အခန်း (၂၅)
Vol. 2 Ch. 25
[ကျပန်းဆု] ရှောင်လုံပေါင်း ဖက်ထုပ် (ဟင်းရည်နှင့်အသားထည့်ထားသော ဖက်ထုပ်ပေါင်း)
( ရရှိသွားပါပြီ)
စနစ် “ဈေးနှုန်း တစ်ပွဲလျှင် ၆၆ယွမ်”
“ဒါက စားသောက်ဆိုင်မှာ ဈေးအပေါဆုံးပဲ။ မနက်ဖြန် များများ စားကြည့်ရမယ်”
ယွမ်ကျိုးက ဈေးနှုန်းကို မြင်တွေ့သောအခါ စိတ်ထဲရှိသည့်အတိုင်း ရေရွတ်လိုက်သည်။
ယွမ်ကျိုးက အကျိုးဆက်ကို မတွေးဘဲ ဆုလာဘ်ကို လက်ခံယူလိုက်သည်။ ယွမ်ကျိုးက ဂျုံအသုံးပြုသောဟင်းပွဲကို ပထမဆုံးအကြိမ် လက်ခံရရှိခြင်း ဖြစ်သည်။ ဖက်ထုပ်ပေါင်းက စာအုပ်ပုံ ပြောင်းလဲသွားပြီး အလင်းတန်းများ ဖြာလဲ့ကာ ယွမ်ကျိုး၏ ဦးခေါင်းကို လွှမ်းခြုံသွားသည်။ ထို့နောက် အလင်းတန်းက သူ့ဦးနှောက်ထဲ ဝင်ရောက်သွားပြီးနောက် ပျောက်ကွယ်သွားသည်။
ရှောင်လုံပေါင်း နှင့် ပတ်သက်သော ပါဝင်ပစ္စည်းများကို စနစ်က ထုံးစံအတိုင်း အရင်ဆုံး မရှင်းပြခဲ့ပေ။ ဂျုံမုန့်ညက် ဖန်တီးရန် ရောစပ်ရမည့် အတိုင်းအဆ နှင့် အချိန်သတ်မှတ်ချက်များကို အတိအကျ ရှင်းလင်းပေးထားသည်။ အစာသွပ်ခြင်း နှင့် အချဉ်ဖန်တီးခြင်းကလည်း ရှုပ်ထွေးလွန်းသည်။
ယွမ်ကျိုးက စနစ်မှ ပေးသော အချက်အလက်များကို လေ့လာပြီးနောက် သူ့ကိုယ်သူ ဖက်ထုပ် အကျော်အမော် စားဖိုမှူးကြီးဟု ခံစားမိသည်။ ထိပ်တန်း ပါဝင်ပစ္စည်းများ နှင့် ကမ္ဘာအဆင့်မီ ဟင်းလျာကို ချက်ပြုတ်ရမည့် ခံစားချက်က အံ့မခန်းဖြစ်သည်။
“ဒီရှောင်လုံပေါင်းနဲ့လည်း ကမ္ဘာကြီးကို သိမ်းပိုက်စိုးမိုးနိုင်တာပဲလေ”
ထိုစဉ်အခိုက်အတန့် ယွမ်ကျိုးက ဆာလောင်သော ခံစားချက် ဖြစ်ပေါ်လာသည်။ သို့သော်လည်း နာရီကို တစ်ချက် ကြည့်လိုက်သောအခါ ည၁၂နာရီဖြစ်နေသည်။ နောက်တစ်နေ့ မနက်ခင်းတွင် စားသောက်ဆိုင်ဖွင့်ရမည် ဖြစ်၍ စိတ်လှုပ်ရှားသော ခံစားချက်ကို ထိန်းချုပ်ပြီး အိပ်ရာဝင်ရန် ပြင်ဆင်သည်။
ယွမ်ကျိုးက အိပ်ရာပေါ်မှာ လှဲလျောင်းပြီး သူ့ဂုဏ်ပုဒ်ကို တွေးမိသည်။ ထို့ကြောင့် ဂုဏ်ပုဒ်ကို နှိပ်လိုက်ပြီး သူ့တာဝန်အချက်အလက်များကို အသေးစိတ် စစ်ဆေးကြည့်သည်။
