အခန်း (၁၆၇-၁၆၈)
Vol. 12 Ch. 167-168
အခန်း (၁၆၇) - ဈေးတန်းမှ ထွက်ခွာခြင်း၊ ဘေးဒုက္ခကို တည်ငြိမ်စွာ ရှောင်ရှားခြင်း။
"သူဌေးဖြစ်ဖို့ အခွင့်အရေး ဟုတ်လား..."
ထိုစကားကို ကြားလိုက်ရသည့်အခါ ကျန်းဖန် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ဆင်းရဲသား ရပ်ကွက်ရှိ လေလွင့်ကျင့်ကြံသူ အများအပြား၏ မျက်နှာပေါ်တွင် လောဘစိတ်များ ယှက်သန်းနေပြီး၊ အလွန်အမင်း စိတ်လှုပ်ရှား တက်ကြွနေသည်ကို သူ သတိပြုမိလိုက်သည်။
သံသယဖြစ်စရာ မလိုပါ၊ သူတို့အတွက်မူ မြစိမ်းတော ဈေးတန်း ကျဆုံးခြင်းသည် တစ်သက်တာတွင် တစ်ကြိမ်သာ ရနိုင်သော အခွင့်အရေးကြီး ဖြစ်သည်။
မည်သို့ဆိုစေ မြစိမ်းတော ဈေးတန်းထဲတွင် ရတနာများစွာ ပုန်းကွယ်နေကြောင်း လူတိုင်း သိထားကြသည် မဟုတ်ပါလော။
အဓိက ရတနာကြီးများကို ဓာတ်ကြီးငါးပါး ဆေးဂိုဏ်းမှ ကျင့်ကြံသူများ ယူဆောင်သွားလျှင်တောင်မှ…
အနည်းငယ်မျှသော အကြွင်းအကျန်များကို ရလိုက်ရုံဖြင့် လုံလောက်သည်ထက်ပင် ပိုနေပေပြီ။
ထမင်းပန်းကန် ပြည့်သွားစေရန် လုံလောက်ပေသည်။
သူတို့ကို အပြစ်ဆို၍လည်း မရနိုင်ပေ။
လေလွင့်ကျင့်ကြံသူများသည် ဆင်းရဲလွန်းလှသည်။ ရူးသွပ်လောက်အောင် ဆင်းရဲကြသည်။
ဆင်းရဲသား ရပ်ကွက်၏ နှစ်စဉ်ကြေးကိုပင် မတတ်နိုင်ကြပေ။
ဤအတိုင်းသာ ဆက်သွားနေပါက၊ အသက်ရှည်ဖို့ ဝေးစွ၊ အုတ်မြစ်တည်ဆောက်ခြင်းအဆင့် သို့မဟုတ် ချီကျင့်ကြံခြင်း နောက်ဆုံးအဆင့်သို့ ရောက်ရှိရန်မှာ အလွန် ကြီးမားသော စိတ်ကူးယဉ် အိပ်မက်တစ်ခုသာ ဖြစ်နေပေလိမ့်မည်။
သို့သော် ယခုအချိန်တွင် သူတို့သာ မြစိမ်းတော ဈေးတန်းထဲမှ ရတနာအချို့ကို ရှာဖွေနိုင်ပါက၊ ညတွင်းချင်း သူဌေးကြီးများ ဖြစ်လာနိုင်ပြီး ကျင့်ကြံခြင်း အရင်းအမြစ်များအတွက်လည်း ပူပန်စရာ မလိုတော့ပေ။
ဒီလို မက်လုံးမျိုးကို မည်သူကများ ငြင်းဆန်နိုင်ပါမည်နည်း။
"ဒါက အခွင့်အရေး ဖြစ်ချင်မှ ဖြစ်မှာနော်... သေလမ်း ဖြစ်ဖို့ ပိုများတယ်..."
ကျန်းဖန်သည် ထိုလေလွင့်ကျင့်ကြံသူများ၏ လုပ်ရပ်ကို လုံးဝ သဘောမတူပေ။ ယင်းသည် ရွှေအမြုတေဂိုဏ်းကြီး နှစ်ခုကြားက စစ်ပွဲဖြစ်ကြောင်း သူတို့ နားလည်ထားသင့်သည်။
လေလွင့်ကျင့်ကြံသူများ အနေဖြင့် အကျိုးအမြတ် ရနိုင်ရန် မမျှော်လင့်သင့်ပေ။
ရတနာ မရသည့်အပြင်၊ မြစိမ်းတော ဈေးတန်းထဲ၌ အသက်ပါ ပေးလိုက်ရနိုင်သည်။
ထို့ကြောင့် သူသည် ဈေးတန်းထဲ မဝင်သင့်ရုံသာမက၊ တတ်နိုင်သမျှ ဝေးဝေးပင် ရှောင်ရှားသင့်သည်။
ဝေးလေ ကောင်းလေပင်။
ဂိုဏ်းကြီးများကြား စစ်ပွဲတွင် လေလွင့်ကျင့်ကြံသူများ ဝင်ရောက်ပတ်သက်၍ မရနိုင်ပေ။
"စည်းစိမ်ဟူသမျှ ဘေးနှင့်ယှဉ်တယ်..."
"ဒီနေ့က ငါ အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ရောက်ဖို့ အခွင့်အရေးကြီးပဲ..."
"ဆေးလုံးပေါင်းတစ်ရာ ဆိုင်ထဲက ဆေးဝါးတချို့လောက် ရှာတွေ့ခဲ့ရင်၊ အုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို မျှော်လင့်လို့ ရပြီ..."
