← Chapters

အခန်း (၂၂၃)

Vol. 22 Ch. 223

အခန်း (၂၂၃)

Vol. 22 Ch. 223

အပြာရောင်တိမ်တိုက်ဂိုဏ်း၏ အရုဏ်ဦးသည် ပုံမှန်ထက် ပိုမိုသက်ဝင်လှုပ်ရှားနေသည်။ တပည့်များမှာ ဂိုဏ်းဝင်းအတွင်း၌ အနီရောင်ပိုးထည်နဖူးစည်းများ ဝိညာဉ်ပန်းများနှင့် အလှဆင်မီးအိမ်များကို ကိုင်ဆောင်ကာ ဟိုဟိုဒီဒီ အပြေးအလွှား သွားလာနေကြသည်။

အတတ်ပညာသင်ကျောင်းဆောင်ကြီးမှာမူ လုံးဝဥဿုံ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ကျယ်ဝန်းလှသော စက်ဝိုင်းပုံ ရင်ပြင်အလယ်တွင် ဗဟိုပလ္လင်တစ်ခုကို ထားရှိပြီး ၎င်းကို ဝန်းရံကာ သက်သောင့်သက်သာရှိသော ထိုင်ခုံတန်းများကို စနစ်တကျ စီစဉ်ထားရှိသည်။

ပလ္လင်တော်ကို ကျောက်စိမ်းဖြူဖြင့် ထွင်းထုထားပြီး စက္ကန့်အနည်းငယ်ခြားတိုင်း ရွှေရောင်အလင်းတန်းများ မှိတ်တုတ်မှိတ်တုတ် ထွက်ပေါ်နေသော ဝိညာဉ်ပန်းများဖြင့် အလှဆင်ထားသည်။ နန်းဆောင်တစ်ခုလုံးတွင်လည်း အနီရောင် ပိုးထည်အမိုးအကာများကို ချိတ်ဆွဲထားရာ မင်္ဂလာပွဲ၏ အရှိန်အဝါကို ပေါ်လွင်စေသည်။

ဖီးနစ်အဆင့်တက်နန်းဆောင်အတွင်း၌မူ အကြီးအကဲဟွမ်သည် ကြေးမှန်ရှေ့တွင် ထိုင်နေပြီး အမျိုးသမီးတပည့်တစ်စုက သူမ၏ အလှအပအတွက် အလုပ်ရှုပ်နေကြသည်။ သူမ၏ မင်္ဂလာဝတ်စုံမှာ ခမ်းနားထည်ဝါလှသည်ရွှေရောင်ဖီးနစ်ရုပ်ပုံများ ထိုးထားသည့် အနီရဲရဲ ပိုးထည်ဝတ်စုံကြီးဖြစ်ပြီး ၎င်းကို ဝိညာဉ်ပိုးချည်ဖြင့် ရက်လုပ်ထားသဖြင့် လောကပြင်ပမှ အရာတစ်ခုကဲ့သို့ တဖျတ်ဖျတ် တောက်ပြောင်နေသည်။

"အကြီးအကဲဟွမ် ခဏလေး ငြိမ်ငြိမ်နေပေးပါဦးရှင့်"

တပည့်မလေးတစ်ဦးက ပြောရင်း သူမ၏ ဆံနွယ်များကြားတွင် ကျောက်စိမ်းတန်ဆာများကို ဂရုတစိုက် ဆင်မြန်းပေးနေသည်။

အကြီးအကဲဟွမ်က ပြုံးလိုက်သော်လည်း သူမ၏ လက်များမှာ အနည်းငယ် တုန်ယင်နေသည်။ သူမသည် ရင်ခုန်စိတ်လှုပ်ရှားနေသလို တစ်ဖက်တွင်လည်း ဤနေ့ရက် ရောက်ရှိလာခြင်းအတွက် အလွန်ပင် ဝမ်းသာနေမိသည်။

နောက်ဆုံးအဆင့်အဖြစ် ပါးလွှာသော အနီရောင် ဝိညာဉ်ပိုးခြုံလွှာကို သူမ၏ မျက်နှာထက်သို့ ချလိုက်သောအခါ အကြီးအကဲဟွမ်သည် အသက်ကို ပြင်းပြင်းရှူကာ သူမကိုယ်သူမ အဆင်သင့်ဖြစ်အောင် ပြင်ဆင်လိုက်တော့သည်။

တစ်ချိန်တည်းမှာပင် တောင်နှလုံးသားနန်းဆောင်၌လည်း အကြီးအကဲကောင်းမှာ ပြင်ဆင်နေသော်လည်း အမျိုးသမီးများလောက်တော့ မရှုပ်ထွေးပေ။ သူ၏ ဝတ်စုံမှာ ငွေရောင်နဂါးပုံဖော်ထားသည့် အပြာရင့်ရောင် ပိုးထည်ဝတ်စုံ ဖြစ်သည်။ ပုံမှန်အားဖြင့် ယုံကြည်ချက်ရှိလှသော သူ၏ အမူအရာနောက်ကွယ်တွင် စိုးရိမ်စိတ်အချို့ ဖုံးကွယ်နေသည်ကို မည်သူမဆို မြင်နိုင်ပေသည်။

