← Chapters

အခန်း (၁၉)

Vol. 2 Ch. 19

အခန်း (၁၉)

Vol. 2 Ch. 19

စီးပွားရေးကောင်းလာသည်နှင့်အမျှ ယွမ်ကျိုး အလုပ်များလာသည်။ ယွမ်ကျိုး၏ စားသောက်ဆိုင်က နေ့လည်ချိန်တွင် လူများလွန်းသောကြောင့် ဧည့်သည်တချို့က မနက်စာစားချိန်အတွင်း လာကြသည်။ ထို့ကြောင့် ယွမ်ကျိုးက မနက်စောစော ထရသည်။

ယွမ်ကျိုးက သူ့ကိုယ်သူ ဇွဲလုံ့လဝီရိယရှိသူဟု အသိအမှတ်ပြုကာ အကောင်းဆုံးအလုပ်သမားဆုနှင့်ထိုက်တန်သည်ဟု ခံစားမိသည်။ ယနေ့က တနင်္လာနေ့ဖြစ်ပြီး ယွမ်ကျိုးသည် ယခင်နေ့ထက် နာရီဝက်ခန့်စောပြီး နိုးလာခဲ့သည်။

မစ်ရှင်အ‌‌ခြေအ‌နေကို ကြည့်လိုက်‌သောအခါ ကြက်ဥထမင်းကြော် ၉၉ပွဲရောင်းပြီးပြီဟုပြထားပြီး ကြာချိန် ၅ရက်ခန့်သာရှိသေးသည် ။ ယွမ်ကျိုးက နောက်တစ်ပွဲ ထပ်ရောင်းချနိုင်လျှင် စနစ်မှ ပေးအပ်သော ဆုလာဘ်ကို ရရှိလိမ့်မည်။

ထို့ကြောင့် ယွမ်ကျိုးက မနက်စာအတွက် ကြက်ဥထမင်းကြော်ကို မစားဘဲ သူ့ဆုလာဘ်အသစ် ရရှိမည့် အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။ အဆင့် 0 မှ 1 သို့ အဆင့်မြှင့်တင်ခြင်းသည် ကန့်သတ်ချက်များစွာကို ဖယ်ရှားပေးလိမ့်မည်။ ထို့အပြင် ဤအချက်က ယွမ်ကျိုး ၏အဓိက ပန်းတိုင်လည်း ဖြစ်သည်။

"သူဌေးယွမ်၊ မင်းက ဒီနေ့ ခါတိုင်းထက် နာရီဝက်စောနိုး‌နေတာပဲ"

ဝူဟိုင် ဟုခေါ်သော နှုတ်ခမ်းမွေးအမျိုးသားသည် ညအိပ်ဝတ်စုံဖြင့် ‌ဆိုင်ထဲဝင်လာခဲ့သည်။

“ဟုတ်တယ် ဒီနေ့ ဆိုင်စောစောဖွင့်တယ်။ မင်းရဲ့ကြက်ဥထမင်းကြော်က အမြန်ဆုံး ပြင်ဆင်ပေးမယ်"

ယွမ်ကျိုး က အစားပုပ်သော ဤအမျိုးသားသည် သူ့စားသောက်‌ဆိုင်ကို အမြဲစောင့်ကြည့်နေမှန်းသိသည်။ ၎င်းသည် သူ့စားသောက်ဆိုင်၏ ပင်တိုင် ပထမဆုံးဧည့်သည် ဖြစ်သည်။

"သူဌေးယွမ်၊ မင်း ဒီနေ့ စိတ်ကောင်းဝင်‌နေပါလား" နှုတ်ခမ်းမွှေးလူသားဝူဟိုင်က အမြင်စူးရှသည်။ သူက တစ်ချက်ကြည့်လိုက်ရုံဖြင့် ယွမ်ကျိုး ၏မျက်နှာပေါ်မှ ရွှင်လန်းသောအမူအရာကို သတိပြုမိသည်။

