← Chapters

အခန်း (၂၀)

Vol. 2 Ch. 20

အခန်း (၂၀)

Vol. 2 Ch. 20

[မစ်ရှင်ဆုလာဘ်-အစုံလိုက် ကြက်ဥထမင်းကြော် (ရယူနိုင်သည်)]

အချိန်အတော်ကြာအောင် စောင့်ဆိုင်းပြီးမှ အသစ်အဆန်းတစ်ခုကို ရယူနိုင်ခဲ့သည်။

ယွမ်ကျိုးက သူ့ဆုလာဘ်ကို ရယူရန် မစ်ရှင်ဘောင်ကို နှိပ်လိုက်သည်။

မစ်ရှင်ကပေးအပ်သောဆုသည် ပထမအကြိမ် ရရှိသောဆုနှင့် မတူညီပေ။ သူ့စိတ်ထဲသို့ အလိုအလျောက်ဝင်လာသော စာအုပ် မဟုတ်ခဲ့‌ချေ။ သူ့ဆုလာဘ်ကို ရွေးပြီးနောက်၊ မန်ဒရင်းစာလုံးတစ်ကြောင်းတည်းသာ ပေါ်လာသည်။

စနစ်က “ဆိုင်ရှင်က ကြက်ဥထမင်းကြော်အတွက် အရံဟင်းလျာတွေ ပြင်ဆင်စရာ မလိုပါဘူး။ ၎င်းတို့ကို စနစ်က အလိုအလျောက် ပံ့ပိုးပေးမည်ဖြစ်သည်”

“အို့စ်..ဒီလိုပဲ ဖြစ်သင့်တာပေါ့။ ဘာမှ သင်ယူစရာ မလိုတော့တာ အံ့သြစရာ မရှိဘူး၊ ဒါက ပထမဆုံး အကြိမ်ကလောက် မထူးဆန်းတော့ဘူး” သူ့မေးစေ့ကို ပွတ်သပ်ရင်း ယွမ်ကျိုး က သူ့ကိုယ်သူ ပြောလိုက်သည်။

"တစ်ပွဲရဲ့ဈေးနှုန်းက ဘယ်လောက်လဲ"

စနစ်က "တစ်ပွဲ၏စျေးနှုန်းသည် ၂၈၈ယွမ်ဖြစ်သည်"

“...”

ယွမ်ကျိုးက ဈေးနှုန်းကိုမြင်သောအခါ စကားမပြောနိုင်အောင် ဆွံ့အသွားသည်။ သူ ခဏတွေးကြံပြီးနောက် အတည်ပြုချက်ရှာဖွေသည်။

"အစုံလိုက်ထမင်းကြော် တစ်ပွဲမှာ ကြက်ဥထမင်းကြော်အပြင် ပင်လယ်ရေမှော်ဟင်းချိုနဲ့ မုန်လာဥချဉ်တွေပဲ ပါဝင်တာမဟုတ်လား"

စနစ်က "ဟုတ်ပါတယ်"

"ဒါဆို ဘာလို့များ ကြက်ဥထမင်းကြော်တစ်ပွဲထက် ယွမ်၁၀၀ ပိုများနေတာလဲ"

နတ်ဘုရားအဆင့်ထမင်းကြော် ကို စျေးနှုန်းကြီးမြင့်စွာဖြင့် ရောင်းချခြင်းကို ယွမ်ကျိုး လက်ခံနိုင်‌‌သည်။ ပါဝင်ပစ္စည်းများမှာ ရှန်းရွှေဆန်နှင့် အလွန်တန်ဖိုးရှိသော ကြက်ဥဖြစ်သည်။ ထို့ကြောင့် ဈေးသတ်မှတ်ချက်က သင့်တင့်မျှတသောစျေးနှုန်းဖြစ်သည်။

