← Chapters

အခန်း (၁၂၅)

Vol. 13 Ch. 125

အခန်း (၁၂၅)

Vol. 13 Ch. 125

ချင်းရွှေလယ်ယာခြံအတွင်း၌ ယခင်က သေဆုံးခဲ့ပြီးသော ဇွန်ဘီများမှာ နေရာအနှံ့ ပြန့်ကျဲနေခဲ့သော်လည်း ယခုအခါ ထိုသွေးဆာနေသော မိစ္ဆာကောင်များသည် လုချွမ်း၏ ထိန်းချုပ်မှုအောက်တွင် ကြိုးစားအားထုတ်သည့် အလုပ်သမားများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

အဓိက အလုပ်သမားအင်အားစုမှာ အသက်မဲ့နေသော အလောင်းကောင်များ ဖြစ်နေသော်လည်း ၎င်းတို့ကပင် စွန့်ပစ်ထားသော ချင်းရွှေလယ်ယာခြံကို အသက်ပြန်ဝင်လာအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ လုချွမ်း၏ စနစ်တကျ စီစဉ်ညွှန်ကြားမှုများကြောင့် တစ်ချိန်က ခြောက်ကပ်နေသော လယ်ယာခြံကြီးမှာ ယခုအခါ တက်ကြွလန်းဆန်းသော မြင်ကွင်းများဖြင့် ပြည့်နှက်ကာ စည်ကားသာယာလာတော့သည်။

လယ်ယာခြံအတွင်းရှိ အလုပ်အားလုံးကို စနစ်တကျ နေရာချထားပြီးနောက် ဒုတိယအဆင့်မျိုးဗီဇပြောင်း သားရဲကြီးများထံမှ ရရှိထားသော အမြုတေနှစ်ခုကို လုချွမ်း သတိရသွားသည်။ ခရီးလမ်းတစ်လျှောက်တွင် မတော်တဆမှုများ ဖြစ်လာမည်ကို စိုးရိမ်ခဲ့သဖြင့် ထိုအမြုတေများကို အားဖန်ကို ချက်ချင်း မကျွေးသေးဘဲ အောင့်ထားခဲ့ခြင်း ဖြစ်သည်။

ယခုမူ အခြေအနေအားလုံး အဆင်သင့်ဖြစ်ပြီဖြစ်ရာ အားဖန်ကို တတိယအဆင့် ဆင့်ကဲဇွန်ဘီအဖြစ်သို့ အောင်အောင်မြင်မြင် အဆင့်တက်လှမ်းနိုင်ရန် ကြိုးစားရန် အကောင်းဆုံးအချိန်ပင်။ အကယ်၍ အားဖန်သာ တတိယအဆင့်သို့ ရောက်ရှိသွားပါက လယ်ယာခြံတစ်ခုလုံး၏ တိုက်ခိုက်ရေးစွမ်းအားမှာ နောက်ထပ်အဆင့်တစ်ခုသို့ မြင့်တက်သွားပေလိမ့်မည်။

လုချွမ်းသည် မျှော်လင့်ချက်အပြည့်ဖြင့် လိမ္မော်ရောင်သန်းနေသော အမြုတေနှစ်ခုလုံးကို အားဖန်အား ဝါးမျိုစေလိုက်သည်။ မကြာမီမှာပင် အားဖန်၏ ခန္ဓာကိုယ်အတွင်းမှ အားကောင်းလှသော စွမ်းအင်လှိုင်းများ စတင်ဖြာထွက်လာတော့သည်။

ဂါးးး……

မျှော်လင့်ထားသည့်အတိုင်းပင် ဧရာမမျိုးဗီဇပြောင်း သားရဲကြီးနှစ်ကောင်၏ ခရစ္စတယ်

အမြုတေများမှ ရရှိသော စွမ်းအင်များကြောင့် အားဖန်သည် တတိယအဆင့်ဇွန်ဘီအဖြစ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။ ၎င်းထံမှ ထွက်ပေါ်လာသော ဖိအားမှာ ပြင်းထန်လွန်းလှသဖြင့် အနီးနားရှိ ဇွန်ဘီများမှာ မနေနိုင်ဘဲ တုန်လှုပ်ချောက်ချားသွားကြပြီး သူတို့၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ အရိပ်အယောင် ပေါ်လာတော့သည်။