အဆင့်နိမ့် ဆေးဖော်စပ်သူ လျန်ပင်သည် လက်သီးကို တင်းတင်းဆုပ်လိုက်၏။ သူ့မျက်လုံးများတွင် ပြင်းပြသော ဆန္ဒများ ပြည့်နှက်နေသည်။
မူလကတည်းက သူသည် လောင်းကစားသမား တစ်ဦးဖြစ်ပြီး၊ လောင်းရတာကို နှစ်သက်သူ ဖြစ်သည်။
ယခုအခါ ကြီးမားသော အခွင့်အရေး ရောက်လာပြီဖြစ်ရာ၊ သူ မလောင်းဘဲ နေမည် မဟုတ်ပေ။
"လူဆိုတာ အမြင့်ဆုံးကို ရောက်ဖို့ ကြိုးစားရတယ်။ ကြိုးစားရင်း သေရင်လည်းသေ၊ မသေရင်တော့ နှစ်သောင်းချီ အသက်ရှင်ရမှာပဲ..."
သူတို့လို ပါရမီနည်းပြီး ဝိညာဉ်အမြစ် အားနည်းသော လေလွင့်ကျင့်ကြံသူများ အနေဖြင့်၊ မတိုက်ခိုက်ဘဲ နေပါက ဘဝဆုံးပြီဟု မှတ်ယူရမည်။
အခွင့်အရေးက မျက်စိရှေ့ ရောက်နေပါလျက်နှင့် မဆုပ်ကိုင်ပါက၊ သူတို့၏ ဘဝခရီးလမ်းတွင် မျှော်လင့်ချက် ရှိတော့မည် မဟုတ်ပေ။
ရွှစ်…
ထိုသို့ တွေးလိုက်မိသည်နှင့် သူ၏ ပုံရိပ်သည် လျှပ်စီးလက်သကဲ့သို့ မြစိမ်းတော ဈေးတန်းဆီသို့ ပြေးဝင်သွားတော့သည်။
လေလွင့်ကျင့်ကြံသူ အများအပြားသည်လည်း သူ့ကဲ့သို့ပင် တွေးတောပြီး ပြေးဝင်သွားကြသည်။
"ကိုဖန်... မသွားပါနဲ့..."
"ရှင့်အရည်အချင်းကို ကျွန်မ မသိဘဲ နေမလား..."
"ရှင် သွားရင် သေချာပေါက် သေမှာ၊ ရတနာရဖို့ အခွင့်အရေး မရှိဘူး..."
"ရှင် သေသွားရင်၊ ကျွန်မတို့ မိသားစု ဘဝပျက်ပြီ..."
ဇနီးဖြစ်သူ လီကျိုးသည် ခင်ပွန်းဖြစ်သူ ဖန်ဝေကို လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
သူမ၏ ယောကျ်ား စိတ်လှုပ်ရှားနေသည်ကို သူမ မြင်တွေ့နေရသည်။
သူသည် အခြား လေလွင့်ကျင့်ကြံသူများနည်းတူ မြစိမ်းတော ဈေးတန်းထဲ ဝင်ရောက်ပြီး အမြတ်ထုတ်ချင်နေသည်။
သို့သော် သူမ၏ ခင်ပွန်းသည် ချီကျင့်ကြံခြင်းအဆင့် (၄) သာ ရှိသေးကြောင်း သူမ ကောင်းကောင်း သိထားသည်။
ဤစစ်ပွဲကြီးနှင့် ယှဉ်လျှင် သူတို့သည် ပုရွက်ဆိတ်များသာ ဖြစ်သည်။
ရတနာ အချို့ ရခဲ့လျှင်တောင်၊ မကောင်းမှု ဒုစရိုက်သမားများနှင့် တွေ့ပါက သေလမ်းသာ ရှိပေမည်။
"မိန်းမ... ကိုယ် သိပါတယ်၊ ကိုယ် မသွားတော့ပါဘူး..."
ဖန်ဝေ၏ မျက်နှာထားသည် အမျိုးမျိုး ပြောင်းလဲနေ၏။ သူ အတွင်းစိတ် တိုက်ပွဲဝင်နေပုံ ရသည်။
သူသည် လက်သီးကို တင်းတင်းဆုပ်ကာ ရင်ထဲမှ လောဘစိတ်ကို အနိုင်နိုင် ထိန်းချုပ်လိုက်ရသည်။
ဤပရမ်းပတာ အခြေအနေသည် သူ့အတွက် အခွင့်အရေးကောင်း တစ်ရပ် ဖြစ်နေသည်။
မူလက သူသည် သာမန်ဘဝကို လက်ခံပြီး ကံတရားအတိုင်း နေထိုင်ရန် ဆုံးဖြတ်ထား၏။ သို့သော်လည်း ရုတ်တရက် ပေါ်လာသော အခွင့်အရေးက သူ့ရင်ထဲမှ လောဘစိတ်ကို နှိုးဆွလိုက်သကဲ့သို့ ဖြစ်သွားသည်။
သို့သော် ဇနီးသည်နှင့် ချစ်စရာ ကလေးနှစ်ယောက်ကို ကြည့်လိုက်သောအခါ၊ သူ၏ စိတ်နှလုံး တည်ငြိမ်သွားသည်။
တော်ပါပြီလေ။
ဒီတစ်ဘဝလုံး အုတ်မြစ်တည်ဆောက်ခြင်းအဆင့် မရောက်နိုင်ရင်တောင်၊ သာမန် ကျင့်ကြံသူ တစ်ယောက် အဖြစ် နေရတာလည်း ဆိုးလှသည် မဟုတ်ပါ။
လောကကြီးထဲက ကျင့်ကြံသူတွေ အများကြီးထဲမှာ၊ ဘယ်နှယောက်ကများ အုတ်မြစ်တည်ဆောက်ခြင်းအဆင့်၊ ရွှေအမြုတေအဆင့်ကို ရောက်နိုင်ကြလို့လဲ။
သူသည်လည်း ထိုလူအုပ်ကြီးထဲက တစ်ယောက်သာ ဖြစ်သည်။
"ကျင့်ကြံသူမိတ်ဆွေ ဖန်..."
