← Chapters

အခန်း (၃၀)

Vol. 2 Ch. 30

အခန်း (၃၀)

Vol. 2 Ch. 30

“သူဌေးယွမ်က ဘယ်လို အရေးပေါ်ကိစ္စမျိုးပေါ်လို့ နေ့လည်ခင်းအထိ ဆိုင်ပိတ်လိုက်တာလဲ”

ရုံးဝတ်စုံနှင့် လူငယ်က သေချာပိတ်ထားသော တံခါးကို စိတ်အားထက်သန်စွာ ငေးကြည့်နေစဉ် ဝူဟိုင်းကို မေးလိုက်သည်။

“ငါဘယ်သိပါ့မလဲ။ ငါတောင် မနက်စာ မစားလိုက်ရဘူး”

ဟင်းလျာအသစ်ကို မြည်းစမ်းနိုင်သော အသိပေးစာကို မြင်သောအခါ ဝူဟိုင်း မခံမရပ်နိုင် ဒေါသထွက်မိသည်။ ပုံမှန် သိမ်မွေ့သောအမူအရာက လုံးဝ ပျောက်ကွယ်သွား၍ စိတ်ဆတ်သော အမူအရာ အစားထိုးသွားသည်။

“ခင်ဗျားက ဒီနားတစ်ဝိုက်မှာ နေတာ မဟုတ်ဘူးလား။ ဒါကြောင့်မို့ ခင်ဗျားကို မေးရတာပါ”

လူငယ်က ဝူဟိုင်း၏အမူအရာကို သတိထားမိသည်။

“ဆိုင်နဲ့ အရမ်းအနီးဆုံးမှာ နေပေမဲ့ မနက်စာတောင် မစားခဲ့ရဘူးလေ”

ဆာလောင်ခြင်းက လူ့စိတ်သဘောထားကို ပြောင်းလဲစေသည်။ ထိုစကားများကို ပြောပြီးနောက် ဝူဟိုင်းက စိတ်ပျက်အားလျော့စွာ လှည့်ထွက်သွားသည်။

တခြားသူများက ယွမ်ကျိုးကို မကျေမနပ် ပြောဆိုနေစဉ် အဘိုးအိုကြီးက အချိန်အတော်ကြာအောင် စောင့်ဆိုင်းပြီးနောက် လက်လျှော့လိုက်သည်။ သူ့မိန်းမက အဆာမလွန်စေချင်ပေ။ ထို့ကြောင့် သူက ကြားဝင် ပြောဆိုလိုက်သည်။

“အားလုံးပဲ ပြန်သင့်ပြီ။ လူငယ်လေးက နေ့လည်ခင်းမှာ ဆိုင်မဖွင့်လောက်ဘူး”

အဘိုးအိုကြီး ပြောသော စကားလုံးများက လူတိုင်း သိထားပြီသား အခြေအနေဖြစ်သည်။ စာရွက်ပေါ်တွင်လည်း နေ့လည်ခင်း ဆိုင်မဖွင့်နိုင်ကြောင်း အသိပေးထားသည်။ လျှို့ဝှက်ဆန်းကြယ်သော ဖြစ်ရပ်လေးများ ကြုံအောင် မျှော်လင့်ချက်ကို မစွန့်လွှတ်ခြင်း ဖြစ်သည်။

လူအုပ်စုကြီးက တဖြည်းဖြည်းချင်း လူစုကွဲသွားသည်။ အများစုက ခပ်လှမ်းလှမ်း လမ်းလျှောက်သွားစဉ် မကျေမနပ် ပြောဆိုသည်။

“ဒီလောက် တိုးတက်ကြီးပွားနေတဲ့ စီးပွားရေးကို ဒီလိုသာမန်စကားလုံးလေးနဲ့ ပစ်ပယ်လိုက်တာလား။ သူဌေးရဲ့အတွေးကို ဘုရားသခင်ပဲ သိလိမ့်မယ်”

သက်လတ်ပိုင်းအမျိုးသားက ဆိုင်းဘုတ်မရှိသော စားသောက်ဆိုင်လေးကို ငေးမောကြည့်ကာ စကားပြောသည်။

