← Chapters

အခန်း (၂၄)

Vol. 2 Ch. 24

အခန်း (၂၄)

Vol. 2 Ch. 24

ယွမ်ကျိုး၏စားသောက်ဆိုင်လေးသည် စတင်တည်ထောင်ချိန်က ကဲ့သို့ လူမသိသူမသိ စားသောက်ဆိုင်လေး မဟုတ်ပေ။ နေ့စဉ် နေ့တိုင်း မနက် ၉နာရီ မှ ည ၉နာရီအချိန်အထိ ဖွင့်လှစ်လေ့ရှိသည်။ ယွမ်ကျိုးက တကယ်ကို လုံ့လဝီရိယရှိသော အလုပ်သမား ဖြစ်သည်။

သူ့ကြိုးစားအားထုတ်မှု ရလဒ်ကို သိသာထင်ရှားစွာ မြင်တွေ့နိုင်သည်။ မနက်ခင်းတွင် ကြက်ဥထမင်းကြော် ပွဲ၁၀၀ခန့်ကို ရောင်းချနိုင်ပြီး နေ့လည်ခင်း နှင့် ညပိုင်းတွင် ဧည့်သည်များသည်။ ဤကာလအတောအတွင်း စားသောက်ဆိုင်လေးသည် စည်ကားနေသည်။ စည်းမျဉ်းကို မကျေနပ်ကြသော ဖောက်သည်များက ပါဆယ်ယူသွားခွင့် ပေးရန် တောင်းဆိုကြသည်။ သူတို့တောင်းဆိုမှုကို မဖြည့်ဆည်းလျှင် ခုချက်ချင်း ဆိုင်မှ ထွက်သွားမည်ဟု ခြိမ်းခြောက်တတ်သည်။

သို့သော်လည်း ယွမ်ကျိုး၏သဘောထားက ပြောင်းလဲသွားခြင်း မရှိပေ။ သူ့နှလုံးသား နာကျင်သော်လည်း တည်ငြိမ်သော အမူအရာဖြင့် တောင်းဆိုမှုတိုင်းကို ငြင်းဆန်ခဲ့သည်။ တချို့ဖောက်သည်များက ဆိုင်သို့ နောက်တစ်ကြိမ် ထပ်မလာဟု ခြိမ်းခြောက်တတ်သည်။ သို့သော်လည်း သူတို့က ယွမ်ကျိုး၏ ဟင်းချက်အရသာကို မေ့ဖျောက်နိုင်စွမ်း မရှိ၍ ခဏတာ ပျောက်သွားလေ့ရှိသည်။ သူတို့ ပြန်ရောက်လာလျှင်လည်း ယွမ်ကျိုးက မသိကျိုးကျွံပြုကာ ယခင်အတိုင်း ရောင်းချပေးသည်။

ယခုလိုပြဿနာရပ်မျိုး ခဏခဏ ကြုံနေရ၍ နောင်တရသော်လည်း သူ အများကြီး မတွေးတောပေ။ သူက စနစ်ကို ပိုင်ဆိုင်ထား၍ သူ့အခြေအနေက ပုံမှန်ထက် သိသိသာသာ ခြားနားမှုရှိလိမ့်မည်။ လူအနည်းစုထံမှ ရရှိလာမည့် အနည်းငယ်သော အကျိုးအမြတ်ကို ထည့်မတွက်နိုင်ချေ။ သူက စနစ်မှ ချမှတ်ထားသော စည်းမျဉ်းများကို လိုက်နာရမည်။

ယွမ်ကျိုးက အိပ်ရာပေါ်မှာ တည့်တည့်မတ်မတ် ထိုင်နေပြီး လဝက်ခန့် အလုပ်လုပ်ခဲ့၍ ရရှိသော ဝင်ငွေကို ရေတွက်နေသည်။ အတိအကျပြောရလျှင် ယွမ်ကျိုးက ပိုက်ဆံရေတွက်ရခြင်းကို ပျော်မွေ့သည်။ သုံးရက်ဆက်တိုက် မနားမနေ အလုပ်လုပ်ခဲ့ရ၍ ဒုတိယမြောက် ပေးအပ်သောတာဝန်ကို ၅ရက်အတွင်း ပြီးမြောက်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သူ့ဖောက်သည်များအတွက် ရွေးချယ်စရာ မီနူးအသစ်ကိုလည်း ပေးစွမ်းနိုင်ခဲ့သည်။

