အခန်း (၂၃၀)
Vol. 23 Ch. 230
ချီသည် ထွက်သွားချိန်တွင် ကျန့်လီနှင့် ထိပ်တိုက်ဆုံခဲ့သည်။ တစ်ဖက်လူမှာ ဒုတိယခန်းမမှူးဖြစ်သော်လည်း ချီသည် နှုတ်ဆက်ရန်ပင် စိတ်မဝင်စားဘဲ တစ်ချက်မျှပင် စောင်းမကြည့်ဘဲ ထွက်ခွာသွားခဲ့သည်။
အမှန်စင်စစ် ချီသည် မှော်ဆေးရည်အုပ်စု ၁၃ မှ သူငယ်ချင်းများနှင့် သူ၏ဆရာမဖြစ်သူ မေလီမှလွဲ၍ မည်သူ့ကိုမျှ မျက်လုံးချင်းဆိုင်ကြည့်လေ့မရှိပေ။ ၎င်းမှာ ငယ်စဉ်ကတည်းက မိဘမဲ့တစ်ဦးအဖြစ် ကြီးပြင်းလာရပြီး လူများနှင့် နီးနီးကပ်ကပ် မရှိခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။
"ဟိုကောင်လေးက မင်းရဲ့သူငယ်ချင်းလား။ သူကလည်း တော်ဝင်မှော်အကယ်ဒမီကပဲဆိုတာ ငါမှတ်မိတယ်။ သူ့ကြည့်ရတာ တော်တော်လေးကို အန္တရာယ်ရှိတဲ့ပုံစံပဲ"
ကျန့်လီက ချီ၏ကျောပြင်ကို ကြည့်ရင်း ပြောလိုက်သည်။ သိုင်းပညာရှင်တစ်ဦးဖြစ်သည့် ကျန့်လီပင်လျှင် ထိုလူငယ်နှင့် ဆုံတွေ့လိုက်ရုံဖြင့် ကျောချမ်းသွားရသည့် ခံစားချက်မှာ ရှားပါးလှသည်။ ၎င်းမှာ အလွန်အစွမ်းထက်သော မိစ္ဆာသားရဲတစ်ကောင်၏ စိုက်ကြည့်ခြင်းကို ခံနေရသကဲ့သို့ပင်။
"သူက ကျွန်မရဲ့သူငယ်ချင်းပါ ဒုတိယခန်းမမှူးရှင့်... လူတစ်ယောက်ရဲ့ကွယ်ရာမှာ အတင်းပြောတာက မကောင်းတဲ့အလေ့အကျင့်တစ်ခုနော်"
ယွင်ရှန်းက သူမ၏သူငယ်ချင်းအပေါ် ဝေဖန်သည်ကို မနှစ်သက်သဖြင့် ပြန်လည်ပြောလိုက်သည်။
"အေးပါ... ငါပြောတာကို မေ့လိုက်ပါတော့။ သမားတော်ယန်... ဆေးခန်းထဲမှာရှိတဲ့ ပစ္စည်းစာရင်းတွေကို စစ်ဆေးပြီးပါပြီ။ ဒါကတော့ စာရင်းချုပ်စာအုပ်တွေပါ အရင်ဆုံး စစ်ဆေးကြည့်ပေးပါဦး"
ကျန့်လီက ယွင်ရှန်း၏ စရိုက်ကို သိသဖြင့် အကြောင်းအရာကို လွှဲလိုက်သည်။
သူသည် ယန်ချန်းလန်ထံမှ ယွင်ရှန်းမှာ ယန်ခန်းဟိုင်၏ သမီးဖြစ်ကြောင်း သိရှိခဲ့ပြီးဖြစ်သည်။ ဤမိန်းကလေး၏ စိတ်ဓာတ်မှာ ယန်မိသားစု၏ ပင်ကိုယ်စရိုက်အတိုင်းပင် သူမအနေဖြင့် လူတစ်ယောက် သို့မဟုတ် ကိစ္စတစ်ခုအပေါ် ဆုံးဖြတ်ချက်ချပြီးပါက မြင်းလှည်းဆယ်စီးဖြင့် ဆွဲလျှင်ပင် နောက်ဆုတ်မည့်သူ မဟုတ်ပေ။