ထိုအချိန်တွင် ကျန်းဖန်နှင့် စုဝေဝေတို့သည် အိမ်ထဲမှ ထွက်လာကြသည်။
သူသည် အိမ်ရှိ ပစ္စည်းများကို သိမ်းဆည်းပြီး၊ သိုလှောင်အိတ်ထဲ ထည့်ပြီးပြီ ဖြစ်သည်။
ဤသည်မှာ ကျင့်ကြံသူများ၏ အားသာချက်ပင်။
ထွက်ပြေးလိုပါက အချိန်မရွေး ထွက်ပြေးနိုင်သည်။
ပိုင်ဆိုင်သမျှ ပစ္စည်းအားလုံးကို သိုလှောင်အိတ်ထဲ ထည့်လိုက်ရုံသာ။
"ကျင့်ကြံသူမိတ်ဆွေ ကျန်း... ခင်ဗျားတို့ ထွက်သွားကြတော့မလို့လား..."
ဖန်ဝေသည် ကျန်းဖန်ကို ကြည့်ပြီး အနည်းငယ် အံ့သြသွားသည်။
"ဟုတ်တယ်..."
"အခု အခြေအနေက အရမ်း အန္တရာယ် များတယ်..."
"ရွှေအမြုတေဂိုဏ်းကြီး နှစ်ခု စစ်ဖြစ်နေတာဆိုတော့၊ ဘယ်လောက်ကြာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ..."
"မုန်တိုင်းလွတ်ရာကို ခဏ ရှောင်တာ ပိုကောင်းပါတယ်..."
"စစ်ပွဲပြီးမှ ပြန်လာလည်း နောက်မကျပါဘူး..."
ကျန်းဖန်သည် ထွက်ပြေးရန် အသင့်ပြင်ဆင်ထားပြီး ဖြစ်သည်။
ရွှေအမြုတေဂိုဏ်းကြီးများ၏ စစ်ပွဲတွင် သူ ဝင်ပါ၍ မဖြစ်နိုင်ပေ။
ချီကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူလေး တစ်ဦးသည် ဤစစ်ပွဲနှင့် ယှဉ်လျှင် ပုရွက်ဆိတ်သာသာ ဖြစ်သည်။
ထို့ကြောင့် သူသည် ချက်ချင်း ထွက်ပြေးရန် ဆုံးဖြတ်လိုက်ပြီး၊ သားရဲတစ်သောင်း တောင်တန်း နက်ရှိုင်းရာတွင် ပုန်းအောင်းနေရန် စီစဉ်လိုက်သည်။
မည်သို့ဆိုစေ သူ့သိုလှောင်အိတ်ထဲတွင် အစားအစာ အလုံအလောက် ပါဝင်သဖြင့်၊ အစာရေစာ ပြတ်လပ်မည်ကို ပူစရာ မလိုပေ။
နှမြောစရာ ကောင်းသည်မှာ ဤစစ်ပွဲပြီးသွားလျှင်၊ မြစိမ်းတော ဈေးတန်း ကျန်ရှိနေဦးမည်လား ဆိုသည်ကို မည်သူမျှ မသိနိုင်ခြင်းပင်။
အကယ်၍ ပျက်စီးသွားပါက၊ သူ ဘာဆက်လုပ်ရမည်နည်း။
"ကျင့်ကြံသူမိတ်ဆွေ ကျန်း... ဒါဆိုရင် ကျွန်တော်တို့ အတူတူ ထွက်ပြေးကြရအောင်..."
"တကယ်တော့ ကျွန်တော် ပုန်းအောင်းလို့ကောင်းတဲ့ လျှို့ဝှက် တောင်ကြားတစ်ခုကို သိထားတယ်..."
"အဲ့ဒီမှာ ခဏလောက် ပုန်းနေလို့ ရတယ်..."
ဖန်ဝေက ချက်ချင်း ဖိတ်ခေါ်လိုက်သည်။
သူ၏ ရှေ့မှောက်တွင် ရှိနေသော ဤလျှို့ဝှက်ဆန်းကြယ်သည့် ကျင့်ကြံသူသည် သာမန်မဟုတ်သော စွမ်းအားကို ပိုင်ဆိုင်ထားပြီး၊ မိသားစုကြီး တစ်ခုခုမှ လာသူဖြစ်ကြောင်း သူ သိထားသည်။
အကယ်၍ သူသာ ကျန်းဖန်နှင့် အတူရှိနေပါက၊ သူ့မိသားစု၏ လုံခြုံရေးသည် သေချာပေါက် စိတ်ချရပေမည်။
……..
အခန်း (၁၆၈) - ဈေးတန်းမှ ထွက်ခွာခြင်း၊ ဘေးဒုက္ခကို တည်ငြိမ်စွာ ရှောင်ရှားခြင်း (၂)
"ဒီလိုဆိုမှတော့... အတူတူ သွားကြတာပေါ့..."