သို့သော်လည်း တခြားစားသောက်ဆိုင်တွင် ပင်လယ်ရေမှော်ဟင်းချိုနှင့် မုန်လာဥချဉ်ကဲ့သို့သော အရံဟင်းလျာများကို ဖောက်သည်များအား အခမဲ့ပေးလေ့ရှိသည်။ ထို့အပြင် ဖောက်သည်က ကြိုက်သလောက် ယူစားနိုင်သည်။ သူ့စားသောက်ဆိုင်က အရံဟင်းလျာများကို ယွမ်၁၀၀ဖြင့် ရောင်းချလျှင် အဆင်ပြေနိုင်မည်နည်း။

ယွမ်ကျိုးက ငွေကို နှစ်သက်သော်လည်း စျေးနှုန်း သတ်မှတ်ချက်ကြောင့် တုန်လှုပ်နေစဲ ဖြစ်သည်။

စနစ်က နည်းနည်း လောဘကြီးလွန်းသည်ဟု ခံစားမိသည်။

စနစ်က “ ဆိုင်ရှင်က စနစ်ရဲ့စျေးနှုန်း သတ်မှတ်ချက်ကို ယုံကြည်ပေးသင့်ပါတယ်။ ဆိုင်ရှင် အရင်ဆုံး စမ်းစားကြည့်လို့ရပါတယ်"

“ဟုတ်တယ်၊ အဲဒါကမှ အဓိပ္ပာယ်ရှိတယ်။ အရံဟင်း နှစ်မျိုးက ဝမ်ယွီအမဲသားနဲ့ အဆင့်တူနေရင်ရော"

နတ်ဘုရားအဆင့် ကြက်ဥထမင်းကြော်ကို ပထမဆုံးမြည်းစမ်းကြည့်စဥ်က ခံစားခဲ့ရသော အတွေ့အကြုံကြောင့် အစုံလိုက် ကြက်ဥထမင်း‌ကြော်ကို အရင်ဆုံး မြည်းစမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။

အိုးနဲ့ယောက်ချိုဇွန်း ကောက်ကိုင်လိုက်ပြီး ယွမ်ကျိုးက အကောင်းဆုံး ကြက်ဥထမင်းကြော်တစ်ပန်းကန်ကို အမြန်ပြင်ဆင်လိုက်သည်။

ထို့နောက် ယွမ်ကျိုးက ပုံမှန်အတိုင်းပင် ကြက်ဥထမင်းကြော်ပန်းကန်ကို မိုးပြာရောင် ကောင်တာပေါ် တင်လိုက်သည်။

ကောင်တာပေါ်ရှိ နီညိုရောင်သစ်သားဗန်းသေးသေးလေးသည် သစ်သားမွှေးရနံ့ကို ပေးစွမ်းသည်။ ဗန်းက မကျယ်သော်လည်း ကြက်ဥထမင်းကြော် လေးပွဲ သယ်ဆောင်ရန် လုံလောက်သည်။

ယွမ်ကျိုးသည် ပုံမှန်အတိုင်း ကြက်ဥထမင်းကြော်ကို ဗန်းပေါ်တင်လိုက်သော်လည်း ဤတစ်ကြိမ်တွင် အနည်းငယ်ကွာခြားမှု ရှိသည်။ ထမင်းကြော်ကို ဗန်းပေါ်တင်လိုက်သည်နှင့် အဖြူရောင်‌အောက်ခံပါသည့် အပြာရောင်ပန်းကန်လုံးတစ်လုံးနှင့် ပန်းကန်ပြားတစ်ချပ် ပေါ်လာသည်။ ပန်းကန်ပြားပေါ်တွင် နူးညံ့သောပန်းပွင့်ပုံစံ ဖော်ထားသော မုန်လာဥများ ပါရှိသည်။

ခဏလေးအတွင်း ပေါ်လာခြင်းဖြစ်သည်။ အရှိန်က အရမ်းမြန်လွန်း၍ ဗန်းပေါ်မှာ အရင်တည်းက ရှိနေသည်ဟုပင် ခံစားရသည်။

ထိုအချင်းအရာက နွေဦးပွဲတော်တွင် မျက်လှည့်ပြပွဲကြည့်ရ သကဲ့သို့ အံ့ဩသော ခံစားချက်ကို ဖြစ်ပေါ်စေသည်။

