← Chapters

အခန်း (၂၉)

Vol. 2 Ch. 29

အခန်း (၂၉)

Vol. 2 Ch. 29

ယွမ်ကျိုးက တံခါးစောင့်၏ဦးဆောင်မှုဖြင့် ဧည့်ကြိုကောင်တာသို့ သွားသည်။ ယွမ်ကျိုးက စားသောက်ဆိုင်သို့ သွားမည်ဟု ပြောကြားသောအခါ ဧည့်ကြိုဝန်ထမ်းက ဟိုတယ်၏လေးထပ်မြောက်တွင် ဖွင့်လှစ်ထားသော စားသောက်ဆိုင်သို့ ယွမ်ကျိုးအား ပို့ဆောင်ပေးရန် စားပွဲထိုးကောင်မလေးကို ထည့်ပေးလိုက်သည်။

"လူကြီးမင်း၊ ဒီလမ်းအတိုင်း ကြွပေးပါ" ကုတ်အင်္ကျီနှင့်အနီရောင်စကတ်ကို လိုက်ဖက်ညီစွာ ဝတ်ဆင်ထားသော စားပွဲထိုး‌ကောင်မလေးသည် ဓာတ်လှေကားသို့ ဦးဆောင်ခေါ်သွားသည်။

"ဒင်" ဓာတ်လှေကားခလုတ်ကို ဖိနှိပ်ပြီးနောက် စားပွဲထိုးကောင်မလေးသည် ယွမ်ကျိုး၏နောက်ဖက်သို့ ပြန်သွားသည်။ ဓာတ်လှေကားအတွင်းမှာ ဓာတ်လှေကားမောင်းနှင်သူ ရှိပြီး သတ်မှတ်ထားသော အလွှာသို့ ဧည့်သည်များကို ပို့ဆောင်ပေးသည်။ စားပွဲထိုးကောင်မလေးက စားသောက်ဆိုင်သို့ သွားမည်ဖြစ်ကြောင်း မောင်းနှင်သူသို့ ပြောသောအခါ တံခါးက ဖြေးဖြေးချင်း ပိတ်သွားသည်။ ကြယ်၃ပွင့်အဆင့် ဟိုတယ်၏ အသုံးအဆောင်ပစ္စည်းများနှင့် ဝန်ဆောင်မှုသည် ဟိုတယ်၏အဆင့်အတန်းနှင့် လိုက်ဖက်ညီသည်။ စားပွဲထိုး၏ဦးဆောင်မှုဖြင့် ယွမ်ကျိုးက စားသောက်ဆိုင်ထဲသို့ ဝင်ရောက်သွားသည်။ နေ့လည်(၁၂)နာရီ မရောက်သေးသောကြောင့် နေရာလပ်အများကြီး ကျန်နေသေးသည်။

"ကျွန်တော့်ကို ပြတင်းပေါက်နားက ထိုင်ခုံပေးပါ" ယွမ်ကျိုးက နေရာရွေးချယ်ပြီးနောက် စားပွဲထိုးမိန်းကလေးနောက်သို့ လိုက်ပါကာ သတ်မှတ်ထားသော ထိုင်ခုံတွင် ထိုင်လိုက်သည်။ အဝါရောင်စတုဂံစားပွဲခုံပေါ်တွင် ပန်းအိုးတစ်လုံးကို တင်ထားပြီး အဖြူရောင်စားပွဲခင်းကို ခင်းထားသည်။ ပန်းကန်ခွက်ယောက်များဖြစ်သော ပန်းကန်လုံး၊ပန်းကန်ပြား၊ရေခွက်နှင့် တူကို သေသပ်ကျနစွာ ခင်းကျင်းထားသည်။

စားသောက်ဆိုင်အတွင်းရှိ အခန်းအပူချိန်ကိုလည်း ပုံမှန်အခြေအနေဖြစ်အောင် ထိန်းညှိထားသည်။ စားသောက်ဆိုင်အထပ်မြင့်မှအောက်သို့ ငုံ့ကြည့်လိုက်လျှင် အရမ်းမမြင့်သော်လည်း လှပသည်ဟု ခံစားရမည့်အစား တစ်မျိုးတစ်မည် တွေးမိသည်။ ဤမြင်ကွင်းက ညဖက်တွင် လှပသော ရှုမျှော်ခင်းလေး ဖြစ်နိုင်သော်လည်း နေ့ခင်းဘက်တွင် အိမ်များကိုသာ မြင်တွေ့ရ၍ ထူးခြားမှု မရှိပေ။