ထိုစကားကို ကြားလိုက်ရသည့်အခါ ကျန်းဖန်၏ မျက်လုံးများ ရုတ်တရက် အရောင်တောက်သွားပြီး၊ ချက်ချင်း သဘောတူလိုက်သည်။
မည်သို့ပင်ဆိုစေ သူသည် မြစိမ်းတော ဈေးတန်းသို့ ရောက်ရှိနေသည်မှာ လအနည်းငယ်သာ ရှိသေးသည် မဟုတ်ပါလော။
ထိုကာလအတွင်း သူသည် ဆင်းရဲသား ရပ်ကွက်ထဲတွင်သာ အနေများခဲ့ပြီး၊ သားရဲတစ်သောင်း တောင်တန်း နက်ရှိုင်းရာသို့ သွားရောက်လေ့လာခြင်း သိပ်မရှိခဲ့ပေ။
ထို့ကြောင့် ဤဒေသ၏ ပထဝီအနေအထားကို ကျွမ်းကျင်သော ဖန်ဝေနှင့် ယှဉ်လိုက်လျှင် သူ၏ နားလည်မှုသည် နောက်ကျကျန်နေခဲ့သည်။
ဖန်ဝေကဲ့သို့ နယ်မြေကျွမ်းကျင်သူ တစ်ဦးကသာ ဦးဆောင်လမ်းပြပေးမည် ဆိုပါက၊ ဘေးကင်းလုံခြုံသော နေရာတစ်ခုကို သေချာပေါက် ရှာတွေ့နိုင်ပေလိမ့်မည်။
သိထားရမည်မှာ သားရဲတစ်သောင်း တောင်တန်းသည် အလွန်အမင်း အန္တရာယ်များသော နေရာတစ်ခုပင် ဖြစ်သည်။
မိစ္ဆာကောင်များ အများအပြား ရှိနေရုံသာမက၊ မိစ္ဆာသားရဲ အများအပြားလည်း ကျက်စားနေထိုင်ကြသည်။
အကယ်၍ တစ်နေရာရာကို ပေါ့ပေါ့တန်တန် ဝင်ရောက်မိပါက၊ မိစ္ဆာသားရဲ တစ်ကောင်ကောင်၏ အသိုက် ဖြစ်နေနိုင်သည်။
ထိုအခါ အသက်ပေးလိုက်ရဖို့သာ ရှိတော့၏။
ထို့ကြောင့် ဒေသခံ နယ်မြေကျွမ်းကျင်သူ တစ်ဦး၏ ဦးဆောင်လမ်းပြမှုသည် အလွန် အရေးပါလှသည်။
"ကောင်းပြီ... ကျွန်တော့်နောက် လိုက်ခဲ့..."
ဖန်ဝေသည် ဆုံးဖြတ်ချက် ခိုင်မာစွာ ချလိုက်ပြီး၊ မြစိမ်းတော ဈေးတန်း ကိစ္စများတွင် ဝင်မပါတော့ရန် ဆုံးဖြတ်လိုက်သည်။
စောစောက သူသည် လောဘစိတ်ကြောင့် အသိဉာဏ်ကွယ်ပျောက်လုနီးပါး ဖြစ်ခဲ့ရသည်။
တကယ်တမ်းတွင် သူသည် ချီကျင့်ကြံခြင်းအဆင့် (၄) သာရှိသော လေလွင့်ကျင့်ကြံသူ တစ်ဦး မဟုတ်ပါလော။
ကျင့်ကြံသူပေါင်းများစွာ၏ ရှေ့မှောက်တွင် ရတနာများကို မည်သို့ လုယူနိုင်ပါမည်နည်း။
ကျင့်ကြံသူမိတ်ဆွေ ကျန်းကဲ့သို့ လျှို့ဝှက်ဆန်းကြယ်ပြီး စွမ်းအားကြီးသူပင် ဤကိစ္စကို ဝင်မပါဘဲ ရှောင်ရှားနေသည့်အချိန်တွင်၊ သူကဲ့သို့ ငါးသေးငါးဖွဲလေးက ဘာလုပ်နိုင်မှာလဲ။
အကယ်၍ သူသာ မြစိမ်းတော ဈေးတန်းထဲ တကယ်သွားခဲ့ပါက၊ တိုက်ပွဲ၏ ဂယက်ရိုက်ခတ်မှု တစ်ခုတည်းဖြင့်ပင် သူ သေဆုံးသွားနိုင်သည်။
မကြာမီ အချိန်အတွင်းမှာပင် ဖန်ဝေတို့ မိသားစုသည် ပစ္စည်းများကို သိမ်းဆည်းပြီး၊ ဆင်းရဲသား ရပ်ကွက် အပြင်ဘက်သို့ အမြန်ဆုံး ထွက်ခွာလာခဲ့ကြသည်။
သို့သော် ကျန်းဖန်နှင့် အဖွဲ့ ဆင်းရဲသား ရပ်ကွက် အပြင်ဘက်သို့ ရောက်ရှိချိန်၌၊ လေလွင့်ကျင့်ကြံသူ (၄) ဦး၊ (၅) ဦးခန့်သည် သူတို့၏ လမ်းကို ရုတ်တရက် ပိတ်ဆို့လိုက်ကြသည်။
နှစ်ဦးမှာ ချီကျင့်ကြံခြင်းအဆင့် (၆) ဖြစ်ပြီး၊ သုံးဦးမှာ ချီကျင့်ကြံခြင်းအဆင့် (၅) ဖြစ်ကြသည်။
သူတို့အားလုံး၏ မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်သော အကြည့်များ ရှိနေကြ၏။ သူတို့သည် ကျန်းဖန်တို့ အဖွဲ့ကို စိုက်ကြည့်နေကြသည်။
"သောက်ကျိုးနည်း..."