ယွမ်ကျိုးက ဗန်းကို နှစ်မိနစ်ခန့်ကြာအောင် ငေးစိုက်ကြည့်ခဲ့သည်။ သူ့လက်ဖြင့် ပန်းကန်လုံးထဲက ဟင်းရည်ကို ထိကြည့်လိုက်သည်။ ပင်လယ်ရေမှော်ဟင်းရည်၏ အပူချိန်သည် မှန်ကန်ပြီး ချက်ချင်းစားသုံးရန် သင့်လျော်သည်။

၎င်းသည် အလိုအလျောက်ပြန်ဖြည့်သည့်ခွက်မှ ရေကဲ့သို့ဖြစ်ပြီး ချက်ချင်းသောက်သုံးရန် သင့်လျော်သည်။

“ပေါ်လာလိုက် ပျောက်သွားလိုက်ဖြစ်သွားတာတွေကို ငါ အလေ့အကျင့်ဖြစ်နေလို့ တော်သေးတယ်။ နောက်တစ်ခါဆို ဗန်းကို ဟိုဘက်ဝေးဝေးမှာ ထားရမယ်" ဗန်းကိုယူကာ သူ့ကိုယ်သူပြောလိုက်သည်။

ယွမ်ကျိုးက အစားအသောက်များကို စားပွဲပေါ်တင်လိုက်ပြီး ထိုင်ခုံမှာ ထိုင်သည်။ ထို့နောက် မုန်လာဥချဥ်ကို အရင်ဆုံးမြည်းစမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။

မုန်လာဥချဉ်ပန်းကန်သည် အခြားသာမန်အရံဟင်းလျာများနှင့် ပမာဏတူညီပါသည်။ ပန်းကန်ပြားထဲတွင် မုန်လာဥအချပ် တစ်ဒါဇင် ခန့် ရှိသည်။ ကွာခြားချက်က သာမန်ဆိုင်များက မုန်လာဥချဉ်ကို ငရုတ်သီး၊ သကြား သို့တည်းမဟုတ် ဆီနှင့်ရောမွှေထားခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ သူ့ရှေ့က မုလာဥချဉ်ပန်းကန်ပြားတွင် တခြားပါဝင်ပစ္စည်း မပါရှိပေ။

မုန်လာဥချဉ်ဆိုသည့်အတိုင်းကျောက်စိမ်းရောင်သန်း‌နေ‌သောမုန်လာဥဖြူ အချပ်တစ်ဒါဇင်ကို ပိရမစ်ပုံစံ စုပုံထားသည်။ မုန်လာဥချဥ်ကလွဲလို့ တခြားဘာမှ မရှိ‌ပေ။

တစ်ခုတည်းသော ခြားနားချက်မှာ အရောင်ဖြစ်သည်။ ကြည်လင်ဖြူစင်ကာ ကျောက်စိမ်းကဲ့သို့ အလွန်ကြည့်ကောင်းသည်။ စေ့စေ့စပ်စပ် ကြည့်လိုက်လျှင် မုန်လာဥချဥ်တစ်ချပ်ချင်းစီ၏ အရွယ်အစားသည် အတိအကျတူညီနေခြင်းကို သတိပြုမိလိမ့်မည်။

ယွမ်ကျိုးက မုန်လာဥကို တူဖြင့်ကိုင်၍ ဂရုတစိုက်ကြည့်ကာ ပါးစပ်ထဲထည့် ဝါးသည်။

မုန်လာဥချဥ်သည် သူ့ခံတွင်းထဲ ဝင်ရောက်လာပြီး လျှာ၏ အရသာအာရုံအပေါ် သက်ဆင်းလာသည်။

လတ်ဆတ် ကြွတ်ရွပြီး အငန်နှင့် အချဉ်အရသာရှိသော မုန်လာဥချဉ်သည် အလွန်ကောင်းမွန်သော အရံဟင်းပွဲဖြစ်သည်။ ယွမ်ကျိုးက မသိစိတ်၏ လှုံ့ဆော်မှုကြောင့် နောက်တစ်ဖတ်ကို ယူကာ သူ့ပါးစပ်ထဲသို့ ထည့်လိုက်သည်။