"လူကြီးမင်း ဒါက ဒီဆိုင်ရဲ့မီနူးပါ" စားပွဲထိုး၂ယောက်က ယွမ်ကျိုးအနား ချဉ်းကပ်လာသည်။ တစ်ယောက်က လက်ကျန်ပန်းကန်ခွက်ယောက်များကို အမြန်သိမ်းဆည်းပြီး ကျန်တစ်ယောက်က ယွမ်ကျိုးအား မီနူးကတ် ပေးသည်။

"ဒီနေ့ အထူးဟင်းလျာက ဘာလဲ"

ယွမ်ကျိုးက ကြယ်၃ပွင့်အဆင့်ရှိသောဟိုတယ်မှ စားသောက်ဆိုင်မှာ ပထမဆုံးလာရောက်စားဖူးခြင်း ဖြစ်သည်။ ဤဟိုတယ်တွင် ၂နှစ်ခန့် အလုပ်လုပ်ခဲ့သော်လည်း ဟိုတယ်မှ ပေးသောအဆောင်တွင် မနေရ၍ မီးဖိုချောင်မှ လုပ်ဖော်ကိုင်ဖက်များကိုသာ မြင်တွေ့ဖူးသည်။ စားပွဲထိုးများနှင့် ခင်မင်ရင်းနှီးခြင်း မရှိပေ။ ဟင်းလျာနှင့်ပတ်သက်၍လည်း ယွမ်ကျိုးက မြည်းစမ်းဖူးခြင်းမရှိချေ။ မီးဖိုချောင်တွင် ချက်ပြုတ်ထားသော ဟင်းလျာကိုသာ မြင်တွေ့ဖူးသည်။ အထူးဟင်းလျာကို မှာယူခြင်းက အသင့်လျော်ဆုံး ဖြစ်လိမ့်မည်။

"ယနေ့ မွန်းလွဲပိုင်းအတွက် အထူးဟင်းလျာက ကျွန်တော်တို့ စားဖိုမှူးခေါင်းဆောင်ကိုယ်တိုင် ချက်ပြုတ်ထားတဲ့ လိပ်စွပ်ပြုတ်ပါ။ မြည်းစမ်းကြည့်ဖို့ တစ်ပွဲ မှာကြည့်ချင်သလား"

"ဟုတ်ကဲ့ တစ်ပွဲယူမယ်။ တခြား ဘာရှိသေးလဲ"

သို့သော်လည်း သူက စားဖိုမှူးခေါင်းဆောင် ချက်ထားသော စွပ်ပြုတ်ကို မသောက်ဖူးသကဲ့သို့ စားဖိုမှူးခေါင်းဆောင်ကိုလည်း မမြင်တွေ့ဖူးပေ။ မီးဖိုချောင်အကူအနေဖြင့် စားဖိုမှူးခေါင်းဆောင်ကို တွေ့ဆုံရန် အခွင့်အလမ်း နည်းပါးခဲ့သည်။

သို့တိုင် မီးဖိုချောင်အကူဟောင်း ယွမ်ကျိုး၏ အချက်အပြုတ်ကျွမ်းကျင်မှုက စားဖိုမှူးခေါင်းဆောင်ကို ကျော်လွန်သွားပါပြီ။

“ဒါက ဒီနေ့အတွက် စားဖိုမှူးခေါင်းဆောင်ရဲ့ အထူးဟင်းလျာပါ။ လူကြီးမင်းအနေနဲ့ အထူးဟင်းလျာတွေကို မြည်းစမ်းကြည့်ချင်လား”

ထိုသို့ပြောလိုက်စဉ် စားပွဲထိုးသည် မီနူးကတ်ထဲရှိ အထူးဟင်းလျာ စာမျက်နှာကို လှန်လိုက်သည်။

အထူးဟင်းလျာများ ပါဝင်သော စာမျက်နှာ ၃ မျက်နှာကို သေသေချာချာ ကြည့်ရှုပြီးနောက် ယွမ်ကျိုး ဆုံးဖြတ်လိုက်သည်။

“ဟင်းပွဲတစ်မျိုးချင်းစီကို တစ်ပွဲစီ ချပေးပါ။ အဓိက ဟင်းပွဲကတော့ ကြက်ဥထမင်းကြော်ပေးပါ”

