အခန်း (၂၃၃)
Vol. 23 Ch. 233
ယွင်ရှန်းသည် ဘေးမှကြည့်ရင်း သူမကိုယ်သူမ လူကောင်းများကို အဓမ္မပြည့်တန်ဆာလုပ်ခိုင်းနေသလို သို့မဟုတ် ရိုးသားသူများကို ဓားပြအဖြစ် အသွင်ပြောင်းနေသလိုမျိုး ခံစားနေရသော်လည်း အနည်းဆုံးတော့ သူမ၏ ရည်မှန်းချက် အောင်မြင်သွားခဲ့ပြီဖြစ်သည်။
"ခဏလောက် စောင့်ကြပါဦး။ ယန်မိသားစုစစ်တပ်ကို သားရဲအမဲလိုက်တပ်ဖွဲ့အဖြစ် ပြောင်းလဲမှာ မှန်သလို ကျွန်မဦးလေးက တပ်မှူးဖြစ်မှာလည်း မှန်ပါတယ်။ ဒါပေမဲ့ လူတိုင်းကတော့ သားရဲအမဲလိုက်စစ်သည် ဖြစ်လာနိုင်မှာ မဟုတ်ဘူး။ ကျွန်မတို့က အရည်အချင်းအပေါ် မူတည်ပြီး လူရွေးချယ်ပွဲ လုပ်သွားမှာပါ။ အခြေခံသတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့သူတွေပဲ အသစ်ဖွဲ့စည်းမယ့် တပ်ဖွဲ့ထဲကို ဝင်ခွင့်ရမှာပါ"
ယွင်ရှန်း၏ စကားကြောင့် ငြိမ်သက်သွားသော စစ်သည်များမှာ တစ်ဖန် ပြန်လည်ဆူပူလာကြပြန်သည်။
"ငါတို့ ယန်မိသားစုစစ်တပ်ထဲမှာ လာပြီး လေပေါနေတဲ့ ဒီကလေးမလေးက ဘယ်ကလဲဟ။ ငါတို့ စစ်မြေပြင်မှာ အသက်နဲ့ရင်းပြီး တိုက်ပွဲဝင်နေတုန်းက နင်က ရွှံ့ကစားနေတုန်းပဲ ရှိဦးမယ်"
စစ်သည်အချို့က ဆဲဆိုကြသဖြင့် ဘေးရှိ ကျိုးချွမ်မှာ စိုးရိမ်တကြီးဖြင့် ခေါင်းကုတ်နေမိသည်။
ယွင်ရှန်းက ယန်ချန်းလန်ကို "ဒုတိယဦးလေး" ဟု ခေါ်ဆိုနေ၍သာ တော်တော့သည်။ မဟုတ်လျှင် ဤကြမ်းတမ်းသော အမျိုးသားများသည် ဘယ်လိုသော ရိုင်းစိုင်းသည့် ပြက်လုံးများ ထုတ်ကြမည်ကို မသိနိုင်ပေ။ ကျိုးချွမ်ကတော့ နားထောင်ရင်း ကြက်သီးများပင် ထနေမိသည်။ ဤလူမိုက်များသည် ယန်မိသားစုမှ ဤမိစ္ဆာမလေး မည်မျှအထိ ကြောက်စရာကောင်းသည်ကို လုံးဝမသိကြသေးပေ။
"ရှင်တို့ မကျေနပ်ဘူးဆိုတာ ကျွန်မသိပါတယ်။ ပြောဖို့မေ့သွားလို့... ကျွန်မဦးလေးက တပ်မှူးဖြစ်ပြီး ကျွန်မကတော့ ဒုတိယတပ်မှူးဖြစ်မှာပါ။ မကျေနပ်တဲ့သူရှိရင် ထွက်လာပြီး ယှဉ်ပြိုင်
နိုင်တယ်။ ပြိုင်ဘက်ကတော့ ဟွမ်ချွဲပဲ။ ပြောဖို့မေ့သွားပြန်ပြီ... သူမက ကျွန်မတို့တပ်ဖွဲ့ရဲ့ ပထမဆုံးသော အမျိုးသမီးစစ်သည်တော်ပဲ"
ယွင်ရှန်းက ဟွမ်ချွဲကို လူပုံအလယ်သို့ ထုတ်ပြလိုက်သည်။
ဟွမ်ချွဲ ဟုတ်လား။
ဟွမ်ရှောင်ဝေရဲ့ သမီးလေး မဟုတ်ဘူးလား။