"နောက်ပြီးတော့ ဒါက ဂိုဏ်းဝင်တံဆိပ်နှစ်ခုပါ။ တစ်ခုကတော့ မင်း ငါတို့ရဲ့ ဂုဏ်ထူးဆောင်အကြီးအကဲဖြစ်လာတဲ့အတွက် ပေးတာဖြစ်ပြီး နောက်တစ်ခုကတော့ ချန်းလန်ရဲ့ ရောဂါကို ကုသပေးတဲ့အတွက် ကျေးဇူးတင်တဲ့အနေနဲ့ ပေးတာပါ"
ကျန့်လီသည် ကတိတည်သူဖြစ်ရာ သူ ကတိပေးထားခဲ့သည့် တံဆိပ်အပြင် နောက်ထပ်တစ်ခုကိုပါ လက်ဆောင်အဖြစ် ပေးလိုက်ခြင်း ဖြစ်သည်။
"ပထမတံဆိပ်ကိုတော့ ကျွန်မ လက်ခံပါ့မယ်။ ဒါပေမဲ့ ဒုတိယတစ်ခုကိုတော့ လက်မခံနိုင်ပါဘူး။ ဦးလေးယန်က ကျွန်မရဲ့မိသားစုဝင်ပဲ သူ့ကိုကုသပေးတာက ကျွန်မရဲ့တာဝန်ပါ"
ယွင်ရှန်းက ကျန့်လီ၏ စေတနာကို ငြင်းပယ်လိုက်သည်။
ဦးလေးယန်သည် ကျန့်လီ၏ သူငယ်ချင်းကောင်းဖြစ်သော်လည်း သူမအတွက်မူ အရင်းနှီးဆုံး ဆွေးမျိုးသားချင်းဖြစ်သည်။ အကယ်၍ သူမ၏ဖခင်သာ သိသွားပါက ကိုယ့်ဦးလေးကို ကုသပေးပြီး ဆုလာဘ်လက်ခံရမလားဆိုကာ စိတ်ဆိုးပြီး ခုတင်ပေါ်မှ ငေါက်ခနဲ ထလာပေလိမ့်မည်။
ကျန့်လီ ပြုံးလိုက်မိသည်။ ယွင်ရှန်းကို ပို၍သိလာလေ ပို၍သဘောကျလာလေပင်။ တစ်ခါတစ်ရံတွင် သူမသည် အခွင့်အရေးအသေးအဖွဲလေးကိုပင် လက်လွှတ်မခံတတ်သော်လည်း တစ်ခါတစ်ရံတွင်မူ အလွန်ပင် ရက်ရောတတ်လှသည်။
ယင်းမှာ ယွင်ရှန်း၏ အကြီးမားဆုံးသော ဆွဲဆောင်မှုပင်။ သူမကဲ့သို့သော သူမျိုးသည် စစ်မှန်သော မိတ်ဆွေကောင်းများကို အလွယ်တကူ ဆွဲဆောင်နိုင်စွမ်း ရှိပေသည်။
ခဏမျှ စဉ်းစားပြီးနောက် ယွင်ရှန်းက ပြောလိုက်သည်။
"ဒုတိယခန်းမမှူးကျန့်အနေနဲ့ ကျေးဇူးဆပ်ချင်တယ်ဆိုရင် ဆုလာဘ်ပေးမယ့်အစား ကျွန်မကို အကူအညီတစ်ခုလောက် ပေးစေချင်ပါတယ်။ ရှေ့လျှောက်ရက်တွေမှာ ကျွန်မ ဒီဆေးခန်းမှာ အမြဲရှိနေနိုင်မှာ မဟုတ်ဘူး။ ယန်မိသားစုစစ်တပ်ရဲ့ အခြေအနေကိုလည်း ဦးလေးကြားမိမှာပါ။ ကျွန်မကိုယ်တိုင်လည်း သားရဲအမဲလိုက်စစ်သည်တစ်ယောက် ဖြစ်နေတာကြောင့် ဆေးခန်းကိစ္စတွေ စီစဉ်ပြီးရင် ဦးလေးယန်ကိုကူပြီး ယန်မိသားစုစစ်တပ်ကို ပြန်လည်ဖွဲ့စည်းပေးချင်လို့ပါ"