တခြားသူများကလည်း ချက်ချင်း တစ်ယောက်တစ်ခွန်း ပြောကြသည်။

“ပစ်ပယ်တယ်ဆိုတာ ဘာသဘောလဲ။ ညဘက် ဆိုင်ဖွင့်မှာပဲလေ။ ကြောက်စရာကောင်းတဲ့ စကားတွေ မပြောစမ်းနဲ့”

“ဟုတ်တယ်။ မင်း ပြောတာ အမှန်ပဲ”

“တခြားစားသောက်ဆိုင်ရှိရင် ထွက်သွားတာ ကြာပြီ။ စားသုံးသူကို အမြဲဦးစားပေးသင့်တာလေ။ ဒါပေမဲ့ ဒီဆိုင်က ကြက်ဥထမင်းကြော်ကို မစားရ မနေနိုင်ဘူး”

“ငါလည်း လက်ခံတယ်။ သူဌေးရဲ့ဟင်းချက်စွမ်းရည်က အရမ်းကောင်းမွန်တယ်။ အခုတော့ တခြားဆိုင်က ကြက်ဥထမင်းကြော်ကို ဝက်စာလို့တောင် ထင်နေမိပြီ”

“ငါ့ဘဝ ဆက်လက်ရှင်သန်ဖို့ သူဌေးယွမ်ကိုပဲ အားကိုးရတော့မယ်။ သူ အစားအသောက်တွေကို မစားဘဲ မနေနိုင်ဘူး”

လူအုပ်စုကြီး တစ်ယောက်နှင့် တစ်ယောက် ရင်ဖွင့်ကာ တဖြည်းဖြည်းချင်း လူစုခွဲကြသည်။

အဝတ်အခြောက်လျှော်ဆိုင်မှ သူဌေးထုံက သူ့အနီးအနား ပတ်ဝန်းကျင်က လူအုပ်စုကြီးကို ငေးကြည့်ကာ ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်သည်။

“ယွမ်ကျိုးရဲ့ဟင်းချက်စွမ်းရည်က အရမ်းကောင်းမွန်မယ်လို့ မထင်ထားဘူး။ အချိန်တိုအတွင်း ရေရှည်ဖောက်သည် အများကြီး ရှိတာ အံ့ဩစရာပဲ”

သို့သော်လည်း သူဌေးထုံက အရသာ မြည်းစမ်းကြည့်ရန် မတွေးဖူးပေ။ ယွမ်ကျိုး၏ အိမ်နီးချင်းအနေဖြင့် ယွမ်ကျိုး၏ စားသောက်ဆိုင်ကို အားပေးရန် သွားခဲ့စဥ်က ဈေးနှုန်းကို လန့်ဖျပ်ပြီး မမှာယူခဲ့ပေ။

ထိုစဥ်က ယွမ်ကျိုးကို ရူးများ ရူးနေလားဟုပင် ထင်မိသည်။ မည်သူက ကြက်ဥထမင်းကြော်အတွက် ယွမ်၂၀၀ကို ဖြုန်းတီးမည်နည်း။ ဆိုင်စဖွင့်သော ပထမ ၂ရက်အတွင်း စားသောက်ဆိုင်က စားသုံးသူ ကင်းမဲ့ခဲ့သည်။ သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ စားသုံးသူ ပိုများလာသည်။ ယနေ့ခေတ်တွင် ပိုက်ဆံရှိသော ငတုံးငအများ ပေါများလာသည်ဟုပင် ထင်မိသည်။

ယခုအခြေအနေကို အကဲဖြတ်ရုံဖြင့် စားသောက်ဆိုင်သို့ လာရောက်သော ဖောက်သည်အားလုံးက ယွမ်ကျိုး၏ ဟင်းချက်စွမ်းရည်ကြောင့်မှန်း သဘောပေါက်သွားသည်။

“တစ်နေ့တော့ ယွမ်၂၀၀တန်တဲ့ ကြက်ဥထမင်းကြော်ကို စမ်းစားကြည့်ဦးမယ်”

