အခန်း (၂၃၇)
Vol. 23 Ch. 237
ယီပိုင်မင်းကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ချန်ပိုင်၏အသံကို ကြားရသောအခါ ယွင်ရှန်း၏ မျက်နှာမှာ အနည်းငယ် နီမြန်းသွားပြီး ကျိုးချွမ်ကို ဆူပူလိုက်တော့သည်။
"ငါတို့ စခန်းထဲမှာ ဘယ်လိုလုပ် သူစိမ်းတွေ ရောက်နေရတာလဲ"
ကျိုးချွမ်က တိုးတိုးလေး ညည်းညူလိုက်သည်။
"အဲ့ဒီလူက သခင်မလေးရဲ့ လူယုံအစေခံပါလို့ ပြောတာပဲ။ ကြည့်ရတာလည်း လူရည်မွန်လေးပါ။ လူလိမ်လူကောက်တော့ မဟုတ်တန်ရာဘူးလို့ ကျွန်တော် ထင်လို့ပါ"
ဘေးနားရှိ အမဲလိုက်စစ်သည်များကလည်း ဝိုင်းဝန်းပြီး ဆူဆူညံညံ ပြောကြပြန်သည်။
"ကျိုးချွမ်... မင်းကတော့ မရိုးသားဘူးနော်။ ဒီချောချောလှလှ လူငယ်လေးက သူက သခင်မလေးယန်ရဲ့လူပါလို့ အတိအလင်း ပြောထားတာပဲကို။ သခင်မလေး အန္တရာယ်များတဲ့ တာဝန်သွားရမှာ စိုးရိမ်လို့ အတူတူလိုက်ပြီး ကာကွယ်ပေးချင်တယ်ဆိုလို့ ငါတို့က လက်ခံထားတာပေါ့"
သူတို့က ပြောကြသည်။
ကြမ်းတမ်းသော အမျိုးသားများသာရှိသည့် စစ်စခန်းအတွင်း၌ မင်းရဲ့လူဟု ခေါ်ဆိုခြင်းမှာ အသားထူလှသော ယွင်ရှန်းအတွက်ပင် မျက်နှာပူစရာ ကိစ္စဖြစ်နေသည်။
"ဘယ်သူက သူ့လူလဲ။ ငါနဲ့ သူနဲ့က ဘာမှမပတ်သက်ဘူး"
ယွင်ရှန်း မရှိခိုက် ဤမြေခွေးယီတစ်ယောက် စစ်သည်တွေရဲ့ ခေါင်းထဲကို ဘာတွေ ရိုက်သွင်းထားမှန်း မသိတော့ပေ။
"ကဲပါ... တော်ပါတော့ သခင်မလေးယန်ရယ်။ မိန်းကလေးတွေကတော့ ဒီအတိုင်းပါပဲ။ ကျွန်တော့်မိန်းမ ပြောဖူးတယ်... မဟုတ်ပါဘူး၊ မဟုတ်ပါဘူး လို့ ငြင်းလေလေ တကယ်တမ်းကျတော့ ဟုတ်ပါတယ်လို့ ဝန်ခံနေတာလေ"
စစ်သည်တစ်ဦးက ပြောလိုက်ရာ အားလုံးက တဟားဟား ရယ်မောကြတော့သည်။
ယွင်ရှန်းမှာ ဒေါသထွက်လွန်းသဖြင့် အသက်ပင် ရှူမှားမတတ် ဖြစ်သွားရသည်။ သူမသည် ယီပိုင်မင်းကို စိုက်ကြည့်လိုက်ပြီး လူအုပ်ထဲမှ ဘေးသို့ ဆွဲခေါ်သွားခဲ့သည်။
"ရှင် ဒီမှာ ဘာလုပ်နေတာလဲ"
သူမက စိတ်အနှောင့်အယှက် ဖြစ်နေသည်ကို မဖုံးကွယ်ဘဲ တိုက်ရိုက်ပင် မေးလိုက်သည်။