ကျန့်လီ ယနေ့လာရောက်ရခြင်း၏ အကြောင်းရင်းတစ်စိတ်တစ်ပိုင်းမှာလည်း ယန်မိသားစုစစ်တပ်အရေးကြောင့် ဖြစ်သည်။ သူသည် စစ်တပ်၏ အခြေအနေအရပ်ရပ်ကို ကောင်းစွာသိရှိထားသော်လည်း ယခင်က ယန်ချန်းလန်၏ ကျန်းမာရေးအခြေအနေကြောင့်သာ ထုတ်မပြောဘဲ ဆိုင်းငံ့ထားခြင်း ဖြစ်သည်။
"ကောင်းပါပြီ။ အရင်တိုက်ပွဲမှာ ချန်းလန်နဲ့ ငါ ကြုံတွေ့ခဲ့ရတာတွေကို ပြန်ကြည့်ရင် ငါတို့နှစ်ယောက်လုံး နန်းတော်အပေါ်မှာ မျှော်လင့်ချက်တွေ ကုန်ဆုံးသွားခဲ့ပြီ။ စစ်တပ်ထဲမှာ ဆက်နေဖို့ဆိုတာလည်း မဖြစ်နိုင်တော့ဘူး"
ကျန့်လီက ခေတ္တမျှ စဉ်းစားပြီး ပြောကြားလိုက်သည်။ ထူးဆန်းသည်မှာ သူသည် ယန်မိသားစုစစ်တပ်ကို သားရဲအမဲလိုက်တပ်ဖွဲ့အဖြစ် ပြောင်းလဲမည့် အစီအစဉ်အပေါ် လုံးဝကန့်ကွက်ခြင်း မရှိခြင်းပင်။
ကျန့်လီကိုယ်တိုင်ကလည်း သာမန်အရပ်သားဘဝမှ တက်လာသူဖြစ်ပြီး ဝူရွှမ်ဝူကျိခန်းမ၏ ဒုတိယခန်းမမှူး ဖြစ်လာပြီးနောက် သားရဲအမဲလိုက်စစ်သည်များနှင့်လည်း အတော်အတန် ထိတွေ့ဆက်ဆံမှု ရှိခဲ့ဖူးသည်။ အကယ်၍ ထိုစဉ်က ယန်ပါးဟိုက သူ့အား ဖျောင်းဖျနားချခြင်း မပြုခဲ့ပါက သူသည်လည်း သားရဲအမဲလိုက်စစ်သည်တစ်ဦး ဖြစ်နေပေလိမ့်မည်။
ကျန့်လီ၏ လေသံကို နားထောင်ရင်း ယွင်ရှန်းသည် တစ်စုံတစ်ခု ထူးခြားနေသည်ကို အာရုံရလိုက်သည်။ ကျန့်လီသည် ငယ်စဉ်က မဟာကျိုးနိုင်ငံ၏ ထက်မြက်သော စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး သူနှင့် ယန်ခန်းဟိုင်တို့မှာ မဟာကျိုး၏ အနှိုင်းမဲ့သူရဲကောင်းနှစ်ဦးဟု တင်စားခံခဲ့ရသူများဖြစ်ကြောင်း သူမ ကြားဖူးထားသည်။ သူတို့နှစ်ဦးလုံးမှာ သိုင်းပညာရှင်များဖြစ်ကြပြီး အသက် ၃၀ မတိုင်မီမှာပင် နယ်စားမင်းအဆင့်သို့ ရောက်ရှိခဲ့ကြသူများ ဖြစ်သည်။ ထိုသို့သော ထူးချွန်သည့် ပုဂ္ဂိုလ်နှစ်ဦးမှာ တစ်ကြိမ်တည်းသော တိုက်ပွဲတွင် တစ်ဦးက အနားယူခဲ့ရပြီး တစ်ဦးမှာ မသန်မစွမ်း ဖြစ်ခဲ့ရသည်။
သို့သော် ကျန့်လီသည် ထိုစဉ်က ရှုံးနိမ့်ခဲ့သည့် တိုက်ပွဲအကြောင်း သို့မဟုတ် အဖြစ်အပျက် အသေးစိတ်ကို လူပုံအလယ်တွင် မည်သည့်အခါမျှ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။
