← Chapters

အခန်း (၁၂၇)

Vol. 13 Ch. 127

အခန်း (၁၂၇)

Vol. 13 Ch. 127

“ဟင်... ဒါ ဘာနံ့လဲ မွှေးလိုက်တာ”

မနက်စောစောစီးစီး အိပ်မောကျနေသော ကျိရုရွှယ်သည် နှာခေါင်းထဲသို့ တိုးဝင်လာသော မွှေးပျံ့သည့်ရနံ့ကြောင့် ရုတ်တရက် နိုးလာခဲ့သည်။

ဂလု….

ဆွဲဆောင်မှုရှိလှသော ထိုရနံ့ကို ရလိုက်သည်နှင့် ကျိရုရွှယ်မှာ အလိုအလျောက် သွားရည်ကျကာ တံတွေးကို မြိုချလိုက်မိသည်။ ဤရနံ့မှာ သူမအတွက် ရင်းနှီးသလိုလို ရှိသော်လည်း ဝေးကွာနေခဲ့သည်မှာ ကြာပြီဖြစ်သော ရနံ့မျိုးပင်။

သူမသည် အိပ်ရာပေါ်မှ ထထိုင်လိုက်ပြီးနောက် ထိုရနံ့၏ အရင်းအမြစ်ကို ရှာဖွေရန် သူမ၏ မျက်လုံးလေးများက မီးမောင်းထိုးသကဲ့သို့ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်နေတော့သည်။

ထိုစဉ် မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသော လုချွမ်းသည် အသားဆန်ပြုတ် တစ်ပန်းကန်ကို ကိုင်ကာ ရောက်လာခဲ့သည်။ အခန်းတစ်ခုလုံးကို မွှေးကြိုင်သွားစေသော ရနံ့မှာ လုချွမ်း၏ လက်ထဲမှ အသားဆန်ပြုတ်ပန်းကန်ဆီမှ ထွက်ပေါ်လာခြင်းပင်။

ကျိရုရွှယ်၏ မျက်လုံးလေးများမှာ ချက်ချင်းပင် ဝိုင်းစက်သွားတော့သည်။

“ဒါ... ဒါ ဘာကြီးလဲ”

“ဒီနေ့ ဖေဖေက ကြက်ဥထမင်းကြော် မကျွေးတော့ဘူးလား”

မွှေးကြိုင်လှသော အသားဆန်ပြုတ်ကို ကြည့်ရင်း ကျိရုရွှယ်မှာ ဝမ်းသာလွန်းသဖြင့် ငိုပင်ငိုချင်လာတော့သည်။ ဤရနံ့ကို ဘာကြောင့် ရင်းနှီးသလိုလို ခံစားရသည်ကို ယခုမှ သူမ နားလည်သွားတော့သည်။ အသားနံ့ကို မရရှိခဲ့သည်မှာ အလွန်ပင် ကြာမြင့်ခဲ့ပြီ မဟုတ်ပါလား။

ပြန်လည်မွေးဖွားလာပြီးနောက်ပိုင်း သူမသည် နေ့တိုင်း နို့မှုန့်များကိုသာ သောက်ခဲ့ရပြီး အနည်းငယ် ကြီးထွားလာချိန်တွင်လည်း ကြက်ဥထမင်းကြော်ကိုသာ စားခဲ့ရသဖြင့် ကျိရုရွှယ်မှာ ထိုအရသာများကိုပင် ထုံနေပြီဖြစ်သည်။

ပျောက်ကွယ်နေခဲ့သည်မှာ ကြာပြီဖြစ်သော အသားရနံ့ကြောင့် ကျိရုရွှယ်၏ သွားရည်များမှာ မထိန်းနိုင်အောင် ထွက်ပေါ်လာတော့သည်။ စေးကပ်နူးညံ့နေသော ဆန်လုံးလေးများကြားတွင် နူးညံ့လှသော အသားဖတ်လေးများ ရောနှောနေသည့် ထိုဆန်ပြုတ်ကို မြင်ရရုံမျှဖြင့် မည်သူမဆို စားချင်စိတ် တဖွားဖွား ပေါ်ပေါက်လာမည်မှာ အမှန်ပင်။

ကျိရုရွှယ်သည် ဖခင်ဖြစ်သူ၏ လက်ထဲမှ ဇွန်းကို လှမ်းယူကာ အငမ်းမရ စတင်စားသောက်တော့သည်။

“တကယ် အရသာရှိတာပဲ။ ဟီး... ဒါမှ လူသားတွေ စားသင့်တဲ့ အစားအစာမျိုး။ အရင်က ငါ ဘယ်လိုနေ့ရက်တွေကို ဖြတ်သန်းခဲ့ရတာလဲ”