ဂြွတ်... ဂြွတ်.……

အားဖန်၏ ခန္ဓာကိုယ်အတွင်းမှ အရိုးများ ရွှေ့လျားသွားသည့် အသံများ ထွက်ပေါ်လာသည်။

တတိယအဆင့်သို့ တက်လှမ်းပြီးနောက် အားဖန်၏ ခန္ဓာကိုယ်မှာ လေထိုးသွင်းခံထားရသည့်အလား ယခင်ကထက်ပင် ပိုမိုကြီးမားလာသည်ကို မြင်လိုက်ရသဖြင့် လုချွမ်းမှာ မျက်လုံးအပြူးသားဖြင့် အံ့အားသင့်သွားရသည်။ ဤရုတ်တရက် ကြီးထွားလာမှုမှာ ကုန်တင်ကားကြီးတစ်စီး၏ အရွယ်အစားနှင့်ပင် နှိုင်းယှဉ်နိုင်တော့မည် ဖြစ်သည်။

အားဖန်သည် ကွင်းပြင်ထဲတွင် မတ်တတ်ရပ်နေရုံမျှဖြင့် ၎င်းထံမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ ပတ်ဝန်းကျင်တစ်ခုလုံးကို တုန်လှုပ်ခြောက်ခြားစေရန် လုံလောက်လှသည်။ လုချွမ်းသည် အားဖန်၏ ခွန်အားကို စမ်းသပ်ရန် ထိန်းချုပ်လိုက်သောအခါ တတိယအဆင့်သို့ ရောက်ရှိသွားသော ခွန်အားတိုးတက်မှုမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှကြောင်း တွေ့ရှိလိုက်ရသည်။

ကျွီ...

အားဖန်သည် ၎င်း၏ လက်နှစ်ဖက်ကို အသာအယာ အသုံးပြုရုံမျှဖြင့် မြေပြင်ပေါ်ရှိ လေးလံလှသော ကုန်တင်ကားကြီးကို အားစိုက်စရာမလိုဘဲ မတင်လိုက်နိုင်သည်။ ဤခွန်အားမှာ အဆင့်မတက်မီကထက် များစွာ သာလွန်သွားခဲ့ပြီ ဖြစ်သည်။ ဘေးနားတွင် ရှိနေသော ၃ မီတာကျော် ရှည်လျားပြီး တန်ချိန်ကျော်လေးသည့် သံတုတ်ကြီးကိုလည်း အားဖန်က အလွန်ပင် လွယ်ကူစွာ ကိုင်တွယ်နိုင်နေပြီ ဖြစ်သည်။

ဝှီး..ဝှီး…..

သံတုတ်ကြီးကို လွှဲလိုက်တိုင်း ထွက်ပေါ်လာသော လေဟုန်သံများမှာ နေရာအနှံ့ ပျံ့လွင့်သွားတော့သည်။ လေထဲတွင် သံတုတ်ကြီး၏ ငွေရောင်ရိပ်များမှာ ဆက်တိုက်ဆိုသလို ထွက်ပေါ်နေပြီး ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းကြောင့် လုချွမ်းပင်လျှင် အနည်းငယ် ထိတ်လန့်သွားမိသည်။