ဒီလို နုနုနယ်နယ် မိန်းကလေးက ဘယ်လိုလုပ် သားရဲအမဲလိုက်စစ်သည် ဖြစ်နိုင်မှာလဲ။
စစ်သည်များမှာ ချက်ချင်းပင် စိတ်ဓာတ်များ ပြန်လည်တက်ကြွလာကြသည်။ ဟွမ်ချွဲတောင် ဖြစ်နိုင်ရင် သူတို့လို စစ်မြေပြင်တွင် ရန်သူများကို သတ်ဖြတ်ခဲ့ဖူးသည့် ဝါရင့်စစ်သည်များအတွက် ဘာပူစရာရှိတာလဲ။
"ဒါဆိုလည်း ပြိုင်ကြတာပေါ့။ နိုင်တဲ့သူက အနိုင်ပဲ မဟုတ်လား"
အသားညိုညိုနှင့် ကိုယ်လုံးကိုယ်ပေါက် ထွားကြိုင်းသော စစ်သည်အချို့ ရှေ့သို့ တိုးထွက်လာကြသည်။
"ကျွန်မ ရှင်တို့ကို ရွေးချယ်စရာ နှစ်ခုပေးမယ်။ ပထမတစ်ခုက အလေးမ၍ မြင်းစီးဟန်ဖြင့် ရပ်ခြင်းပဲ။ ဟွမ်ချွဲထက် ပိုကြာကြာ ခံနိုင်တဲ့သူက တိုက်ရိုက် သားရဲအမဲလိုက်စစ်သည် ဖြစ်ခွင့်ရမယ်။ ဒုတိယတစ်ခုကတော့ အရိုးတွင်းခြင်ဆီ ဆေးကြောသန့်စင်ခြင်းပဲ။ ကျွန်မဆီမှာ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို မြှင့်တင်ပေးနိုင်တဲ့ ထူးခြားတဲ့ သားရဲသွေးဖျော်ရည်ရှိတယ်။ အဲ့ဒီဆေးရည်နဲ့ အရိုးသန့်စင်ခြင်းကို အောင်မြင်အောင် ခံနိုင်ရည်ရှိတဲ့သူတွေလည်း တပ်ဖွဲ့ထဲမှာ ဆက်နေခွင့်ရမယ်"
ယွင်ရှန်းသည် စကားအနည်းငယ်ဖြင့်ပင် တပ်ဖွဲ့သစ်၏ လူရွေးချယ်ပုံ စည်းမျဉ်းများကို ရှင်းလင်းစွာ ချပြလိုက်သည်။
ရွေးချယ်စရာအားလုံးထဲတွင် အရိုးရှင်းဆုံးဖြစ်မည်ဟု လူတိုင်းထင်မှတ်ထားသည်မှာ ပထမရွေးချယ်မှုဖြစ်သော ဟွမ်ချွဲနှင့် မြင်းစီးဟန်ပြိုင်ခြင်းပင်။
မြင်းစီးဟန်ဖြင့် ရပ်နေရန်မှာ ဘယ်လောက် ခက်ခဲမှာလဲ။ သူတို့အားလုံးမှာ စစ်ထဲစဝင်
ကတည်းက ဤလေ့ကျင့်ခန်းကို အောင်မြင်စွာ ကျော်ဖြတ်ခဲ့ကြသူများ မဟုတ်ပါလား။
"သမီး ဟွမ်ချွဲ... ငါတို့နဲ့ တစ်ပွဲလောက် ယှဉ်ကြည့်ကြရအောင်"
ဆကာ ယန်မိသားစုစစ်သည် တစ်အုပ်ကြီးမှာ ဟွမ်ချွဲကို ဝိုင်းအုံလာကြသည်။
ဟွမ်ချွဲက တည်ငြိမ်စွာပင် ပြုံးလိုက်ပြီး ဝူရွှမ်ဝူကျိခန်းမမှ ယူဆောင်လာသော ပေါင် ၅၀ လေးသည့် သဲထုပ်ကြီးကို ထုတ်လိုက်သည်။
တစ်နာရီမျှ ကြာပြီးနောက်တွင်မူ ယန်မိသားစုစစ်တပ် စခန်းတစ်ခုလုံးတွင် စစ်သည်တစ်ရာကျော်မှာ အရပ်မျက်နှာအနှံ့ ဖရိုဖရဲ လဲကျနေကြတော့သည်။ ဟွမ်ချွဲကမူ သူမ၏ ကိုယ်ဟန်ကို သပ်ရပ်စွာ အဆုံးသတ်လိုက်ပြီး အသက်ရှူထုတ်လိုက်ရာ ကြည့်ရသည်မှာ အလွန်ပင် လန်းဆန်းတက်ကြွနေသည့် ပုံစံရှိသည်။
