← Chapters

အခန်း (၁၂၆)

Vol. 13 Ch. 126

အခန်း (၁၂၆)

Vol. 13 Ch. 126

မျိုးဗီဇပြောင်း ရွှေရောင်မြွေဟောက်ကြီးနှင့် ဧရာမနွားကြီးတို့၏ အလောင်းများကို အသားဖျက်ခြင်းမှာ အလွန်ပင် လက်ဝင်လှသော အလုပ်ဖြစ်ရာ လုချွမ်းအနေဖြင့် ကိုယ်တိုင်လုပ်ရန် စိတ်ကူးမရှိပေ။

ဤမျှကြီးမားလှသော ခန္ဓာကိုယ်ကြီးများကို သူတစ်ယောက်တည်းသာ ဖျက်နေရမည်ဆိုပါက မည်မျှအထိ ကြာမြင့်သွားမည်ကို မခန့်မှန်းနိုင်ချေ။ ထို့ကြောင့် လုချွမ်းသည် လယ်ယာခြံအတွင်း အားနေသော ဇွန်ဘီရုပ်သေးတစ်စုကို ထိုဧရာမသားရဲကြီးများ၏ အလောင်းများရှိရာသို့ စေလွှတ်လိုက်သည်။

ရှေ့မှ တောင်လိုပုံနေသော အလောင်းကြီးများကို ကြည့်ရင်း အကြိမ်ကြိမ် မြင်ဖူးနေသော်လည်း လုချွမ်းအတွက်မူ မယုံနိုင်စရာ ဖြစ်နေဆဲပင်။

“ကမ္ဘာမပျက်ခင်က သာမန်တိရစ္ဆာန်လေးတွေက မျိုးဗီဇပြောင်းလဲပြီးနောက်မှာ ဆင့်ကဲဇွန်ဘီတွေထက်တောင် ပိုကြောက်ဖို့ကောင်းလာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ”

“ဒီလောက်ကြီးတဲ့ အရွယ်အစားတွေကို ငါ့ရဲ့ ဇွန်ဘီစစ်တပ်သာ မရှိရင် သတ်ဖို့ တကယ်ခက်ခဲလိမ့်မယ်...”

မျိုးဗီဇပြောင်း နွားကြီး၏ အလောင်းမှာ ကိုင်တွယ်ရသည်မှာ အဆင်ပြေသေးသည်။ ၎င်း၏ အရွယ်အစားမှာ သိသိသာသာ ကြီးထွားလာသည်ဆိုသော်လည်း အလွန်အမင်း အံ့သြစရာတော့ မဟုတ်ပေ။ သို့သော် မျိုးဗီဇပြောင်း မြွေဟောက်ကြီးမှာမူ အမှန်တကယ် ကြောက်စရာကောင်းလှသည်။

မြွေဟောက်ကြီး၏ အလောင်းကို သယ်ယူရန်အတွက်ပင် လုချွမ်းသည် အနည်းဆုံး ဇွန်ဘီရုပ်သေး အကောင် ၂၀ ကျော်ကို အသုံးပြုခဲ့ရသည်။ ထိုစဉ်က ချင်းရွှေလယ်ယာခြံသို့ အမြန်ရောက်ရှိရန်အတွက် ရွှေရောင်မြွေဟောက်၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြတ်ကာ ကုန်တင်ကားကြီးပေါ်သို့ တင်ဆောင်ခဲ့ရခြင်း ဖြစ်သည်။ အလျား မီတာ ၂၀ နီးပါးရှိသော ထိုဧရာမ မြွေကိုယ်ထည်ကြီးမှာ တောင်ငယ်လေးတစ်လုံးနှင့်ပင် တူနေတော့သည်။