"ငါက မင်းကို ကူညီဖို့ လာတာလေ။ ငါက မင်းရဲ့ အစေခံပဲလေ။ မင်း အန္တရာယ်နဲ့ ကြုံလာရင် မင်းရဲ့ ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပြီး ကာကွယ်ပေးဖို့က ငါ့တာဝန်ပဲ မဟုတ်လား"
ယီပိုင်မင်းက မျက်နှာချိုသွေးသော အပြုံးဖြင့် ပြောလိုက်သည်။
သူ၏ စကားများကို ချောင်းမြောင်းနားထောင်နေကြသော စစ်သည်များက ကြားသွားသောအခါ အားလုံးက သဘောကျကာ ဝိုင်းဝန်း၍ ပြောကြပြန်တော့သည်။
လူအုပ်ကြီးက ဝိုင်းဝန်းနောက်ပြောင်ကြသည်။
"လက်ခံလိုက်ပါ သခင်မလေးယန်ရယ်။ ဒီလို လူချောလူမွန်မျိုးဆိုတာ ဒီရွာက ကျော်သွားရင် နောက်တစ်ခါ ရှာဖို့ မလွယ်ဘူးဗျ"
"ရှင်တို့ သူက ဘယ်သူလဲဆိုတာ သိလို့လား။ သူက မဟာကျိုးရဲ့ ပိုင်မင်းမင်းသားပဲ"
ယွင်ရှန်းက စိတ်မရှည်စွာဖြင့် အမှန်အတိုင်း ပြောချင်စိတ်ပေါက်ကာ အော်လိုက်သည်။
ဝူးးးး…
သားရဲအမဲလိုက်စစ်သည်များ အားလုံး ထိတ်လန့်သွားကြပြီး ယီပိုင်မင်းကို မမှိတ်မသုန် စိုက်ကြည့်နေကြတော့သည်။
"သခင်မလေးယန်... သခင်မလေးရဲ့လူက တကယ့် မင်းသားတစ်ပါး ဖြစ်နေတာပဲ။ အံ့ဩစရာပါပဲဗျာ"
စစ်သည်များက ပြောကြသည်။ ယွင်ရှန်းသည် ဆေးပညာတွင် ကျွမ်းကျင်ရုံသာမက ပိုင်မင်းမင်းသားကဲ့သို့သော ပုဂ္ဂိုလ်ကြီးနှင့်ပင် ပတ်သက်မှုရှိသည်ကို သိရသောအခါ သူမအပေါ် ပို၍ပင် ကြည်ညိုလေးစားသွားကြသည်။
"ညီအစ်ကိုတို့... ထိတ်လန့်နေစရာ မလိုပါဘူး။ ငါက မင်းသားပဲဖြစ်ဖြစ်။ မိန်းကလေးယွင်ရဲ့ အစေခံပဲဖြစ်ဖြစ်... ဒီနေရာမှာ ရပ်နေတဲ့အချိန်ကစပြီး ငါ့ကို အမဲလိုက်တပ်ဖွဲ့ဝင်တစ်ယောက်လို့ပဲ သတ်မှတ်ပေးကြပါ။ ချန်ပိုင်... ငါတို့ ယူလာတဲ့ ဝိုင်နဲ့ အသားတွေကို ညီအစ်ကိုတွေကို ဝေပေးလိုက်စမ်း"
ယီပိုင်မင်းက ရွှင်ပျစွာ ပြုံးလျက် ပြောလိုက်သည်။ ချန်ပိုင်သည်လည်း ပြင်ဆင်လာသော စားသောက်ဖွယ်ရာများကို ချက်ချင်း ထုတ်ပေးလိုက်တော့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ စစ်သည်များ၏ ယီပိုင်မင်းနှင့် ချန်ပိုင်တို့အပေါ် ထားရှိသော အမြင်မှာ ချက်ချင်းပင် ပြောင်းလဲသွားသည်။ ဤကြမ်းတမ်းသော အမျိုးသားများအတွက် အသားနှင့် ဝိုင်ယူလာပေးသူမှာ သူတို့၏ ညီအစ်ကိုရင်းချာပင် မဟုတ်ပါလော။