လက်ရှိအချိန်တွင် သူက နေ့စဉ်နေ့တိုင်း ရိုးရိုးကြက်ဥထမင်းကြော် ပွဲ ၅၀၀ နှင့် အစုံလိုက်ကြက်ဥထမင်းကြော် ပွဲ ၃၀၀ကို ရောင်းချနိုင်သည်။ စနစ်၏သတ်မှတ်ချက်အရ စုစုပေါင်း ရောင်းရငွေ၏ ၂၀ရာခိုင်နှုန်းကို ယွမ်ကျိုးက ရရှိလိမ့်မည်။ ထို့ကြောင့်လည်း ယွမ်ကျိုးက တစ်နေ့ ၁၂နာရီခန့်ကြာအောင် အလုပ်လုပ်သည်။ ယခုတော့ သူ့ကြိုးစားမှုရလဒ်ကို စစ်ဆေးရန် အချိန်ကျရောက်လာပါပြီ။

ယွမ်၁၀၀ စက္ကူရွက်များက သူ့အိပ်ရာပေါ်မှာ ပြန့်ကျဲနေပြီး အထင်ကြီးလေးစားသော ခံစားချက်ကို ပေးစွမ်းသည်။ စနစ်က ဝင်ငွေ၏ ၈၀ရာခိုင်နှုန်းခန့်ကို ယူသွား၍ အိပ်ရာပေါ်မှာ ပြန့်ကျဲထားသော ငွေစက္ကူများက သူ ပိုင်ဆိုင်သော ၂၀ရာခိုင်နှုန်း ဝင်ငွေဖြစ်သည်။

“တစ်၊ နှစ်၊ သုံး…”

ယွမ်ကျိုးက အသံထွက် ရေတွက်နေသည်။

နောက်ဆုံးရလဒ်က မယုံကြည်နိုင်ဖွယ်ဖြစ်နေသောကြောင့် ယွမ်ကျိုး နောက်တစ်ကြိမ် ရေတွက်ကြည့်သည်။ ရလဒ်က ယွမ် ၂၄၉၈၈၀ ဖြစ်သည်။

“ဟား ဟား ဟား”

သူက လဝက်တည်း ကြိုးစားအားထုတ်ရုံဖြင့် ရေဖိုး မီးဖိုး ဖယ်အပြီး ယွမ် ၂၄၉၈၈၀ ပိုင်ဆိုင်သွား၍ ကျေနပ်အားရစွာ ရယ်မောလိုက်သည်။ ဤမြို့တော်တွင် သာမန်ဝန်ထမ်းက တစ်လလျှင် ယွမ် ၈၀၀၀ခန့် ရရှိပြီး စီနီယာဝန်ထမ်းက တစ်လလျှင် ယွမ် ၂သောင်း၊ သုံးသောင်းခန့် ရသည်။

သို့သော်လည်း သူက တစ်နေ့ ယွမ် ၁၆၀၀၀ခန့် အမြတ်ငွေ ရရှိသည်။ သူ့ နှစ်ရက်လုပ်ခလစာက သာမန်ဝန်ထမ်း၏ သုံးလစာ ဝင်ငွေနှင့် ညီမျှနေသည်။ အနည်းငယ် ရင်းနှီးမြှုပ်နှံရုံဖြင့် ငွေကြေးအမြောက်အမြား ပိုင်ဆိုင်ရခြင်း ဖြစ်သည်။

စီးပွားရေးလုပ်ငန်း စတင်ရန် အသုံးပြုခဲ့ရသော ယွမ် ၂သောင်း၊ ၃သောင်းကိုလည်း ပြန်ရခဲ့သည်။ လုယက်ခြင်းထက်ပင် ပို၍လျင်မြန်စွာ ငွေဝင်ပြီး အလုပ်ကလည်း အရမ်းမခက်ခဲပေ။ ည ၁၁နာရီအချိန် ရောက်နေသော်လည်း ယွမ်ကျိုးက လုံးဝ အိပ်မငိုက်သေးပေ။ ယွမ်ကျိုးက ပထမဆုံးအကြိမ် ငွေအများကြီး ရရှိဖူးခြင်း ဖြစ်ပြီး ယွမ်၁၀၀အထပ်လိုက်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းလည်း ဖြစ်သည်။

“သိပ်မကြာခင်မှာ အောင်မြင်မှုအထွတ်အထိပ်ကို ရောက်တော့မယ် ထင်တယ်”