"ဆရာ... ကြောက်နေဖို့ မလိုပါဘူးဗျာ"

ရှန်းယွီက ဆရာဖြစ်သူ၏ အပေါ်ဝတ်ရုံကော်လာကို ပြင်ပေးရင်း ပြုံးစစဖြင့် ပြောလိုက်သည်။

"ကြောက်တယ် အဲဒါ ဘာလဲ ဒီအဖိုးကြီးက တစ်ခါမှ မကြားဖူးပါဘူး"

အကြီးအကဲကောင်းက မာန်တင်းကာ ပြောလိုက်သည်။ ရှန်းယွီကတော့ ပြုံးနေမိသည်။

ဒီမြေခွေးအိုကြီးကတော့ ဒီအချိန်ထိ ဟန်ဆောင်နေတုန်းပါလား။

နံနက်ခင်း၏ အလယ်ပိုင်းသို့ ရောက်သောအခါ ဧည့်သည်တော်များ စတင်ရောက်ရှိလာကြတော့သည်။

မျှော်လင့်ထားသည်ထက် ပိုမိုများပြားသော လူအုပ်ကြီး ရောက်ရှိလာခဲ့သည်။ ဂိုဏ်းကြီးငါးဂိုဏ်းမှ ဂိုဏ်းချုပ်ကိုယ်တိုင် ဦးဆောင်သည့် ကျင့်ကြံသူများပင် ရောက်ရှိလာကြရာ ရှန်းယွီကတော့ ဤလူများမှာ မျက်နှာလိုမျက်နှာရလုပ်ရန် ရောက်လာကြခြင်းဖြစ်မည်ဟုသာ တွေးနေမိသည်။

သူကတော့ ထိုအချက်ကို ဂရုမစိုက်ပေ။

ဧည့်သည်တော်များ အထူးသဖြင့် အဆင့်မြင့်ကျင့်ကြံသူများ မျက်နှာမပျက်ရလေအောင် ဥက္ကဋ္ဌချုပ် လျူချင်း ဦးဆောင်သော အတတ်ပညာကျောင်းခွဲအသီးသီးမှ ဥက္ကဋ္ဌများကို နေရာထိုင်ခင်းနှင့် အထွေထွေကိစ္စရပ်များတွင် ကူညီပေးရန် ရှန်းယွီက တာဝန်ပေးထားသည်။ မဟုတ်ပါက သူတို့ဂိုဏ်းမှာ အထင်အမြင်သေးခံရနိုင်ခြေ ရှိသောကြောင့်ပင်။ ဤကဲ့သို့သော အသေးအဖွဲကိစ္စရပ်များကိုပါ ပူပန်နေမိသည့်အတွက် သူကိုယ်တိုင်ပင် အသက်ကြီးသွားပြီလားဟု တွေးမိရင်း ပြုံးလိုက်မိသည်။

ဂိုဏ်းချုပ် လီယောင်းမှာမူ မင်္ဂလာပွဲ၏ အခမ်းအနားမှူးအဖြစ် ပလ္လင်တော်အနားတွင် ရပ်နေပြီး သူမသည်လည်း ပထမဆုံးအကြိမ်အဖြစ် ဂိုဏ်းချုပ်ဝတ်စုံအစစ်အမှန်ကို ဝတ်ဆင်ထားသည်။ သူမ၏ဘေးတွင် အကြီးအကဲချုပ် ဖုန်းဝူရင်းမှာလည်း အခမ်းအနားဝတ်စုံဖြင့် ရှိနေသလို ရှန်းယွီကလည်း သူတို့၏ဘေးတွင် နေရာယူလိုက်သည်။

...

အချိန်တန်ပြီ။

အကြီးအကဲကောင်းသည် တပည့်သားများစွာ ခြံရံလျက် တောင်ထိပ်မှ ဆင်းသက်လာပြီး ပလ္လင်တော်ဆီသို့ တည်ငြိမ်သော ခြေလှမ်းများဖြင့် လျှောက်လှမ်းလာသည်။ စောစောက စိုးရိမ်စိတ်များ ရှိခဲ့သော်လည်း ယခုအခါတွင်မူ သူ၏ အရှိန်အဝါမှာ ခန့်ညားတည်ကြည်နေတော့သည်။ သူ နေရာယူလိုက်သောအခါ စုရုံးနေသော လူအုပ်ကြီးထံမှ တိုးတိုးတိတ်တိတ် ချီးကျူးသံများ ထွက်ပေါ်လာသည်။

ထို့နောက် လူတိုင်း စောင့်မျှော်နေသော အခိုက်အတန့် ရောက်ရှိလာခဲ့သည်။

လှပသော မီးတောက်အမွှေးအတောင် များရှိသည့် ဝိညာဉ်ငှက်နှစ်ကောင် ဆွဲလာသော အလှဆင်ဝိညာဉ်ရထားလုံးကြီးမှာ နန်းဆောင်ဝင်ပေါက်သို့ ဆိုက်ရောက်လာသည်။ ရထားလုံးကို ဝိညာဉ်သစ်သားဖြင့် ထွင်းထုထားပြီး အနီရောင်ပိုးထည်နှင့် ရွှေရောင်အဆင်တန်ဆာများဖြင့် ဝေဝေဆာဆာ ရှိလှသည်။

