← Chapters

မီးဓာတ်တာအိုပုံစံ

Vol. 41 Ch. 557

မီးဓာတ်တာအိုပုံစံ

Vol. 41 Ch. 557

ယာ့ဇီသားရဲက ခရီးဆက်တော့သည်။ ယခုအခေါက်တွင် ကျန်းရီက ကျန်းရှောင်နူ၏ တည်ရှိမှုဖြင့် အရှင်သခင် တစ်ပါးသဖွယ် မပြုမူတော့ပေ။ သူက ကျန်းရှောင်နူ၏ရှေ့တွင် တင်ပျဉ်ခွေ ချိတ်ထိုင်လိုက်ပြီးနောက် ဖုန်းလန်နှင့် ချင်ယွီကမူ နောက်တွင်ထိုင်ပြီး တိတ်တဆိတ် စကားပြောနေကြ၏။

ကျန်းရီက ကျန်းရှောင်နူကို အထီးကျန် အရှေ့ပိုင်းပင်လယ်နှင့် ဖီးနစ်အော်သံ နယ်မြေတစ်လျှောက် အဖြစ်အပျက်များကို ရှင်းပြခဲ့ပြီးဖြစ်သည်။ ဖုန်းလန်နှင့် ချင်ယွီကို လုံလောက်အောင် မျက်နှာသာပေးပြီးဖြစ်ကာ သူတို့က သူတို့၏ဝိညာဉ်ကျွန်များ ဖြစ်သည်ဆိုသည့်အချက်ကို ထည့်မပြောခဲ့ပေ။ ထိုအစား သူတို့နှစ်ယောက်က သူ့နောက်သို့ လိုက်ပါလာသည်ဟုသာ ဆိုခဲ့တာပဲဖြစ်သည်။ ဖုန်းလန်နှင့်ချင်ယွီသည် ထိုအချက်ကြောင့် ကျေးဇူးတင်မိသော်ငြားလည်း သူတို့က ရှက်ရွံ့မှုကို ခံစားမိ၏။

ကျန်းရှောင်နူက ကျန်းရီဘေးတွင်ထိုင်ပြီး ဂရုတစိုက် နားထောင်နေသည်။ ကျန်းရီက သူ၏ရန်သူများ အလိုက်ခံရသည့်အပိုင်းကို ပြောနေချိန်တွင် သူမ၏ဂါဝန်စကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး သူမမျက်နှာထားက စိုးရိမ်ပူပန်မှုအဖြစ် ပြောင်းလဲသွားကာ အသက်ရှုနှုန်းက ဗရမ်းဗတာ ဖြစ်လာတော့သည်။ ကျန်းရီသည် ကို့ယို့ကားယားနိုင်သော အခြေအနေ ရှိခဲ့ကြောင်း ကြားသည့်အချိန်တွင် သူမမျက်နှာတွင် ပျော်ရွှင်မှုတို့ ပြည့်သွား၏။ ကျန်းရီက ရေသူနတ်ဆိုး ဧကရာဇ်ကို မဟူရာဖီးနစ် ရေအိုင်ဘေး၌ သတ်ဖြတ်ခဲ့ပုံကို ဖော်ပြချိန်တွင် သူမက စိတ်လှုပ်ရှားမှု့ကြောင့် လက်သီးဆုပ်မိသွားသည်။

“သခင်မလေးရှောင်နူက သိပ်ချစ်ဖို့ကောင်းတာပဲ သခင်လေးကသူ့ကို ဒီလောက်အလိုလိုက်တာ အံ့သြစရာ မရှိဘူးပဲ”

ရှောင်နူ၏ သိလိုစိတ်နှင့် အပြစ်ကင်းသော မျက်ဝန်းများကိုကြည့်ပြီး ဖုန်းလန်က ခပ်ဖျော့ဖျော့ပြုံးကာ ချင်ယွီကိုပြောလိုက်၏။ ချင်ယွီက ခေါင်းညိတ်လိုက်သည်။ ယခုဆို သူမသည်လည်း ရှောင်နူကို အတော်သဘောကျသွားပြီဖြစ်သည်။ ရှောင်နူက သန့်စင်ပြီး အပြစ်ကင်း၏။ ထို့အပြင် သူမ၏ခွန်အားက နုနယ်သည့်တိုင် အစွမ်းထက်သော မိန်းကလေးကို သဘောမကျသည့်သူ ရှိမှာမဟုတ်ပေ။