ပစ်မှတ် : စနစ်က မင်း ထိပ်တန်းစားဖိုမှူးဖြစ်လာအောင် အရှေ့တိုင်း နှင့် အနောက်တိုင်းဟင်းလျာများ နှံ့နှံ့စပ်စပ် ကျွမ်းကျင်အောင် ကူညီပေးမည်။
လက်ခံသူဆိုင်ရှင် : ယွမ်ကျိုး (သာမန် ဟန် တရုတ်လူမျိုး)
လိင်အမျိုးအစား : အမျိုးသား
အသက် : ၂၄
ရုပ်ပိုင်းဆိုင်ရာ အရည်အသွေး : C
ဟင်းချက်စွမ်းရည် : မဆုံးဖြတ်နိုင်သေး
ကျွမ်းကျင်မှု : မရှိသေး
ကိရိယာ : မရှိသေး
(ကြက်ဥထမင်းကြော်ကိုသာ ကျွမ်းကျင်စွာ ချက်ပြုတ်တတ်သေးသည့် အတွေ့အကြုံမရှိသေးသူ)
အဆင့်၁
ဂုဏ်ပုဒ် : ဂျုံအစားအသောက် ချက်ပြုတ်မှု ကျွမ်းကျင်သူ
(မီးဖိုချောင်ထဲမှာ အလုပ်လုပ်ရတာ တအားပင်ပန်းနေမှာပဲ။ မင်း ဟင်းချက်စွမ်းရည် တိုးတက်ဖို့ အနားယူချိန် လိုအပ်တယ်။ ဒါကြောင့်မို့ မင်းရဲ့စီးပွားရေးလုပ်တဲ့အချိန်ကို နေ့စဥ် ၆နာရီ လျှော့ချရန် ဆုံးဖြတ်လိုက်တယ်)
“စနစ်ရေ၊ ဒီဂုဏ်ထူးဆောင်ဘွဲ့ကို မလိုချင်တော့ဘူး”
ယွမ်ကျိုးက ယခုမှ စနစ်၏ရည်ရွယ်ချက်ကို သဘောပေါက်သွားသည်။ ဆိုင်ဖွင့်ချိန်က ၆နာရီထက် လျော့နည်းလျှင် သူ ငွေရှာရန် ခက်ခဲလိမ့်မည်။ ဝင်ငွေကလည်း အများကြီး လျော့ကျသွားလိမ့်မည်။ စနစ်က သူ့ကို တမင်တကာ ထောင်ချောက်ဆင်သွားသည်။
စနစ် “ ဂုဏ်ပုဒ်က သူ့အလိုအလျောက် ပျောက်ကွယ်သွားမှာပါ။ ကိုယ့်သဘောနဲ့ကိုယ် ဖယ်ရှားခွင့် မပေးပါဘူး။ အဆင့်မြှင့်တင်လို့ပဲ ရပါတယ်”
ချီးပဲ။
ရေတိုအကျိုးအမြတ်အတွက် ရေရှည်အကျိုးအမြတ်ကို စတေးလိုက်ရသည်။
အရသာရှိသော ရှောင်လုံပေါင်းဖက်ထုပ်ကို ရရှိသွားသော်လည်း ငွေဆုံးရှုံးရသော နာကျင်မှုကို မဖြေသိမ့်နိုင်ပေ။
“ဒါဆိုရင် ကန့်သတ်ချက်တွေကို ဘယ်အချိန်ရောက်မှ ပယ်ဖျက်မလဲ”
ယွမ်ကျိုးက ခပ်ရေးရေးသော မျှော်လင့်ချက်လေးဖြင့် မေးမြန်းသည်။
စနစ် “အဆင့်၅ ရောက်တော့မှာပဲ ဆိုင်ရှင်က ဆိုင်ဖွင့်ချိန်ကို သတ်မှတ်ခွင့် ရှိပါမယ်”