ချိုမြိန်လှသော အသားဆန်ပြုတ်ကို စားရခြင်းက ကျိရုရွှယ်၏ နှလုံးသားကို ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားစေသည်။ ကမ္ဘာပျက်ကပ်ကြီးအတွင်း အစားတစ်နပ် ဝဝလင်လင် စားရခြင်းမှာပင် ကြီးမားသော ကံကောင်းမှုတစ်ခု ဖြစ်နေချိန်တွင် ဤကဲ့သို့ ပူပူနွေးနွေးနှင့် အရသာရှိလှသော အသားဆန်ပြုတ်ကို စားရခြင်းမှာ အလွန်ပင် တန်ဖိုးကြီးလှသည့် အတွေ့အကြုံပင်။

နူးညံ့သော ဆန်ပြုတ်များ သူမ၏ ဝမ်းဗိုက်ထဲသို့ ရောက်ရှိသွားချိန်တွင် ကျိရုရွှယ်သည် ခန္ဓာကိုယ်တစ်ခုလုံး၌ စွမ်းအင်များ တိုးထွက်လာသကဲ့သို့ ခံစားလိုက်ရသည်။ မျိုးဗီဇပြောင်း သားရဲကြီး၏ အသားဖတ်လေးများမှာ တစ်လုပ်ချင်းစီတိုင်းတွင် အရည်ရွှမ်းကာ နူးညံ့နေပြီး ကမ္ဘာပေါ်တွင် အကောင်းဆုံးသော အစားအစာအလား ထင်မှတ်ရသည်။

ဤမျှ အရသာရှိလှသော ဆန်ပြုတ်ကို မစားရသည်မှာ ကြာပြီဖြစ်သဖြင့် ခဏချင်းအတွင်းမှာပင် ပန်းကန်လုံးကြီး တစ်လုံးလုံး ပြောင်စင်သွားတော့သည်။

“ဖေဖေ သမီး နောက်ထပ် လိုချင်သေးတယ်”

ကျိရုရွှယ်သည် စိတ်လှုပ်ရှားစွာဖြင့် ပန်းကန်လုံးကြီးကို မြှောက်ပြကာ လုချွမ်းကို မျှော်လင့်တကြီး ကြည့်နေသည်။ သို့သော် လုချွမ်းက ခေါင်းယမ်းလိုက်ပြီး သမီးလေးကို ဆက်စားခွင့် မပြုတော့ပေ။

ယခင်က မြို့ထဲတွင် တွေ့ခဲ့ရသော ရှင်သန်ကျန်ရစ်သူမှာ ဤအသားကို စားပြီးနောက် နောက်တစ်နေ့တွင် အလွန်အမင်း အားအင်ပြည့်ဝလာသည်ကို လုချွမ်း တွေ့ရှိခဲ့ဖူးသည်။ ချီချီလေးမှာ ငယ်ရွယ်သေးသူ ဖြစ်သဖြင့် ဤကဲ့သို့ အာဟာရနှင့် စွမ်းအင် အလွန်ပြင်းထန်သော မျိုးဗီဇပြောင်းအသားများကို အလွန်အမင်း စားသုံးမိပါက သူမ၏ ခန္ဓာကိုယ်က တောင့်ခံနိုင်မည်မဟုတ်မှာကို သူ စိုးရိမ်မိသည်။

ထို့ပြင် သမီးလေးအနေဖြင့် အသားမစားရသည်မှာ ကြာပြီဖြစ်ရာ အရသာရှိလွန်းသဖြင့် အတိုင်းအဆမသိ စားမိပြီး အစာအိမ် ထိခိုက်သွားမည်ကိုလည်း သူ မလိုလားပေ။ မျှော်လင့်တကြီး ဖြစ်နေသော သမီးလေးကို ကြည့်ရင်း လုချွမ်းသည် ဘောပင်နှင့် စက္ကူကို ထုတ်ကာ စတင်ရေးသားလိုက်တော့သည်။

"စိတ်မပူနဲ့ဦး ဖေဖေ သမီးအတွက် အသားတွေ အများကြီး ပြင်ဆင်ပေးထားတယ်။ ဒီနေ့ကစပြီး နေ့တိုင်း အသားဟင်း စားရစေမယ်လို့ ဖေဖေ ကတိပေးပါတယ်"

"ဒါပေမဲ့ သမီးလည်း ဖေဖေ့ကို ကတိတစ်ခု ပြန်ပေးရမယ်။ အစားကို အတိုင်းအဆနဲ့ စားရမယ်။ အလွန်အကျွံစားမိပြီး ဗိုက်နာတာမျိုး အဖြစ်မခံရဘူးနော်"

လုချွမ်း ရေးပေးလိုက်သော စာတိုလေးကို ဖတ်ပြီးနောက် ကျိရုရွှယ်၏ မျက်ဝန်းလေးများတွင် စိတ်ပျက်သွားသည့် အရိပ်အယောင်လေး တစ်ချက် ဖြတ်ပြေးသွားသည်။ သူမကတော့ နောက်ထပ် တစ်ပန်းကန်လောက် အားပါးတရ ထပ်မံ စားသောက်ရမည်ဟု ထင်မှတ်ထားခဲ့သော်လည်း ယခုမူ တစ်ပန်းကန်နှင့်သာ တင်းတိမ်လိုက်ရတော့သည်။

“အလိုလေး... ငါ ဘာလို့ ကလေးဘဝနဲ့ ပြန်မွေးဖွားလာရတာလဲ။ အသားဆန်ပြုတ်လေးတောင် ဝအောင် စားခွင့်မရှိဘူးလား...”

