အခန်း (၁၂၄)
Vol. 13 Ch. 124
ပတ်ဝန်းကျင်အသစ်သို့ ပြောင်းရွှေ့လိုက်ရသော်လည်း ကျိရုရွှယ်သည် အစိမ်းသက်သက်ဖြစ်ကာ နေရခက်သည့် ခံစားချက်မျိုး အနည်းငယ်မျှပင် မရှိခဲ့ပေ။ တစ်နေ့လုံး ကားစီးလာရသဖြင့် ပင်ပန်းနေခြင်းကြောင့် ဖြစ်နိုင်သလို မြို့ပြ၏ ကွန်ကရစ်တောအုပ်ကြီးကို စွန့်ခွာပြီး သဘာဝတောတောင် ရနံ့များရှိရာ လယ်တောအရပ်သို့ ရောက်ရှိလာခြင်းကြောင့်လည်း သူမ၏ စိတ်
နှင့်ရုပ်မှာ အပြည့်အဝ အပန်းပြေသွားခဲ့သည်။
သူမသည် အလွန်ပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ပြီး နောက်တစ်နေ့ မနက်တွင် နိုးလာသောအခါ သူမ၏ဖခင်မှာ မနက်စာကို အဆင်သင့် ပြင်ဆင်ထားပြီးဖြစ်ကြောင်း တွေ့လိုက်ရသည်။ အထူးခြားဆုံးအချက်မှာ ယနေ့တွင် ပုံမှန်နှင့်မတူဘဲ စားပွဲပေါ်၌ လတ်ဆတ်သော သစ်သီးစိတ်များ ပါဝင်သည့် ပန်းကန်ပြားတစ်ခု ရှိနေခြင်းပင်။
ကျိရုရွှယ်၏ မျက်လုံးများမှာ တောက်ပသွားတော့သည်။ ကမ္ဘာပျက်ကပ်ကြီးအတွင်း ဤကဲ့သို့သော လတ်ဆတ်သည့် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များမှာ အလွန်ပင် ရှားပါးလှသော အရင်းအမြစ်များ မဟုတ်ပါလား။
သူမသည် အိပ်ရာပေါ်မှ ချက်ချင်းထကာ စားပွဲဆီသို့ အပြေးကလေး သွားလိုက်သည်။ သူမ၏ သေးငယ်နုနယ်သော နှာခေါင်းလေးကို အနည်းငယ် ရှုံ့လိုက်ရင်း သစ်သီးများ၏ မွှေးပျံ့သောရနံ့ကို ရှူရှိုက်လိုက်မိသည်။ ထိုအချိန်၌ ကျိရုရွှယ်မှာ သစ်သီးရနံ့ကြောင့် စိတ်များပင် ကြည်နူးလန်းဆန်းသွားရသည်။ သစ်သီးရနံ့ကို နောက်ဆုံးအကြိမ်အဖြစ် မည်သည့်အချိန်က ရရှိခဲ့ဖူးသည်ကိုပင် သူမ မမှတ်မိနိုင်တော့ပေ။
ယနေ့မနက်စာမှာ ကမ္ဘာပျက်ကပ်အတွင်း သူမ အမြဲစားနေကျဖြစ်သော ကြက်ဥထမင်းကြော်
ပင် ဖြစ်သော်လည်း ကျိရုရွှယ်မှာမူ အလွန်ပင် ကျေနပ်နေမိသည်။ ဇွန်ဘီကပ်ဆိုးကြီး ဖြစ်ပွားနေသည့် ဤခေတ်ကာလတွင် လူသားရှင်သန်ကျန်ရစ်သူ အများအပြားမှာ မှောင်မည်းနေသော မြေအောက်ခန်းများ သို့မဟုတ် ကျဉ်းမြောင်းပိတ်လှောင်နေသော နေရာများတွင် ပုန်းအောင်းနေရပြီး စားစရာတစ်လုပ် ရရှိရန်မှာပင် အလွန်ကံကောင်းလှသည်ဟု သတ်မှတ်ရသောကြောင့် ဖြစ်သည်။