တကယ်တမ်း ဆိုင်ဖွင့်ချိန် ကန့်သတ်ခြင်းက ယွမ်ကျိုးအတွက် ကောင်းမွန်မှန်းသိသည်။ အချိန်ကြာမြင့်စွာ ဆိုင်ဖွင့်ခြင်းက စားသောက်ဆိုင်သေးသေးလေးအတွက် အကျိုးသိပ်မဖြစ်ထွန်းပေ။ လက်ရှိအချိန်တွင် ယွမ်ကျိုးမှာ လက်ထောက် မရှိသောကြောင့် အချိန်ကြာမြင့်စွာ တစ်ယောက်တည်း အလုပ်လုပ်ရ၍ ပင်ပန်းနွမ်းလျလာသည်။
ဤနည်းဖြင့် ယွမ်ကျိုးက သူ့ကိုယ်သူ နှစ်သိမ့်ပြီး ငွေအများကြီး ရရှိမည့် အခွင့်အရေး ဆုံးရှုံးသွားခြင်းကို လက်ခံနိုင်အောင် ကြိုးစားသည်။ သူ့အဆင့် နိမ့်နေခြင်းကို အပြစ်ဖို့ရမည်။
ယွမ်ကျိုးက သူ့ကိုယ်သူ အကြိမ်ကြိမ် နှစ်သိမ့်ပြီး အိပ်မောကျသွားသည်။
သူ့ကို ကူညီပေးသည့် စနစ်ရှိသော်လည်း ကြက်ဥထမင်းကြော်ကို သူကိုယ်တိုင် ပြင်ဆင်ရသည်။ တစ်နေ့ ၁၂နာရီ အလုပ်လုပ်ရခြင်းက ပင်ပန်းသည်။
"ကလင် ကလင် ကလင်"
ယနေ့တွင် ယွမ်ကျိုးက စောစော နှိုးစက်ပေးထားသည်။ မနက် ၆နာရီအချိန် ဖြစ်၍ ပြတင်းပေါက် အပြင်ဘက်တွင် နေအလင်းရောင် ထွက်စ အချိန်ကာလဖြစ်သည်။
အိပ်ရာမှ နိုးနိုးချင်း Laptop ကို ဖွင့်ကြည့်သည်။ Laptop ၏မူလအရောင်က အမည်းရောင် ဖြစ်သော်လည်း အသုံးမပြုသည်မှာ ကြာသောကြောင့် မီးခိုးရောင် ပြောင်းလဲကာ အိုဟောင်းနေပါပြီ။ Laptopကို အသုံးမပြုရသော အကြောင်းအရင်းက အသေးစားဂိမ်းပင် ဆော့မရ၍ ဖြစ်သည်။ သူ့အလုပ်လုပ်ဆောင်ပုံက အဘွားအိုကြီး ကဲ့သို့ နှေးကွေးလွန်းသည်။
မနက် ၆နာရီ ၂၀မိနစ်၊ ယွမ်ကျိုးက ရှောင်လုံပေါင်းကို အရင်ဆုံးချက်ပြုတ်ပြီးမှ Laptop ပြဿနာကို ဖြေရှင်းရန် ဆုံးဖြတ်ခဲ့သည်။
မီးဖိုချောင် မီးခလုတ်ကို နှိပ်လိုက်သောအခါ မီးဖိုတစ်ခန်းလုံး လင်းလက်သွားပြီး သန့်ရှင်းတောက်ပြောင်သော မီးဖိုခန်းကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရသည်။
ဆန်အံ့ဆွဲဘေးနားက ဂျုံအံ့ဆွဲကို ဖွင့်လိုက်သောအခါ အဖြူရောင် ဂျုံမှုန့် အပြည့်ဖြည့်ထားခြင်းကို မြင်တွေ့ရသည်။ ဂျုံ၏ ချိုမြသော မွှေးရနံ့က သူ့နှာခေါင်းစီ ပြန့်လွင့်လာသည်။
လှေကားအောက်ခြေနားမှာ ၅၀စင်တီမီတာ အမြင့်ရှိသော အဖြူရောင် အံ့ဆွဲဗီဒိုအသစ် ပေါ်လာသည်။ အံ့ဆွဲအတွင်းမှာ ဝက်သုံးထပ်သားများကို အစာသွပ်ပြင်ဆင်ရန် စနစ်တကျ အထပ်လိုက်စီထားသည်။