ဤမကောင်းမှု ဒုစရိုက်သမား အုပ်စု ပေါ်လာသည်ကို မြင်လိုက်ရသောအခါ၊ ဖန်ဝေနှင့် အခြားသူများ၏ မျက်နှာများမှာ အကြီးအကျယ် ပျက်ယွင်းသွားကြသည်။
တကယ်တမ်းတွင် သူတို့သည် ဤအခြေအနေကို ကြိုတင် မျှော်လင့်ထားခဲ့ပြီး ဖြစ်သည်။
ကပ်ဘေးတစ်ခု ကျရောက်လာသည့် အချိန်တိုင်း၊ ဆင်းရဲသား ရပ်ကွက်၌ ပုန်းအောင်းနေသော ဒုစရိုက်သမားများသည် လှုပ်ရှားလာစမြဲပင်။
မည်သို့ဆိုစေ သူတို့အတွက်မူ မြစိမ်းတော ဈေးတန်းထဲ ဝင်ရောက်ပြီး စွန့်စားရသည်ထက်၊ အခြား လေလွင့်ကျင့်ကြံသူများကို ဓားပြတိုက်ရခြင်းက ပိုမို ဘေးကင်းသည် မဟုတ်ပါလော။
ရရှိမည့် ရတနာနှင့် အခွင့်အရေးမှာ နည်းပါးသော်လည်း၊ အသက်အန္တရာယ် ကင်းရှင်းသည်။
"ငါတို့နဲ့ လာတိုးတာ မင်းတို့ ကံဆိုးတာပဲ..."
"အားလုံး သေလိုက်ကြတော့..."
ခေါင်းဆောင်ဖြစ်သူ အနက်ရောင် ဝတ်စုံနှင့် ချီကျင့်ကြံခြင်းအဆင့် (၆) ဒုစရိုက်သမားသည် စကားအများကြီး မပြောတော့ပေ။ သူသည် ဤအုပ်စုကို သိုးကောင်များအဖြစ် သတ်မှတ်လိုက်ပြီး ဖြစ်သည်။
ချက်ချင်းဆိုသလိုပင် သူသည် အဆင့်နိမ့် မှော်လက်နက်တစ်ခု ဖြစ်သော 'အနက်ရောင် သေမင်းဆူးချွန်' ကို ထုတ်လိုက်သည်။
ထို့နောက် သူ၏ ဝိညာဉ်စွမ်းအားများကို ၎င်းထဲသို့ ထည့်သွင်းလိုက်သည်။
အနက်ရောင် သတ်ဖြတ်ခြင်း အငွေ့အသက်များ စုစည်းလာပြီးနောက်၊ ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင် အလင်းတန်းများအဖြစ် ပေါက်ကွဲထွက်လာ၏။ ၎င်းတွင် ကြီးမားသော ဖျက်ဆီးအားများ ပါဝင်နေသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ၎င်းသည် ကျန်းဖန်ကို ပစ်မှတ်ထားလိုက်သည်။
ထင်ရှားသည်မှာ သူသည် ကျန်းဖန်ကို အကြီးမားဆုံး ပြိုင်ဘက်အဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။
'ရန်သူ့ခေါင်းဆောင်ကို အရင်ဖမ်း' ဆိုသော စကားပုံအတိုင်းပင်။
အင်အားအကြီးဆုံး ရန်သူကို သတ်ဖြတ်လိုက်သည်နှင့်၊ ကျန်ရှိသော ကျင့်ကြံသူများသည် ခြိမ်းခြောက်မှု မရှိတော့ပေ။
ရွှစ်... ရွှစ်... ရွှစ်…
သေချာသည်မှာ သူတစ်ယောက်တည်း တိုက်ခိုက်ခြင်း မဟုတ်ပေ။
ကျန်ရှိသော ဒုစရိုက်သမား (၅) ဦးသည်လည်း တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြသည်။
အချို့က မှော်လက်နက်များကို အသုံးပြုသည်၊ အချို့က ဂါထာမန္တန်များကို ရွတ်ဖတ်သည်၊ အချို့က အင်းကွက်များကို အသုံးပြုကြသည်။
ကြောက်မက်ဖွယ်ကောင်းသော မှော်တိုက်ခိုက်မှုမျိုးစုံသည် ကျန်းဖန်၏ ခန္ဓာကိုယ် အငွေ့အသက်ကို သော့ခတ်ထားပြီး တိုးဝင်လာကြသည်။
သူတို့၏ ရည်ရွယ်ချက်မှာ ကျန်းဖန်ကို ချက်ချင်း အပြတ်ရှင်းပစ်ရန် ဖြစ်သည်။
ကိုယ်ခန္ဓာ ကာကွယ်ရေးအင်း…
ထိုခဏ၌ပင် ကျန်းဖန်သည် စိတ်ကို လှုပ်ရှားလိုက်ပြီး သူ၏ ပင်ကိုအင်းကွက်ဖြစ်သော ကိုယ်ခန္ဓာ ကာကွယ်ရေးအင်းကို အသက်သွင်းလိုက်သည်။
ချက်ချင်းဆိုသလိုပင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို မူလဝိညာဉ်စွမ်းအားများဖြင့် ဖွဲ့စည်းထားသော ဒိုင်းကာတစ်ခုက လွှမ်းခြုံသွားသည်။ ၎င်းသည် 'ရွှေခေါင်းလောင်း'ကဲ့သို့ ပုံသဏ္ဌာန်ရှိပြီး၊ မှိန်ဖျဖျ အလင်းရောင်များ ထွက်ပေါ်နေသည်။ ပါးလွှာပုံရသော်လည်း၊ အလွန်အမင်း ကြံ့ခိုင်မာကျောလှသည်။
ဝုန်း…
ဒုစရိုက်သမား (၆) ဦး၏ တိုက်ခိုက်မှုများသည် မူလဝိညာဉ်စွမ်းအား ဒိုင်းကာကို တစ်ပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်လိုက်ကြသည်။
သို့သော် ကျန်းဖန်၏ ခန္ဓာကိုယ်သည် အနည်းငယ်မျှပင် ယိမ်းယိုင်သွားခြင်း မရှိပေ။ တိုက်ခိုက်မှု စွမ်းအင် အားလုံးသည် ပင်လယ်ထဲ ကျသွားသော ကျောက်တုံးတစ်တုံးကဲ့သို့၊ ဒိုင်းကာ၏ စုပ်ယူဝါးမြိုခြင်းကို ခံလိုက်ရသည်။
ဤမျှလောက် စွမ်းအားဖြင့် ဆရာတစ်ဆူအဆင့် ကိုယ်ခန္ဓာ ကာကွယ်ရေးအင်းကို ချိုးဖျက်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
"မဖြစ်နိုင်တာ..."