သူဌေးထုံက ရေရွတ်သည်။

စားသောက်ဆိုင်၏ ချစ်လှစွာသော စားဖိုမှူးကြီး ယွမ်ကျိုးက သူ့ဆိုင်ရှေ့က အဖြစ်အပျက်ကို မသိဘဲ ဟိုတယ်အစားအသောက်များဖြင့် မွေ့လျော်နေသည်။ အပြင်ဘက် စားသောက်ဆိုင်များထက် နှစ်ဆ ဈေးများသော ဟင်းပွဲများကို နည်းနည်းချင်း စားကြည့်နေသည်။

“ဖားပြုပ်ဟင်းက အကျက်လွန်နေတယ်။ အရသာကလည်း လွန်ကဲနေတယ်”

ယွမ်ကျိုးက ဖားပြုတ်ဟင်းကို မြည်းကြည့်ပြီးနောက် မှတ်ချက်ပြုသည်။

“အမဲသားဟင်းက ကိုက်ရတာ မာတယ်”

“ကြက်ဥကို မွှေးနေအောင် သေချာမကြော်ထားဘူး”

ယွမ်ကျိုးက ဟင်းလျာ တစ်ပွဲချင်းစီကို မြည်းစမ်းပြီး မှတ်ချက်ပေးသည်။ နောက်ဆုံးမှ စားဖိုမှူးခေါင်းဆောင် ချက်ထားသော လိပ်စွပ်ပြုတ်ကို စားသည်။

ကြာပွင့်ပုံစံခွက်ဖြင့် အလှဆင်ထားသည်။ စွပ်ပြုတ်က နှင်းကဲ့သို့ ဖြူဖွေးသော အဆင်းရှိပြီး မျက်နှာပြင်ပေါ်တွင် အဆီလွန်ကဲသော ပုံစံကို မမြင်တွေ့ရပေ။ စွပ်ပြုတ်က ညီးနံ့ ကင်းဝေးပြီး ကြက်သွန်မြိတ်များ ထည့်ပေးထားသည်။ ယွမ်ကျိုး မွှေလိုက်သောအခါ စွပ်ပြုတ် ပန်းကန် အောက်ခြေမှ လိပ်ပေါ်လာသည်။

“အတော်အတန် အရသာရှိမယ့်ပုံပဲ”

ယွမ်ကျိုးက သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး စွပ်ပြုတ်ကို ခပ်ကာ သောက်ကြည့်သည်။

တစ်ငုံစာ စွပ်ပြုတ်ကို သောက်ကြည့်ပြီးနောက် ယွမ်ကျိုးက သူ့ချက်ထားသော ဟင်းလျာကိုသာ စားကြည့်လျှင် ပိုကောင်းမည်ဟု ခံစားရသည်။ စွပ်ပြုတ်အရသာက မဆိုးရွားသော်လည်း သူ့အရသာခံအာရုံအတွက် စွပ်ပြုတ်အရသာက ထူးဆန်းနေပြီး လက်သင့်မခံခြင်း ဖြစ်သည်။ သန့်စင်ထားသော ရေနှင့် ကြက်သွန်မြိတ်၏ မြေရနံ့ကို မနှစ်မြို့ခြင်း ဖြစ်သည်။

စားပွဲပေါ်ရှိ ဟင်းလျာအားလုံးကို အရသာမြည်းစမ်း ကြည့်ပြီးနောက် စနစ်မှ ထောက်ပံ့ထားသော ပါဝင်ပစ္စည်းများက အကောင်းဆုံးမှန်း ယွမ်ကျိုး သိလိုက်သည်။

ယွမ်ကျိုးက ဟင်းပွဲတိုင်း၏ တစ်ဇွန်းခန့်သာ အရသာမြည်းစမ်းသော်လည်း သူ့နှုတ်ခမ်းထောင့်က မဲ့ရွဲသွားသည်။

“ဒီလိုအရသာမှန်း စောစောတည်းကသိရင် ဟင်းပွဲအများကြီး မမှာခဲ့ပါဘူး။ အလဟဿ ဖြစ်သွားပြီ”