ယာ့ဇီသားရဲသည် အလင်းစီးကြောင်းအဖြစ် အသွင်ပြောင်းပြီးနောက် ရှေ့သို့ဆက်လက် ပျံသန်းသွား၏။ ကျန်းရှောင်နူ၏ ဆည်းလည်းသံကဲ့သို့ ရယ်မောသံက လမ်းတောက်လျှောက် ပဲ့တင်သံထပ်နေရာ ကျန်းရီ၏ စိတ်အခြေအနေကို ကောင်းမွန်စေတော့သည်။

ကျန်းရီနှင့်အဖွဲ့က ယခုဆို လျန်ထိုက်ရန်နယ်မြေ၏ အရှေ့ဘက်ကို ရောက်နေပြီဖြစ်သည်။ သူတို့က ဦးတည်ရာကို ပြောင်းလဲပြီး မြောက်ဘက်ဆီသို့ ဆက်လက်ပျံသန်းသွား၏။ နေ့အချိန် အတောအတွင်း သူတို့က အကောင်းဆုံးကြိုးစားပြီး ခရီးနှင်သည်။ ကောင်းကင်က မှောင်လာချိန်၌ သူတို့ကညတွင် အနားယူရန်အတွက် ကျွန်းစုအချို့ကို ရှာမှာပဲဖြစ်သည်။ သူတို့အတွက် ကံကောင်းသည်က သူတို့က ခပ်တိမ်တိမ် သမုဒ္ဒရာဒေသနှင့် နီးနေသောကြောင့် ကျွန်းစုများစွာ ရှိပေ၏။ အဆင့်မြင့် ပင်လယ်နတ်ဆိုးများ မရှိချေ။ ထို့ကြောင့် သူတို့သည် ထိုရက်အချို့ကို ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ကုန်ဆုံးနိုင်ခဲ့သည်။

သူတို့သည် ဖီးနစ်အော်သံ နယ်မြေမှ ထွက်လာခဲ့တာ ဆယ်ရက်ကျော်ကြာပြီဖြစ်ကာ သိုင်းခန်းမမှ လာနေသော ကောင်းကင်အဆင့် သိုင်းပညာရှင်များ မရှိသေးပေ။ ထိုအချက်ကို သူတို့မအံ့သြခဲ့ပေ။ သိုင်းခန်းမအဖို့ စာရပြီးသူတို့၏ ကျွမ်းကျင်သူများကို ပို့ရန်အတွက် မည်သည့်နည်းနှင့်မဆို အချိန်လိုအပ်ပေလိမ့်မည်။ ထို့အပြင် ပင်လယ်က ကျယ်ဝန်းပြီး အကန့်အသတ်မဲ့၏။ ကောင်းကင်ဧကရာဇ်အဆင့် သိုင်းပညာရှင်များ မည်မျှမြန်ဆန်စေကာမူ သူတို့က မနားမနေ တစ်နေကုန် ခရီးနှင်လျှင်တောင် အင်မတန် ကံကောင်းမှုမျိုး မရှိလျှင် သူတို့ရှိသည့်နေရာကို ရှာတွေ့မှာမဟုတ်ချေ။

ဖုန်း ဖုန်း ဖုန်း

သုံးရက်တိုင်တိုင် ပျံသန်းပြီးနောက် ပေါက်ကွဲသံတစ်သံက နေ့အချိန်တွင် သူတို့၏ အရှေ့အရပ်ဆီမှ ပေါ်ထွက်လာရာ မှော်စွမ်းအင်ကျင့်စဉ်ကို နားလည်သဘောပေါက်အောင် ပြင်ဆင်နေသည့် ကျန်းရီက နိုးလာတော့၏။ သူကပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်ရာ ဖုန်းလန်၊ချင်ယွီနှင့် ရှောင်နူတို့က မြောက်အရပ်ဆီသို့ တက်ကြွစွာ ကြည့်နေတာကို တွေ့လိုက်ရ၏။ သို့သော် မကြာမီ၌ စိတ်အေးသွားလေသည်။

ကျန်းရီလည်းကြည့်ပြီး စိတ်အေးသွားသည်။ သူတို့ရှေ့တွင် တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်နေသည်က အစွမ်းထက် သိုင်းပညာရှင်များ မဟုတ်ပေ။ မီးတောင် ပေါက်ကွဲမှုတစ်ခုသာ ဖြစ်ပေ၏။ ကီလိုမီတာရာချီ အကွာကနေ ကြီးမားသောမီးတောင်က တုန်လှုပ်လာပြီး ပူပြင်းသော အနီရောင် ချော်ရည်များက ကောင်းကင်ကို နီရဲသွားစေတော့၏။ အဖြူရောင် အငွေ့များစွာကလည်း မီးတောင်ဝမှ ထွက်ပေါ်လာတော့သည်။ ပြင်းထန်သော ကပ်တဲ့အနံ့ကလည်း ပူပြင်းသော ပင်လယ်လှိုင်းများနှင့်အတူ သူတို့ဆီ လွင့်ပါလာ၏။