“ဟုတ်တယ်၊ အမှန်ပဲ။ ဒါပေမဲ့ အားနာပါတယ်။ မင်း တောင်းဆိုမှာကို မလုပ်ပေးနိုင်ဘူး"

ဝူဟိုင်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် နောက်တစ်ပွဲ ထပ်တောင်းဆိုမည်ကို သိနေ၍ ကြိုတင်ငြင်းပယ်ထားခြင်း ဖြစ်သည်။

"သူဌေးယွမ်၊ မင်းမှာ စာနာစိတ် မရှိဘူးလား။ ငါ့စကား အဆုံးမသတ်သေးဘူးလေ"

ယွမ်ကျိုးက တောင်းဆိုချက်ကို ငြင်းပယ်မည်မှန်း သိသော်လည်း အမြဲတမ်း တောင်းဆိုလေ့ရှိသည်။ ယခုတော့ ဤအပြုအမူက သူ့အလေ့အကျင့် တစ်ခု ဖြစ်လာသည်။ သို့တိုင် အမြဲငြင်းခံရသည်။

"စကား ဆက်မပြောနဲ့တော့။ မင်းရဲ့ မနက်စာကိုသာ စားစမ်းပါ" ပန်းကန်ပြားကို ယူဆောင်လာပြီး ဝူဟိုင်အား မနက်စာ စားရန် တိုက်တွန်း လိုက်သည်။

ဝူဟိုင်မျက်နှာပေါ်ရှိ ကြည်နူးဖွယ်အမူအရာကို ကြည့်နေစဉ် မစ်ရှင်ကို တိတ်တဆိတ် နှိပ်လိုက်သည်။မပြည့်စုံသေးခြင်းကို မြင်တွေ့ရ၍ ဝူဟိုင် စားပြီးမှသာ မစ်ရှင်အခြေအနေကို စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။

“မင်းရဲ့ဝန်ဆောင်မှုအတွက် ကျေးဇူးတင်ပါတယ်။ ငါ ပြန်တော့မယ်"

ဝူဟိုင်က ခပ်မြန်မြန် စားသောက်တတ်သူ ဖြစ်သော်လည်း ယွမ်ကျိုး၏ အမြဲတမ်း ဖောက်သည် ဖြစ်ပြီးနောက် တစ်ပွဲကုန်ရန် နာရီဝက်ခန့် အချိန်ယူလေ့ရှိသည်။

ဝူဟိုင်က သူ့နောက်ဆုံးတစ်ဇွန်းကိုစားလိုက်ပြီးနောက် ယွမ်ကျိုးက မစ်ရှင်ကို ချက်ချင်း ဖွင့်လိုက်သည်။ နောက်ဆုံးတွင်မူ မစ်ရှင်ပြီးမြောက်သွားခြင်းကို မြင်တွေ့ရ၍ ဆုလာဘ်ကို ရရှိနိုင်ပြီဖြစ်သည်။ ယွမ်ကျိုး၏တည်ငြိမ်သော မျက်နှာပေါ်တွင် အပြုံးပေါ်လွင်လာပြီး ဝူဟိုင် ဝမ်းသာအားရ ပြောလိုက်သည်။

"ခင်ဗျားကို သတင်းကောင်း ပြောရဦးမယ်။ အစုံလိုက်ကြက်ဥထမင်းကြော်ကို ဒီနေ့ နေ့လည် ရောင်းမယ်"

"တကယ်လား။ ဘာလို့ အခုမှ ပြောတာလဲ။ စောနတုန်းက စမ်းစားကြည့်လို့ရတယ်လေ"

ဝူဟိုင်က သတင်းကောင်းကိုကြားကြားချင်း အစုံလိုက် ကြက်ဥထမင်းကြော်ကို အရင်ဆုံး မြည်းစမ်းခွင့်ရသော ဖောက်သည် ဖြစ်ရမည်ဟု ခံယူလိုက်သည်။