လက်ရှိအချိန်တွင် လူအများစုမှာ ဝမ်းဗိုက်ကို ပြည့်တင်းအောင် မဖြည့်နိုင်ကြဘဲ စက္ကန့်တိုင်းသည် သူတို့၏ နောက်ဆုံးအချိန် ဖြစ်သွားနိုင်သည်ဟူသော ကြောက်စိတ်ဖြင့် ရှင်သန်နေရသည်။ ဇွန်ဘီများ၏ တိုက်ခိုက်မှုကို သတိထားနေရရုံသာမက အချိန်မရွေး မိမိအနီးနားရှိ အဖော်များ၏ သစ္စာဖောက်မှုကိုလည်း စိုးရိမ်နေရသည်။
ထိုသို့သော ကမ္ဘာပျက်ကပ်ကြီးထဲတွင် နေ့တိုင်း ပုံမှန်နိုးထခွင့်ရပြီး မျက်လုံးဖွင့်လိုက်သည်နှင့် ပူပူနွေးနွေး မနက်စာနှင့် လတ်ဆတ်သော သစ်သီးဝလံများကို စားသုံးခွင့်ရခြင်းမှာ ကျိရုရွှယ်အတွက်မူ နတ်ပြည်ရောက်သွားသကဲ့သို့ပင်။
ကျိရုရွှယ်သည် ဇွန်းကိုယူကာ ကြက်ဥထမင်းကြော်ကို တစ်လုပ်ချင်း အားပါးတရ စားနေရင်း ပြတင်းပေါက်အပြင်ဘက်မှ စိမ်းလန်းစိုပြေနေသော သစ်ပင်များနှင့် လယ်ကွင်းပြင်များကို ကြည့်ကာ အလွန်ပင် ကျေနပ်ပီတိဖြစ်နေမိသည်။ ကမ္ဘာပျက်ကပ်ကြီးထဲတွင်ပင် ပူပူနွေးနွေး ထမင်းကြော်ကို စားရင်း သစ်သီးရနံ့ကို ရှူရှိုက်နေရသည့် ထိုအခိုက်အတန့်မှာ ပျော်ရွှင်မှုဆိုသည်ကို သူမ အမှန်တကယ် လက်တွေ့ခံစားလိုက်ရသည်။
ထမင်းကြော်စားပြီးနောက် ကျိရုရွှယ်သည် သစ်သီးများကို စတင်စားသုံးတော့သည်။ ချိုချိုချဉ်ချဉ် အရည်ရွှမ်းသော သစ်သီးများက သူမ၏ ခန္ဓာကိုယ်တွင် လိုအပ်နေသော ဗီတာမင်ဓာတ်များကို ချက်ချင်းပင် ဖြည့်ဆည်းပေးလိုက်သကဲ့သို့ ရှိနေသည်။
ဝဝလင်လင် စားသောက်ပြီးနောက် သူမ အပြင်သို့ ထွက်လာခဲ့ရာ လက်နက်အပြည့်အစုံ တပ်ဆင်ထားသော ဇွန်ဘီစစ်ကြောင်းများက လူသားစစ်သားများကဲ့သို့ပင် စနစ်တကျ ကင်းလှည့်နေသည်ကို တွေ့လိုက်ရသည်။
“ဖေဖေက တကယ်ကို တော်တာပဲ။ ဒီဇွန်ဘီတွေကို ထိန်းချုပ်တာက သာမန်ဇွန်ဘီဘုရင်တွေထက် အများကြီး ပိုကျွမ်းကျင်တယ်။ ဒါက လူသားအသိစိတ် ကျန်ရှိနေတဲ့ အားသာချက်လားမသိဘူး”
စနစ်တကျရှိလှသော လယ်ယာခြံကို ကြည့်ရင်း ကျိရုရွှယ်သည် သူမ၏ဖခင်ကို မချီးကျူးဘဲ မနေနိုင်တော့ပေ။