ယွမ်ကျိုးက သုံးထပ်သားကို သာမန်ကာလျှံကာ ယူကြည့်လိုက်ပြီး ထိပ်တန်းအရည်အသွေးမှန်း သိလိုက်သည်။ အသား နှင့် အဆီကို ၆လွှာစီ ခွဲခြားထားပြီး ဝက်ခေါက်ကိုလည်း သေချာအမွေးနုတ်သန့်စင်ထားသည်။
တစ်ချက်ကြည့်ရုံဖြင့် အစာစားချင်စိတ်ကို ဖြစ်ပေါ်စေသည်။
တခြားတစ်ဖက်တွင် ချင်းကုန်ကြမ်းဟု အမှတ်ပြုထားသော အံ့ဆွဲအတွင်းမှာ နေခြောက်လှန်းထားသော ချင်းအပိုင်းအစများ ရှိပြီး အံဆွဲ အပြည့်ဖြည့်ထားသည်။ ယင်းက ပူစပ်စပ်ရနံ့နှင့် ချိုမြမှုကို ပေးစွမ်းသည်။
ဟင်းအနှစ်ထဲ အရေးကြီးဆုံးသော ပါဝင်ပစ္စည်းက ဝက်ခေါက်ဖြစ်သည်။ ယင်းကို အေးခဲထားပြီး အရည်အသွေးမပျက်အောင် ကောင်းစွာ ထိန်းသိမ်းထားသည်။
မီးဖိုအပြင် ပေါင်းအိုး ပေါ်လာသည်။ ပေါင်အိုးအတွင်းဘက်တွင် ကြီးမားသော သံဒယ်အိုး နှင့် ထိပ်ဘက်တွင် ဝါးဖြင့် ဖုံးအုပ်ထားသည်။ အပေါ်အဖုံးက အစိမ်းရောင်ဖြစ်၍ ဝါး၏ လတ်ဆတ်သော ရနံ့ရသည်။
ပေါင်းခံတောင်းကလည်း ဖက်ထုပ်ပေါင်းရန် ထူးကဲစွာ ဖန်တီးထားသည်။
တစ်ခုချင်းစီက ၁၀စင်တီမီတာ အကျယ်ရှိပြီး ဝက်ရှောင်လုံပေါင်း တစ်လုံး ထည့်ရန် သင့်လျော်သည်။ ၎င်းခြင်းကိုလည်း ဝါးဖြင့်သာ ဖန်တီးထားသည်။
ယွမ်ကျိုးက ယောက်ချိုဖြင့် ဂျုံကို ခပ်ပြီး ကြီးမားသောခွက်ထဲ ထည့်သည်။ ထို့နောက် ဂျုံမှုန့်များကို အရင်ဆုံး ဇကာဖြင့် စစ်ယူပြီး ရေနွေး နှင့် ကြက်ဥကို ဂျုံမှုန့်ထဲ ရောထည့်ကာ မုန့်ညက် ပြုလုပ်သည်။
ဂျုံနယ်သော အလုပ်က အခက်ခဲဆုံး အလုပ်ဖြစ်သည်။ ယွမ်ကျိုးက စနစ်မှ ထူးကဲသော စွမ်းရည် နှင့် သင့်တင့်လျောက်ပတ်သော ခွန်အားရှိ၍ အကြွင်းအကျန် မရှိဘဲ ဂျုံမုန့်ညက်ကို အောင်မြင်စွာ နယ်နိုင်ခဲ့သည်။ ခဏကြာအောင် ဂျုံနယ်ပြီးနောက် မုန့်ညက်အပေါ် စိုစွတ်သော အဝတ်စ ဖုံးလွှမ်းပြီး ဘေးဘက်မှာ ထားလိုက်သည်။
ယွမ်ကျိုးက အစာသွပ်သော နည်းလမ်းကို အမှန်အကန် နားလည်သည်။ ပထမဦးဆုံး ဝက်သုံးထပ်သားကို အတုံးသေးသေးလေးဖြစ်အောင် လှီးပြီး နုပ်နုပ်စဉ်းရမည်။ ထို့နောက် ချင်းကို အလွန်သေးငယ်သော အပိုင်းအစဖြစ်သွားသည်အထိ ဖြတ်တောက်မည်။ ထို့နောက် အသားခုတ်ဓားဖြင့် နုပ်နုပ်စဉ်းထားသော ဝက်သား နှင့် ချင်းကို ညက်နေအောင် ရောစပ်မည်။