“နေ့လည်စာ စားချိန်မှ အစုံလိုက်ကြက်ဥထမင်းကြော်ကို ရောင်းမယ်လို့ပြောခဲ့ပါတယ်။ အခုတော့ ပြန်လိုက်ပါတော့။ စားသောက်ဆိုင်ပိတ် ပါတော့မယ်။ နေ့ခင်းဘက် မှပြန်ဖွင့်မယ်"

ယွမ်ကျိုးသည် သူ့ဆုလာဘ်ကို ရယူရန် စိတ်အားထက်သန်နေသောကြောင့် ဝူဟိုင်ကို သူ့စားသောက်ဆိုင်မှ အတင်းမောင်းထုတ်သည်။

နေ့ခင်းဘက်တွင် အစုံလိုက်ကြက်ဥထမင်းကြော်ကို ရရှိနိုင်မည့် သတင်းကို ကြားလိုက်ရသောအခါ ဝူဟိုင် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။

“ဘန်း”

ဝူဟိုင် ထွက်သွားသည်နှင့် ယွမ်ကျိုးက စားသောက်ဆိုင် တံခါးကို ချက်ချင်းပိတ်လိုက်သည်။ ထို့ကြောင့် သူ့မစ်ရှင် အခြေအနေကို စစ်ဆေးလိုက်သည်။

ပစ်မှတ်- ဤစနစ်သည် အနောက်တိုင်းနှင့် တရုတ်ရိုးရာအစားအစာများကို နှံ့နှံ့စပ်စပ် ဗဟုသုတရစေရန် ကူညီပေးမည်ဖြစ်ပြီး၊ သို့မှသာ သင်သည် ကမ္ဘာ့ပေါ်ရှိ ကျွမ်းကျင်သောထိပ်တန်းစားဖိုမှူး ဖြစ်လာနိုင်မည်။

ဆိုင်ရှင်- ယွမ်ကျိုး (သာမန်ဟန်တရုတ်လူမျိုး)

လိင်-ယောက်ျား

အသက် : ၂၄

ရုပ်ပိုင်းဆိုင်ရာအရည်အသွေး- C (အာရုံကြောတုံ့ပြန်မှု၊ ခွန်အား၊ ညှိနှိုင်းမှုနှင့် လက်စွမ်းစသည်)

ဟင်းချက်စွမ်းရည်- မသိရသေး။

ကျွမ်းကျင်မှု- နတ်ဘုရားအဆင့် ကြက်ဥထမင်းကြော်

ကိရိယာများ- မရှိ‌သေး။

ခြုံငုံအကဲဖြတ်ခြင်း- အတွေ့အကြုံမရှိသေးသူ

(ကြက်ဥထမင်းကြော်နည်းသာကျွမ်း‌ကျင်သေးသောစားဖိုမှုးလက်သစ်)

အဆင့်- 1

(ဂုဏ်ယူပါတယ်။ နောက်ဆုံးတွင် သင်ကိုအဆင့် 1 သို့ အဆင့်မြှင့်လိုက်ပါသည်။)

စနစ်၏အတိုချုံး ရှင်းပြချက်အရ- စနစ်တွင် အဆင့် ၉ ဆင့် ပါဝင်သည်။ အဆင့် 1 မှစတင်၍ အဆင့် တစ်ခုမြှင့်တင်ပြီးတိုင်း ကျပန်း သရေစာတစ်ခုစီကို ချီးမြှင့်မည်ဖြစ်သည်။ သင်နောက်ဆုံးအဆင့် 9 သို့ရောက်ရှိသောအခါ၊ စနစ်သည် သင့်အား ဟင်းချက်ကျွမ်းကျင်မှုရှိသော ကျွမ်းကျင်စားဖိုမှူး အဖြစ် အလိုအလျောက် ပြန်လည်အကဲဖြတ်မည်ဖြစ်သည်။ ဆိုင်ရှင်၊ အဆင့်တက်အောင် ကြိုးစားလုပ်ဆောင်ပါ"

"ငါ ဘယ်လိုကြိုးစားမှ အဆင့်တက်မှာလဲ"