မုန်လာဥချဉ်သည် ပုံမှန်အသီးအရွက်ချဉ်များကဲ့သို့ချဉ်၍ဖန်သောအရသာ မရှိပေ။

ပထမဆုံး မုန်လာဥချဉ်ကို ကိုက်စားပြီး ကြက်ဥထမင်းကြော်တစ်လုတ်ကို စားကြည့်သည်။ နှစ်မျိုးပေါင်းစပ် အရသာက သူ့ကို ကောင်းကင်ဘုံကို တက်သွား သကဲ့သို့ ခံစားရစေသည်။ မုန်လာဥချဉ်အရသာ၏ လှုံ့ဆော်ပံ့ပိုးမှုကြောင့် ယခင်က အရသာရှိသော ကြက်ဥထမင်းကြော်ကို ပို၍ အရသာရှိသွားစေသည်။

မုန်လာဥချဉ်၏ သွေးဆောင်မှု‌ကြောင့် ယွမ်ကျိုးက ကြက်‌ဥထမင်းကြော် တစ်ဝက်နှင့် မုန်လာချဉ်တစ်ပန်းကန်ကို ကုန်အောင် စားလိုက်သည်။

ဤအချိန်သည် စားသောက်ခြင်းကို ရပ်တန့်ပြီး ဟင်းချိုသောက်ရန် အကောင်းဆုံးအခိုက်အတန့်ဖြစ်သဖြင့် ယွမ်ကျိုးက အပြာရောင်ပန်းကန်လုံးလေးကို ကိုင်လိုက်သည်။

ပန်းကန်သေးသေးလေးက သပ်သပ်ရပ်ရပ်ရှိပေမယ့် လက်သီးဆုပ် အရွယ်မျှသာ ရှိသည်။ ထို့အပြင် ဟင်းရည်သည်ပန်းကန်လုံး၏၇၀ရာခိုင်နှုန်းခန့်သာပါသည်။ ကြည်လင်သော ဟင်းချိုထဲတွင် အစိမ်းရောင် ပင်လယ်ရေမှော်ဖတ်‌လေးများ လွင့်ပျံနေသည်။ ဟင်းရည်က ပင်လယ်ရေမှော်နည်းနည်းနှင့် ရေ‌ထည့်ပြုတ်ထားသကဲ့သို့ ထူးခြားမှုကို မမြင်တွေ့ရပေ။ ထို့အပြင် ကြက်သွန်မြိတ်အနည်းငယ်မျှ မပါဝင်ချေ။

ပြီးပြည့်စုံသော အပူချိန်ကြောင့် ယွမ်ကျိုးက ဟင်းချိုပန်းကန်တစ်ဝက်ကို တစ်ကျိုက်တည်းဖြင်သောက်လိုက်သည်။

သို့သော်လည်း အရသာရှိသော ဟင်းချိုကို အရသာခံ မသောက်မိ၍ ယွမ်ကျိုး ချက်ချင်း နောင်တရ သွားသည်။ ယွမ်ကျိုးက အကောင်းဆုံးဟင်းလျာများကို နောက်ဆုံးမှ စား‌လေ့ရှိသော်လည်း ယခုတော့ တစ်ခါတည်းဖြင့် ဟင်းချို တစ်ဝက်နီးနီး သောက်လိုက်မိသည်။

ယွမ်ကျိုးက အရသာရှိသော ဟင်းချို၏ ကြည်နူးမှုထဲ နစ်မျောနေသည်။

ကြည်လင်သောဟင်းချိုသည် တခြား ပါဝင်ပစ္စည်းများ အသုံးမပြုဘဲ ရိုးရိုးရေဖြင့်သာ ချက်ပြုတ်ထားသော်လည်း ထူးခြားသော အရသာကို ပေးစွမ်းသည်။ ဟင်းချိုက ချိုသောအရသာ တစ်မျိုးတည်းကို ပေးစွမ်းပြီး ငန်သောအရသာမရှိပေ။