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဒုစရိုက်သမား အုပ်စုသည် ပါးစပ်အဟောင်းသား ဖြစ်သွားကြပြီး၊ မျက်စိရှေ့က မြင်ကွင်းကို မယုံနိုင်အောင် ဖြစ်နေကြသည်။ တကယ် ထူးဆန်းလွန်းလှသည်။
သူတို့၏ စွမ်းအားအရဆိုလျှင်၊ မည်သည့် ချီကျင့်ကြံခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူမဆို ဤတိုက်ခိုက်မှုကို ခံလိုက်ရပါက သေချာပေါက် သေဆုံးသွားမည် ဖြစ်သည်။
သို့သော် ဤကောင်လေးသည် မှော်ပညာ တစ်ခုတည်းကို အသုံးပြုပြီး သူတို့အားလုံး၏ တိုက်ခိုက်မှုကို တားဆီးလိုက်သည်။
ယင်းသည် အမှန်တကယ်ပင် ထူးခြားလွန်းနေသည်။
မည်သည့် မှော်တိုက်ခိုက်မှုမဆို ဤဝိညာဉ်စွမ်းအင် ဒိုင်းကာပေါ် ကျရောက်သွားသည်နှင့် အလွယ်တကူ ပျက်ပြယ်သွားပုံ ရ၏။
တကယ်တမ်းတွင် ယင်းမှာ မူလဝိညာဉ်စွမ်းအားဖြင့် ဖွဲ့စည်းထားသော ဒိုင်းကာ၏ စွမ်းအားပင် ဖြစ်သည်။ ၎င်းသည် အရာခပ်သိမ်းကို လက်ခံပြီး စုပ်ယူနိုင်စွမ်း ရှိသည်။ ထို့ကြောင့် မည်သည့် စွမ်းရည် ပါဝင်သော တိုက်ခိုက်မှုကိုမဆို လွယ်ကူစွာ တွန်းလှန်နိုင်ပြီး၊ ဘက်စုံကာကွယ်မှုကို ပေးစွမ်းနိုင်သည်။
ကာကွယ်ရေး စွမ်းအား သက်သက်ဖြင့် ပြောရမည် ဆိုလျှင်၊ အဆင့်တူ ကျင့်ကြံသူများကြားတွင် ပြိုင်ဘက်ကင်းသည်ဟုပင် ဆိုရပေမည်။
သို့သော် သူတို့ သတိမဝင်ခင်မှာပင် ကျန်းဖန်က စတင် လှုပ်ရှားလိုက်သည်။
ရွှေရောင်အလင်းတန်း အင်း…
ဤသည်မှာ ကျန်းဖန်၏ ပဉ္စမမြောက် ပင်ကိုအင်းကွက် ဖြစ်သည်။
မကြာသေးမီကမှ ရေးဆွဲခဲ့ခြင်း ဖြစ်သော်လည်း၊ သူသည် ကံကောင်းခြင်းအမှတ် အမြောက်အမြားကို အသုံးပြုပြီး ဆရာတစ်ဆူအဆင့်သို့ မြှင့်တင်ထားခဲ့သည်။ ထို့ကြောင့် ရွှေရောင်အလင်းတန်း အင်း၏ စွမ်းအားသည် အဆပေါင်းများစွာ တိုးတက်နေပြီ ဖြစ်သည်။
ကျန်းဖန်သည် ခန္ဓာကိုယ် အတွင်းရှိ ရွှေရောင်အလင်းတန်း အင်းကို အသက်သွင်းလိုက်ရာ၊ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ရွှေရောင်အလင်းတန်းများ လွှမ်းခြုံသွားသကဲ့သို့ ဖြစ်သွားသည်။
ချက်ချင်းဆိုသလိုပင် ရွှေရောင် အလင်းတန်း (၆) ခုသည် ပေါက်ကွဲထွက်ပေါ်လာ၏။ ၎င်းတို့တွင် ရွှေဓာတ် ဝိညာဉ်စွမ်းအားများဖြင့် ဖွဲ့စည်းထားကာ ကြောက်မက်ဖွယ်ကောင်းသော ထိုးဖောက်နိုင်စွမ်းများ ပါဝင်နေသည်။
"သောက်ကျိုးနည်း..."