“ချင်းရွှေလယ်ယာခြံက မြို့ပြင်မှာရှိနေပြီး ကွန်ကရစ်နဲ့ သံမဏိ အကာအကွယ်တွေ အများကြီး မရှိပေမဲ့ ဖေဖေ ထိန်းချုပ်ထားတဲ့ ဒီဇွန်ဘီတွေရှိနေတာကြောင့် တစ်ညအတွင်းမှာပဲ ဘယ်သူမှ မထိုးဖောက်နိုင်တဲ့ ခံတပ်ကြီး ဖြစ်သွားတာပဲ”
ကျိရုရွှယ်တစ်ယောက် လယ်ယာခြံ၏ အခြေအနေကို လေ့လာနေစဉ်မှာပင် မလှမ်းမကမ်းမှ လုချွမ်းသည် သမီးလေး နိုးလာသည်ကို သတိပြုမိပြီး သူမရှိရာသို့ အပြေးကလေး ရောက်လာခဲ့သည်။ ပြေးလာရင်းဖြင့် လုချွမ်းသည် သူနှင့်အတူ အမြဲပါလာသော စက္ကူနှင့် ဘောပင်ကို ထုတ်ကာ တစ်ခုခုကို စတင်ရေးသားလိုက်တော့သည်။
“ချီချီလေး... ဒါက ဖေဖေတို့ရဲ့ အိမ်သစ်ပဲ။ ခြံထဲမှာပဲ သေချာနေရမယ်နော်။ အပြင်ကို လျှောက်မသွားရဘူး”
လုချွမ်းသည် ဇွန်ဘီရုပ်သေးများကို အသုံးပြု၍ ခြံတစ်ခုလုံးကို ထောင့်စေ့အောင် ရှာဖွေခိုင်းထားပြီး ဖြစ်သဖြင့် အန္တရာယ်ကင်းကြောင်း အသေအချာ သိရှိထားသော်လည်း နေရာသစ်ဖြစ်သဖြင့် ပတ်ဝန်းကျင်ကို အပြည့်အဝ အကျွမ်းတဝင် မရှိသေးပေ။ ထို့ကြောင့် သမီးလေးကို တစ်ယောက်တည်း လျှောက်သွားခွင့်ပေးရန် သူ စိတ်မချနိုင်သေးခြင်း ဖြစ်သည်။
သို့သော် ကျိရုရွှယ်မှာမူ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုချင်နေသည်။ ပိတ်လှောင်မွန်းကျပ်နေသော နေရောင်ခြည်ရပ်ကွက်မှ နောက်ဆုံးတွင် ထွက်လာနိုင်ခဲ့ပြီဖြစ်ရာ လတ်ဆတ်သော လေကို ရှူရှိုက်ရင်း အပြင်လောကကို ခံစားချင်နေသည်။ သူမသည် အခန်းထဲတွင်သာ ပြန်လည်အောင်းနေရန် လုံးဝဆန္ဒမရှိပေ။
ကျိရုရွှယ်သည် လုချွမ်း၏ ခြေထောက်ကို ဖက်တွယ်ကာ တုန်ခါနေအောင် လှုပ်ယမ်းရင်း ချစ်စဖွယ် နှုတ်ခမ်းလေးဆူကာ ချွဲလိုက်သည်။
“ဖေဖေ... သမီးတို့ အိမ်သစ်ပြောင်းလာတာပဲ။ သမီးကို ဟိုဟိုဒီဒီ လိုက်ပြပါဦးနော်... လိုက်ပြနော်…”
သမီးလေး၏ ချစ်စဖွယ်ကောင်းသော အမူအရာကို မြင်လိုက်ရသောအခါ လုချွမ်းတစ်ယောက် ချက်ချင်းပင် အလျော့ပေးလိုက်ရတော့သည်။
“ခြံပတ်ဝန်းကျင်ကို ဇွန်ဘီရုပ်သေးတွေနဲ့ စစ်ဆေးပြီးသားဆိုတော့ အန္တရာယ်က သိပ်မရှိနိုင်ပါဘူး။ ဒါ့အပြင် တတိယအဆင့် ဆင့်ကဲဇွန်ဘီဖြစ်တဲ့ ငါကိုယ်တိုင်လည်း ဘေးမှာရှိနေတာပဲ ချီချီလေး ဘေးကင်းမှာပါ...”