အရသာရှိသော အစာသွပ်အသားနှစ် ဖန်တီးခြင်း၏ အဓိကသော့ချက်က ဟင်းချက်အမွှေးအကြိုင် အားလုံး နှင့် နုပ်နုပ်စဉ်းထားသော အသားကို ဓားမ သုံး၍ ရောစပ်ရန် ဖြစ်သည်။ တခြားကိရိယာများ အသုံးမပြုသင့်ချေ။
ဟင်းခတ်အမွှေးကြိုင်များ တန်းစီထည့်ပြီး ဓားမဖြင့် ထပ်မံနုပ်နုပ်စဉ်းသည်။
ယွမ်ကျိုးက မိနစ်ပိုင်းခန့်ကြာအောင် အသားနုပ်နုပ်စဉ်းသည်။ ထို့နောက် အစာသွပ်မည့်ဟင်းအနှစ်ကို ကြီးမားသော ခွက်ထဲ ထည့်ပြီး အမြန်အေးခဲသွားအောင် ရေခဲသေတ္တာထဲ ထည့်သည်။ ရည်ရွယ်ချက်က ဟင်းအနှစ်ကို အစိုင်အခဲ ဖြစ်သွားစေရန် ဖြစ်၏။
မုန့်ညက် ပွလာစဉ် ယွမ်ကျိုးက အေးခဲထားသော ဝက်ခေါက်ကို ပါးပါးလှီးသည်။ ပွလာသော မုန့်ညက်ကို ရှည်မျောမျော နယ်ပြီး ဖြတ်တောက်သည်။
ထို့နောက် ယွမ်ကျိုးက ရှောင်လုံပေါင်း ဖန်တီးရန် မုန့်ညက်ကို ပုံသွင်းသည်။ ရှောင်လုံပေါင်း မုန့်ညက်ပုံသွင်းရာတွင် ပါးလွှာခြင်း၊ ပေါ့ပါးခြင်း၊ ကြည်လင်ခြင်း၊ အကြမ်းခံခြင်း အစရှိသော ခေါင်းရှုပ်စရာ အချက်ပေါများသည်။
သို့သော်လည်း ဤသည်ကား ယွမ်ကျိုးအတွက် ပြဿနာ မရှိပေ။ သူ့ကြိုးစားအားထုတ်မှုကြောင့် ရှောင်လုံပေါင်း တစ်ခုပြီး တစ်ခုပြီးသွားသည်။ သူက Cooking Master Boy ၏အဓိကဇာတ်လိုက်ကို အတုခိုးချင်၍ ပိုမြန်ဆန်အောင် ကြိုးစားသည်။
ရှောင်လုံပေါင်း၏ထိပ်ဘက်တွင် အခေါက်၃၆ခု ပုံဖော်သည်။ ဘယ်လက်တစ်ဖက်တည်းဖြင့် ဖန်တီးရန် မလွယ်ကူပေ။ ထို့ကြောင့် ယွမ်ကျိုးက လက်နှစ်ဖက်စလုံးကို တစ်ပြိုင်တည်း အသုံးပြုသည်။
ယွမ်ကျိုးက ရှောင်လုံပေါင်း အများကြီးကို မပြင်ဆင်ဘဲ ပေါင်းခံခြင်းတောင်း ပြည့်သွားလျှင် ရပ်တန့်လိုက်သည်။ ပြင်ဆင်ထားသော ပါဝင်ပစ္စည်းများ နှင့် ကွက်တိအနေအထား ရှိသည်။ အားလုံး အတိအကျ ပြောရလျှင် ရှောင်လုံပေါင်း စုစုပေါင်း အခု ၁၀၀ ရရှိသည်။
အပိုင်း(၂၅)
ပြီး၏။