ယွင်ရှန်းသည် အခြေအနေအရပ်ရပ်ကို တွေးတောချိန်ဆပြီးနောက် ဤတာဝန်ကို လက်ခံရန် ဆုံးဖြတ်လိုက်သည်။ ကိုယ်ရေးကိုယ်တာ ကိစ္စများကို ဘေးဖယ်ထားလျှင်ပင် ရွက်ခြောက်လွှာ ခရမ်းရောင်ဂျင်ဆင်းသည် သူမအတွက် အလွန်ပင် အရေးကြီးလှသည်။ ယန်ချန်းလန် ကန့်ကွက်မည်ကို စိုးရိမ်သဖြင့် ယွင်ရှန်းသည် ဟိုချင်းနိုင်ငံသို့ သွားမည့် ဤခရီးစဉ်အကြောင်းကို သူ့အား မည်သူမျှ မပြောရန် အမိန့်ထုတ်လိုက်သည်။
ယီပိုင်မင်းနှင့် ချန်ပိုင်တို့အနက် ယွင်ရှန်းသည် နောက်ဆုံးတွင် ယီပိုင်မင်း တစ်ဦးတည်းကိုသာ သူမနှင့်အတူ လိုက်ပါရန် ရွေးချယ်ခဲ့သည်။ ချန်ပိုင်ကိုမူ သူမ မရှိခိုက် အခြားတာဝန်များ ရောက်ရှိလာပါက ကိုင်တွယ်နိုင်ရန်အတွက် စခန်းတွင် ချန်ထားရစ်ခဲ့သည်။
ထို့အပြင် လော့ရှမြို့ရှိ ခရမ်းရောင်ဂျင်ဆင်း ပေါက်ရောက်ရာ ဒေသမှာ ရေဝပ်ဒေသနှင့် ရွှံ့နွံများဖြစ်ပြီး အဆိပ်ငွေ့များ ထူထပ်သော ပတ်ဝန်းကျင်ဖြစ်သောကြောင့် ကျိုးချွမ် ဦးဆောင်သော စစ်သည်အချို့ကို ရွေးချယ်ခဲ့သည်။ သူမကိုယ်တိုင်လည်း အဆိပ်အတောက်နှင့် ပတ်သက်၍ ဗဟုသုတ အနည်းငယ် လိုအပ်နေသေးသဖြင့် ချီယီကိုပါ တစ်ပါတည်း ခေါ်ဆောင်သွားရန် ဆုံးဖြတ်လိုက်သည်။
ကောင်းကင်ခရီးစဉ်တပ်ဖွဲ့သည် ဟိုချင်းနိုင်ငံသို့ သွားမည့် ဤခရီးစဉ်အတွက် အဘက်ဘက်မှ အသေအချာ ပြင်ဆင်ထားသည်။
ခရီးစတင်ထွက်ခွာမည့်နေ့တွင် ယွင်ရှန်းသည် သူမကို အလွန်အမင်း စိတ်အနှောင့်အယှက်ဖြစ်စေမည့် အရာတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။
"လူတွေ ဘယ်ရောက်ကုန်တာလဲ။ မွန်းတည့်ချိန် အရှေ့ဘက်မြို့တံခါးမှာ ဆုံကြမယ်လို့ ချိန်းထားတာကို အခုထိ အရိပ်အယောင်တောင် မမြင်ရသေးဘူး"
တစ်နာရီကျော်မျှ စောင့်ဆိုင်းပြီးနောက်တွင်မှ အရှေ့ဘက်မြို့တံခါးရှေ့၌ ဝေါယာဉ်အချို့ လာရောက်ရပ်တန့်သည်ကို တွေ့လိုက်ရသည်။ ထိုဝေါယာဉ်များကို မြင်လိုက်ရသောအခါ ယွင်ရှန်းနှင့် ယီပိုင်မင်းတို့ နှစ်ဦးလုံး မျက်ခုံးပင့်သွားကြသည်။ မဟာကျိုးမြို့တော်အတွင်း၌ ရွှေရောင်အမိုးပါသော ဝေါယာဉ်ကို အသုံးပြုရဲသူမှာ အိမ်ရှေ့မင်းသား ယီပိုင်လျန် တစ်ဦးတည်းသာ ရှိသည်။