ခံစစ်ကို အဓိကထားသော တင့်ကားအမျိုးအစားဇွန်ဘီဖြစ်သည့် အားဖန်သည် တတိယအဆင့်သို့ ရောက်ရှိသွားချိန်တွင် ၎င်း၏ ခန္ဓာကိုယ်ပေါ်၌ အကြေးခွံများ စတင်ထွက်ပေါ်လာတော့သည်။ ထိုအကြေးခွံများမှာ နက်မှောင်နေပြီး အလွန်ခိုင်ခံ့သော သတ္တုစပ်များကဲ့သို့ မာကျောလှသည်။ အားဖန်၏ တစ်ကိုယ်လုံးကို ထိုအကြေးခွံများက ဖုံးလွှမ်းသွားသဖြင့် ၎င်းသည် သံချပ်ကာအပြည့် ဝတ်ဆင်ထားသော ဧရာမ စစ်သည်တော်ကြီးတစ်ဦးနှင့်ပင် တူနေတော့သည်။

လုချွမ်းသည် ၎င်း၏ ဓားမကြီးကိုယူ၍ အားဖန်၏ ခန္ဓာကိုယ်ကို စမ်းသပ်ကြည့်လိုက်ရာ ထိုအကြေးခွံများမှာ မည်သို့ပင် ခုတ်ခုတ် ထိုးထိုး လုံးဝ ထိုးဖောက်၍မရနိုင်ဘဲ မာကျောလှသော အကြေးခွံများပေါ်တွင် အစင်းရာအနည်းငယ်သာ ထင်ကျန်ရစ်သည်ကို တွေ့လိုက်ရသည်။

လုချွမ်းက ထိုအကြေးခွံများကို လက်ဖြင့် ပုတ်ကြည့်လိုက်ရာ ၎င်း၏ အံ့မခန်းသော ခံစစ်စွမ်းရည်ကို အမှန်တကယ်ပင် အံ့သြမိသွားသည်။

"ဒီလောက် ကြောက်စရာကောင်းတဲ့ သံချပ်ကာအကာအကွယ်နဲ့ဆိုရင် ဦးခေါင်းကို တိုက်ရိုက်မထိသရွေ့ အားဖန်က ဘယ်လိုမှ သတ်လို့မရတဲ့ အကောင်ကြီး ဖြစ်သွားပြီ။ သေနတ်ကျည်ဆံတွေကိုတောင် ခုခံနိုင်စွမ်းရှိတယ်"

"အခုတော့ အားဖန်က ဇွန်ဘီလောကရဲ့ ပင်မတိုက်ပွဲဝင် တင့်ကားကြီးတစ်စီး ဖြစ်သွားပြီပေါ့"

လယ်ယာခြံတံခါးဝတွင် စောင့်ကြပ်နေသော ဤတတိယအဆင့် စစ်ဗိုလ်ချုပ်ကြီးကြောင့် လုချွမ်း၏ ယုံကြည်မှုမှာ အဆမတန် မြင့်တက်လာခဲ့သည်။ အဝေးမှ လှမ်းကြည့်လျှင် အားဖန်သည် ခြံတံခါးတစ်ခုလုံးကို ၎င်း၏ ခန္ဓာကိုယ်ဖြင့် ပိတ်ဆို့ထားသကဲ့သို့ ရှိနေပြီး ၃ မီတာရှည်သော သံတုတ်ကြီးနှင့်အတူ အင်အားကြီးမားလှသော တံခါးစောင့်နတ်မင်းတစ်ပါးနှင့်ပင် တူနေတော့သည်။

အားဖန်၏ အောင်မြင်စွာ အဆင့်တက်နိုင်မှုက လုချွမ်းကို ပိုမိုအစွမ်းထက်လာစေမည့် လမ်းစသစ်တစ်ခုကို မြင်လာစေသည်။

"နောင်ဆိုရင် ငါ ဆင့်ကဲဇွန်ဘီတွေနဲ့ မျိုးဗီဇပြောင်း သားရဲတွေကို ပိုပြီး အမဲလိုက်ရမယ်။ ငါကိုယ်တိုင်အတွက် မလိုအပ်တဲ့ အမြုတေတွေကို ဒီရုပ်သေးတွေအတွက် သိမ်းထားရမယ်"

"အဆင့်မြင့်ဇွန်ဘီတွေက ရှားပါးနေတယ်ဆိုရင်... ငါကိုယ်တိုင်ပဲ မွေးမြူယူတော့မယ်"