ယွမ်ကျိုးက အထူးဟင်းလျာများ ရေးမှတ်ထားသော စာမျက်နှာ ၃မျက်နှာပါ ဟင်းပွဲအားလုံးကို မှာယူလိုက်၍ စားပွဲထိုး အံ့အားသင့်သွားသည်။ စားဖိုမှူးခေါင်းဆောင်၏ အကြံပြုထားသော အထူးဟင်းလျာ စုစုပေါင်း ၁၉ မျိုး ရှိသည်။ “လူကြီးမင်းက ဒီဆိုင်ကို တစ်ယောက်တည်းလာပြီး ဒီဟင်းပွဲတွေ အားလုံးကို မှာချင်တာ သေချာရဲ့လား”

"ကိစ္စမရှိပါဘူး။ ငါက အများကြီးစားတယ်။" ယွမ်ကျိုးက သူမှာထားသော ဟင်းပွဲအားလုံးကို မကုန်နိုင်သော်လည်း ယနေ့ ဤဆိုင်သို့ ရောက်လာရသည့် ရည်ရွယ်ချက်က ဟင်းပွဲအားလုံးကို မြည်းစမ်းကြည့်ရန် ဖြစ်သည်။ သူ ချက်ထားသော ဟင်းလျာများထက် အရသာ မရှိမှန်းသိသော်လည်း စားဖူးကြည့်ချင်သည်။

ကြယ်သုံးပွင့်အဆင့်ဟိုတယ်၏ စားသောက်ဆိုင်သို့ တကူတက လာခဲ့ရ၍ အကုန်လုံး မြည်းစမ်းကြည့်သင့်သည်။ ဟင်းတစ်ပွဲ နှစ်ပွဲခန့်သာ မှာယူလျှင် အိမ်ပြန်သွားပြီး သူ ကိုယ်တိုင် ချက်စားလိမ့်မည်။

"အိုကေ။ ခဏစောင့်ပါဦး"

ယွမ်ကျိုးက အထူးဟင်းပွဲအားလုံးကို မှာယူရန် စိတ်အားထက်သန်နေ၍ စားပွဲထိုးက မီးနူးကတ်ကို ယူဆောင်ကာ မီးဖိုချောင်သို့ ထွက်သွားခဲ့သည်။

ဟိုတယ်ကြီး၏ မီးဖိုချောင်တွင် မီးဖိုချောင်ဝန်ထမ်း အားလုံးကို သီးသန့် ပြတ်ပြတ်သားသား အလုပ်ခွဲဝေပေးထားသည်။ ထို့ကြောင့်လည်း ဟင်းပွဲတစ်ပွဲရရှိရန် ၇မိနစ်၊ ၈မိနစ်ခန့်မျှသာ ကြာသည်။

“လူကြီးမင်း၊ ဒါက စားဖိုမှူးခေါင်းဆောင်ရဲ့ လိပ်စွပ်ပြုတ်၊ ဖားသားပြုတ်၊ သိုးသားဟင်း…..” စားပွဲထိုးက ဟင်းပွဲများကို တစ်ပွဲချင်းစီ စားပွဲခုံပေါ် ခင်းကျင်းပေးပြီး အမည်ကို မိတ်ဆက်ပေးသည်။

ယွမ်ကျိုးက စားပွဲခုံပေါ်မှာ သူ အော်ဒါတင်ထားသော ဟင်းပွဲအားလုံး ပြည့်မည့်အချိန်အထိ တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။

“လူကြီးမင်း၊ မင်း မှာထားတဲ့ ဟင်းပွဲတွေ အားလုံး တည်ခင်း ပြီးပါပြီ။ ကျေးဇူးပြုပြီး သုံးဆောင်ပါ"

"ကျေးဇူးတင်ပါတယ်"

ယွမ်ကျိုးက ခေါင်းညိတ်ပြပြီး စားပွဲထိုးလေးကို ကျေးဇူးတင်စကား ပြောလိုက်သည်။ ထို့နောက် တူချောင်းများကို ယူကာ အရသာမြည်းစမ်းရန် ပြင်ဆင်သည်။

စနစ်ကို ပိုင်ဆိုင်ပြီးတည်းက ယွမ်ကျိုး၏ အာရုံငါးပါးသည် သာမန်လူတစ်ဦးနှင့် ယှဉ်လျှင် များစွာ သာလွန်သည်။ ထို့ကြောင့် ဟင်းလျာများကို အရသာ မြည်းစမ်းရန် သူ့အတွက် ပြဿနာ မရှိပေ။