"ဒုတိယခန်းမမှူးရှင့်... ကျွန်မ အမြဲတမ်း မေးချင်နေတာ တစ်ခုရှိပါတယ်။ အဲ့ဒီနှစ်က ကျွန်မဦးလေး ဘာလို့ ရှုံးနိမ့်ခဲ့ရတာလဲ။ သူ့လက်ကရော ဘယ်လိုမျိုး ဒဏ်ရာရခဲ့တာလဲဆိုတာ ကျွန်မ အမြဲသိချင်နေမိတယ်"
ကျန့်လီ အတွေးထဲ နစ်မျောနေသည်ကို အခွင့်ကောင်းယူ၍ ယွင်ရှန်းက မေးမြန်းလိုက်သည်။
"မင်းဦးလေးလား... အင်း... သူက အမျိုးသမီးတစ်ယောက်ရဲ့ လှည့်စားမှုကို ခံခဲ့ရတာပါ။ အသေးစိတ် ဘာတွေဖြစ်ခဲ့သလဲဆိုတာ ငါလည်း အတိအကျ မသိပေမဲ့ အဲ့ဒီအချိန်တုန်းက ငါတို့ဘက်က ဟိုချင်းနဲ့ ထန်ယွမ်ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်ခြင်းကို ခံနေရတာ။ အဲ့ဒီကနေ ဖောက်ထွက်နိုင်ဖို့က အလွန်အရေးကြီးနေတဲ့ အချိန်ပေါ့"
ကျန့်လီက စိတ်လှုပ်ရှားစွာ ပြောကြားလိုက်သည်။ ဝူရွှမ်ဝူကျိခန်းမ၏ ဒုတိယခန်းမမှူးအဖြစ် နှစ်ရှည်လများ တာဝန်ထမ်းဆောင်လာခဲ့သဖြင့် သူသည် အမြဲတမ်း တည်ငြိမ်သူဖြစ်သော်လည်း ယခုအချိန်တွင်မူ မတရားမှုကို ခံပြင်းသည့်စိတ်နှင့်အတူ စကားလုံးများတွင် နာကျည်းချက်များ ပြည့်နှက်နေတော့သည်။
ထိုနှစ်က မဟာကျိုးနိုင်ငံသည် တောင်ဘက်နယ်စပ်တွင် ထန်နှင့် ချင်း ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ပွဲပြင်းထန်စွာ ဆင်နွှဲခဲ့ရခြင်း ဖြစ်သည်။
ယန်ချန်းလန်နှင့် ကျန့်လီတို့သည် စစ်သည်များကို ဦးဆောင်ကာ စစ်မြေပြင်သို့ ချီတက်ခဲ့ကြသည်။ သူတို့နှစ်ဦး၏ ပူးပေါင်းမှုမှာ အလွန်ပင် ပြောင်မြောက်လှပြီး လမ်းတစ်လျှောက်ရှိ ရန်သူ့တပ်များကို အင်တိုက်အားတိုက် ချေမှုန်းနိုင်ခဲ့ကြသည်။
သို့သော် ယုတ်မာလှသော ဟိုချင်းတပ်ဖွဲ့သည် စစ်ကြောင်းချီတက်ရာ လမ်းတစ်လျှောက်ရှိ ရေအရင်းအမြစ်များကို တစ်ညတွင် အဆိပ်ခတ်ခဲ့ကြသည်။ မဟာကျိုးစစ်တပ်တစ်ခုလုံး အဆိပ်သင့်သွားသည်ကို မြင်တွေ့ရသောအခါ ယန်ချန်းလန်သည် စစ်သည်အချို့ကို စုစည်း၍ ရန်သူ့ဝိုင်းရံမှုကို အပြတ်အသတ် ဖောက်ထွက်ရန် ဆုံးဖြတ်လိုက်သည်။