ယန်မိသားစုစစ်သည်များ အားလုံးမှာ အံ့ဩလွန်း၍ အသက်ရှူပင် မှားသွားကြသည်။
ဒါက မယုံနိုင်စရာပင်။
အလွန်ပင် ထူးဆန်းလွန်းလှသည်။ ပထမရွေးချယ်မှုမှာ သူတို့ထင်သလောက် မလွယ်ကူကြောင်း ထင်ရှားသွားခဲ့သည်။ ထိုမိန်းကလေးငယ် ဟွမ်ချွဲမှာ အမှန်တကယ်ပင် သိုင်းပညာရှင်အဆင့်ထက် ကျော်လွန်သော ကျင့်စဉ်အဆင့်ရှိနေခြင်းပင်။ သူတို့မှာ သူမကို အထင်သေးခဲ့ကြမိသည်။
"ဒုတိယတပ်မှူးရှင့်... ကျွန်တော်တို့ အရိုးတွင်းခြင်ဆီ ဆေးကြောသန့်စင်ခြင်းကိုပဲ ရွေးပါတော့မယ်"
ထိုသို့ပြောကာ နောက်ထပ် စစ်သည်တစ်အုပ်မှာ ယွင်ရှန်းကို ဝိုင်းလိုက်ကြပြန်သည်။
ယွင်ရှန်းက ပြုံးလိုက်ပြီး နီရဲနေသော သားရဲသွေးဖျော်ရည်ပုလင်းများကို ထုတ်ပေးလိုက်သည်။ ထိုအနီရောင် ဆေးရည်များကို မြင်လိုက်ရသောအခါ ဟွမ်ချွဲ၏ မျက်နှာပေါ်တွင် သနားစရာကောင်းလှသည်ဟူသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
သနားစရာကောင်းတဲ့ ဦးလေးတို့နဲ့ အစ်ကိုတို့ရယ်... အရိုးတွင်းခြင်ဆီ ဆေးကြောသန့်စင်ခြင်းဟာ တကယ်တော့ အဆိုးဝါးဆုံး အလုပ်တစ်ခုဆိုတာ ငါ ပြောပြသင့်သလား မသိဘူး။
ယွင်ရှန်း ပြုပြင်မွမ်းမံထားသော သားရဲသွေးဖျော်ရည်မှာ အာနိသင်နှင့် အောင်မြင်မှုနှုန်းကို သိသိသာသာ မြင့်တက်စေသည်မှာ အမှန်ပင်။ သို့သော် ကောင်းကျိုးနှင့်အတူ ဆိုးကျိုးတစ်ခုမှာ ထိုဆေးကြောသန့်စင်သည့် ဖြစ်စဉ်က အလွန်အမင်း နာကျင်လှခြင်းပင်။
ခန္ဓာကိုယ်တစ်ခုလုံးကို အပ်ပေါင်း ထောင်သောင်းချီ၍ ထိုးစိုက်ခံနေရသကဲ့သို့ ခံစားရမည်ဖြစ်ရာ သံမဏိကဲ့သို့သော စိတ်ဓာတ်ရှိသူများသာ ခံနိုင်ရည်ရှိပေလိမ့်မည်။
နောက်ထပ် တစ်နာရီမျှ ကြာသောအခါ ယန်မိသားစုစစ်တပ် စခန်းအတွင်း၌ မကောင်းဆိုးဝါးများ အော်ဟစ်သံကဲ့သို့သော နာကျင်စွာ အော်ဟစ်ငိုကြွေးသံများ ဆူညံသွားတော့သည်။
တစ်ရက်အတွင်းမှာပင် မူလက စစ်သည် တစ်ထောင်ကျော်ရှိသော ယန်မိသားစုစစ်တပ်သည် ယခုအခါ အရည်အချင်းပြည့်မီသူ ၂၀၀ ကျော်ခန့်သာ ကျန်ရှိတော့သည်။