လက်အပြည့် ငွေများကို ဆုပ်ကိုင်ပြီး ယွမ်ကျိုးက မျက်လွှာချကာ ငွေစက္ကူများ၏ အငွေ့အသက်ကို ရှုရှိုက်နေသည်။

တစ်လကြာပြီးနောက် ရရှိမည့် ငွေပမာဏကို စိတ်ကူးယဉ်ပြီး ယွမ်ကျိုးက ပျော်ရွှင်မှုခံစားချက်ကို စွဲလမ်းနေသည်။

ထိုစဥ် အချိန်အတော်ကြာအောင် တိတ်ဆိတ်နေသော စနစ်က နောက်ထပ် မစ်ရှင်တစ်ခုကို ထုတ်ပြန်လာသည်။

စနစ် “ တတိယမစ်ရှင် ပွင့်သွားပါပြီ”

[မစ်ရှင် သုံး] လက်ခံသူဆိုင်ရှင်က အနီးအနားပတ်ဝန်းကျင်မှာ အတော်အတန် အောင်မြင်မှု ရရှိထားတယ်။ ဒါကြောင့်မို့ အင်တာနက်ပေါ်မှာ အသိအမှတ်ပြုမှု အမှတ် ၁၀၀၀ကို ရက်၂၀အတွင်း ရအောင် ကြိုးစားပေးပါ။

(မစ်ရှင်အညွှန်း ဆိုင်ရှင်ကိုယ်တိုင် (သို့) ငွေသုံး ကြော်ငြာခြင်း ခွင့်မပြုပါဘူး။ အနာဂတ်ကျွမ်းကျင်စားဖိုမှူးအနေနဲ့ မင်းကိုယ်တိုင် ကြော်ငြာဖို့ သင့်လျော်ပါ့မလား။ တစ်ဆင့်စကား တစ်ဆင့်ပါးပြီး ကြော်ငြာပါ)

(မစ်ရှင်ဆုလာဘ်) ခေါက်ဆွဲပြုတ်အချို

ယွမ်ကျိုးက စိတ်လှုပ်ရှားသော ခံစားချက်ကို ထိန်းချုပ်ပြီး မစ်ရှင်ကို အသေးစိတ်ကြည့်ရှုကာ မေးမြန်းလိုက်သည်။

“ဘယ်လိုအသိအမှတ်ပြုမှုမျိုးကို လိုချင်တာလဲ”

စနစ် “အင်တာနက်ပေါ်က သူငယ်ချင်းတွေက ကျွမ်းကျင်စားဖိုမှူး စားသောက်ဆိုင်ရဲ့ စီးပွားရေး လုပ်ကိုင်ပုံကို သိသွားစေချင်တာပါ”

“သာမန် ထင်မြင်ယူဆချက်တွေကိုရော ထည့်တွက်လား”

တချို့ဧည့်သည်များက ဟင်းလျာများကို ဓာတ်ပုံရိုက်ပြီး အွန်လိုင်းပေါ် တင်လေ့ရှိသည်။

အသိအမှတ်ပြုအမှတ် ၁၀၀၀က အရမ်း မများပေ။ ထို့ကြောင့် သာမန်ထင်မြင်ယူဆချက် အပြုအမူများကို ထည့်တွက်လိုက်လျှင် အမှတ်၁၀၀၀ကို အလွယ်တကူ ကျော်လွှားနိုင်သည်။

စနစ် “ ပုံမှန်အပြုအမူလေးတွေကို ထည့်မတွက်ပါဘူး။ အင်တာနက်ပေါ်က တခြားသူတွေက မင်းရဲ့စားသောက်ဆိုင်ကို အသိအမှတ်ပြုတာပဲ လိုချင်တာပါ”

“တောင်းဆိုချက်က တင်းကျပ်သောကြောင့် မစ်ရှင်က ခက်ခဲမယ်”

ယွမ်ကျိုး၏အတွေ့အကြုံအရ စားသောက်ဆိုင်မလာဖူးသူများက သူ့ဆိုင်ကို ယုံကြည်လက်ခံရန် မလွယ်ကူပေ။

“စနစ်က ငွေသုံးလို့ မရဘူးပဲ ပြောတာလေ။ တခြားသူရဲ့အကူအညီကို ယူလို့ မရဘူးလို့ မပြောခဲ့ဘူးမလား”