လုချွမ်းသည် ဓားမကိုယ်စီ ကိုင်ထားသော ဇွန်ဘီရုပ်သေးများကို စနစ်တကျ ထိန်းချုပ်ကာ သားရဲကြီးများ၏ အလောင်းများကို အားမနာတမ်း ပိုင်းဖြတ်ခိုင်းလိုက်သည်။ တစ်ချက်ပြီးတစ်ချက်၊ တစ်ပိုင်းပြီးတစ်ပိုင်း ပိုင်းဖြတ်နေသည့် ထိုလုပ်ငန်းစဉ်တစ်ခုလုံးမှာ စက်ရုံရှိ ကုန်ထုတ်လုပ်မှုလိုင်းတစ်ခုအလား ချောမွေ့နေတော့သည်။

တတိယအဆင့် ဇွန်ဘီအဖြစ်သို့ တက်လှမ်းပြီးနောက် လုချွမ်း၏ စိတ်စွမ်းအင်မှာလည်း သိသိသာသာ မြင့်တက်လာခဲ့ပြီ ဖြစ်သည်။

ဤဇွန်ဘီရုပ်သေးများကို အသုံးပြု၍ ရိုးရှင်းသည့် စက်မှုအလုပ်များကို ခိုင်းစေခြင်းမှာ လုချွမ်းအတွက် ပြဿနာမရှိသော်လည်း အသားဖျက်နေသည့် မြင်ကွင်းမှာမူ အတော်လေး သွေးပျက်စရာ ကောင်းလှသည်...။

"ဖေဖေ... သမီး အသားစားချင်တယ်။ အသားစားချင်တယ်လို့…"

ကျိရုရွှယ်သည် ပုံရည်ပျက်နေသော ဧရာမသားရဲကြီးများ၏ အလောင်းများကို ကြည့်ကာ ပါးစပ်ထောင့်မှ သွားရည်များပင် မထိန်းနိုင်အောင် ကျနေတော့သည်။ သူမသည် လုချွမ်း၏ ပေါင်ကိုဖက်တွယ်ကာ လုံးဝမလွှတ်ဘဲ တဂျီဂျီနှင့် ပူဆာနေတော့သည်။

ချီချီလေး ရုတ်တရက် ရောက်လာသဖြင့် လုချွမ်း အနည်းငယ် ထိတ်လန့်သွားမိသည်။ ဤကဲ့သို့ သွေးသံရဲရဲ မြင်ကွင်းမျိုးကို သမီးလေးအား မမြင်စေလိုခြင်းပင်။ သို့သော် ကျိရုရွှယ်သည် ဤအသားဖျက်နေသည့် မြင်ကွင်းကို အသားကျနေပုံရပြီး စိတ်လှုပ်ရှားမှု လုံးဝမရှိသည်ကို သတိပြုမိချိန်မှသာ လုချွမ်း အသာအယာ သက်ပြင်းချနိုင်တော့သည်။

သမီးလေး၏ နုနယ်သော စိတ်ထဲတွင် အရိပ်မည်းများ မကျန်ရစ်စေလိုသည်မှာ သူ၏ဆန္ဒပင်။ သို့သော် ချီချီလေး၏ ချွဲနွဲ့မှုများမှာ များသောအားဖြင့် ထိရောက်သော်လည်း ဤကဲ့သို့သော မူဝါဒပိုင်းဆိုင်ရာ ကိစ္စမျိုးတွင်မူ လုချွမ်း၏ စိတ်ကို မလှုပ်ကိုင်နိုင်ပေ။

ဤမျိုးဗီဇပြောင်း သားရဲများ၏ အသားထဲတွင် ထူးဆန်းသော ဒြပ်ပစ္စည်းများ ပါဝင်နေနိုင်ရာ အကယ်၍ လူသားများ စားသုံးမိပြီး ဘေးထွက်ဆိုးကျိုးများ ခံစားရပါက နောင်တရရန်ပင် အချိန်ရှိတော့မည် မဟုတ်ပေ။

သူသည် အနီးနားရှိ လတ်ဆတ်သော သွေးအချို့ကို လက်ညှိုးဖြင့်တို့ကာ မြေပြင်ပေါ်တွင် စာရေးလိုက်သည်။