“အံ့သြဖို့ကောင်းလိုက်တဲ့ မြင်ကွင်းပဲ” ကျန်းရှောင်နူက အံ့သြနေ၏။ သူမသည် ထိုကဲ့သို့ သဘာဝလောကကြီး၏ အံ့သြဖွယ်ကောင်းသည့် မြင်ကွင်းကို တစ်ခါမှ မမြင်ခဲ့ဖူးပေ။ သူမက မီးတောင်ပေါက်ကွဲမှုကို ကြည့်နေစဉ်တွင် မျက်ဝန်းထဲ၌ သိလိုစိတ်တို့ ပြည့်နေသည်မှာ အလွန်အပြစ်ကင်းပြီး သန့်စင်၏။ ရှားထင်ဝေ့ကို တစ်ချက်ထဲဖြင့် စုတ်ဖြဲခဲ့သော သတ်ဖြတ်ခြင်း နတ်ဘုရားနှင့် တစ်စက်မှမတူပေ။

ဖုန်းလန်နှင့်ချင်ယွီကြောင့် မီးတောင်ကြား စမခံရပေ။ သူတို့နှစ်ဦးလုံးက အထက်တန်းလွှာများ ဖြစ်တာကြောင့် ထိုကဲ့သို့ ကိစ္စများကို ကြုံတွေ့နေကြဖြစ်သည်။ ထိုအစား စူးရှသည့်အနံ့ကြောင့် မသက်မသာ ဖြစ်လာကြသည်။

“သွားကြမယ် သွားကြမယ် ဒီနေရာက အနံ့ကပြင်းလွန်းတယ်” ချင်ယွီက ရေရွတ်ပြောလိုက်၏။

“အသက်အောင့်ထားလိုက် ယာ့ဇီသားရဲ အနားသွားပြီး ကြည့်ကြရအောင်”

ကျန်းရီက မီးတောင်ပေါက်ကွဲမှုကို စိတ်ဝင်စားစွာ ကြည့်နေသော ရှောင်နူကို စိတ်မပျက်စေချင်ပေ။ ထို့ကြောင့် ယာ့ဇီသားရဲကို မီးတောင်နားသို့ ကပ်သွားခိုင်းလိုက်၏။

မီးတောင်ပေါက်ကွဲမှုက အမှန်တကယ် အံ့သြဖွယ်ကောင်းသည်။ မီးခိုးငွေ့များစွာက ပေါ်ထွက်လာပြီး ကောင်းကင်ကို အပြည့်လွှမ်းမိုးသွား၏။ ချော်ရည်များက မီးတောင်ဝမှဆက်တိုက် ထွက်ပေါ်လာပြီးနောက် မီးတောင်၏ မျက်နှာပြင်ပေါ် တိုက်စားသွားကာ လမ်းတောက်လျှောက်ရှိ သစ်ပင်တို့ကို လောင်ကျွမ်းဖျက်ဆီးသွားလေ၏။ ပြီးနောက် ပင်လယ်ထဲဝင်သွားသည်နှင့် ပင်လယ်ရေများစွာက ငွေ့ရည်ပျံပြီး ကောင်းကင်ထဲသို့ တက်သွားလေ၏။

မီးတောင်နားရှိ ပင်လယ်ရေတို့က ဆူပွက်နေပြီး မရေမတွက်နိုင်သည့် ပင်လယ်နတ်ဆိုးများ၊ ငါးနှင့် ပင်လယ်နေ သတ္တဝါများက ပင်လယ်ရေပူပူကြောင့် အချက်ပြုတ်မခံရစေရန် အမြန်ထွက်ပြေးကြတော့သည်။

ယာ့ဇီသားရဲက လေထဲတွင် ကိုယ်ဖော့လျှက် မီးတောင်နှင့် ကီလိုမီတာ သုံးထောင်အကွာ၌ ရပ်တန့်လိုက်တော့သည်။ ကျန်းရှောင်နူက မီးတောင်ဝမှ ပေါ်ထွက်လာသော ချော်ရည်များကို မြင်သည့်အချိန်တွင် ပျော်ရွှင်နေတော့သည်။