ယွမ်ကျိုး သည် အဓိကအချက်ကိုချက်ချင်းမေးလိုက်သည်။

စနစ်က ပြန်လည်ဖြေကြားသည်။

“စနစ်က ထုတ်ပြန်တဲ့ မစ်ရှင်တွေကို ပြီးဆုံးတာနဲ့ အဆင့်မြှင့်တင်နိုင်ပါတယ်”

"အဆင့် 9 ရောက်ရင် ဘာလို အကျိုးအမြတ်တွေကို ခံစားရမှာလဲ"

စနစ်က “သင်ဟာ အလင်းတွေဖြာထွက်နေတဲ့ဟင်းလျာမျိုးကိုချက်ပြုတ်ရပါမယ်”

သူ့မျက်လုံးတွေကို ပွတ်သပ်ပြီး ပြန်ကြည့်လိုက်စဉ် “အလင်း‌တွေဖြာထွက်နေတဲ့ ဟင်းလျာ” ဆိုတဲ့ အက္ခရာတွေကို ပြသနေတုန်းပါပဲ။

“အရောင်ထွက်နေတဲ့ ပါဝင်ပစ္စည်းတွေ ဘယ်လိုရနိုင်မှာလဲ။ ဖော့စ‌ဖောရပ်(စ်)မှုန့်ထည့်ပြီး‌တော့လား" ယွမ်ကျိုး အံ့ဩသွားသည်။

စနစ်က "ဆိုင်ရှင်အဆင့် တိုးလာရင်၊ ပါဝင်ပစ္စည်းများကို ကြိုက်ရာဂြိုဟ်က ယူသုံးလို့ရတယ်။ ဒီကမ္ဘာပေါ်က ပစ္စည်းပဲ သုံးရတာ မဟုတ်ဘူး"

"တခြားဂြိုဟ်က ကုန်ကြမ်းတွေလား"ယွမ်ကျိုး၏အတွေးထဲ ပုံသဏ္ဍာန်မျိုးစုံပေါ်လာသည်။ ဤသည်ကား စိတ်ကူးယဉ်‌ဆန်လွန်းသည်။ တစ်နေ့နေ့တွင် အခြားဂြိုဟ်များမှ အရသာရှိသော ကုန်ကြမ်းများဖြင့် ဟင်းချက်ခွင့် ရလိမ့်မည်ဟု ယွမ်ကျိုး မမျှော်လင့်ခဲ့ပေ။

သို့သော်လည်း သူက နောက်ထပ် အရေးကြီးသော မေးခွန်းကို မေးချင်သေးသည်။

"ဂြိုလ်သားတွေက ကမ္ဘာမြေပေါ် ရောက်လာမှာလား"

စနစ်က ပြန်လည်ဖြေကြားသည် "ဆိုင်ပိုင်ရှင်က အဆင့်နိမ့်လွန်းလို့ ဖြေပေးလို့ မရဘူး"

"..."

သူ ရင်းနှီးနေပြီသား စကားလုံးများကို ဖတ်လိုက်စဉ် ယွမ်ကျိုး ငိုမဲ့မဲ့ ဖြစ်သွားသည်။

“တောက်ပြောင် နေတဲ့ ပါဝင်ပစ္စည်းတွေက ဘယ်လိုပုံစံမျိုးလဲ။ Cooking Master Boy ဇာတ်ကားကို ထပ်ကြည့်ဖို့ လိုသေးတာပဲ"

ယွမ်ကျိုးက ခုန်ပေါက်ကာ တောက်ပြောင်နေသော ပါဝင်ပစ္စည်းကို စိတ်ကူးယဉ်ကြည့်သည်။

"အိုကေ။ ငါ အရမ်းကို အတွေးလွန်နေပြီ"

ထို့နောက် ယွမ်ကျိုးက မျက်လွှာချထားလိုက်ပြီး လက်တွေ့ကျသော မေးခွန်းကို မေးမြန်းသည်။