"မရသေးဘူး ချီချီလေး... လိမ္မာတယ်နော် နောက်ထပ် နှစ်ရက်လောက်ပဲ စောင့်ဦး"

မျက်မှောင်လေးကြုတ်ကာ သနားစဖွယ် အမူအရာလေး လုပ်နေသော ချီချီလေးကို ကြည့်ရင်း လုချွမ်း အလွန်ပင် စိတ်မကောင်းဖြစ်မိသည်။ ချီချီလေးမှာ ဤမျှအထိ ကြီးထွားလာသည့်တိုင်အောင် ကောင်းမွန်သော အသားဟင်း တစ်နပ်ကိုမျှ စနစ်တကျ မစားရသေးသည် မဟုတ်ပါလား။

သို့သော် ၎င်းမှာ သမီးလေး၏ ဘေးကင်းရေးနှင့် တိုက်ရိုက်သက်ဆိုင်နေသဖြင့် လုချွမ်းအနေဖြင့် မည်သည့် အမှားအယွင်းမျိုးကိုမျှ အဖြစ်မခံနိုင်ပေ။ အကယ်၍ ဤမျိုးဗီဇပြောင်းအသားမှာ လူသားများအတွက် ဘေးကင်းသည်ဟု အတည်ပြုနိုင်ပါက ချီချီလေးကို ဝဝလင်

လင် စားစေပြီး သမီးလေးကို ဝဝကစ်ကစ်ကလေးမလေး ဖြစ်အောင် လုပ်ပစ်မည်ဟု သူ တိတ်တဆိတ် ဆုံးဖြတ်လိုက်တော့သည်။

...

နောက်တစ်နေ့သို့ ရောက်ရှိလာခဲ့သည်။

ချင်းရွှေလယ်ယာခြံသည် ကျန်းဟိုင်မြို့၏ ဆင်ခြေဖုံးရပ်ကွက်တွင် တည်ရှိပြီး၊ အနီးဆုံး မြို့ပြဧရိယာနှင့်ပင် ၁၀ ကီလိုမီတာခန့် ကွာဝေးသည်။

ထိုအချိန်၌ မြို့ချင်းဆက် အဝေးပြေးလမ်းမကြီးပေါ်တွင် ကုန်တင်ကားကြီးတစ်စီးမှာ ဖြည်းညှင်းစွာ ရပ်တန့်သွားသည်။ ဆိုင်ကယ်စီးဦးထုပ်ကို အပြည့်ဆောင်းထားသော လူရိပ်တစ်ခုမှာ ကားပေါ်မှ ခုန်ဆင်းလာခဲ့သည်။ ထိုသူမှာ သားရေလက်အိတ်များ ဝတ်ဆင်ထားပြီး အပေါ်မှ အပေါ်အင်္ကျီပွပွကြီးကို ထပ်ဝတ်ထားရာ ကြည့်ရသည်မှာ အတော်ပင် လူမိုက်ဆန်ဆန်နှင့် ဖက်ရှင်ကျလှသည်။

ကုန်တင်ကား၏ နောက်ခန်းအတွင်း၌မူ ကျက်အောင် ချက်ပြုတ်ထားသော ဧရာမမြွေသား နှစ်တုံး ပါရှိလာသည်။

အပေါ်အင်္ကျီကြီးဖြင့် ခန့်ညားနေသော ဤလူရိပ်မှာ အခြားသူမဟုတ်ဘဲ လုချွမ်း၏ လျှပ်စီး ၁ ပင် ဖြစ်သည်။ လုချွမ်းက လျှပ်စီး-၁ ကို သေချာစွာ ဝတ်ဆင်ပြင်ဆင်ပေးထားသဖြင့် အပြင်ပန်းကြည့်လျှင် လူသားတစ်ဦးနှင့် ခွဲခြားရန် မလွယ်ကူလှပေ။