ဤလူများမှာ 'မြင်းစီးဟန်' စမ်းသပ်မှုကို ကြံ့ကြံ့ခံ ကျော်ဖြတ်နိုင်ခဲ့သူများ သို့မဟုတ် အရိုးတွင်းခြင်ဆီ ဆေးကြောသန့်စင်ခြင်း၏ ပြင်းထန်သော နာကျင်မှုကို အံတုရင်း ခန္ဓာကိုယ်အတွင်းရှိ တိုက်ခိုက်ရေးစွမ်းအင် သွေးကြောများကို ပွင့်စေကာ သိုင်းပညာရှင်များအဖြစ် အောင်မြင်စွာ ကူးပြောင်းနိုင်ခဲ့သူများ ဖြစ်ကြသည်။
စမ်းသပ်မှုဒဏ်ကို ခံနိုင်ရည်ရှိခဲ့ကြသော ထိုသူတို့၏ မျက်နှာထက်တွင် ပျော်ရွှင်ကြည်နူးမှုများ အထင်အရှား ပေါ်လွင်နေတော့သည်။
"မင်းတို့ ခုနက ကြုံတွေ့ခဲ့ရတဲ့ ဒုက္ခတွေက အရမ်းကြီးကျယ်တယ်လို့ ထင်နေကြတာလား။ မှားတယ် အရမ်းမှားတာပဲ။ အခု မင်းတို့ ခံစားခဲ့ရတာတွေကို ကျွန်မနဲ့ ဟွမ်ချွဲတို့ဟာ လွန်ခဲ့တဲ့ လအတော်ကြာကတည်းက ကျော်ဖြတ်ခဲ့ပြီးသား။ အခု စမ်းသပ်မှုကို မခံနိုင်ဘဲ ကျန်ရစ်ခဲ့တဲ့သူတွေဟာ တကယ့် လူဖျင်းလူအတွေပဲ အမျိုးသမီးတွေကိုတောင် မယှဉ်နိုင်တဲ့သူတွေ"
ယွင်ရှန်းက တည်ကြည်လေးနက်သော လေသံဖြင့် ပြတ်သားစွာ ပြောလိုက်သည်။
သူတို့၏ စိတ်ထဲတွင် ရှိနေသော သာယာကျေနပ်မှုများမှာ ဆေးလိပ်ငွေ့ကဲ့သို့ ချက်ချင်းပင် လွင့်ပြယ်သွားတော့သည်။ သူတို့တစ်နေ့လုံး ပင်ပင်ပန်းပန်း ကြိုးစားခဲ့သမျှသည် မိန်းကလေးငယ် နှစ်ဦး၏ အဆင့်ကိုပင် မမှီသေးပါလားဟူသော အသိက စိတ်ဓာတ်ကို လှုပ်ခါသွားစေသည်။
"မင်းတို့ထဲကမှ နောက်ထပ် လူ ၅၀ ကို တပ်ဖွဲ့ရဲ့ အမြုတေ အဖွဲ့ဝင်တွေအဖြစ် ရွေးချယ်မယ်။ ကျန်တဲ့ ၁၅၀ ကတော့ အရံအဖွဲ့ဝင်တွေ ဖြစ်မယ်။ ရွေးချယ်ပုံကတော့ ရိုးရှင်းပါတယ်။ မင်းတို့ တစ်ယောက်ချင်းစီ သွေးတိတ်ဆေးတစ်ပုလင်းနဲ့ လက်နက်တစ်ခုစီယူပြီး အနောက်မြောက်
ဘက်က လာမာတောင်ကုန်းထဲကို ဝင်ရမယ်။ စတုတ္ထအဆင့်ရှိတဲ့ မိစ္ဆာသားရဲကို သတ်နိုင်တဲ့သူမှသာ အမြုတေ အဖွဲ့ဝင်အဖြစ် သတ်မှတ်ခံရမယ်။ အမြုတေ အဖွဲ့ဝင်တွေဟာ ဝူရွှမ်ဝူကျိခန်းမရဲ့ တိုက်ခိုက်ရေး အတတ်ပညာတွေကို သင်ယူခွင့်ရမှာ"
ယွင်ရှန်းသည် စကားအဆုံးတွင် ပြင်ဆင်ထားသော လက်နက်များနှင့် ဆေးဝါးများကို ဝေငှပေးလိုက်သည်။ ရိက္ခာမပါ ရေအရင်းအမြစ်မရှိဘဲ မဟာကျိုးနိုင်ငံ၏ အနောက်ဘက် သေမင်းတောင်ကုန်းဟု ကျော်ကြားသော လာမာတောင်ကုန်းထဲသို့ လွှတ်လိုက်ခြင်းပင်။