ကမ္ဘာပျက်ကပ်၏ အစောပိုင်းကာလတွင် အဆင့်မြင့် မျိုးဗီဇပြောင်းသားရဲများ သို့မဟုတ် အဆင့်မြင့်ဇွန်ဘီ အရေအတွက်မှာ အမှန်တကယ်ပင် ရှားပါးလှသည်။ လုချွမ်းအနေဖြင့် ဤထူးဆန်းသော ကမ္ဘာပျက်ကပ်အခြေအနေကို အပြည့်အဝ နားမလည်သေးသော်လည်း သူ၏ အတွေ့အကြုံများအရ သူ၏ဆင့်ကဲပြောင်းလဲမှုနှုန်းမှာ အခြားသူများထက် များစွာ ပိုမိုမြန်ဆန်နေကြောင်း ခန့်မှန်းနိုင်သည်။

သူကိုယ်တိုင် အဆင့်တက်ရန်မှာ တူညီသောအဆင့်ရှိ အမြုတေများကိုသာ စုပ်ယူရသဖြင့် အင်အားတိုးရန် နည်းလမ်းမှာ အားမရစရာ ဖြစ်နေသည်။ ထို့ကြောင့် ၎င်းအစား အဆင့်

နိမ့်ဇွန်ဘီများနှင့် မျိုးဗီဇပြောင်း သားရဲများကို အမြောက်အမြား သတ်ဖြတ်ပြီး ထိုသို့ အလွယ်တကူရရှိနိုင်သော အမြုတေများကို အသုံးပြု၍ သူ၏ဇွန်ဘီရုပ်သေးများကို ကျွေးမွေးကာ အဆင့်မြှင့်တင်သွားရန် သူ ဆုံးဖြတ်လိုက်သည်။

အဆင့်မြင့်ဇွန်ဘီတွေ မရှိဘူးဆိုရင် ငါ့လက်ထဲက အဆင့်နိမ့်ဇွန်ဘီတွေကိုပဲ ခရစ္စတယ်

အမြုတေတွေကျွေးပြီး အဆင့်မြင့်ဇွန်ဘီတွေဖြစ်အောင် ငါကိုယ်တိုင် လုပ်ယူမယ်။

အဆင့်မြင့် ဆင့်ကဲဇွန်ဘီတစ်ဖွဲ့ ပိုင်ဆိုင်ရခြင်းသည် သာမန်ဇွန်ဘီအုပ်ကြီးနှင့် ယှဉ်လျှင် လုံးဝ ခြားနားသော အယူအဆပင်။

တတိယအဆင့်သို့ တက်လှမ်းပြီးနောက် အားဖန်ပြသခဲ့သော ထူးကဲသည့် တိုက်ခိုက်ရေးစွမ်းရည်က အဆင့်မြင့်ဇွန်ဘီများ၏ အရေးပါမှုကို လုချွမ်းအား ပိုမိုသိရှိစေခဲ့သည်။ အကယ်၍ သူသာ တတိယအဆင့် ဇွန်ဘီရုပ်သေး အနည်းငယ်လောက် ပိုင်ဆိုင်ထားပါက ၎င်းတို့၏ စွမ်းအားမှာ သာမန်ဇွန်ဘီရုပ်သေး စစ်တပ်ကြီးတစ်ခုလုံးကို ကျော်လွန်ရန် လုံလောက်ပေလိမ့်မည်။

ယခုအချိန်၌ တတိယအဆင့် ဇွန်ဘီရုပ်သေး အကောင်တစ်ရာကျော်လောက်သာ ရှိပါက လူသားစစ်တပ်အစစ်အမှန်နှင့် ရင်ဆိုင်ရလျှင်ပင် ကြောက်စရာမရှိတော့ဟု လုချွမ်း ယုံကြည်နေသည်။ ၎င်းမှာ သာမန်လက်နက်များကိုသာ အသုံးပြုသော အခြေအနေမျိုးတွင်ပင်။

