင့်လျော်ဆုံး ဖြစ်မည်ဟု သူ ဆုံးဖြတ်လိုက်သည်။

"ရွှေရောင်အလင်းတန်း အင်း ဆိုတာက ရွှေဓာတ် ဝိညာဉ်စွမ်းအားတွေ ကိန်းအောင်းနေတဲ့ ရွှေဓာတ် အင်းကွက် တစ်မျိုးပဲ..."

"အသုံးပြုလိုက်တာနဲ့ ရွှေရောင်အလင်းတန်း အဖြစ် ပြောင်းလဲသွားတယ်၊ ဓားအလင်းတန်းနဲ့ ဆင်တူတယ်..."

"ကြောက်မက်ဖွယ် ကောင်းတဲ့ ထိုးဖောက်နိုင်စွမ်းလည်း ပါရှိတယ်..."

"ကျင့်ကြံသူတွေရဲ့ ဝိညာဉ်စွမ်းအင် ဒိုင်းကာတောင်မှ ရွှေရောင်အလင်းတန်း အင်းရဲ့ စွမ်းအားကို တောင့်ခံနိုင်မှာ မဟုတ်ဘူး..."

"အဆင့်မြင့်တဲ့အထိ ကျင့်ကြံနိုင်ရင်၊ ဓားကျင့်ကြံသူတွေရဲ့ ဓားချီစွမ်းအင်လိုပဲ ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်ဘူး..."

ကျန်းဖန်၏ မျက်လုံးများတွင် စိတ်အားထက်သန်သော အရိပ်အယောင်များ လက်သွားသည်။

ဝုန်း…

ထိုသို့ တွေးတောမိသည်နှင့် သူသည် တုံ့ဆိုင်းမနေဘဲ ကံကောင်းခြင်းအမှတ် (၁၀၀၀) ကို ချက်ချင်း အသုံးပြုလိုက်သည်။

နက်နဲဆန်းကြယ်သော စွမ်းအင်တစ်ခုသည် သူ၏ ခန္ဓာကိုယ် အနှံ့အပြားသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။

ထိုခဏတွင် သူသည် ဉာဏ်အလင်းပွင့်သော အခြေအနေသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။

တန်းထျန်နှင့် ချီပင်လယ် နက်ရှိုင်းရာရှိ သူ၏ ပင်ကိုအင်းကွက်သည် လျင်မြန်စွာ စတင် လည်ပတ်လာသည်။

ဝိညာဉ်စွမ်းအား ကမ္ပည်းစာလုံးများသည် ထိုအပေါ်တွင် စတင် ရေးထွင်းလာကြသည်။

အချိန်မည်မျှ ကြာသွားသည် မသိ။ နောက်ဆုံးတွင် အင်းကွက်အသစ် တစ်ခုသည် ပင်ကိုအင်းကွက် ပေါ်တွင် ထင်ရှားစွာ ပေါ်ပေါက်လာတော့သည်။

စုစုပေါင်း အင်းကွက် (၅) ခုသည် တောက်ပစွာ လင်းလက်နေပြီး၊ ကောင်းကင်နှင့် မြေကြီး ဝိညာဉ်စွမ်းအင်များကို စုပ်ယူလိုက်၊ ထုတ်လွှတ်လိုက် ပြုလုပ်နေကြသည်။

"ပြီးသွားပြီ..."