ဤကြောက်မက်ဖွယ် စွမ်းအားကို အာရုံခံမိလိုက်သည်နှင့် ဒုစရိုက်သမား အုပ်စု၏ မျက်နှာများ အကြီးအကျယ် ပြောင်းလဲသွားကြသည်။
ဤရွှေရောင်အလင်းတန်းများသည် ဓားကျင့်ကြံသူများ၏ ဓားချီစွမ်းအင်ကဲ့သို့ ကြီးမားသော စွမ်းအားများ ပါဝင်နေသည်။
သူတို့သည် မိမိတို့၏ ကာကွယ်ရေး နည်းလမ်းများကို အသီးသီး အသက်သွင်းလိုက်ကြပြီး၊ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ဝိညာဉ်စွမ်းအင် ဒိုင်းကာများ ဖန်တီးလိုက်ကြသည်။
ဤတိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်ရန် ကြိုးစားလိုက်ကြသည်။
ဝုန်း…
နောက်တစ်စက္ကန့် အကြာတွင် ရွှေရောင်အလင်းတန်းများသည် ကောင်းကင်ကို ခြမ်းလိုက်သကဲ့သို့ လျှပ်စီးလက်သလို ဖြစ်သွားပြီး ဒုစရိုက်သမား (၆) ဦး၏ ရှေ့မှောက်သို့ ရောက်ရှိသွားသည်။
ရွှစ်ခနဲ အသံနှင့်အတူ ရွှေရောင်အလင်းတန်းများသည် သူတို့၏ ဝိညာဉ်စွမ်းအင် ဒိုင်းကာများကို စက္ကူစုတ်များကဲ့သို့ အလွယ်တကူ ထိုးဖောက်ဝင်ရောက်သွားသည်။
ထို့နောက်တွင်မူ သူတို့၏ ဦးခေါင်းများကို ထိုးဖောက်သွားတော့သည်။
သူတို့၏ ဦးခေါင်းများသည် ချက်ချင်း ပေါက်ကွဲထွက်သွားပြီး၊ သွေးနှင့် အသားစများ ရောထွေးကုန်ကြသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ခေါင်းပြတ် အလောင်းကောင် (၆) လောင်း ဖြစ်သွားကြရသည်။
"စွမ်းအားက တကယ် မိုက်တာပဲ..."
ရွှေရောင်အလင်းတန်း အင်း၏ စွမ်းအားကို ကျန်းဖန် အလွန် ကျေနပ်သွားသည်။ သာမန် ဝိညာဉ်စွမ်းအင် ဒိုင်းကာများသည် ရွှေရောင်အလင်းတန်း၏ စွမ်းအားရှေ့တွင် စက္ကူများကဲ့သို့ ဖြစ်သွားပြီး၊ လုံးဝ တောင့်ခံနိုင်စွမ်း မရှိကြပေ။
ဤအချက်က သူ့ကို ဓားကျင့်ကြံသူ တစ်ဦးကဲ့သို့သော ဖျက်ဆီးအားကို ပိုင်ဆိုင်စေသည်။
အကယ်၍ ရွှေရောင်အလင်းတန်း အင်း၏ စွမ်းအားသာ ဆက်လက် မြင့်တက်လာပါက၊ သူသည် ဓားကျင့်ကြံသူများကဲ့သို့ ဓားတစ်ချက်တည်းဖြင့် မှော်ပညာအလုံးစုံကို ချိုးဖျက်နိုင်သော အဆင့်သို့ ရောက်ရှိလာနိုင်သည်။
သံသယဖြစ်စရာ မလိုပါ၊ သူ၏ လက်ရှိ စွမ်းအားသည် ချီကျင့်ကြံခြင်း အလယ်အလတ်အဆင့်တွင် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်နေပြီ ဖြစ်၏။
ချီကျင့်ကြံခြင်းအဆင့် (၇) ကျင့်ကြံသူများကိုပင် သူ ယှဉ်ပြိုင် တိုက်ခိုက်နိုင်စွမ်း ရှိသည်။
သို့သော် သူသည် ချီကျင့်ကြံခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူများနှင့် သွားရောက် ရန်စတိုက်ခိုက်လောက်တဲ့ထိတော့ မအ,သေးပေ။
"အရမ်း သန်မာတာပဲ..."
ဖန်ဝေနှင့် သူ၏ ဇနီး လီကျိုးတို့သည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ တံတွေးမမြိုချဘဲ မနေနိုင်တော့ပေ။
မူလက ဤဒုစရိုက်သမား အုပ်စုနှင့် တွေ့ဆုံလိုက်ရသဖြင့် သူတို့သည် မျှော်လင့်ချက်မဲ့သွားကြပြီး သေရတော့မည်ဟု ထင်မှတ်ထားခဲ့ကြသည်။
သို့သော် ဤလျှို့ဝှက်ဆန်းကြယ်သော အိမ်နီးချင်း၏ တိုက်ခိုက်ရေး စွမ်းရည်က ဤမျှလောက် လွှမ်းမိုးနိုင်စွမ်း ရှိလိမ့်မည်ဟု မည်သူ ထင်မှတ်ထားပါမည်နည်း။
လက်တစ်ဖက် ဝှေ့ယမ်းလိုက်ရုံဖြင့် ဒုစရိုက်သမား (၆) ဦးကို ချက်ချင်း သုတ်သင်ရှင်းလင်း ပစ်လိုက်သည်။
ဤတိုက်ခိုက်ရေး စွမ်းရည်သည် ဂိုဏ်းသားများနှင့် တန်းတူ၊ သို့မဟုတ် ဂိုဏ်းသားများထက်ပင် သာလွန်နေသေးသည်။
သူက မသေမျိုး မိသားစု တစ်ခုခုကများ ဖြစ်နေမလား။
ဒီလောက် သန်မာနေတာ တကယ် အံ့သြစရာပဲ။
ချက်ချင်းဆိုသလိုပင် ကျန်းဖန်အပေါ်ထားသော သူတို့၏ အကြည့်များသည် လေးစားရိုသေမှုများဖြင့် ပြည့်နှက်သွားကြသည်။
မည်သို့ဆိုစေ ကျင့်ကြံခြင်းလောကတွင် အားကြီးသူကိုသာ ကိုးကွယ်ကြသည် မဟုတ်ပါလော။
"ကျင့်ကြံသူမိတ်ဆွေ ဖန်... အခြေအနေက ပိုပြီး ရှုပ်ထွေးလာမယ့်ပုံပဲ..."