ထိုစဉ်က စစ်မြေပုံအရ မြောက်ဘက်ရှိ ဖောက်ထွက်ရေးအမှတ်မှာ ကင်းစောင့်တပ် အနည်းငယ်သာရှိသဖြင့် ပိုမိုဘေးကင်းမည်ဟု ယန်ချန်းလန်နှင့် ကျန့်လီတို့ တွေးတောခဲ့ကြသည်။ သို့သော် ယန်မိသားစုစစ်တပ် ဖောက်ထွက်ပြီးချိန်တွင်ပင် ထန်နှင့်ချင်း ပူးပေါင်းတပ်ဖွဲ့များသည် မြောက်ဘက်သို့ ချီတက်လာကာ မဟာကျိုးနယ်စပ်ရှိ မြို့များကို သွေးချောင်းစီးအောင် သတ်ဖြတ်နေကြသည်ဟူသော သတင်းကို ကြားသိလိုက်ရသည်။
ယန်ချန်းလန်သည် ထိုနေရာ၌ ချောင်းမြောင်းတိုက်ခိုက်မည့် ရန်သူများ ရှိနေနိုင်သည်ကို သိသော်လည်း နယ်စပ်မြို့များရှိ ပြည်သူများကို ကယ်တင်ရန်အတွက် ကျန့်လီ၏ တားမြစ်မှုကိုပင် ဂရုမစိုက်ဘဲ စစ်သည်တစ်ထောင်ကို ဦးဆောင်ကာ အပြင်းအထန် ချီတက်သွားခဲ့သည်။ အမြဲတမ်း တည်ငြိမ်၍ စစ်ရေးစစ်ရာတွင် စေ့စပ်သေချာလှသော ယန်ချန်းလန်မှာ ထိုတစ်ကြိမ်တွင်မူ သူ၏ ပင်ကိုယ်စရိုက်နှင့်မတူဘဲ အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည်။
"ပိုပြီး နာကျည်းဖို့ကောင်းတာက တောင်ဘက်မှာ ပိတ်မိနေတဲ့ ယန်မိသားစုစစ်တပ်ဆီက အရေးပေါ် အကူအညီတောင်းခံစာကို နန်းတော်ဆီ ပေးပို့ခဲ့ပေမဲ့ စစ်ဝန်ကြီးဌာနက နယ်စားမင်းဝေယွမ်က စစ်ကူမလွှတ်ပေးခဲ့ဘူး။ မင်းဦးလေးနဲ့ ယန်မိသားစုစစ်တပ်ဟာ တောင်ဘက်နယ်မြေမှာ သုံးရက်နဲ့ သုံးညတိုင်တိုင် သွေးချောင်းစီးအောင် တိုက်ပွဲဝင်ခဲ့ရတယ်။ မင်းအဖိုး သတင်းကြားလို့ စစ်ကူတွေနဲ့ ရောက်လာတဲ့အချိန်မှာတော့ ယန်မိသားစုစစ်တပ်ဟာ တစ်တပ်လုံး နီးပါး ပျက်စီးနေခဲ့ပြီ"
ကျန့်လီက မျက်ရည်များ ဝဲလျက် ပြောပြသည်။
ယန်ပါးဟို ရောက်ရှိလာချိန်တွင် အသက် ၆၀ အရွယ်ရှိပြီဖြစ်သော ထိုအဖိုးအိုမှာ ပုဆိန်ကြီးကို ကိုင်ဆောင်ကာ တစ်ဦးတည်းပင် တောင်ဘက်မြို့ထဲသို့ ထိုးဖောက်ဝင်ရောက်ခဲ့ပြီး ထန်နှင့် ချင်း ပူးပေါင်းတပ်သား တစ်ထောင်ကျော်ကို သုတ်သင်ခဲ့သည်။ ထိုစဉ်က တောင်ဘက်မြို့တော်မှာ အလောင်းများ တောင်လိုပုံကာ သွေးပင်လယ်ဝေနေခဲ့သည်။ သိုင်းသူတော်စင်ကိုယ်တိုင် ဆင်းလာသည်ကို မြင်တွေ့ရသောအခါမှသာ ရန်သူ့တပ်များ ဆုတ်ခွာသွားခဲ့ကြသည်။