အကြီးအကဲဟွမ်သည် ကျော့ရှင်းစွာ ဆင်းသက်လာခဲ့သည်။ သူမ၏ အနီရောင်ဦးခေါင်းခြုံလွှာမှာ လေထဲတွင် လွင့်မျောနေပြီး သူမ၏ဘေးတစ်ဖက်တစ်ချက်တွင် တပည့်မလေးများက ဝိညာဉ်ပန်းပွင့်များကို ကြဲဖြန့်ပေးနေကြသည်။

ပန်းပွင့်များ ခင်းကျင်းထားသော လမ်းတစ်လျှောက် သူမ လျှောက်လှမ်းလာစဉ်တွင် လူအုပ်ကြီးမှာ လုံးဝ တိတ်ဆိတ်သွားပြီး မျက်လုံးအားလုံးမှာ တောက်ပလှသော သတို့သမီးထံ၌သာ ရှိနေတော့သည်။ လာရောက်ကြသော ဂိုဏ်းချုပ်များပင် ခေတ္တမျှ မှင်သက်သွားကြရသည်။ အမှန်စင်စစ် သူတို့သည် ဤကဲ့သို့သော စစ်မှန်သော မင်္ဂလာပွဲမျိုးကို မတွေ့မြင်ရသည်မှာ ကြာပြီဖြစ်သောကြောင့်လည်း ပါဝင်သည်။ ပုံမှန်အားဖြင့် ဆိုလျှင် ကျင့်ကြံသူများအကြား လက်ဆောင်ပစ္စည်းချင်း လဲလှယ်ပြီး ပွဲပြီးသွားကြသည်သာ များလှသည်။

အကြီးအကဲဟွမ် ပလ္လင်တော်သို့ ရောက်ရှိသောအခါ အကြီးအကဲကောင်းက ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။ သူ၏လက်များမှာ တည်ငြိမ်နေပြီဖြစ်ပြီး သူ ချစ်ရသော အမျိုးသမီးကို ကြည့်နေသော မျက်ဝန်းများတွင် စိုးရိမ်စိတ်များ လုံးဝ ပျောက်ကွယ်သွားခဲ့၏။ သူသည် ဂရုတစိုက်ဖြင့် သူမ၏ အနီရောင်ဦးခေါင်းခြုံလွှာကို မလိုက်သောအခါ တောက်ပသော အပြုံးလေးတစ်ခု ပေါ်ထွက်လာတော့သည်။

မောင်နှံနှစ်ဦးမှာ လက်ချင်းချိတ်လျက် ပလ္လင်တော်သို့ မျက်နှာမူလိုက်ကြသည်။

လီယောင်း၏ အသံမှာ ဝိညာဉ်စွမ်းအင် အကူအညီဖြင့် တစ်ကွင်းလုံးကို ဟိန်းထွက်သွားစေကာ ဧည့်သည်အားလုံးကို ရှင်းလင်းစွာ ကြားစေသည်။

"ယနေ့ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ အချိန်အခါသမယမှာ... တောင်နှလုံးသားနန်းဆောင်ရဲ့ အကြီးအကဲကောင်းရှန်ထျန်းနဲ့ ဖီးနစ်အဆင့်တက်နန်းဆောင်ရဲ့ အကြီးအကဲဟွမ်ဖုန်းချီတို့ရဲ့ ထိမ်းမြားမင်္ဂလာပွဲကို သက်သေအရာ တည်ကြဖို့ ကျွန်တော်တို့အားလုံး စုရုံးရောက်ရှိနေကြတာပါ သူတို့နှစ်ဦးရဲ့ ခိုင်မြဲတဲ့ ကတိသစ္စာတွေကို ကောင်းကင်နဲ့ မြေကြီးကပါ ထာဝရ သက်သေပြုပါစေ"

"ကဲ... အခုဆိုရင်တော့ တတိယအကြိမ်မြောက် ဦးချခြင်း အစီအစဉ်ပါ။ မင်းတို့ရဲ့ ရွေးချယ်မှု၊ ခိုင်မာတဲ့ သံယောဇဉ်တို့နဲ့ ရစ်ပတ်နှောင်ဖွဲ့ထားတဲ့ ကျင့်ကြံဖော်တွေအဖြစ် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ဦးချကြပါ"

အကြီးအကဲကောင်းနှင့် အကြီးအကဲဟွမ်တို့သည် တစ်ဦးကိုတစ်ဦး မျက်နှာချင်းဆိုင်လိုက်ကြသည်။ သူတို့၏ မျက်ဝန်းများထဲတွင် နက်ရှိုင်းလှသော ချစ်ခြင်းမေတ္တာများဖြင့် ပြည့်နှက်နေပြီး တစ်ပြိုင်နက်တည်း အပြန်အလှန် ဦးညွှတ်လိုက်ကြတော့သည်။

All Chapters