ခဏမျှ စဉ်းစားပြီးနောက် လုချွမ်းသည် ကျိရုရွှယ်၏ တောင်းဆိုမှုကို သဘောတူလိုက်ပြီး သူမ၏ လက်ကလေးကို ဆွဲကာ စောစောက မြင်တွေ့ခဲ့ရသော ဟင်းသီးဟင်းရွက် စိုက်ခင်းများရှိရာသို့ ခေါ်ဆောင်သွားခဲ့သည်။
အဝေးမှပင် ကျိရုရွှယ်သည် စိုက်ခင်းအတွင်း၌ လူရိပ်အချို့ ကြိုးကြိုးစားစား အလုပ်လုပ်နေသည်ကို မြင်လိုက်ရသည်။ ထိုသူများသည် လယ်ယာသုံး ကိရိယာမျိုးစုံကို ကိုင်ဆောင်ထားကြပြီး အချို့က မြေဆီလွှာများကို ပေါက်တူးဖြင့် ဆွနေကြကာ အချို့ကမူ စိုက်ခင်းအတွင်းရှိ ပေါင်းမြက်များကို နုတ်နေကြသည်။
ကျိရုရွှယ် ခေတ္တမျှ မှင်တက်သွားမိသည်။
ချင်းရွှေလယ်ယာခြံထဲမှာ တကယ်ပဲ အသက်ရှင်နေတဲ့ လူသားတွေ ရှိနေတာလား။ မဟုတ်နိုင်ပါဘူး အကယ်၍ လူသားတွေသာဆိုရင် ဖေဖေနဲ့ ဒီလောက်အထိ အဆင်ပြေပြေ ဘယ်လိုလုပ် အတူနေနိုင်မှာလဲ။
သံသယများဖြင့် ပြည့်နှက်နေသော ကျိရုရွှယ်သည် ဟင်းသီးဟင်းရွက် စိုက်ခင်းအနီးသို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွားလိုက်သည်။ အနားသို့ ရောက်ရှိသွားချိန်တွင်မူ သူမ မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရတော့သည်။
အလုပ်ကြိုးစားနေကြသော ထိုသူများသည် လယ်ယာလုပ်သားများ မဟုတ်ကြဘဲ သူမဖခင် ထိန်းချုပ်ထားသော ဇွန်ဘီများသာ ဖြစ်နေသောကြောင့်ပင်။
ကျိရုရွှယ် ကြောင်တောင်တောင် ဖြစ်သွားရသည်။ ဇွန်ဘီတွေကို အသုံးပြုပြီး လယ်ယာစိုက်ပျိုးခိုင်းဖို့အထိ သူမဖခင်၏ အတွေးအခေါ်က တကယ်ကို ဆန်းသစ်လွန်းလှသည်။ ဘေးနားရှိ ဖခင်ဖြစ်သူကို ကြည့်ရင်း ကျိရုရွှယ် မချိပြုံးလေး ပြုံးလိုက်မိသည်။ သူမဖခင်သည် ဇွန်ဘီဘုရင်တစ်ဦး၏ စွမ်းပကားကို အစွမ်းကုန် အသုံးချနေပြီး မြေတစ်လက်မကိုပင် အလဟဿ အဖြစ်မခံဘဲ အသုံးချနေခြင်းပင်။
သူမဖခင်သည် အမှန်တကယ်ပင် ထက်မြက်လှကြောင်း ကျိရုရွှယ် ဝန်ခံရပေလိမ့်မည်။ ဤသာမန်ဇွန်ဘီများသည် တိုက်ခိုက်ရေးတွင် အားမကိုးရသော်လည်း အလုပ်ကြမ်းလုပ်ရန်
အတွက်မူ အလွန်ပင် သင့်လျော်လှသည်။ ဆင့်ကဲပြောင်းလဲမှုမဖြစ်ပေါ်သေးသဖြင့် သာမန်ဇွန်ဘီများ၏ ခန္ဓာကိုယ် တည်ဆောက်ပုံမှာ လူသားများနှင့် မခြားနားဘဲ ထူးထူးခြားခြား ပြောင်းလဲမှုမျိုး မရှိသေးပေ။