ညာဘက်လက်မောင်း ပြတ်တောက်နေပြီး ဘယ်ဘက်လက်မှာလည်း မသန်မစွမ်းဖြစ်နေသော ယန်ချန်းလန်ကို ယန်ပါးဟိုက ပွေ့ချီ၍ ထွက်လာချိန်တွင် ကျန့်လီနှင့် ကျန်ရှိနေသော စစ်သည်ဟောင်း ထောင်ပေါင်းများစွာမှာ ဝမ်းနည်းပူဆွေးစွာဖြင့် ငိုကြွေးခဲ့ကြရသည်။
"ကျွန်မဦးလေးက တကယ့်ယောကျ်ားကောင်း တစ်ယောက်ပဲ"
နှစ်ပေါင်းများစွာ ကြာမြင့်သွားပြီဖြစ်သော်လည်း ကျန့်လီ၏ ပြောပြချက်များကို ကြားရသောအခါ ယွင်ရှန်း၏ သွေးများမှာ ဆူပွက်လာခဲ့သည်။ ယန်ချန်းလန်သည် ထိုစဉ်က စိတ်လိုက်မာန်ပါ ပြုမူခဲ့သည်ဟု ဆိုနိုင်သော်လည်း သူသည် ယန်မိသားစုစစ်တပ်၏ စိတ်ဓာတ်ကို အပြည့်အဝ ဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ ကိုယ်ကျိုးအတွက်မဟုတ်ဘဲ ပြည်သူ့အတွက် စစ်တိုက်ခြင်းပင်။
ထိုဖြစ်ရပ်နောက်ပိုင်းတွင် ကျန့်လီနှင့် အခြားစစ်သည်များမှာ မဟာကျိုးနန်းတွင်း စစ်ဝန်ကြီးဌာနအပေါ် လုံးဝ စိတ်ပျက်သွားခဲ့ကြပြီး စစ်တပ်မှ အနားယူခဲ့ကြသည်။ ယန်ပါးဟိုက ကျန့်လီအား ဖျောင်းဖျနားချခဲ့ပြီး "မင်းရဲ့ စစ်တိုက်လိုတဲ့စိတ်က သေဆုံးသွားနိုင်ပေမဲ့ မင်းရဲ့ သိုင်းဝိညာဉ်ကတော့ ရှိနေဆဲပါ။ မဟာကျိုးစစ်တပ်က အားကိုးမရနိုင်ပေမဲ့ မဟာကျိုးနိုင်ငံရဲ့ ထောင်သောင်းချီတဲ့ သိုင်းပညာရှင်တွေကတော့ ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နေကြတုန်းပဲ။ မဟာကျိုးရဲ့ အနာဂတ်ဟာ စစ်တပ်ထဲမှာ မဟုတ်ဘဲ ဒီလို သိုင်းပညာရှင်တွေရဲ့ လက်ထဲမှာ ရှိတာပါ" ဟု အကြံပေးခဲ့သည်။
ထိုသို့ဖြင့် ကျန့်လီသည် ဝူရွှမ်ဝူကျိခန်းမသို့ ဝင်ရောက်ခဲ့ပြီး ဒုတိယခန်းမမှူး ဖြစ်လာခဲ့သည်။ ယန်ချန်းလန်မှာမူ ထိုတိုက်ပွဲနောက်ပိုင်း ကိုယ်စိတ်နှစ်ပါးစလုံး ဒဏ်ရာရရှိကာ စိတ်ဒဏ်ရာကြောင့် ယန်အိမ်တော်ထဲတွင်သာ နှစ်ရှည်လများ အောင်းနေခဲ့ရသည်။ ယွင်ရှန်း ပေါ်ထွက်လာပြီးနောက်မှသာ သူ၏ အခြေအနေမှာ တဖြည်းဖြည်း ပြောင်းလဲလာခဲ့ခြင်း ဖြစ်သည်။