စနစ်ကပေးအပ်ထားသော သောက်ရေထက်ပင် ပိုကောင်းမွန်နေသည်။ သူတို့ချင်း ကွာခြားချက် သာဓကသည် ပြင်သစ်မှတင်သွင်းသော Evian ရေသန့် နှင့် အိမ်တွင်ရှိသော ပိုက်ခေါင်းမှလာသောရေ ဖြစ်သည်။

ယွမ်ကျိုးက ပင်လယ်ရေမှော်ဟင်းချိုကို ငါးညှီးနံ့ရသည်ဟူသော အကြောင်းပြချက်ဖြင့် ယခင်က မနှစ်မြို့ခဲ့ပေ။ ဟိုတယ်စားဖိုမှူး၏လက်ထောက်အဖြစ် အလုပ်လုပ်ကိုင်ပြီးမှ ၎င်းအနံ့အသက်က သမုဒ္ဒရာ၏ အငွေ့အသက်ဟု လက်ခံသွားသည်။ သို့သော်လည်း ယွမ်ကျိုး သဘောမကျခဲ့ပေ။ ဈေးကြီးသော ပင်လယ်ရေမှော်မှာပင် ငါးညှီးနံ့ အနည်းငယ် ပါသေးသည်။ ထို့ကြောင့်လည်း ယွမ်ကျိုး မကြိုက်ခြင်း ဖြစ်သည်။

သို့သော်လည်း သူ ယခု သောက်လိုက်သော ပင်လယ်ရေမှော်ဟင်းချိုက စိတ်အနှောင့်အယှက် ဖြစ်စေသော အနံ့အသက်များ ကင်းဝေးသည်။ ခံတွင်းထဲ ဝင်ရောက်သွားသောအခါ ပင်လယ်သမုဒ္ဒရာ၏ လတ်ဆတ်သော လေညှင်းကို ခံစားမိသည်။ ယခုမှ အရံဟင်းလျာ၏ တန်ကြေး ယွမ်၁၀၀ တောင်းခံသော အကြောင်းအရင်းကို ယွမ်ကျိုး နားလည်သွားသည်။

"တကယ်တမ်း မစ်ရှင်တစ်ခုပြီးရင် ဟင်းအသစ်တွေကို မြည်းစမ်းကြည့်ဖို့က အရေးကြီးဆုံးပဲ"

ယွမ်ကျိုးသည် ပင်လယ်ရေမှော်ဟင်းချိုကို ကုန်အောင်‌ သောက်ပြီး မုန်လာဥချဉ်ပန်းကန်ထဲမှ အရည်များကိုပင် သောက်လိုက်သေးသည် ။

“စနစ်၊ မုန်လာဥနဲ့ ပင်လယ်ရေမှော်တွေအ‌ကြောင်း အသေးစိတ် ရှင်းပြနိုင်မလား။ ပြီးတော့ သုံးထားတဲ့ရေ အကြောင်းလည်း ရှင်းပြပေး

ပါဦး။ နှစ်မျိုးစလုံးက အံ့သြစရာကောင်းလောက်အောင် အရသာရှိတယ်။ ပါရမီဖြည့်ဖက်တွေလို့တောင် ထင်မိတယ်"

ယွမ်ကျိုးက စိတ်ကျေနပ် အားရစွာ စားသောက်ပြီးနောက် ပါဝင်ပစ္စည်းများ၏ အရင်းအမြစ်ကို သိချင်လာသည်။

အရံဟင်းက သာမန်ဆိုလျှင် ဈေးကြီးသော ကြက်ဥထမင်းကြော်နှင့် တွဲဖက်ရောင်းချရန် အဆင်မပြေနိုင်ချေ။

အပိုင်း(၂၀)

ပြီးပါပြီ။

All Chapters