ဆက်စားခွင့် မရတော့သဖြင့် အနည်းငယ် စိတ်ကောက်ချင်သလို ဖြစ်သွားသော်လည်း ကျိရုရွှယ်၏ စိတ်ထဲတွင်မူ အမှန်တကယ် ကျေနပ်ပီတိ ဖြစ်နေမိပါသည်။ အရင်းအမြစ်များ ရှားပါးပြီး ပျက်စီးယိုယွင်းနေသော ဤကမ္ဘာပျက်ကပ်ကြီးထဲတွင် ပူပူနွေးနွေး အသားဆန်ပြုတ် တစ်

ပန်းကန်ကို စိတ်ချလက်ချ စားရခြင်းမှာ နတ်စည်းစိမ် ခံစားနေရသကဲ့သို့ပင်။

ဥပမာအားဖြင့် ဆင့်ကဲပြောင်းလဲသူတစ်ဦးဖြစ်သည့် ကျောက်လင်းပင်လျှင် ကမ္ဘာပျက်ကပ်အတွင်း ဝမ်းဗိုက်ပြည့်အောင် စားနိုင်ရန် ခက်ခဲခဲ့သည်။ သူမဖခင်က ကျောက်လင်းကို နေရောင်ခြည်ရပ်ကွက်သို့ ခေါ်ဆောင်လာပြီးနောက်ပိုင်းမှသာ ကျောက်လင်းအတွက် အေးအေးချမ်းချမ်း နေနိုင်သည့် အချိန်များကို ရရှိခဲ့ခြင်း ဖြစ်သည်။

သမီးလေးကို ဗိုက်နာမှာစိုးရိမ်သော ဖခင်ဖြစ်သူ၏ စာတိုလေးကို ကြည့်ရင်း ကျိရုရွှယ်သည် အနာဂတ်တွင် နေ့တိုင်း အသားစားရမည်ဟူသော အတွေးဖြင့် ရင်ထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေတော့သည်။

နေ့တိုင်း အသားစားရမယ်... ဒါမှ တကယ့်ဘဝပဲ။

မဟုတ်သေးဘူး။

ဒါက နတ်ပြည်က ဘဝအတိုင်းပဲ။

ကျိရုရွှယ်သည် ယခင်ဘဝက ဤကဲ့သို့သော အချိန်ကာလများကို ပြန်လည်အမှတ်ရမိသွားသည်။ ထိုစဉ်ကမူ သူမသည် အသက်ရှင်ကျန်ရစ်ရန်အတွက် အသည်းအသန် ရုန်းကန်နေခဲ့ရသည် မဟုတ်ပါလား။

နေရောင်ခြည်ရပ်ကွက်ကနေ ချင်းရွှေလယ်ယာခြံအထိ အောင်မြင်စွာ ပြောင်းရွှေ့နိုင်ခဲ့ရုံတင်

မကဘဲ ဘေးကင်းလုံခြုံစွာ လမ်းလျှောက်နိုင်ခွင့် ရနေခြင်းကပင် ကျိရုရွှယ်အတွက် အလွန်ကျေနပ်စရာ ကောင်းလှသည်။ ယခုကဲ့သို့ စိုးရိမ်ကြောင့်ကြကင်းသော ဘဝမျိုးကို သူမ အရင်က မမှန်းရဲခဲ့ဖူးပေ။

ထိုသို့ဖြင့် လုချွမ်းနှင့် ကျိရုရွှယ်တို့ သားအဖသည် ချင်းရွှေလယ်ယာခြံ၌ တဖြည်းဖြည်း အခြေချ နေထိုင်လာခဲ့ကြသည်။ လုချွမ်းသည် ဇွန်ဘီရုပ်သေး အမြောက်အမြားကို အသုံးပြုကာ ခြံအတွင်းရှိ မြေတစ်လက်မမကျန် စစ်ဆေးစေပြီး အန္တရာယ်ရှိနိုင်သမျှကို ရှင်းလင်းထားပြီး ဖြစ်သည်။ ထို့ကြောင့် သမီးလေးကိုလည်း ခြံဝင်းအတွင်း လွတ်လပ်စွာ ဆော့ကစားခွင့် ပြုထားလိုက်ပြီ ဖြစ်သည်။