ယွင်ရှန်း၏ ဤပြတ်သားသော ဆုံးဖြတ်ချက်ကို ယန်ချန်းလန်ပင် ကြိုတင်မသိရှိခဲ့ပေ။ စစ်သည်များဘက်မှ ကန့်ကွက်သူရှိမည်ဟု သူထင်မှတ်ထားသော်လည်း အံ့ဩစရာကောင်းသည်မှာ မည်သူမျှ စကားတစ်ခွန်းပင် မဟခဲ့ကြချေ။ သူတို့သည် တိတ်ဆိတ်စွာပင် လက်နက်များကို ကိုင်ဆောင်ကာ ဆယ်ယောက်တစ်စုစီဖြင့် စစ်ကြောင်း ၂၀ ခွဲ၍ အနောက်မြောက်ဘက်သို့ ချီတက်သွားကြတော့သည်။
သူတို့သည် လူအများ မဟုတ်ကြပေ။ မြင်းစီးဟန်နှင့် အရိုးသန့်စင်ခြင်းများသည် အလွန်ပင် ပင်ပန်းလှသော်လည်း ထိုဖြစ်စဉ်အတွင်း မိမိတို့၏ တိုက်ခိုက်ရေးစွမ်းအားမှာ သိသိသာသာ တိုးတက်လာသည်ကို ကိုယ်တိုင် ခံစားသိရှိထားကြသည်။ သူတို့သည် ရှင်သန်ချင်ကြသည်။ မဟာကျိုးနိုင်ငံနှင့် တိုက်ကြီးတစ်ခုလုံးကို တုန်ဟိန်းသွားစေမည့် သားရဲအမဲလိုက်တပ်ဖွဲ့ဖြစ်လာချင်ကြသည်။ ယနေ့ ဖြစ်ရပ်များမှာ အစပျိုးခြင်းသာ ဖြစ်သည်ကို သူတို့ နားလည်ထားကြသည်။
တစ်လကျော် ကြာပြီးနောက်...
ယန်မိသားစုစစ်သည် ၂၀၀ မှာ စခန်းသို့ ပြန်လည်ရောက်ရှိလာကြသည်။ သူတို့၏ ပုံစံမှာ အဝတ်အစားများ စုတ်ပြတ်နေပြီး ကိုယ်ခန္ဓာတစ်ခုလုံးတွင် ဒဏ်ရာအမျိုးမျိုး ပြည့်နှက်နေသဖြင့် ဖရိုဖရဲနိုင်လှသော်လည်း သူတို့၏ မျက်ဝန်းများမှာမူ တောသားရဲများကဲ့သို့ပင် စူးရှတောက်ပနေကြသည်။
စခန်းတွင် ကျန်ရစ်ခဲ့သော စစ်သည်များမှာ သူတို့အား မမှတ်မိနိုင်လောက်အောင်ပင်။ စစ်သည် ၂၀၀ လုံးမှာ တစ်ယောက်မှ အသက်မဆုံးရှုံးဘဲ စတုတ္ထအဆင့် မိစ္ဆာသားရဲများကို ယွင်ရှန်းနှင့် ယန်ချန်းလန်တို့၏ ရှေ့မှောက်တွင် စနစ်တကျ တန်းစီ၍ တင်ပြကြသည်။ ထို့နောက် သူတို့အားလုံး တညီတညွတ်တည်း ဒူးထောက်လိုက်ကြရာ သူတို့၏ ဟိန်းဟောက်သံမှာ ကောင်းကင်ယံအထိ ပျံ့လွင့်သွားတော့သည်။
"စစ်သူကြီးယန် သခင်မလေးယန် ကျွန်တော်တို့ ပြန်ရောက်ပါပြီ"
ယန်မိသားစုစစ်တပ် စခန်းအတွင်းတွင် မိုးခြိမ်းသံကဲ့သို့သော အောင်ပွဲခံသံများ ဆူညံသွားတော့သည်။ ၈ နှစ်ကြာ တိတ်ဆိတ်နေခဲ့သော ယန်မိသားစုစစ်တပ်သည် ယခုအခါ ကောင်းကင်ခရီးစဉ်ဟု အမည်ရသော သားရဲအမဲလိုက်တပ်ဖွဲ့သစ်အဖြစ် မွေးဖွားလာခဲ့ပြီး မဟာကျိုး သားရဲအမဲလိုက်အဖွဲ့ချုပ်တွင် တရားဝင် မှတ်ပုံတင်လိုက်ပြီ ဖြစ်သည်။