ယွမ်ကျိုးက အထူးဟင်းလျာများကို ဂရုတစိုက် မြည်းစမ်းနေစဉ် သူ့စားသောက်ဆိုင် ပတ်ဝန်းကျင်က ဆူညံနေသည်။

နေသာသောနေ့တွင် ရုတ်တရက် မိုးကြိုးပစ်ချ သကဲ့သို့ ဖြစ်နေကြသည်။

ပထမဆုံး ဖောက်သည် နှုတ်ခမ်းမွှေးလူသား ဝူဟိုင်း က နေ့တိုင်းလိုလို အချိန်မှန်ရောက်လာတတ်သည်။ မနက် ၉နာရီ ၁၀မိနစ်ခန့် အချိန်တွင် ဆိုင်တံခါးဝသို့ ရောက်သည်။

ဆိုင်တံခါးပေါက်နားတွင် တိတ်ဆိတ်ငြိမ်သက်နေသည်။ ပိတ်ထားသော တံခါးအရှေ့မှာ စာရွက်အဖြူတစ်ရွက်ကလွဲ၍ ဘာဆိုဘာမှ မမြင်တွေ့ရပေ။

“အရေးတကြီး ကိစ္စရှိလို့ အပြင်ထွက်သွားတယ်။ ညဘက်မှ ဆိုင်ပြန်ဖွင့်မယ်” ဟု ရေးသားထားသည်။

"ညမှဆိုင်ဖွင့်မှာလား။ နေ့လယ်မဖွင့်ဘူးလား။ ဒီလိုမျိုး မဖြစ်သင့်ဘူးလေ။ နေ့လည်ပိုင်းက စီးပွားရေး ပိုကောင်းတာကိုး"

ဝူဟိုင်းက သူ့ကိုယ်သူ ရေရွတ်နေရင်း မနက်စာ မစားဘဲ သူ့အိမ်ကို ပြန်သွားသည်။ အရသာရှိသော ကြက်ဥထမင်းကြော်ကို မြည်းစမ်းပြီးနောက် သာမန် ဖက်ထုပ်နှင့် ပေါင်မုန့်ကို မည်သူက စားနိုင်မည်နည်း။ သူ့ဘဏ္ဍာရေးအခြေအနေက အဆင်ပြေနေ၍ ပိုအရသာရှိသော အစားအသောက်ကို ရွေးချယ် စားသောက်မည်။

မနက်စား စားရန် ရောက်လာသူအားလုံးကလည်း ဆိုင်ရှေ့ကပ်ထားသော စာရွက်တစ်ရွက်ကို တွေ့သည်။ သို့တိုင် နေ့လည်ခင်းတွင် ဆိုင်ပြန်ဖွင့်လိမ့်မည်ဟု ထင်နေကြသည်။

အချိန်ကုန် မြန်သောကြောင့် နေ့လည်ခင်း ရောက်သွားသည်။ နေ့လည်ခင်း ထမင်းစား နားချိန်တွင် ပုံမှတ် ဖောက်သည်များသည် ယွမ်ကျိုး၏ စားသောက်ဆိုင်သို့ ရောက်လာသည်။ ဆိုင်ပိတ်ထားသောကြောင့် ဆိုင်ပတ်ဝန်းကျင်တွင် စားသုံးသူများ ပြည့်နေသည်။ အားလုံးက တစ်ပြိုင်နက် ညည်းညူ အော်ဟစ်ကြသည်။ အခြေအနေကို နားမလည်သူများက အုပ်စုဖွဲ့ ရန်ဖြစ်ကြသည်။

"စားသောက်ဆိုင်က ဘာသဘောလဲဟာ။ နေ့ခင်းဘက် ရောက်တာတောင် ဆိုင်မဖွင့်သေးဘူးလား။ ခဏနေရင် အလုပ်ပြန်သွားရတော့မယ်"

ဗိုက်ရွှဲနေသော အမျိုးသားက သူ့နာရီကိုကြည့်ကာ ဆာလောင်နေသော ဗိုက်ကို ပွတ်သပ်လျက် ညည်းညူ ပြောဆိုသည်။

"စာရွက်မှာ ရေးထားတဲ့ စာကို မမြင်ဘူးလား။ ညဘက်မှ ဆိုင်ပြန်ဖွင့်မယ်တဲ့”

သူ့ဘေးနားက လူကလည်း ပြန်ပြောသည်။

အပိုင်း(၂၉)

ပြီးပါပြီ။

All Chapters