လုချွမ်းက လျှပ်စီး-၁ ကို ထိန်းချုပ်ကာ ယခုကဲ့သို့ စေလွှတ်လိုက်ရခြင်း၏ အဓိကတာဝန်မှာ ကျန်းဟိုင်မြို့အတွင်းရှိ လူသားရှင်သန်ကျန်ရစ်သူများကို ရှာဖွေရန်နှင့် မျိုးဗီဇပြောင်းအသားများကို လူသားများ စားသုံးနိုင်ခြင်း ရှိမရှိ အတည်ပြုရန် ဖြစ်သည်။ ချီချီလေးမှာ ထိုအသားများကို စားချင်စိတ် ပြင်းပြနေပြီဖြစ်ရာ သမီးလေး၏ သနားစဖွယ် မျက်ဝန်းလေးများကို နေ့တိုင်း မကြည့်ရက်တော့သဖြင့် လုချွမ်းက ဤစမ်းသပ်မှုကို အမြန်ဆုံး အဆုံးသတ်လိုနေခြင်း ဖြစ်သည်။

လျှပ်စီး-၁ သည် လမ်းလျှောက်လာရင်း ရှေ့ဘက်မှ လျင်မြန်သော ခြေသံများကို ကြားလိုက်ရသည်။ မကြာမီမှာပင် အားအင်ချည့်နဲ့နေသော လူသားတစ်ဦးမှာ လမ်းပေါ်တွင် အသည်းအသန် ထွက်ပြေးနေပြီး နောက်ဘက်တွင် ဇွန်ဘီအချို့က လိုက်လံတိုက်ခိုက်နေသည်ကို မြင်လိုက်ရသည်။

ကြည့်ရသည်မှာ ထိုသူသည် အစားအစာရှာဖွေရန် အသက်စွန့်ထွက်လာသော ရှင်သန်ကျန်ရစ်သူတစ်ဦး ဖြစ်ဟန်တူသော်လည်း ကံမကောင်းရှာပေ။ အစားအစာလည်း မရသည့်အပြင် ဇွန်ဘီများ၏ လိုက်လံဖမ်းဆီးခြင်းကိုပါ ခံနေရခြင်း ဖြစ်သည်။

ဝူး….ဝူး…ဝူး….

ကားအင်ဂျင်သံကို ကြားလိုက်ရချိန်တွင် ထိုထွက်ပြေးနေသော လူသားမှာ ဆာလောင်လွန်းသဖြင့် နားကြားမှားနေသည်ဟုပင် ထင်မှတ်ခဲ့မိသည်။ သို့သော် မကြာမီမှာပင် လျှပ်စီး-၁ မောင်းနှင်လာသော ကုန်တင်ကားကြီးမှာ သူရှိရာသို့ ဦးတည်လာသည်ကို မြင်လိုက်ရတော့သည်။

"ကယ်ပါဦး ကယ်ကြပါဦးဗျ"

ရုတ်တရက် ပေါ်လာသော လျှပ်စီး-၁ ကို မြင်လျှင် ထိုသူသည် ရေနစ်သူက ကောက်ရိုးတစ်မျှင်ကို ဆွဲမိသကဲ့သို့ အသည်းအသန် လက်ဝှေ့ယမ်းကာ အကူအညီတောင်းတော့သည်။ လျှပ်စီး-၁ က ကားကို ထိုသူရှိရာသို့ တည့်တည့်မောင်းနှင်သွားပြီး နောက်ကလိုက်လာသော ဇွန်ဘီများကို ကားဘီးဖြင့် တက်ကြိတ်ကာ အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားစေသည်။