ထို့အပြင် လုချွမ်းသည် ဇွန်ဘီရုပ်သေးများကို ရွေးချယ်ရာတွင်လည်း အလွန်စေ့စပ်သေချာလှသည်။ ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းပြီး အသားစများ အလွန်အမင်း ပုပ်သိုးပြတ်တောက်ခြင်း မရှိသူများကိုသာ ရွေးချယ်ထားသဖြင့် အလုပ်လုပ်ရာတွင် အနှောင့်အယှက် မဖြစ်စေပေ။
အရေးကြီးဆုံး အချက်မှာ ဤဇွန်ဘီများသည် ပင်ပန်းနွမ်းနယ်မှုကို မသိကြသလို လုပ်ခလစာ ပေးရန်လည်း မလိုခြင်းပင်။ သူတို့မှာ စားစရာ သောက်စရာပင် မလိုသဖြင့် ရက်စက်တတ်သော သူဌေးတစ်ဦး၏ စိတ်ကူးထဲမှ အကောင်းဆုံး အလုပ်သမားများ ဖြစ်နေကြပြီး တစ်နေ့ ၂၄ နာရီပတ်လုံး မနားတမ်း အလုပ်လုပ်နိုင်ကြသည်။
ကျိရုရွှယ် မည်မျှအထိ အံ့သြနေသည်ကို လုချွမ်း မသိနိုင်သော်လည်း လယ်ယာခြံ၏ အစပျိုး ပြင်ဆင်မှုများကို ကြည့်ရင်း သူကိုယ်တိုင်မှာမူ ကျေနပ်နေမိသည်။ ယနေ့ မနက်စောစောကပင် လုချွမ်းသည် လယ်ယာခြံ၏ ဂိုဒေါင်အတွင်းသို့ သွားရောက် စစ်ဆေးခဲ့ပြီး ဖြစ်သည်။ ဂိုဒေါင်ထဲတွင် မစိုက်ပျိုးရသေးသော ဟင်းသီးဟင်းရွက် မျိုးစေ့မျိုးစုံ၊ လယ်ယာသုံး ကိရိယာအစုံအလင်နှင့် ဓာတ်မြေဩဇာ အမြောက်အမြားကိုပါ ရှာတွေ့ခဲ့သည်။
ယခင်ဘဝတွင် လုချွမ်းသည် ကျေးလက်တောရွာတွင် မွေးဖွားခဲ့သူဖြစ်ပြီး ကလေးဘဝက အဘိုးအဘွားများနှင့်အတူ လယ်ယာလုပ်ငန်းများကို လုပ်ကိုင်ခဲ့ဖူးသည်။ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ထိုအမှတ်တရများနှင့် အတတ်ပညာများက လုချွမ်း၏ စိတ်ထဲတွင် မှေးမှိန်မသွားခဲ့ပေ။
သီးနှံစိုက်ပျိုးခြင်းနှင့် ပတ်သက်၍ သူ ကောင်းကောင်း နားလည်ထားပြီးဖြစ်ရာ လိုအပ်သော ကိရိယာများနှင့် ဇွန်ဘီအလုပ်သမား အင်အားစုကြီးပါ ရှိနေပြီ ဖြစ်သည်။ ပျက်စီးနေသော စိုက်ခင်းများကို သူ၏ လုပ်အားဖြင့် ပြန်လည် ပြုပြင်ပျိုးထောင်နိုင်မည်ဖြစ်ကာ ချီချီလေးအတွက် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို နေ့စဉ် ကျွေးမွေးနိုင်တော့မည်ဟု လုချွမ်း အပြည့်အဝ ယုံကြည်နေတော့သည်။