ထင်သည့်အတိုင်းပင် ဝေါယာဉ်ကို အောက်သို့ချလိုက်သောအခါ ပထမဆုံး ဆင်းလာသူမှာ မဟာကျိုးအိမ်ရှေ့မင်းသား ဖြစ်ပြီး သူ၏နောက်တွင် အလွန်တရာ ကျော့ရှင်းလှပသော ချန်လျန်လျန် လိုက်ပါလာသည်။ နောက်ဆုံးဝေါယာဉ်အတွင်း၌မူ ထူးဆန်းသော မျက်နှာပေါက်ရှိသည့် အမျိုးသားတစ်ဦး ပါဝင်လာခဲ့သည်။
"နင်က ဘာလို့ ဒီမှာ ရှိနေတာလဲ"
ချန်လျန်လျန်သည် ဒေါင်းတစ်ကောင် အတောင်ဖြန့်သကဲ့သို့ ဝေါယာဉ်ပေါ်မှ ဆင်းလာပြီးနောက် ခန့်ညားထည်ဝါသော ယီပိုင်မင်းကို မြင်လိုက်ရချိန်တွင် သူမ၏မျက်နှာမှာ ဝမ်းသာအားရ ဖြစ်သွားသည်။
သို့သော် မကြာမီမှာပင် ယီပိုင်မင်းနှင့် ပခုံးချင်းယှဉ်ရပ်နေသော ယွင်ရှန်းကို သူမ တွေ့သွားတော့သည်။ ယီပိုင်မင်းက မှင်ကဲ့သို့ နက်မှောင်သော ဝတ်စုံကို ဆင်မြန်းထားပြီး ယွင်ရှန်းကမူ အပြာရောင် မှော်ဆရာဝတ်စုံကို ဝတ်ဆင်ထားသည်။ သူတို့နှစ်ဦး အတူတူရပ်နေသည်မှာ ဖော်ပြ၍မရနိုင်လောက်အောင် လိုက်ဖက်ညီလှသဖြင့် ဘေးပတ်ဝန်းကျင်မှ လူတိုင်း၏ အကြည့်ကို အလိုအလျောက် ဆွဲဆောင်နေတော့သည်။
ယွင်ရှန်းကို မြင်လိုက်ရသောအခါ အိမ်ရှေ့မင်းသား ယီပိုင်လျန်၏ မျက်နှာတွင် အံ့အားသင့်သွားသည့် အရိပ်အယောင် ပေါ်လာသော်လည်း ချန်လျန်လျန်၏ မျက်နှာတွင်မူ မုန်းတီးမှုများ ထင်ဟပ်သွားသည်။ သူမသည် ယုကျင်းမြို့တော်အတွင်း၌ သူမကိုယ်သူမ အထူးချွန်ဆုံး အလှပဆုံးဟု အမြဲယုံကြည်ထားသူ ဖြစ်သည်။ သို့သော် ယီပိုင်မင်းဘေးတွင် ရပ်နေသော ယွင်ရှန်း၏ပုံရိပ်က ထိုယုံကြည်မှုကို ရိုက်ချိုးလိုက်သကဲ့သို့ပင်။
ယွင်ရှန်းသည် ပထမဆုံးအကြိမ် မြင်လိုက်ရုံနှင့် ဖမ်းစားနိုင်လောက်အောင် လှပသော အမျိုးသမီးမျိုး မဟုတ်သော်လည်း သူမထံမှ ထွက်ပေါ်နေသော လစန္ဒာကဲ့သို့ တောက်ပသည့် အငွေ့အသက်နှင့် မည်သည့်အရာကိုမျှ ဂရုမစိုက်တတ်သည့် အေးစက်သော ဟန်ပန်တို့က လူတို့၏အကြည့်ကို မတွန်းလှန်နိုင်အောင် ဆွဲဆောင်နေခြင်းပင်။