ယခုအခါ လုချွမ်း၏ လက်အောက်တွင် ဒုတိယအဆင့် ဇွန်ဘီရုပ်သေးများသာမက တတိယအဆင့် ရုပ်သေးတစ်ကောင်ပါ ရှိနေပြီဖြစ်ရာ မည်သည့်အရာကမျှ သူ၏ခံစစ်ကို ထိုးဖောက်နိုင်မည်မဟုတ်ဟု သူ အပြည့်အဝ ယုံကြည်နေသည်။

ခြံအခြေအနေ တည်ငြိမ်သွားသောအခါ လုချွမ်းသည် ကျန်းဟိုင်မြို့ တောင်ဘက်ပိုင်းသို့ ဇွန်ဘီရုပ်သေးများကို စေလွှတ်ကာ ဆင့်ကဲဇွန်ဘီသစ်များ ရှာဖွေခြင်း၊ ရိက္ခာစုဆောင်းခြင်းနှင့် ပတ်ဝန်းကျင် အခြေအနေကို လေ့လာခြင်းများကို ဆက်လက်လုပ်ဆောင်နေခဲ့သည်။

သို့သော် ရုတ်တရက်ဆိုသလို ငါးကန်အနီးတွင် ကင်းစောင့်နေသော ဇွန်ဘီရုပ်သေးထံမှ မူမမှန်သည့် အချက်ပြမှုတစ်ခု ရရှိလိုက်သည်။

ချီချီလေးက ဘာလို့ ငါးကန်နား ရောက်နေတာလဲ။

လုချွမ်း ထိတ်လန့်သွားရသည်။ ထိုငါးကန်ထဲတွင် နေထိုင်သော လိပ်ကြီးမှာ ရေအောက်တွင်သာ အနေများပြီး ရေပေါ်သို့ တက်လာခဲသဖြင့် လုချွမ်းပင်လျှင် ၎င်းကို မေ့သလို ဖြစ်နေခဲ့ခြင်းပင်။ ထိုလိပ်ကြီး၏ ကိုက်အားမှာ အလွန်ပြင်းထန်လှပြီး ဇွန်ဘီရုပ်သေး၏ အရိုးများကိုပင် အလွယ်တကူ ကြေမွသွားစေနိုင်သည်ကို လုချွမ်း ကိုယ်တိုင် မြင်တွေ့ခဲ့ဖူးသည်။

သေးငယ်နုနယ်သော ချီချီလေးအတွက် ထိုလိပ်ကြီးမှာ အလွန်အန္တရာယ်များလှသည်။ ဇွန်ဘီရုပ်သေး၏ မြင်ကွင်းမှတစ်ဆင့် ၎င်းကို မြင်လိုက်ရသော လုချွမ်းမှာ တစ်စက္ကန့်မျှပင် မနှောင့်နှေးဘဲ ငါးကန်ဆီသို့ အပြေးကလေး သွားလိုက်တော့သည်။

ငါးကန်သို့ ရောက်သည်နှင့် လုချွမ်းသည် ကျိရုရွှယ်ကို ချက်ချင်း ဆွဲပွေ့ကာ ဘေးကင်းရာသို့ ဆုတ်ခွာလိုက်သည်။ ထို့နောက် စက္ကူနှင့် ဘောပင်ကို ထုတ်ကာ အသည်းအသန် ရေးလိုက်သည် "ချီချီလေး... ငါးကန်နားမှာ အန္တရာယ်ရှိတယ်။ ဒီနားမှာ မဆော့ရဘူး။ တခြားနေရာမှာပဲ ဆော့နော်"

စိုးရိမ်တကြီး ဖြစ်နေသော ဖခင်ဖြစ်သူနှင့် ဆန့်ကျင်ဘက်ဖြစ်စွာပင် ကျိရုရွှယ်မှာမူ အလွန်ပင် တည်ငြိမ်နေသည်။ ဖခင်ဖြစ်သူ၏ အပွေ့အပိုက်ထဲသို့ ရောက်သွားသော်လည်း သူမက ငါးကန်ဆီသို့ အေးအေးဆေးဆေး လက်ညှိုးထိုးပြနေဆဲပင်။

ငါးကန်ထဲတွင်မူ ဧရာမလိပ်ခွံကြီးတစ်ခုမှာ ရေပေါ်တွင် ပေါ်နေသည်။ ကျိရုရွှယ်က ရေထဲတွင် နေပူဆာလှုံနေသော လိပ်ကြီးကို ကြည့်ကာ လုချွမ်းကို ပြောလိုက်သည်။

"ဖေဖေ... သမီး ဒီလိပ်ကြီးကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးချင်တယ်"

All Chapters