"အစ်ကို... တကယ် ကျေးဇူးတင်ပါတယ်ဗျာ။ အစ်ကိုသာ မရှိရင် ကျွန်တော် ဇွန်ဘီတွေဆီမှာ အစားခံလိုက်ရတော့မှာ။ ကျွန်တော်... ကျွန်တော် အစ်ကိုနဲ့အတူ လိုက်ခဲ့လို့ ရမလားဗျ။ ဒီနေရာကနေ အတူတူ ထွက်ပြေးရအောင်လေ"

လျှပ်စီး-၁ က ဘာမှပြန်မပြောဘဲ ကားမှန်တံခါးမှတစ်ဆင့် ကျက်နေသော မြွေသားတစ်တုံးကို ပေါ့ပေါ့ပါးပါးပင် ပစ်ပေးလိုက်သည်။ အသားတုံးကို မြင်လိုက်ရသည်နှင့် ထိုသူ၏ မျက်လုံးများမှာ ဝင်းခနဲ ဖြစ်သွားတော့သည်။

လျှပ်စီး-၁ က ကားပေါ်တင်ခေါ်ရန် သဘောမတူသော်လည်း ထိုသူမှာမူ ကျေးဇူးတင်လွန်းသဖြင့် ကြည့်မဝ ဖြစ်နေရှာသည်။ ကမ္ဘာပျက်ကပ်ကြီးအတွင်း သူတစ်ပါးကို ကူညီခြင်းမှာ ရှားပါးလွန်းလှပြီး တစ်ယောက်ယောက် ရှေ့မှာတင် သေသွားလျှင်ပင် ဂရုမစိုက်ကြသည့် ခေတ်မဟုတ်ပါလား။ အသက်ဘေးက ကယ်တင်ရုံသာမက ဤမျှကြီးမားသော အစားအစာတစ်တုံးကိုပါ ရုတ်တရက် ရရှိလိုက်သဖြင့် သူ အလွန်ပင် စိတ်လှုပ်ရှားသွားမိသည်။

လျှပ်စီး-၁ မောင်းထွက်သွားသည်ကို ကြည့်ရင်း ထိုသူသည် အချိန်မဆွဲတော့ဘဲ မြွေသားတုံးကို ဖက်တွယ်ကာ အငမ်းမရ စားသောက်တော့သည်။ အသား၏ မွှေးရနံ့ကြောင့် လျှာကိုပင် ကိုက်မိမတတ် ဖြစ်သွားရသည်။

လျှပ်စီး-၁ မှာ အမှန်တကယ် ထွက်ခွာသွားခြင်းမဟုတ်ဘဲ တိတ်တဆိတ် နောက်ယောင်ခံ စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ နောက်တစ်နေ့အထိ ထိုသူမှာ ထူးခြားသော ဘေးထွက်ဆိုးကျိုး တစ်ခုမျှ မရှိသည့်အပြင် အာဟာရချို့တဲ့သဖြင့် အားအင်ချည့်နဲ့နေသော ခန္ဓာကိုယ်မှာပင် ပြန်လည်လန်းဆန်းကာ မျက်နှာတွင် သွေးရောင်လွှမ်းလာသည်ကို မြင်ရသောအခါမှ လုချွမ်း စိတ်အေးသွားတော့သည်။

"ဒီဧရာမ သားရဲကြီးတွေရဲ့ အသားက ငါလို ဇွန်ဘီတွေအတွက်တင်မကဘဲ လူသားတွေအတွက်ပါ အာဟာရ အများကြီးဖြစ်စေတာပဲ"

ချင်းရွှေလယ်ယာခြံတွင် ရှိနေသော လုချွမ်းသည် လျှပ်စီး-၁ ထံမှ မြင်တွေ့နေရသော မြင်ကွင်းကြောင့် အတိုင်းမသိ ဝမ်းသာသွားမိသည်။ သူသည် ဘေးနားတွင် စာရေးနေသော ချီချီလေးကို လှည့်ကြည့်ရင်း ပြုံးလိုက်မိတော့သည်။

ကောင်းပြီ သမီးလေး နောက်ဆုံးတော့ အသားစားရတော့မယ်။

All Chapters