"ဒီမှာ ကြာကြာနေဖို့ မသင့်တော်ဘူး..."
"ဆင်းရဲသား ရပ်ကွက်နားကနေ အမြန်ဆုံး ထွက်ခွာကြတာ ပိုကောင်းမယ်..."
ကျန်းဖန်သည် လက်ကို ဝှေ့ယမ်းလိုက်ပြီး ဒုစရိုက်သမား (၆) ဦး၏ သိုလှောင်အိတ်များနှင့် မှော်လက်နက်များကို လျင်မြန်စွာ သိမ်းဆည်းလိုက်သည်။ ၎င်းတို့သည် သူ၏ စစ်နိုင်လက်ဆောင်များ ဖြစ်ရာ ဤနေရာတွင် လွှင့်ပစ်ထားခဲ့၍ မဖြစ်ပေ။
သို့သော် မြစိမ်းတော ဈေးတန်းနှင့် ဆင်းရဲသား ရပ်ကွက် နှစ်ခုစလုံး ပရမ်းပတာ ဖြစ်နေပြီကို သူ အာရုံခံစားမိနေသည်။
အကယ်၍ သူတို့ ဒီမှာ ဆက်နေပါက၊ ချီကျင့်ကြံခြင်း နောက်ဆုံးအဆင့် ဒုစရိုက်သမားများနှင့် ကြုံတွေ့ရနိုင်သည်။
ထို့ကြောင့် လောလောဆယ်တွင် ထွက်ပြေးခြင်းက အကောင်းဆုံး ဖြစ်သည်။
"ကောင်းပါပြီ... ကျင့်ကြံသူမိတ်ဆွေ ကျန်း... ကျွန်တော့်နောက် လိုက်ခဲ့ပါ..."
ထိုစကားကို ကြားလိုက်ရသည့်အခါ ဖန်ဝေ ခေါင်းမညိတ်ဘဲ မနေနိုင်တော့ပေ။
ယခုအချိန်သည် ကျန်းဖန် ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း ခန့်မှန်းနေရမည့်အချိန် မဟုတ်ပေ။
အမြန်ဆုံး မထွက်ပြေးပါက၊ သူ့မိသားစု ဤနေရာတွင် သေဆုံးသွားနိုင်သည်။
သူ၏ အသက်နှင့် ယှဉ်လိုက်ပါက၊ ကျင့်ကြံသူမိတ်ဆွေ ကျန်း၏ ဇာစ်မြစ်သည် အရေးမပါသော ကိစ္စသေးတစ်ခုသာ ဖြစ်သည်။
ဖန်ဝေ၏ ဦးဆောင်မှုအောက်တွင် ကျန်းဖန်နှင့် စုဝေဝေတို့သည် အတူတကွ ထွက်ပြေးကြပြီး၊ မိုင်ပေါင်းများစွာ ခရီးနှင်ကာ ဆင်းရဲသား ရပ်ကွက်မှ လုံးဝ လွတ်မြောက်သွားကြသည်။
ဖန်ဝေ၏ ကွေ့ကောက်ရှုပ်ထွေးသော လမ်းကြောင်းများအတိုင်း သွားပြီးနောက်၊ သူတို့ အဖွဲ့သည် လူသူကင်းဝေးသော တောင်ကြားတစ်ခုသို့ ရောက်ရှိသွားကြသည်။
ထိုတောင်ကြားထဲတွင် ရိုးရှင်းသော သစ်သားတဲလေး တစ်လုံး ဆောက်လုပ်ထားသည်ကို တွေ့လိုက်ရသည်။
သေးငယ်သော်လည်း ပစ္စည်းစုံလင်စွာ ရှိနေသည်။
"ကျင့်ကြံသူမိတ်ဆွေ ကျန်း... ဒီနေရာက ကျွန်တော့်ရဲ့ လျှို့ဝှက်စခန်း တစ်ခုပေါ့ဗျာ..."
"သားရဲတစ်သောင်း တောင်တန်းထဲ ဝင်ပြီး မိစ္ဆာသားရဲတွေ ဖမ်းတဲ့အခါ..."
"ပြန်မလာနိုင်တဲ့ အချိန်ကျရင် ဒီမှာပဲ အနားယူလေ့ရှိတယ်..."
"ဝါရင့် မုဆိုးတွေတိုင်းမှာ ဒီလို လျှို့ဝှက်စခန်းမျိုး ကိုယ်စီ ရှိတတ်ကြတယ်..."
ဖန်ဝေက အနည်းငယ် ပြုံးရင်း ပြောလိုက်သည်။
"တကယ် ကောင်းမွန်တဲ့ ပုန်းခိုရာ နေရာလေးပဲ..."
ကျန်းဖန် အလွန် သဘောကျသွားသည်။
သူ့အတွက်မူ မြစိမ်းတော ဈေးတန်း၏ ကပ်ဘေးမှ ခေတ္တမျှ ရှောင်ရှားနိုင်လျှင်ပင် လုံလောက်ပြီ ဖြစ်သည်။
နေရာထိုင်ခင်း ရိုးရှင်းနေခြင်း၊ မနေခြင်းသည် သူ့အတွက် အရေးမပါလှပေ။