အစပိုင်းတွင် ချန်လျန်လျန်သည် ယွင်ရှန်းကို မမှတ်မိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ယွင်ရှန်းသည် ကျင့်စဉ်အဆင့် တိုးတက်လာပြီးနောက် သူမ၏ ရုပ်ရည်နှင့် ခန္ဓာကိုယ်အချိုးအစားမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သောကြောင့် ဖြစ်သည်။
သို့သော် ယွင်ရှန်း၏ ခါးတွင် ထိုးထားသော မှော်တုတ်တံကို မြင်လိုက်ရသောအခါတွင်မူ သူမ မည်သူမည်ဝါဖြစ်ကြောင်း ချက်ချင်း နားလည်သွားတော့သည်။ လွန်ခဲ့သော လအနည်းငယ်ကမှ နို့နံ့မစင်သေးသော ကလေးမလေးတစ်ယောက်သည် ဤမျှတိုတောင်းသော အချိန်အတွင်း ဆွဲဆောင်မှုရှိသော အလှပရှင်တစ်ဦးအဖြစ် ပြောင်းလဲသွားလိမ့်မည်ဟု ဘယ်သူက ထင်မှတ်ထားမှာလဲ။
"ကျွန်မက ရှင်တို့ငှားထားတဲ့ အမဲလိုက်တပ်ဖွဲ့ရဲ့ ဒုတိယတပ်မှူးပဲ။ ကျွန်မ ဒီမှာ ရှိနေသင့်သလားဆိုတာက အရေးမကြီးဘူး။ အရေးကြီးတာက ရှင်တို့ကြောင့် အမဲလိုက်တပ်ဖွဲ့တစ်ခုလုံး တစ်
နာရီကျော် စောင့်နေရတာပဲ။ ရှင်တို့ တောင်းပန်သင့်တယ် မဟုတ်လား"
ယွင်ရှန်းသည် ချန်လျန်လျန်မှာ အလုပ်ရှင်ဖြစ်နေသည်ကို ဂရုမစိုက်ဘဲ ပြတ်သားစွာ ပြောလိုက်သည်။
"တကယ့်ကို ရိုင်းစိုင်းတာပဲ။ ဘယ်က အသိအလိမ္မာမရှိတဲ့ ကလေးမက အနာဂတ် အိမ်ရှေ့မိဖုရားကို စော်ကားရဲရတာလဲ"
ထိုသို့ပြောကာ အိမ်ရှေ့မင်းသား၏ အခြွေအရံများထဲမှ နှာခေါင်းချွန်ချွန်နှင့် အမျိုးသားတစ်ဦး ရှေ့သို့ ထွက်လာသည်။
ထိုသူ၏အမည်မှာ ဝူရှုံဖြစ်ပြီး သူ စကားပြောနေစဉ်တွင် သူ၏လက်၌ စွပ်ထားသော သားရဲဆင့်ခေါ်သူလက်စွပ်ကို တမင်သက်သက် ပွတ်သပ်ပြနေသည်။ သူ၏မျက်နှာမှာလည်း ထောင်လွှားမှုများဖြင့် ပြည့်နှက်နေတော့သည်။
မဟာကျိုးမြို့တော်အတွင်း၌ သားရဲဆင့်ခေါ်သူများမှာ အလွန်ပင် ရှားပါးလှပြီး ဝူရှုံကိုယ်တိုင်မှာ အဆင့်မြင့် သားရဲဆင့်ခေါ်သူတစ်ဦး ဖြစ်သည်။ သူသည် မူလက မဟာကျိုးနိုင်ငံသား မဟုတ်ဘဲ သားရဲဆင့်ခေါ်သူများ ပေါများလှသော ဖုန်လိုင်နိုင်ငံမှ လာသူဖြစ်သည်။ ထိုနိုင်ငံတွင်မူ သူသည် သာမန်အဆင့်ရှိသူတစ်ဦးအဖြစ်သာ သတ်မှတ်ခံရပြီး မိသားစုအတွင်း၌လည်း အရေးပေးခြင်း မခံခဲ့ရပေ။