တကယ်တမ်း ယွမ်ကျိုးက သူ့မိတ်ဆွေကောင်း စွန်းမင်ကို သတိရသွားသည်။ စွန်းမင်က အရသာရှိသော အစားအသောက်ကောင်းများကို လမ်းညွှန်ရန် အင်တာနက်ပေါ်တွင် ဘလော့ဂ် အသေးစားများကို ဖန်တီးလေ့ရှိသည်။ ထို့ကြောင့် အင်တာနက်ပေါ်တွင် စွန်းမင်းကို စိတ်ဝင်စားသူ အတော်အတန် ရှိသည်။

“ဒီကိစ္စ သူ့ကို ပြောပြသင့်လား”

စနစ် “ ကျွမ်းကျင်စားဖိုမှူး ဖြစ်လာမယ့်သူက တခြားသူကို အကူအညီတောင်းလို့ ကောင်းပါ့မလား”

ယွမ်ကျိုးက စနစ်၏ အေးတိအေးစက် စကားလုံးများကို မြင်သောအခါ ဆွံ့အသွားသည်။ သူ့ကို စနစ်က ထောက်ပံ့ပေးထားပြီး ရိုးရှင်းသော ကြော်ငြာအတွက် တခြားသူကို အကူအညီတောင်းလျှင် အသုံးမကျသူ ဖြစ်သွားနိုင်သည်။

ယွမ်ကျိုးက အကြံအစည်ကို စွန့်လွှတ်လိုက်ပြီး တခြားသူ၏အကူအညီ မယူဘဲ မစ်ရှင်ကို ပြီးဆုံးအောင် ထမ်းဆောင်နိုင်သော နည်းလမ်းကို ကြံရွယ်နေသည်။

သို့သော်လည်း ယွမ်ကျိုး စိတ်ကူးမပေါ်ခင် စနစ်က သတင်းအသစ် ပို့ပေးသည်။

စနစ် “ လက်ခံသူ ဆိုင်ရှင်က တိုးတက်ဖို့ တခြားသူကို မမှီခိုဘဲ ကိုယ့်ဘာသာကိုယ် တိုးတက်ချင်တဲ့ ဆန္ဒပြင်းထန်နေတယ်။ ဒီစိတ်ဓာတ်ကို စနစ်က သဘောကျလို့ မင်းအတွက် သင့်လျော်တဲ့ ဂုဏ်ပုဒ်တစ်ခု ပေးလိုက်မယ်”

[ ဟင်းချက်စွမ်းရည်ဂုဏ်ပုဒ်] ကျွမ်းကျင်သူ

“ဂုဏ်ပုဒ်ကို ရပြီးသွားရင် ဘာဆုလာဘ်တွေ ရနိုင်သေးလဲ”

ယွမ်ကျိုးက အနာဂတ်ကို မျှော်မှန်း၍ မေးမြန်းလိုက်သည်။

စနစ် “ဒီဂုဏ်ပုဒ်က ဆုလာဘ်မဟုတ်ပါဘူး။ ဒီဂုဏ်ပုဒ်ရပြီးရင်တော့ သင့်လျော်တဲ့ ကျပန်းဆု ရပါမယ်”

“ကျပန်းဆုလား။ ဘယ်လို ဆုမျိုးလဲ။ ဒါပေမဲ့ ဘာဆုပဲပေးပေး ကောင်းတာပဲ ဖြစ်မှာပါ”

ယွမ်ကျိုးက ခဏတွေးကြံလိုက်သည်။ စနစ်က သူ့ဘာသာသူ စိတ်လိုလက်ရ ဆုလာဘ် မပေးဖူးပေ။ အခွင့်ကြုံတုန်း ဆုကို မလွဲချော်နိုင်ချေ။

ယွမ်ကျိုးက ခလုတ်ကို ထိလိုက်စဥ် စနစ်က ကျပန်းဆုကို ရွေးချယ်ပေးသည်။

စနစ် “လက်ခံသူက ကျပန်းဆုကို ရသွားပါပြီ။ ဂုဏ်ပုဒ်ကို အလိုအလျောက် ဖော်ပြထားပါမယ်။ အဆင့်မြှင့်တင်နေစဥ်မှာ ဖယ်ရှားခွင့် မပေးပါဘူး”

ယွမ်ကျိုးက ဆုကို အာရုံစိုက်နေ၍ ဖယ်ရှားခွင့် မပြုသော စကားလုံးကို နားမလည်ခဲ့ပေ။

[ကျပန်းဆု] ရှောင်လုံပေါင်း ဖက်ထုပ် (ဟင်းရည်နှင့်အသားထည့်ထားသော ဖက်ထုပ်ပေါင်း)

အပိုင်း(၂၄)

ပြီးပါပြီ။

All Chapters