ကျန်းဖန် မျက်လုံးများကို ဖွင့်လိုက်သည်။

တန်းထျန်နှင့် ချီပင်လယ် နက်ရှိုင်းရာရှိ ပင်ကိုအင်းကွက် ပေါ်တွင် ရွှေရောင်အလင်းတန်း အင်း၏ ကမ္ပည်းစာလုံးများ ပေါ်ပေါက်နေပြီး၊ ကောင်းကင်နှင့် မြေကြီး ရွှေဓာတ် ဝိညာဉ်စွမ်းအင်များကို အလိုအလျောက် စုပ်ယူ ထုတ်လွှတ်နေသည်ကို သူ အာရုံခံမိလိုက်သည်။

သူ စိတ်ကို လှုပ်ရှားလိုက်သည်နှင့် ရွှေရောင်အလင်းတန်း အင်း၏ စွမ်းအားက အသက်ဝင်လာသည်။

ချက်ချင်းဆိုသလိုပင် များပြားလှသော ရွှေဓာတ် ဝိညာဉ်စွမ်းအင်များ စုစည်းလာပြီး၊ ရွှေရောင်အလင်းတန်း အင်းသည် တဖျပ်ဖျပ် လက်လာတော့သည်။

ရွှေရောင် ဝိညာဉ်စွမ်းအား တန်းကြီးတစ်ခုသည် သူ့ခန္ဓာကိုယ် အတွင်းမှ ထွက်ပေါ်လာပြီး၊ လက်ချောင်းထိပ်မှတစ်ဆင့် ပစ်လွှတ်လိုက်တော့သည်။

ဒုန်း…

နောက်တစ်စက္ကန့်တွင် ရွှေရောင် အလင်းတန်းကြီး တစ်ခု ပေါက်ကွဲထွက်လာပြီး၊ သစ်သားကြမ်းခင်းကိုသာမက မြေကြီးကိုပါ အလွယ်တကူ ထိုးဖောက်သွားကာ ထင်ရှားသော တွင်းနက်ကြီးတစ်ခုကို ဖြစ်ပေါ်လာစေခဲ့သည်။

"ဒါက ရွှေရောင်အလင်းတန်း အင်းရဲ့ စွမ်းအားလား..."

"ကျွမ်းကျင်မှု အဆင့်ထိသာ ဆက်တက်သွားရင်၊ ဝိညာဉ်စွမ်းအင် ဒိုင်းကာတွေကို ထိုးဖောက်ဖို့ဆိုတာ ပြဿနာ မဟုတ်တော့ဘူးဘဲ..."

ကျန်းဖန် အလွန် ကျေနပ်သွားသည်။

အစပြုသူ အဆင့်မျှသာ ရှိသေးသော်လည်း၊ ရွှေရောင်အလင်းတန်း အင်းသည် ကြီးမားသော စွမ်းအားကို ပြသနေပြီ ဖြစ်သည်။

အကယ်၍ ကျွမ်းကျင်အဆင့် သို့မဟုတ် ဆရာတစ်ဆူအဆင့်သို့ ရောက်ရှိသွားပါက၊ ၎င်း၏ စွမ်းအားသည် သေချာပေါက် ကြောက်ခမန်းလိလိ ဖြစ်လာပေလိမ့်မည်။

ယခုအခါ သူ့တွင် သေစေနိုင်သော တိုက်ခိုက်ရေး လက်နက်တစ်ခု ထပ်တိုးလာပြီ ဖြစ်သည်။

[ အမည် - ကျန်းဖန် ]

[ ကံဇာတာ - ကောင်းကင်နှင့်ယှဉ်သော ကံကောင်းခြင်း၊ စွမ်းရည် - အခက်အခဲများကို ကျော်ဖြတ်ပြီး ကံကောင်းခြင်းများ ရောက်လာခြင်း ]

[ သက်တမ်း - ၁၂၀ နှစ် ]

[ ဝိညာဉ်အမြစ် - မြေကမ္ဘာ ဝိညာဉ်အမြစ် ]

[ ကံကောင်းခြင်းအမှတ် - ၃၅၆၀ ]

[ ကျင့်စဉ် - ပျံလွှားမြွေ ကျင့်စဉ် (မပြည့်စုံ)၊ သတ္တမအဆင့် (ထပ်မံ မြှင့်တင်၍ မရနိုင်) ]

[ ကျင့်စဉ် - အမြုတေပေါင်းစု အင်းကွက်ကျမ်းစာ၊ ပထမအဆင့် ]