ဆာလောင်ငတ်မွတ်နေသော အာဖရိကမှ ကလေးများ အကြောင်းကို တွေးမိသောအခါ အလဟဿ ဖြုန်းတီးမိသော သူ့ကိုယ်သူ ယွမ်ကျိုး အပြစ်တင်မိသည်။ တကယ်တမ်း ဤသည်ကား အကြောင်းပြချက် သက်သက်ဖြစ်သည်။ ယွမ်ကျိုးက ငွေဖြုန်းမိ၍ ခေါင်းကိုက်နေသည်။

ငါးမိနစ်ခန့်ကြာပြီးနောက် ယွမ်ကျိုးက တည်ငြိမ်စွာဖြင့် စားပွဲထိုးကို ခေါ်လိုက်သည်။

“ငွေရှင်းမယ် ဖြတ်ပိုင်းပေးပါ”

“ဟယ်လို လူကြီးမင်း၊ စုစုပေါင်း ကျသင့်ငွေက၂၉၈၆ယွမ်ပါ။ ငွေသားနဲ့လား ဘဏ်ကတ်လား”

စားပွဲထိုးက စားပွဲပေါ်မှ မတို့ထိရသေးသော ဟင်းပွဲများကို တစ်ချက်ကြည့်ကာ တည်ငြိမ်သော အမူအရာဖြင့် ငွေဖြတ်ပိုင်းပေးသည်။

သူ့ပိုက်ဆံအိတ်ထဲမှ ယွမ်၁၀၀ ငွေသားအထပ်လိုက်ကို တွေးမိသောအခါ ယွမ်ကျိုးက ရွှင်မြူးစွာဖြင့် ပြန်ဖြေသည်။

“ငွေသား”

“ဟုတ်ကဲ့။ ဒီဘက်လမ်းအတိုင်း ကြွပေးပါ။ ငွေရှင်းကောင်တာက ဟိုနားမှာပါ”

စားပွဲထိုးက ယွမ်ကျိုးကို ငွေရှင်းကောင်တာသို့ ဦးဆောင်ခေါ်သွားသည်။

ယွမ်ကျိုးက သူ့အိတ်ကို လွယ်လင့်တကူ ထုတ်လိုက်ပြီး ယွမ်၃၀၀၀ ထုတ်ပေးလိုက်သည်။ ထို့နောက် သူက ပြန်အမ်းငွေ ၁၄ယွမ်ကို ပူပင်ကြောင့်ကြမှု ကင်းမဲ့စွာ ဟိုတယ်မှာ ချန်ထားခဲ့စဥ် စားပွဲထိုးများက ဟင်းပွဲများကို သိမ်းဆည်းပြီး စားပွဲထိုးခေါင်းဆောင်စီ ပို့ပေးသည်။

"ကြည့်စမ်းပါဦး။ စားသုံးသူက အထူးဟင်းလျာ အများကြီးကို မှာခဲ့ပြီး အများကြီးတောင် မစားသွားဘူး" စားပွဲထိုးက ထိပင်မထိသွားသော ဟင်းပွဲများကို လက်ညိုးထိုးပြသည်။

"ဟင်းလျာစာရင်းတွေကို မှတ်တမ်းယူပြီး ငါ့ကို ပေး။ ဒီကိစ္စကို အထက်လူကြီးစီ တင်ပြရမယ်"

စားပွဲထိုး ခေါင်းဆောင်က လိုအပ်သည့် အချက်ကို ညွှန်ကြားသည်။

သူ့လက်အောက်တွင် လက်အောက်ငယ်သား များစွာ ရှိသောကြောင့် မီးဖိုချောင်ထဲသို့ ဟင်းလျာများ သယ်ဆောင်ရန် မခက်ခဲပေ။

ဟင်းပွဲစာရင်း ရယူရန် သိပ်အချိန်မယူရပေ။ ထို့ကြောင့် ဟင်းပွဲစာရင်းကို တာဝန်ကျ မန်နေဂျာထံ အပ်နှံခဲ့သည်။ မီးဖိုချောင်နှင့် ဆက်နွှယ်သော ကိစ္စရပ်ဖြစ်သောကြောင့် စီမံခန့်ခွဲရေးဌာသို့ လွှဲပြောင်းပေးသည်။