“ဝိုး ဝိုး” သူမက စိတ်လှုပ်ရှားစွာ အော်နေလေ၏။ သူမမျက်ဝန်းတို့က ကြယ်ပွင့်များပမာ လှပနေပြီး သူမအပြုံးက ပန်းပွင့်တစ်ပွင့် ဖူးပွင့်သည့်ပမာ လှပနေချေတော့သည်။

ဖုန်းလန်နှင့်ချင်ယွီက အသက်အောင့်ထားပြီး သူတို့သည် မီးတောင်နှင့် အတော်ဝေးနေသေးပြီး အပူချိန်က သိပ်မမြင့်ပေ။ သူတို့အဖို့ မီးတောင်ပေါက်ကွဲမှုက သူတို့အဝတ်အစားများကို ညစ်ပတ်စေသော ဖုန်များသည် လေများထုတ်လွင့်ခြင်းသာဖြစ်သည်။ ပြီးမှ သူတို့အဝတ်အစားများကို သန့်စင်ရန်အတွက် နေရာတစ်နေရာ ရှာရန်လိုအပ်သည်။ မည်သည့်နည်းနှင့်မဆို ကျန်းရီကိုသူတို့ မဆန့်ကျင်ရဲချေ။

“ခွီး ခွီး သားရဲမျိုးနွယ်နယ်မြေက ပိုတောင် ပျော်ဖို့ကောင်းတာပဲ အဲ့ဒီမှာ သားရဲလူသားတွေ ရှိတယ်လို့ လူတွေကပြောကြတယ် အချိန်တချို့ ကျင့်ကြံဖို့မလိုဘူး ငါ့နောက်ကလိုက်ခဲ့ အပြင်လောကကို မြင်တွေ့ရအောင် ခေါ်သွားပေးမယ်”

ကျန်းရီကပြုံးပြီး ကျန်းရှောင်နူကို ပြောလိုက်သည်။ ကျန်းရှောင်နူ အလွန်ပျော်ရွှင်နေတာ မြင်သည့်အချိန်တွင် သူပျော်ရွှင်မိ၏။ မီးတောင်ကိုလည်း ငုံ့ကြည့်ပြီးနောက် မီးတောင်ပေါက်ကွဲမှုက သူထိပ်ကနေ ကြည့်နေချိန်တွင် အလွန်အံ့မခန်း မြင်ကွင်းဖြစ်ကြောင်း ဝန်ခံရမှာပဲဖြစ်သည်။

ကျွီ ကျွီ

ပင်လယ်မျက်နှာပြင်ပေါ်သို့ မီးတောင်ချော်ရည်များ ကျဆင်းလာချိန်တွင် အနီးအနားဝန်းကျင်ရှိ ပင်လယ်ရေတို့က ဆူပွက်လာကာ ရေငွေ့ပျံမှုတို့က ဒေသတစ်ခုလုံး ပျံနှံ့သွား၏။ မီးတောင်၏ မျက်နှာပြင်ပေါ်ရှိ လောင်ကျွမ်းနေသော သစ်ပင်များနှင့် အသက်အတွက် ရုန်းကန်နေရသော ပင်လယ်နတ်ဆိုးများကိုကြည့်ပြီး ကျန်းရီက သဘာဝမီး၏ ဖြုံလောက်ဖွယ်ကောင်းမှုကို အံ့သြနေပေသည်။

ဆိုရိုးစကားတွေအတိုင်း မီးပွင့်တစ်ခုက မြက်ခင်းပြင်ကို မီးလောင်စေ၏။

“မီးက အမှန်တကယ် အစွမ်းထက်တယ် ကောင်းကင်ဧကရာဇ်ကိုတောင် မီးမြှိုက်နိုင်တယ်”

ကျန်းရီက မီး၏စွမ်းအားကို ကောင်းစွာသတိပြုမိသည်။ သူကကောင်းကင်ဧကရာဇ်၏ အုတ်ဂူမှ မီးဝိညာဉ်ပုလဲကို ရရှိချိန်မှစပြီး မီးနှင့်ချည်နှောင်ခဲ့ပြီးဖြစ်သည်။ သူက မရေမတွက်နိုင်သည့် ရန်သူများနှင့် သန်မာသော သိုင်းပညာရှင်များစွာကို မီးမျိုက်ရန်အတွက် မီးကိုအသုံးပြုခဲ့သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်တုန်းက သူသည် ရေသူနတ်ဆိုးဧကရာဇ်နှင့် ခြင်္သေ့ချည် ဧကရာဇ်ကို သူသန့်စင်ထားသော တမလွန်လောက တစ္ဆေမီးလျံများဖြင့် ပြင်းပြင်းထန်ထန် ထိခိုက်အောင် ပြုလုပ်ခဲ့သည်။ အနည်းဆုံးတော့ ကောင်းကင်ကြယ်တာရာ နယ်မြေအတွင်းနှင့် ဖီးနစ်အော်သံ နယ်မြေထဲ၌ ထိပ်တန်းမီးသိုင်းပညာရှင်နေရာတွင် သူသေချာပေါက် ရှိပေ၏။