[ ပင်ကိုအင်းကွက် - မီးလုံးအင်း (ကျွမ်းကျင်)၊ ကိုယ်ပေါ့အင်း (ကျွမ်းကျင်)၊ အသက်ရှူသံထိန်း အင်း (ကျွမ်းကျင်)၊ ကိုယ်ကာယ ကာကွယ်ရေးအင်း (အစပြုသူ)၊ ရွှေရောင်အလင်းတန်း အင်း (အစပြုသူ) ]

[ ကျင့်ကြံခြင်းအဆင့် - ချီကျင့်ကြံခြင်းအဆင့် (၅) (၁%) ]

[ အသက်မွေးဝမ်းကျောင်း - အလယ်အလတ်အဆင့် အင်းကွက်ဆရာ (၄၀%) ]

ကျန်းဖန်သည် သူ၏ အချက်အလက် မျက်နှာပြင်ကို ကြည့်ပြီး အလွန် ကျေနပ်နေမိသည်။

ကံကောင်းခြင်းအမှတ် (၁၀၀၀) သုံးစွဲပြီးနောက်၊ သူ့တွင် (၃၅၆၀) မှတ် ကျန်ရှိနေသေးသည်။

ယင်းသည် များပြားသော ပမာဏ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် အလယ်အလတ်အဆင့် အင်းကွက်ဆရာ ကျွမ်းကျင်မှုသည်လည်း သိသိသာသာ တိုးတက်လာခဲ့သည်။

ဤအတိုင်း ဆက်လက် တိုးတက်နေပါက၊ ထိပ်တန်းအဆင့် အင်းကွက်ဆရာ ဖြစ်လာရန် ဝေးတော့မည် မဟုတ်ပေ။

အချိန်ကာလတစ်ခုသာ လိုအပ်တော့သည်။

"ငါ့ရဲ့ စွမ်းအားကို ဆက်ပြီး မြှင့်တင်ချင်ရင်၊ ပင်ကိုအင်းကွက်တွေရဲ့ ကျွမ်းကျင်မှု အဆင့်ကို မြှင့်တင်ဖို့ လိုအပ်မယ်..."

"ကျွမ်းကျင်မှု အဆင့် မြင့်သွားတာနဲ့၊ တိုက်ခိုက်ရေး စွမ်းရည်က အဆပေါင်းများစွာ တိုးတက်လာလိမ့်မယ်..."

အင်းကွက်ကျင့်ကြံသူ တစ်ဦး အနေဖြင့် ပင်ကိုအင်းကွက်များ၏ စွမ်းအားကို အကောင်းဆုံး အသုံးချခြင်းသည်သာ စစ်မှန်သော ကျင့်ကြံခြင်း လမ်းကြောင်းဖြစ်သည်ဟု ကျန်းဖန် တွေးမိလိုက်သည်။

......

မျက်တောင်တစ်ခတ် အတွင်းမှာပင် နောက်ထပ် (၅) ရက်၊ (၆) ရက်ခန့် ကုန်လွန်သွားခဲ့သည်။

ချီကျင့်ကြံခြင်းအဆင့် (၅) သို့ တက်လှမ်းနိုင်ခဲ့သည့် အထိမ်းအမှတ် အနေဖြင့်၊ ကျန်းဖန်သည် မောပန်းသည်အထိ စုဝေဝေနှင့် အတူ အကြိမ်ပေါင်းများစွာ ပျော်ပါးခဲ့၏။

အဆင့်နိမ့် ဝိညာဉ်စုစည်း ဆေးလုံး အများအပြား ရရှိထားသည့် ကျေးဇူးကြောင့်၊ စုဝေဝေ၏ ကျင့်ကြံခြင်းအဆင့်သည်လည်း တိုးတက်လာပြီး ချီကျင့်ကြံခြင်းအဆင့် (၂) သို့ ရောက်ရှိသွားသည်။ သိသာထင်ရှားသော တိုးတက်မှု ဖြစ်သည်။