နောက်ဆုံးတွင်မူ ‌စားဖိုမှူးခေါင်းဆောင်ကို မန်နေဂျာ၏ရုံးခန်းသို့ ဆင့်ခေါ်လိုက်သည်။

"စားဖိုမှူးလျောင်။ အဲဒီလူက အစားအသောက်တွေကို ဝေဖန်တဲ့သူလို့ ထင်လား"

စားဖိုမှူးခေါင်းဆောင်က အခန်းထဲ ဝင်ရောက်လာစဉ် အထွေထွေ မန်နေဂျာက စောင့်ကြည့်ကင်မရာ ဖန်သားပြင်ကို ညွှန်ပြကာ မေးမြန်းလိုက်သည်။

စားဖိုမှူးခေါင်းဆောင်၏မျိုးရိုးနာမည်က လျောင်ဖြစ်သည်။ သူက တခြားသောစားဖိုမှူးများ ကဲ့သို့ ဗိုက်ရွှဲ ဝတုတ် မဟုတ်ဘဲ စိတ်အားထက်သန်ပြီး အမြင်စူးရှသော သက်လတ်ပိုင်း အမျိုးသား ဖြစ်သည်။ သူက အခန်းထဲ လမ်းလျှောက်ဝင်လာပြီး ဖန်သားပြင်ကို ကြည့်လိုက်သည်။

"သူ့ ရုပ်ရည် နဲ့ ဝတ်ပုံစားပုံကို ကြည့်ရသလောက်တော့ ဝေဖန်ရေးသမားနဲ့ မတူဘူး။ ဒါပေမဲ့ သေချာ မသိဘူး။ အရသာမြည်းစမ်းဖို့ တစ်ယောက်ယောက် လာတယ်ဆိုတဲ့ သတင်းကြားလို့လား"

ဖန်သားပြင်ပေါ်တွင် ယွမ်ကျိုးက ရိုးရှင်းသော တီရှပ် နှင့် ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားသည်။

သို့သော်လည်း ဟင်းပွဲများကို မြည်းစမ်းနေသောအမူအရာက အစားအသောက်ဝေဖန်ရေးသမားနှင့် တူနေသည်။ ထို့ကြောင့် တိကျသော ဆုံးဖြတ်ချက်ကို မချမှတ်နိုင်ပေ။ အထွေထွေမန်နေဂျာက စားဖိုမှူးခေါင်းဆောင်ကို ငေးစိုက်ကြည့်ကာ ဖန်သားပြင်ကို နောက်တစ်ကြိမ် ကြည့်သည်။ ဖန်သားပြင်မှ အသုံးဝင်သောအချက်အလက်များကို မရရှိသောကြောင့် စားဖိုမှူးခေါင်းဆောင်ဖက်လှည့်ကာ စကားပြောသည်။

"ဒီလို ဆုံးဖြတ်ကြမယ်။ ဒီရက်ပိုင်းအတွင်း အလွန့်ကို အရသာရှိတဲ့ဟင်းလျာတချို့ကို ချက်ပြုတ်ထား။ ငါတို့ဟင်းလျာနဲ့ပတ်သက်တဲ့မဂ္ဂဇင်းထွက်လာမလား စောင့်ကြည့်ကြမယ်"

"ကိစ္စမရှိပါဘူး" စားဖိုမှူးခေါင်းဆောင်က သဘောတူလိုက်သည်။ လူငယ်လေးက သူချက်ပြုတ်ထားသော လိပ်စွပ်ပြုတ်ကို မြည်းစမ်းကြည့်ပြီးနောက် မကျေမနပ်သော အမူအရာကို မြင်တွေ့ရ၍ သူလည်း မကျေနပ်ပေ။ သူ့ဟင်းချက်စွမ်းရည်ကို လွန်စွာ ယုံကြည်ထားသည်။ ကြယ်၃ပွင့်အဆင့်ရှိသောဟိုတယ်၏ စားသောက်ဆိုင်သို့ သွားရောက်လည်ပတ်ခဲ့သောခရီးစဉ်ကြောင့် ဟိုတယ်အတွင်း ကြီးမားသော ပြဿနာရပ်ကြုံတွေ့လိမ့်မည်ဟု ယွမ်ကျိုး မမျှော်လင့်ခဲ့ပေ။ သူက ဟိုတယ်ထွက်ပေါက်မှ အပြင်ဘက်သို့ ထွက်ပြီး တံခါးစောင့်ခေါ်ပေးထားသော တက္ကစီပေါ် တက်လိုက်သည်။