ထို့ကြောင့် သူသည် စိတ်ပျက်လက်ပျက်ဖြင့် မဟာကျိုးမြို့တော်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ တိုက်ဆိုင်စွာပင် အိမ်ရှေ့မင်းသားအိမ်တော်က လူခေါ်နေချိန်နှင့် တိုးသဖြင့် ဝူရှုံသည် သားရဲဆင့်ခေါ်သူတစ်ဦးအဖြစ် အထူးအခွင့်အရေးများ ရရှိကာ ခိုလှုံခွင့်ရခဲ့သည်။ ဝူရှုံသည် အိမ်ရှေ့မင်းသားအိမ်တော်သို့ ရောက်ရှိခဲ့သော်လည်း ထင်ရှားကျော်ကြားရန် အခွင့်အရေး မရခဲ့ပေ။
အိမ်ရှေ့မင်းသားသည် ဟိုချင်းနိုင်ငံသို့ လျှို့ဝှက်သွားရောက်ရန် စီစဉ်နေကြောင်း သိလိုက်ရသောအခါ သူသည် လော့ရှမြို့သို့ ရောက်ဖူးသည်ဟု အကြောင်းပြကာ အိမ်ရှေ့မင်းသား၏ စိတ်ကြိုက်ဖြစ်အောင် ဤအခွင့်အရေးကို အရယူခဲ့ခြင်းဖြစ်သည်။ အိမ်ရှေ့မင်းသား ယီပိုင်လျန်သည် လျှို့ဝှက်ခရီးစဉ်ဖြစ်သဖြင့် လူအများအပြား မခေါ်ရဲပေ။ အရိပ်အယောင်ပြ အစောင့်အရှောက်အချို့အပြင် မှော်ဆရာနှစ်ဦးနှင့် သားရဲဆင့်ခေါ်သူ ဝူရှုံတို့ကိုသာ ခေါ်ဆောင်လာခဲ့သည်။
ဝူရှုံ၏ စကားပင် မဆုံးသေးမီမှာပင် သူ၏မျက်နှာထက်သို့ လက်ဝါးရိုက်ချက်တစ်ခု ကျရောက်လာပြီး သူသည် လွင့်ထွက်သွားတော့သည်။ လူအုပ်ကြီးမှာ သူတို့၏မျက်နှာပေါ်သို့ အေးမြသော လေညင်းတစ်ခု ဖြတ်ပြေးသွားသလိုသာ ခံစားလိုက်ရပြီး နောက်တစ်ခဏတွင်မူ ဝူရှုံမှာ ဝူးခနဲ အသံနှင့်အတူ ပျောက်ကွယ်သွားတော့သည်။
"ဘယ်သူလဲ။ ငါ့လို သခင်မျိုးကို ဘယ်သူက ရိုက်ရဲတာလဲ"
ဝူရှုံမှာ သူ့ကို မည်သူက ရိုက်လိုက်သည်ကို လုံးဝ မမြင်လိုက်ရပေ။ အမှန်စင်စစ် ယွင်ရှန်းမှလွဲ၍ ကျန်ရှိသောသူများမှာလည်း မည်သူက လက်ဦးမှုယူလိုက်သည်ကို ရှင်းရှင်းလင်းလင်း မမြင်လိုက်ကြပေ။
"ငါ ရိုက်လိုက်တာ။ ဘာဖြစ်လဲ... မင်းက ပြန်ရိုက်ချင်လို့လား"
အေးစက်လှသော ထိုအသံကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး၏ အပူချိန်မှာ ရုတ်တရက် ရေခဲမှတ်အောက်သို့ ကျဆင်းသွားသကဲ့သို့ ခံစားလိုက်ရတော့သည်။