ကျန်းဖန်နှင့် နှိုင်းယှဉ်၍ မရသော်လည်း၊ သာမန် ကျင့်ကြံသူများနှင့် ယှဉ်လျှင် သူမ၏ တိုးတက်မှုသည် လျင်မြန်သည်ဟု ဆိုရပေမည်။

ရှေးဟောင်းပိုးမွှားဆန်း ဖြစ်သော တောင်ပံခြောက်စုံ အဆိပ်ပျားသည်လည်း သားဖောက်ခြင်း လုပ်ငန်းစဉ် မြန်ဆန်လာပုံရ၏။

မကြာမီအချိန်အတွင်း အဆိပ်ပျား အကောင်ပေါက်လာတော့မည်ဟု ခန့်မှန်းရသည်။

ထိုအချိန်ရောက်လျှင် စုဝေဝေ၏ စွမ်းအားသည် သေချာပေါက် ကြီးမားစွာ တိုးတက်လာပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် ဆင်းရဲသား ရပ်ကွက်၌ အပြောင်းအလဲ အချို့လည်း ဖြစ်ပေါ်လာခဲ့သည်။

၎င်းသည် ကျန်းဖန် မိစ္ဆာနှင် အင်းများ ရောင်းချခဲ့ခြင်းနှင့် သက်ဆိုင်နေ၏။

ကျန်းဖန် သန့်စင်ခဲ့သော မိစ္ဆာနှင် အင်းများသည် အလွန် ထိရောက်မှု ရှိသောကြောင့်၊ လေလွင့်ကျင့်ကြံသူများသည် ၎င်းတို့ကို အသုံးပြုပြီး အဆင့်နိမ့် မိစ္ဆာအများအပြားကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြသည်။

ထိုအချက်ကြောင့် ဆင်းရဲသား ရပ်ကွက်ထဲသို့ ဝင်ရောက်ရဲသော မိစ္ဆာအရေအတွက်မှာ သိသိသာသာ လျော့နည်းသွားခဲ့သည်။

ယခင်ကနှင့် နှိုင်းယှဉ်လျှင် ဆင်းရဲသား ရပ်ကွက်သည် ပိုမို ဘေးကင်းလာခဲ့သည်။

"အဲ့ဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ အင်းကွက်ဆရာက ဘယ်ကလဲဗျ... သူ သန့်စင်တဲ့ မိစ္ဆာနှင် အင်းတွေရဲ့ စွမ်းအားက အံ့မခန်းပဲ၊ အဆင့်တူ အင်းကွက်တွေထက် အနည်းဆုံး အဆပေါင်းများစွာ ပိုစွမ်းတယ်... တကယ် အံ့သြစရာပဲဗျာ..."

"ဟုတ်တယ်ဗျာ... ကျုပ် ဒီမိစ္ဆာနှင် အင်းကို မြစိမ်းတော ဈေးတန်းထဲ ယူသွားပြီး ထိပ်တန်းအဆင့် အင်းကွက်ဆရာ တချို့ကို ပြကြည့်ဖူးတယ်။ သူတို့တောင်မှ ဒီလောက် အပြစ်ကင်းစင်တဲ့ မိစ္ဆာနှင် အင်းမျိုး မသန့်စင်နိုင်ဘူးလို့ ပြောကြတယ်။ ဒီလို အင်းကွက်မျိုး သန့်စင်တဲ့သူက အနည်းဆုံး ထိပ်တန်းအဆင့် အင်းကွက်ဆရာ၊ ဒါမှမဟုတ် ဒုတိယအဆင့် ရွန်းစာလုံးပညာရှင်တောင် ဖြစ်နိုင်တယ်တဲ့..."