"ဘယ်အဆင့်ရောက်မှ ဆိုင်က အစားအသောက်တွေကို အပြင်ယူခွင့် ပေးမှာလဲ"

စနစ်က ရှင်းပြသည်။

"ဆိုင်ရှင်ရဲ့ အဆင့် 7 ရောက်ရင် နေ့စဉ်လူ ၁၀ ယောက်စာ ပါဆယ်ထုပ် ရောင်းခွင်ပေးပါမယ်"

"အိုကေ။ ဒါဆို ထိုင်ခုံတွေရော ဘယ်အဆင့်ရောက်မှ တိုးချဲ့မှာလဲ"

လက်တလောတွင် ကြက်ဥထမင်းကြော် အမှာစာ များပြားနေသောကြောင့် ထိုင်ခုံ ၈ ခုံမှာ လုံလောက်မှု မရှိပေ။ ထို့အပြင် ယွမ်ကျိုးက ဝင်ငွေတိုးစေရန်အတွက် ထိုင်ခုံများ ထပ်ထည့်ရန် ကြံရွယ်ထားသည်။

စနစ်က ရှင်းပြသည်။

"ဆိုင်ရှင် ခင်ဗျား အဆင့်တက်အောင်ပဲ ကြိုးစားပေးပါ။ အဆင့် 2 ရောက်မှ ထိုင်ခုံအရေအတွက် တိုးချဲ့နိုင်ပါတယ်"

"ဒါဆိုရင် အကြာကြီး စောင့်ရနိုင်တယ်"

သို့သော်လည်း ကော်မရှင်ခ တိုးသွားလား မေးမြန်းရန် ချက်ချင်း။သတိရသွားသည်။

"စနစ်၊ ငါရဲ့ကော်မရှင် ရာခိုင်နှုန်းက ဘယ်အချိန်မှာ တိုးမလဲ"

စနစ်က ရှင်းပြသည်။

"အဆင့်တစ်ခုတိုးတိုင်း နောက်ထပ် ကော်မရှင် ၁၀ရာခိုင်နှုန်းကို ရရှိနိုင်ပါတယ်"

"ဒါဆို အခု ၂၀ရာခိုင်နှုန်း ကော်မရှင်ရတဲ့ သဘောလား"

စနစ် “ဆိုင်ရှင်ကိုယ်တိုင် ကော်မရှင် ရာခိုင်နှုန်းကို စစ်ဆေးနိုင်ပါတယ်။ မေးနေစရာ မလိုပါဘူး"

တစ်ပွဲ ၁၈၈ယွမ်၏ ၂၀ရာခိုင်နှုန်း ကော်မရှင်ရလျှင် တစ်ပွဲ ၃၇.၆ယွမ် ပိုင်ဆိုင်ရမည်။ ဤသို့ဖြင့် ဆိုင်ပြုပြင်မွမ်းမံရန် အသုံးပြုခဲ့သောငွေများကို ပြန်လည်ရရှိနိုင်မည်။

ယွမ်ကျိုးက တောက်ပသောမျက်ဝန်းများဖြင့် အလွန်ကျေနပ်အားရနေသည်။

"တွက်ကြည့်ရင် အမြတ်ချည်းပဲ"

“အသစ်ရလိုက်တဲ့ အစုံလိုက်ကြက်ဥထမင်းကြော်ကဘယ်လောက်တောင် အရသာရှိလဲ သိရအောင် ငါ့ရဲ့ဆုလာဘ်ကို အရင်ထုတ်ယူလိုက်ဦးမယ်"

သူ စိတ်ဝင်စားသော အချက်အလက် အားလုံးကို သိရှိပြီးနောက် ယွမ်ကျိုးက သူ့ဆုလာဘ်ကို ပြတ်ပြတ်သားသား တောင်းဆိုလိုက်သည်။

သို့သော်လည်း ဤဆုလာဘ်က မျှော်လင့်ထားသော ရလဒ်နှင့် အနည်းငယ် ကွာခြားသည်။

အပိုင်း(၁၉)

ပြီးပါပြီ။

All Chapters