သူသည် အနာဂတ်အတွက် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေပြီး အချိန်တန်လျှင် အလွန်တောင့်တင်းသော အင်အားစုတစ်ခုကို တည်ထောင်နိုင်မည်ဟု ယုံကြည်နေသည်။ အဆင့်မြင့် ဆင့်ကဲဇွန်ဘီ ရာနှင့်ချီ၍ သူ၏နောက်တွင် ရှိနေမည့် မြင်ကွင်းကို တွေးမိရုံဖြင့် လုချွမ်း၏ မျက်နှာတွင် အပြုံးများ ပေါ်လာတော့သည်။ အင်အားတောင့်တင်းမှသာ ချီချီလေး၏ ဘေးကင်းမှုကို အပြည့်အဝ အာမခံနိုင်မည် မဟုတ်ပါလား။

“ဒုက္ခပဲ ငါ မေ့တော့မလို့ ဟို ရွှေရောင်မြွေဟောက်ကြီးနဲ့ နွားကြီးရဲ့ အလောင်းတွေကို မစီမံရသေးဘူး”

လုချွမ်းသည် တစ်နေ့နှင့်တစ်ညလုံး လယ်ယာခြံအလုပ်များဖြင့် ရှုပ်နေခဲ့သည်။ ယခု အလုပ်များအားလုံး ပြီးစီးသွားချိန်မှသာ ထိုဧရာမ မျိုးဗီဇပြောင်းသားရဲကြီးများ၏ အလောင်းများကို သတိရတော့သည်။ သူသည် ဒုတိယအဆင့် သားရဲကြီးနှစ်ကောင်ကို သတ်ဖြတ်ပြီး အမြုတေများကို ထုတ်ယူခဲ့သော်လည်း ခန္ဓာကိုယ်များကိုမူ ပစ်ထားခဲ့မိသည်။

အကယ်၍ အချိန်မီ မစီမံနိုင်ပါက ဤအဖိုးတန်လှသော အသားများမှာ ပုပ်သိုးသွားနိုင်ပေသည်။ ဇွန်ဘီများအတွက် ပုပ်နေသောအသားမှာ ပြဿနာမရှိသော်လည်း လုချွမ်းကမူ ဤအသားများကို ချီချီလေး စားသုံးနိုင်ရန် သိမ်းဆည်းထားချင်ခြင်း ဖြစ်သည်။ အကယ်၍ လူသားများ ဤမျိုးဗီဇပြောင်းအသားကို စားနိုင်ကြောင်း စမ်းသပ်ချက်အရ အတည်ပြုနိုင်ခဲ့လျှင် ချီချီလေး၏ အနာဂတ်စားသောက်မှုမှာ ပျင်းစရာကောင်းတော့မည် မဟုတ်ပေ။

သမီးလေးအတွက် နေ့တိုင်း ကြက်ဥထမင်းကြော်ပဲ ကျွေးနေရမည့်အစား အသားဟင်းမျိုးစုံကို ဖန်တီးပေးနိုင်တော့မည် ဖြစ်သည်။ နေ့တိုင်း ကြက်ဥထမင်းကြော်ပဲ စားနေရသည်မှာ ချီချီလေး ငြီးငွေ့နေရုံတင်မက လုချွမ်းကိုယ်တိုင်ပင် ထိုအနံ့ကို ရနေသလို ခံစားနေရပြီဖြစ်သည်။

ထို့အပြင် လယ်ယာခြံအတွင်း၌ မီးစက်တစ်လုံး ရှိနေသည်ကို လုချွမ်း ရှာတွေ့ခဲ့ပြီး ဂိုဒေါင်အတွင်း၌လည်း မီးစက်အတွက် လိုအပ်သော ဆီများကို သိုလှောင်ထားသည်ကို တွေ့ရသည်။ ခြံထဲရှိ ရေခဲသေတ္တာမှာလည်း အသားများကို ယာယီအေးခဲ သိမ်းဆည်းထားရန် လုံလောက်လောက်အောင် ကြီးမားလှပေသည်။

All Chapters