"မဖြစ်နိုင်ပါဘူးဗျာ... လွန်လွန်းပါတယ်။ သူသာ ဒုတိယအဆင့် ရွန်းစာလုံးပညာရှင် ဆိုရင်၊ သူ့အဆင့်အတန်းက အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူနဲ့ ညီမျှနေပြီပေါ့။ အဲ့ဒီလောက် စွမ်းရည်နဲ့ဆို နေမင်းကြီး ဓားဂိုဏ်းမှာ ဂိုဏ်းအကြီးအကဲတောင် ဖြစ်နေလောက်ပြီ..."

"ဟုတ်တယ်... အဲ့ဒီလူက ဒုတိယအဆင့် ရွန်းစာလုံးပညာရှင်တော့ မဟုတ်လောက်ဘူး၊ မိစ္ဆာနှင် အင်း သန့်စင်တဲ့ နေရာမှာ ထူးချွန်တဲ့ ပါရမီရှင်၊ ဆရာတစ်ဆူအဆင့် ရောက်နေတဲ့ ထိပ်တန်းအဆင့် အင်းကွက်ဆရာ တစ်ယောက်ပဲ ဖြစ်လောက်တယ်။ ဒါကြောင့် အင်းကွက်ရဲ့ စွမ်းအားက ဒီလောက် ကြီးနေတာ..."

"ကြည့်ရတာ... သူက အခု ဒုတိယအဆင့် ရွန်းစာလုံးပညာရှင် မဟုတ်ရင်တောင်၊ အနာဂတ်မှာ သေချာပေါက် ဖြစ်လာမယ့်သူပဲ..."

"ကြားတာတော့ နေမင်းကြီး ဓားဂိုဏ်းက လူတွေလည်း အဲ့ဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ အင်းကွက်ဆရာကို လိုက်ရှာနေကြတယ်တဲ့၊ ဂိုဏ်းထဲ ဝင်စေချင်လို့ နေမှာပေါ့..."

"သူသာ နေမင်းကြီး ဓားဂိုဏ်းထဲ ဝင်ချင်ရင်၊ အခုချိန်ထိ ပုန်းနေမှာ မဟုတ်ဘူးလေ။ ကိုယ်ထင်ပြတာ ကြာလောက်ပေါ့။ အခုထိတော့ အဲ့ဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ အင်းကွက်ဆရာရဲ့ ဇာစ်မြစ်ကို ဘယ်သူမှ မသိကြသေးဘူး..."

"ဘာပဲဖြစ်ဖြစ်ဗျာ... အဲ့ဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ အင်းကွက်ဆရာ ရောင်းပေးလိုက်တဲ့ မိစ္ဆာနှင် အင်းတွေ ကျေးဇူးကြောင့်၊ ငါတို့ ဒီမိစ္ဆာကပ်ဘေးကနေ အသက်ရှင် လွတ်မြောက်ခဲ့ရတာပဲ..."

"နေမင်းကြီး ဓားဂိုဏ်းက အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ဂိုဏ်းအကြီးအကဲတွေ ပျံသန်းရေး သင်္ဘောနဲ့ လာနေကြပြီလို့ ကြားတယ်။ မျှော်လင့်တာကတော့ သူတို့ ဟို ဒုတိယအဆင့် မျက်နှာစိမ်းမိစ္ဆာကို အမြန်ဆုံး ရှင်းပစ်နိုင်ပါစေပေါ့။ ဒါမှ ငါတို့ ညတိုင်း မိစ္ဆာရန်ကို မကြောက်ရမှာ..."

"ဒီလိုဆိုတော့ မိစ္ဆာနှင် အင်း တစ်ချပ်ကို ဝိညာဉ်ကျောက်တုံး ၃၀ ပေးရတာ တန်ပါတယ်ဗျာ။ စွမ်းအားက တကယ် အသက်ကယ်တာကိုး..."

လေလွင့်ကျင့်ကြံသူ အများအပြား အချင်းချင်း ပြောဆို ဆွေးနွေးနေကြသည်။

All Chapters