“ဖြုံလောက်တာလား ဒါပေါ့ မီးကအရာအားလုံးကို ရှို့ပစ်နိုင်တယ် သစ်ပင်တွေ ပန်းပင်တွေကို မီးရှို့ပြီး ရွံ့မြေတွေကို အရည်ဖြစ်စေပြီး သတ္ထုတွေကို အရည်ပျော်စေတယ် ရေတွေကို ငွေ့ရည်ပျံစေတယ် မီးကဒြပ်စင်ငါးမျိုး သတ္ထု၊သစ်သား၊ ရေမီးနဲ့ မြေဓာတ်ထဲမှာ အလွှမ်းမိုးနိုင်ဆုံးပဲ ပြီးတော့ ကြောက်စရာ အကောင်းဆုံးလည်းဟုတ်တယ် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်တယ် ကောင်းကင်ကိုတောင်”

ကျန်းရီ၏မျက်လုံးက သူတွေးနေစဉ် တလက်လက် တောက်ပလာတော့၏။ ပြီးနောက် သူက မျက်လုံးမှိတ်ကာ တင်ပျဉ်ခွေချိတ်ထိုင်ရန် ဆုံးဖြတ်လိုက်တော့သည်။ သူ၏ခန္ဓာကိုယ်မှ အပူများ ထွက်ပေါ်လာပြီး အနီရောင်အလင်းဖြင့် အနည်းငယ် တောက်ပလာလေ၏။

“အမ်” ကျန်းရီ၏ ထူးဆန်းသော အပြုအမူက ဖုန်းလန်နှင့် ကျန်သည့်သူများကို ထိတ်လန့်အံ့အားသင့်သွားစေသည်။ ထိတ်လန့်ပြီး အော်တော့မည့် ကျန်းရှောင်နူကို သတိပြုမိသည့်အခါ ဖုန်းလန်က သူမပါးစပ်ကိုပိတ်ပြီး ချက်ချင်းတားလိုက်၏။

“သခင်မလေးရှောင်နူ မအော်လိုက်နဲ့ ကျွန်မတို့ရဲ့ သခင်လေးက အခုရုတ်တရက် နားလည်သဘောပေါက်မှုကို ရလာခဲ့တာကြောင့် ခုနတုန်းက မီးဓာတ်တာအိုပုံစံတစ်မျိုးကို သဘောပေါက်သွားတာ သေချာတယ်၊ အခုနိုးလိုက်ရင် သူရဲ့ကြိုးစားအားထုတ်မှုတွေအားလုံး အချည်းနှီး ဖြစ်သွားလိမ့်မယ်” ဖုန်းလန်က ညင်သာစွာ ပြောလိုက်သည်။

“အော်” ကျန်းရှောင်နူက သူမပါးစပ်ကို အမြန်ပိတ်လိုက်ပြီး ဆူညံသံ မထွက်ရဲတော့ချေ။ ရှောင်နူဘေးတွင်ရပ်နေသည့် ချင်ယွီက ကျန်းရီကို တအံ့တသြ တလေးတစား ကြည့်နေမိ၏။ သူက မီးတောင်ပေါက်ကွဲတာကို ကြည့်ရုံနဲ့ ဉာဏ်အလင်း ပွင့်သွားတယ်လား။ သူ့သဘောပေါက်မှုက လွယ်လိုက်တာ။