"ဘယ်သွားမှာလဲ" ဒရိုင်ဘာက မေးမြန်းသည်။

"ထောင်ရှီးလမ်း အိမ်နံပါတ် ၁၄" ထိုစကားကို ပြောပြီးနောက် ယွမ်ကျိုးက မျက်လွှာချကာ အနားယူလိုက်သည်။ ကားက ပုံမှန်နှုန်းအတိုင်း မောင်းနှင်နေသည်။ ဒရိုင်ဘာက လမ်းကြောင်းရှည်အတိုင်း မောင်းနှင်၍ လှည့်စားသောလုပ်ရပ်မျိုး မလုပ်ဆောင်ခဲ့ပေ။ ယွမ်ကျိုး သွားလိုသော နေရာသို့ တည့်တည့်မတ်မတ် ပို့ဆောင်ပေးသည်။ တက္ကစီခကို ပေးဆောင်ပြီးနောက် နောက်ဖက်တံခါးမှ တဆင့် စားသောက်ဆိုင်ထဲသို့ ဝင်လိုက်သည်။

နှုတ်ခမ်းမွှေးနှင့်အမျိုးသား ဝူဟိုင်းက ယွမ်ကျိုး၏စားသောက်ဆိုင်ဝင်ပေါက်ကို မျက်ချေမပြတ် စောင့်ကြည့်နေသည်။ ယွမ်ကျိုး၏စားသောက်ဆိုင်ကို ညနေဖက်အထိ ပိတ်ထားရသည့်အကြောင်းအရင်းကို မေးမြန်းချင်သည့် ရည်ရွယ်ချက်ရှိသည်။ တစ်နေ့လုံး အစာမစားရခြင်းက သူ့အတွက် ပြဿနာမရှိပေ။ ယခင်က အလုပ်ရှုပ်သောအခါ တစ်နေ့လုံး အစားမစားဘဲ နေတတ်သော အကျင့်ရှိသည်။ သို့သော်လည်း တစ်နေ့ ထမင်းသုံးနပ်ကို စားသုံးလေ့ရှိသော အလေ့အကျင့် ရရှိသွားခြင်းက ယွမ်ကျိုးချက်ပြုတ်သောဟင်းလျာများကို နှစ်ခြိုက်သောကြောင့် ဖြစ်သည်။

အိမ်သို့ ပြန်ရောက်ပြီးနောက် Laptopအဟောင်းနှင့် မိုဘိုင်းဖုန်းကို သိမ်းဆည်းလိုက်ပြီး အသစ်ဝယ်ယူလာသော Laptopနှင့်မိုဘိုင်းဖုန်းကို စားပွဲခုံပေါ် တင်လိုက်သည်။ ယွမ်ကျိုးက နေ့လည်ဖက် တစ်ရေးမအိပ်ဘဲ ဂိမ်းဆော့လိုက်သည်။ ညနေ ၄နာရီအထိ ဂိမ်းဆော့သည့်တိုင် တစ်ပွဲမှ မနိုင်ခဲ့ချေ။ ထို့နောက် အောက်ထပ်သို့ ဆင်းလိုက်ပြီး စားသောက်ဆိုင် ဖွင့်ရန် ပြင်ဆင်သည်။ တကယ်တမ်း သူ့ကို စောင့်ကြိုနေသော နှစ်လိုဖွယ်ကောင်းသောလက်ဆောင်ရှိသည်။

အပိုင်း(၃ဝ)

ပြီးပါပြီ။

All Chapters