တာအိုပုံစံတစ်ခုကို နားလည်သဘောပေါက်အောင် ဆင်ခြင်ဖို့က ဒီလောက်လွယ်တယ်လား။

အဖြေကတော့ သေချာပေါက် မဟုတ်ပေ။ သန်မာသည့် သိုင်းပညာရှင်များစွာက စိတ်ဝိညာဉ် မျောလွင့်နယ်ပယ် အမြင့်ဆုံးအဆင့်၌ ပိတ်မိနေပြီး နောက်တစ်ဆင့်သို့ မတက်နိုင်ရသည့် အကြောင်းအရင်းမှာ တာအိုပုံစံများကို နားလည်သဘောပေါက်အောင် ဆင်ခြင်ရာ၌ အခက်အခဲများကြောင့် ဖြစ်ပေ၏။ ယင်းက ပါရမီ လိုအပ်ရုံသာမက စိတ်ဝိညာဉ်ကလည်း နားလည်သဘောပေါက်မှုကို အမိဖမ်းနိုင်သည့် အခြေအနေတွင် ရှိရမည်။ အခွင့်အရေး မရှိလျှင် ကံမကောင်းလျှင် ပါရမီထူးလျှင်တောင် ထိုလူ၏ တစ်ဘဝလုံး၌ နားလည်သဘောပေါက်မှုတောင် ရှိလာမှာမဟုတ်ပေ။

ဖုန်းလန်နှင့် သူမက နှစ်ယောက်လုံးက ငယ်ရွယ်သည်။ သူမက အသက်နှစ်ဆယ် မပြည့်သေး။ ဖုန်းလန်က အသက်နှစ်ဆယ် ကျော်ခါစသာ ရှိသေးသည်။ သူတို့နှစ်ယောက်လုံးတွင် အစွမ်းထက်သော ခွန်အားရှိ၏။ သို့သော် ခွန်အားက ဘိုးဘေးများဆီမှ လာတာဖြစ်သည်။ သူတို့ဘိုးဘေးများထံမှ စိတ်ဝိညာဉ် တာအိုအက်ကွဲမှုပုံစံမရှိဘဲ သူတို့ကယခုဆို ဗာဂျရာနယ်ပယ်တောင် ရောက်မှာမဟုတ်ပေ။

သူတို့နှစ်ဦးလုံးက ကျန်းရီ၏ ခန္ဓာကိုယ်ထဲရှိ ရှုပ်ထွေးနေသော ဒန်တန်ကို သတိပြုမိပြီး ကျန်းရီ၏ ပုံမှန်မဟုတ်သော လူသားခန္ဓာကိုယ် ဖွဲ့တည်ပုံကိုလည်း အာရုံခံမိကြသည်။ တစ်နည်းဆိုရလျှင် ကျန်းရီက ကောင်းကင်ကျောက်တုံးများစွာကို သန့်စင်ခဲ့တာ သေချာနေပေ၏။ အမှန်တကယ်တွင် သူတို့သည်လည်း ကောင်းကင်ကျောက်တုံးများစွာကို သန့်စင်ခဲ့ရာ သူတို့၏ခန္ဓာကိုယ် ဖွဲ့စည်းပုံကို ပျက်ဆီးစေတော့သည်။ သို့သော် သူတို့က အစကတည်းက စိတ်ဝိညာဉ် တာအိုပုံစံ အက်ကွဲမှုကို သန့်စင်ခြင်းကိုသာ အားကိုးရန် ဆုံးဖြတ်ခဲ့သောကြောင့် ခွန်အားထပ်တိုးဖို့ကို မမျှော်လင့်ထားချေ။ ကျန်းရီကမူ သူ၏ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံကို ပြန်ပြင်ရန်အတွက် နဂါးညှိုးရော် မြက်ပင်ကို မရှာနိုင်ခဲ့လျှင် တူညီသည့် အခြေအနေနှင့် ကြုံတွေ့ရမှာပဲဖြစ်သည်။

ကျန်းရီ၏ခန္ဓာကိုယ် ဖွဲ့စည်းပုံက သူတို့ထက်အနည်းငယ် ကောင်းနေသေး၏။ သူက တာအိုပေါင်းစည်းမှုအချို့ကို ဆက်တိုက် သဘောပေါက်နေသောကြောင့် ဖြစ်သည်။ သူကနဂါးညှိုးရော် မြက်ပင်ကို ရှာတွေ့ပြီး သူ၏အတွင်းအားကို ကျင့်ကြံနိုင်ခဲ့လျှင်တောင် သူမည်မျှ အစွမ်းထက်လာမည်မှန်း မည်သူမှ သိနိုင်မှာမဟုတ်ပေ။

ဆိုရလျှင်သူက မီးတောင်ပေါက်ကွဲမှုကို ကြည့်ရုံဖြင့် ချက်ချင်းပင် နားလည်သဘောပေါက်မှုကို ရသွားသည့် လူတစ်ဦးဖြစ်သည်။

***

All Chapters